တိမ်ဖုံးပါလို့ လမသာ - မစန္ဒာ အပိုင်း(၇)

#တိမ်ဖုံးပါလို့ လမသာ

အပိုင်း(၅)

“အဲဒီတုန်းက အခုလို ကားတိုက်မှုတွေအတွက် အာမခံကြေးတွေ ဘာတွေလဲ မရှိသေးတော့ ဦးလေးမောင်ခမျာ ခြေတဖက်လုံးသာဖြတ်ပစ်ရတယ်၊ ဘာလျော်ကြေးမှလဲ မရဘူး။ ခြေပြတ်အောင် တိုက်ပြီး ငါးရာပေးတဲ့သူကိုပဲ ကျေးဇူးတင်နေရသေးတယ်”

“သူဌေးကရော ငွေသုံးရာပေးပြီး အလုပ်ဖြုတ်ပစ်လိုက်တာမဟုတ်လား..။ ဟိုကောင်မလေးကလဲ သိုးမွှေးဆွယ်တာ အဟောင်းလေးတထည် ရတာကိုပဲ ဝမ်းသာနေသေး... ။ အခုခေတ်လိုသာ အလုပ်သမားအစည်းအရုံးတွေ ဘာတွေသာရှိယင်တော့ မှတ်လောက်အောင် တွယ်ပစ်နိုင်မှာ”

ညီညီက ပြန်တွေးယင်း ဒေါသဖြစ်လာသလို သူ့လက်ထဲမှ သောက်လက်စ စီးကရက်ကို ရှေ့ထိုင်ခုံနောက်ဝယ်ရှိ ပြာခွက်ထဲသို့ ဆောင့်၍ ချေချလိုက်သည်။ ထို့နောက် ချက်ချင်းပင် အသစ်တလိပ် ထပ်ညှိသည်။ ဆေးခိုးဆေးငွေ့များကို အဆုတ်ထဲသို့ အငြိုးတကြီးနှင့် ရှိုက်၍သွင်းသည်။ ပါးရိုး နားရိုးများကျကာ ပိန်နေသော ညီညီ့အား ကိုကိုသည် ကြေကွဲစွာ ကြည့်မိသည်။ ညီညီ့ကိုကြည့်ယင်း ခင်ဦးကို သတိရသည်။ ခင်ဦးသေတော့မည်ဟုဆိုသည်ကို သတိရပြန်သည်။ “အို.. ညီညီ နားမလည်လို့ပြောတာပါ.. ။ သေလောက်တဲ့ဒဏ်ရာ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ခင်ဦးရယ်..ခင်ဦးကို ကိုကိုကုပေးမှာပေါ့” ဟု စိတ်ထဲမှ ပြောမိသည်။

“တခါတလေကျတော့လဲ လောကကြီးတခုလုံးကို ဆေးလိပ်လို လိပ်ပြီး မီးရှို့ပစ်လိုက်ချင်တယ်ဗျ”

ညီညီက ခြောက်ကပ်ကပ် ရယ်ယင်း ပြောသည်။ သူနှင့်ညီညီ မတွေ့ရသည်မှာ ကြာလှချေပြီ။ ခင်စိုးပိုင်နှင့် လက်ထပ်မည်ဟု သူပြောသည့်နေ့က ညီညီ့ကို နောက်ဆုံး စကားပြောခဲ့ရခြင်းဖြစ်သည်။ သူနှင့်မတွေ့ရသည့်နှစ်များအတွင်းဝယ် ညီညီသည် မည်ကဲ့သို့သောဘဝမျိုးတွင် ကျင်လည်၍ မည်ကဲ့သို့ နေထိုင်ခဲ့သနည်း။ သူ မတွေးချင်တော့။ မတွေးသော်လည်း အလိုလိုသိနေသည်။ ညီညီသည် ယခင်ကအတိုင်း သင့်လျော်ရာ အဆင်ပြေမည့်ပစ္စည်းများ ရောင်းနေပေလိမ့်မည်၊ ဖြစ်သလိုနေကာ ဖြစ်သလို စားမည်၊ တခါတရံ အရက်သောက်ပြီးလျှင် “ကျုပ်မှာလေ ကျုပ်က ချစ်တဲ့၊ ကျုပ်ကိုမချစ်တဲ့၊ ဘယ်သူ့ကိုမှ မချစ်တဲ့၊ သူ့ကိုယ်သူသာချစ်တဲ့ အစ်ကိုတစ်ယောက်ရှိဖူးတယ်ဗျ။ ကျုပ်အစ်ကို အဖိုးတန် အမျိုးမှန်ကြီးက မယားစံရွေးတဲ့ ဆရာဝန်ကြီးခင်ဗျ” ဟု တဟားဟား ရယ်ကာ ပြောလိမ့်မည်ကို သိနေသည်။

ညီညီ့ကိုကြည့်ယင်း ဆေးလိပ်သောက်ချင်စိတ် ပေါ်လာ၍ ကိုကိုသည် ညီညီ၏လက်ထဲမှ ဒူးယားဗူးလေးကို လှမ်း၍ဆွဲယူလိုက်သည်။ သူက စီးကရက်တလိပ်ကို ဆွဲထုတ်လိုက်သောအခါ ညီညီက ဓာတ်ငွေ့ မီးခြစ်ကလေးကို ဖောက်ကနဲ ခြစ်ယင်း လှမ်း၍ မီးညှိပေးလေသည်။

“သိပါဘူးဗျာ ... ဒေါက်တာဦးကိုကိုက ဒူးယားမှ သောက်ပါ့မလားလို့ မပေးမိတာပါ”

သူက ဘာမှပြန်မပြောပဲ စီးကရက်ကို ရှိုက်၍ ဖွာလိုက်သည်။ ဝေ့တက်သွားသော မီးခိုးငွေ့ လေးများကို ငေးကြည့်နေမိသည်။ ရှင်းရှင်းဝန်ခံရလျှင် သူသည် ဒန်းဟီးလ်စီးကရက်မှ သောက်သူဖြစ်သည်။ ယခုလည်း အိတ်ထဲတွင်ပါသော စီးကရက်ဗူးကို ညီညီ့ရှေ့တွင် ထုတ်လျှင် ညီညီက သရော်ပြုံးကိုပြုံးကာ တစုံတခုပြောဦးမည်ကို သိနေ၍ ဒူးယားဗူးကို လှမ်းယူခြင်းဖြစ်လေသည်။

“အခုတော့ ကျွန်တော်တို့တွေ စီးကရက်သောက်နေလိုက်ကြတာ မီးခိုးချင်းကို ဆက်လို့၊ ကျွန်တော်လေ ဆေးလိပ်သောက်တိုင်း အဖေ့ကို သွားသွားပြီး သတိရတယ်”

ညီညီက တိုးတိုး ပြောသည်။ သူ၏ရင်ထဲတွင် လှိုက်ကနဲ ဖြစ်သွားသည်။ စီးကရက်မီးခိုးများကြားထဲတွင် အဖေ၏မျက်နှာနွမ်းနွမ်းကြီးကို မြင်ယောင်လာမိသည်။

“အဖေ့ခမျာ စီးကရက်ကလေး တလိပ်လောက် ခဲလိုက်ရယင်ကိုပဲ ကျေနပ်လို့၊ စည်းစိမ်ပဲ... စည်းစိမ်ပဲ... နဲ့ ပြောတတ်ရှာသေးတယ်”

ဆေးလိပ်သောက်သည်မှအပ အဖေ့တွင် ဘာအပျော်အပါးမရှိပေ။ ရုပ်ရှင်ကြည့်သည်ကိုလည်း တခါမျှ မတွေ့ ရဖူးပေ။ ထိုစဉ်က တက်သစ်စနာမည်ကြီးနေသော ခင်ယုမေ၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု စသူများကို ရင်ဆိုင်တွေ့လျှင်ပင် မည်သူမည်ဝါဟူ၍ အဖေက သိလိမ့်မည် မဟုတ်ချေ။ "နှစ်ယောက်ထဲ နေချင်တယ်” ကား ရုံတင်သောအခါကလည်း သူတို့ညီအစ်ကိုနှစ်ဦးလုံး လူကြီးများနှင့် ရောပြီး “သဲသဲမဲမဲ နှစ်ယောက်ထဲ နေချင်တယ်” ဟု ဟစ်ကြသောအခါ အဖေက ဆေးလိပ်ကလေး ခဲကာ ပြုံးယင်း “ငါကတော့ မကောက်ကလေးနဲ့ပဲ နေချင်တယ်” ဟု ပြောလေသည်။ အဖေ အမြဲစွဲ၍ သောက်လေ့ရှိသော ဆေးလိပ်မှာ "ကျားပျံမကောက်” ဆေးလိပ်ဖြစ်လေသည်။

အဖေသည် အရက်ကို အနံ့ခံတတ်သူမဟုတ်။ ဖဲရိုက်၊ ကြက်တိုက်ခြင်းလည်း မလုပ်တတ်။ ညနေထမင်းစားပြီးလျှင် ဆေးလိပ်တိုလေးခဲကာ မှိန်းတတ်သည်မှအပ အဖေ့ဘဝတွင် အခြားအပျော်အပါး လုံးဝမရှိခဲ့ပေ။ အဖေ့ဘဝတွင် ... ဖြေဖျော်စရာ စည်းစိမ်ခံစားစရာ ဟူ၍ ဆေးလိပ်ကလေးများပင် ရှိခဲ့သည်။ ထိုဆေးလိပ်ကိုပင် အဖေက ဖြတ်ရန် စိတ်ကူးခဲ့သေးသည်။ ကိုကို ဆယ်တန်းအောင်သောနေ့က ဖြစ်လေသည်။ ကိုကို အောင်သည်ကို ညီညီက အလျှင်သိလာခဲ့လေသည်။ လက်နှစ်လက်လုံးကို ဝှေ့ယမ်းပြီး တလမ်းလုံး ကဆုန်ပေါက်၍ ပြေးလာခဲ့လေသည်။

" ဦးကြီးတင်ရေ အစ်ကို အောင်တယ်ဗျ။ အစ်မရေ အစ်ကိုဂုဏ်ထူးပါတယ်ဗျ” 

“ဗျို့ အစ်ကိုကြီးညွန့်မောင် ... ကိုကိုရယ် ဂုဏ်ထူးလေးခုတောင် ... "ဟု တွေ့သမျှ မြင်သမျှ လူတွေကို စူးစူးဝါးဝါးနှင့် အော်ဟစ်ပြီး ပြောခဲ့သေးသည်။

“အဖေရေ.. အဖေရ၊ ကိုကို အောင်တယ်ဗျ၊ ဂုဏ်ထူးမှ လေးခုတောင်ဗျ”

ညီညီသည် အိမ်ပေါ်သို့ ခုန်ပေါက်၍ ပြေးတက်လာသည်။ တံမြက်စည်းလှဲနေသော ကိုကို့လက်ထဲမှ တံမြက်စည်းကို ဆွဲယူပြီး လွှင့်ပစ်လိုက်သည်။ ထို့နောက် ကိုကို၏လက်နှစ်ဘက်ကို ဆွဲယူပြီး ယမ်းခါနေသည်။

“ဓာတုရယ်၊ ရူပရယ်၊ သင်္ချာရယ် ... ဟတ်ဟား ... နောက်ပြီး အင်္ဂလိပ်စာရယ်...ငါ့အစ်ကို ငတော်ကြီးကွ ဟား.. ဟား”

အဖေ၏မှုန်​ငေး​ငေးမျက်နှာတွင် ပီတိရောင်များ လျှမ်းလျှမ်းဝေသွားသည်။ သူ့လက်ထဲမှ သောက်လက်စ ဆေးလိပ်လေးကို ကယောင်ကတမ်းနှင့် လွှင့်ပစ်လိုက်ပြီး ... နေရာမှ ဆတ်ကနဲ ထလိုက်သည်။

“ဟ .ကိုကို၊ ဘာအူကြောင်ကြောင်လုပ်နေတာလဲ၊ ထစမ်းပါကွ၊ ရယ်စမ်းပါကွ..၊ ခုန်စမ်းပါကွ၊ ကျွမ်းထိုးပစ်လိုက်စမ်းပါကွ”

ညီညီသည် ကာယကံရှင်ထက်ပင် ပို၍ပျော်နေသည်။ မခိုင့်တခိုင် အိမ်ကလေးကို အားနာသဖြင့်သာ တဝုန်းဝုန်းထ၍ မခုန်ခြင်း ဖြစ်ဟန်တူသည်။ ညီညီသာ စိတ်ရှိလက်ရှိ ခုန်လိုက် ပေါက်လိုက်လျှင်လည်း အိမ်ပြိုသွားလိမ့်မည် ထင်သည်။

“မခင်မေသာရှိယင် ပျော်လိုက်လိမ့်မည် ဖြစ်ခြင်း”

အဖေက တုန်ယင်သောအသံနှင့် ပြောသည်၊ ညီညီသည် အမေ့ကို သတိရသွားသောအခါမှ ကိုကို၏လက်ကို လွှတ်ကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်လေသည်။ အမေ သေဆုံးသည်မှာ လေးနှစ်ခန့် ရှိပေပြီ။

“အမေသာဆိုယင် ပျော်လို့ဆိုပြီး မျက်ရည်လေးစမ်းစမ်းနဲ့ ငိုမှာဗျ”

ကိုကိုက ခပ်တိုးတိုး ပြောမိသည်။ အမေ့ကို ပြန်ပြောင်းတွေ့ချင်စိတ်က ပြင်းပြင်းပြပြ ဖြစ်ပေါ်လာသည်။ “အမေရေ.. ဂုဏ်ထူးလေးခု ပါတယ်ဗျ” ဟု ပြေးပြီး ပြောလိုက်ရလျှင် အပြုံးအရယ်နည်းသော အမေသည် ဝမ်းသာအားရ ပြုံးလိမ့်မည် ထင်သည်။ အမေ၏အပြုံးကို မြင်စမ်းချင်လှသည်။

“ငါ့သားကို အဖေ ကောလိပ်ပို့ချင်လိုက်တာ”

အဖေက တုန်ယင်လှိုက်လှဲစွာ ပြောသည်။ အဖေ၏မျက်နှာတွင် လင်းလက်တောက်ပနေသော ပီတိရောင်များလည်း မှေးမှိန် လျော့နည်းသွားသည်။

ကိုကိုသည် အဖေ့ကိုလှမ်းကြည့်ပြီး ငိုချင်သလို ဖြစ်လာသည်။ အဖေ့အတွက်လည်း ငိုချင်သည်။ သူ့အတွက်လည်း ငိုချင်သည်။ ဆယ်တန်းစာမေးပွဲကို မည်မျှပင် ထူးချွန်စွာ အောင်သော်လည်း တက္ကသိုလ်ပညာကိုတော့ သူတို့အခြေအနေနှင့် ဆက်လက်သင်ယူရန် မလွယ်ကူလှချေ။ တက္ကသိုလ်တက်ရန် ငွေကြေးမပြည့်စုံသူအတွက် တသီကြီးပါလာခဲ့သော ဂုဏ်ထူးများသည်လည်း အဓိပ္ပါယ်မရှိလှချေ။

“ဆယ်တန်းအောင်ယင် တော်ပြီပေါ့ အဖေရယ်၊ ကျွန်တော် အလုပ်လုပ်ယင်း လုပ်သားကောလိပ် တက်လို့ရတာပဲ”

ညီညီက မျက်မှောင်ကလေးကုပ်ကာ ခပ်ဆတ်ဆတ် ပြောသည်။ သူတို့ မွေးဖွားစဉ်ကတည်းက ကပ်ရပ်ပါလာသော "ဆင်းရဲခြင်း” ဟူသော ဖွားဖက်တော်ကို နာနာကျည်းကျည်းနှင့် ဒေါသဖြစ်နေပုံရသည်။ 

“ဟုတ်တယ်၊ ငါ့သားငယ်ပြောတာ ဟုတ်တယ်” 

အဖေက ခေါင်းတညိတ်ညိတ်နှင့် ပြောသည်။

“ငွေဆိုတာ ရှာယင်ရတာပဲ၊ အဖေရှာမယ်။ ကြုံသမျှအလုပ်တွေကို အကုန်လုပ်မယ်... ဆေးလိပ်လဲ ဖြတ်မယ်ကွ”

“အဖေရယ်”

ကိုကိုသည် အဖေ့ကို ငေးကြည့်ယင်း မျက်ရည်များ စိမ့်လာဝဲလာသည်။ ပါးပြင်ပေါ်သို့ စီး၍ကျမလာစေရန် မျက်တောင်တဖျပ်ဖျပ်ခတ်၍ ထိန်းနေရသည်။ သူ့တကိုယ်လုံးကို အဖေ့မေတ္တာဓာတ်များက တရစ်ပြီးတရစ် ရစ်ပတ်နေသလို ခံစားရယင်း ကြက်သီးတမြမြ ထလာသည်။ အဖေသည် သူ၏ဘဝတွင် တခုတည်းသော ဖျော်ဖြေရာဖြစ်သည့် ဆေးလိပ်ကိုဖြတ်ရန် ကြံရွယ်နေရှာသည်။ ဆေးလိပ်ဖိုးလေးကို မသုံးရက် မစွဲရက် လျှော့ချမည်ဟု ပြောနေသည်။ ကိုကို မကြည့်ရက်။

“အဖေ့မှာ ပင်ပန်းလှပါပြီ အဖေရယ်”

“ဟုတ်တယ်၊ အဖေ ပင်ပန်းလှပြီ။ တော်ပါတော့ အဖေရယ်” 

ညီညီက ဝင်ပြောသည်။ အဖေက ညီညီ့ကို နားမလည်နိုင်သလို လှမ်းကြည့်သည်။ အဖေ့မျက်လုံးများက "အဖေမလုပ်လို့ ဘယ်သူလုပ်ရမှာလဲ၊ ဒါတွေဟာ အဖေ့တာဝန်တွေ မဟုတ်လား” ဟု ပြောနေဟန်ရှိသည်။

“ညီ.. အလုပ်လုပ်မယ် အဖေ”

ညီညီ့မျက်နှာလေးသည် တည်ငြိမ်နေသည်။ ရှိရှိသမျှ တာဝန်များကို ပခုံးလွှဲ၍ ပြောင်းယူတော့မည်ကဲ့သို့ ကိုယ်ကို မတ်ထားသည်။ နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ထားသည်။ အသက်ကို ပြင်းပြင်းရှူကာ ခေါင်းမော့ထားလေသည်။

“ဘာရယ် ညီ ... မင်းက အလုပ်လုပ်မယ်လား” 

“ဟုတ်တယ်” 

“အို ... မဟုတ်တာ” 

“ဟုတ်ပါတယ် ကိုကိုရ”

တအံ့တဩဖြစ်နေသော ဖခင်နှင့် အစ်ကိုအား ညီညီသည် လူကြီးတယောက်ကဲ့သို့ အပေါ်စီးမှ ကြည့်သည်။

“သားရယ်... သားအရွယ်က ကျောင်းနေရမယ့်အရွယ်၊ စာသင်ရမယ့်အရွယ်ကွယ့်”

အဖေက မချိတင်ကဲ ပြောသည်။ ပညာကို သူ အစဉ်အမြဲ တန်ဖိုးထားခဲ့သည်။ သူသည် ဘာပညာကိုမှ မည်မည်ရရ တတ်ခဲ့သူ မဟုတ်ချေ။ လက်သမားဟု ဆိုသောကြောင့် လက်သမားပညာကိုလည်း တကယ်တမ်း ကျကျနန သင်ကာ ကျွမ်းကျင်လိမ္မာခဲ့ရသူ မဟုတ်ချေ။ လွှတိုက်တတ် သံရိုက်တတ်ရုံသာ ဖြစ်သည်။ ထို့ကြောင့် ပထမတန်းလက်သမားမဟုတ်ပဲ တတိယတန်းစား လက်သမားသာ ဖြစ်ခဲ့ရသည်။ ပြတင်းပေါက်ဘောင်ကိုပင် အသေအချာ ခွေရသူမဟုတ်ပဲ အိမ်မိုး ကြမ်းခင်းအလုပ်ကိုသာ လုပ်နေရသူဖြစ်လေသည်။ ထို့ကြောင့် သူ့သားနှစ်ဦးကို သူ့လိုဖြစ်မှာ စိုးရိမ်လှသည်။ မွေးကတည်းက သူများနောက်တွင် နေခဲ့ရသူမို့ သူ့သားများကိုတော့ ရှေ့တန်းရောက်စေချင်လှသည်။

“ကျွန်တော်က စာမှ မတော်တာ၊ အဖေလဲ သိသားပဲ။ နောင်နှစ် ဆယ်တန်းဖြေယင်လဲ ကျမှာပဲ အဖေရ။ ကိုကိုကတော့ သိပ်တော်တာ၊ ဂုဏ်ထူးများ လေးခုကြီးတောင်၊ ဆရာဝန်ကြီးဖြစ်လာမှာဗျ သိလား”

ညီညီက အားတက်သရော ပြောသည်။ ကိုကိုသည် ချုံးပွဲချ ငိုလိုက်ချင်သလို တုန်ယင်လာသည်။ ညီညီ၏စေတနာသည် သူ့အရွယ်လေးနှင့် မလိုက်အောင် ကြီးမားလှချေသည်။

“ကိုကိုရာ ဘာမှစဉ်းစားမနေစမ်းပါနဲ့၊ ဆေးတက္ကသိုလ်သာ ... ရောက်အောင် လျှောက်လိုက်စမ်းပါ”

ညီညီသည် တောက်ပစွာ ပြုံးနေသည်။ နေ့ချင်း ညချင်းပင် သူ့အစ်ကိုသည် ဆရာဝန်ကြီးတဦးဖြစ်လာတော့မည်ဟု တွေးထင်နေမိဟန် ရှိသည်။ ကိုကို၏ပခုံးကို သိုင်း၍ဖက်ကာ “နော်... ကိုကိုရာ” ဟု ချော့မော့ သွေးဆောင်သလို ပြောသည်။

ကိုကိုသည် ရုတ်တရက် မျက်ရည်များ စီးကျလာသည်။ ညီညီ၏လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ယင်း “ဟင်အင်း ညီညီ၊ မလုပ်နဲ့။ မင်း ဘာလို့အလုပ်လုပ်ရမှာလဲ” ဟု ကတုန်ကယင် ပြောမိသည်။

အဖေ့ထံမှ သက်ပြင်းရှိုက်သံကို ကြားရသည်။ အဖေလည်း မျက်ရည်ကျနေလိမ့်မည် ထင်သည်။ မျက်ရည်ကျသည်ကို ညီညီ မကြိုက်ချေ။ ထို့ကြောင့် သူပြောနေကျအတိုင်း "အလကားကိုကို၊ ဘာလို့ ငိုနေရတာလဲကွ” ဟု အားမလို အားမရနှင့် အော်လေဦးမည်လားဟု စဉ်းစားမိသော်လည်း ကိုကိုသည် သူ၏မျက်ရည်များကို မတားဆီးနိုင်ခဲ့ပေ။ ခေါင်းကို သွက်သွက်ခါယမ်းနေသော ကိုကိုအား ညီညီသည် အလိုမကျသလို စိုက်ကြည့်နေသည်။ ထို့နောက် အမိန့်ပေးလို ဒေါသသံလေးနှင့် ပြောလေသည်။

“လုပ်မယ်ကွ .. ဘာဖြစ်လဲ၊ ပိုက်ဆံရအောင် ရှာဖို့က ညီညီ့တာဝန်၊ ဆရာဝန်ဖြစ်အောင်လုပ်ဖို့က ကိုကို့တာဝန် သိလား .. သိလား ... သိရဲ့လား”

ညီညီ ပြောခဲ့သည်။ ဆရာဝန်ဖြစ်အောင်လုပ်ဖို့က ကိုကို့တာဝန်ဟု ပြောခဲ့သည်။ ညီညီ ပြောသည့်အတိုင်း သူ ဆရာဝန်ဖြစ်ခဲ့ရလေသည်။

* * * 

“မိုးစဲသွားပြီ”

ညီညီက သူ့မျက်နှာမှ ရေများကို လက်ဖမိုးဖြင့် ပွတ်သုတ်လိုက်သည်။ မျက်နှာတွင်သာမက သူ့အင်္ကျီရင်ဘတ်တွင်ပါ မိုးရေများ စိုနေလေသည်။

“မင်းအင်္ကျီမှာပါ ရေတွေစိုနေတယ်” 

“ဟုတ်တယ်” 

“အအေးမိပြီး ဖျားနေပါအုံးမယ်ကွာ”

“ဖျားတော့လဲ အစ်ကိုတယောက်လုံးက နိုင်ငံကျော်ဆရာဝန်ကြီးပဲဗျာ”

“ညီညီရယ်၊ မင်း ငါ့ကို လှောင်ချင် ပြောင်ချင်တာတွေကို ခဏဘေးချိတ်ပြီး ဒီဂျာကင်ကိုတော့ ဝတ်ထားလိုက်ပါအုံး”

တောင်းပန်သလိုပြောသော ကိုကို့အား ညီညီသည် ဆတ်ကနဲ လှည့်ကြည့်သည်။ ကိုကိုသည် သူဝတ်ထားသော အင်္ကျီကို ကမန်းကတန်း ချွတ်လိုက်သည်။ တွေတွေဝေဝေ ကြည့်နေသော ညီညီ့အား လှမ်းပေးပြီး "ဝတ်ထားလိုက်ပါကွာ” ဟု ထပ်ပြောသည်။

“နေပါစေဗျာ... ကိုကို ချမ်းနေပါ့မယ်”

“မချမ်းပါဘူး ညီညီရာ၊ မင်းအင်္ကျီကို ခဏချွတ်ထားပြီး အဲဒီဂျာကင်ကို ခဏဝတ်ထားလိုက်၊ ဇစ်ကို ရင်ဘတ်အထိ ဆွဲထားလိုက်လေ ..။ မှန်ကိုလဲ ခဏတင်ထားပါအုံးကွာ၊ မိုးစဲပေမယ် လေတွေက အေးလိုက်တာ”

ညီညီသည် သူ့ကို အတန်ကြာအောင် ကြည့်နေပြီးမှ သားရေဂျာကင်ကို လှမ်းယူလေသည်။ သူပြောသည့်အတိုင်း ကားမှန်ကိုလည်း လှည့်တင်လိုက်သည်။ သူ့အင်္ကျီကို ညီညီလက်လျှိုပြီး ဝတ်လိုက်သည်ကိုမြင်တော့ ကိုကိုဝမ်းသာသွားသည်။ ညီညီသည် သူ့ကိုလှောင်ပြောင် သရော်နေသော်လည်း ပစ်ပစ်ခါခါကြီးတော့ မုန်းဟန်မတူချေ။ ညီညီသည် သူ့ကို ဘယ်တော့မှ မုန်းလိမ့်မည်မဟုတ်။ ဟုတ်သည်။ ညီညီသည် သူ့ကို ဘယ်သောအခါမှ မုန်းလိမ့်မည်မဟုတ်ပေ။ ခင်ဦးကလည်း ပြောဖူးသည်။ “ကိုကို့ကို ညီညီက သိပ်ချစ်တာပဲ” တဲ့။

* * * 

“ကိုကို့ကို ညီညီက သိပ်ချစ်တာပဲနော်”

“အံမာ ငါကလဲ ချစ်တာပါပဲ”

“ဒါပေမယ့် ညီညီ့လောက်တော့ မချစ်ဘူးထင်တယ်... ။ သူ့မှာ ကိုကို့အတွက်ပဲ အမြဲပူနေတာ၊ အငယ်ဆိုပေမယ့် သူ့ကိုယ်သူ အကြီးလို့ ထင်နေတာ”

ခင်ဦးက တွေးတွေးဆဆလေး ပြောသည်။ သူ့လက်ထဲမှ စပါးလင်ပင်များကို အရင့်ပိုင်းများ ခွာပစ်နေသည်။ ထို့နောက်ဓားနှင့် ရိတ်ရိတ်ပါးပါးလေး လှီးနေသည်။

“ခုလဲ ကြည့်ပါအုံး၊ ကိုကို့ကို သူက ကျောင်းထားပေးမလို့တဲ့၊ ဟုတ်လား”

ကိုကိုက ပြုံးနေမိသည်။ ညီညီသည် သူ့ကိုယ်သူ ကိုကို၏အစ်ကိုဖြစ်သည်ဟု ထင်မှတ်နေပုံရသည်ကတော့ အမှန်ပင်။

“ကိုကို ဂုဏ်ထူးတွေရတာလဲ ဝမ်းသာလွန်းလို့ ခင်ဦးတို့အိမ်မှာတောင် လာပြီး ခုန်ပေါက် အော်ဟစ်သွားသေးတယ်၊ “မိခင်ဦးရေ၊ ငါ့အစ်ကိုက ဆရာဝန်ဖြစ်မှာဟ” တဲ့”

ခင်ဦးက ပြောယင်း ရယ်သည်။ သူ့ခေါင်းတွင် ဝေနေအောင် ပန်ထားသော သနပ်ခါးပန်းခက်ဝါဝါလေးများသည်လည်း တငြိမ့်ငြိမ့် လှုပ်သွားကြသည်။

“ခင်ဦးကလဲ အားကျမခံ ပြန်ပြောလိုက်တာပေါ့ ... ။ နင့်တယောက်တည်း အစ်ကိုမဟုတ်ဘူး၊ ငါလဲ အစ်ကိုတော်တာပဲလို့”

“အေး .. အဲဒါပဲကြည့်ပေတော့ ကိုကိုရေ၊ မင်းကိုလေ အဲဒီမိခင်ဦးနဲ့ ညီညီတို့က အမြဲလုနေကြတာ၊ သူ့အစ်ကို ငါ့အစ်ကိုနဲ့လေ”

အဘွားက ငါးရိုးနွှင်နေရာမှ လှမ်းပြောသည်။ နေ့စဉ်နေ့တိုင်း ငါးရိုးနွှင်နေရသဖြင့် အဘွား၏လက်ထိပ်လေးများတွင် ခြစ်ရာ ရှရာလေးနှင့် မွမွကြဲပြီး မည်းနေသည်။

“အဲဒီလို လုပြီးယင်လေ ...အေး အေး ... ဒီလိုဆို နင့်ကို ငါတခြမ်းပေးမယ်၊ ကိုကို ညာဘက်ခြမ်းကို ငါယူမယ်၊ ငါ့အစ်ကို ဗယ်ဘက်ခြမ်းကို နင်ယူ၊ ဒါပေမယ့် လောလောဆယ်တော့ ငါ့အစ်ကို တဝက်ခွဲပေးခ မုန့်ဟင်းခါးကျွေးအုံး ဆိုပြီး တဝတပြဲ စားသွားပြီသာမှတ်”

အဘွားသည် စုပုံထားတော ငါးရိုးများကို ငရုတ်ဆုံထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် ငရုတ်ဆုံကို ဆွဲယူကာ ခပ်လေးလေး ထောင်းသည်။

ဦးလေးမောင် ခြေထောက်ဖြတ်ပြီးသည့်နောက်ပိုင်းတွင် ခင်ဦးတို့ အခြေပျက်ခဲ့ရသည်။ ခြေထောက်တဘက် ဒူးဆစ်အောက်မှ ဖြတ်လိုက်ရ၍ ကားမောင်းသောအလုပ်ကို အလိုလို ပြုတ်သွားရရှာသော ဦးလေးမောင်သည် ဘာလုပ်၍ ဘာကိုင်ရမည်မသိပဲ ယောင်လည်လည် ဖြစ်နေသည်။ နောက်တော့ အိမ်ရှေ့တွင် ခုံလေးခင်းပြီး မုန့်ဟင်းခါးဆိုင်လေး ထွက်ခဲ့သည်။ အသင့်အတင့် ရောင်းရသောအခါ လူစည်ကားရာလမ်းထိပ်မှ ကုက္ကိုပင်ကြီးအောက်သို့ ပြောင်း၍ရောင်းလေသည်။ ကားမမောင်းနိုင်တော့သော ဦးလေးမောင်သည် မုန့်ဟင်းခါးဆိုင်တွင် တနေကုန်ထိုင်ယင်း မုန့်ရောင်းလေသည်။

ခင်ဦးခမျာလည်း ယခင်တုန်းကလို ဆော့ကစားမနေနိုင်တော့ပေ။ ကျောင်းဆင်းသည်နှင့် အိမ်ကို အပြေးပြန်လာရတတ်သည်။ နောက်တနေ့ ရောင်းရန် ပြင်ဆင်ချက်ပြုတ်နေသော အဖေနှင့်အဘွားအိုကို လက်တိုလက်တောင်း ကူညီရလေသည်။

မိုးမလင်းမီ ခင်ဦး ထရသည်။ အဘွားနှင့်အတူ ဟင်းရည်အိုး၊ မုန့်ဖတ်၊ ပန်းကန် စသည်တို့ကို လမ်းထိပ်က ကုက္ကိုပင်ကြီးအောက်သို့ မြေးအဘွားနှစ်ဦးသား သယ်ပြီး ရွှေ့ ကြရသည်။ သူတို့ နေရာတကျ ပြင်နေချိန်ဝယ် ဦးလေးမောင်သည် ချိုင်းထောက်နှစ်ဘက်ကို ထောက်ကာ ထောက်ကာနှင့် လမ်းထိပ်သို့ တဖြည်းဖြည်း လျှောက်လာတတ်သည်။ ဦးလေးမောင်ထိုင်ရန် ကြိမ်ခုံလေးကို ဟင်းရည်အိုးဘေးတွင် ခင်ဦးက ကြို၍ချနှင့်သည်။ ဦးလေးမောင် ရောက်လာလျှင် ထိုခုံကလေးပေါ်တွင် ထိုင်လေသည်။ ထို့နောက် ဟင်းရည်အိုးကို မွှေလိုက်၊ မီးဖိုကို မီးထိုးလိုက်၊ မုန့်ပန်းကန်များ ပြင်လိုက်နှင့် သူ့အလုပ်ကိုသူ စိတ်ဝင်စားစွာ ပျော်ရွှင်စွာနှင့် လုပ်ကိုင်လေတော့သည်။ သူ၏ချိုင်းထောက်ကြီး နှစ်ဘက်သည်ကား သူ မပြန်မချင်း ကုက္ကိုပင်ကြီး၏ပင်စည်ကို မှီကာ ငြိမ်ငြိမ်ကြီး ရပ်နေတတ်သည်။ 

အဘွား ဟင်းချက်ကောင်းသည်ရော၊ စေတနာထားကာ ပိုပိုသာသာ ထည့်ပေးတတ်သည်ရော၊ ကုသိုလ်ကံလေး လိုက်လာသည်ရော သုံးခုလုံးကြောင့် ဖြစ်မည်ထင်သည်။ ခင်ဦးတို့၏မုန့်ဟင်းခါးဆိုင်လေးသည် အတော်လေး ရောင်းရ တွင်ကျယ်လေသည်။ ဆိုင်နာမည်ကိုလည်း အထူးတလည် စဉ်းစားစရာမလို၊ လာရောက်စားသုံးသူများက သူတို့ဟာသူတို့ အမည်ပေးသွားကြသည်။ “ ချိုင်းထောက်ကြီး မုန့်ဟင်းခါး” ဟူ၏။

“ကိုကိုက တကယ့်ကို ဆရာဝန်ကြီးဖြစ်လာမှာပေါ့နော်”

အဘွားက ထောင်းထားသော ငါးရိုးများကို ခင်ဦးက ရေနှင့်ဖျော်ကာ အရိုးများကို ငင်ထုတ်သည်။

“ဘယ်သူပြောလို့လဲ” 

“ညီညီက ပြောတယ်လေ”

ခင်ဦး၏အသံက ယုံကြည်မှုအပြည့်ပါသည်။ ညီညီက ပြောခြင်းကို မြတ်စွာဘုရားက ဗျာဒိတ်ပေးခြင်းဟု ထင်နေသလားဟု တွေးယင်း ကိုကိုသည် စိတ်ချဉ်ပေါက်သွားသည်။

“ညီညီပြောတိုင်း ဖြစ်မယ်လို့ နင့်ကို ဘယ်သူက ပြောလို့လဲ”

ခင်ဦး၏ပါးပြင်တွင် သနပ်ခါးဝင်းဝါဝါလေးများ မထင့်တထင် ရှိသည်။ လုံးဝ ကောက်ခြင်း တွန့်ခြင်းမရှိပဲ ပကတိဖြောင့်ပြီး စင်းနေသော ဆံပင်များက ကျောထက်တွင် ဖြာကျနေသည်။ ဆံပင်ရင်းတွင်တော့ သနပ်ခါးပန်းများ ဝေနေအောင် ပန်ထားလေသည်။ ခင်ဦးကို ရှုတည်တည်နှင့် ကြည့်ယင်း "ဒီကောင်မလေး အပျိုဖော်ဝင်လာတော့လဲ လှသားပဲ၊ အယင်တုန်းကတော့ အတော်အရုပ်ဆိုးမယ်ထင်တာ ” ဟု တွေးလိုက်သေးသည်။

“ကိုကိုကလဲ ညီညီ့အကြောင်း သိသားနဲ့”

ခင်ဦးက ပြုံးသည်။ တဝီဝီ ဝဲလာသော ယင်နှစ်ကောင်ကို လက်နှင့်ယမ်း၍ ခြောက်ရင်း အရိုးငင်ထားသော အရည်များကို ပိတ်ပါးပေါ်သို့ လောင်းချသည်။

“ညီညီက သူ တခုခုလုပ်ချင်ပြီဆိုယင် ဘယ်သူများ တားလို့ ရဖူးလို့လဲ ကိုကိုရ၊ ဖြစ်အောင်လုပ်တာချည်းပဲ မဟုတ်လားလို့”

“အေးလေ ... ထားပါတော့၊ ဒါပေမယ့် ညီညီကျောင်းထားပေးလို့ ငါ ဆေးကောလိပ်တက်ပြီ ထားပါတော့၊ ငါက ကျနေယင် ဘယ်ဖြစ်မှာလဲ၊ နှစ်ခါကျ သုံးခါကျနဲ့ ကျောင်းထွက်လာရတဲ့သူတွေကို ပုံလို့”

“ကိုကိုလား ကျမှာ ... ဘယ်တော့မှ မကျဘူး”

ခင်ဦးက ယုံကြည်စိတ်ချစွာနှင့် ပြောသည်။ အချိုရည်မကျန်တော့သော ငါးရိုးအကြေအမွများကို အမှိုက်ပုံးထဲသို့ သွန်ထည့်လိုက်လေသည်။ အောက်ခြေတွင် ပေါက်နေသော အမှိုက်ပုံးထဲမှ ပိုးဟပ်နှစ်ကောင် ပြေးထွက်လာသည်။ နှုတ်ခမ်းမွှေးရှည်ရှည်နှင့် ဟိုစမ်းဒီစမ်း လုပ်နေကြသည်။

ကိုကိုက ထင်းစနှင့် လှမ်း၍ပေါက်လိုက်သည်။ ပိုးဟပ်ကိုမထိပဲ အမှိုက်ပုံးကိုသာ ဂွမ်းကနဲ ထိမှန်သွားသည်။ ပိုးဟပ်နှစ်ကောင်လည်း ထင်းပုံအောက်သို့ ရုတ်ကနဲ ဝင်ပြေးသွားကြသည်။

* * * 

“မှောင်လာပြီ”

ညီညီက ခပ်တိုးတိုး ပြောသည်။ လမ်းဘေး မီးတိုင်လေးများသည် မှိတ်တုတ် မှိတ်တုတ်နှင့် လင်းလာကြသည်။ လေထဲတွင် ယိမ်းထိုးလှုပ်ရှားနေသော ဝါးရုံပင်ကြီးများကို ခပ်ဝါးဝါး မြင်နေရသည်။

“မနက်က ကျွန်တော် တယ်လီဖုန်းဆက်သေးတယ်၊ ဆက်လို့ကို မရဘူး” 

“အိမ်ကတယ်လီဖုန်း ပျက်နေတာ မနေ့ညကတည်းကပဲ” 

“ ဒါကြောင့် လူကိုယ်တိုင်ပြေးလာရတာ၊ ခင်ဦးလေးအသက်ကိုတော့ မီကောင်းပါရဲ့ ဗျာ” 

“မင်း တကယ်ပဲပြောနေတာလား ညီညီ၊ တကယ်ပဲ ခင်ဦးသေနိုင်သလား ဟင်”

ကိုကိုက ညီညီ၏လက်ဖျားကို လှမ်း၍ဆုပ်ကိုင်လိုက်မိသည်။ ညီညီ၏လက်ဖျားသည် အေးစက်နေသည်။ ချွေးစေးများပြန်နေသည်။

“ကျွန်တော့်ကိုယ်ကျွန်တော်တော့ မဟုတ်တာ ပြောနေမိတာ ဖြစ်ပါစေလို့ ဆုတောင်းနေမိတာပဲ .. ။ ခင်ဦးမသေနိုင်ဘူး၊ သူ့ရဲ့အသက်အန္တရာယ်ကို ထိခိုက်လောက်အောင် ဖြစ်တာမဟုတ်ဘူး၊ ကျွန်တော်ကသာ အစိုးရိမ်ကြီးပြီး ကိုကို့ကို လာခေါ်မိတာ ဖြစ်ပါစေလို့ ဆုတောင်းနေမိတာပဲ”

ညီညီသည် အတန်ကြာအောင် ငြိမ်ပြီးနေသည်။ ထို့နောက် မျက်နှာကို လက်နှစ်ဘက်နှင့် ပွတ်သုတ်ယင်း ကိုကို့အား လှည့်ကြည့်သည်။

“အပေါ့အပါးလေး သွားရအောင် ချုံကောင်းကောင်းတွေ့ယင် ရပ်ပေးပါအုံးဗျာ ..”

ကိုလှရွှေကလည်း ရပ်ချင်ချင်ဖြစ်ဟန်တူသည်။ ကားရပ်သည်နှင့် သူတို့သုံးဦးလုံး ကားပေါ်မှ ဆင်းသည်။ ညီညီက လမ်းဘေးအနိမ့်ပိုင်းသို့ ခပ်သွက်သွက် ဆင်းသွားသည်။မှောင်ရီဝိုးတဝါး လရောင်ဝယ် ချုံပုတ်လေးများက ငြိမ်သက်နေသည်။ အေးမြသောလေသည် မွှေးပျံ့ပျံ့ရနံ့လေးတခုကို သယ်ဆောင်လာသည်။ တောပန်းရနံ့တခု ဖြစ်မည်ထင်သည်။ ရှိုက်၍ရှူမိသော်လည်း ဘာရနံ့နည်း မခွဲခြားတတ်ပေ။ ကိုကိုသည် လမ်းဘေးတွင်ရပ်ယင်း ညီညီ့ကိုလှမ်းကြည့်နေမိသည်။ 

“ဟေး ညီညီ ဘာလို့ ချုံကြိုချုံကြား သွားနေရတာလဲ” 

“ဗိုက်နာလို့ဗျ”

ညီညီက ခပ်အုပ်အုပ် ဖြေသည်။ “ဪ ... ညီညီတကောင်လဲ အယင်တုန်းကအတိုင်း ထစ်ကနဲဆို ဝမ်းပျက်နေတတ်တုန်းပါလား” ဟု စဉ်းစားမိသည်။ ဟိုးယခင် ငယ်စဉ်ကတည်းက ညီညီသည် အလွန်ဝမ်းလွယ်လေသည်။
ငရုတ်သီးစားစား၊ ပဲဟင်းစားစား၊ တခါတရံ သင်္ဘောသီး ဖရဲသီးစားသည်နှင့် ဝမ်းပျက်တတ်သည်။ ထို့ကြောင့် အမေက ညီညီ့အား "ထစ်ကနဲဆို သူ့ဖင်က ဟောကနဲပဲ၊ နည်းနည်းမှ ဖင်လုံတဲ့ကောင်မဟုတ်ဘူး” ဟု ပြောတတ်လေသည်။

“ညီညီ .. ငါ့ဂျာကင်အိတ်ထဲမှာ စက္ကူပါတယ်၊ မြွေပါကင်းပါးလဲ သတိထားဦး”

ကိုကိုက လှမ်းအော်သည်။ သူက သွားလေရာရာတွင် အိမ်သာသုံးစက္ကူ အနည်းငယ် ဆောင်သွားတတ်သည်။ အန္တရာယ်ဟူသည်မှာ လွယ်ထားနိုင်သည် မဟုတ်။ ကြို၍လည်း သိရလေသည်မဟုတ်။

ကိုကိုသည် ချုံကွယ်တွင် ပျောက်နေသော ညီညီ့အား လှမ်းကြည့်ယင်း တခါက မော်လမြိုင်မှ မရှူနိုင်မကယ်နိုင် ပြန်လာသည်ကို သတိရသည်။

အပိုင်း(၆) ဆက်ရန်
----------------------
#မစန္ဒာ

Post a Comment

0 Comments