သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၉)

#သုခမြို့တော် 

အပိုင်း(၉)

အိန္ဒိယလူမျိုးသည် ကမ္ဘာတွင် အသန့်အကြိုက်ဆုံး လူမျိုးဖြစ်သည်။ မည်မျှ ဆင်းရဲဆင်းရဲ ကာလကတ္တားမြို့ကြီးထဲက ပလက်ဖောင်းပေါ်တွင် မည်သို့နေရ နေရ သူတို့ထုံးစံကိုမူ ပြောင်းလဲခြင်းမပြု။ 

ဓာတ်ရထားလမ်းမှ မနက်အစောကြီး ဓာတ်ရထားသံကို ကြားသည်နှင့် ဟာစရီပါးသည် အိပ်ရာမှထကာ “သဘာဝကိစ္စ” တို့ကို ဆောင်ရွက်သည်။ သူတို့လမ်းနှင့်မျက်နှာချင်းဆိုင်ရှိ မြောင်းနှုတ်ခမ်းသို့သွားကာ အခြားသူများနည်းတူ ကိုယ်လက်သုတ်သင်သည်။ သို့ရာတွင် အစာရေစာကောင်းစွာ မစားရသည့်အလျောက် သူ့ကိစ္စသည် ဘာမျှမကြာလိုက်။ သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လည်း မကြည့်။ သူတို့သည် ပြုဖွယ်ကိစ္စကို ပြုနေကြခြင်းသာဖြစ်သည် မဟုတ်လော။

အာလောကနှင့် အမျိုးသမီးများသည်လည်း ယောက်ျားများထက်စော၍ အိပ်ရာမှထကာ သူတို့ကိစ္စကို လုပ်ဆောင်ပြီးစီးကြလေပြီ။ ထို့နောက် ဟာစရီပါးသည် ရေချိုးရန် ရေဘုံပိုင်သို့သွား၍ တန်းစီ၏။ အမှန်အားဖြင့် ရေချိုးသည့် ရေဘုံပိုင်မဟုတ်။ မီးသတ်ပိုက်ခေါင်းတစ်ခုသာဖြစ်သည်။ ညစ်ပတ်နောက်ကျိနေသော ရေသည် မီးသတ်ပိုက်ခေါင်းမှ ဒလဟော ထွက်နေ၏။ သူအလှည့်သို့ရောက်သော် ဟာစရီပါးသည် ဆောင့်ကြောင့် ထိုင်ကာ ခေါင်းကို ရေတစ်ခွက်လောင်းသည်။ ထို့နောက် သဲဆပ်ပြာကြမ်းဖြင့် သူ့တစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံး ခပ်ကြမ်းကြမ်းပွတ်သည်။ မည်မျှလောက် ချမ်းအေးသည်ဖြစ်စေ၊ မည်မျှလောက် ဆာလောင်သည်ဖြစ်စေ ထိုသန့်စင်ခြင်းကိုကား လူကြီး လူငယ်မရွေး မနက်တိုင်း လုပ်ကြသည်။

ထို့နောက်တွင်မူ ဟာစရီးသည် သူ့ကလေး အကြီးနှစ်ကောင်ကိုခေါ် ၍ ဈေးကြီးသို့ ထွက်လာခဲ့၏။ ဈေးကြီးထဲတွင် ပုပ်စပြုနေသော စားစရာတွေ တစ်ပုံကြီးရှိသည်။ ထိုအပုံကြီးထဲမှ ကောင်းနိုးရာရာကို ရွေး၍ ကောက်သည်။ သူတို့လိုပင် စွန့်ပစ်သည့်ပစ္စည်းပုံထဲတွင် ကောက်နေသူတွေ တစ်ပုံတပင်။

ကာလကတ္တားသို့ သူတို့ရောက်သည်မှာ ခြောက်ရက်ရှိသွားလေပြီ။ ထိုနေ့မနက်၌ ဟာစရီပါးသည် ကလေးနှစ်ယောက်ကို အမှိုက်ပုံတွင် ထားပစ်ခဲ့ကာ သူကိုယ်တိုင်မှာမူ ဈေးကြီးထဲတွင် လျှောက်၍ သူတို့ရွာမှ ကူလီကောင်လေးကိုလိုက်ရှာသည်။ ရှာရင်းလည်း ဆိုင်တကာဆိုင်ဝင်၍ ကူလီလိုသလားဟု စုံစမ်းသည်။

တစ်ခါတစ်ရံတွင် တစ်ခါတုန်းကလို အားပြတ်၍လဲကျသူရှိလျှင် ဝင်၍လုပ်နိုင်ရန် ပစ္စည်းတွေ တနင့်ကြီးတင်သွားသည့် ချယ်ဂါရီကြီးများနောက်သို့ မယောင်မလည်ဖြင့် လိုက်သွားတတ်သည်။ ဝမ်းဗိုက်လည်း ဆာလှပြီ။ ခေါင်းကလည်း မူးလှပြီ။ စိတ်ပျက်အားငယ်မှုကြောင့် သူ့ရင်ထဲတွင်လည်း လေးလံနေပြီ။ ဟာစရီပါးသည် မူးသလိုလိုဖြစ်လာသဖြင့် နံရံတစ်ခုကိုမှီ၍ ထိုင်လိုက်သည်။

“ပိုက်ဆံကလေးဘာလေး ရတဲ့အလုပ် လုပ်မလား” ဟု မေးသံတစ်သံကို ကြားလိုက်ရသဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။

အရပ်ပုပု၊ လူခပ်သေးသေးတစ်ယောက်၊ မျက်မှန်နှင့်။ သူ့ကိုကြည့်ရသည်မှာ ဈေးသည်နှင့် မတူ၊ ရုံးအမှုထမ်းတစ်ယောက်နှင့်တူသည်။ ဟာစရီပါးသည် သူ့ကို တအံ့တဩဖြင့် လှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

“ဒါဖြင့် လာ၊ ငါနဲ့လိုက်ခဲ့၊ တစ်နေရာရောက်ရင် မင်းသွေးကို ဖောက်ယူလိမ့်မယ်၊ ပြီးတော့ မင်းကို ငွေသုံးဆယ်ပေးလိုက်လိမ့်မယ်၊ အဲဒီအထဲက မင်းက ဆယ့်ငါးကျပ်ယူ၊ ငါ့ကို ဆယ့်ငါးကျပ်ပေး”

“ဗျာ၊ ကျွန်တော့်သွေးကို ငွေသုံးဆယ်ပေးမယ် ဟုတ်လား၊ ကျွန်တော့်လို့ ဆင်းရဲသားရဲ့ သွေးကို ဘယ်သူက ငွေသုံးဆယ်ပေးမှာလဲဗျ”

“မင်း နားမလည်ပါဘူးကွာ၊ သွေးဟာ သွေးပဲပေါ့။ ပညာရှိဆီကလာလာ၊ သူတောင်းစားဆီကလာလာ၊ ဗိုက်ကြီးရွှဲနေတဲ့ မာရဝါရီ ကုန်သည်ကြီးဆီကပဲ ဖြစ်ဖြစ်၊ မင်းလို လမ်းဘေးက ဆင်းရဲသားဆီကပဲဖြစ်ဖြစ် သွေးဟာ
သွေးပဲပေါ့” 

ဟာစရီပါးသည် သူပြောသည့်စကားကို သဘောပေါက်သွား၏။ ထိုင်ရာမှထကာ သူ့နောက်သို့ လိုက်လာခဲ့သည်။

ထိုသူမှာ ကာလကတ္တားမြို့ အနှံ့တွင် တွေ့ရတတ်သည့် သွေးပွဲစား ဖြစ်၏။ ကာလကတ္တားတွင် ဘယ်အလုပ်ဖြစ်ဖြစ် ပွဲစားတွေ ပြည့်နေသည်။ ယခု ထိုသူမှာလည်း ကာလကတ္တားမြို့တွင်ရှိသည့် သွေးဘဏ်များအတွက် သွေးရှင်ကို လိုက်ရှာနေသည့် ပွဲစားဖြစ်သည်။ သွေးပွဲစားသည် စက်ရုံများ၊ ဈေးများ၊ အလုပ်စခန်းများသို့သွားကာ အလုပ်မရှိသူများကို လိုက်ရှာသည်။ အစ္စလာမ်ဘာသာဝင်တို့မှာ သွေးလှူခြင်းကို တားမြစ်ထားသဖြင့် သွေးပွဲစားသည် ဟိန္ဒူဘာသာဝင်များကို အဓိကထား၍ လိုက်ရှာတတ်သည်။

ကြံရာမရဖြစ်နေသူတစ်ယောက်အဖို့ သူ့အသက်ရှင်ရေးအတွက် ဒီနည်းမှလွဲ၍ အခြားနည်း မရှိတော့ပြီ။ ဤတွင် အချောင်သမားတို့ကလည်း ထိုသွေးဖြင့် စီးပွားရှာကြသည်။ ကာလကတ္တားမြို့ကြီးတစ်မြို့မှ ဆေးရုံများ၊ ဆေးခန်းများအတွက် တစ်နှစ်လျှင် သွေးပုလင်း ထောင်ဆယ်ပေါင်းများစွာ လိုသည်။ ဘင်္ဂလားပြည်နယ်အစိုးရသည် သွေးဘဏ်လေးခုလောက် ဖွင့်ထားသည့်တိုင် ထိုဘဏ်များမှ သွေးသည် ဆင့်ပါးစပ်ကို နှမ်းပက်သည့်နှယ်။ ဤတွင် ပုဂ္ဂလိကစီးပွားရေးသမားများက သွေးအရောင်းအဝယ်ဈေးကွက်သို့ ဝင်လာကြသည်။ ဆရာဝန်တစ်ယောက်နှင့် ပေါင်းပြီး ဆေးခန်းလိုင်စင်ရအောင် ကျန်းမာရေးဌာနတွင် လိုင်စင်လျှောက်သည်။ အခန်းကလေးတစ်ခု ငှားသည်။ ရေခဲသေတ္တာတစ်လုံး ဝယ်သည်။ ဆေးထိုးအပ်၊ သွေးပိုက်၊ သွေးပုလင်းတို့ကို ဝယ်ကာ ဆေးခန်းကလေးတစ်ခန်းဖွင့်ပြီး ဆရာဝန်တစ်ယောက်ကို ငှားသည်။ တစ်လလျှင် ဆယ်သန်းလောက် ဝင်ငွေရှိသည်ဆို၏။ အပြိုင်အဆိုင်များလာလျှင်မူ ဝင်ငွေလျော့သွားတတ်သည်။

ဟာစရီပါးသည် သူ့ကို ပိုက်ဆံရှာပေးမည့် မျက်မှန်နှင့်ကျေးဇူးရှင် မောင်မင်းကြီးသားနောက်သို့ လိုက်လာခဲ့သည်။ သူ့ကို လမ်းကွေ့လမ်းကောက်များအတိုင်း ခေါ်သွားပြီး ချောင်ရင်ဂီလမ်းမကြီးသို့ ရောက်သည်။ ထို့နောက် ပျော်ပွဲစားရုံ၊ ကပွဲများ၊ ဇိမ်ခံပစ္စည်း စသည့် ဆိုင်များရှိသည့် ပန်းခြံလမ်းသို့ ခေါ်သွားသည်။ ထို့နောက် အထက်ဆုံး ဘလောက်သို့ ခေါ်သွားပြီး ဆေးခန်းတစ်ခန်းရှေ့တွင် ရပ်လိုက်သည်။ ထို့နေရာမှာ ယခင်က ကားရုံဟောင်းတစ်ခုဖြစ်၏။

မရှေးမနှောင်းပင် ဆေးခန်းဝမှ မျက်နှာချုံးကျလျက် ကွမ်းတွေ ဝါးထားသည့် လူတစ်ယောက်ထွက်လာကာ “ဘာလဲ သွေးရောင်းမလို့လား” ဟု ခပ်တိုးတိုး မေးသည်။ မျက်မှန်နှင့်လူက ခေါင်းညိတ်ပြလိုက်၏။

“ဒါဖြင့်လာ၊ ကျွန်တော်နဲ့လိုက်ခဲ့၊ ဒီဆေးခန်းက သိပ်ဈေးမပေးဘူး။ လေးဆယ်ပေးတဲ့ ဆေးခန်းတစ်ခန်းရှိတယ်၊ ငါးကျပ်ကို ကျွန်တော့်ပေး၊ ကျန်တာတော့ ခင်ဗျားတို့ ယူကြပေါ့”

ထိုလူမှာလည်း ကြားပွဲစားတစ်ယောက်ပင်။ လမ်းနှစ်လမ်းကျော်ရှိ ဆေးခန်းမှ ပွဲစားလည်းဖြစ်၏။

ဆေးခန်းရှေ့တွင် ပိုင်ရှင်သုံးဦး၏အမည် အတိုကောက်ကို ဆိုင်းဘုတ်ချိတ်ထား၏။ ထိုဆေးတိုက်၏အမည်မှာ စီအာစီ ဆေးတိုက်ဖြစ်ပြီး ကာလကတ္တားတွင် ရှေးအကျဆုံးသော ဆေးခန်းတစ်ခန်းလည်းဖြစ်၏။ သူများဆေးခန်းထက် ငွေတစ်ဆယ်ပိုပေးခြင်းမှာ စေတနာကောင်းသောကြောင့်မဟုတ်။ သူများဆေးခန်းက သွေးရှစ်အောင်စထုတ်ယူသည်ကို သူတို့ဆေးခန်းက သွေးဆယ်အောင်စ ထုတ်ယူလိုက်သောကြောင့်ဖြစ်၏။ ထို့ကြောင့် အပိုကြေး အဖြစ် သွေးရောင်းသူအား ငှက်ပျောသီးတစ်လုံး၊ ဂလူးကို ဘီစကွတ် သုံးချပ်လည်း ကျွေးလိုက်သေးသည်။ 

ထိုဆေးခန်းတွင် အကြီးအကဲမှာ နာမည်ကျော် သွေးပါရဂူတစ်ဦးဖြစ်သည့် ဒေါက်တာရာနာဆိုသူဖြစ်သည်။ ဒေါက်တာရာနာသည်လည်း သွေးအရောင်းဝယ်လုပ်ငန်းတွင် ခွေးသွားဆိပ်ကလေးတစ်ခုဖြစ်၏။ သူသည် အစိုးရသွေးလှူဘဏ်တစ်ခုတွင် ညွှန်ကြားရေးမှူးဖြစ်နေသဖြင့် သူ့ဘဏ်သို့လာ၍ သွေးလှူသူများ၊ သွေးဝယ်သူများကို သူ့ကိုယ်ပိုင်ဆေးခန်းသို့ သွားရန် ညွှန်ကြားလေ့ရှိ၏။

သူ့နေရာမှာနေ၍ ထိုအလုပ်ကိုလုပ်ရသည်မှာ လွယ်ဘိခြင်း။ သွေးလှူလာသူ၊ သွေးရောင်းလာသူကို သူ့ဆေးခန်းသို့ ညွှန်လိုက်ရုံသာရှိ၏။ သွေးဝယ်လာသူကိုလည်း ထိုဆေးခန်းတွင် လိုသည့်သွေးအုပ်စုကို ရနိုင်ကြောင်း ပြောလိုက်ရုံမျှသာ။ သို့ရာတွင် ထိုသို့ သွေးအရောင်းအဝယ်ကိစ္စထက် ဆိုးသည့်ကိစ္စရှိသေး၏။ အချို့ဆေးတိုက်များ၌ သွေးဝယ်သွေးရောင်းကိစ္စများတွင် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ ကာကွယ်မှုများကို ပြုလုပ်ခြင်းမရှိကြ။ သွေးမထုတ်မီတွင် မည်သို့ စမ်းသပ်စစ်ဆေးရမည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ထားသည့် စည်းမျဉ်းတွေရှိသည်။ ထိုစည်းမျဉ်းများမှာလည်း ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါ။

အသည်းရောင် ဘီဗိုင်းရပ်စ်ရောဂါပိုး၊ ကာလသားရောဂါပိုး စသည်တို့ ရှိမရှိ စမ်းသပ်ကြည့်ရုံမျှသာဖြစ်သည်။ သို့ရာတွင် စီအာစီအပါအဝင် ပုဂ္ဂလိကသွေးလှူဘဏ်များတွင် ထိုဗိုင်းရပ်စ်ရောဂါပိုးများသည် ဘာမျှ အရေးမကြီး။ သူတို့အဖို့ အရေးကြီးသည်မှာ အမြတ်အစွန်းရရေးသာဖြစ်သည်။

ဆေးခန်းသို့ရောက်သည့်အခါတွင် ဟာစရီပါးအား ခွေးခြေကလေးတစ်လုံးပေါ်တွင် အထိုင်ခိုင်းသည်။ အမျိုးသားသူနာပြုတစ်ဦးက သူ့လက်မောင်းအိုးတွင် ကြက်ပေါင်ကြိုးတစ်ခုကိုပတ်ပြီး ခပ်တင်းတင်း ချည်လိုက်သည်။ အခြားတစ်ယောက်က သူ့လက်မောင်းအကွေး ချိုင့်ထဲတွင် ထင်းထင်းကြီးပေါ်လာသည့် သွေးကြောထဲသို့ အပ်တစ်ချောင်းစိုက်လိုက်၏။ သူတို့နှစ်ယောက်သည် ပုလင်းထဲတွင် တဖြည်းဖြည်းမြင့်တက်လာသော နီရဲရဲအရာဝတ္ထုကို စိုက်ကြည့်နေကြသည်။

သွေးကို မြင်၍လော၊ သို့မဟုတ် ဘာရားဘဇားထဲတွင် တွေ့ရသော ရေရောင်းသူလက်ထဲက ဆိတ်ရေခွံအိတ်ကြီးထဲက ရေတွေလို မိမိသွေးတွေ ထွက်သွားသည်ကို သိလိုက်သောကြောင့်လော အဘယ်ကြောင့်ဟူ၍မသိ။
ဟာစရီပါးသည် အားပျော့နုံးခွေစပြုလာသည်။ အမြင်က မှုန်ဝါးစပြုလာသည်။ ခိုက်ခိုက်တုန်အောင် ချမ်းနေသည့်တိုင် သူ့မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်ကြီးတွေ ကျလာသည်။ သူနာပြုနှစ်ယောက်၏အသံသည် အခြားသော ဂြိုဟ်မှ ပြောနေသည့်နှယ် သဲ့သဲ့မျှသာဖြစ်နေသည်။

မှုန်ဝါးနေသောမျက်လုံးများဖြင့် မျက်မှန်နှင့်ကျေးဇူးရှင်ကို သူလှမ်းကြည့်၏။ ထို့နောက် လက်နှစ်ဖက်သည် သူ့ကိုလာကိုင်ကာ ခွေးခြေကလေးပေါ်သို့ တွဲအထိုင်ခိုင်းလိုက်သည်ကို သူသတိရသည်။ ထို့နောက် ခေါင်းထဲတွင် မိုက်ခနဲဖြစ်သွားကာ သတိလစ်သွားသည်။

သူတို့အဖို့သော် ထိုအဖြစ်မျိုးသည် ရိုးနေလေပြီ။ အလုပ်လုပ်ပင် မပျက်ကြ။ သူ့လို သွေးလာရောင်းရင်း မူးမေ့လဲကျသွားသူတို့ကို တွေ့ရဖန်များနေလေပြီ။ သူတို့သဘောအတိုင်းသာဆိုလျှင် တစ်ကိုယ်လုံး ခန်းခြောက်သွားအောင်
သွေးထုတ်ပစ် ဆိုလျှင်လည်း စုပ်ထုတ်ပစ်ကြမည်သာ။ သူတို့ကိုလည်း သွေးပုလင်းက ထမင်းကျွေးထားသည် မဟုတ်လော။

သတိရ၍ မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ အိပ်မက်ဆန်ဆန်မြင်ကွင်းတစ်ခုကို မြင်ရ၏။ တစ်ကိုယ်လုံး ဝတ်ရုံဖြူဝတ်ထားသူတစ်ဦးက သူ့ ကို ငှက်ပျောသီးတစ်လုံး လှမ်းပေးသည်။

“ကဲကဲ၊ စားလိုက်ဦးကလေးမ၊ ဒီငှက်ပျောသီးကိုစားလိုက်ရင် ဗိမ္ဘိမှာလို အားရှိလာလိမ့်မယ်” ဟု တစ်ယောက်က သူ့ကို လှောင်သည်။ (ဗိမ္ဗိမဟာဘာ ရတ ဇာတ်ထဲမှ ညီနောင်ငါးဦးတွင် ခွန်အားအကောင်းဆုံး ညီထွေးဖြစ်သည်။)

ဝတ်ရုံဖြူနှင့် လူသည် သူ့အိတ်ထဲမှ ပြေစာစာအုပ်တစ်အုပ်ကို ဆွဲထုတ်၏။ 

“နာမည် ဘယ်လိုခေါ်သလဲ”

ဟာစရီပါးက နာမည်ကို ပြောသည့်အခါ ခပ်သော့သော့ ရေးချပြီး စာရွက်ကို ဆုတ်လိုက်သည်။ 

“အဲဟိုမှာသွား လက်မှတ်ထိုး”

ဟာစရီပါးသည် လက်အုပ်ချီကာ သူပြောသည့်နေရာသို့သွား၍ ငွေထုတ်၏။ ငွေလေးဆယ်ကို အိတ်ထဲသို့ထည့်လိုက်သည့်အခါတွင် သူ့ကို သည်ဆေးတိုက်သို့ လိုက်ပို့သည့် လင်းတနှစ်ကောင်က အငမ်းမရသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။ အပြင်ရောက်လျှင် ပိုက်ဆံကို ခွဲဝေပေးရဦးမည်။

သူလက်မှတ်ထိုးခဲ့သည့် ပြေစာပေါ်တွင် ငွေလေးဆယ် မဟုတ်ဘဲ လေးဆယ့်ငါးကျပ် ရေးထားသည်ကိုမူ ဟာစရီပါးမသိ။ ဆေးတိုက်မှ သူနာပြုက သူတို့အတွက် ကော်မရှင်ကို နှုတ်ယူလိုက်ခြင်းဖြစ်သည်။

ဟာစရီပါးသည် ခေါင်းထဲတွင် မူးရိပ်ရိပ်ဖြစ်ကာ ဒယီးဒယိုင်ဖြင့် လာခဲ့သည်။ သူတို့နေသည့် ပလက်ဖောင်းကို တော်တော်နှင့် ရှာမတွေ့။ ဇနီးသည်နှင့် ကလေးတွေက သူ့ကို မျှော်လှပြီ။ ပွဲစားနှစ်ယောက်ကို ပေးပြီး သူ့အိတ်ထဲတွင် ကျန်သည့် ငွေဆယ့်ခုနစ်ကျပ်ခွဲအနက် ငွေငါးကျပ်ကို သူ့မိသားစုနှင့်အတူ “လူမဆန်သောမြို့ကြီး” ထဲတွင် ပထမဆုံး လုပ်ခအဖြစ် ရသည့်အတွက် အောင်ပွဲခံသည့် အထိမ်းအမှတ်အဖြစ် သုံးရန် ဆုံးဖြတ်သည်။

ဟာစရီပါးသည် ဘာလီတစ်ပေါင် ဝယ်သည်။ ထို့နောက် ဂျုံစေ့ပြုတ် အချိုရည်ဆမ်း နည်းနည်းဝယ်သည်။ ဆန်လှော်စေ့ အထုပ်နှစ်ဆယ် ဝယ်သည်။ ဆန်လှော်စေ့ကို သူ့အိမ်နီးနားချင်းများကိုလည်း ကျွေးရဦးမည် မဟုတ်လော။ ထို့နောက် သူကိုယ်တိုင်အတွက် ကွမ်းယာမွှေးတစ်ရာ ဝယ်သည်။ ကွမ်းယာသည် အားကိုဖြစ်စေသည် မဟုတ်လော၊ ခံတွင်းချဉ်သည်ကိုလည်း ပြေပျောက်စေသည် မဟုတ်လော။

အာလောကသည် သူ့ယောက်ျားကို မြင်လိုက်သည့်အခါတွင် လန့်သွား၏။ သူ့ယောက်ျား သည်ည အရက်တွေသောက်လာပြန်ပြီလား မဆိုနိုင်။ လက်ထဲတွင် ပိုက်လာသည့် အထုပ်တွေကို မြင်သည့်အခါတွင်လည်း သူ့ယောက်ျား အလစ်သုတ်လာပြီဟု ထင်လိုက်မိသည်။

ယောက်ျားထံ အပြေးအလွှား လာ၍ကြိုသော်လည်း ကလေးတွေက သူ့ရှေ့က ရောက်နေကြလေပြီ။ ဒရယ် မိလာသည့် ခြင်္သေ့ကြီးရှေ့တွင် ရောက်နေသည့် ခြင်္သေ့ပေါက်ကလေးများလို လုယူနေကြသည်။

ဟာစရီပါး၏လက်​မောင်း​ကွေးထဲတွင် ယခုတိုင် မြင်နေရသေးသည့် သွေးစို့နေသည့် အပ်ရာကလေးကိုမူ မည်သူမျှ သတိမထားမိကြ။

အပိုင်း(၁၀)ဆက်ရန်
-------------------
#မြသန်းတင့်

Post a Comment

0 Comments