#သုခမြို့တော်
အပိုင်း(၂၈)
ဆင်းရဲသား ရပ်ကွက်ကလေးပေါ်တွင် မီးပန်းတွေ လွှတ်နေသည့်အတွက် ကောင်းကင်ပြင်တွင် အလျှံတောက်သော မြွေတွေ တွန့်လိမ်နေကြသကဲ့သို့ ရှိသည်။
ဟိန္ဒူဘာသာဝင်တို့၏ ဒေဝါလီ မီးထွန်းပွဲတော်သည် ဆယ့်နှစ်လအနက် အမှောင်ဆုံးညတွင် ထွန်းညှိသည့် ပွဲတော်ဖြစ်ပြီး ဆောင်းကြိုသည့် ပွဲတော်လည်း ဖြစ်သည်။ ဒဏ္ဍာရီများနှင့် သင်္ကေတတို့ ကြီးစိုးရာ တိုင်းပြည်ဖြစ်သည့် အိန္ဒိယပြည်၌ ဒေဝါလီပွဲတော်သည် အလင်းရောင်က အမှောင်ကို အောင်ပွဲခံရာ ပွဲတော်ဟုလည်း ဆိုနိုင်သည်။ ဒဿဂီရိဆောင်ယူရာ သိင်္ဃိုရ်ကျွန်းသို့ပါသွားသော သီတာကို ရာမမင်းသားက ပြန်လည်ခေါ်ဆောင်လာသည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။
ဘင်္ဂလားတွင်မူ သေသူတို့၏ဝိညာဉ်များ ကောင်းရာသုဂတိသို့ သွားနိုင်ရန်အတွက် မီးထွန်းပေးခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ ထို့ပြင် မှောင်မည်းနေသည့် အိမ်တစ်အိမ်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်လေ့မရှိသည့် လက်ချမီးနတ်သမီးကို ပူဇော်သည့်ပွဲဟုလည်း ဆိုကြသေးသည်။ လက်ချမီးနတ်သမီးသည် အလှနှင့် စည်းစိမ်ဥစ္စာကိုပေးသည့် နတ်သမီးဖြစ်ရာ ထိုသို့ မီးထွန်းပူဇော်ခြင်းဖြင့် ဥစ္စာတိုးသည်ဟုလည်း ယူဆကြသည်။
သုခမြို့တော်မှ လူဆင်းရဲရပ်ကွက်ကလေးတွင်လည်း ဟိန္ဒူဘာသာဝင်တို့သည် ဒေဝါလီမီးထွန်းပွဲတော်ကို ဆင်နွှဲရန် အားကြိုးမာန်တက် ပြင်ဆင်နေကြ၏။ အချို့ကလည်း ထိုမီးထွန်းပွဲတော်သည် သျှီဝနတ်သားက သစ္စာမဲ့သည့် ကြင်ယာနတ်သမီး ပါဝတီနှင့် အန်စာလောင်းကစားခြင်း ပြုရာတွင် အနိုင်ရသဖြင့် ယင်းကို ပူဇော်သည့်အနေဖြင့် ကျင်းပသည်ဟု ဆိုကြသေး၏။ ထို့ကြောင့် ဒေဝါလီပွဲတော်သည် လောင်းကစားခြင်းကို ပူဇော်သည့်ပွဲဟုလည်း ဆိုနိုင်သည်။
ထိုနေ့ညတွင် ဟိန္ဒူဘာသာဝင်များသည် ဖဲကစားကြသည်၊ သို့မဟုတ် ကြွေအန်ကစားကြသည်။ ပိုက်ဆံရှိသူတို့က ပိုက်ဆံနှင့် ကစားကြသည်။ ပိုက်ဆံမရှိသူတို့က ငှက်ပျောသီး၊ ဗာဒံစေ့၊ သကြားလုံး စသည်တို့ဖြင့် ကစားကြသည်။ ကိုဗာစကီးလည်း ထိုညတွင် ကစားသည်။ မူဆလင်အမျိုးသားတို့နေသည့် လမ်းကြားလေးထဲမှာပင် မီးတွေ ထိန်ထိန်ဝေနေတော့သည်။ ဟိန္ဒူလက်ဖက်ရည်ဆိုင်ပိုင်ရှင်ကြီးက ကိုဗာစကီးကို ပိုကာကစားရန် လာခေါ်သည်။ ထိုနေ့ညက လက်ဖက်ရည်ဆိုင်တွင် ပိုကာကစားပြီး ပြန်လာသည့်အခါတွင် ကိုဗာစကီးသည် ထိုသတင်းကို ကြားရခြင်းဖြစ်၏။ သတင်းမှာ အခြားမဟုတ်။ သူ့အိမ်နီးနားချင်းဖြစ်သည့် မာဘူ၏ဇနီးသည် ကိုယ်ဝန် ခုနစ်လနှင့် ဆယ်လီမတစ်ယောက် ပျောက်ဆုံးသွားသည်ဆိုသည့် သတင်းဖြစ်သည်။
လွန်ခဲ့သည့်သုံးရက်လောက်က ဆယ်လီမ ရေဘုံပိုင်တွင် အဝတ်လျှော်နေစဉ် သူ့ဆီသို့ အိမ်နီးနားချင်းတစ်ဦး ရောက်လာသည်။ ထိုအိမ်နီးနားချင်းမှာ ဘီဘီဖြစ်သည်။ ဘီဘီမှာ ငယ်ငယ်က ကျောက်ပေါက်ခဲ့သဖြင့် မျက်နှာတစ်ခုလုံး
ကျောက်ပေါက်မာတွေ ပြည့်လျက်။ သူတို့ရပ်ကွက်ကလေးထဲတွင် လူတိုင်း တစ်ယောက်အကြောင်းကို တစ်ယောက်သိနေကြသည့်တိုင် ဘီဘီအကြောင်းကိုမူ မည်သူမျှ သေသေချာချာမသိကြ။
သူ့ယောက်ျားမှာ သာမန်စက်ရုံအလုပ်သမားတစ်ယောက်ဖြစ်သည့်တိုင် ဘီဘီသည် သုံးနိုင်ဖြုန်းနိုင်သည်။ သူတို့လမ်းထဲတွင် ဘီဘီတို့အိမ်သည် တစ်ခုတည်းသောတိုက်ဖြစ်သည်။ သူတို့တိုက်မျက်နှာကြက်တွင် အံ့သြဖွယ်ကောင်းသည့် ပစ္စည်းတစ်ခု ချိတ်ထားသည်။ ယင်းမှာ အခြားမဟုတ်။ လျှပ်စစ်မီးပွင့်ဖြစ်သည်။ ထို့ပြင် အနီးနားတစ်ဝိုက်ရှိ အိမ်ခန်းများမှာလည်း ဘီဘီတို့ပိုင်သည့် အိမ်ခန်းများဖြစ်သည်ဟု ပြောကြသည်။ သို့ရာတွင် အဘယ်ကြောင့် ထိုမျှ ပိုက်ဆံတွေ ပေါနေရသည်ကို မည်သူမျှ မသိနိုင်ပြီ။ အချို့ကမူ ဘီဘီသည် စုန်းတတ်သည်ဟု ဆိုကြသည်။ သူတို့ရပ်ကွက်က လူမိုက်ဂိုဏ်းခေါင်းဆောင်သည် သူတို့အိမ်သို့ မကြာခဏလာတတ်သည်။ ထို့ပြင် ဆေးခြောက်ရောင်းခြင်း၊ အရက်ပုန်းရောင်းခြင်း၊ ပြည့်တန်ဆာထောင်ခြင်း စသည့်စသည့် ဒုစရိုက်လုပ်ငန်းတို့ကို လုပ်သည်ဟုလည်း နာမည်ကြီးသည်။ ထိုမျှမကသေး မိန်းကလေးများကို ဝယ်၍ ဒေလီနှင့် ဘုံဘေသို့ပို့ကာ လူကုန်ကူးသည်ဟုလည်း နာမည်ကြီးသည်။ သို့ရာတွင် မည်သူမျှ အထောက်အထားမရှိဘဲ မပြောရဲကြ။
“ဘုံပိုင်က ပြန်လာရင် ငါ့အိမ်ကို ခဏဝင်ခဲ့ဦးအေ။ ညည်းကို ပြောစရာရှိတယ်” ဟု ဘီဘီက မှာသည်။
ဆယ်လီမမှာ ထူးဆန်းသည့် သူ့စကားကြောင့် အံ့အားသင့်နေသည်။ သို့ရာတွင် အပြန်တွင် သူမှာသည့်အတိုင်း ဘီဘီအိမ်သို့ ဝင်၏။ ဆယ်လီမ၏ယောက်ျားမှာ အလုပ်မှပြုတ်သဖြင့် ဆယ်လီမသည် အရိုးပေါ် အရေတင်ကာ ပိန်ချုံးနေလေပြီ။ ချောမောလှပသည့် သူ့မျက်နှာသည် ယခုအချိန်၌ မျက်တွင်းဟောက်ပက်နှင့် ဖြစ်နေလေပြီ။ နှာခေါင်းပေါ်တွင် တပ်ထားသည့် ကျောက်ကလေးမှာလည်း အပေါင်ဆိုင်သို့ ရောက်နေလေပြီ။ သူ့ဆာရီမှာ စုတ်ပြတ်နေလေပြီ။ အဝေးကကြည့်လျှင် အဘွားအိုကြီးတစ်ယောက်နှင့် တူနေသည်။ ပြည့်ဖောင်းနေသည့် အရာဆို၍ သူ့ဝမ်းဗိုက်တစ်ခုသာလျှင်ရှိသည်။ ဆယ်လီမသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့ကိုယ်ဝန်ကို ဆောင်သည်။ သူပိုင်ပစ္စည်းဆို၍ သည်တစ်ခုသာရှိတော့သည် မဟုတ်လော။ နောက်နှစ်လဆိုလျှင် သူ့ဗိုက်ထဲတွင် လှုပ်ရှားနေသည့် ကလေးငယ်သည် မွေးဖွားလာပေတော့မည်။ ထိုကလေးသည် သူ၏ငါးယောက်မြောက် ကလေးဖြစ်သည်။
ဘီဘီက လက်ဖက်ရည်တစ်ခွက် ဖျော်ထားကာ သူ့ကို အဆင်သင့် စောင့်နေသည်။ သူရောက်လာသည့်အခါတွင် သစ်သားကွပ်ပျစ်ကလေးပေါ်သို့ အထိုင်ခိုင်း၏။
“ဒီကလေးကို ညည်းမမွေးချင်ဘူးဆိုရင် ငါ့ကို ရောင်းပါလား၊ ငါဝယ်မယ်လေ” ဟု ဘီဘီက ပြောသည်။
“ရှင် ... ကျွန်မကလေးကို ရောင်းမလား ဟုတ်လား”
“ခုရှိနေတဲ့ ကလေးတွေကို ပြောတာ မဟုတ်ပါဘူး၊ ညည်းဗိုက်ထဲက ကလေးကို ပြောတာပါ၊ ဈေးကောင်းကောင်းပေးပါ့မယ်၊ နှစ်ထောင်ပေးမယ်အေ၊ ဘယ့်နှယ်လဲ”
သူတို့ရပ်ကွက်ကလေးထဲက သူဌေးမဘီဘီသည် ကာလကတ္တားတွင် နောက်ဆုံးပေါ်နေသည့် အရောင်းအဝယ်ကိစ္စကို ပြောနေခြင်းဖြစ်သည်။ ကာလကတ္တားတွင် သန္ဓေသားများကို ရောင်းဝယ်နေကြသည်။ ထိုလုပ်ငန်းကို ကြိုးကိုင်လုပ်ကိုင်နေကြသူများမှာ နိုင်ငံခြားသားများဖြစ်သည်။ နိုင်ငံခြားသား အဝယ်တော်များသည် ဂျင်နက်တစ်ခေါ် ဗီဇမျိုးစေ့ပညာရပ် သုတေသနအတွက် ဓာတ်ခွဲခန်းများ၊ ဆေးသုတေသနဌာနများကို ပေးသွင်းရန်အတွက် တတိယနိုင်ငံများတွင် ထိုပစ္စည်းများကို လိုက်လံဝယ်ယူနေကြသည်။ ဝယ်သူများမှာ အများအားဖြင့် ဆွစ်ဇာလန်လူမျိုးများနှင့် အမေရိကန်လူမျိုးများဖြစ်ကြ၏။
ထိုသူများက သန္ဓေသားများကို လိုက်လံဝယ်ယူကာ ဆေးသုတေသနဌာနများသို့ ဖြစ်စေ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုရှိ လူချမ်းသာများအတွက် ငယ်မူပြန်အားတိုးဆေး ထုတ်လုပ်ရန်ဖြစ်စေ လိုက်လံဝယ်ယူနေကြသည်။ ထိုစီးပွားရေးလုပ်ငန်းသည် ကမ္ဘာတွင် ခေတ်စားလာနေသည်။ ဤတွင် ကာလကတ္တားမြို့ကြီးသည် ကုန်ကြမ်းဝယ်ယူရာဌာနကြီးတစ်ခုဖြစ်လာခဲ့သည်။
ကာလကတ္တားတွင် ထိုရှားပါးလှသော ကုန်ပစ္စည်းကို ဒိုင်ခံဝယ်ယူနေသူမှာ ဆေးဆိုင်ပိုင်ရှင်ဟောင်းတစ်ဦးဖြစ်သူ ဗိုဗရာဆိုသူဖြစ်သည်။ ဗိုဗရာသည် သားဖျက်ချသည့်ဆေးခန်းများမှ ထိုပစ္စည်းများကို မှန်မှန်ကြီးဝယ်၍ ရနေသည်။ ထိုပစ္စည်းများကို အေရိုဖလုတ်လေကြောင်းဖြင့် မော်စကိုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသို့ ပို့ပေးနေသည်။
ဝယ်သူတို့ အကြိုက်ဆုံးပစ္စည်းမှာ ရင့်မာနေသည့် သန္ဓေသားများဖြစ်သည်။ သို့ရာတွင် ထိုသန္ဓေသားကို ဝယ်ရသည်မှာ အလွန်ခက်သည်။ ရှားလည်း ရှားသည်။ နှစ်လ သုံးလသားဆိုလျှင် ပေါက်ဈေး နှစ်ရာလောက်သာရှိပြီး ခုနစ်လ ရှစ်လသားဆိုလျှင် ပေါက်ဈေး နှစ်ထောင်လောက်အထိ ရှိသည်။ မိန်းမတစ်ယောက်အဖို့ သန္ဓေသား ခြောက်လ ခုနှစ်လလောက်ရောက်လာလျှင် ထိုသန္ဓေသားကို ဖျက်ချရန် ဝန်လေးတတ်သည့်အတွက် ထိုသို့ ရှားပါး၍ ဈေးကောင်းနေခြင်းဖြစ်သည်။ မည်မျှဆင်းရဲသည့် အိမ်ထောင်ပင်ဖြစ်စေ သားသမီးတစ်ယောက် ထွန်းကားမွေးဖွားလာသည်ကို ဝမ်းသာအားရရှိကြသည် မဟုတ်လော။ သူတို့အဖို့ သားသမီးများသည် ရတနာများပင် မဟုတ်လော။
ဘီဘီက လူကြီးသူမ လေသံမျိုးဖြင့် ...
“ဒါတော့ အဆိုးအကောင်းကို ညည်းဘာသာ စဉ်းစားပေါ့အေ။ ညည်းမှာက ကလေးကလဲ လေးယောက်၊ ဒီအထဲမှာ ယောက်ျားကလဲ အလုပ်မရှိဆိုတော့ ညည်းတို့မှာ နေ့တိုင်း ထမင်းမစားရဘူးလို့ ကြားရတော့ ငါလဲ စိတ်မကောင်းပါဘူး။ ဒီအထဲမှာ ကျွေးစရာ ပါးစပ်တစ်ပေါက်က တိုးလာဦးမယ်။ ဒီတော့ ငွေနှစ်ထောင်လောက် ရလိုက်ရင် ညည်းတို့မှာ နေ့တိုင်း ထမင်းစားနိုင်တာပေါ့၊ မဟုတ်ဘူးလား”
သည်လောက်ကိုတော့ ဆယ်လီမလည်း ကောင်းကောင်းသိပါသည်။ သူ့အဖို့ ပါးစပ်ပေါက်တွေကို နေ့စဉ် ရှာကျွေးနေရသည်မှာ မည်မျှဆင်းရဲပင်ပန်းလှပြီနည်း။
“ငွေနှစ်ထောင် ပိုက်လာပြီး ဗိုက်ထဲ ဟိုဒင်းပါမလာတော့ ကျွန်မယောက်ျားက ဘယ်လိုပြောမလဲရှင်”
ဆရာမကြီးက ပြုံးလိုက်လျက်...
“ဒါက အကြောင်းမဟုတ်ပါဘူးအေ၊ ငွေနှစ်ထောင်ကို လုံးခနဲ မယူသွားချင်ရင် ညည်းကို လစဉ် နည်းနည်း နည်းနည်း ပေးသွားမှာပေါ့၊ ဒီတော့ ညည်းယောက်ျားက ဘာထူးထူးထွေထွေ ထင်တော့မှာလဲ၊ ဒီလိုဆိုရင် ညည်းတို့
သားအမိတစ်တွေလဲ နေ့တိုင်း ထမင်းနပ်မှန်အောင် စားနိုင်တာပေါ့၊ မဟုတ်ဘူးလား”
ဤတွင် သူတို့နှစ်ယောက် လူချင်းခွဲခဲ့ကြသည်။ ပြန်မည်အပြုတွင် ဘီဘီက လှမ်း၍...
“ဪ...ညည်းကို ပြောဖို့ တစ်ခုမေ့နေတယ်၊ တကယ်လို့ ညည်း သဘောတူတယ်ဆိုရင် ညည်းအတွက် ဘာမှ စိုးရိမ်စရာမလိုဘူး၊ ညည်းကို ကျကျနန ဆေးတိုက်မှာ ခွဲစိတ်ပေးမှာ၊ လိုလေသေးမရှိစေရဘူး၊ ပြီးတော့လည်း ထုတ်တာက ဘာမှ မကြာလိုက်ဘူးတဲ့၊ မိနစ်ပိုင်းကလေးအတွင်းမှာတင် ပြီးသွားတာ၊ အသွားအပြန် အလွန်ဆုံးကြာရင် သုံးနာရီပေါ့အေ”
ထူးတော့ထူးဆန်းသည်။ ဆယ်လီမသည် ထိုကိစ္စကို တွေးစဉ်က သူ သေမည့်ကိစ္စကို နည်းနည်းမျှ ထည့်၍မစဉ်းစားမိ။ သူတို့လို ဆင်းရဲသားရပ်ကွက်တွင် သေခြင်းသည်လည်း အဆန်းမဟုတ်တော့ပြီ။
ဆယ်လီမသည် ထိုနေ့တစ်ညလုံး၊ နောက်တစ်နေ့လုံးလုံး ထိုအကြောင်းကိုပင် စဉ်းစားနေသည်။ တစ်ခါတစ်ရံတွင် ဗိုက်ထဲက ကလေးလှုပ်သည်။ ထိုလှုပ်ရှားမှုတို့သည် ငြင်းဆန်ကန့်ကွက်သော လှုပ်ရှားမှုဟု သူ့စိတ်ထဲတွင် ထင်နေမိသည်။ ထိုကိစ္စသည် လူသတ်မှုဖြစ်သည်။ ထိုကိစ္စကို ငွေလေး နှစ်ထောင်ဖြင့် မလုပ်နိုင်၊ မလုပ်ရဲ။ သို့ရာတွင် ညတွင် အခြားသောအသံများကလည်း သူ့ကို ခြောက်လှန့်နေကြသေးသည်။ ထိုအသံများမှာ ဆာလောင်ငတ်မွတ်သဖြင့် တကျီကျီငိုကြွေးနေကြသော သူ့ကလေးငယ်များ၏အသံဖြစ်သည်။
မနက်လင်းသည့်အခါတွင် ဆယ်လီမသည် ဆုံးဖြတ်ချက် ချလိုက်လေပြီ။ နောက်နှစ်ရက်အကြာတွင် အလုပ်စမည်ဟု အကြောင်းပြန်လိုက်သည်။ ထိုသတင်းကို ကြားသည့်အခါတွင် သန္ဓေသား ကုန်သည်ကြီး ဗိုဗရာသည် ပိုးသတ်ဆေးရည်တို့ကို ပြင်သည်။ ခုနစ်လသားဆိုသည်မှာ မွေးကင်းစကလေး တစ်ယောက်နှင့် အရွယ်ချင်းအတူတူ၊ ပုံသဏ္ဌာန်ချင်း အတူတူ။ ဗိုဗရာသည် သန္ဓေသားထည်မည့် ဖန်ဘူးကလေးကို ခွဲစိတ်မည့်ဆေးခန်းသို့ ယူသွားသည်။ အရေးထဲတွင် ဒေဝါလီပွဲနှင့်ဆုံနေသဖြင့် ဟိန္ဒူဆရာဝန်များက အလုပ်မဆင်းကြ။ ဗိုဗရာသည် ထိုကိစ္စကိုမဆိုင်းနိုင်။ ထို့ကြောင့် အခြားဆရာဝန်တစ်ယောက်ကို ခေါ်သည်။
ဆယ်လီမကို ခေါ်သွားသည့် ဆေးတိုက်မှာ ဆေးတိုက်ဟု အမည်တပ်ထားသော်လည်း ဆေးပေးခန်းသာသာမျှသာ။ အခန်းထဲတွင် လိုက်ကာကလေးတစ်ခု စည်းထားပြီး နှစ်ပိုင်းခွဲထားသည်။ ရှေ့ခန်းမှာ ဆရာဝန်က လက်ခံတွေ့ဆုံ၍ ဆေးကုသပေးသည့် နေရာဖြစ်ပြီး နောက်ပိုင်းမှာ ခွဲစိတ်ခန်းဖြစ်သည်။ ခွဲစိတ်ကုသသည့် ပစ္စည်းများမှာလည်း မရှိလျှင် မဖြစ်သည့် အခြေခံပစ္စည်းမျှလောက်သာရှိသည်။ ယင်းတို့မှာ သတ္တုစားပွဲတစ်လုံး၊ မီးချောင်းတစ်ချောင်း၊ အရက်ပြန်တစ်ပုလင်း၊ စင်ပေါ် တွင် တင်ထားသည့် မေ့ဆေးပုလင်းတစ်ပုလင်းတို့သာဖြစ်သည်။ ပိုးသတ်သည့်ကိရိယာမရှိ၊ အောက်စီဂျင်ဘူးမရှိ၊ သွေးသွင်းရန် သွေးပုလင်းမရှိ၊ ခွဲစိတ်သည့် ပစ္စည်းပင်မရှိ။ သက်ဆိုင်ရာ ဆရာဝန်က သူ့ပစ္စည်းသေတ္တာနှင့် သူလာခြင်း ဖြစ်သည်။
ဆေးခန်းသို့ ဝင်လာသည့်အခါတွင် နံရံနှင့် ကြမ်းပြင်တွင် စွဲနေသည့် အီသာနံ့ကြောင့် ဆယ်လီမ မူးနောက်နောက်ဖြစ်နေသည်။ ဆယ်လီမသည် တစ်ခုတည်းသော ပရိဘောဂဖြစ်သည့် ခွေးခြေကလေးပေါ်တွင် ထိုင်ချလိုက်၏။ လာစဉ်က အကြောက်ကြောက်အရွံ့ရွံ့ဖြင့် လာခဲ့ခြင်းဖြစ်သည့်တိုင် ဆေးခန်းထဲသို့ ရောက်သွားသည့်အခါတွင် အကြောက်ပြေသွားကာ စိတ်အေးသလိုလိုဖြစ်သွားသည်။ “အို ...ညနေကျရင် ငါ့ယောက်ျားနဲ့ ကလေးတွေ ထမင်းဝဝလင်လင် စားရတော့မှာ” ဟု သူ့ကိုယ်သူ အားပေးသည်။ သူ့အင်္ကျီရင်ဘတ်ကြားထဲတွင် ဘီဘီက ပေးလိုက်သည့် စရန်ငွေ သုံးဆယ်ရှိသည်။ ထိုငွေဖြင့် ဆန်လေးပြည်လောက် ဝယ်နိုင်သည်။
သူ့ကို ခွဲစိတ်ပေးဖို့ ခေါ်ထားသည့် ဆရာဝန်မှာ အသက်ငါးဆယ်ခန့် ဦးထိပ်ပြောင်ပြောင်၊ နားရွက်မွေးထူထူနှင့်ဖြစ်သည်။ ဆရာဝန်က ဆယ်လီမကို စားပွဲပေါ်သို့ အလှဲခိုင်းပြီး သေချာစွာ စစ်ဆေးသည်။ သူ့နောက်တွင်မူ သန္ဓေသားကုန်သည် ဗိုဗရာသည် ဂနာမငြိမ်နိုင်အောင် ဖြစ်နေလေပြီ။ အေရိုဖလုတ် လေယာဉ်သည် နောက်လေးနာရီဆိုလျှင် ထွက်တော့မည်။ ယခု ခွဲစိတ်လျှင်ပင် ပစ္စည်းကို လေဆိပ်သို့သွားပို့မှ မီတော့မည်။ ဗိုဗရာသည် နယူးယောက်ရှိ ပစ္စည်းဝယ်သူနှင့် စကားပြောပြီးပြီ။ သူ့အတွက် အသားတင် အမြတ် ပေါင် ၇၅၀ ရမည်။
“ဆရာ ဘာစောင့်နေတာလဲ”
ဆရာဝန်က သူ့ပစ္စည်းသေတ္တာကို ဖွင့်၍ ပစ္စည်းများကို ထုတ်သည်။ အရှည်ကို ဝတ်ပြီးနောက် လက်ဆေးရန် ဆပ်ပြာနှင့် ရေဇလုံတောင်းသည်။ ထို့နောက် ဂွမ်းဖတ်ကြီးတစ်ဖတ်ကိုယူ၍ မေ့ဆေးဆွတ်လိုက်ပြီး ဆယ်လီမ၏နှာဝနှင့် ပါးစပ်ဝသို့ တေ့ပေးလိုက်သည်။ ဆယ်လီမကို မေ့ဆေးပေးထားစဉ် ဆရာဝန်သည် ဂနာမငြိမ်နိုင်အောင်ဖြစ်ကာ သူ့မုတ်ဆိတ်မွေးတွေကို ဆွဲလိမ်နေသည်။ ထို့နောက် ခွဲစိတ်ဓားကို ထုတ်လိုက်၏။
မိနစ်နှစ်ဆယ်ကြာသည့်အခါတွင်ကား ဆရာဝန်သည် သားအိမ်မှ စီးကျလာသည့် သွေးများကို ဂွမ်းဖြင့် သုတ်ပေးကာ ပစ္စည်းကို ဗိုဗရာ ကိုင်ထားသည့် ဗန်းကလေးထဲသို့ ထည့်လိုက်သည်။ သန္ဓေသားက ယောက်ျားကလေး။
ချက်ကြိုးကိုဖြတ်ပြီးသည့်နောက်တွင် ပြဿနာပေါ်လေပြီ။ ဆယ်လီမ၏သားအိမ်ထဲမှ သွေးခဲနီနီကြီးတစ်ခု ကျလာပြီးနောက် သွေးမည်းမည်းတွေ ဆင်းလာသည်။ ထို့နောက် သွေးတွေ ဒလဟောထွက်လာသည်။ ခဏကလေး အတွင်းမှာ တစ်ခန်းလုံး နီရဲနေလေပြီ။ ကြမ်းပြင်တွင် သွေးတွေ အိုင်ထွန်းနေလေပြီ။
ဆရာဝန်သည် ဝမ်းဗိုက်အောက်ပိုင်းကို ပတ်တီးဖြင့် တင်းကျပ်စွာ စည်း၏။ သို့ရာတွင် သွေးတို့သည် ဒီရေတက်သကဲ့သို့ ဒလဟော ဆင်းနေသည်။ ဆရာဝန်သည် ပတ်တီးကိုဖြေ၍ ဝမ်းဗိုက်သွေးကြောမကြီးကို စစ်ကြည့်သည်။ သွေးကြောကို တွေ့သည်နှင့် လက်သီးဖြင့် အတင်းဖိကာ သွေးရပ်အောင် ကြိုးစားကြည့်သည်။ သွေးတိတ်ဆေးများများသုံးနိုင်မှ ပြီးမည့်ကိစ္စမျိုးဖြစ်သည့်တိုင် သူ့တွင် သွေးတိတ်ဆေးဆို၍ တစ်စက်မျှမပါ။ မည်မျှကြိုးစားသည့်တိုင် အဟောသိကံမျှသာ။
ဆရာဝန်သည် ဆယ်လီမ၏လက်ကောက်ဝတ်မှ သွေးကြောကို စမ်းကြည့်၏။ မျှင်းမျှင်းကလေးမျှသာ စမ်းရတော့သည်။ သို့တိုင်အောင် မှန်မှန်မဟုတ်။ ထိုစဉ် တံခါးဖွင့်သံကြားသဖြင့် သူလှည့်ကြည့်လိုက်သည်။ သန္ဓေသားကုန်သည်ကြီး ဗိုဗရာသည် သန္ဓေသားဖန်အိုးကြီးကိုကိုင်၍ ထွက်သွားလေပြီ။
ပွဲစားမကြီး ဘီဘီသည်လည်း ဆယ်လီမ၏ရင်ဘတ်ကြားမှ ငွေသုံးဆယ်ကိုယူပြီး ထွက်သွားလေပြီ။ ဆရာဝန်သည် သေငယ်ဇောဖြင့် မြောနေသည့် ဆယ်လီမ၏ကိုယ်ပေါ်သို့ ဆာရီကို လွှမ်းပေးလိုက်၏။ ထို့နောက် သွေးတွေ စွန်းပေနေသည့် သူ့ဝတ်ရုံအင်္ကျီကိုချွတ်၍ သေချာစွာ ခေါက်သည်။ ထို့နောက် သူ့ခွဲစိတ်ပစ္စည်းများကို အတက်ချီကင်းဗတ်အိတ်ထဲသို့ ထည့်သည်။ ထို့နောက် သူလည်း ထိုနေရာမှ ထွက်ခွာသွားသည်။
ဆယ်လီမသည် ဆေးခန်းမှ အလုပ်သမားတစ်ဦးနှင့်အတူ ကျန်ရစ်ခဲ့၏။ တဝီဝီ မြည်နေသော ပန်ကာသံများအကြားမှ အပြင်ဘက်မှ ပြောနေသော စကားသံများ ပေါ်လာသည်။ သူ့မျက်နှာပေါ်တွင် မေ့ဆေးတွေ စိုရွှဲနေသည့် ဂွမ်းဖတ်ကြီး ဖုံးလျက်။ အလုပ်သမားမှာ ခပ်ပုပု ညှက်ညှက်၊ မျက်ခုံးမွေးထူထူ၊ နှာယောင်ကောက်ကောက်နှင့်ဖြစ်သည်။ သူ့အဖို့မူ စားပွဲပေါ်မှ သွေးမရှိတော့သော အလောင်းသည် ဒေဝါလီပွဲတော်တွင် ဖဲနိုင်ခဲ့သည်ထက် အကျိုးရှိနေသည်။ သူ့အတွက် အသုံးကျသည့် လိပ်စာတစ်ခုကို သူသိသည်။ ထိုနေရာမှာ အမည်မသိသူတို့၏အလောင်းများကို ဖြတ်တောက်ဖျက်ဆီးကာ လူအရိုးကို နိုင်ငံခြားသို့ တင်ပို့သည့်နေရာဖြစ်သတည်း။
အပိုင်း(၂၉) ဆက်ရန်
-------------------
0 Comments