သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၁၈)

#သုခမြို့တော်

အပိုင်း(၁၈)

နောက်တစ်နေ့တွင် ဟာစရီပါးသည် ချိန်းထားသည့်အတိုင်း ပန်းခြံအဝိုင်းကြီးနားက လန်ချားဆိပ်သို့ လာခဲ့၏။ သို့ရာတွင် သူ့မိတ်ဆွေ လန်ချားသမား ရမ်ကျန္ဒကို မတွေ့ရ။ ထိုနေရာမှာပင် စောင့်မည်ဟု ဟာစရီပါး စိတ်ကူးသည်။

“ငါ့အဖို့တော့ သူ့ပဲ အားကိုးရတော့မှာပဲ၊ ဒီငရဲပြည်ကြီးထဲမှာ အားထားစရာဆိုလို့ သူတစ်ယောက်ပဲရှိတယ်၊ ညနေထိအောင် စောင့်ဆိုလဲ စောင့်ရမှာပဲ။ ဒီညကုန်လို့ မနက်လင်းသည်အထိ စောင့်ဆိုလဲ စောင့်ရမှာပဲ” ဟု ဟာစရီပါး တွေးသည်။

မွန်းလွဲပိုင်းလောက်တွင် ရမ်ကျန္ဒ ရောက်လာသည်။ သူ့တွင် လန်ချား ပါမလာတော့။ ကြည့်ရသည်ကလဲ စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။

“ငါ့လန်ချားကိုတော့ ဖမ်းသွားပြီကွာ၊ မနေ့ညက မင်း တင်ပေးလိုက်တဲ့ အဘွားကြီးကို လိုက်ပို့လိုက်ပြီးတော့ အိမ်ကို ပြန်လာတယ်၊ မိုးတော့ ချုပ်နေပြီပေါ့ကွာ၊ လမ်းရောက်တော့ ပုလိပ်က ဆီးပြီး မင်းလန်ချားမှာ မီးမပါဘူးတဲ့၊ ငါကလဲ တောင်းပန်ပါသေးတယ်၊ မနက်ကထွက်လာလို့ မီးအိမ်မေ့ခဲ့လို့ပါဆိုပြီး တောင်းပန်တာပဲ၊ ဒါပေမယ့် မရဘူးကွာ၊ ထုံးစံအတိုင်း အစီအစဉ်လုပ်ပါတဲ့”

“ထုံးစံအတိုင်း အစီအစဉ်လုပ်ပါဆိုတာ ဘာလဲဗျာ”

“သူ့ကို ဆယ့်ငါးကျပ် ပေးရမှာတဲ့၊ ဆယ့်ငါးကျပ်မပေးရင် ဖမ်းမယ်တဲ့၊ ဆယ့်ငါးကျပ် မရှိလို့ပါဗျာ၊ ပါတာကလေးနဲ့ပဲ ကျေနပ်ပါဆိုတော့ မရဘူးဆိုပြီး ဂါတ်တဲကို ခေါ်သွားတယ်ကွာ။ ဟိုရောက်တော့ လန်ချားကို သိမ်းထားလိုက်ပြီး မနက်ဖြန်ကျရင် ပုလိပ်ရုံးကြီးကို လာအမှုဆိုင်လှည့်ဆိုပြီး ပြန်လွှတ်လိုက်တယ်၊ ဒဏ်ငွေသုံးဆယ်တော့ အေးအေးကလေးပဲ”

ရမ်ကျန္ဒလက်တွင် ညှပ်ထားသည့် ဗီဒီဆေးလိပ်တိုကို လက်ခုပ်ဖြင့် အုပ်၍ ရှူလိုက်ပြီးနောက်....
“လာကွာ...တစ်ခုခု သွားစားချေရအောင်။ ဗိုက်ကလေး ဘာလေး ပြည့်သွားတော့ ဒုက္ခကို နည်းနည်းပါးပါး ခံနိုင်တာပေါ့”

ရမ်ကျန္ဒက ဒူရ်ဂါလမ်းရှိ အပေါစား ထမင်းဆိုင်တစ်ဆိုင်သို့ ခေါ်သွား၏။ ထိုနေရာမှာ ရမ်ကျန္ဒစားသောက်နေကျဆိုင်ဖြစ်သည်။ ဆိုင်ကလေးက ကျဉ်းကျဉ်းကလေး၊ ကျောက်ဖြူခင်းထားသည့် စားပွဲငါးလုံးသာ ဆံ့သည်။ မူဆလင် ဘာသာဝင် ဆိုင်ပိုင်ရှင်သည် အပေါ်ပိုင်း ဟာလာဟင်းလင်းဖြင့် ဟင်းအိုးများအနောက်တွင် ရပ်နေသည်။ သူ့နောက်ဘက်နံရံတွင် မက္ကာရှိ ကျောက်တုံးနက်ကို ထုထားသည့် ပုံတူတစ်ခု ချိတ်ထားသည်။ စားပွဲတိုင်းတွင် ဆားပန်းကန် တစ်ပန်းကန်နှင့် ငရုတ်သီးမှုန့် တစ်ပန်းကန်စီ ချထား၏။ မျက်နှာကြက်မှ ပန်ကာအိုကြီးသည် အားကုန်၍ ပြုတ်ကျတော့မည့်နှယ် တအီအီ လည်လျက်ရှိ၏။ ချက်ပြုတ်ကြော်လှော်သည့်အနံ့က မွှန်ထူလျက်။ 

သူငယ်ကလေးတစ်ယောက်က သူတို့အတွက် ထမင်းပန်းကန်နှင့် ပဲဟင်း တစ်ပန်းကန်စီ လာချပေးသည်။ သူတို့နှစ်ယောက်သည် ထမင်းပန်းကန်ထဲသို့ ပဲဟင်းကိုလောင်းချကာ တိတ်ဆိတ်စွာ စားနေကြသည်။ ဟာစရီပါးအဖို့ကား ပွဲတော်ကြီးပေတည်း။ ကာလကတ္တားသို့ ရောက်ပြီးနောက် ပထမဆုံးအကြိမ် ထမင်းစားရခြင်းပေတည်း။ ထမင်းစားပြီးသွားသည့်အခါ ရမ်ကျန္ဒသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသွားဟန်တူ၏။

“ကာလကတ္တားမြို့ကြီး ဒီလောက်ချမ်းသာနေတာပဲကွာ၊ လူတိုင်းအတွက် စားစရာတော့ ရှိတာပေါ့၊ တကယ်ပါကွာ၊ မယုံမရှိနဲ့၊ အေး...မင်းကတော့ တောသားလိုပဲ တွေးနေသေးတာကိုးကွ၊ နည်းနည်းနေသားကျသွားတော့ မင်းလဲ ကာလကတ္တားဝါလားဖြစ်ပြီး လူရည်လည်လာမှာပါ”

ရမ်ကျန္ဒသည် စားပွဲပေါ်သို့ ငွေသုံးကျပ် တင်ထားခဲ့၏။ သူတို့နှစ်ယောက်သည် ဆေးရုံသို့ တွက်လာခဲ့ကြသည်။ ဓာတ်ရထားလမ်းမကြီးအတိုင်း လျှောက်လာခဲ့ကြရာ ခဏကြာလျှင် ဆီလဒါး ဘူတာရုံကြီးသို့ ရောက်လာခဲ့ကြသည်။ ဘူတာရုံအလွန် ဈေးထဲသို့ဝင်ပြီး ဆေးရုံတက်နေသည့် လူမမာကို ပေးရန် လိမ္မော်သီးနှင့် ငှက်ပျောသီးတွေ ဝယ်ခဲ့ကြသည်။ ဆေးရုံရှေ့က လူအုပ်ကြီးမှာ မနေ့ကထက်ပင် များသေးသည်။ 

“ဆေးရုံထဲဝင်မလို့ တန်းစီနေကြတာလေ။ အပြင်နဲ့ အတွင်းနဲ့ အော်ပြောနေကြတာကလဲ ညံနေတာပဲဗျ။ မနေ့က ကျွန်တော်တို့ လူနာသွားပို့တဲ့ အရေးပေါ်ခန်းနားရောက်တော့ ကြက်ခြေနီတံဆိပ်ရေးထားတဲ့ သူနာတင်ကားကြီးက အတင်းမောင်းဝင်လာတာဗျာ၊ ကံကောင်းလို့ လူတွေဝင်တိုက်မိတော့မလို့။ လူအုပ်ကြီးက စိတ်ဆိုးပြီး ဒရိုင်ဘာကို ဝိုင်းရိုက်မယ်လုပ်တော့ ဒရိုင်ဘာလဲ အတင်းထွက်ပြေးတယ်၊ မိများမိရင် ဆုတ်ဖြဲပစ်ကြမလား မပြောတတ်ဘူး။ ကားနောက်ခန်းထဲမှာတော့ လူနာတွေ တစ်ပုံကြီးဗျ၊ သွေးတွေကလဲ ရဲနေတာပဲ၊ မီးလောင်ထားတာလား ဘာလား မသိဘူး၊ ခြေသလုံးတွေဆိုရင်လဲ အသားနီတွေလန်ပြီး စုတ်ပြတ်လို့၊ တကယ့် အနိဋ္ဌာရုံတွေချည်းပါပဲဗျာ။ ဒါပေမယ့် ကျွန်တော်တို့ရောက်နေတာ ဆေးရုံလေ၊ လယ်ကွင်းထဲ ရောက်နေတာမှ မဟုတ်တာ၊ ဆေးရုံထောင့်တစ်ထောင့်မှာ သံချေးတက်ပြီး မှန်တွေကွဲနေတဲ့ သူနာတင်ကားအပျက်တွေရှိတယ်၊ ကားဘော်ဒီမှာ ရေးထားတဲ့ ကြက်ခြေနီက ကောင်းကောင်းတောင် မပေါ်တော့ဘူး၊ ဆေးရောင်တွေ ပြယ်နေပြီ၊ အဲဒီမှာ ကိုယ်ရေရောဂါသည်တွေ အိုးအိမ်လုပ်နေကြတယ်"

“ကျွန်တော်တို့နှစ်ယောက်လဲ ဆေးရုံစင်ကြံတွေမှာ လျှောက်ပြီး ကျွန်တော်တို့မိတ်​ဆွေကို လိုက်ရှာကြတယ်။ သူနာပြုဆရာမတစ်ယောက်ကို မေးတော့ အခန်းတစ်ခန်းကို ညွှန်လိုက်တယ်ဗျ၊ ကြည့်ရတာက သူနာပြုဆရာမကြီးတစ်
ယောက်နဲ့ တူတာပဲ၊ ခါးမှာ ခါးပတ်အပြားကြီးပတ်ထားပြီး သော့တွဲကြီးတွေကို ချိတ်ထားတယ်၊ ပခုံးမှာလဲ တံဆိပ်တွေနဲ့၊ သူ့ကြည့်ရတာကိုက ကြောက်စရာကြီး။ ကျွန်တော်တို့ ဘေးတစ်ဖက်တစ်ချက် အခန်းတွေမှာလဲ ဆေးရုံအမှုထမ်းတွေ ထင်ပါရဲ့၊ တချို့က စာရေးလို့၊ တချို့က စကားပြောလို့၊ တချို့က လက်ဖက်ရည်သောက်လို့။ သူတို့ရှေ့က စားပွဲတွေပေါ်မှာလဲ ကြိုးကလေးတွေ စည်းထားတဲ့ စာရွက်တွေက တောင်ပုံရာပုံပဲ။ တချို့ စာရွက်တွေကတော့ အဲဒီစားပွဲတွေပေါ်မှာ ရောက်နေတာကြာပြီထင်တယ်၊ စာရွက်တွေက ဟောင်းနွမ်းဝါကျင့်ပြီး ကြွေကျတော့မလား ထင်ရတယ်။ တချို့လဲ ကြွက်ကိုက်ထားလို့ အနားတွေ စုတ်ပြတ်နေပြီ။ ကြွက်ဆိုလို့ ပြေးလွှားနေတာကို မြင်ရတယ်၊ ကြွက်တွေကတော့ ဇိမ်ကျနေတာပေါ့ဗျာ။ တစ်ခါတလေတော့ ကြွက်တွေက လူနာတွေ၊ ဒဏ်ရာရနေတဲ့ လူတွေ အိပ်ပျော်နေတုန်း ဝင်ပြီး ကိုက်တယ်ဆိုကိုး။ ရမ်ကျန္ဒက ပြောတယ်၊ မိန်းမကြီးတစ်ယောက်ဆိုရင် အိပ်ပျော်နေတုန်း လက်နဲ့ခြေကို ကြွက်တွေ တက်ကိုက်သွားလို့ ကိုယ်တစ်ပိုင်းတောင် သေသွားသတဲ့"

“ခွဲစိတ်ပြီးတဲ့ လူနာတွေကို ထားတဲ့အခန်းနား ရောက်တော့ ရမ်ကျန္ဒက အမျိုးသားသူနာပြု လက်ထဲကို ငါးကျပ်တန်တစ်ရွက် ထည့်လိုက်တယ်။ အခန်းကြီးက အကျယ်ကြီးဗျ၊ ပြတင်းပေါက်ကြီးတွေကလဲ အမြင့်ကြီးတွေ၊ မျက်နှာကြက်မှာလဲ ပန်ကာတွေ တပ်ထားတယ်။ အခန်းထဲမှာ ပြွတ်သိပ်ထည့်ထားတာ ခုတင် အလုံး ငါးဆယ်ကျော်လောက် ရှိလိမ့်မယ် ထင်တယ်၊ ခုတင်တိုင်းလိုလိုပဲ ခေါင်းရင်းမှာ တိုင်ကလေးတွေ ထောင်ထားပြီး ပုလင်းတွေ ချိတ်ထားတယ်။ အဲဒီပုလင်းထဲက ဆေးရည်တွေကို ပိုက်ကလေးနဲ့ သွယ်ပြီး လူနာတွေရဲ့ လက်မောင်းမှာ စိုက်ထားတယ်။ တချို့ပုလင်းတွေမှာတော့ ရေလိုပဲ ကြည်လို့၊ တချို့ပုလင်းတွေမှာတော့ သွေးပုလင်းတွေ ထင်တာပဲ၊ ရဲလို့။ ကိုယ့်သားသမီးတွေကို ကျွေးဖို့ သွေးကို ဖောက်ရောင်းခဲ့ရတဲ့ ကျွန်တော့်လို ဆင်းရဲသားတွေရဲ့ သွေးတွေပဲ ဖြစ်မှာပေါ့"

" ကျွန်တော်တို့လဲ ခုတင်တွေကြား လျှောက်ပြီး ကျွန်တော်တို့မိတ်ဆွေကို လိုက်ရှာကြတယ်။ ကြည့်ရတာကတော့ စိတ်မချမ်းသာစရာပဲဗျာ၊ အဘိုးကြီးတစ်ယောက်ဆိုရင် ခေါင်းကနေ ခြေဖျားအထိ တစ်ကိုယ်လုံး ပလာစတာတွေ ကိုင်ထားတယ်၊ သူ့မျက်နှာ ကွယ်ကွက်ကလေးကိုပဲ မြင်ရတော့တယ်။ သူနာပြုဆရာမတွေက အရောင်မျိုးစုံရှိတဲ့ ပုလင်းမျိုးစုံတွေ၊ ဂွမ်းတွေ၊ ပတ်တီးတွေ၊ ကိရိယာတွေ တင်ထားတဲ့ လှည်းကလေးတွေကို တွန်းပြီး ခုတင်တစ်ခုက တစ်ခုဆီ သွားနေကြတယ်။ ဒီလိုအလုပ်မျိုးကို လုပ်နိုင်တဲ့ မိန်းမတွေဟာ တော်တော်စိတ်ကောင်း နှလုံးကောင်းရှိတဲ့ မိန်းမတွေပဲ ဖြစ်မှာပဲနော်။ တချို့ လူမမာတွေက သူတို့ဆာရီတွေကို ဆွဲထားကြတယ်၊ တချို့လူနာကျတော့လဲ သူတို့ကို အော်ဟစ်ဆဲဆို မောင်းထုတ်ကြတယ်"

“ကြိုးပုခက်ကလေးတစ်လုံးပေါ်မှာ ကျွန်တော်တို့မိတ်ဆွေကို သွားတွေ့ရတယ်။ ကြိုးပုခက်ပေါ် ရောက်နေတာကတော့ တခြားကြောင့် မဟုတ်ပါဘူး။ အခန်းထဲမှာ လူနာထားဖို့ သံခုတင်မရှိတော့လို့ပါ။ သူလဲ ကျွန်တော်တို့ကို မြင်တော့ ဝမ်းသာနေတယ်။ သူ့ခြေထောက်က သိပ်နာတာပဲတဲ့၊ သူ့မျက်လုံးမှာလဲ မျက်ရည်တွေဝဲလို့။ ဝဲမှာပေါ့လေ၊ သူ့ခြေထောက်ဖြတ်ပစ်လိုက်ရတာကို သူလဲ ဒီလောက်ဆို သိလောက်ရောပေါ့။ ရမ်ကျန္ဒက ပါလာတဲ့ သစ်သီးလေးတွေ ကို ထုတ်ပေးတယ်။ သူက ပြုံးပြီးတော့ လိမ္မော်သီးတစ်လုံးကိုယူပြီး သူနှင့် ခုတင်ချင်းကပ်လျက်မှာနေတဲ့ သူငယ်ကလေးတစ်ယောက်ကို အပေးခိုင်းတယ်။ သူငယ်ကလေးကလဲ တစ်ကိုယ်လုံး ပတ်တီးတွေ ဖွေးနေတာပဲ။ ရေနံဆီ မီးဖိုပေါက်ပြီး မီးလောင်တာတဲ့။ ကောင်လေးက ကောင်းကောင်းတောင် မညည်းနိုင်တော့ဘူး။ ယဲ့ယဲ့ပဲ အသံထွက်နိုင်တော့တယ်။ ကျွန်တော်လဲ သူအပေးခိုင်းလိုက်တဲ့ လိမ္မော်သီးကို အခွံနွှာပြီး ကောင်လေး ပါးစပ်နားကို တေ့ပေးတယ်။ ကောင်လေး ပါးစပ်ဟပြီး စားတယ်။ ဒါပေမယ့် စားလို့သာ စားတယ်။ သူ့ခမျာ ကောင်းကောင်းတောင် မမျိုနိုင်ရှာပါဘူး။ ကောင်လေးက ကျွန်တော့်သား ရှမ်ဘူးနဲ့ဆိုရင် ရွယ်တူလောက်ပဲ ရှိဦးမယ်"

“ကျွန်တော်တို့မိတ်ဆွေကို ကြည့်ရတာလဲ တော်တော်လေးကို ကြည့်ရဆိုးနေပြီ။ မုတ်ဆိတ်တွေလဲ ရှည်လို့၊ မျက်လုံးတွေကလဲ အထဲကို ချိုင့်ဝင်နေတယ်။ သူ့မျက်နှာကိုကြည့်လိုက်တော့လဲ တော်တော့ကို စိတ်ဓာတ်ကျပြီး အားငယ်နေတဲ့ပုံမျိုး။ ကျွန်တော်နဲ့ ရမ်ကျန္ဒတို့ကလဲ အားပေးပါတယ်၊ ဘာမှ အားမငယ်နဲ့ပေါ့၊ ကျွန်တော်တို့နှစ်ယောက် မကြာမကြာလာပြီး ကြည့်မယ်ပေါ့။ ကာလကတ္တားမှာ သူ့ကိုလာကြည့်မယ့်လူ ဆိုလို့ တစ်ယောက်မှ မရှိဘူးလေ။ ကျွန်တော်တို့ပဲ ဆွေမျိုးသားချင်းလို ဖြစ်နေပြီလေ။ ရမ်ကျန္ဒလို လူမျိုးကို ဆွေမျိုးသားချင်းတော်ရတာတော့ မပြောတတ်ဘူး၊ ကျွန်တော့်လိုကောင်ကို ဆွေမျိုးသားချင်းတော်ရလို့ကတော့ ဘာမှ ထူးမှာမဟုတ်ပါဘူး။ ကျွန်တော်က ဘာတတ်နိုင်တဲ့ ကောင်မှတ်လို့။ ကိုယ့်ဘာသာကိုယ်မှ အနိုင်နိုင်ရယ်"

“ကျွန်တော်တို့လဲ သူနဲ့ အတန်ကြာ ထိုင်နေကြတယ်။ သူ့ကြည့်ရတာ တော်တော်လဲ ဖျားနေပုံရတယ်။ သူ့နဖူးက အမြဲတမ်း စိုနေတာပဲ။ နောက်ဆုံးတော့ ကျွန်တော်တို့ကို အမျိုးသားသူနာပြုက လာပြီးနှင်တယ်။ ကျွန်တော်တို့ မိတ်ဆွေက ကျွန်တော်တို့ကို မပြန်စေချင်ဘူး၊ လက်ကို အတင်းဆွဲထားတယ်။ ဒါပေမယ့် နေလို့မရဘူးလေ၊ ပြန်ရမှာပေါ့။ ကျွန်တော်တို့ကလဲ နေကောင်းအောင် နေဖို့၊ စိတ်အားမငယ်ဖို့အကြောင်း၊ ကျွန်တော်တို့လဲ နောက်တစ်ခေါက်လာဦးမယ့်အကြောင်း ပြောပြီး ပြန်လာခဲ့ကြတယ်။ အခန်းထဲက ထွက်ခါနီးလို့ နောက်တစ်ခေါက် လှည့်ကြည့်လိုက်တော့ ကျွန်တော်တို့ကို လက်ကလေး လှုပ်ယမ်းပြီး ပြနေတယ်။ ကျွန်တော့်စိတ်ထဲမှာ လေထဲမှာ လှုပ်နေတဲ့ ကျူပင်ကလေးတစ်ပင်လို့ ထင်လိုက်မိတယ်"

အပိုင်း(၁၉)ဆက်ရန်
--------------------
#မြသန်းတင့်

Post a Comment

0 Comments