#သုခမြို့တော်
အပိုင်း(၈)
ကာလကတ္တားသို့ ဟာစရီပါးတို့မိသားစု ရောက်လာပြီးနောက် များမကြာမီတွင် ဟောင်ရာဘူတာကြီးသို့ ဥရောပတိုက်သားတစ်ယောက် ရောက်လာပြန်သည်။ ထိုသူမှာ နှာခေါင်းချွန်ချွန်၊ မုတ်ဆိတ်ပါးပါး၊ ခေါင်းပြောင်ပြောင်နှင့် ဖြစ်သည်။ သူ့လမ်းလျှောက်ပုံမှာ ပေါ့ပါးသွက်လက်ပြီး အမေရိကန် ဇာတ်လိုက်မင်းသား ဂျက်နီကိုလ်ဆန်နှင့် ဆင်သည်။ ထိုလူသည် အိန္ဒိယအမျိုးသားများ ဝတ်လေ့ရှိသော ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီနှင့် ဘတ်စကက်ဘော ဖိနပ်တို့ကို စီးထား၏။ သူ့တွင် ပစ္စည်းဆို၍ ပခုံးတွင် လွယ်ထားသည့် အဝတ်ကျောပိုးအိတ်တစ်လုံးသာပါသည်။ သူ့လည်ပင်းတွင် ဆွဲထားသည့် အနက်ရောင်သတ္တုလက်ဝါးကပ်တိုင်သည် သူ့အခြေအနေကို ဖော်ပြနေ၏။ ထိုသူမှာ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ရှိ ပိုလန်လူမျိုး ဗရင်ဂျီဘုန်းကြီး ကိုဗာစကီးဖြစ်သည်။
သူ့အဖို့ ကာလကတ္တားသည် ရှည်ဝေးသော ခရီးပန်းတိုင်အဆုံးဖြစ်၏။ ကိုဗာစကီးသည် ပိုလန်ပိုင် ဆိုက်လေးရှားပြည်နယ် ကျောက်မီးသွေးတွင်း မြို့ကလေးတစ်မြို့ဖြစ်သည့် ကရစ်နစ်မြို့ကလေး၌ ၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့၏။ သူ့ဘိုးဘွားမိဘများအားလုံးသည် ကျောက်မီးသွေးတွင်း အလုပ်သမားများဖြစ်သည့်အလျောက် ကိုဗာစကီးသည် မည်းမှောင်ညစ်ထေးသော ကျောက်မီးသွေးတွင်းများတစ်ဝိုက်တွင် ကြီးပြင်းလာခဲ့သည်။
သူ့အသက် ငါးနှစ်သို့ ရောက်သည့်အခါတွင် အဖေသည် သူတို့မိသားစုကို ခေါ်ကာ သူ့ညီဝမ်းကွဲတစ်ဦးရှိရာ ပြင်သစ်ပြည်မြောက်ပိုင်းသို့ ပြောင်းလာခဲ့၏။ ပြင်သစ်ပြည်တွင် ကျောက်မီးသွေးတွင်းအလုပ်သမားတို့၏လစာမှာ ပိုလန်ပြည်မှာထက် ခြောက်ဆ ခုနစ်ဆခန့် များသည်။
၁၉၄၆ ခု၊ တစ်ညနေတွင် လူနာတင်ကားတစ်စီး သူတို့အိမ်ရှေ့သို့ ထိုးဆိုက်လာသည်ကို ကိုဗာစကီး မြင်လိုက်ရ၏။ သူ့အဖေကို လူနာတင်ကားထဲမှ ထမ်းထုတ်လာကြသည်။ သူ့အဖေမှာ တစ်ကိုယ်လုံး ပတ်တီးတွေ အဖွေးသားနှင့်။ ထိုနှစ်မှာ ပြင်သစ်ပြည်မြောက်ပိုင်း ကျောက်မီးသွေးချိုင့်ဝှမ်းကြီးတစ်ခုလုံး ရပ်တန့်ငြိမ်သက်သွားစေသည့် ကျောက်မီးသွေးတွင်းတူးသမားများ၏သပိတ်ကြီး ပေါ်ပေါက်သည့်နှစ်ဖြစ်သည်။ ပုလိပ်နှင့် သပိတ်မှောက်အလုပ်သမားများ အဓိကရုဏ်းဖြစ်ကြသည်တွင် ကိုဗာစကီးအဖေသည် မီးလောင်ကာ မျက်လုံးတစ်ဖက် ပျက်သွားခဲ့သည်။
ကိုဗာစကီး အဖေသည် စကားနည်း၍ ဘာသာတရားကိုင်းရှိုင်းသည့် လူတစ်ယောက်ဖြစ်၏ ။ နာကျည်းဖွယ်ကောင်းသော အတွေ့အကြုံကြောင့် သူ့အဖေသည် သူတို့ကျောက်မီးသွေးတွင်းတူးသမား၏ဘဝကို မကျေမနပ်ဖြစ်လာကာ အလုပ်သမားလှုပ်ရှားမှု ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။ နောင်တွင် သူသည် လက်ဝဲစွန်းနိုင်ငံရေးအဖွဲ့တစ်ခုတွင် ပါဝင်ကာ အဓိကရုဏ်းများ၊ တိုက်ပွဲများတွင် မကြာခဏ ခေါင်းဆောင်သူတစ်ယောက်ဖြစ်လာခဲ့သည်။ ဤတွင် အဖမ်းခံရ၏။ နောက်ရက်များ မကြာမီတွင် သက်ဆိုင်ရာ အာဏာပိုင်များသည် သူ့ဇနီးထံသို့ ရောက်လာကာ သူ့ယောက်ျားသည် အကျဉ်းတိုက်ထဲတွင် သူ့ကိုယ်သူ ကြိုးဆွဲချ အဆုံးစီရင်သွားပြီဖြစ်ကြောင်းဖြင့် လာရောက် အကြောင်းကြားကြသည်။
ကိုဗာစကီးသည် သူ့အဖေ၏ဖြစ်အင်ကို ထိုအတိုင်းပင် ကြည့်နေခဲ့ရသည်။ သူ့အဖေ အဆုံးစီရင်သွားခြင်းသည် သူ့အဖို့ တုန်လှုပ်ချောက်ချားစရာကြီးတစ်ခုဖြစ်နေ၏။ ကိုဗာစကီးသည် အစားအသောက်ကိုလည်း ကောင်းစွာ မစားတော့။ ဘေးမှလူများကပင် သူ့အတွက် စိုးရိမ်စပြုလာကြ၏။ ကိုဗာစကီးသည် အခန်းထဲတွင်အောင်းကာ သူ့အဖေက ပေးခဲ့သည့် “ကျူရင်မြို့မှ အလောင်းတော်ခြုံလွှာ” အမည်ရှိ ဘုရားကားရှေ့တွင် ထိုင်၍ တရားကျင့်သည်။ သူ့အခန်းထဲတွင် လက်ဝါးကပ်တိုင်မှအဆင်း ခရစ်တော်၏မျက်နှာတော်ကို ရေးထားသည့် ပန်းချီကား၊ ထိုစဉ်က ပြင်သစ်ပြည်တွင် နာမည်အကျော်ဆုံး အမျိုးသမီးအဆိုတော် အီးဒစ်ပီးယက်၏ရုပ်ပုံ၊ ဆာဟာရသဲကန္တာရထဲတွင် သွား၍ သာသနာပြုရန် ဘုန်းကြီးဝတ်သွားသော ပြင်သစ်မှူးမတ်တစ်ဦးဖြစ်သည့် ရှားလ်ဒီဖိုးကော၏ စာအုပ်တချို့ အပါအဝင် စာအုပ်အချို့သာရှိပြီး ထိုအရာများသာလျှင် သူ့အဖော်ဖြစ်နေ၏။
တစ်နေ့ မနက်၌ ကိုဗာစကီးသည် ကျောင်းသွားခါနီးတွင် အမေကို ဖက်ယမ်းနှုတ်ဆက်ကာ “ကျွန်တော်ကြီးရင် သာသနာပြုလုပ်မယ် အမေ” ဟု ပြောသည်။
ကိုဗာစကီးသည် အချိန်အတန်ကြာ စဉ်းစားခဲ့ပြီးမှ ထိုဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။ သူ့အဖေမရှိသည့်နောက် သူလည်း အိမ်မှာ မနေချင်တော့ပြီ။ ထို့ပြင် သူ့အဖေက အကြမ်းနည်းဖြင့် ကြိုးစားခဲ့သည့်အရာကို အနုနည်းဖြင့် အောင်မြင်အောင် ကြိုးစားမည်ဟုလည်း သူစိတ်ကူးလာခဲ့သည်။
ထိုစဉ်က ပြင်သစ်ပြည်မြောက်ပိုင်း ကျောက်မီးသွေးတွင်းများသည် နိုင်ငံခြားအလုပ်သမားတွေ အများကြီး ရောက်နေကြသည်။ အာဖရိကန်လူမျိုးတွေ၊ တူရကီလူမျိုးတွေ၊ ဆင်နီဂယ်လူမျိုးတွေ၊ ယူဂိုဆလပ်လူမျိုးတွေလည်း ပါဝင်ကြသည်။
“အဖေက သူ့ကိုယ်သူ တစ်ရပ်တစ်ကျေးက ပြောင်းလာတဲ့သူလို့ မထင်ဘူးလေ။ ဒီတော့ သူတို့နဲ့ တရင်းတနှီးနေတယ်။ သူ့အလုပ်သမားအဖွဲ့တွေထဲကို ပါလာအောင် စည်းရုံးတယ်။ ဒီလိုနဲ့ သူတို့အဖွဲ့သားတွေဟာ မိသားစုတစ်ခုတည်းလို ဖြစ်လာပြီး အဖေ့ကိုလည်း ဖခင်တစ်ယောက်လို ရိုသေလေးစားကြတယ်။ တချို့ဆိုရင် ကျောက်မီးသွေးတွင်းထဲက တက်လာပြီး အိမ်ကိုတောင် မပြန်ကြသေးဘဲ ကျွန်တော်တို့အိမ်ရောက်လာပြီး အဖေနဲ့ စကားစမြည်ပြောကြ တယ်။ အဲဒီတုန်းက တယ်လီဗီးရှင်းတို့ ဘာတို့လည်း မပေါ်သေးတော့ အိမ်ရောက်တယ်ဆိုရင် ထွေရာလေးပါး ပြောကြတော့တာပဲ။ အများအားဖြင့် တရားမျှတမှု၊ သွေးစည်းမှု၊ ညီရင်းအစ်ကို ချစ်ခင်မှုစတဲ့ နိုင်ငံရေးအကြောင်းအရာ တွေပေါ့လေ။
တစ်နေ့တော့ ဘာဖြစ်လို့မှန်း မသိဘူး။ ဆီနီဂယ် အမျိုးသားတစ်ယောက်က အဖေ့ကို ထ,ပြီး ဝေဖန်တယ်။ ခင်ဗျားက ခင်ဗျားကိုယ်ကိုခင်ဗျား ကျွန်တော်တို့လူမည်းတွေနဲ့ အတူတူပါပဲလို့တော့ ပြောတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ဘဝကို ခင်ဗျား သေသေချာချာ နားမလည်ပါဘူး။ ကျွန်တော်တို့အလုပ်သမားတွေကို တကယ်ချစ်ရင် ခင်ဗျား အာဖရိကန်တွေနေတဲ့ မြို့သစ်တို့၊ ကွက်သစ်တို့ကို သွားနေကြည့်ပါလား။ အဲဒီအခါကျရင် ကျွန်တော်တို့ဘဝမှန်ကို သေသေချာချာ သိလာလိမ့်မယ်လို့ ပြောတယ်။ အဲဒီလူကြီးရဲ့ စကားကို ကျွန်တော် ဘယ်တော့မှ မမေ့တော့ဘူး” ဟု ဗာစကီးက ပြောသည်။
ကိုဗာစကီးသည် သူ့စကားများကို နားထဲတွင် စွဲနေသည်။ ၁၉၄၀ ခု တဝိုက်လောက်တုန်းက သူတို့ကျောက်မီးသွေးတွင်းဝနားက ပေတစ်ရာကြီးပေါ်တွင် နောက်မှ လိုက်လာသော ဂျာမန်စစ်တပ်ကြီးကို လွတ်အောင်ပြေးလွှားနေကြသော ဘယ်လ်ဂျီယံဒုက္ခသည်များကို မြင်ခဲ့ဖူးသည်။ ကျောင်းကဆင်းသည့်အခါတွင် ကိုဗာစကီးသည် ဒုက္ခသည်များကို ဆီး၍ ရေတိုက်သည်။
ထို့နောက် ရေဝတီကလေးငယ်များအား နာဇီတို့က ဝိုင်းဝန်းဖမ်းဆီးသွားသည်ကိုလည်း သူမြင်ခဲ့ဖူးပြီ။ သူ့မိဘများနှင့်အတူ ကိုဗာစကီးသည် ရေ၀တီများကို ချုပ်နှောင်ထားသည့် သံဆူးကြိုးအနီးသို့သွားကာ ပေါင်မုန့်များ၊ ဒိန်ခဲများ၊ ပိုက်ဆံများကို ပစ်ပေးခဲ့ဖူးသည်။ စစ်ကာလတစ်လျှောက်လုံးပင် ကျောက်မီးသွေးအလုပ်သမားများသည် သူတို့တွင်ရှိသည့် မဝရေစာကလေးထဲမှ ဝေကာခြမ်းကာ ရေဝတီအကျဉ်းသားများကို တစ်လျှောက်လုံး ကျွေးမွေးလာခဲ့ကြသည်။ ထိုမတရားမှုတို့ကို မြင်ရာမှ ကိုဗာစကီးသည် တရားမှုကို ချစ်ခင်လာတတ်ခြင်းဖြစ်သည်။ ထိုရက်စက်မှုတို့ကို တွေ့ကြုံရာမှ မေတ္တာနှင့်ကရုဏာ၏ အဓိပ္ပာယ်တို့ကို သူပို၍ သဘောပေါက်လာခဲ့ခြင်းဖြစ်သည်။
ကိုဗာစကီးသည် ကျောက်မီးသွေးတွင်းတူး အလုပ်သမားများ၏မြို့ ကလေးမှ ထွက်လာခဲ့ကာ ဘယ်လ်ဂျီယံရှိ ကျမ်းစာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းတက်သည်။ ခရစ်ဝင်ကျမ်းကိုဖတ်ရင်း ဆင်းရဲသားများထဲတွင် သွား၍ ခရစ်ယာန်သာသနာပြုချင်စိတ်ပေါ်လာခဲ့သည်။ ထို့ကြောင့် ဘယ်လ်ဂျီယံပြည်ရှိ လိုဗိန်းကျမ်းစာသင်ကျောင်းမှ ဆရာတစ်ယောက်နှင့် တွေ့သည်တွင် ဆင်းရဲသားတိုင်းပြည်များသို့ သွား၍ သာသနာပြုလုပ်ငန်းလုပ်ရန် စီစဉ်ပေးသည်။
ကိုဗာစကီးသည် ၁၉၆၀ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် သိက္ခာတော်ရ ဘုန်းကြီးအဖြစ် သင်္ကန်းစည်းသည်။ ထိုအချိန်၌ သူသည် ၂၇ နှစ် ရှိလေပြီ။ ထိုနေ့ညနေတွင် သူသည် ရထားဖြင့် အမေ့ထံလိုက်လာခဲ့၏။ အမေမှာ နှလုံးရောဂါကြောင့် ဆေးရုံတက်နေရ၏။ အမေသည် သူ့သားကို နောက်ဆုံးအကြိမ် ပွေ့ဖက်နှုတ်ဆက်ပြီးနောက် စက္ကူဖြင့် ပတ်ထားသည့် သေတ္တာကလေးတစ်လုံးကို ပေးလိုက်၏။ ထိုသေတ္တာကလေးထဲရှိ ဂွမ်းဖတ်ပေါ်တွင် အနက်ရောင်သတ္တုဖြင့် လုပ်ထားသည့် လက်ဝါးကပ်တိုင်ကလေးတစ်ခုပါရှိသည်။ ထိုလက်ဝါးကပ်တိုင်ပေါ်တွင် သူ့မွေးနေ့နှင့် သူရဟန်းခံသည့် နေ့စွဲနှစ်ခုကို ရေးထိုးထား၏။
“ဒီလက်ဝါးကပ်တိုင်ကလေးနဲ့ ဘယ်တော့မှ မခွဲနဲ့နော် ငါ့သား၊ လည်ပင်းမှာ အမြဲဆွဲထား၊ ဘယ်သွားသွား အန္တရာယ်ကင်းတယ်” ဟု အမေက ပြောသည်။
ကမ္ဘာတွင် အဆင်းရဲဆုံးလူမျိုးများမှာ ဥရောပတွင်မရှိ။ တတိယကမ္ဘာနိုင်ငံများတွင် ရှိကြောင်းကို သူသိသည်။ ထို့ကြောင့် တောင်အမေရိကသို့ သွားမည်ဟု စိတ်ကူးကာ ကျမ်းစာသင်ကျောင်း နောက်ဆုံးနှစ်တွင် စပိန်ဘာသာကို သင်သည်။ သို့ရာတွင် သူတို့သာသနာပြုအဖွဲ့က သူ့ကို အိန္ဒိယပြည်သို့ သွားရန် ညွှန်ကြားလိုက်၏။
အိန္ဒိယပြည်ဆိုပါကလား။ သဘာဝပစ္စည်းတို့ အလျှံပယ်ပေါကြွယ်သည့် တိုင်းပြည်ကြီး။ သို့တိုင် အလွန်ဆင်းရဲနုံချာသည့် တိုင်းပြည်ကြီး။ စိတ်တန်ခိုးစွမ်းအင်ကို အလွန်အရေးပေးသည့်တိုင် ပြင်းထန်သည့် လူမျိုးရေး၊ နိုင်ငံရေးနှင့် ဘာသာရေး ပဋိပက္ခတို့ဖြင့် ပြည့်နှက်လျက်ရှိသည့် တိုင်းပြည်ကြီး။ ဂန္ဒီ၊ ရာမာကရစ်သျှဏနှင့် ဆွာမိဝိဝေကနန္ဒာတို့လို သူတော်စင်တွေ ရှိသည့်တိုင် ယုံနိုင်စရာမရှိအောင် အကျင့်ပျက်နေသည့် နိုင်ငံရေးခေါင်းဆောင်တွေ ပေါသည့် တိုင်းပြည်ကြီး။
ဒုံးပျံနှင့် ဂြိုဟ်တုများကို လွှတ်တင်နေသည့်တိုင် လူဆယ်ယောက်လျှင် ရှစ်ယောက်တို့မှာ လှည်းဖြင့်သာ ခရီးသွားဖူးသည့် တိုင်းပြည်ကြီး။ လှပသည့် ရှုခင်း၊ အဆန်းဆန်းအကြယ်ကြယ်တို့ ပေါသည့်တိုင် ဘုံဘေနှင့် ကာလကတ္တားတို့မှာကဲ့သို့ ဆင်းရဲသားရပ်ကွက်များမှ အနိဋ္ဌာရုံတို့ကို မြင်နေရသည့် တိုင်းပြည်ကြီး၊ မြင့်မြတ်မှုသည် ယုတ်နိမ့်မှုနှင့် ဘေးချင်းယှဉ်ရပ်နေသည့် တိုင်းပြည်ကြီး။
ကိုဗာစကီးသည် အိန္ဒိယပြည်တွင် ပဝတ္တိနေထိုင်သူအဖြစ် ဗီဇာလျှောက်သည်။ သို့ရာတွင် တော်တော်နှင့်မရ၊ ငါးနှစ်မျှကြာသည်။ အိန္ဒိယအရာရှိတို့ကမူ သက်ဆိုင်ရာ စာရွက်စာတမ်းများ ရပါစေမည်ဟု ကတိပေးကြ၏။ သို့ရာတွင် သူ့ဗီဇာမျိုးမှာ ကမ္ဘာလှည့်ခရီးသည် ဗီဇာမျိုးမဟုတ်။ ပဝတ္တိအဖြစ် နေထိုင်သူ ဗီဇာမျိုးဆိုလျှင် သံရုံးမှပေး၍မရ။ ဒေလီရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှသာ ထုတ်ပေးနိုင်သည်။ ထိုအထဲတွင် သူ့ဗီဇာတွင် သူ့အလုပ်အကိုင်မှာ သာသနာပြုဟု ရေးထားသည့်အတွက် ပို၍ ခက်သည်။
အိန္ဒိယသည် သာသနာပြုများကို ဝင်ခွင့်မပေးခဲ့သည်မှာ ကြာလှပြီ။ အကြောင်းကိုမူ မသိရ။ သို့ရာတွင် ဟိန္ဒူဘာသာဝင်အများအပြား ခရစ်ယာန်ဖြစ်သွားခြင်းနှင့် ပတ်သက်၍ အိန္ဒိယအစိုးရက အတိအလင်း ရှုတ်ချထားသည်။
သူ ဘုန်းကြီးဖြစ်ပြီး ငါးနှစ်မြောက်နေ့ဖြစ်သည့် ၁၉၆၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင်မူ ကိုဗာစကီး စိတ်မရှည်နိုင်တော့ပြီ။ သာသနာပြုအဖွဲ့မှ အာဏာပိုင်များ၏သဘောတူညီချက်ဖြင့် အိန္ဒိယသို့ သွားရန် ကမ္ဘာလှည့်ခရီးသည် ဗီဇာတစ်ခု လျှောက်လိုက်သည်။ သူ့အလုပ်အကိုင်ကိုလည်း သာသနာပြုဟု ဖော်ပြခြင်းမပြုတော့ဘဲ ကျွမ်းကျင်စက်ရုံအလုပ်သမားဟု ဖော်ပြလိုက်သည်။
နောက်တစ်နေ့တွင်မူ သူ့နိုင်ငံကူးလက်မှတ်နှင့်အတူ အိန္ဒိယနိုင်ငံတော် တံဆိပ်ခတ်နှိပ်ထားသည့် ဗီဇာတစ်ခု သူ့ထံရောက်လာသည်။ ဗီဇာထဲတွင် သုံးလနေခွင့်ပြုသည်ဟု ဆိုထားသည့်တိုင် ကိုဗာစကီး၏စွန့်စားခန်းသည် အစပြုနိုင်လေပြီ။ သူ့ပန်းတိုင်ဖြစ်သည့် ကာလကတ္တားသို့ရောက်လျှင် အိန္ဒိယပြည်တွင် ရာသက်ပန် နေထိုင်ခွင့်ရအောင် ကြိုးစားမည်ဟု သူစိတ်ကူးသည်။
ဘုံဘေသို့ရောက်လျှင် ကာလကတ္တားသို့ တိုက်ရိုက်မသွားသေး။ အိန္ဒိယပြည်နှင့် ကျွမ်းဝင်ရင်းနှီးအောင် အဝေးဆုံးလမ်းမှသွားရန် သူဆုံးဖြတ်သည်။ ထို့ကြောင့် ဘုံဘေမြို့ရှိ ဝိတိုရိယဘူတာရုံကြီးသို့ရောက်လျှင် တတိယတန်း လက်မှတ်တစ်စောင်ကို ဝယ်ကာ တောင်ဘက်ရှိ ထရီဗာဒရမ်သို့ လိုက်လာခဲ့သည်။
မီးရထားသည် ဘူတာတိုင်းတွင် ရပ်၏။ ဘူတာရပ်လျှင် ခရီးသည်တို့က အောက်သို့ဆင်းကာ ချက်ပြုတ်ခြင်း၊ ကိုယ်လက်သန့်စင်ခြင်းတို့ကို လုပ်ကြသည်။ အနားတွင် ခွေးတွေ၊ နွားတွေ၊ ကျီးကန်းတွေ၊ ဈေးသည်တွေ၊ ကူလီတွေထဲမှာပင် သူတို့တစ်တွေ ချက်ပြုတ်စားကြသည်။ သူများတွေ နေသလို သူနေသည်။ သူများတွေ စားသလို သူစားသည်။
တစ်ခါတွင် လိမ္မော်သီးတစ်လုံး ဝယ်သဖြင့် ငွေတစ်ကျပ်ထုတ်ပေးလိုက်၏။ လိမ္မော်သီးသည်က ပြန်မအမ်း။ ပြန်အမ်းဖို့ ပြောသည့်အခါတွင် လိမ္မော်သီးသည်က စိတ်ဆိုးမာန်ဆိုးဖြင့် “သခင်ဆပ်တစ်ယောက် လုပ်နေပြီး ဒီလောက် ဘိုင်ကျရသလား” ဟု ဆောင့်ကြီးအောင့်ကြီးဖြင့် ပြောသည်။
လိမ္မော်သီးကလေးကို နွှာစားမည့်အပြုတွင် သူ့ရှေ့တွင် မျက်လုံး ခိုပြာဆေး ဆိုးထားသည့် ကလေးမတစ်ယောက်လာ၍ တောင်းသဖြင့် တစ်ခြမ်းကို ခွဲဝေပေးလိုက်ရသေးသည်။
“ကျွန်တော်က လိမ္မော်သီး ပေးလိုက်တော့ ကလေးမလေးက ပြန်ပြေးတယ်။ ဒါနဲ့ ကျွန်တော်လိုက်ကြည့်တော့ လိမ္မော်သီးကလေးတစ်ခြမ်းကို သူ့ညီအစ်ကိုမောင်နှမတစ်သိုက် ဝေစားနေတာ တွေ့ရတယ်” ဟု ကိုဗာစကီးက သူ့အမေထံ စာရေးသည်။ ဖိနပ်တိုက်သည့်ကောင်လေးတစ်ယောက် သူ့အနားတွင် ရစ်ဝဲရစ်ဝဲလုပ်နေသဖြင့် သူက ပြုံးပြသည်။ သို့ရာတွင် သူ့အပြုံးသည် ဝမ်းဗိုက်ကို အဆာပြေအောင် မတတ်နိုင်။ ထို့ကြောင့် ဆာလျှင်စားဖို့ သူ့ကျောပိုးအိတ်ထဲတွင် ထည့်ထားသည့် ငှက်ပျောသီးတစ်လုံးကို ပေးလိုက်ရ၏။ “ဒီလိုသာ ပေးနေရရင်တော့ ကြာရင် ကျွန်တော်ပါ ငတ်ပြီးသေလိမ့်မယ်” ဟု ကိုဗာစကီးက ပြောသည်။
ရထားတွဲတွင် လူတွေကလည်း ပြွတ်သိပ်နေသည်။ အပူရှိန်ကလည်း ပြင်းသည်။ ဖုန်ကလည်းထူသည်။ ရထားစီးရင်း သူ့လည်ချောင်းတွေ ကွဲစပြုလာသည်။ စကားပြောသံ၊ ငိုသံ၊ ရယ်သံ၊ လူနံ့တို့ ပြိုးပြွမ်းနေသော မီးရထာခရီးသည် လူထုများဆီသို့သွားမည့် မဟာခရီးဖြစ်သည်။ တောင်ပိုင်းဘူတာရုံတစ်ခုသို့ ရောက်သည့်အခါ ကိုဗာစကီးသည် အိန္ဒိယတိုင်းရင်းသားတို့၏ အစားအသောက်နှင့် ပထမဆုံး ဖူးစာဆုံရတော့သည်။
“ကျွန်တော်လဲ သူတို့လိုထိုင်ပြီး သူတို့ကို အကဲခတ်ကြည့်တယ်။ သူတို့က လက်နဲ့စားတော့ ကျွန်တော်ကလဲ လက်နဲ့စားတယ်။ သူတို့ဟင်းတွေက စပ်လိုက်ပူလိုက်တာ အမေရယ်။ လူတွေကတော့ ကျွန်တော့်ကို အထူးအဆန်းဆိုပြီး ဝိုင်းကြည့်ကြတာပေါ့” ဟု ကိုဗာစကီးက သူ့အမေထံသို့ ရေးသည်။
နောက် ဆယ်ရက် ကြာသောအခါတွင် ကိုဗာစကီးသည် ကာလကတ္တားသို့ ရောက်လာခဲ့လေသတည်း။
အပိုင်း(၉)ဆက်ရန်
----------------
0 Comments