ဝတ္ထုတို အမည် - သင်္ကြန်ရူးနှင့်နှစ်ဦးအမွန်
စာရေးသူ - ဝင်းဝင်းလတ်
Short Story
-------------------------------------------------
သင်္ကြန်ရူးနှင့်နှစ်ဦးအမွန်
#ဝင်းဝင်းလတ်
သွေးလှူဘဏ်ကို လှမ်းမြင်ရလျှင် အောင်ဇေ လေချွန်သံတစ်ချက်ပြုလိုက်မိတော့ပေ၏။ သွေးလှူဘဏ်ဝန်းကျင်တွင် နည်းတဲ့လူအုပ်ကြီးလား။သွေးလှူဘဏ်ရှေ့ မဏ္ဍပ်ထဲက ခုံတန်းလျားများတွင် လူအပြည့်ရှိနေရုံမက နေပူကျဲကျဲအောက်သို့ပါ လူတွေ အနှံ့အပြားဖိတ်စဉ်ကျရောက်လို့ နေတော့သည်ကိုပင်။
သည်မျှ လူစုလူဝေးကြီးကို မြင်တွေ့ရဖို့ သူမျှော်လင့်မထားမိခဲ့ပေ။အောင်ဇေ တအံ့တဩ ရှိမိရချေသည်။ တန်ခူးလနေက ကျည်ကျည်လောင်လောင် အပူပြင်းပြနေဆဲ။ နေ့လယ် ၁၁ နာရီ အပူရှိန်ပြင်းပြင်းအောက်တွင် လူအုပ်ကြီးက ဇွဲနပဲဖြင့် စုရုံးစောင့်စားနှင့်နေကြသည်။ သူတို့တစ်တွေရဲ့ စိတ်အားထက်သန်သော မျက်နှာသွင်ပြင်များကို မြင်တွေ့ရတော့ အောင်ဇေရင်တွင် နွေးထွေးသော ခံစားလာမိရသည်လေ။ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ အများစုကတော့ ငယ်ရွယ်ကျန်းမာသန်စွမ်းကြသူတွေပဲပေါ့။
သွေးလှူဘဏ်နှင့် သူနာပြုဆရာမများအဆောင်ကြားမှ ဖြတ်သန်းသွားသော အမိုးနှင့် ကော်ရစ်ဒါလေးတစ်လျှောက်တွင်လည်း လူတွေ ရပ်လျက်တချို့၊ ထိုင်လျက်တစ်သွယ်။ စောင့်ဆိုင်းရန် နေရာအဖြစ် အမိုးအောက်တွင် ခုံတန်းလျားများ စီစီရီရီချထားပေမယ့် ထိုနေရာများတွင်လည်း လူအပြည့်ဖြစ်လေ၏။ နေရာမရသူတွေကတော့ အမိုးအောက်မှာ တိုးလျှိုးရပ်လို့တချို့ ၊တချို့ကတော့ ပြင်ပနေပူပူထဲမှာ။ အရိပ်အောက်ဆိုပေမယ့် အမိုးက မမြင့်လှ၊ တာလပတ်ဖျင် အစိမ်းစကို လွှမ်းမိုးထားသည်မို့ သည်မျှလူစုလူဝေးကြီးနှင့်စာလိုက်တော့ လှောင်ပိတ်ချင်နေရပေ၏။ အမိုးအောက်ကလူတွေရော၊ အမိုးပြင်ပ နေပူထဲကလူတွေပါ ချွေးတွေဒီးဒီး သွယ်စီးကျနေသည်မှာတော့အတူတူပါပဲ။ သို့ပေမယ့် ဘယ်သူ့တွင်မှ စောင့်ဆိုင်းရသည်ကို ငြိုငြင်ရိပ်မမြင်ရတာ ထူးခြားနေတော့သည်ပဲ။
အောင်ဇေသည် တန်းစီစောင့်ဆိုင်းရသော အလုပ်မျိုးကို ဝန်လေးတတ်သူပင်။ ကိုယ့်ထက် အလျင်ဦးနေသော လူအုပ်ကြီးကို မြင်လိုက်ရလို့ စိတ်မောမသွားမိခဲ့တာ အောင်ဇေအတွက်သည်တစ်ကြိမ် ပထမဆုံးအကြိမ်ဖြစ်မည် ထင်ပါရဲ့။ ။
အလုပ်သင် ဆရာဝန်လစာကိုပင် တန်းမစီရအောင် နောက်ကျခံပြီးထုတ်ယူတတ်သော အောင်ဇေတစ်ယောက် လူအုပ်ကြီးနှင့် တစ်သားတည်းကျလေအောင် တိုးဝှေ့ရောက်ခဲ့မိတော့ပေ၏။
“သူများပျော်လို့ မပျော်နိုင် ဂျူတီကျလို့မှိုင်"
သင်္ကြန်ရက်များဆီက အောင်ဇေ ဂျူတီဆင်းနေခဲ့ရသည်။ ဗိုလ်ချုပ်လမ်းပေါ် ဖြတ်သန်းသွားသည့် ရေပက်ခံကားအချို့က သံချပ်တိုင်သွားကြစဉ် ဆေးရုံပေါ်က အောင်ဇေတို့မှာ မချိတရိသာ ပြုံးနေကြရပါလေ၏။
သည်နှစ်တော့ သူ့မှာ အလုပ်သင်ဆရာဝန်ဘဝဖြင့် ခြေချုပ်မိနေတော့ပြီပေါ့။ မနှစ်က သင်္ကြန်အထိတော့ နောက်ဆုံးနှစ် ဆေးကျောင်းသားကြီးတွေအဖြစ် သင်္ကြန်ရက်ကို နွှဲပျော်ဖြစ်ခဲ့သေးသည်။ အတန်းငယ်စဉ်ကလိုပင် ရက်ဆက်မပျော်နိုင်တော့ပေမယ့် တစ်ရက် ရေပက်ခံထွက်ရင်း နောက်တစ်ရက်မှာ သင်္ကြန်ရေကစားမဏ္ဍပ်သို့ ခေတ္တသွားထိုင်ဖြစ်တာ ညဘက်များတွင် ရိုးရာရေသဘင်အဖွဲ့များမှ သံချပ်တိုင်ကြသည်များကို ငေးမောလျှောက်ကြည့်ဖြစ်ခဲ့သေးသည်။
သင်္ကြန်ရက်များသည် အောင်ဇေကို အမှတ်မထင် ကျော်ဖြတ်သွားခဲ့သည်ဟု မရှိခဲ့စဖူး။ သင်္ကြန်သို့ရောက်လေတိုင်း သူပျော်နွှဲခဲ့မိသည်ချည်း။ နှစ်ကူးသင်္ကြန်ကို အစဉ် အမှတ်ထင်ထင်ရှိနေရခြင်း နောက်တစ်ချက်က သင်္ကြန်လေးရက် ကုန်ဆုံးပြီးသော နှစ်ဆန်းတစ်ရက်နေ့သည် အောင်ဇေ၏မွေးနေ့ဖြစ်နေ၍ပါပေ။ သင်္ကြန်တွင် အရူးအမူး ပျော်မွေ့ပြီးလေတိုင်း နှစ်ဆန်းတစ်ရက်နေ့တွင် အမေစီစဉ်ပေးသော ကုသိုလ်ကောင်းမှုတစ်ခုခုကို
တော့ အောင်ဇေပြုဖြစ်မြဲ။ ။
သည်နှစ်တွင်မူ ဆေးရုံပေါ်တွင်ပဲ အောင်ဇေ သင်္ကြန်ကျခဲ့ရတော့သည်ပေ။ လူထဲလာတတ်သော သင်္ကြန်သီချင်းသံ၊ သံချပ်တိုင်သံများ၊ ဗိုလ်ချုပ်လမ်းပေါ်က ရေစိုလူအပြည့်ဖြင့် အမိုးဖွင့်ဂျစ်ကားနှင့် သင်္ဘောသားကားများကို လှမ်းမြင်တွေ့ရလျှင်၊ ပြီးတော့ လူနာတစ်ဦးဦးက ယူဆောင်လာခဲ့ဟန်တူသော ဝါ့ဒ်ထဲက ပန်းအိုးများတွင် ပွင့်လန်းနေသည့် ပန်းပိတောက်ရွှေဝါ။သည်အရာများကိုပဲ သည်နှစ်သင်္ကြန်ရဲ့ သင်္ကေတများအဖြစ် မှတ်ယူရပေတော့မှာပဲ။ ဆေးရုံ ဂျူတီယန္တရားကတော့ လည်ပတ်နေမြဲ၊ ခါတိုင်းနေ့များကလိုပါပဲ။
အောင်ဖေက ဆေးကုသဆောင်တွင် တာဝန်ကျနေခဲ့သည်။အောင်ဇေ ဂျူတီကျသင်္ကြန်ရက်များတွင် လူနာသစ် လက်ခံရက်နှင့်လည်းမကြုံကြိုက်၍ အထွေအထူးတော့ တာဝန်မကြီးလှ။ သမားတော်ကြီး၏ ပထမလက်ထောက်ကလည်း နေ့စဉ် ဝါ့ဒ်ထဲသို့ လာလှည့်ကြည့်သေးသည်မို့လူနာများအတွက် စိတ်ပူစရာ မရှိလှပေ။ လူနာအခြေအနေ အပြောင်းအလဲကိုလိုက်လို့ နေ့စဉ် ကုသချက်အပြောင်းအလဲရှိသည်များ အောင်ဇေက ပြုလုပ်ပေးရုံပါပဲ။
ငါ့ဒ်ထဲက လူနာများတွင် သလာစီးမီးယား ခေါ် သွေးနီဥပျက်စီးသော ရောဂါသည်မလေး တစ်ယောက်အတွက်ပဲ စိတ်မကောင်းဖြစ်မိရသည်။သွေးသွင်းပြီး အသက်ဆက်နေရသူလေးမို့' အောင်ဇေတို့ဆေးကျောင်းသား ဘဝကတည်းက သူ့ကို ဆေးရုံမှာ တက်လိုက်ဆင်းလိုက် တွေ့နေရသည်။သင်္ကြန်ရက်မတိုင်မီလေးတွင် သူဆေးရုံရောက်လာခဲ့ပြန်သည်။ ထုံးစံပါပဲ စက္ကူတစ်ရွက်ကို ပါးလှပ်လို့၊ ဗိုက်ကလေးတစ်ခုသာပဲ ပူဖောင်းနေတော့သည်။
သွေးများ လျော့ပြန်ပြီဆိုတော့ အမော အဖျားနှင့် ရောဂါပိုးအမျိုးမျိုးတို့ဝင်ကာ ပိုးကိုက်စားသော စက္ကူပါးလေးတစ်ရွက်လို ဆေးရုံရောက်လာခဲ့ပြန်သည်။ပြီးတော့ သူကလေးရဲ့ သွေးအုပ်စုက ဘီ။ သွေးလှူဘဏ်တွင် သွေးပြတ်လပ်ပြီဆိုလျှင် ရှားပါးသော ဘီအုပ်စုကို အလျင်ထိသည်ချည်း။ ခုရက်များတွင်သွေးလှူဘဏ်ရဲ့ ရှားပါးသွေးက ဘီ ဖြစ်နေခဲ့ပြန်ပြီ။
“ညည်းကလည်း တကယ့်ရက်ကျပ်ထဲမှာမှ ဖြစ်ရပြန်တယ်ကွာ၊ဘီအုပ်စု သွေးလှူရှင် ရှာလာခဲ့ဦးကွာ”
အောင်ဇေ ညည်းတွားမိရလေသည်။ ခုရက်များတွင် သွေးကလိုသလောက် တောင်းယူလို့ မရပြန်ပေ။
“နွေစာမေးပွဲချိန်ဆိုရင် သွေးက ဒီလိုပဲ ပြတ်ချင်တယ်၊ ကျောင်းသားနဲ့ ဆရာတွေ စာမေးပွဲနီးတာရယ်၊ ကျောင်းသားမိဘတွေကျတော့လည်း စာမေးပွဲအတွက် အလုပ်များတာကြောင့် ဒီအချိန်မျိုးမှာ သွေးလှူတဲ့သူ နည်းသွားတတ်တယ်”
အောင်ဇေ သွေးလှူဘဏ်တွင် တာဝန်ကျခဲ့စဉ်က သိခဲ့ရပါလေသည်။ သည်တော့ သည်ရက်များက တစ်နှစ်တာရဲ့ သွေးအရှားပါးဆုံးသော ကာလပါပေ။
သွေးသွင်းဖို့လိုအပ်သော လူနာအတွက် သမားတော်ကြီးက သွေးပေးခိုင်းပါလျှင် အောင်ဇေတို့က လူနာထံမှ သွေးအနည်းငယ်မျှစီဖောက်ယူကြရသည်။ သွေးအုပ်စုခွဲရန်နှင့် သွင်းမည့်သွေးနှင့် လူနာရဲ့ သွေးကို နမူနာအဖြစ် ရောစပ်ကြည့်နိုင်ရန်အတွက်ပင်။ သွေးတောင်းခံလွှာတွင် သွေးသွင်းဖို့လိုအပ်သော လူနာနှင့်စပ်ဆိုင်သမျှ အပြည့်အစုံ ပုံစံဖြည့်သွင်းရေးရသည်။လက်ထောက်ဆရာဝန်က ထပ်မံစစ်ဆေးလက်မှတ်ရေးထိုးပြီးမှ သွေးထုတ်ပေးရာ ဌာနသို့ စောစောက ဖောက်ယူထားသော သွေးပင်နီဆီလင်ပုလင်းလေးများနှင့်အတူ ပို့လွှတ်တောင်းခံကြရသည်။ အခုရက်များအတွင်းမှာတော့တောင်းသည့်အရေအတွက်ကို မရနိုင်သည်က များလာသည်။ တစ်ခါတစ်ရံ လုံးဝပင်မရလိုက်။
“ပုံစံဖြည့်တာ ပြည့်ပြည့်စုံစုံ ဖြစ်ကြရဲ့လား၊ သွေး ဘာကြောင့် လိုတယ်ဆိုတဲ့ နေရာမှာ သေချာဖြည့်ကြကွာ"ဆရာ့အမေးကို အောင်ဇေ အဖြေရကျပ်လှသည်။
သည့်ထက်တော့ သွေးသွင်းပေးဖို့ဟု သွေးနမူနာများ ဖောက်ယူထားပြီးမှ သွေးမပေးဖြစ်ပြန်လျှင် လူနာများကို သနား၊ မျက်နှာပူနေမိရပါလေသည်။ ညိုမကဲ့သို့ ရင်းနှီးနေသော ရောဂါသည်လေးရှေ့တွင်တော့
“ညည်းအတွက် ငါလည်း ကြိုးစားနေတာပဲဟ၊ ဒါပေမဲ့ အရေးပေါ်ခွဲစိတ်ဖို့လိုတဲ့ လူနာကလွဲလို့ သွေးမပေးနိုင်သေးဘူးကွာ၊ ညည်းကလည်း ရက်ကျပ်ကြီးထဲကျခါမှပဲ ...” ဟု ထုတ်ဖော်ပြောဆိုနေမိရပါလေသည်။
သွေးအတွက် ခေါင်းခဲရသည်ကလွဲလို့ အောင်ဇေတို့ဝါ့ဒ်ထဲမှာတော့ အေးအေးဆေးဆေးပါပဲ။
---
စင်စစ် သည်စိတ်ကူးလေးကို ကိုယ့်ဝါ့ဒ်ထဲမှာရှိစဉ်က ညိုမကို မြင်နေရစဉ်ကတော့ မရလိုက်မိသေးပါပေ။ သည်စိတ်ကူး ဘယ်သို့ဘယ်ပုံ ကွန့်မြူးယှက်သန်းလာခဲ့သလဲ။ ပြန်လည်စဉ်းစားမည်ဆိုလည်း ပြောပလောက်စရာ တခမ်းတနား မရှိပြန်ပါပေ။
အောင်ဇေဝါ့ဒ်ထဲကမှ အေးဆေးသေးသည်။ သင်္ကြန်ရက်များမှာမှ အရေးပေါ်ထိခိုက်တွင် တာဝန်ကျနေရရှာသူ ဘိုဘိုတို့လူသိုက်ကမှ ကံခေသူမောင်ရင်တွေပါပင်။ အပျော်ကျူးကာ ထိခိုက်ဒဏ်ရာရလာသူတွေက ထိခိုက်ဒဏ်ရာ အရေးပေါ်ဌာနသို့ ဝင်လာမစဲ တသဲသဲရှိနေသည်မို့ ကိုယ်တော့မပျော်ရပါဘဲ အပျော်လွန်ဒဏ်ရာများကိုပဲ လက်မလည်အောင် ကုသပေးနေရ
တော့သည်လေ။
နှစ်ဆန်းတစ်ရက်နေ့တွင် အောင်ဇေဂျူတီက ညနေပိုင်းမှ စတင်လေမည်။ သည်ကောင်ကြီးဘိုဘိုက နံနက်ခင်းပိုင်းဂျူတီမို့ ဘိုဘိုတို့ကို ကူညီတန်ကူညီကာ လေပစ်ရအောင်ဟု ဆေးရုံကြီးသို့ စောစောပင် ရောက်မိခြင်းပင်။ ဆေးရုံတစ်ခုတည်း တာဝန်အတူကျဖော် အလုပ်သင်ဆရာဝန်များဆိုပေမယ့် သူလည်း သူ့ဂျူတီ၊ ကိုယ့်လည်းကိုယ့်ဂျူတီချိန်တွေနှင့်ကိုယ်မို့သည်လိုမှ တမင်တကာ အရောက်မလာနိုင်ရင်လည်း ဆုံတွေ့ရဖို့က မလွယ်ပေ။
အောင်ဇေရောက်သွားတော့ ဘိုဘိုတစ်ယောက် မနေ့က သင်္ကြန်အတတ်နေ့တွင် နယ်တွင် ကားမှောက်ဒဏ်ရာရလာသူ လူနာတချို့နှင့် အလုပ်ရှုပ်
နေခဲ့သည်။
ရေကစား ပျော်နွှဲခဲ့ကြသူတွေပင် ထင်ပါရဲ့။ ခေါင်းမှာ ပတ်သီးအဖွေးသားနှင့် မူးမေ့နေလေသလား၊ သတိလစ်နေလေသလား၊ မသိရသည့် လူနာလူငယ်လေးတစ်ဦး။ မျက်နှာမှာ ရေစိုခံအောင် မိတ်ကပ်ခြယ်ထားသည်များ ဖြစ်မလား မသိ။ စေးထန်းထန်းအရာတွေ မပြယ်သေးဘဲ မျက်နှာက အဖွေးသားဖြင့် ပတ်သီးအထပ်ထပ် ရစ်ပတ်ထားလို့ ခြေထောက်တစ်ဖက် ၀၀ကြီးဖြစ်နေသူ လူငယ်ကတော့ ခြေထောက်သွင်သွင်ကျိုးရှာပြီ ထင်ပါရဲ့။ ဘိုဘိုနှင့် ဇင်ဇင်စီကို လူနာတွေကြားမှာ မြုပ်လို့ တွေ့ရသည်။
တစ်ယောက်ယောက်ကိုတော့ အရေးပေးခွဲစိတ်ဖို့ ရှိသည်ထင်၏။ဘိုဘိုက ခွဲစိတ်ခန်းသို့ အကြောင်းကြားစာ၊ သွေးတောင်းခံလွှာများ ဖြည့်သွင်းရေးသားနေခဲ့သည်။ အောင်ဇေကို မော်ကြည့်သောမျက်နှာက စိတ်ရှုပ်အလုပ်ရှုပ်နေသော မျက်နှာ။
“ပေးလေ ဘိုဘို၊ ဂျီအပ်တွေအတွက် ငါ သွေးဖောက်ထားပေးမယ် ဘယ်သူ့ကိုလဲ”
အောင်ဇေကမေးလျှင် ဘိုဘိုက မိတ်ကပ်မျက်နှာ ခေါင်းဒဏ်ရာနှင့်ကောင်လေးသို့ မေးဆတ်ပြလေသည်။
အောင်ဇေသွေးဖောက်ယူဖို့ ဆေးထိုးပြွတ်တွေ အပ်တွေဆင်ပြီး လူနာလေးထံသို့ လျှောက်လာခဲ့ပြီးမှ သတိရမိကာ ဘိုဘိုသို့ လှမ်းအော်ပြောလိုက်မိပေ၏။
"ဟေ့ ဘိုဘို၊ သွေးတောင်းမှာက လေးပုလင်းတောင်ဆိုတော့ ရပါ့မလားကွ တို့ဝါ့ဒ်တွေထဲမှာတော့ လိုသလောက်မရတာ ကြာပြီနော်”
“ဟုတ်လား””
ဘိုဘိုက ခေါင်းခဲသွားဟန်ဖြင့် အလယ်စားပွဲတွင်ထိုင်နေသော လက်ထောက်ဆရာဝန် ဒေါ်တင်တင်သူသို့ အကူအညီတောင်းသလို လှည့်ကြည့်လေသည်။
“ဒီနေ့တော့ လွယ်မှာပါကွ၊ ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့လေ၊သွေးလှူပွဲရှိတယ်။ နောက်ရက်တွေမှာ သွေးကို အားမနာတမ်း လိုသလောက် တောင်းလို့ရတော့မှာ”
နှစ်ဆန်းတစ်ရက်နေ့ သွေးလှူပွဲ။
သည်တစ်ခိုက်မှာပင် အောင်ဇေက သူရောက်ရှိနေသော နေရာမှ ဆေးရုံကြီး ပင်မအဆောက်အအုံကြီး ခြားထားရာ အခြားတစ်ဖက် နယ်စွန်ဆီက သွေးလှူဘဏ်အဆောက်အအုံတွင် ကျင်းပလေ့ရှိမြဲ နှစ်ဆန်းတစ်ရက် နေ့ သွေးဒါနပြုပွဲသို့ စိတ်အာရုံဝင်စားသွားမိခြင်းပါပဲ။
“ဟာ ဒါဆို ကျွန်တော်လည်း သွားလှူဦးမှပဲ”
စိတ်ဝင်စားမိသည်နှင့်အမှု နှုတ်က စကားတွေ လွတ်ထွက်သွားလေတော့ လက်ထောက်ဆရာဝန် မမသူ၊ ဆရာဦးနွေအေးနှင့် ဘိုဘို၊ ဇင်ဇင်စီတို့က သူ့ကို တအံ့တဩမျက်နှာတွေဖြင့် လှမ်းကြည့်လိုက်ကြပါလေ၏။
မယုံကြည်နိုင်၍များလား..
“ဒီနေ့က ကျွန်တော့်မွေးနေ့လေ ... အဲဒါ...”
ဘိုဘို့ ပြုံးစပ်စပ်မျက်နှာထားကို အောင်ဇေမှာ မကျေမချမ်းရိပ်ပြန်ပြရင်း သူ့ဘာသာသူ ဖြေရှင်းချက်ထုတ်နေမိပြန်သေး၏။ ဆရာဝန်ဖြစ်ခါမှ ပန့်ကေဖြင့် အသွင်အပြင်တွေ ပြောင်းလာသော ဇင်ဇင်စီကလည်း ရယ်သဲ့သဲ့မျက်နှာဖြင့် လှမ်းကြည့်နေလေဆဲ။ တကယ်လှူမှာလည်း မဟုတ်ဘဲနဲ့ လုပ်မနေနဲ့ဟု ဆိုလိုပေသည့် အပြုံးပေလားမပြောတတ်။ မမသူက စတင်လို့တည်တည်ကြည်ကြည်ပြုံးကာ•••
“ကောင်းတာပေါ့။ နှစ်ဆန်းတစ်ရက်နေ့ သွေးလှူပွဲက တကယ်အားကျဖို့ကောင်းတာ၊ မမလည်း အဲဒီရက် ဂျူတီရက်ကျခဲ့ဖူးတယ်။သွေးလှူရှင်တွေ သိပ်များတာပဲ၊ တစ်ရက်တည်းကို တစ်ထောင့်သုံးလေးရာပတ်ဝန်းကျင်မှာရှိတယ်၊ ကိုယ့်အလှည့်က ညနေ ၄ နာရီ ၅ နာရီရောက်သွားလည်းတကယ့်ဇွဲကောင်းကောင်းနဲ့ကို စောင့်လှူကြတာပဲ၊ ယူ လှူချင်ရင်အခုသွားစာရင်းပေးလိုက်ပြီး လှူရင်လည်းရတယ်၊ စိတ်ကောင်းလေးဝင်နေတုန်း မြန်မြန်သာသွား၊ တို့အားပေးတယ်”
အောင်ဇေနှင့်လည်း ခွဲစိတ်ကုသဆောင်မှာ တာဝန်အတူကျခဲ့ဖူးသော မမသူက တိုက်တိုက်တွန်းတွန်းလေး လွှတ်ပေး၏။ ဘိုဘိုကတော့ ပြုံးစပ်စပ်ဖြင့် ..
“မမရော ဝင်လှူခဲ့မှာပေါ့ နော်၊ အဟဲ"
ဟု ဆိုလိုက်သေးလျှင် လက်ထောက်ဆရာဝန် မမကရှက်ရယ်ရယ်မောပါလေသည်။ ။
“တို့က ဘယ်တော့မှ သွေးပေါင်ချိန် မပြည့်တတ်ဘူးကွ၊အဲဒါကြောင့်”
သည်အကြောင်းအရာကို ပြောဆိုနေရင်းကပင် အောင်ဇေစိတ်ထက်သန်မှုအရှိန်က မြင့်လာတော့ကာ•••
“ကျွန်တော်က ညနေဂျူတီဝင်ရမှာဆိုတော့ အချိန်မီမှ မီပါ့မလား၊သွားလိုက်ရင်ကောင်းမယ် ထင်တယ်”ဟု စိတ်မြန်ကိုယ်မြန်ထွက်ဖို့ပြန်တော့မှ ဇင်ဇင်စီက အထင်ရောက်လာသော မျက်နှာလေးဖြင့် လှမ်းကြည့်ကျန်ရစ်သည်။ မမသူက .. "
“သာဓု ကြိုခေါ်လိုက်ပါတယ်ပေါ့”
ဟု ဆိုကာဘိုဘိုကတော့ ...
“အတွယ်အတာတွေ မပူနဲ့တော့၊ အောင်ဇေသွေးလှူရအောင်လာနေပြီ"
ဟု လက်တစ်ဖက်ကို အပေါ်သို့မြှောက်လျက် တစ်ခုခုကိုချိတ်ဆွဲ ထားဟန် အမူအရာလုပ်ပြလျက် နောက်ဖြစ်အောင် နောက်လိုက်သေးသည်ပင်။
---
သွေးလှူဘဏ်သို့ ရောက်လာတော့ သွေးလှူဖို့ စိတ်အားထက်သန်စွာ စောင့်စားနေကြသူတွေကို တစ်စုတစ်ရုံးတည်းတွေ့လိုက်ရကာ အောင်ဇေရင်နွေးအောင် ကြည်နူးလာမိရသည်။
စားပွဲတစ်လုံးဖြင့် ထိုင်နေသော သွေးလှူဘဏ်အမှုထမ်းတစ်ဦးထံမှာအောင်ဇေ စာရင်းပေးလိုက်ကာ သွေးအုပ်စုခွဲရသည်။ အောင်ဇေသွေးအမျိုး အစားက သူသိထားပြီးသည့်အတိုင်း အို။ ပြီးတော့ ဘယ်ပြီးရင် ဘယ်သွားရမယ်ဟူသော-သွေးလှူသူအချင်းချင်း ကူညီလမ်းညွှန်မှုများဖြင့်လူတွေ စုပြုံအုံခဲနေသော နေရာဆီသို့ အောင်ဇေ တရွေ့ရွေ့ဖြင့်ရောက်သွားခဲ့သည်။ သည်နေရာက သွေးလှူမည့်သူတွေကို သွေးပေါင်စစ်ဆေးပေးနေသည့် နေရာပဲ။
အောင်ဇေ မျက်မှန်းတမ်းမိနေသောအမျိုးသမီး လက်ထောက်ဆရာဝန် သုံးဦးက သွေးလှူရှင်တွေကို သွေးပေါင်ချိန်ပေးနေခဲ့၏။ လူတွေဝိုင်းအုံနေကြပေ
လို့ သူတို့ကို အနီးရောက်မှပဲ မြင်ရလေသည်။ ဆရာဝန် မမတို့လည်းမျက်နှာ၊ လည်တိုင်များမှာ ချွေးသီးချွေးပေါက်တွေ သီးနေခဲ့ကာ အရပ်အနားမရှိ သွေးချိန်နေကြရသည်။ ကတ်ပြားတစ်ခုပြီးတစ်ခု၊ သွေးလှူရှင် တစ် ယောက်ပြီး တစ်ယောက် ခေါ်ယူသွေးချိန်ပေးနေပေမယ့် ကတ်ပြားပုံက လျော့သည်ပဲမရှိ၊ ထပ်၍သာ တိုးလာနေတော့သလို။ အောင်ဇေ ကတ်လေးကို သွားထပ်တော့ မမက မော်အကြည့်နှင့်ဆုံကာ ••
“အော် သွေးလှူမလို့လား”
ဟု နှုတ်ဆက်သည်နှင့် အောင်ဇေမှာ
“ဟုတ်ပါတယ် မမ၊ ကျွန်တော် ညနေ ဂျူတီဝင်ရမှာမို့ ဂျူတီ မီအောင်လေးလုပ်ပေးနိုင်ရင်" ဟု ခပ်တိုးတိုး အရေးဆိုကာ အခွင့်အရေးယူလိုက်မိရပါလေ၏။ ပြီးတော့ သည်လို ကိုယ့်အလှည့် ကိုယ်မစောင့်ဆိုင်းဘဲ အခွင့်အရေးယူလိုက်သူဆိုလို့ သည်ကနေ့ သွေးလှူပွဲတွင် သူတစ်ယောက်သာ ရှိလိမ့်မည်လားဟု တွေးရှက်မိနေရပြန်သည်ပဲ။ အခွင့်အရေး မျှော်မှန်းစရာမရှိသော သွေးလှူပွဲတွင် အခွင့်အရေးသမားတို့ကို မတွေ့ရပေ။ ပြီးတော့လည်း လင်ဆာနှင့် တိုရိုတာနှင့် ငါးချိတ်နှင့် သွေးလှူရအောင် လာသူဆိုလို့လည်း အောင်ဇေ မမြင်ဖူးခဲ့ရပါလား။
ကျွန်တော်က ညနေ ဆေးရုံဂျူတီဝင်စရာ အမှန်ရှိနလို့ပါ။ ခွင့်လွှတ်ကြပါဗျာ။ နေပူထဲကလူ၊ နေရိပ်ထဲကလူ၊ စောင့်စားနေကြသူအားလုံးသို့အောင်ဇေဂိတ်တွင်းမှ တောင်းပန်စကားဆိုလိုက်မိရပါလေသည်။
ဦးခင်ထွန်း အကြိမ်နှစ်ဆယ်။
မပြုံးလဲ့ အကြိမ် ဆယ့်ငါး။
မောင်တင့်လွင် ရှစ်ကြိမ်။
သွေးပေါင်ချိန်ပြီးတော့ နောက်တစ်နေရာတွင် ကတ်လေးကို တပ်ထားရသည်။ သွေးလှူရှင်တစ်ယောက်စီကို ခေါ်ယူကာ ကိုယ့်အတွက် သွေးပုလင်းကိုယ်စီကို ကိုယ်တိုင်ယူထားကြရလေ၏။
“ကိုအောင်ဇေ ပထမအအကြိမ်"ဟု ခေါ်လိုက်တော့ အောင်ဇေ ခပ်သွက်သွက်လှမ်းလာမိခဲ့သည်။ အကြိမ်နှစ်ဆယ်၊ အကြိမ်သုံးဆယ်စသည်ဖြင့် လှူကြသူအများအပြားတွင် ပထမဆုံးအကြိမ်အဖြစ် လှူမည့်အောင်ဇေမှာ သိမ်ငယ်စိတ်ဝင်ရတော့သလို။ အောင်ဇေရှေ့က တန်းစီနေကြသော လူစုကတော့ အင်္ကျီ ပုဆိုး ဆင်တူဝတ်ထားကြကာတစ်ဆယ့်ငါးယောက် နှစ်ဆယ်ခန့် ရှိမည်ထင်သည်။ ခေါင်းဆောင်ဖြစ်ဟန်တူသူ လူလတ်ရွယ်တစ်ဦးကလွဲလို့ အောင်ဇေထက်ပင် ငယ်ရွယ်ကြဦးမည့် လူငယ်လေးတွေ။
“ကျွန်တော်တို့က 'နှစ်တိုင်းပေါက်' ရေသဘင်အဖွဲ့ကလေ အစ်ကိုရဲ့၊ ဒီလိုပဲ နှစ်ဆန်းတစ်ရက်နေ့တိုင်း သွေးလှူကြတယ်၊ သင်္ကြန်အတက်နေ့ ညနေကျရင် တကယ်ဆွေးရတယ်၊ မီးကုန်ယမ်းကုန်သွန်ပြီး နွှဲလိုက်ချင်တာက တစ်ဖက်၊ နောက်တစ်နေ့ သွေးမလှူနိုင်မှာလည်း စိုးရိမ်ရနဲ့ ရေရေ
လည်လည်ပဲ”
စီတန်းစောင့်ဆိုင်းနေရစဉ် ချည်ချောပုဆိုး အဝါအပြာကွက်တွေ ၊ဆင်တူဝတ်ထားသော အဖွဲ့ထဲက လူငယ်လေးက အောင်ဇေကို ပြောပြခဲ့သည်။ ပြီးတော့ သင်္ကြန်ရှိန်မပြေသေးဟန်၊ သံချပ်တိုင်ချင်သောဟန်ဖြင့် ကိုယ်အလေးချိန် ပေါင်တစ်ရာကျော်ရုံပဲရှိမည့် သူ့ကိုယ်လုံးလေးကို တငြိမ့်ငြိမ့် ရှေ့တိုးနောက်ငင် လုပ်ထားနေသေး၏။ သည်တော့မှ သည်မောင်တို့အဖွဲ့လိုပဲ တူညီဝတ်စုံဖြင့် အမျိုးသား၊ အမျိုးသမီးစုလေးတွေကို သတိထားလာမိရသည်။ တချို့က ရိုးရိုးရေပက်ခံအဖွဲ့။ တချို့က ရေကစားမဏ္ဍပ်အဖွဲ့။ တချို့ကမူ ရိုးရာရေသဘင်အဖွဲ့သားများ အချင်းချင်း ခေါ်ကြ၊ စကြ၊နှုတ်ဆက်ကြ၊ စကားဆိုကြရာကကြားသိလာရသည်။ သွေးလှူရှင်အများစု မှာတော့ မျက်လုံးတွေ နီစပ်၊ အသားနေပူလောင်လျက် အင်္ကြန်လေးရက်ကို တစ်ရက်မပျက် ပျော်ခဲ့ကြလေသည့် ပုံစံတွေနှင့်။ သင်္ကြန်ဆိုလျှင် အရူးအမူးပျော်ချင်တတ်မြဲ အောင်ဇေလို ပုဂ္ဂိုလ်တွေဖြစ်ပေမှာပဲ။ သူတို့အချင်းချင်း ဆိုစကားများအရ နှစ်စဉ် လှူနေကျ သွေးလှူရှင်တွေမှန်း ခန့်မှန်းနားလည်လာရသည်ပင်။ တစ်ဦးကုသိုလ်ကို တစ်ဦးက ပီတိဖြစ်ရသည်မှာ သွေးလှူပွဲရဲ့ ဝိသေသပင် ထင်ရဲ့။
---
ကိုယ့်အလှည့်ရောက်ဖို့ ကြာမြင့်စွာ မစောင့်ဆိုင်းလိုက်ရပေ။ သွေးလှူဘဏ်နှင့် ဆေးရုံကြီး ဝန်ထမ်းများရဲ့ စီစဉ်ထားမှုက စနစ်ကျလှသည်ပင်။ သွေးထည့်ဖို့ ပုလင်းကိုယ်စီကိုင်ဆောင်လျက် သွေးလှူဘဏ်အဆောက်အအုံ
အပေါ်ထပ်သို့ တစ်စီတစ်တန်း တရွေ့ရွေ့တက်သွားကြရသည်။ အပေါ်ထပ်ရောက်တော့ ခန်းမကြီးထဲတွင် ခုတင်များ ခင်းကျင်းထားလျက် တစ်ချိန်တည်း သွေးလှူနေကြသူတွေကို ခန်းလုံးပြည့်မျှမြင်တွေ့လိုက်ကြရပါလေသည်။တစ်ချိန်တည်းတွင် သွေးအလှူရှင် လေးဆယ်ခန့် သွေးထုတ်နိုင်ဖို့ စီစဉ်ထားကာ တစ်ဦးသွေးလှူ ပြီးစီးသည်နှင့် နောက်တစ်ဦး သွေးလှူဖို့ နေရာရလေအောင် အမှုထမ်းများ၊ သူနာပြုဆရာမလေးများက နေရာချထားပေးကြသည်။အမျိုးသမီး သွေးလှူရှင်များအတွက် သီးသန့် ခင်းကျင်းစီစဉ်ပေးထားဟန်တူ၏။ အမျိုးသမီးများကို ထိုသီးသန့်ခန်းလေးသို့ ခေါ်ယူသွားတတ်လေသည်။ငြိမ့်ညောင်းသော တေးသံသာသာက ထွက်ပေါ်နေခဲ့ကာ
“အရင်နှစ်တွေကဆိုရင် အဆိုကျော်တွေကိုယ်တိုင် လာဆို.ကြတာ”ဟု လူငယ်ကလေးက တသသပြောလေ၏။
အောင်ဇေ အလှည့်သို့ ရောက်လာခဲ့သည်။ အခင်းဖြူဖွေးသော ခုတင်ပေါ်တွင် ကိုယ်လျှော့ လဲလျောင်းကာ မျက်လုံးကို မှိတ်ထားလိုက်မိဆဲ။ခုတင်ပေါ်သို့ ခေါ်လာနေရာချပေးသော သူနာပြုဆရာမလေးပဲထင်လေ၏။လက်မောင်းက သွေးကြောတစ်ခုသို့ အပ်ထိုးပိုက်လိုက်သည်ကို စစ်ခနဲ ခံစားလိုက်ရတော့သည်ပဲလေ။
စိတ်လျှော့ဖြေထားနေခိုက် တေးသံသာက အာရုံခံနားထဲသို့ ပျော်ဝင်လာခဲ့သည်။ အေးဆေးပြီး အားမာန်ပါလှသော ခိုင်ထူးရဲ့ အသံ။
“လိုချင် အကုန်လုံးယူ မိန်းကလေး၊ လိုတာ အကုန်လုံးယူ မိန်းကလေး၊ ရှိတာတွေကို ပေးချင်တယ်၊ ရှိတာတွေ အကုန်လုံးယူ”
သွေးဖောက်ယူထုတ်စေကာ သွေးတွေ အလှူပေးနေစဉ်မှာ ခိုင်ထူးရဲ့ ဟစ်ကြွေးသံကို တိုက်တိုက်ဆိုင်ဆိုင် အာရုံဝင်စားနစ်မျောရတာ ကိုယ့်အဓိပ္ပာယ်နှင့်ကိုယ် အောင်ဇေ သဘောကျ နှစ်သက်သွားမိပြီ ...။
အခု အောင်ဇေရဲ့ စိတ်အနေလိုပဲပေါ့။
အောင်ဇေရင်ထဲမှာ သူ့သွေးကို လက်ခံရယူမည့် ဘယ်သူဘယ်ဝါမှန်း မသိသေးသည့် လူသားတစ်ဦးပေါ်မှာ စေတနာမေတ္တာဖြိုးဝေနေမိကာ။
“နေကောင်းဖို့ဆိုရင် သွေးတွေ လိုသလောက်ယူပါလား၊ ပေးချင်တယ် လူသား မိတ်ဆွေရယ်” ဟူသော ဗြဟ္မစိုရ်စိတ်ထားတွေဖြင့် ညွတ်နူးနေခဲ့လို့သာပင်။
ဘာမျှမကြာလိုက်။ ၁၀ မိနစ်ခန့်မျှသာပါပဲ။ အောင့်ဇေထံမှ သွေးထုတ်ယူပြီးစီးခဲ့သည်။
သွေးလှူဘဏ်ရဲ့ အခြားတစ်ဖက်လှေကားမှ ဆင်းလာခဲ့စဉ်စောင့်ဆိုင်းနေသည့် လူစုလူဝေးကြီးကို လျော့ပါးသည်မထင်ရဘဲ စုဝေး၍ကောင်းနေဆဲအဖြစ် မြင်တွေ့ရပါလေ၏။ ဖော်ရွေစွာဖိတ်ခေါ်လာသော အမှုထမ်းမိန်းကလေးက အောင်ဇေ့ကို အကျွေးအမွေးဖြင့် ဧည့်ခံရာဆီသို့ ပို့ပေးခဲ့ပြန်၏။
ဆေးရုံကြီး အဆောက်အအုံဆီသို့ လျှောက်လာခဲ့မိစဉ် အောင်ဇေရင်ထဲတွင်တော့ ပီတိလှိုင်းတွင် တဝေ့ဝေ့ဖြင့်။
နံနက်အရုဏ်ဆီက ဆွမ်းတော်ပွဲပြင်ပေးကာ အောင်ဇေကိုနှိုး၍ဆွမ်းကပ်ခိုင်းခဲ့လျက် ..။.
အိမ်နီးချင်းတွေကိုတော့ ရွှေရင်အေးလေး ဝေရမယ်"ဟု သူ့မွေးနေ့မှာ ကုသိုလ်ယူစေခဲ့သော မေမေသာသိရင် သည်အလှူ အတွက် သူ့ထက်ပိုလို့ ကြည်နူးဝမ်းမြောက်မည်ပဲ ထင်လေ၏။
ဆေးရုံကြီးအရှေ့ဂိတ်မှ လူငယ်တစ်စုတို့ ဝင်လာကြပြန်စဉ် ဗိုလ်ချုပ်လမ်းထိပ်တွင် အမိုးဖွင့် သင်္ဘောသားကားတစ်စီးမှာ သင်္ကြန်ရှိန်မပြေသေးဟန်ဖြင့် မိန်းကလေး၊ ယောကျာ်းလေးတစ်စုတို့ တွန်းထိုးရယ်မောလို့ ပါသွားတာ
လှမ်းမြင်တွေ့လိုက်မိလေ၏။
သွေးလှူဘဏ်သို့ ချိုးကွေ့သွားလေသော လူငယ်တွေမှာလည်း လေးရက် သင်္ကြန်အတက်ဖြင့် မျက်လုံးနီနီ၊ မျက်ကွင်းမျက်ချောင်ကျကာ နွမ်းနယ်သော မျက်နှာတွေနှင့်ပေ။
သင်္ကြန်ဆိုရင် အရူးအမူးပျော်နွဲချင်ကြတာ လူငယ်သဘာဝပါပဲ။သင်္ကြန်ရူးတွေထဲက အရူးပါးတွေကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ ဆုံစည်းမိကြဖို့ အချင်းချင်း ချိန်းဆိုတတ်ကြတယ်ဗျာ။ အဲဒါ ဘယ်နေရာဖြစ်မယ်လို့ထင်သလဲဟု စကားထာဝှက်ဆိုရရင် ကောင်းလေမည်လားဟု တွေးလိုက်မိလေသော အောင်ဇေမျက်နှာမှာ အပြုံးရိပ်တွေထင်နေလျက်ဖြင့်သာ။
0 Comments