#တိမ်ဖုံးပါလို့ လမသာ
အပိုင်း(၈)
“ဒီကမ္ဘာ ဒီလောကကြီးမှာ ဆင်းရဲလို့မပျောက်တဲ့ရောဂါတွေ အများကြီးရှိတယ်ကွယ့်၊ ဥပမာ တီဘီဆိုပါတော့ကွယ်၊ လူချမ်းသာတယောက်နဲ့ ဆင်းရဲသားတယောက် ဒီရောဂါကို အတူတူဖြစ်တယ်ဆိုပါတော့၊ လူချမ်းသာက အချိန်ပေးပြီး အနားယူနိုင်တယ်၊ ဆေးကို မှန်မှန် ဝယ်သောက်နိုင်တယ်၊ အားရှိတဲ့အစာတွေကို ကောင်းကောင်းစားနိုင်တယ်၊ ဒီတော့ သူ့ရောဂါပျောက်ဖို့က တစ်ရာမှာ တစ်ရာ အခွင့်အလမ်းရှိတယ်ကွယ့်"
"ဆင်းရဲသားကတော့ တနေ့လုပ်မှ တနေ့စားရတာ၊ ဘယ်လိုလုပ်ပြီး အနားယူနိုင်မလဲ။ ဆေးရုံကပေးတဲ့ ဆေးကလွှဲလို့ သူ့ဟာသူ တန်ဖိုးကြီးပေးပြီး ဝယ်သောက်နိုင်ဖို့ ဝေးရော။ အားရှိတဲ့ ကြက်ဥ၊ နွားနို့ထားလို့ ပဲပြုတ်တောင် မှန်မှန်မစားနိုင်တော့ သူ့ရောဂါပျောက်ဖို့က အင်မတန် အခွင့်အလမ်းနည်းသွားပြီ"
" နိုင်ငံတော်အစိုးရက အခမဲ့ဆေးရုံတွေ ဖွင့်ပေးထားတာတောင် သူတို့က အချိန်ပေး တက်ရောက်ပြီး ကုသမှုကို မခံယူနိုင်ကြဘူး၊ ဒါတောင် ဆရာတို့တိုင်းပြည်မှာမို့ အခမဲ့ဆေးရုံတွေရှိတာ။ ဒီမှာ ဖျားနာနေမကောင်းယင်ဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရယင်ဖြစ်ဖြစ်၊ ကလေးမီးဖွားယင်ဖြစ်ဖြစ် ရှိရှိသမျှဆေးရုံတွေက အကုန် အခမဲ့။ ဆေးရုံမှာ ရှိသမျှဆေးတွေက အလကား ကုပေးဖို့။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဒီလိုအခမဲ့ဆေးရုံတွေ မရှိကြဘူး၊ ဆေးရုံတင် ပိုက်ဆံပေးတက်ကြရတာ များတယ်”
ဆရာဦးသက်ထွန်းက လေရှည်ကြီး ပြောပြီးမှ မောသွားသလို လက်ဖက်ရည်ခွက်ကို တကျိုက်တည်း မော့ချလိုက်သည်။ ထွန်းဦးမောင်က ဆရာ့ရှေ့သို့ ပေါင်မုန့်ကြော်ပန်းကန်ကို ထိုးပေးသည်။ ကိုကိုကမူ အိတ်ထဲမှ ပိုက်ဆံကို တွက်နေမိသည်။ သူ့အိတ်ထဲတွင် လေးကျပ်သာ ရှိသည်။ လက်ဖက်ရည် သုံးခွက်အပြင်၊ ပေါင်မုန့်ကြော်ပါ တိုးလာလျှင် ရှင်းရန် မလွယ်ကူတော့။ လမ်းစရိတ် ချန်ရဦးမည်။ ထွန်းဦးမောင်က အလိုက်တသိ ရှင်းသွားလျှင်မူ တော်သေးသည်။ သို့သော်လည်း သူများပိုက်ဆံနှင့် လက်ဖက်ရည် ကပ်သောက်ရမည်ကို ကိုကိုရှက်သည်။ ထို့ကြောင့် တတ်နိုင်လျှင် စားသောက်ဆိုင် မထိုင်။ ကိုယ်ကလည်း မကျွေးနိုင်၊ သူများ ကျွေးသည်ကိုလည်း ထာဝစဉ် မစားချင်။ ဒီတခါတော့ ဆာဆာရှိသည်နှင့် စားသောက်ဆိုင် ထိုင်မိသည်။ ဆရာဦးသက်ထွန်း ဝင်လာသည်။ ကိုကို့အား စာတော်သောကျောင်းသားအဖြစ် မျက်မှန်းတန်းမိပြီးဖြစ်၍ တဦးတည်းထိုင်နေသော ကိုကို့စားပွဲ ဝင်ထိုင်သည်။ ထို့နောက် ထွန်းဦးမောင် ရောက်လာသည်။ ဆရာ့ကိုမြင်တော့ သူတို့ဝိုင်းသို့ လာ၍ ထိုင်ပြန်သည်။
“ကိုကို၊ မင်း အခုဘယ်မှာလဲ”
“အော်သိုမှာ ဆရာ”
“ကဲ ပြောစမ်း၊ မင်းတို့အရိုးဌာနက လူနာတွေထဲမှာ ချမ်းသာတာ ဘယ်နှစ်ယောက်ပါသလဲ"
ကိုကိုပြုံးမိသည်။ ချမ်းသာသောသူ ဘယ်နှစ်ဦး ပါသနည်းတော့ ကိုကိုမသိ။ ဆင်းရဲသောသူ အတော်များသည်ကိုကား သိသည်။ မန်ကျည်းရွက်နု တက်ခူးယင်း .. မန်းကျည်းပင်ပေါ်မှ လိမ့်ကျ၍ တင်ပါးဆုံရိုး အက်သွားသော ကောင်မလေးဆိုလျှင် ဆေးရုံပေါ်မှာ တလကျော်ပြီဟု ဆိုသည်။ သူ့အမေ တခေါက်လာဖူးသည်မှအပ သူ့ဆီ လာသူမရှိ။
“ကျွန်မတို့ရွာက ရန်ကုန်နဲ့အဝေးကြီး၊ ရထားစီးပြီး ကားစီး၊ ပြီးတော့ လှည်းစီးမှ ရောက်တာ။ အမေက အားမှ မအားတာ၊ ဘယ်လာနိုင်ပါ့မလဲ။ အခုအချိန်က ပျိုးနုတ် ကောက်စိုက်ချိန် ” ဟု မျက်နှာညှိုးညှိုးနှင့် ခွင့်လွှတ်စကားဆိုသည်။
ဆေးရုံကကျွေးသော ထမင်းကို နှစ်သက်မက်မောစွာနှင့် စားသည်ကိုတွေ့တော့ ကိုကိုပင် စိတ်မကောင်း။ တတ်နိုင်သူများက ဆေးရုံထမင်းကို ဆီနည်းသည်၊ ဆားငန်သည်၊ ညံ့သည်ဟု အမျိုးမျိုး ထောပနာပြုတတ်ကြသော်လည်း သူတို့လေးများအတွက်တော့ အသက်ဆက်နေရသော အာဟာရများဖြစ်သည်။
“လူချမ်းသာတော့ မသိဘူးဆရာ၊ ဆင်းရဲတာတော့ အတော်များတယ်”
“ကဲ .... ထွန်းဦးမောင်ကရော”
“ကျွန်တော်က မက်ဒီဆင်မှာပါ”
“ကဲ ... ဆင်းရဲတဲ့သူ ဘယ်လောက်များလဲ”
“ဆရာကလဲ မိုးပေါ်မှာ ကြယ်တွေကို ရေခိုင်းနေပြန်ပြီ”
ထွန်းဦးမောင်က ရယ်သွမ်းသွေးသည်။ ကိုကိုကမူ အဖေနှင့်အမေကို သတိရသည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် သတိရသည်။ ဆရာက “ကဲ .. ကိုကို၊ မင်းရော ဆင်းရဲလား... ချမ်းသာလား ” ဟု မေးလိုက်မည်ကို ကြောက်ပြီး ရင်တဒိတ်ဒိတ် ခုန်လာသည်။ "မင်းအဖေ ဘာလုပ်သလဲ” ဟု မေးလိုက်လျှင် မည်ကဲ့သို့ ဖြေရမည်နည်း။
“အေး... အဲဒါပြောတာပေါ့ကွာ၊ ဆင်းရဲတဲ့သူတွေ စီးပွားရေးမပြေလည်တဲ့သူတွေဟာ အများကြီးပေါ့၊ ဆရာတို့နိုင်ငံတင် မဟုတ်ဘူး၊ ဒါက ကမ္ဘာနဲ့ အဝှန်း”
“အရင်းရှင်နိုင်ငံကြီးတွေမှာရော ဆရာ”
“ပိုဆိုးတာပေါ့ကွာ ... ဒီမှာ လူချမ်းသာနဲ့ လူဆင်းရဲ ဆယ်ဆကွာယင် သူတို့ဆီမှာ အဆတရာ ကွာတော့မပေါ့၊ ဘယ်နေရာမှာမဆို ချမ်းသာ ဆင်းရဲ ကွာဟချက် ရှိနေတာပဲ။ လူသားတွေဟာ ရောဂါအမျိုးမျိုးကို အောင်နိုင်ခဲ့ကြတယ်၊ ပလိပ်ရောဂါ၊ ကျောက်ရောဂါ၊ ခွေးရူးရောဂါ၊ ငှက်ဖျားရောဂါ၊ နောင်လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ကင်ဆာကိုပါ နိုင်အောင်တိုက်နိုင်မယ်လို့ မျှော်လင့်ကြတယ်”
“မဟာလူသားတို့ရဲ့ အောင်နိုင်မှုပေါ့ ဆရာ”
ထွန်းဦးမောင်က ရယ်ပြန်သည်။ ကိုကိုကမူ လက်ဖက်ရည်ဖိုးကို စိတ်ထဲမှ တွက်ချက်နေမိသည်။ ဆရာရော ထွန်းဦးမောင်ပါ ပေါင်မုန့်ကင်တချပ်စီ ကုန်သွားပြီဖြစ်သည်။
“အဲဒီမဟာလူသားတွေ မအောင်နိုင်တဲ့ရောဂါတခုကတော့ ကမ္ဘာတည်သရွေ့များ ရှိနေမလားလို့ ဆရာစိုးရိမ်မိတယ်”
“ဘာရောဂါလဲ ဆရာ”
“ဆင်းရဲခြင်း ဆိုတဲ့ ရောဂါလေ”
ဆရာက ခပ်တိုးတိုး ရယ်သည်။ ထို့နောက် အိတ်ထဲမှ ဆယ်တန်တချပ်ကို ထုတ်သည်။ ကိုကိုရော ထွန်းဦးမောင်ကပါ "ဟာ နေပါစေဆရာ” ဟု ပျာပျာသလဲ တားကြသော်လည်း မုန့်ဖိုးကို ဆရာပင် ရှင်းသွားသည်။
“ဆရာ့မှာ အဓိဋ္ဌာန် နှစ်ခု ရှိတယ်။ တခုက တတ်နိုင်သမျှ မြန်မာလိုပြောဖို့ပဲ၊ ဒီ ဆေးတက္ကသိုလ်က ဆရာတော်တော်များများဟာ အင်္ဂလိပ်လိုပြောတာ အကျင့်ပါနေကြပြီး မြန်မာလိုပြောလဲ ဆေးစကားတွေက ကြားညှပ်ပြီး အင်္ဂလိပ်လိုပြောနေရတာပဲ။ ဆရာကတော့ မြန်မာလိုပဲပြောချင်တယ်၊ ပြောနိုင်အောင်လဲ ကြိုးစားတယ်။ နောက်တခုကတော့ တပည့်တွေဆီက ဘာမှ မယူမိဖို့ပဲ၊ ဆရာကပဲ ပေးချင်တယ်၊ ဆရာကပဲ ကျွေးချင်တယ်၊ အဲဒါကိုတော့ ခွင့်ပြု ဟုတ်လား ...။ အဲ .. မင်းတို့ ပါရဂူကြီးတွေဖြစ်တဲ့နေ့ ဆရာ့ကို မမေ့ယင် သတိရသေးယင် .. လက်ဖက်ရည် လာတိုက်လှည့်ကြလေ”
ဆရာက ခပ်ပြုံးပြုံး ပြောသွားသည်။ ဘာပြောပြော ကိုကို၏အခက်အခဲကတော့ ပြေလည်သွားသည်။ ဆရာ့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်မှာ အမှန်ပင်။ ထွန်းဦးမောင်ကမူ ကျေးဇူးတင်ပုံမရ။
“ဆရာ့ကိုတွေ့လို့ ကွက်ရှင်လေးများ အောက်မလားလို့ ဝင်ထိုင်မိပါတယ်၊ ဘာတွေ တရားဟောသွားမှန်းလဲ မသိဘူး”
“ဆရာ ပြောသွားတာတွေ ဟုတ်သားပဲ”
“ဟုတ်ဟုတ် မဟုတ်ဟုတ်ကွာ၊ သူများဆင်းရဲတာ ကိုယ့်အပူမှတ်လို့၊ ဒီကောင်က ဆင်းရဲတယ်ဆိုတာ သိပ်ကြားချင်တာမဟုတ်ဘူး။ ဆရာကလဲ အဲဒီရောဂါက ကုလို့မရသေးတဲ့ ရောဂါဆိုတော့လဲ အခက်၊ ငါကလဲ အဲဒီဆင်းရဲတာကို အကြောက်ဆုံး၊ ကိုယ်တိုင် ဆင်းရဲဖို့ မပြောနဲ့၊ ဆင်းရဲတဲ့လူနဲ့တောင် တယ်အပေါင်းအသင်းလုပ်ချင်တာ မဟုတ်ဘူး”
ကိုကို၏မျက်နှာသည် ရေနွေးနှင့် အပက်ခံရသလို ရှိန်းကနဲ ပူသွားသည်။ “ငါ့အကြောင်းသိလို့.. တမင်စောင်းပြောတာ” ဟူသောအတွေးနှင့် ရင်ထဲက အရွံ့ စိတ်က ဘောင်ဘင်ခတ်ပြီး လည်ချောင်းဝအထိ တက်လာသည်။ ဘာမှ ပြန်မပြောပဲ ထွက်လာခဲ့သည်။ ထွန်းဦးမောင်က လမ်းခွဲမသွားပဲ သူ့ဘေးမှ ပါလာသည်။
“မျိုးဝင်းအခန်းမှာ ရှိုးဝိုင်းရှိတယ် ... မနေ့ညက ငါ သုံးရာ ရှုံးသွားတယ်”
ထွန်းဦးမောင်က လေသံလေးနှင့် ပြောသည်။ “သုံးရာ” ဟု ကိုကိုက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ သုံးရာဟူသောငွေကို ရအောင် အဖေရော ညီညီပါ အနည်းဆုံး ဆယ်ရက်ခန့်တော့ တပင်တပန်း အလုပ်လုပ်ကြရလိမ့်မည် ထင်သည်။ ထွန်းဦးမောင် ရှုံးသွားသော ငွေသုံးရာကိုသာ သူရခဲ့လျှင် သူလိုချင်နေသော ဂျူတီကုတ်အသစ်ကိုလည်းကောင်း၊ နှစ်ဆယ့်ကိုးလမ်းက အဟောင်းရောင်းသော ဆိုင်တွင် တွေ့ထားသော ရောဂါဗေဒစာအုပ်ကို လည်းကောင်း ဝယ်နိုင်ပေလိမ့်မည်။
ကိုကိုက ဆေးရုံကြီးအဆောင် (၁၉-၂၀) ဘေးမှပတ်ကာ အနောက်ပေါက်မှ ထွက်ခဲ့သည်။ ထွန်းဦးမောင်ကလည်း သံဈေးဘက်သို့ သွားဦးမည်ဟုဆိုကာ လိုက်လာသည်။ ညတုန်းက ရှိုးဝိုင်းအကြောင်းကို ဖောက်သည်ချသည်။ ကိုကို စိတ်မဝင်စား။
“ငါ့ကွာ ... အစပိုင်းက ဟုတ်နေတာ၊ နောက်ဆုံးလှည့်မှာ ပုံအောလိုက်တော့မှ ကွဲတာပဲ... ။ နာရီ တခါတည်း ပြုတ်ထွက်သွားတယ်၊ ဒက်ဒီ့ကိုတော့ ခါးပိုက်နှိုက်ခံရတယ် ပြောရမယ်၊ ဘတ်စကားကျပ်လို့ ခံရတာ၊ နောက်ထပ် ခါးပိုက်နှိုက်မခံရအောင် ကားပေးထားပါ ဆိုပြီး ကားတောင်းထားရမယ်။ ကားရတော့မှ ကားပေါင်ပြီး အောထည့်လိုက်အုံးမယ်”
ထွန်းဦးမောင်၏စကားကို စိတ်ညစ်ညူးစွာနှင့် နားထောင်နေမိစဉ် အဖေ့ကို လှမ်း၍ တွေ့လိုက်ခြင်းဖြစ်သည်။ အဖေက ကိုကို့အား အလျှင်မြင်ပြီး ဖြစ်ပုံရသည်။ ကိုကိုတို့ဆီသို့ ခပ်ပြုံးပြုံးနှင့် လျှောက်လာသည်။ အဖေ့ပခုံးပေါ်တွင် အဖေ၏လက်သမားသုံး ကိရိယာများ ထည့်ထားသော မည်းညစ်ညစ်အိတ်ကြီးကို လွယ်ထားသည်။ အဖေ့အင်္ကျီက ထုံးစံအတိုင်း ဇင်ပြာစ၊ ညစ်ထတ်ထတ်။ အဖေ့နဖူးပြင်မှာ ချွေးစို့နေသည်။ အဖေ့ကိုယ်ကလည်း ထုံးစံအတိုင်း ချဉ်စုတ်စုတ် ချွေးနံ့ နံလိမ့်မည် ထင်သည်။
ကိုကို၏လက်များသည် ရုတ်ခြည်း အေးစက်သွားသည်။ အဖေသည် ထွန်းဦးမောင်၏အရှေ့တွင် သူ့အား “သား” ဟု လှမ်း၍ ခေါ်ပေတော့မည်။ (၁၉-၂၀) အဆောင်အနောက်ဘက်တွင် ကျောက်ကပ်ဆေးရုံအဆောင်သစ် ဆောက် နေသည်။ ထိုအဆောင်ကို အဖေတို့ လာရောက်ဆောက်နေရကြောင်းကို မည်သည့်အတွက်ကြောင့် မေ့လျော့လေရလေသနည်း။ မည်သည့်အတွက်ကြောင့် ထွန်းဦးမောင်လို သူငယ်ချင်းနှင့်အတူ ဒီဘက်ကို လာခဲ့ရလေသနည်း။
အဖေ့ကိုတွေ့လျှင် ထွန်းဦးမောင် နှာခေါင်းရှုံ့လိမ့်မည်ထင်သည်။ "ဟာ... ကိုကိုအောင့်အဖေက လက်သမားကြီးကွ၊ ချွေးစော်ကလဲ နံလို့ ဟောင်လို့” ဟု လျှောက်၍ပြောလေတော့မည်။
အဖေက တဖြည်းဖြည်း နီးလာသည်။ ကိုကို၏ရင်ထဲတွင် အပြင်းအထန် လှုပ်ရှားနေသည်။ သူ့ဘေးမှ ထွန်းဦးမောင်က တရစပ် ပြောနေသော်လည်း ဘာတွေပြောနေမှန်း သူ မသိ။ ကြားလည်းမကြား။ “ကိုကို့အဖေက တကယ့်ကို ညစ်ထတ်ထတ်ကြီးကွ” ဟူသော စကားကိုသာ ကြိုပြီး ကြားယောင်နေသည်။ မိမိကိုယ်မိမိ ဘာလုပ်မှန်း မသိလိုက်မှာပင် ကိုကို ဗြုန်းကနဲ ရပ်လိုက်သည်။ ထို့နောက် “ဟာ .. ငါ့နားကျပ် ကျန်ခဲ့ပြီ” ဟု ပြောမိပြောရာ ပြောယင်း ချာကနဲ လှည့်ကာ မပြေးရုံတမည် ထွက်လာခဲ့သည်။
“မင်း စတက်သိုကို နဂိုတည်းက မင်းလက်ထဲမှာ မတွေ့မိပါဘူး” ဟု လှမ်းအော်နေသော ထွန်းဦးမောင်ကိုပင် လှည့်မကြည့်တော့။ ရင်ထဲမှ နှလုံးသားက တဒိုင်းဒိုင်းနှင့် ဆူညံစွာ ခုန်ပေါက်နေသည်။ အဖေသည် သူ့နောက်ကျောကို အံ့သြစွာ ကြည့်လေမလား၊ ကြေကွဲစွာ ကြည့်လေမလား၊ ဒေါသရိပ် ဒေါသအရောင်နှင့် ခက်ထန်စွာ ကြည့်လေမလား၊ သူ မဝေခွဲတတ်။ လောလောဆယ်တော့ အဖေနှင့် ဝေးရလျှင် တော်ပြီ။ အဖေက သူ့ကို “သား” ဟူ၍ လှမ်းမခေါ်လိုက်လျှင် တော်ပြီ။ သူငယ်ချင်းများကို “ဒါ ..ငါ့အဖေပါ” ဟု မပြောရလျှင် တော်ပြီ။
ထိုနေ့က သူ တော်တော်နှင့် အိမ်မပြန်ဖြစ်။ ဗိုလ်တထောင်ဆိပ်ကမ်းတွင် သွားထိုင်နေမိသည်။ အဖေ့ကို ရှောင်ပြေးခဲ့ပြီမို့ အဖေနှင့် ရင်ဆိုင်ရမည်ကို ကြောက်နေသည်။ ထို့ကြောင့် အတော်လေး မိုးချုပ်မှ အိမ်သို့ပြန်ဖြစ်သည်။
အဖေသည် သူတို့အိမ်ရှေ့ လှေကားထစ်တွင် ဆေးလိပ်တိုလေး ဖွာကာ ထိုင်စောင့်နေသည်။ ဆုတ်ကန်ကန်နှင့် လျှောက်လာသော ကိုကို့အား "လာလေ .. သား” ဟု ဆီးကြို၍ ခေါ်သည်။ ဘာမှမဖြစ်သလို “သား .. ထမင်းစားခဲ့ပြီးပြီလား” ဟု မေးလေသည်။
ကိုကိုက အဖေ့ကို မရဲတရဲ ကြည့်မိသည်။ အဖေ့မျက်နှာက အေးဆေး တည်ငြိမ်နေသော်လည်း မျက်လုံးများကမူ ရီဝေနေလေသည်။ အဖေက ကိုကို့အား ကြည့်ကာ ခွင့်လွှတ်စွာ ပြုံးသည်။
“အဖေနားလည်ပါတယ်ကွာ .. ငါ့သား ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့... အဖေ့ကို ဘာမှ ရှင်းပြမနေနဲ့”
အဖေက တိုးတိုးပြောယင်း ကိုကို၏ပခုံးများကို ညှစ်ကိုင်လိုက်လေသည်။ ကိုကိုသည် မျက်လွှာချယင်း တံတွေးကို အခါခါ မျိုချနေမိသည်။ ဘာမှ မပြောမိ၊ ပြောစရာလည်း စကားမရှိ။
ထိုနေ့ညက ကိုကို အိပ်မပျော်။ အဖေကလည်း အိပ်ပျော်ပုံမရ။ အမှောင်တွင် ဆေးလိပ်ထိုင်ဖွာနေသော အဖေ့ဆေးလိပ်မီးလေးကို ကိုကိုက အိပ်ရာထဲမှ ငေးကြည့်နေမိသည်။
ထို့နောက် တပတ်ခန့်အကြာတွင် အဖေ သေခဲ့ရသည်။
အိမ်ခေါင်မိုး မိုးရန်အတွက် ထုပ်တန်းများ တက်၍ ရိုက်စဉ် မူးပြီး လိမ့်ကျခြင်းဖြစ်လေသည်။ ကိုကိုကမူ သူ့ကိုယ်သူ တရားခံဖြစ်ကြောင်း ချက်ချင်းသိပြီး ယူကျုံးမရဖြစ်ရသည်။ အဖေသည် ဖွင့်၍မပြောသော်လည်း ရင်ထဲတွင် ထိခိုက်ကြေကွဲခဲ့မည်သာတည်း။ ညတိုင်း အိပ်မပျော်နိုင်ပဲ ဆေးလိပ်တိုကိုသာ ထ၍ ဖွာနေတတ်သည်။ ထို့ကြောင့် အလုပ်ခွင်တွင် မူးဝေခြင်းဖြစ်ရမည်ဟု တထစ်ချ သူ ယူဆမိသည်။
အကြောင်းမသိသော ညီညီကမူ ရှိုက်ကြီးတငင် ငိုနေသော ကိုကို၏ပခုံးသားများကို ချစ်ခင်စွာ ဖက်ရင်း "အဖေမရှိတော့ပေမယ့် ညီရှိပါတယ် ကိုကိုရာ၊ ကိုကို ဆရာဝန်ဖြစ်တဲ့အထိ ညီ ကြိုးစားမှာပေါ့” ဟု အားပေးစကား ဆိုခဲ့သည်။
* * *
ကိုကိုသည် ခြေပစ်လက်ပစ် ထိုင်ယင်း မျက်စိကို စုံမှိတ်ထားလိုက်သည်။ အင်္ကျီမွဲပြာပြာကြီးကို ဝတ်ထားသော အဖေက သူ့မျက်စိထဲတွင် ပျောက်လိုက် ပေါ်လိုက်ဖြစ်နေသည်။ အဖေ့အကြောင်းကို စဉ်းစားမိတိုင်း မိမိကိုယ်မိမိ ခွင့်မလွှတ်နိုင်အောင် ရှိသည်။ သူသည် ဆင်းရဲခြင်းကို ဘာကြောင့်များ ပြစ်မှုတခုလို ယူဆမိရလေသနည်း။ ပြည်သူ၏ငွေကို အလွဲသုံးစားပြုကာ လာဘ်စားသော အချို့ဖခင်များအတွက် သူတို့၏သားသမီးများက ပြုံးပျော်ဂုဏ်ယူနေချိန်ဝယ် သူတတ်သည့်ပညာနှင့်သူ သန့်ရှင်းစင်ကြယ်စွာ ပင်ပန်းကြီးစွာ ငွေရှာလေသော ဖခင်အတွက် ကိုကိုသည် ဘာကြောင့်များ ဒီမျှ ရှက်ခဲ့ရလေသနည်း။ အဖေသည် အရာရှိကြီးမဟုတ်ပဲ လက်သမားဖြစ်ရလေသည့်အတွက်လော၊ အဖေ၏နုံချာသော အသွင်အပြင်ကြောင့်လော။
သူ့ကိုယ်သူ ဖွင့်ဟဝန်မခံချင်သော်လည်း ထိုနှစ်ခုလုံးကြောင့် အဖေ့ကို အဖေခေါ်ရန် သူရှက်ခဲ့ကြောင်း သူသိလေသည်။
“တကယ့် .. တကယ်တော့ အဖေရော အမေရော လူ့လောကကို ဆင်းရဲဒုက္ခခံဖို့၊ အပင်ပန်းခံဖို့သက်သက် အလည်လာရတဲ့သူတွေပဲ။ သူတို့ဘဝမှာ ဘာပျော်ရွင်မှု ဘာဖြေဖျော်မှုမှ ရှိမသွားခဲ့ကြဘူး”
ညီညီ၏အသံကို ကြားရသည်။ ဒီတော့လည်း ကိုကို့မျက်စိထဲတွင် မြင်ယောင်နေသော အဖေ့ရုပ်သွင်ဘေးတွင် "အမေ့ဖို့ ကွမ်းရွက်ဆယ်ပြားဖိုး သွားဝယ်ပေးနော်” ဟု ညှိုးငယ်စွာ ပြောသော အမေ့ရုပ်သွင်က ယှဉ်တွဲ၍ ပေါ်လာပြန်သည်။
“ဒါပေမယ့် စဉ်းစားကြည့်စမ်းပါ ကိုကို၊ တို့အဖေ တို့အမေဟာ ဒီကမ္ဘာ ဒီလောကကြီးမှာ ဘာမကောင်းမှု ဒုစရိုက်ကိုမှ လုပ်မသွားခဲ့ကြပါဘူး”
ညီညီက လေးလေးနက်နက် ပြောသည်။ ညီညီသည် မျက်စိကို စုံမှိတ်ထားသော ကိုကို့အား ငဲ့ကြည့်ယင်း ဒူးယားဗူးကို ဖွင့်၍ကြည့်ပြန်သည်။ တလိပ်တည်းကျန်တော့သည်ကို တွေတော့ “ကိုကို စီးကရက်သောက်အုံးမလား ” ဟု လှမ်းပြောသည်။ ကိုကိုက မျက်စိမဖွင့်ပဲ ခေါင်းကိုသာ အသာ ယမ်းပြသည်။
“တိုင်းပြည်အကျိုး ရပ်ရွာအကျိုးရယ်လို့ စွမ်းစွမ်းတမံ ကြီးကြီးကျယ်ကျယ် ဆောင်ရွက်မသွားနိုင်ကြပေမယ့် သားနှစ်ယောက်ကိုတော့ လူလားမြောက်အောင် ကျွေးမွေးပြုစုနိုင်ခဲ့တယ်။ ပညာကိုလဲ ထိုက်သင့်သလောက် ပေးနိုင်ခဲ့တယ်။ အဖေတို့အမေတို့ဟာ လူသားတာဝန်တော့ ကျေခဲ့ပြီပဲ”
ညီညီက စီးကရက်မီးခိုးများကို အဆုတ်ထဲသို့ ရှိုက်၍သွင်းသည်။ ညီညီ စီးကရက်သောက်ပုံမှာ အငြိုးတကြီးနိုင်လှသည်။ အငွေ့ ကလေးအနည်းငယ်ကိုပင် အလွတ်မပေးပဲ ရှိရှိသမျှ အကုန်လုံးကို ရင်ထဲရောက်အောင် သောက်မျိုပစ်နေသည်။ ဒီပုံအတိုင်းသာ ကြာရှည်သောက်လျှင် အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ရှိချေမည်ဟု စဉ်းစားယင်း ကိုကိုသည် ညီညီ၏လက်ထဲမှ စီးကရက်ကို ဆွဲယူပြီး လွင့်ပစ်ချင်စိတ် ပေါ်လာသည်။
“ဒီကမ္ဘာ ဒီလောကမှာ လူရယ်လို့ဖြစ်လာရတာ ဒီကမ္ဘာအလှ လောကအလှကို ဖျက်ဆီးဖို့မှမဟုတ်ပဲဗျာ၊ ဒါပေမယ့် လူအများစုဟာ ကောင်းမှုထက် မကောင်းမှုကိုသာ လုပ်ပြီး သေသွားကြတာ များတယ်၊ ကျွန်တော်တော့ ကြာလေစိတ်ကုန်လေပဲ”
“တောများ ထွက်ချင်နေပြီလား ညီညီရာ”
“ဒီလောက်လဲ ပါရမီမရင့်ပါဘူးဗျာ”
ညီညီက ပခုံးကို မသိမသာ တွန့်သည်။ သူ့အား ငေးကြည့်နေသော ကိုကို့အား စောင်း၍ကြည့်ကာ ကြေကွဲစွာ ပြုံးသည်။
“ခင်ဦးကတော့ ပြောဖူးတယ်... ညီညီ နင်ဘုန်းကြီးဝတ်ယင် ငါ ပစ္စည်းလေးပါး ဒကာခံမယ်တဲ့”
“ငါ့ကိုလဲ တခါ ပြောဖူးသေးတယ်”
ကိုကို့ခေါင်းထဲတွင် မူးရိပ်ရိပ်ဖြစ်နေသည်။ ကားထဲတွင် တိုးဝှေ့ဝင်နေသော လေများက တဝူးဝူး အော်မြည်နေသလို ထင်ရသည်။ အတိတ်ဆီသို့ ပြေးလေသော စိတ်အား ဆွဲမထားချင်။
* * *
“ကိုကို ... ဘာဖြစ်လို့ သေချင်တယ် သေချင်တယ်နဲ့ ခဏခဏ ပြောနေရတာလဲ...”
ခင်ဦးက စိတ်မရှည်သလို မေးသည်။
“ကိုကို ယောက်ျားပဲဟာ၊ ဘဘသေတာ ခင်ဦးလဲ ဝမ်းနည်းတာပါပဲ၊ ကိုကိုက အဖေဆိုတော့ ပိုဝမ်းနည်းယင်လဲ နည်းမှာပေါ့လေ၊ ဒါပေမယ့် သေချင်စရာတော့ မလိုပါဘူး”
“နင်ဘာသိလို့လဲ မိခင်ဦးရ၊ ငါမကောင်းဘူးဟ”
“ဘာလဲ ငါ ဆေးကျောင်းတက်လို့ အဖေ ပင်ပန်းပြီးသေတယ်၊ ဒါကြောင့် ငါမကောင်းဘူးလို့ ပြောမလို့မဟုတ်လား။ မပြောနဲ့။ ဒါကြောင့် သေချင်တာလား၊ မသေနဲ့။ သေမယ့်အစား ဘုန်းကြီးဝတ်လိုက်ပါလား၊ အဲဒါကမှ ကုသိုလ်ရအုံးမယ်”
ခင်ဦးက မေမြို့ပန်းများ ဝေဝေဆာဆာထိုးထားသော ဘုရားပန်းအိုးကို ဘုရားစင်ပေါ်သို့ ဆောင့်၍တင်မိသည်။ ဝမ်းနည်းပက်လက်ဖြစ်နေသော ကိုကို့အား ငဲ့ကြည့်ယင်း "လာ .. ဒီမှာ ဖုန်တက်နေတဲ့ ဘုရားစင်ကို လာရှင်း၊ သေတာထက် ကောင်းတယ်” ဟု အာဏာသံပါပါလေးနှင့် ပြောသည်။
ဒီနေ့ အဖေဆုံးသည်မှာ တလပြည့်သည့်နေ့ ဖြစ်သည်။ ခင်ဦးက အမှတ်တရ မေမြို့ပန်းများ လာပို့သည်။ ဘုရားပန်းအိုးများ လဲပေးသည်။ ဒီတော့ ကိုကိုလည်း အဖေ့ကို တမ်းတလွမ်းမောစိတ် ကြေကွဲစိတ်များနှင့် ဝမ်းနည်း ပက်လက်ဖြစ်ရပြန်လေသည်။
“အဟုတ်ပြောတာ .. ကိုကိုများ ဘုန်းကြီးဝတ်ယင် လိုလေသေးမရှိ ဒကာခံပြီး တသက်လုံး ကိုးကွယ်ထားမယ်။ သေချင်နေမယ့်အစားတော့ ဘုန်းကြီးဝတ်ဖို့ပဲ စဉ်းစားစမ်းပါ ကိုကိုရယ်”
ခင်ဦးကလည်း ညီညီ့လိုပင်၊ တခါတရံ ကိုကိုအား သူ့ထက်အငယ်လို ဆက်ဆံတတ်သည်။ အားမလိုအားမရ မျက်မှောင်လေး ကြုတ်ပြီး ကြည့်တတ်သည်။
“ငါများ ဘုန်းကြီးဝတ်လို့ အဖေပြန်ရှင်လာမယ် ဆိုယင်လေ... ငါ တသက်လုံး ဘုန်းကြီးဝတ်နဲ့ နေပါရဲ့ .. ။ ငါ့အပြစ်တွေများ ကျေမယ်ဆိုယင် တောထွက်သွားပါရဲ့”
“ဘာအပြစ်တွေလဲ”
“ဘာအပြစ်တွေလဲဆိုတော့ အဖေ့ကို အဖေလို့ ခေါ်ရမှာ ရှက်ခဲ့တဲ့အပြစ်ပေါ့ မိခင်ဦးရယ်”
ခင်ဦးက ကိုကို့အား နားမလည်သလို ကြည့်နေသည်။ အဖေသည် ထိုအကြောင်းကို မည်သူ့ကိုမျှ ဖွင့်ပြောခဲ့ပုံမရပေ။ ယုတ်စွအဆုံး ညီညီ့ကိုပင် ပြောပြခဲ့ပုံမရ။
ကိုကိုသည် အဖေ့အကြောင်းကို တွေးယင်း ရင်ထဲတွင် ကျင်၍စူးလာသည်။ ခင်ဦးကိုသာ အမှန်အတိုင်း ဖွင့်မပြောရလျှင် ထိုလျှို့ဝှက်ချက်သည် သူ့နှလုံးသားကို တစစီ ပေါက်ကွဲ လွင့်စဉ်သွားစေလိမ့်မည် ထင်သည်။
“ငါ ကျောင်းမှာ အဖေ့ကို တွေ့တယ်... အဖေတို့က နောက်ဘက်က ကျောက်ကပ်ဆေးရုံ အဆောင်သစ်ကြီး လာဆောက်နေကြတာလေ၊ ငါ့ကိုမြင်တော့ အဖေ့ခမျာ ငါ့ဆီကို ဝမ်းသာအားရနဲ့ လျှောက်လာတာ..။ ငါလေ ငါဆိုတဲ့ကောင်ကတော့ အဖေ့ကို လူရှေ့မှာ အဖေလို့ နှုတ်ဆက်လိုက်ရမှာ ခေါ်လိုက်ရမှာ ကြောက်ပြီး ထွက်ပြေးမိတယ်လေ”
“ဟင် ...”
“ဟုတ်တယ် ခင်ဦး၊ အဖေ့ကို နှုတ်ဆက်လိုက်ရမှာ ခေါ်လိုက်ရမှာ ကြောက်ပြီး ထွက်ပြေးခဲ့တယ်”
ကိုကိုက ပြောယင်း မျက်ရည်ကျလာသည်။ ခင်ဦးသည် ကိုကို့အား မယုံနိုင်သလို ငေးကြည့်နေသည်။
“နင်စဉ်းစားကြည့်စမ်း ခင်ဦး၊ အဖေ ဘယ်လောက် စိတ်ထိခိုက်သွားမလဲ၊ ဝမ်းနည်းသွားမလဲလို့”
“မစဉ်းစားပါရစေနဲ့ ကိုကိုရယ်”
ခင်ဦးက ခေါင်းလေး ယမ်းနေသည်။ အဖေ မည်မျှ စိတ်ထိခိုက်သွားမည်ကို စဉ်းစား၍ပင် ကြည့်ရက်ဟန် မတူချေ။ ကိုကို့အား အပြစ်တင်စကား ပြောချင်နေသော်လည်း ကိုကို၏မျက်ရည်များကြောင့် သူ့ကိုယ်သူ မျိုသိပ်ထားရဟန်တူလေသည်။ ဟိုးငယ်စဉ် ကလေးဘဝကတည်းက ကိုကိုငိုလျှင် “မငိုပါနဲ့ ကိုကိုရာ” ဟု ပြောလေ့ရှိသော ခင်ဦးသည် ဒီတခါတော့ ကိုကို့အား မငိုပါနဲ့ဟု မပြောတော့ချေ။
“အဖေ့ခမျာ ညည အိပ်မပျော်နိုင်ရှာဘူး၊ ထလိုက် ထိုင်လိုက် ဆေးလိပ်ကလေးဖွာပြီး နေလိုက်နဲ့”
“ ဒါတောင် ကိုကိုက ဘဘကို ထပြီးမကန်တော့ဘူးလား၊ မတောင်းပန်ဘူးလား... ဟင်”
“စိတ်ထဲကတော့ အခါတရာမက တောင်းပန်နေပါတယ်ခင်ဦးရယ်”
“ကိုကို ပါးစပ်ကနေပြီးတော့ မတောင်းပန်ခဲ့ဘူး မဟုတ်လား၊ ဘဘကို မျက်နှာချင်းမဆိုင်ဘူး မဟုတ်လား၊ ဘဘ ဆေးလိပ်ထဖွာနေယင် ကိုကိုက အိပ်ချင်ယောင်ဆောင်နေတယ် မဟုတ်လား”
ကိုကို၏အကြောင်းကို အူမချေးခါးမကျန် သိသော ခင်ဦးက ကရုဏာဒေါသနှင့် ပြောလေသည်။ စိတ်ထိခိုက်တုန်လှုပ်မှုနှင့် မှိုင်း၍နေသော ခင်ဦး၏မျက်လုံးညိုညိုလေးများကို ရင်မဆိုင်ရဲသောကြောင့် ကိုကို ခေါင်းငုံ့၍ ထားမိသည်။ မျက်ရည်စက်များက သူ၏လက်ဖမိုးပေါ်သို့ တပေါက်ပေါက် ခုန်ဆင်းလာသည်။ ခင်ဦးက သူ့ဘေး လာထိုင်ကာ "ငိုမနေပါနဲ့တော့ ကိုကိုရယ်” ဟု ဖြေသိမ့်စကားများ ပြောလေမလားဟု မျှော်လင့်မိသည်။ သို့သော် ခင်ဦးက သူ ပြောစေချင်သလို မပြော။
“ဘဘအကြောင်း စဉ်းစားမိတိုင်း ကိုကို အမြဲမျက်ရည်ကျနေရတော့မှာပဲ”
“ငါ မှားပါတယ် ခင်ဦးရယ်”
“မှားတာမှ သိပ်မှားတာပေါ့ ”
ခင်ဦးက မညှာမတာ ပြောသည်။ ဖြူဖပ်ဖြူရော်ဖြစ်နေသော ကိုကို့အား အတန်ကြာအောင် ကြည့်နေပြီးမှ ပင့်သက်ကလေး ရှိုက်သည်။
“ကိုကိုသာ ခင်ဦးရဲ့မောင်ကလေးဆိုယင် ခင်ဦး ရိုက်တယ်သိလား.. စပ်စပ်လေး ရိုက်ပစ်လိုက်ချင်တယ်”
“ခုလဲ ရိုက်ချင်ယင် ရိုက်ပစ်လိုက်စမ်းပါဟာ... အသုံးမကျတဲ့အကောင်ကို ရိုက်ချင်ယင် ရိုက်ပစ်လိုက်စမ်းပါ”
ကိုကိုသည် ခင်ဦး၏လက်များကို ဖမ်းဆွဲကာ တုန်တုန်ခိုက်ခိုက် ပြောမိသည်။ သူ့ကို တလောကလုံးက အထင်သေး အပြစ်တင်နေသလို စိတ်အားငယ်နေသည်။ ပင်ပင်ပန်းပန်း အလုပ်လုပ်ထားရသူလို မောပန်းနွမ်းနယ်နေသည်။
“ကိုကို့စိတ်ထဲမှာ သိပ်ပြီးအားငယ်တာပဲ ခင်ဦးရယ်.. ။ မနေ့တုန်းကဆိုယင် တညလုံး အိပ်မပျော်ဘူး၊ အဖေ့ကို မြင်ယောင်နေတယ်။ ဆေးလိပ်မီးလေး တရဲရဲနဲ့ ကိုကို့အနားမှာ လာထိုင်နေသလိုပဲ။ “ အဖေ ခွင့်လွတ်ပါတယ် သားရယ်” လို့ပြောနေသလိုပဲ။ ခင်ဦးရယ် ... ကိုကို့ကို ရိုက်ချင်ရိုက်၊ ထုချင်ထုလိုက်စမ်းပါ။ အထင်တော့ မသေးလိုက်ပါနဲ့၊ မုန်းတော့ မမုန်းလိုက်ပါနဲ့နော် ခင်ဦး၊ ကိုကို့ကို အားပေးပါအုံး”
ခင်ဦးသည် ကိုကို့အား အတန်ကြာအောင် ကြည့်နေပြီးမှ မျက်နှာလေးက တဖြည်းဖြည်း ပျော့လာသည်။ မလိမ္မာသော မောင်လေးတဦးအား ဆုံးမနေသော အစ်မကြီးတဦးလို သူ့အသွင်က တည်ငြိမ်လာသည်။
“ကိုကိုရယ် ... ဘာဖြစ်လို့ ဒီလောက်တောင် အားငယ်နေရတာလဲ ဟင်”
“ကိုကို မသိဘူး”
“တခါတလေတော့လဲ မထင်မှတ်ပဲ၊ မကြံရွယ်ပဲ အခြေအနေအရ ရုတ်တရက် မှားမိတတ်တာလေးတွေ ရှိတာပေါ့ ကိုကိုရာ၊ စဉ်းစားမနေပါနဲ့တော့၊ ကိုကို အခုလိုဖြစ်နေတာကို ဘဘ သိနိုင်ယင်လဲ စိတ်ကောင်းမှာ မဟုတ်ဘူး”
ခင်ဦးက ဖြေသိမ့်စကားပြောသောအခါမှ ကိုကို ပို၍ ဝမ်းနည်းလာသည်။ ခင်ဦး၏ရှေ့တွင် ကိုကိုငိုရမှာ မရှက်၊ ငယ်စဉ်ကတည်းက ခင်ဦးနှင့် ညီညီတို့နှစ်ဦးရှေ့တွင် အခါခါ ငိုတတ်ခဲ့ဖူးပြီမို့ ကိုကို့အား သူတို့နှစ်ဦးက “မျက်ရည်အိုးကြီး” ဟုပင် နောက်ပြောင် ခေါ်ခဲ့ကြသေးသည်။
“ကဲပါ.. ကိုကိုရယ်... ငယ်ငယ်တုန်းကလို မျက်ရည်အိုးကြီး လုပ်မနေပါနဲ့တော့။ ပြီးတာလဲ ပြီးပါပြီ၊ စဉ်းစားမနေနဲ့တော့။ ကိုကိုငိုနေလို့လဲ ဘဘက ကြားမှာမဟုတ်၊ ပြန်ရှင်လာမှာလဲမဟုတ်”
ကိုကို၏လက်မောင်းများကို ခင်ဦးက အားပေးသလို ဆုပ်ကိုင်လိုက်ယင်း ခပ်တိုးတိုး ပြောသည်။ ခင်ဦး၏လက်ကလေးများက ပူနွေးနူးညံ့နေသည်။ ထိုလက်ချောင်းလေးများမှတဆင့် ဘဝကို ရင်ဆိုင်ရဲသော သတ္တိသွေးများ သူ့ကိုယ်ထဲ စီးဝင်လာသလို ကိုကို ခံစားရသည်။ နွမ်းလျမောပန်းနေရာမှ ရုတ်တရက် အင်အားတွေပြည့်လာသလို ထင်ရသည်။ သူ၏မသိစိတ်က ညီညီနှင့် ခင်ဦးကို ဘာကြောင့်များ ဒီလောက် အားကိုးတွယ်တာမိလေသနည်း မပြောတတ်ပေ။
အပိုင်း(၉)ဆက်ရန်
-----------------
0 Comments