#သုခမြို့တော်
အပိုင်း(၁၇)
ပြည့်တန်ဆာခေါင်းဆောင်သည် ပြည့်တန်ဆာမအပေါင်းတို့ကို အုပ်စိုးသကဲ့သို့ သူသည်လည်း သူ၏ရာပေါင်းများစွာသော လန်ချားတို့ကို အုပ်စိုးသည်။ သူ့ကို မည်သူမျှ မမြင်ဖူးကြ။ သို့ရာတွင် လန်ချားသမား ကိုယ်စားလှယ်များနှင့် ပုလိပ်များသည် လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်လုံးလုံး သူ၏တန်ခိုးသြဇာအောက်တွင် နေလာခဲ့ကြရသည်။ ထိုသူကား အခြားမဟုတ်၊ ကာလကတ္တားမြို့ရှိ လန်ချားအပေါင်းတို့၏အရှင်သခင် လန်ချားသူဌေးကြီး ဗိပင်နာရိန္ဒရာဖြစ်သတည်း။
သူ၏ အုပ်ချုပ်မှုအောက်တွင် လန်ချားဘယ်နှစ်စီးရှိသည်ကို မည်သူမျှ မသိကြ။ ကောလာဟာလများအရဆိုလျှင် သူ့ကိုယ်ပိုင် လန်ချားအစီး လေးရာရှိပြီး တစ်ဝက်ကျော်ကျော်တို့မှာ နံပါတ်မရှိ လိုင်စင်မရှိဘဲ တရားမဝင် ပြေးဆွဲနေ
သော လန်ချားများဖြစ်သည်ဟု ဆိုကြသည်။ သို့တိုင်အောင် ကာလီနတ်သမီး၏ ဝတ်ကျောင်းအဆင်းတွင် တွေ့လျှင်မူ သူ့ကို သူတောင်းစား ထင်ကာ တစ်ပြားတစ်ချပ် စွန့်ကြဲမိကောင်း စွန့်ကြဲမိပေလိမ့်မည်။
သူ့ကိုယ်ပေါ်တွင် ဝတ်ထားသည့် ဘောင်းဘီက ပွယောင်းယောင်း၊ ဖိနပ်က နောက်မြီးတိုနေလေပြီ။ အပေါ်ပိုင်းတွင် ဝတ်ထားသည့် ရှပ်အင်္ကျီကလည်း အစွန်းအထင်းတွေနှင့်၊ ခြေတစ်ဖက်ဆာနေသဖြင့် ချိုင်းထောက်ကြီးကလည်း ပါလိုက်သေးသည်။ ထိုအဆင်အပြင်မျိုးဖြင့်ရှိသော နာရိန္ဒရာသည် လန်ချားသူဌေးနှင့် မတူဘဲ သူတောင်းစားတစ်ယောက်နှင့် တူနေသည်။ သူ၏ခေါင်းပြောင်ကြီးပေါ်တွင် အမြဲဆောင်းထားသည့် ကြက်လျှာစွန်း ဦးထုပ်ကလေးသာလျှင် သားသားနားနားရှိသည်။ သူ့အသက်ကို မည်သူမျှ မသိကြ။ သူကိုယ်တိုင်ပင်လျှင် တိတိကျကျ မပြောနိုင်။ နှစ်နှစ်, သုံးနှစ် ခွာပြီး ခန့်မှန်းခြေလောက်ကိုသာ ပြောနိုင်သည်။ အချို့ကလည်း သူ့အသက်သည် ကိုးဆယ်တွင်းသို့ ရောက်နေပြီဟု ပြောကြ၏။
သူ့တစ်သက်တွင် အရက်ဆို၍ တစ်စက်ကလေးကိုမျှ မသောက်စား၊ ဆေးလိပ်ဆို၍ တစ်ဖာမျှ မရှူစဖူး။ အသားဆို၍ တစ်ဖဲ့ကိုမျှ မစားစဖူး။ လန်ချားဆွဲသဖြင့် လူပေါင်းများစွာ သေဆုံးခဲ့ကြပြီး သူ ကျိကျိတက် ချမ်းသာလာခဲ့သည့်တိုင် လန်ချားလှည်းသန်ကြားထဲသို့ သူ တစ်ခါမှ မရောက်စဖူး။
ပြန်တွေးလိုက်လျှင် သူ့ဇာတိ ဘီဟာနယ်မှ ကာလကတ္တားသို့လာ၍ အလုပ်လုပ်ရသည့်အချိန်ကို ကောင်းကောင်းမှတ်မိသည်။
“အဲဒီတုန်းက ဥရောပတိုက်မှာ စစ်ကြီးဖြစ်နေတုန်းပေါ့၊ ကာလကတ္တားတစ်မြို့လုံးမှာလဲ စစ်သားတွေချည်းပဲ၊ တစ်နေ့တစ်နေ့ သင်္ဘောကြီးတွေနဲ့ ထွက်သွားတာကလဲ မနည်းဘူး။ မိုင်ဒန်ကွင်းထဲမှာ စစ်ရေးပြ အခမ်းအနားတွေလုပ်၊ ဘင်ခရာတွေ တီးလို့ တယ်ပျော်စရာကောင်းတာကိုး။ ကျုပ်မိဘတွေကတော့ မြေမဲ့ယာမဲ့ လယ်သမားတွေပါ၊ လယ်ကူလီတွေဆိုပါတော့ဗျာ။ ကျုပ်အဖေနဲ့ အစ်ကိုတွေက မြေပိုင်ရှင်ဆီမှာ စာရင်းငှားလုပ်ကြရတယ်။ ဒါပေမယ့် တစ်နှစ်မှာ လုပ်ချိန်က နည်းနည်းကလေးပါ၊ မသေရုံလောက် စားရတာပါ”
နာရိန္ဒရာက သူ့အကြောင်းကို ပြန်ပြောတတ်သည်။
နာရိန္ဒရာသည် သူတို့ရွာမှ ဘတ်စ်ကားတစ်စီးတွင် စပယ်ယာနောက်လိုက် လုပ်သည်။ သူ့အလုပ်မှာ ကားရပ်သည့်အခါတွင် ခရီးသည်များ အဆင်းအတက် လုပ်ရန် ကားတံခါးဖွင့်ပေးခြင်း၊ ပစ္စည်းတို့ကို ကူညီတင်ချပေးခြင်းဖြစ်သည်။ သူ့အပြင် စပယ်ယာတစ်ယောက်လည်း ရှိသေးသည်။ စပယ်ယာက ခရီးလမ်းပန်းကိုလိုက်၍ ကျသင့်သည့် ကားခကို တောင်းရသည်။ ကားရပ်ရန်၊ ကားထွက်ရန်အတွက် ခေါင်းလောင်းကြိုးကလေးကို ဆွဲရသည်။
“အဲဒီတုန်းက စပယ်ယာကို အားကျလိုက်တာ မပြောပါနဲ့တော့၊ ပိုက်ဆံသိမ်းတော့လဲ သူပဲသိမ်းရတာကိုး၊ အပိုကလေး ဘာလေးရရင် သူနဲ့ဒရိုင်ဘာ ခွဲဝေယူကြရသေးတယ်။ လမ်းမှာ ကားတစ်စီးနဲ့တစ်စီး လုပြီး အပိုတင်လို့ရတာတွေလဲရှိသေးတယ်”
သုံးနှစ်ကြာသည့်အခါတွင် သူတို့ကားပိုင်ရှင်သည် နောက်ထပ် ဘတ်စ်ကားတစ်စီး ထောင်ပြန်သည်။ ထိုကားတွင် နာရိန္ဒရာသည် စပယ်ယာရာထူးကို ရခဲ့၏။ ကာလကတ္တားမြို့ထဲတွင် ဘတ်စ်ကားဖြင့် ခေါက်တုံ့ခေါက်ပြန် ပြေးရသည်မှာ မိုင်ပေါင်း မရေတွက်နိုင်တော့။ သို့ရာတွင် ထိုစဉ်က ကာလကတ္တားသည် ယခုကဲ့သို့ မဟုတ်သေး။ လူတွေကလည်း သည်လောက် မများသေး။ လမ်းတွေကလည်း သန့်ရှင်းကာ ကောင်းမွန်စွာ ထိန်းသိမ်းပြုပြင်ထားသည့် လမ်းများဖြစ်သည်။
“အင်္ဂလိပ်တွေက သိပ်ပြီး စည်းကမ်းရှိတာ၊ အလုပ်မလုပ်ဘဲ အချောင်စားတဲ့လူရယ်လို့ မရှိဘူး” ဟု ပြောတတ်သည်။
လန်ချားသည် စ၍ပေါ်ပေါက်ကတည်းက လူသုံးများခဲ့သည်။ တက္ကစီနှင့် မြင်းရထားတို့ထက် ဈေးပေါသောကြောင့်ဖြစ်သည်။ ၁၉၂၀ ခုနှစ် တစ်နေ့တွင်မူ နာရိန္ဒရာသည် ကိုယ်ပိုင် လန်ချားနှစ်စီး ဝယ်ထောင်သည်။ အသစ်တစ်စီး လျှင် နှစ်ရာလောက်သာ ပေါက်ဈေးရှိ၏။ သို့ရာတွင် နာရိန္ဒရာသည် အသစ်ကို မဝယ်။ အဟောင်းနှစ်စီးကို ငါးဆယ်ဖြင့် ဝယ်လိုက်သည်။ ထိုလန်ချားနှစ်စီးကို သူတို့ရွာမှ ကာလကတ္တားသို့ ပြေးလာသည့် ရွာသားနှစ်ယောက်ကို အဆွဲ ခိုင်းသည်။ ထို့နောက် နာရိန္ဒရာသည် သူ့သူဌေးထံမှ ငွေတစ်ထောင့်ခြောက်ရာ ချေးကာ ဂျပန်လုပ် အသစ်စက်စက် လန်ချားရှစ်စီး ဝယ်သည်။ ထိုအချိန်မှစ၍ နာရိန္ဒရာ စီးပွားဖြစ်လေပြီ။
နောက်နှစ် အနည်းငယ်အကြာ၌ ယခင်က “ဘီဟာနယ်သား” ဟု ခေါ်ကြသော နာရိန္ဒရာသည် လန်ချားအစီးသုံးဆယ် ပိုင်လာခဲ့သည်။ နေ့စဉ် လန်ချားငှားရသောငွေကို စုလာခဲ့ပြီးနောက် ကာလကတ္တားတောင်ပိုင်းရှိ ဘာလီဂန်ဂျီရပ်တွင် မြေတစ်ကွက်ဝယ်သည်။ ထိုမြေပေါ်တွင် အိမ်တစ်လုံးဆောက်သည်။ ဘာလီဂန်ဂျီသည် မူဆလင်နှင့် ဟိန္ဒူအလုပ်သမားများ နေသည့် ဆင်းရဲသားရပ်ကွက်တစ်ခုဖြစ်သည်။ မြေဈေးကလည်း ချိုသည်။ ထိုအတောအတွင်း နာရိန္ဒရာသည် အိမ်ထောင်ပြုသည်။ သူ့ဇနီးတွင် ကလေးတစ်ယောက် ကိုယ်ဝန်ရှိတိုင်း အိမ်ကို နောက်ထပ် အခန်းတစ်ခန်း တိုးချဲ့သည်။ ယခုအချိန်တွင်မူ နာရိန္ဒရာ၏အိမ်ကြီးသည် လေးထပ်တိုက်ကြီးဖြစ်နေပြီး ထိုရပ်ကွက်ထဲတွင် အကြီးဆုံး၊ အမြင့်ဆုံးအိမ်ကြီးတစ်အိမ်ဖြစ်နေလေပြီ။ သူ့တွင် သားသုံးယောက်၊ သမီးခြောက်ယောက်နှင့် သားသမီး စုစုပေါင်း ကိုးယောက်ရှိခဲ့လေပြီ။
နာရိန္ဒရာသည် အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်၏။ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်လုံးလုံး သူသည် မနက်ငါးနာရီ အိပ်ရာမှထသည်။ ဘိုင်စကယ်ကလေးကို စီးကာ လန်ချားဆိပ်သို့လာပြီး သူ့လန်ချား ငှားခများကို ကောက်သည်။
“ကျုပ်က စာလဲ မရေးတတ်ဘူး၊ ဖတ်လဲ မဖတ်တတ်ဘူး။ ဒါပေမယ့် ဂဏန်းတော့ ပေါင်းတတ်တယ်။ ကျုပ်ရစရာရှိတဲ့ ပိုက်ဆံကို တစ်ပြားမှ မမှားဖူးဘူး” ဟု သူ ဂုဏ်ယူစွာ ပြောတတ်သည်။
သူ့သားတွေ အရွယ်ရောက်လာသည့်အခါတွင် နာရိန္ဒရာသည် လုပ်ငန်းကို တိုးချဲ့သည်။ သားအကြီးကို သူနှင့်အတူခေါ်ပြီး လန်ချားလုပ်ငန်းတွင် လုပ်ခိုင်းသည်။ ယခုအချိန်၌ လန်ချားအစီးပေါင်း သုံးရာကျော်နေလေပြီ။ ဒုတိယသားကို မီးရထားဌာနသို့ သွင်းရန်အတွက် မူလီလုပ်သည့် အလုပ်ရုံတစ်ခု ထောင်ပေးသည်။ တတိယသားကို ဘတ်စ်ကားထောင်ပေးကာ ဒါလဟိုဇီပန်းခြံမှ မြို့စွန် ဂါရီယားရပ်ကွက်သို့ ပြေးသည့်လိုင်းတွင် သွင်းပေးထားသည်။ ထိုဘတ်စ်ကားလိုင်းမှာ အလွန်လူစီးများ၍ ဝင်ငွေကောင်းသည့်အတွက် ထိုလိုင်းကိုရရန် မြူနီစပယ်မှ ဘာဘူတစ်ယောက်ကို လာဘ်ကောင်းကောင်းထိုးခဲ့ရသည်။
သမီးခြောက်ယောက်ကိုလည်း အိမ်ထောင်ချပေးခဲ့ပြီးပြီ။ သူတို့ရသည့် အိမ်ထောင်များကလည်း ဟန်ကျပန်ကျတွေချည်းဖြစ်သည်။ နာရိန္ဒရာသည် သားသမီး ကံကောင်းသည်ဟု ဆိုရမည်။ သမီးအကြီးမှာ ဒုတိယ ဗိုလ်မှူးကြီးကတော်၊ ဒုတိယသမီးမှာ ရေတပ်ဗိုလ်မှူးကတော်၊ နောက်နှစ်ယောက်မှာ လုပ်ငန်းပိုင်ရှင်ကြီးများ၏ဇနီး၊ နောက်တစ်ယောက်မှာ မြေပိုင်ရှင်တစ်ဦး၏ဇနီးဖြစ်ပြီး၊ အငယ်ဆုံးသမီးမှာ ဘင်္ဂလားပြည်နယ် အစိုးရထံတွင် လုပ်နေသည့်အင်ဂျင်နီယာကတော်ဖြစ်နေသည်။ ချုပ်၍ပြောရလျှင် ဘီဟာနယ်မှ လက်ချည်းသက်သက် လာခဲ့သည့် လယ်ကူလီတစ်ယောက်၏သားသမီးများသည် “အကောင်” တွေချည်းဖြစ်နေပြီဟု ဆိုရလိမ့်မည်။ သို့ရာတွင် ဘဝဆည်းဆာရောက်လာသည့်အချိန်တွင်မူ နာရိန္ဒရာသည် ငယ်ငယ်တုန်းကလို ထက်သန်မှုတို့ မရှိတော့။
“အရောင်းအဝယ် လုပ်ငန်းကလဲ အရင်ကလို လုပ်လို့မကောင်းတော့ပါဘူးဗျာ၊ ခုခေတ်မှာ ပိုက်ဆံရှာရတာက ကျီးလန့်စာ စားနေရသလိုပါ။ ပိုက်ဆံရှာတာ၊ အောင်မြင်တာ၊ စီးပွားဖြစ်တာတွေဟာ ရာဇဝတ်မှုဖြစ်နေပြီ။ တက်လာတဲ့ အစိုးရတွေကလဲ ချမ်းသာတဲ့လူတွေကိုပဲ မျက်စောင်းထိုးနေပြီး ချမ်းသာတဲ့လူဆိုရင် သိပ်သဘောမကျချင်ကြဘူး။ လူမွဲပြောင်၊ လူပြောင်မွဲ ဆိုတာ ဒီခေတ်မျိုးပေါ့။ တခြားမကြည့်နဲ့၊ ကျုပ်တို့ဘင်္ဂလားနယ်ကိုပဲကြည့်လေ၊ လွှတ်တော်ထဲမှာ ကွန်မြူနစ်တွေ အာဏာရလာတော့ ပုဂ္ဂလိကပစ္စည်းတွေနဲ့ပတ်သက်လို့ ကန့်သတ်ဥပဒေတွေ ဘာတွေ ထုတ်တယ်။ လန်ချားပိုင်ရှင်ဆိုရင်လဲ ဆယ်စီးထက်ပိုပြီး မပိုင်ရဘူးတဲ့။ ကြည့်ပါဦးဗျာ၊ လန်ချားကလေး ဆယ်စီး ပိုင်ရုံနဲ့ ဘယ့်နှယ်လုပ်ပြီး ထမင်းစားလောက်မှာလဲ။ လန်ချားတွေကို ပြင်ရသေးတယ်၊ တိုက်မှုတို့ ဘာတို့ဖြစ်ရင် လျော်ကြေးပေးရတာတွေ ရှိသေးတယ်။ ဒီတော့ ကိုယ်လဲ ကိုယ့်စီးပွားရေးကို ကိုယ်ပြန်ကြည့်ရတာပေါ့။ ဒီတော့ ကျုပ်
ဘာလုပ်သလဲ၊ လယ်ပိုင်ရှင်တွေလိုလုပ်တယ်၊ လယ်ပိုင်ရှင်တွေမှာ တစ်ယောက်ကို ဧကလေးဆယ်ထက်ပိုပြီး မပိုင်ရဘူးလို့ ပြဋ္ဌာန်းလိုက်တော့ ဆွေမျိုးသားချင်းတွေ နာမည်နဲ့ ဦးပိုင်ပြောင်းလျှောက်ကြသလိုပေါ့၊ ကျုပ်လဲ လူတစ်ယောက်ကို လန်ချားဆယ်စီးထက်ပိုပြီး မပိုင်ရဘူးလို့ဆိုတော့ ကျုပ်သားသမီးကိုးယောက် နာမည်၊ မြေးနှစ်ဆယ့်နှစ်ယောက် နာမည်နဲ့ ပြောင်းထားရတော့တာပေါ့။ ကျန်တာတွေကိုလဲ ကျုပ်တူတွေနာမည်တွေနဲ့ ထားရတာပေါ့။ ဒီတော့ တရားဝင်ကြည့်လိုက်ရင် ကျုပ်လန်ချား သုံးရာလေးဆယ့်ခြောက်စီးဟာ ပိုင်ရှင် သုံးဆယ့်ငါးယောက်နာမည်နဲ့ စာရင်းပေါက်နေတာပေါ့”
စင်စစ်တွင်မူ ထိုလန်ချားတပ်ကြီး တစ်တပ်လုံးသည် နာရိန္ဒရာ၏ပစ္စည်းများသာဖြစ်၏။
လန်ချားသူဌေးကြီး နာရိန္ဒရာ၏မျက်နှာကို လန်ချားသမားတိုင်း မြင်ဖူးကြသည်မဟုတ်။ အချို့ကဆိုလျှင် လူကို မြင်ဖူးသည့်တိုင် သူမှန်းမသိကြ။ သူကိုယ်တိုင် လန်ချားငှားခတို့ကို လိုက်၍ မတောင်းသည်မှာ ဆယ်နှစ်လောက်ရှိပြီ။
“ခုတော့ ကျုပ်လဲ အဘိုးအိုကြီးဖြစ်ပြီလေ၊ တောင်ဝှေးကိုင်နေရပြီ။ သေခါနီးမှာ ဒါတွေ သိပ်မလုပ်ချင်တော့ဘူး။ အေးအေးဆေးဆေးပဲ နေချင်တော့တယ်။ ဒါပေမယ့် ကျုပ်လိပ်ပြာသန့်ပါတယ်။ ကျုပ် လန်ချားသမားတွေအပေါ်မှာ တစ်သက်လုံး ကြင်ကြင်နာနာ သဘောထားကြီးကြီး ဆက်ဆံခဲ့တာချည်းပဲ။ တကယ်လို့ လန်ချားသမားတစ်ယောက် လန်ချားငှားခပေးစရာမရှိဘူး ဆိုရင် တစ်ရက်နှစ်ရက်ကို အကြွေးထားလိုက်တာချည်းပဲ။ ဒါပေမယ့် ထုံးစံအတိုင်း အတိုးကလေး ဘာလေးတော့ ယူတာပေါ့ဗျာ။ အတိုးဆိုပေမယ့် သိပ်မများပါဘူး။ အတိုးက တစ်နေ့ကို နှစ်ဆယ့်ငါး ရာခိုင်နှုန်းပဲရှိပါတယ်။
တကယ်လို့ လန်ချားသမားတစ်ယောက်ယောက် နေထိုင်မကောင်းဖြစ်တယ်၊ တိုက်မှုတို့ ဘာတို့ဖြစ်လို့ ဒဏ်ရာရတယ်ဆိုရင်လဲ ကျုပ်ပဲ ငွေကြိုတင်စိုက်ထုတ်ပြီး သူ့ကို ဆေးရုံတို့ ဘာတို့ ပို့၊ ဆေးဖိုးဝါးခတို့ ဘာတို့ကို ထုတ်ပေးရတာပဲမဟုတ်လား။ ပြန်ကျန်းမာလာလို့ လန်ချားပြန်ဆွဲတဲ့အခါကျတော့ သူ့ကို ငှားတဲ့ လန်ချားငှားခကို ပိုတင်ရတာပေါ့။ ဒါမှ ကျုပ်ကြိုတင်စိုက်ထားရတဲ့ကြွေး ကျေမှာကိုး။ ခုတော့ ဒါတွေကို ကျုပ်ကိုယ်တိုင် မကြည့်တော့ပါဘူး။ ကျုပ်ကိုယ်စားလှယ်ကပဲ ကြည့်ပါတော့တယ်။
ခုခေတ်မှာ လန်ချားသမားတွေကလည်း အရင်ကလို လူရိုးလူကောင်းရယ်လို့ သိပ်မရှိတော့ဘူးလေ၊ ပိုင်ရှင်ဆီက အခွင့်အရေးတောင်းဖို့လောက်ပဲ နားလည်ကြတော့တယ်။ ပြီးတော့ သူတို့ ကိုယ်ပိုင်လန်ချား ထောင်ချင်ကြသတဲ့။ ဒါကြောင့် သူတို့မှာ လန်ချားသမဂ္ဂ ဆိုလား ဘာလား ဖွဲ့ထားတယ် ထင်ပါရဲ့။ တစ်ခါတလေလဲ တောင်းဆိုချက် မရရင် သပိတ်မှောက်တတ်သေးတယ်။ အင်း... လောကကြီးက ဇောက်ထိုးပြောင်းပြန် ဖြစ်နေပြီကိုး။ ဒီတော့ ကျုပ်မှာလဲ ကိုယ့်အခွင့်အရေးကို ကာကွယ်ဖို့အတွက် အသင်းအပင်းတို့ ဘာတို့ ဖွဲ့ရတော့တာပေါ့။ ကျုပ်တို့မှာ ဘင်္ဂလားနယ်လုံးဆိုင်ရာ လန်ချားပိုင်ရှင်များအသင်းဆိုပြီး ဖွဲ့ထားတယ်။ ပြီးတော့ ကျုပ်တို့အခွင့်အရေးတွေကို ကာကွယ်ဖို့ လူမိုက်တို့ ဘာတို့ကိုလဲ မွေးထားရတယ်။ ဒီပြင်နည်းလမ်း မရှိတော့ဘူးလေ။
အစိုးရကလဲ အားအားရှိရင် လန်ချားသမားတွေကို မြှောက်ပေးပြီး ကျုပ်တို့ကို အတိုက်ခိုင်းနေတာကိုး။ သူတို့ကတော့ လူတန်းစားတိုက်ပွဲတဲ့လေ။ ပြီးတော့ သူတို့ခေါင်းဆောင်တွေကလဲ လန်ချားကို ပိတ်ချင်နေကြတယ်။ လန်ချားဆွဲတာဟာ လူလူချင်း သွေးစုပ်တာတဲ့၊ လူ့ဂုဏ်သိက္ခာကို စော်ကားတာတဲ့၊ လူတွေကို မြင်းလို နွားလို ခိုင်းတာတဲ့။ အလကားဟာတွေပါဗျာ၊ အော်စမ်းပါစေ။ သူတို့ပြောတဲ့ လူ့ဂုဏ်သိက္ခာတို့ ဘာတို့ ဆိုတာတွေအကြောင်းကို ပါးစပ်က အမြှုပ်ထွက်အောင် ပြောစမ်းပါစေ၊ သူတို့ လျှာထွက်သေရုံပေါ့။ ဘယ့်နှယ်ဗျာ၊ ကာလကတ္တားမြို့ကြီးမှာ လန်ချားကို ပိတ်လိုက်ရင် လူပေါင်း တစ်သိန်းလောက်ကို သူတို့ ဘယ့်နှယ်လုပ်ပြီး အလုပ်ပေးမှာလဲ၊ ဒီလူတစ်သိန်း အလုပ်လက်မဲ့ ဖြစ်သွားရင် လူကိုးသိန်းလောက် ထိုင်ငတ်ကြတော့မှာကိုတော့ သူတို့ မကြည့်ဘူး၊ ဒါဟာ သာမန်စဉ်းစားဉာဏ်နဲ့ စဉ်းစားလိုက်ရင် ရပါတယ်။ တစ်ခုတော့ရှိတယ်လေ၊ နိုင်ငံရေးနဲ့ သာမန်စဉ်းစားဥာဏ်ဟာ နွားမတစ်ကောင်တည်းရဲ့ နို့အုံမှမဟုတ်ဘဲကိုး။ ဒီတော့ ကျုပ်တို့လဲ ရတုန်းမှာ တတ်နိုင်သလောက် စီးပွားရှာရတာပဲ”
ညနေမိုးချုပ်၍ သူ့ကိုယ်စားလှယ်က တစ်နေ့တာ လန်ချားငှားခကို သိမ်းလာသည်နှင့် လောကကြီးသည် ဘာမှပြောင်းလဲခြင်း မရှိသေးကြောင်း နာရိန္ဒရာသိရသည်။ နာရိန္ဒရာသည် ဘဝဆည်းဆာချိန်သို့ ရောက်နေသည့်တိုင် သူ့ကိုယ်စားလှယ်၏ ရှပ်အင်္ကျီအိတ်ထဲတွင် ပိုက်ဆံတွေ ဖောင်းပြည့်လာသည်ကို မြင်ရလျှင် ကျေနပ်သည်။
“နိဗ္ဗာန်ဆိုတာ ချမ်းသာသုခကို ရတဲ့နေရာတဲ့၊ ရှေးက အရိယာပုဂ္ဂိုလ်တွေ ပြောဖူးတယ်။ ကျုပ်အဖို့တော့ အခု အသက်ကိုးဆယ်ကျော်မှာ ညနေ မိုးချုပ်လို့ ကာလကတ္တားမြို့ လမ်းမကြီးတွေပေါ်မှာ ပြေးလွှားနေတဲ့ ကျုပ်လန်ချား သုံးရာ လေးဆယ့်ခြောက်စီးက ရလာတဲ့ ငွေဒင်္ဂါးတွေကို ရေနိုင်နေသေးရင် သုခဘုံပဲဗျ”
အပိုင်း(၁၈) ဆက်ရန်
----------------------
0 Comments