#သုခမြို့တော်
အပိုင်း(၁၉)
ကိုဗာစကီး၏အခန်းနှင့် ကပ်လျက် အိမ်ခေါင်းကလေးထဲတွင် မူဆလင်ဘာသာဝင် မိသားစု ခုနစ်ဦး နေကြသည်။ ကလေး လေးယောက်နှင့် လူကြီးသုံးယောက်တို့ ဖြစ်ကြ၏။ အိမ်ထောင်ဦးစီးအမည်မှာ မာဘူဖြစ်သည်။ မာဘူမှာ အသက်သုံးဆယ်တွင်းဖြစ်ပြီး အရပ်ပုပု၊ ကိုယ်လုံးကျစ်ကျစ်နှင့် ဖြစ်သည်။ သူ့ကိုကြည့်လိုက်လျှင် အမြဲတမ်း လှုပ်ရှားလျက်ရှိပြီး ဆံပင်ကောက်ကောက်တို့ ဖုံးအုပ်နေသော နဖူးနှင့် ထူထဲသော မျက်ခုံးမွေးများအောက်မှ မျက်လုံးများထဲတွင် တစ်ခုခု လုပ်မိလျှင် မဖြစ်မနေလုပ်မည့်ဟန်မျိုး ပေါ်နေသည်။ သူ့ဇနီး ဆလီနာ၏နှာခေါင်းပေါ်တွင် ကျောက်တစ်လုံးကို မြှုပ်ထားသည်။ ဆလီနာ၏ကိုယ်ဝန်မှာ ရင့်နေပြီ။ သို့ရာတွင် ဆလီနာသည် နားရသည်ဟုမရှိ၊ အလုပ်နှင့်လက်နှင့် မပြတ်အောင်လုပ်နေရမြဲ။ တံမြက်စည်းလှဲ၊ အိုးတိုက်၊ ထမင်းချက်၊ အဝတ်လျှော်။
မာဘူ၏အမေမှာ ခေါင်းတွင် ဖြူဖွေးသော ဆံပင်တိုနံ့နံ့ကလေးနှင့်ဖြစ်ပြီး မျက်စိများက ကောင်းကောင်း မမြင်ရတော့။ မာဘူ၏အမေသည် လမ်းကြားကလေးထဲတွင် ထိုင်ရင်း ကိုရန်ကျမ်းစာမှ တရားစာများကို တစ်နေကုန် ရွတ်ဖတ်နေတတ်သည်။ မာဘူ၏သားဖြစ်သူ ဆယ်နှစ်သားအရွယ်ရှိ နာဆားမှာ အလုပ်ရုံကလေးတစ်ရုံတွင် အလုပ်လုပ်ရပြီး သူ့ညီမငယ်နှစ်ယောက်မှာ ကိုရန်ကျမ်း စာသင်ကျောင်းသို့ သွားရ၏။ အငယ်ဆုံးဖြစ်သည့် သုံးနှစ်အရွယ် ညီမလေးမှာ တစ်နေ့လုံး လမ်းမတွင် ဆော့ကစားနေတတ်သည်။
သူတို့မိသားစုမှာ ချောင်လည်သည်ဟု ဆိုရပေလိမ့်မည်။ မာဘူမှာ ကာလကတ္တား အရှေ့ပိုင်းရှိ ရေတပ်ဝင်းထဲတွင် အလုပ်လုပ်လာသည်မှာ ဆယ့်သုံးနှစ်ရှိပြီ။ သူ့အလုပ်မှာ ရေတပ်မော်တော်ဘုတ်များတွင် တပ်သည့် ရေယက်ကြီးများကို ပန်းပဲလုပ်ရခြင်းဖြစ်သည်။ တစ်လကို သုံးရာကျပ်ရသည်။ တစ်နေ့ တစ်ကျပ်ပင် ဝင်ငွေမရှိသည့် သူတို့ဆင်းရဲသား ရပ်ကွက်ကလေးထဲတွင် သူဌေးကလေးဟုပင် ဆိုနိုင်သည်။
ကိုဗာစကီးသည် သူ့အိမ်နီးချင်းများနှင့် နေ့တိုင်း ဆလမ်မာလေးကွမ်း ဆို၍ နှုတ်ဆက်ရုံမျှအပ သူတို့နှင့် စကားတစ်ခွန်းမှ မပြောဖူးသေး။ သူတို့ကို ကြည့်ရသည်မှာ သူတို့ရပ်ကွက်ကလေးထဲသို့ ဗရင်ဂျီဘုန်းကြီးတစ်ပါးရောက်လာသည်ကို မနှစ်သက်သယောင်ရှိသည်။ သို့ရာတွင် ကိုဗာစကီးနှင့် သူတို့ဆက်ဆံရေးသည် ကလေးငယ်များကြောင့် ပို၍အဆင်ပြေ ချောမွေ့လာခဲ့သည်။ ကလေးများနှင့် အဆင်ပြေရန်မှာလည်း များစွာခက်လှသည် မဟုတ်ပါ။ သူတို့တစ်တွေ ကစားသည်ကို စိတ်ပါလက်ပါ ထိုင်ကြည့်လိုက်ရုံမျှသာ ဖြစ်ပါသည်။
တစ်ခါတွင် အဖြစ်အပျက်တစ်ခုဖြစ်လာသည့်အတွက် ကိုဗာစကီးနှင့် မာဘူတို့အိမ်သားစု ဆက်ဆံရေးသည် အားလုံး ချောမောအဆင်ပြေသွားခဲ့သည်။ တစ်ညနေတွင် မာဘူသည် စိတ်ပျက်ကုန်ခန်းလျက်ရှိဟန်ဖြင့် အလုပ်မှ ပြန်လာခဲ့သည်။ ရေတပ်ဝင်းထဲမှ အလုပ်ကို ရပ်ဆိုင်းလိုက်သောကြောင့် ဖြစ်၏။ လုပ်သက်ရင့် အလုပ်သမားများအားလုံးကို လခစားအဖြစ် ခန့်အပ်ရမည်ဟူသော ဥပဒေတစ်ရပ် ထွက်လာခဲ့သည်တွင် ထိုဥပဒေကို ရှောင်ကွင်းသည့် အနေဖြင့် အချို့သောဌာနများက အလုပ်သမားများကို ဖြုတ်ပစ်ခဲ့ကြသည်။
ထိုဥပဒေမှာ လွှတ်တော်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သော်လည်း ထိုဥပဒေကို အစိုးရကလည်း မကြိုက်၊ ဆိုင်ရာဌာနများကလည်း မကြိုက်၊ အလုပ်သမားသမဂ္ဂကလည်း မကြိုက်ကြ။ အစိုးရက မကြိုက်ခြင်းမှာ အလုပ်သမားများ လခစား ဖြစ်သွားလျှင် သမဂ္ဂများ အင်အားတောင့်တင်းသွားမည် စိုးသောကြောင့်ဖြစ်သည်။ ဆိုင်ရာဌာနများက မကြိုက်ခြင်းမှာ လခစားအလုပ်သမားထက် နေ့စားပျံကျ အလုပ်သမားများက ပို၍ခိုင်းကောင်းသောကြောင့်ဖြစ်သည်။ သမဂ္ဂများက မကြိုက်ခြင်းမှာ သူတို့သမဂ္ဂများတွင် လခစားအလုပ်သမားများ လာလျှင် သမဂ္ဂထဲတွင် လူနည်းစုဖြစ်သော သူတို့ အခွင့်အရေးလောက်ကိုသာ ကြည့်မည်စိုးသောကြောင့်ဖြစ်သည်။ ထိုသို့သော လက်တွေ့ကျသည့်အကြောင်းများအပြင် အတိတ်က အမွေထားခဲ့သော အစဉ်အလာအကြောင်းများလည်း ရှိသေး၏။
လခစားအလုပ်သမားဖြစ်လာလျှင် အဖေအစား သားဖြစ်သူကို ဆက်လက်ခန့်ထားရသည့် ထုံးစံအတိုင်း စက်ရုံက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သားကို ဆက်လက်ခန့်ထားရတော့မည်ဖြစ်၏။ ထို့ကြောင့် ထိုဥပဒေကို အားလုံးက ဝိုင်း၍ ဆန့်ကျင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် စက်ရုံအာဏာပိုင်များသည် အလုပ်သမားများကို လခစားအဖြစ် မခန့်လိုသဖြင့် ခေတ္တအလုပ်ရပ်စဲထားလိုက်ပြီး နောက်မှ ကန်ထရိုက်စာချုပ် အသစ်ဖြင့် နေ့စားပြန်၍ ခန့်ထားလေ့ရှိ၏။ တစ်ဆက်တည်းဆိုလျှင် လခစား အလုပ်သမားအဖြစ် ခန့်ရမည်စိုးသောကြောင့် လုပ်သက်ပြတ်သွားအောင် စာချုပ်ကိုရပ်စဲကာ သူတို့ကို အလုပ်မှ ဖြုတ်ထားလိုက်ခြင်းဖြစ်၏။
မာဘူ နေ့စားအလုပ်သမား လုပ်လာခဲ့သည်မှာ ဆယ့်သုံး လေးနှစ်ရှိလေပြီ။ ထို့ကြောင့် လုပ်သက်ကို ပြတ်သွားအောင် သူ့ကို အလုပ်မှ ရပ်စဲထားလိုက်ခြင်းဖြစ်သည်။ ထိုနေ့ ညနေက မာဘူစိတ်ပျက်လာခြင်းမှာ ထိုအကြောင်းကြောင့်ဖြစ်သည်။
မာဘူမှာ အရပ်ပုသည့်တိုင် အလုပ်ကြမ်းကိုချည်း တစ်သက်လုံး လုပ်ခဲ့ရသဖြင့် လက်မောင်းကြွက်သားကြီးများ၊ ပခုံးကြွက်သားကြီးများ၊ ခြေသလုံးကြွက်သားကြီးများသည် တောင့်တင်းနေကြသည်။ သို့ရာတွင် ယခုမူ မာဘူ၏ ကိုယ်ခန္ဓာသည် ကိုဗာစကီး မျက်စိရှေ့မှာပင် ကျုံလှီစပြုလာခဲ့လေပြီ။ ရက်အနည်းငယ်အတွင်းတွင် မာဘူသည် ခြောက်သွေ့နေသော သစ်သီးတစ်လုံးလို ကျုံ့သွားခဲ့၏။ သူ့ဝမ်းဗိုက်က ရှပ်လျက်။
မာဘူသည် ကာလကတ္တားရှိ စက်ရုံအနှံ့ သွားကာ အလုပ်ရှာသော်လည်း ဘာအလုပ်မျှ မရ။ ညနေတိုင်လျှင် မာဘူသည် ခြေကုန်လက်ပန်းကျ၍ ပြန်လာတတ်ကာ ကိုဗာစကီး၏အခန်းသို့ ရောက်လာပြီး ဝတ်ရုံလွှမ်းထားသည့် ခရစ်တော်၏ပုံတော်အောက်တွင် စကားတစ်လုံးမျှ မပြောဘဲ အတန်ကြာ ထိုင်၍ မှိုင်တွေချနေတတ်သည်။ တစ်ခါတစ်ရံတွင်လည်း မာဘူသည် တင်ပျဉ်ခွေကာ ကိုဗာစကီးရှေ့တွင် အကြာကြီး ထိုင်တတ်သည်။
မာဘူတို့မိသားစု ခုနစ်ယောက်သည် သားအကြီး နာဆား ရလာသည့် လစာကလေးပေါ်တွင် အမှီပြုနေရတော့သည်။ နာဆားမှာ အလုပ်ရုံတစ်ရုံတွင် တစ်နေ့လျှင် ဆယ့်နှစ်နာရီ အလုပ်လုပ်ရပြီး တစ်လလျှင် ကျပ်နှစ်ဆယ်ရသည်။ အလုပ်မှာ ဘောပင်ခဲတံများတွင် တပ်သည့် ကလစ်ကလေးများကို ကရိုမီယန်အရည်ထဲတွင် စိမ်ရသည့် အလုပ်ဖြစ်၏။ အလွန်ပြင်းသည့် အဆိပ်ငွေ့များကို တစ်နေကုန်ရှူနေရသည့်တိုင် နာဆားသည် ကိုယ်ခန္ဓာကျန်းမာတောင့်တင်းသည့် လူငယ်ကလေးတစ်ယောက်ဖြစ်သည်။ ဤသည်မှာလည်း ဘာမျှ အံ့သြစရာမဟုတ်ပါ။ ဆင်းရဲသည့် အိမ်ထောင်များတွင် အလုပ်လုပ်သူများကို ဦးစားပေး၍ ကျွေးရသည် မဟုတ်လော။ အခြားသူများက လျှော့ပေါ့စားကြရသည် မဟုတ်လော။
နာဆားသည် အလုပ်ရုံမှ လစာနှစ်ဆယ်ရသည့်အပြင် ကိုဗာစကီးက ထောက်ပံ့သည့် ငွေကလေးတစ်ဆယ်လည်း ရသေးသည်။ နာဆားသည် မနက်လင်းသည်နှင့် ရေတစ်ပုံးကိုဆွဲကာ အိမ်သာတန်းစီပေးရသည်။ ကိုယ့်အလှည့်ရောက်သည်နှင့် နာဆားသည် ရေပုံးကိုချကာ ကိုဗာစကီးကို ပြေးလာ၍ခေါ်သည်။ ထို့အတွက် တစ်လ ငွေတစ်ဆယ်ရသည်။
မာဘူသည် ကိုဗာစကီး၏အခန်းထဲရှိ ခရစ်တော်၏ပုံတော်ရှေ့တွင်ထိုင်၍ အာရုံပြုနေရာမှ သူတို့အခန်းကလေးထဲသို့ အလည်လိုက်လာရန် ကိုဗာစကီးကို ဖိတ်၏။ အခန်းကလေးမှာ ခြောက်ပေ-လေးပေခန့်သာ ကျယ်လိမ့်မည်။ အခန်းကလေး၏ သုံးပုံနှစ်ပုံကို သစ်သားကွပ်ပျစ်ကလေးခင်းထားပြီး နေ့တွင် ထမင်းစားပွဲအဖြစ် အသုံးပြုကာ ညတွင် အိပ်ရာအဖြစ်အသုံးပြုသည်။ အိပ်တော့မည်ဆိုလျှင် စောင်စုတ်ကလေးကို ခင်းလိုက်ရုံမျှသာ။ အငယ်ဆုံးကလေးမှာ ကွပ်ပျစ်ပေါ်တွင် သူ့အမေနှင့်အဘွားကြားတွင် အိပ်သည်။ နာဆားနှင့် သူ့ညီမငယ် နှစ်ယောက်က ကွပ်ပျစ်အောက်တွင် အိပ်ကြရသည်။ မာဘူကမူ တဲအပြင်ဘက် တံစက်မြိတ်မှာ အိပ်သည်။
သူတို့အိမ်ကလေးထဲတွင်ရှိသည့် အခြားတစ်ခုတည်းသော ပရိဘောဂပစ္စည်းမှာ ပွဲတော်နေ့များတွင် ဝတ်သည့် အဝတ်အစားအသစ်ကလေးများ ထည့်သည့် သံသေတ္တာတစ်လုံးသာဖြစ်သည်။ အဝတ်အစားသစ်များကို ကာလကတ္တားတိုက်နံရံများတွင် တွေ့ရတတ်သည့် ရုပ်ရှင်ကြော်ငြာပိုစတာများဖြင့် ထုပ်ထား၏။ အိန္ဒိယပြည်ရှိ သန်းပေါင်းများစွာသော အခြားအမျိုးသမီးများကဲ့သို့ပင် ဆလီနာသည်လည်း မီးရထားလမ်းဘေးမှ ကောက်လာသည့် နွားချေးကို ပြားထားသည့် ထင်းမီးဖြင့် သူ့မီးဖိုကလေးကို မီးစာကျွေးသည်။ သူတို့အိမ်ခေါင်းကလေးထဲတွင် ပြတင်းပေါက်မရှိ၊ လျှပ်စစ်မီးမရှိသော်လည်း သူတို့အိမ်ခေါင်းကလေးမှာ အလွန်သန့်ရှင်းသည်။ မြေမံထားသည့် ကြမ်းခင်းသည် ကျောက်ဖြူခင်းထားသည့်နှယ် ပြောင်ချောနေတော့သည်။ ထိုမြေခင်းပေါ်သို့တက်လျှင် ဖိနပ်ချွတ်၍ တက်ကြသည်။
သူတို့အိမ်သားများသည် ဆင်းရဲလာသည်နှင့်အမျှ ပို၍ဖော်ရွေလာကြသည်။ သူတို့အိမ်ထဲသို့ ကိုဗာစကီးရောက်သွားသည့်အခါတွင် လက်ဖက်ရည်၊ ဂျလေဘီနှင့် ဘင်္ဂါလီလူမျိုးတို့ စားလေ့ရှိသည့် အချိုမုန့်များဖြင့် တည်ခင်း ဧည့်ခံကြသည်။ ကိုဗာစကီးကို ဧည့်ခံရသည်နှင့် သူတို့ သုံးလေးရက်စာ ထမင်းစရိတ်ကလေးသည် ပြောင်သွားလေပြီ။
ကိုဗာစကီးသည် သူတို့မိသားစုကို ကူညီချင်ပါ၏။ သို့ရာတွင် နိုင်ငံခြားသာသနာထဲသို့ သွတ်သွင်းလိုသဖြင့် ထိုသို့ ကူညီသည်ဟု အထင်လွဲမည်ကို သူစိုးရိမ်သည်။ ဤသို့ရှိနေစဉ် ပြဿနာတစ်ခုပေါ်လာသဖြင့် ကိုဗာစကီးအဖို့ အကူအညီပေးရလွယ်သွားသည်။ တစ်နေ့မနက်၌ ကိုဗာစကီးသည် သူ့ရေနံဆီမီးဖိုဖြင့် ထမင်းချက်နေစဉ် လက်ကို မီးလောင်သွားသည်။ ဤတွင် ဆလီနာကို ထမင်းကူချက်ပေးရန် သူတောင်းပန်သည်။ ထိုသို့ ထမင်းချက်ပေးသည့်အတွက် တစ်နေ့ကို သုံးကျပ်ပေးသည်။ သူတို့ဆင်းရဲသားရပ်ကွက်စံဖြင့် တိုင်းလျှင် ငွေသုံးကျပ်ဆိုသည်မှာ နည်းသည့်ငွေမဟုတ်။ ကိုဗာစကီးက သူ့ကိုလည်း သူတို့စားသည့် အစားမျိုးကိုပင် ချက်ကျွေးရန် ပြောသည်။
ဆလီနာသည် သူ့ကို တအံ့တဩဖြင့်ကြည့်ကာ...
“ဆရာကြီးက ချမ်းသာတယ်ဆို၊ ကျွန်မတို့စားတဲ့ အစားအသောက်တွေကို ဘယ်မှာစားနိုင်ပါ့မလဲ၊ ဆရာကြီးစားလို့ မဖြစ်ပါဘူး၊ ဆရာကြီး စိတ်မှကောင်းသေးရဲ့ လား”
“ဘာဖြစ်လို့ မစားနိုင်ရမှာလဲဗျ။ ကျွန်တော့်ကို ကူညီချင်တယ်ဆိုရင် မနက်ဖြန်ကစပြီး ခင်ဗျားတို့စားတဲ့ အစာမျိုးကိုပဲ ချက်ကျွေးပါ၊ ရပါတယ်”
နောက်တစ်နေ့မနက်တွင် ဆလီနာ၏သမီးကလေးတစ်ယောက်က သူ့အတွက် အစားအစာလာပို့သည်။ ယင်းတို့မှာ ထမင်းအနည်းငယ်၊ မုန်လာဥနှင့် ဂေါ်ဖီရွက်ကြော်၊ ပဲဟင်းတို့ဖြစ်သည်။ ပဲဟင်းကား အိန္ဒိယတိုင်းရင်းသား အများစုကြီးအတွက် အကောင်းဆုံးသော ပရိုတိန်းဓာတ်ပေတည်း။ သူတို့ရပ်ကွက်ကလေးတွင် တစ်နေ့လျှင် တစ်နပ်သာ စားရသူတွေ အများအပြားရှိရာ ထမင်းစားပွဲသည် သူတို့ရပ်ကွက်ထဲတွင်မူ သူဌေးစာဖြစ်ပေသည်။ သို့ရာတွင် ဆလီနာချက်ပေးသည့် ဟင်းများမှာ အပူအစပ်တွေ များလွန်းသည်။ ထို့ကြောင့် ဖြည်းဖြည်းသာ စားနိုင်သည်။
တစ်နေ့တွင် ကိုဗာစကီးက အိန္ဒိယတိုင်းရင်းသားများ အပူအစပ်စားသည့်ကိစ္စနှင့်ပတ်သက်၍ အိန္ဒိယတိုင်းသား ဆရာဝန်တစ်ယောက်ကို မေးမြန်းကြည့်သည်။ အပူအစပ်သည် ချွေးထွက်စေသည်။ သွေးလှည့်ပတ်မှုကို မြန်စေသည်။ အစာကို ကျေညက်လွယ်စေသည်ဟု သူက ဆိုသည်။ အထူးသဖြင့် အစပ်သည် အစာအာဟာရ ချို့တဲ့နေသော သန်းပေါင်းများစွာသောလူများ၏ ဆာလောင်မွတ်သိပ်ခြင်းကို ပြေပျောက်စေသည်ဟု ဆိုသည်။ မည်မျှ ပုပ်သိုးနေသော အစာကိုပင်ဖြစ်စေ အစပ်ကလေးဖြင့် မျှောချလျှင် အာခံတွင်းမြိန်သည်ဟု ဆိုသည်။
ကိုဗာစကီးသည် သူ့အစားသစ်ကို နှစ်ရက် စားကြည့်၏။ အာဟာရ သိပ်မပါသဖြင့် ကိုယ်လက်လှုပ်ရှားမှုကို များများစားစားလုပ်စရာမလိုတော့။ ဆာလျှင် မျက်နှာချင်းဆိုင်ရှိ ကာကာဆိုင်မှ လက်ဖက်ရည်တစ်ခွက်လောက် သွားသောက်လိုက်သည်။ သို့ရာတွင် တတိယနေ့တွင်မူ ပြဿနာပေါ်လေပြီ။ ကိုဗာစကီးသည် ထိုင်ရာမှထလိုက်တိုင်း တရိပ်ရိပ်မူးကာ အေးစက်သည့် ချွေးသီးချွေးပေါက်ကြီးတွေ ကျလာတတ်သည်။ ထိုနေ့က ထမင်းတစ်နပ်စားပြီးသည့်နောက်တွင် ကိုဗာစကီးသည် ကောင်းကောင်းပင် မရပ်နိုင်တော့ပြီ။ ဗိုက်ထဲက နာစပြုလာသည်။ ထို့ကြောင့် ဖျာပေါ်မှာပင် ဝမ်းလျားမှောက်နေရ၏။ ကိုဗာစကီးသည် ဝတ်ပြုသော်လည်း သူ့စိတ်သည် သူ့ဝမ်းဗိုက်ကဲ့သို့ပင် ဟာလာဟင်းလင်းဖြစ်နေလေပြီ။ ထိုနေ့ကရော၊ နောက်ရက်များတွင်ပါ ဆာလောင်လိုက်သည့်ဖြစ်ခြင်း။
ထိုအစာကို ရက်အတန်ကြာ စားလာသည့်အခါတွင် သူ့သွေးခုန်နှုန်းသည် မြန်စ, ပြုလာကာ အသက်ရှူနှုန်းသည်လည်း မြန်လာ၏။ ကိုဗာစကီးသည် သူ့ကိုယ်သူရှက်သည်။ သူတို့အိန္ဒိယတိုင်းသားများမှာ သူ့ထက် အဆများစွာ နည်းသည့် ကယ်လိုရီပါသော အစားအသောက်ကို စားနေရသည့်တိုင် သူတို့မှာ လှည်းဆွဲနိုင်သေးသည်။ လန်ချား ဆွဲနိုင်သေးသည်။ ချယ်ဂါရီ ဆွဲနိုင်သေးသည်။ သို့ရာတွင် သူ့မှာမူ သေကောင်ပေါင်းလဲဖြစ်နေလေပြီ။
သို့ရာတွင် ရက်အနည်းငယ် ကြာသွားသည့်အခါ၌ကား ထိုဝေဒနာများလည်း ပျောက်သွားကြကာ ဝမ်းဗိုက်ထဲမှ ဆာလောင်မှုသည်လည်း လက်နှင့် ယူပစ်လိုက်သလို ပျောက်သွားသည်။ သူ့ခန္ဓာကိုယ်သည် အခြေအနေသစ်နှင့်အညီ နေထိုင်တတ်သွားလေပြီ။ ကိုဗာစကီးသည် ဆာလောင်ခြင်းမဖြစ်တော့ရုံမျှမက နေ၍ထိုင်၍ပင် ကောင်းလာသည်ဟု ထင်ရသည်။
ထိုစဉ် ကိုဗာစကီးသည် အမှားတစ်ခုကို ပြုမိသည်။ ပြင်သစ်မှရောက်လာသည့် မိတ်ဆွေတစ်ယောက်က သူ့ကို ငါးဆုပ်လုံးဘူး တစ်ဘူးနှင့် ကာမင်နက်ဒိန်ခဲဘူးတစ်ဘူး ပေးသည်။ ကိုဗာစကီးသည် ထိုစားစရာများကို မာဘူတို့ကို ပေးလိုက်၏။ မာဘူက သူတို့ချည်း မစားနိုင်၊ ကိုဗာစကီးပါ စားမှ ထိုလက်ဆောင်ပစ္စည်းများကို လက်ခံမည်ဟု ဆိုသည်။ ဤတွင် ပျောက်ကွယ်နေသော ကိုဗာစကီး၏ချဉ်ခြင်းတပ်မှုကို ပြန်နှိုးလိုက်သကဲ့သို့ဖြစ်သွားသည်။ ထိုအစာများကို စားပြီး တိုင်းရင်းအစားအစာကို ပြန်စားသည့်အခါ၌ ကိုဗာစကီးသည် ယခင်ကထက်ပင် မူးဝေခြင်း၊ အော့အန်ခြင်း၊ ဆာလောင်ခြင်း စသည့်ဝေဒနာများ ပြန်ပေါ်လာခဲ့သည်။
ကိုဗာစကီးသည် တစ်နေ့ထက် တစ်နေ့ အားနည်းလာသလိုဖြစ်လာသည်။ ကြွက်သားများမှာ ပျော့တွဲလာခဲ့လေသည်။ သူ့ခြေထောက်များ၊ လက်များသည် အားမရှိတော့သလိုဖြစ်နေသည်။ ကိုယ်အလေးချိန်လည်း ကျသွားသည်။ ရေဘုံပိုင်သွား၍ ရေတစ်ပုံးဆွဲလျှင်ပင် မောနေတော့သည်။ နာရီဝက်လောက် ထိုင်လိုက်လျှင်ပင် ပင်ပန်းနေလေပြီ။ ကယောင်ချောက်ချားဖြစ်စပြုကာ အိပ်လျှင်လည်း ခြောက်အိပ်မက်တွေကို မြင်မက်နေတတ်သည်။ ပိန်ချုံးလျက်ရှိသောလူများသည် သူ့ကိုယ်ပေါ်ကို ခွစီးထားသည့် အိပ်မက်မျိုးတွေကိုချည်း မြင်မက်နေသဖြင့် အိပ်မပျော်အောင် ကြွက်တွေက တရုန်းရုန်းဖြစ်နေသည်ကိုပင် ကျေးဇူးတင်ရသေးသည်။ သို့ဖြင့် ကိုဗာစကီးသည် သူနေသည့် သုခမြို့တော်မှ လူများစုကဲ့သို့ဖြစ်လာသည်။ ထိုသို့ဖြစ်လာလျှင် သူ့ရည်ရွယ်ချက် အောင်လေပြီ။
“ဒါပေမယ့် ခက်တာက ကျွန်တော်ငတ်တာက အပျော်တမ်းငတ်သလို ဖြစ်နေတယ်။ အပျော်တမ်း ဒုက္ခခံရတယ်ဆိုတာ တစ်နေ့မှာ ကယ်မယ့်သူ ရောက်လာတာပဲ။ ကိုယ့်မှာ ခံနိုင်ရည်ကုန်သွားတာနဲ့ တစ်ပြိုင်နက် အပျော်တမ်း ဒုက္ခခံတာကို စွန့်လွှတ်ပစ်လို့ရတယ်။ ဒါပေမယ့် သူတို့ ဒုက္ခခံတာ၊ သူတို့ငတ်တာတွေကတော့ တကယ်ငတ်နေရတာ၊ ဘယ်သူမှ ကယ်မယ့်လူမရှိဘူး မဟုတ်လား။ ဒီတော့ ကျွန်တော်ဟာ သူတို့လို ဘယ်လောက်ပဲ အငတ်ခံခံ သူတို့နဲ့တော့ ဘယ့်နှယ်မှ တစ်သားတည်း မဖြစ်နိုင်ဘူး၊ သူတို့နဲ့ တစ်ထပ်တည်း မဖြစ်နိုင်ဘူး”
နောင်တွင် ကိုဗာစကီးက ထိုသို့ ပြောပြသည်။
“အမှန်ကတော့ မာဘူနဲ့ သုခမြို့တော်ထဲက လူတွေအားလုံးဟာ ရေမျောကမ်းတင်တွေပါ။ သူတို့မှာ ဗိုက်ထဲက ပိုးမျိုးရှစ်ဆယ်ရဲ့ အော်သံတွေကို ကြားနေရုံမကဘူး၊ မျှော်လင့်ချက်မရှိတဲ့ ဘဝကြောင့် သောကထပ်ပြီး ဖိနေလိုက်သေးတယ်၊ ဒါပေမယ့် တစ်ချက်ကလေး မညည်းကြဘူး။ ကလေးက သိပ်ဆာလို့ အော်ငိုတဲ့အခါမျိုးတွေမှာတော့ မာဘူ နည်းနည်းမျက်နှာပျက်သွားတတ်တယ်။ ဒါပေမယ့် ချက်ချင်း ဣန္ဒြေဆယ်လိုက်ပြီး ကလေးကို ကောက်ချီရင်း ပုံပြောနေတတ်တယ်၊ ဒါမှမဟုတ် သီချင်းသီဆိုနေတတ်တယ်။ ကလေးကလည်း ဆာတာတွေ မေ့သွားပြီး ခဏနေတော့ အဖေ့ပေါင်ပေါ်က လျှောဆင်းပြီး လမ်းကြားထဲမှာ သွားကစားနေတာပဲ။ တစ်ခါတလေမှာ ကလေးက ဆက်တိုက် ငိုနေရင် မာဘူက အိမ်နီးနားချင်းတွေဆီသွားပြီး ချာပါတီကလေး ဘာလေး တောင်းကျွေးတယ်။ ဆင်းရဲသားအချင်းချင်းဟာ ဘယ်တော့မှ အိမ်တံခါး ပိတ်မထားဘူး၊ ဒါဟာ သုခမြို့တော်ထဲမှာ အားလုံး လိုက်နာနေကြတဲ့ဥပဒေ” ဟု ကိုဗာစကီးက ပြောသည်။
အပိုင်း(၂၀) ဆက်ရန်
-------------------
0 Comments