#သုခမြို့တော်
အပိုင်း(၂၇)
အဆောက်အအုံကြီးက အိုမင်းဟောင်းနွမ်းနေလေပြီ။ လှေကားတစ်လျှောက် သေးစော်က ဟောင်လျက်။ ဒိုတီဝတ်ထားသည့် အရိပ်များသည် ဟိုမှသည်မှ ကူးလူးသွားလာနေကြသည်။ ထိုနေရာကား အစဉ်အလာအရ ဗျူရိုကရေစီ ကြီးစိုးသည်ဟု နာမည်ကြီးခဲ့သော ကာလကတ္တား အကောက်ခွန်ရုံးကြီးပေတည်း။
ကိုဗာစကီးသည် သူ့အား ဆေးပို့လိုက်သည့် ပြေစာလက်မှတ်ကလေးကို ဝှေ့ယမ်းပြကာ အကောက်ခွန်ရုံးကြီး၏အောက်ခြေသို့ ဝင်လာခဲ့သည်။ သို့ရာတွင် အထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်မိသည်နှင့် စောစောက စိတ်အား ထက်သန်မှုတို့သည် သူ့ကို စွန့်ခွာထွက်ပြေးကြလေပြီ။ ကိုဗာစကီးသည် ရုံးခန်းထဲတွင် မြင်လိုက်ရသည့်ရှုခင်းကြောင့် ရှေ့သို့ မတိုးနိုင်တော့ဘဲ တုံ့ခနဲ ရပ်လိုက်မိသည်။
သူ့ရှေ့တွင်မူ များပြားလှသော စားပွဲများက မျှော်မဆုံးနိုင်။ စင်ကြီးတွေကလည်း အစီအရီ၊ ထိုစင်ကြီးများပေါ်တွင် စက္ကူညှပ်ထားသည့် ဖိုင်တွဲကြီးများက တောင်လိုပုံလျက်။ အချို့ ဝါကျင့်နေသော စာရွက်များက ကြိုးကြီးတွေဖြင့် အစည်းလိုက် တန်းစီလျက်။ စင်ကြီးများမှာ တောင်လိုပုံနေသော ထိုဖိုင်တွဲများ၊ ထိုစာရွက်ထပ် အစည်းကြီးများအောက်တွင် ညွှတ်ကျတော့မယောင် ထင်ရသည်။ အချို့စာရင်းစာအုပ်ထူထူကြီးများမှာလည်း အထပ်လိုက် စုတ်ပြတ်ကာ ကြွက်ကိုက်သည့်နေရာက ကိုက်ပြီး၊ ခြစားသည့်နေရာက စားနေလေပြီ။ အချို့စာရင်းစာအုပ်ကြီးများမှာ လွန်ခဲ့သည့်ရာစုက စာအုပ်ကြီးတွေများလားဟုပင် ထင်ရသည်။ ကွဲအက်နေသည့် သမံတလင်းကြမ်းပြင်ပေါ်တွင်လည်း စက္ကူစုတ်တွေ ပြန့်ကြဲလျက်။ တိုးလိုးတန်းလန်းဖွင့်ထားသော အံဆွဲများထဲတွင် ပုံစံစာရွက်များသည် ပြည့်သိပ်မို့မောက်နေကြသည်။ နံရံပေါ်တွင်မူ လွန်ခဲ့သည့် နှစ်အတန်ကြာက ပြက္ခဒိန်ဟောင်းတစ်ခု ချိတ်ထားပြီး ဖုန်တက်နေသော ပြက္ခဒိန်ပေါ်တွင် မိစ္ဆာနတ်ဝင်စားသည်ဆိုသော ကျွဲဘီလူးတစ်ယောက်ကို သတ်နေသည့် ဒူရ်နတ်သမီး၏ပုံတော်ကို ရေးဆွဲထား၏။
ထိုမျှ ရှုပ်ပွေပြန့်ကျဲနေသော အခန်းကျယ်ကြီးထဲတွင် ဒိုတီဝတ်ထားသည့် ဘာဘူများသည် စားပွဲအသီးသီးတွင် ထိုင်နေကြသည်။ သူ့တို့ခေါင်းပေါ်မှ ပန်ကာများလည်နေသဖြင့် စိုစွတ်ထိုင်းမှိုင်းသောလေသည် စားပွဲပေါ်ရှိ စာရွက် များကို တဖျပ်ဖျပ် လှန်နေသည့်နှယ်။ အချို့က လိပ်ပြာလိုက်ဖမ်းသည့်နှယ် စာရွက်များကို တဖျပ်ဖျပ်လှန်နေကြပြီး အချို့ကလည်း ဟောင်းနွမ်းလှပြီဖြစ်သော လက်နှိပ်စက်အိုကြီးများကို လက်ညှိုးတစ်ချောင်းဖြင့် တချောက်ချောက် ရိုက်နေကြ၏။ စာတစ်လုံးရိုက်ပြီးတိုင်းလည်း မှန်မမှန်စစ်သည့်နှယ် လက်နှိပ်စက်ထဲမှ စာရွက်ကို လှမ်း၍ကြည့်နေသည်။ အချို့ကလည်း ဘယ်လိုင်းနှင့်မျှ အဆက်အသွယ်ရှိဟန် မတူတော့သော တယ်လီဖုန်းအိုများကိုင်၍ စကားပြောနေကြသည်။
သူတို့အားလုံးကို ကြည့်ရသည်မှာ ယား၍မျှ မကုတ်အားသည့်နှယ်။ သို့ရာတွင် တကယ်အလုပ်များနေကြခြင်း မဟုတ်ပါ။ အချို့က သတင်းစာဖတ်နေကြသည်။ အချို့က လက်ဖက်ရည်သောက်နေကြသည်။ အချို့က စားပွဲပေါ် တွင် တင်ထားသည့် စာရွက်ပုံအထပ်ကြီးများကြားထဲတွင် ခေါင်းထိုး၍ အိပ်နေကြသည်။ သူတို့ကို ကြည့်ရသည်မှာ ကျူရိုးအိပ်ရာပေါ်တွင် လဲလျောင်းနေသည့် ရှေးအီဂျစ်မံမီများနှင့် တူသည်။ အချို့ကလည်း ချက်ချင်း သမထပေါက် သွားတော့မည်နှယ် ကုလားထိုင်များပေါ်တွင် မတ်မတ်ကြီးတွေထိုင်ပြီး ယောဂကျင့်နေကြသည်။
အခန်းအဝင်ရှိ စင်တစ်ခုပေါ်တွင်မူ ဟိန္ဒူဘာသာဝင်တို့ ကိုးကွယ်သည့် နတ်ရုပ်သုံးခုသည် ထူထပ်လှစွာသော ပင့်ကူမျှင်များကြားထဲတွင် စံပယ်ကာ ကြီးမားကျယ်ပြန့်လှသော ရုံးခန်းကြီးကို ကြည့်ရှုလျက်ရှိပြီး ဖုန်အလိမ်းလိမ်း တက်နေသည့် မဟတ္တမဂန္ဒီ၏ရုပ်ပုံသည် ဖရိုဖရဲပြန့်ကြဲနေသော ရုံးခန်းကို တည်ကြည်သော ဣနြေသံပတ္တိဖြင့် ကြည့်နေသည့်နှယ်။ မျက်နှာချင်းဆိုင် နံရံတစ်ခုပေါ်တွင်မူ ဝါကျင့်ဟောင်းနွမ်းနေသည့် ပိုစတာတစ်ရွက် ကပ်ထားလျက်။ ပိုစတာပေါ်တွင် စုပေါင်းအင်အားဖြင့်သာ ပန်းတိုင်သို့ ရောက်နိုင်ကြောင်း စသည့် စည်းလုံးမှု၏ကောင်းခြင်းအဖြာဖြာတို့ကို ရေးထားသည်။
သူတို့ရုံးခန်းကြီးထဲသို့ နိုင်ငံခြားသားတစ်ယောက် ဝင်လာသည့်အခါတွင် မည်သူကမျှ စိတ်ဝင်စားဟန်မပြကြ။ ထိုစဉ် ကိုဗာစကီးသည် မိမိအနီးမှ ဖိနပ်မပါဘဲ လက်ဖက်ရည်အိုးကို ကိုင်၍ ဖြတ်သွားသည့် လူသေးသေးညှက်ညှက်ကို လှမ်းမေးလိုက်သည်။ ထိုသူက လက်ညှိုးတစ်ချောင်းတည်းဖြင့် လက်နှိပ်စက်အိုကြီးတစ်လုံးကို တချောက်ချောက်ရိုက်နေသည့် အရာရှိကို မေးငေါ့၍ ပြလိုက်၏။ ကိုဗာစကီးသည် ကြမ်းပြင်ပေါ်တွင် ဖရိုဖရဲဖြစ်နေသည့် ဖိုင်တွဲများကြားမှ ခြေဖျားထောက်၍ ကျော်လာခဲ့ကာ ထိုလူထံသို့ လျှောက်လာခဲ့ပြီး စာတိုက်မှရောက်လာသည့် ပြေစာ စာရွက်ကလေးကို လှမ်းပေးလိုက်၏။
မျက်မှန်တပ်ထားသည့် ဘာဘူသည် ပြေစာ စာရွက်ကို အကြာကြီး ကြည့်နေပြီးနောက် သူ့ကို မော့ကြည့်လိုက်ကာ...
“ဆရာကြီးက လက်ဖက်ရည်ကို နို့နဲ့ သောက်သလား၊ နို့မပါဘဲ သောက်သလား”
ကိုဗာစကီးသည် အံ့အားသင့်သွားကာ... “နို့နဲ့ သောက်ပါတယ်” ဟု ပြောလိုက်၏။
ထိုလူသည် စားပွဲပေါ်တွင် တင်ထားသည့် ခေါင်းလောင်းကို အကြိမ်များစွာ နှိပ်လိုက်၏။ ပိရမစ်လောက်မြင့်သည့် စာအုပ်တွေကြားထဲမှ အရိပ်တစ်ခု ထွက်လာသည်။ ဘာဘူက လက်ဖက်ရည်တစ်ခွက်မှာလိုက်ပြီး စာရွက်များကို တဖျပ်ဖျပ် လှန်နေသည်။ ထို့နောက် နာရီကို ငုံ့ကြည့်လိုက်၏။
“ခု နေ့လယ်ရုံးဆင်းချိန်ရောက်တော့မယ် ဆရာကြီး၊ ဆရာကြီးဖိုင်တွဲကို လိုက်ရှာနေရင် ဒီနေ့ညနေ မီတော့မှာ မဟုတ်တော့ဘူး၊ မနက်ဖြန်မနက်မှ လာခဲ့ပါ”
“အရေးကြီးလို့ပါ ဘာဘူကြီးရာ၊ ဆေးတွေပို့လိုက်လို့ပါ။ ဒီဆေး မရရင် လူမမာ သေသွားနိုင်ပါတယ်”
အရာရှိသည် သူ့ကို သနားသွားဟန်ပြလိုက်၏။ ထို့နောက် သူ့ပတ်ပတ်လည်တွင် ဝိုင်းရံနေသည့် စာရွက်ပုံကြီးကို လက်ညှိုးထိုးပြရင်း.....
“ကောင်းပြီလေ၊ လက်ဖက်ရည်သောက်ပါဦး၊ ကျွန်တော်တို့ အတတ်နိုင်ဆုံး မြန်မြန်ရအောင် လုပ်ပေးပါ့မယ်”
ဘာဘူသည် ထိုသို့ ယဉ်ကျေးစွာ ပြောပြီးနောက် တစ်နေရာသို့ ထသွား၏။
* * *
နောက်တစ်နေ့မနက် ရုံးဖွင့်ချိန် ဆယ်နာရီတွင် ကိုဗာစကီးသည် အကောက်ခွန်ရုံးကြီးသို့ ရောက်လာပြန်၏။ သူ့ရှေ့တွင် လူသုံးဆယ်လောက် တန်းစီရပ်နေကြသည်။ သူ့အလှည့်သို့ရောက်ခါနီးတွင် မနေ့က တွေ့ခဲ့သည့် မျက်မှန်နှင့် အရာရှိသည် စားပွဲမှထသွားသည်ကို မြင်လိုက်ရသည်။ အချိန်မှာ နေ့လယ်ရုံးဆင်းချိန်သို့ ရောက်နေလေပြီ။ ကိုဗာစကီးသည် သူ့နောက်မှ ပြေးလိုက်သွား၏။ အရာရှိက မျက်နှာထားဖြင့် သူ့လက်မှနာရီကို ထိုးပြသည်။ ကိုဗာစကီးက တောင်းပန်သည်။ နေ့လယ်ရုံးဆင်းချိန်ဟု သူကပြော၏။ ကိုဗာစကီးက အောက်ကျို့သည်။ သို့ရာတွင် အချည်းနှီးသာတည်း။ သို့ဖြင့် ကိုဗာစကီးသည် သူ့နေရာတွင် ပြန်ရပ်ကာ ထိုအရာရှိ ပြန်အလာကို စောင့်နေရသည်။ သို့ရာတွင် ထိုအရာရှိသည် ထိုတစ်ညနေလုံး ရုံးသို့ ပေါ်မလာတော့။
နောက်နှစ်ရက်မှာ စနေ၊ တနင်္ဂနွေဖြစ်နေသဖြင့် ကိုဗာစကီးသည် တနင်္လာနေ့ထိအောင် စောင့်ရသည်။ တနင်္လာနေ့သို့ရောက်၍ ကွမ်းသွေးတို့ ပေကျံလျက်ရှိသော လှေကားထစ်များပေါ်တွင် တန်းစီ၍ စောင့်နေစဉ် မျက်မှန်နှင့် အရာရှိကို တွေ့ရပြန်သည်။
“မင်္ဂလာပါ ဆရာကြီး၊ ဆရာကြီး လက်ဖက်ရည်ကို နို့နဲ့ ကြိုက်သလား၊ နို့မပါဘဲ ကြိုက်သလား”
ယခုတစ်ကြိမ်တွင်မူ ကိုဗာစကီးတွင် မျှော်လင့်ချက်အပြည့်ဖြစ်နေသည်။ အရာရှိသည် ခါးကြားထဲတွင် ယူလာသည့် ကွမ်းယာကို ပါးစောင်တွင် ငုံလိုက်၏။ အတန်ကြာ တောင်းပန်သည့်အခါတွင်မှ အရာရှိသည် သံမဏိဗီရိုတစ်လုံးဆီသို့ ထ,သွားကာ လက်ကိုင်ကို လှည့်ဖွင့်သည်။ လက်ကိုင်က တော်တော်နှင့်လှည့်၍မရ။ နောက်ဆုံး တံခါးပွင့်သွားသည့်အခါတွင် ဗီရိုထဲမှ ဖိုင်တွေ၊ စာရွက်စာတမ်းတွေ၊ လယ်ဂျာစာအုပ်တွေ ဝုန်းခနဲ အန်ကျလာသည်။ ကံကောင်း၍ အရာရှိကြီး စက္ကူတွေ မပိခြင်းဖြစ်သည်။ လူကိုသာ မထိလျှင် ကိုဗာစကီးသည် ရယ်မိပေလိမ့်မည်။ သို့ရာတွင် သူ့ကိစ္စကလည်း အရေးကြီးနေသဖြင့် ကိုဗာစကီး မရယ်နိုင်။ ကိုဗာစကီးသည် စက္ကူထပ်များ စာအုပ်များကြားထဲတွင် မြုပ်နေသော အရာရှိကြီးဆီသို့သွားကာ သူ့ကို တွဲထူပေးသည်။
ကိုဗာစကီးသည် ဗျူရိုကရေစီစနစ်ထဲက ထိုသို့သော မသိမသာ ပညာပြမှုများကို တွေ့ဖူးသူမဟုတ်။ အရာရှိကိုသွား၍ ထူမအပေးတွင် အခြား ဘာဘူတစ်ယောက် ကုလားထိုင်ဘေးတွင် ချထားသည့် အုန်းသီးကြီးတစ်လုံးကို ဝင်တိုက်မိသဖြင့် လဲမလိုဖြစ်ခဲ့သေးသည်။ မနက်ခင်း ရေငတ်လျှင် အုန်းရည်သောက်ရန် အနားတွင်ချထားခြင်းဖြစ်သည်ဟူ၏။
ထိုသို့ သွား၍ ထူပေးလိုက်သည့်အတွက် သူကံကောင်းသည်ဟု ဆိုရမည်။ မျက်မှန်နှင့်အရာရှိသည် ဗီရိုထဲမှ လယ်ဂျာစာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ထုတ်၍ လှန်နေသည်။ ကိုဗာစကီးသည် သူ့ကို အတန်ကြာ စောင့်ကြည့်နေ၏။ ထို့နောက် လယ်ဂျာစာအုပ်ထဲက စာမျက်နှာများပေါ်တွင် လက်ထောက်ပြီး ရှာနေ၏။ ဘာဘူ၏လက်ညှိုးသည် တစ်နေရာသို့အရောက် တွင် ရပ်သွားသည်။ ဘာဘူသည် ကုန်း၍ ကြည့်လိုက်ပြီး သူ့မျက်လုံးများကို သူမယုံနိုင်အောင်ဖြစ်နေသည်။ ငုံ၍ကြည့်လိုက်သည့်အခါတွင် သူ့နာမည်ကို တွေ့လိုက်ရ၏။
နာမည်ကိုတော့ တွေ့ပြီ။ ဤတွင် ကိုဗာစကီးသည် စာရွက်ထပ်တွေ၊ ဖိုင်တွဲတွေ ပြည့်နှက်နေသည့် အခြားဌာနတစ်ခုသို့ သွားရပြန်သည်။ စာရွက်တွေက နည်းသည့်စာရွက်တွေ မဟုတ်။ ပင်လယ်ကြီးတမျှ အောက်မေ့ရသည်။ ထိုဌာနမှ ဘာဘူသည် ပုလဲရွာသူတစ်ယောက်ကဲ့သို့ လက်ချောင်းကလေးများဖြင့် စာရွက်ထပ်များဖြင့် လှန်နေပြန်သည်။ ထိုနောက် အဝါရောင် ဖုံးထားသည့် ဖိုင်တွဲတစ်တွဲကို ကောက်ဆွဲယူလိုက်၏။ ထိုဖိုင်ပေါ်တွင် သူ့အမည်ကို ဒုတိယအကြိမ် တွေ့ရပြန်လေပြီ။ ခဏလောက်စောင့်လိုက်လျှင် သူ့လူနာအတွက် အသက်ကယ်ဆေးရည်ကို ရတော့မည်။ ထို့ကြောင့် ကိုဗာစကီးသည် သည်းခံ၍ စောင့်၏။
ထိုစဉ် ဘာဘူသည် ခါးကို ဆန့်လိုက်ကာ..
“နေ့လယ်စာစားချိန်ရောက်နေပြီ ဆရာကြီး၊ ပြန်တက်တော့မှ ရှာကြသေးတာပေါ့”
နေ့လယ်ပိုင်း ရုံးပြန်တက်သည့်အခါတွင် ဘာဘူသည် မျက်နှာထားတင်းနေ၏။
“လယ်ဂျာထဲမှာတွေ့တဲ့ အချက်အလက်နဲ့ ဆရာကြီး ပြေစာပေါ်မှာ ရေးထားတဲ့ အချက်အလက်က ကွဲနေတယ်၊ ဒီတော့ တခြားလယ်ဂျာတွေထဲကို ရှာရဦးမယ်”
ကိုဗာစကီးသည် စိတ်တိုလာလေပြီ။ “သူ့မျက်နှာက ရိုးရိုးသားသားပုံ ဖြစ်နေလို့။ နို့မို့လျှင် ကျွန်တော် တစ်ခုခုလုပ်မိလိမ့်မယ် ထင်တယ်” ဟု ကိုဗာစကီးက နောင်တွင် ပြောပြသည်။
သို့ဖြင့် ခုနစ်ရက်မြောက်နေ့ ကုန်သွားသည်။ သူပြောသည့် လယ်ဂျာကိုမူ ရှာ၍မတွေ့သေး။ ရှစ်ရက်မြောက်နေ့တွင်မူ ဘာဘူက ငွေလေးဆယ်တောင်းသည်။ အရှာခိုင်းမည့် စာရေးနှစ်ယောက်ကို ပေးရန်ဟု ဆို၏။ သို့ဖြင့် နောက်တစ်ပတ် ကုန်သွားပြန်သည်။
ဗျူရိုကရေစီသည် စေတနာကောင်းကိုပင် ဝါးမျိုပစ်ခဲ့လေပြီ။ သို့ဖြင့် သီတင်းခြောက်ပတ် ကုန်လာခဲ့သည်။ တစ်ရက်တွင်မူ သူ၏အထုပ်ကို လာရောက်ရွေးယူရန် အကြောင်းကြားစာတစ်စောင် စာတိုက်မှ ရောက်လာ၏။ ကံကောင်းထောက်မ၍ လူမမာ မသေခဲ့ခြင်းပင်တည်း။
သူရောက်သွားသည့်အခါတွင် ဘာဘူက မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ကို ဆီးကြိုသည့်နှယ် လှိုက်လှိုက်လှဲလှဲ ဆီးကြို၏။ ကိုဗာစကီးကို တွေ့သဖြင့် တကယ် ဝမ်းသာသွားဟန်လည်းရှိသည်။ ဘာဘူက တံဆိပ်ခေါင်းဖုံး ဟု ဆိုကာ နောက်ထပ် ငွေသုံးဆယ် တောင်းသည်။ စားပွဲပေါ်က ကော်ဘူးကို ဖွင့်ပြီး စုတ်တံကလေးဖြင့် ကော်ယူသည်။ ထိုနောက် တံဆိပ်ခေါင်းကပ်ရမည့်နေရာကို ကော်သုတ်သည်။ ထိုစဉ် ပြတင်းပေါက်မှ လေတစ်ချက်ဝှေ့လိုက်သဖြင့် တံဆိပ်ခေါင်းသုံးလုံးသည် စာရွက်ပုံတွေကြားတွင် ငုံ့လျှိုးသွားကြသည်။ ဤတွင် နောက်ထပ် တံဆိပ်ခေါင်းသုံးလုံးဖိုးဟု ဆိုကာ နောက်ထပ် ငွေသုံးဆယ် ထပ်ပေးလိုက်ရပြန်သည်။
ထို့နောက် သူပေးဆောင်ရမည့် အကောက်ခွန် စာရင်းများ ရေးထားသည့် ပုံစံစာရွက်တစ်ရွက်တွင် လက်မှတ်ထိုးရသည်။ ပုံစံဖြည့်ရသည်။ ထိုသို့ ပုံစံဖြည့်ခြင်း၊ ပေးဆောင်ရမည့် အကောက်ခွန်ကို တွက်ချက်နေခြင်းဖြင့် တစ်နေကုန်သွားပြန်သည်။ ပေးဆောင်ရမည့် အကောက်ခွန်မှာ သုံးရာငါးဆယ့်ခြောက်ကျပ် ကျသည်။ ဆေးပြေစာပေါ်တွင် ရေးထားသည့် ဆေး၏တန်ဖိုးငွေထက် လေးဆနှင်နှင်ရှိသည်။ သို့ရာတွင် လူတစ်ယောက်၏ အသက်တစ်ချောင်းကို ငွေဖြင့် တန်ဖိုးမဖြတ်စကောင်း။
ကိုဗာစကီးက သက်ပြင်းတစ်ချက် ချလိုက်ရင်း ...
“ဒါတောင် ကိစ္စက မပြတ်သေးဘူးခင်ဗျ၊ အကောက်ခွန်ငွေကို အကောက်ခွန်အရာရှိက တိုက်ရိုက်လက်ခံလို့ မရဘူး။ ဒီငွေကို ဗဟိုဘဏ်ကို သွားသွင်းရတယ်၊ ဗဟိုဘဏ်က ချက်လက်မှတ် တစ်စောင်ပေးလိုက်တယ်၊ အဲဒီ ချလန်ကို ယူလာပြီးမှ နောက်တစ်နေ့မှာ အကောက်ခွန်ရုံးမှာ တစ်စားပွဲပြီး တစ်စားပွဲ တစ်နေကုန်သွားရသေးတယ်”
ကိုဗာစကီးသည် လွန်စွာ အဖိုးတန်လှသော ချလန်ကို ရင်ဝယ်ပိုက်ကာ အကောက်ခွန်ရုံကြီးသို့ ပြန်လာခဲ့သည်။ ထိုအခါ၌ကား ကိုဗာစကီးသည် အကောက်ခွန်ရုံးကြီးတွင် လူစိမ်းတစ်ယောက် မဟုတ်တော့ပြီ။ “မင်္ဂလာပါ ဆရာကြီး” ဟု သူ့ကို နှုတ်ဆက်ကြသည်။ သို့ရာတွင် သူ့ဘာဘူကား ကြီးစွာသော ဣန္ဒြေကို ဆောင်ထားလျက် ကိုဗာစကီးယူလာသည့် ချလန်စာရွက်ကို ယောင်၍မျှ လှည့်မကြည့်ဘဲ သူ့နောက်သို့လိုက်ခဲ့ရန် ခေါ်သွားသည်။ အောက်ထပ်နှစ်ထပ်ကို ဖြတ်ပြီးနောက် ကမ္ဘာတစ်ဝန်းလုံးမှ ရောက်နေသည့် အထုပ်များ၊ သေတ္တာကြီးများရှိရာ အခန်းကြီးတစ်ခန်းထဲသို့ ရောက်သွားကြသည်။
ဘာဘူက ယူနီဖောင်းဝတ်ထားသည့် အကောက်ခွန်အရာရှိတစ်ယောက်အား အထုပ်ကို သွားရှာပေးရန် ပြောသည်။ အတော်ကြီးကြာမှ စီးကရက်ဘူး နှစ်ဘူးလောက်သာရှိသည့် အထုပ်ကလေးတစ်ထုပ်ကို လက်ခံရရှိခဲ့သည်။ သူ့အဖို့သော် ထိုအထုပ်ကလေးသည် ဘဝနှင့် မျှော်လင့်ချက်၏အရောင်၊ ပဉ္စလက်တစ်ခု။ ကိုဗာစကီးက အထုပ်ကလေးကို လှမ်းယူသည်။
ယူနီဖောင်းဝတ်နှင့် အရာရှိက...
“ဝမ်းနည်းပါတယ် ဆရာကြီး၊ ဆရာကြီးကို ယူခွင့်မပြုနိုင်ပါဘူး”
အရာရှိက အခန်းတစ်ခန်းကို ညွှန်ပြ၏။ အခန်းပေါက်တွင် “ပစ္စည်းဖျက်ဆီးရေးဌာန” ဟု ဆိုင်းဘုတ် ရေးထားသည်။
“ဆရာကြီးအတွက် ပို့လိုက်တဲ့ ဆေးတွေဟာ လွန်ခဲ့တဲ့ သုံးရက်ကပဲ သက်တမ်းကုန်သွားပါပြီ၊ ကျွန်တော်တို့မှာ ဖျက်ဆီးဖို့ တာဝန်ရှိပါတယ်၊ ဒါဟာ နိုင်ငံတကာ လိုက်နာရတဲ့ စည်းကမ်းပါ”
ယခုအချိန်အထိ စကားတစ်လုံးမျှ မပြောသေးဘဲ ဘေးတွင် ရပ်နေသည့် ဘာဘူက ထိုအရာရှိ၏အင်္ကျီကို လှမ်းဆွဲလိုက်ပြီးနောက်...
“ဆရာကြီးက သာသနာဘက်ကပါဗျာ၊ ဆင်းရဲသားတွေအတွက် အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်ပါ၊ အိန္ဒိယအမျိုးသမီးတစ်ယောက်ရဲ့ အသက်ကို ကယ်ဖို့အတွက် ဒီဆေးကို မှာတာပါ၊ ရက်ကုန်နေပေမယ့် ပေးလိုက်ပါ"
ယူနီဖောင်းဝတ်အရာရှိသည် ကိုဗာစကီး၏ ဖာရာတွေထပ်နေသော အင်္ကျီကို ကြည့်နေသည်။
“ဘာ... ဆရာကြီးက ဆင်းရဲသားတွေအတွက် လုပ်နေတယ်။ ဟုတ်လား”
ကိုဗာစကီးက ခေါင်းညိတ်ပြသည်။ အကောက်ခွန်အရာရှိက “ပယ်ဖျက်ပြီး” ဆိုသည့် စာလုံးကလေးကို ပြန်ဖျက်နေသည်။
“ဘယ်သူ့ကိုမှတော့ မပြောလိုက်ပါနဲ့နော် ဆရာကြီး။ ဘုရားသခင် စောင်မပါစေဗျာ”
ဆေးရသည့်တိုင် ကိုဗာစကီး၏လူမမာသည် အသက်မရှင်တော့။ နောက်များမကြာမီ ကွယ်လွန်သွားခဲ့သည်။ လူမမာမှာ အသက်နှစ်ဆယ့်ရှစ်နှစ် အရွယ်ရှိ မုဆိုးမဖြစ်၏။ သူ့တွင် သားသမီးလေးယောက် ကျန်ရစ်ခဲ့သည်။
အပိုင်း(၂၈)ဆက်ရန်
------------------------
0 Comments