သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၂၀)

#သုခမြို့တော်

အပိုင်း(၂၀)

သူဝတ်ထားသည့် အင်္ကျီမှာ အပြာရောင် ပိုလိုရိုက်သည့် စပို့ရှပ်ဖြစ်သည်။ ဘောင်းဘီကလည်း သက္ကလတ်ဘောင်းဘီဖြစ်ပြီး ဖိနပ်က သားရေခြေညှပ်ဖိနပ် ဖြစ်သည်။ ထို့ကြောင့် မူစဖာပရာဆပ်သည် အခြားသော “လူမြင်း”များနှင့် မတူဘဲ တစ်မူကွဲနေ၏။ လန်ချား လှည်းသန်နှစ်ချောင်းကြားထဲတွင် အနှစ်နှစ်ဆယ် ကုန်းရုန်းလုပ်ခဲ့ပြီးနောက် မူစဖာသည် ပိုက်ဆံရှိသည့်နေရာသို့ ပြောင်းလာခဲ့လေပြီ။

ဘီဟာနယ်က ထွက်ပြေးလာခဲ့သည့် ဒုက္ခသည်လယ်သမားသည် အသက်လေးဆယ့်ရှစ်နှစ်အရောက်တွင် သူဌေးကလေးဖြစ်နေလေပြီ။ မူစဖာသည် လန်ချားသူဌေးကြီး နာရိန္ဒရာ၏ စိတ်ချရသော လူယုံတော်တစ်ဦးဖြစ်နေလေပြီ။ မုန်ညင်းဆီ ရွှဲရွှဲလိမ်းထားသဖြင့် တောက်ပမည်းနက်နေသော ဆံပင်လိပ်ကလေးများအောက်ရှိ သူ့ဦးနှောက်သည် ကွန်ပျူတာတစ်ခုလို မှန်မှန် အလုပ်လုပ်နေသည်။ နားရွက်ကားကား၊ မေးတွဲတွဲဖြင့် မူစဖာသည် လန်ချားပေါင်း သုံးရာလေးဆယ့်ခြောက်စီးနှင့် လူမြင်း ခုနစ်ရာခန့်တို့ရှိသော လန်ချားအင်ပိုင်ယာကြီးကို ကြီးကြပ်အုပ်ချုပ်သူဖြစ်သည်။ 

ထိုသို့ အုပ်ချုပ်ရာ၌ မူစဖာသည် စာတစ်လုံးမှ ရေးတတ်ဖတ်တတ်ခြင်းမရှိသည့်အတွက် စက္ကူ နှင့် ခဲတံကို တစ်ခါမှ မသုံးစဖူး။ သို့ရာတွင် တန်ခိုးစွမ်းပကားကြီးလှသော သူ့ကြီးကြပ်မှုအောက်မှ မည်သည့်အရာမျှ ရှောင်တိမ်း၍မလွတ်။ အရိပ်ထဲတွင် ဖာရင်ဟိုက်ဒီဂရီ တစ်ရာ့တစ်ဆယ်လောက်ရှိသည့်နေ့မှာပင်ဖြစ်စေ၊ မိုးသက်မုန်တိုင်းတွေ ကျနေသည့် မိုးတွင်းကြီးမှာဖြစ်စေ မူစဖာသည် သူ့ဘိုင်စကယ်လေး ချောက်ချက် ချောက်ချက်ဖြင့် တစ်နေ့လျှင် မိုင်, ဒါဇင်ပေါင်းများစွာသွားကာ လန်ချားများကို လျှောက်ကြည့်သည်။ သူ့ခြေထောက်ခွင်ခွင်ဖြင့် ဘိုင်စကယ်နင်းပုံက ကွတတနိုင်သဖြင့် သူ့ကို လန်ချားသမားများအားလုံးက “ဗိုလ်ကွတ” ဟု ခေါ်ကြသည်။ သို့ရာတွင် လူမဆန်သော မြို့ကြီးထဲရှိ လမ်းမပေါ်မှ လူများအားလုံးလောက်ကပင် သူ့ကို ချစ်ခင်ကြသည်။ သည်တစ်ချက်ကမူ ထူးဆန်းသည်။

“အဘိုးကြီးက ကျွန်တော့်ကိုခေါ်ပြီး သူ့ကိုယ်စား လန်ချားတွေကို အုပ်ချုပ်ရမယ်ဆိုတော့ ကျွန်တော့်စိတ်ထဲမှာ ခေါင်းပေါ်ကို မိုးပြိုကျလာသလားလို့ အောက်မေ့လိုက်တယ်ဗျာ၊ သူ့ဆီမှာ အလုပ်လုပ်လာတဲ့ အနှစ် နှစ်ဆယ်အတွင်းမှာ ကျွန်တော့်ကို အရေးမကြီးတဲ့ကိစ္စကလေးတွေလောက်ကိုပဲ ခိုင်းတာ။ ဥပမာ လန်ချားပြင်တဲ့ကိစ္စ၊ ပုလိပ်နဲ့ စကားပြောရတဲ့ကိစ္စ၊ ယာဉ်တိုက်မှုကိစ္စတို့ ဆိုပါတော့။ ဒါပေမယ့် လန်ချားခ သိမ်းတာမျိုးကျတော့ ဘယ်တော့မှ မလွှဲဘူး၊ သူကိုယ်တိုင် လိုက်သိမ်းတာပဲ၊ တစ်ရက်ကလေး မပျက်ဘူး၊ တစ်ခါတလေ လမ်းတွေပေါ်မှာ ရေတွေ ပေါင်လယ်လောက် လျှံနေတာတောင် သူကိုယ်တိုင် လိုက်သိမ်းတာပဲ။ လန်ချားသမားတွေကို သိတာဆိုလို့ သူပဲရှိတာကိုး"

"တချို့ လန်ချားတွေက နေ့စဉ် ငှားခပေးရတယ်။ တချို့ကျတော့လည်း သီတင်းသုံးပတ်ကုန်မှ အခပေးရတာ ရှိတယ်။ တချို့လည်း လကုန်မှ ပေးရတာတွေရှိတယ်။ တချို့လန်ချားကျတော့လည်း ဈေးလျှော့ပြီး ငှားရတယ်။ အဲဒီလန်ချားတို့ ဘာတို့ ပျက်ရင် လန်ချားသမားရဲ့ အိတ်ထဲက စိုက်ပြင်ရတာကိုး။ ပြီးတော့လည်း တချို့ လန်ချားတွေက လိုင်စင်မရှိဘဲ ဆွဲနေတော့ ဈေးလျှော့ပြီး ငှားရတာပေါ့။ အဘိုးကြီးက လန်ချားတစ်စီးကို နေ့ည အလှည့်ကျ လန်ချားသမားနှစ်ယောက်ထားတော့ အဘိုးကြီးဆီမှာ လုပ်နေတဲ့ လန်ချားသမားကိုက ခုနစ်ရာ ရှစ်ရာလောက်ရှိတယ်။ အဘိုးကြီးက ဒီလောက် အသက်ကြီးတာတောင် ဒီလန်ချားတွေကို အုပ်ချုပ်နိုင်သေးတယ်ဗျာ။ တော်တော် ခေါင်းကောင်းတဲ့ အဘိုးကြီး။ ဒါပေမယ့် အသက်နည်းနည်းကြီးလာတော့ ဒီတာဝန်တွေကို ယူရတာ ပင်ပန်းလာပုံရတယ်။ ဒီတင် အဘိုးကြီးက ကျွန်တော့်ကိုခေါ်ပြီး ... မူစဖာ၊ မင်းနဲ့ ငါနဲ့ သိလာတာ ကြာလှပြီတဲ့၊ ငါ့လက်
အောက်မှာ မင်း အလုပ်လုပ်လာတာလဲ အနှစ်နှစ်ဆယ်လောက်ရှိပြီတဲ့၊ မင်းက ဘီဟာနယ်သားဆိုတော့ မင်းကို ငါယုံတယ်တဲ့၊ ဒီတော့ ဒီကနေ့ကစပြီး ငါ့ကိုယ်စားလှယ် လုပ်တဲ့၊ လန်ချားခတွေကို ငါ့ကိုယ်စား မင်းပဲလိုက်သိမ်းရမယ်တဲ့၊ ညနေကျရင် လန်ချားငှားခတွေကို လာပို့လှည့်တဲ့၊ မင်းကို ကော်မရှင်အဖြစ် တစ်ကျပ်ကို ငါးပြားပေးမယ်တဲ့"

“နောက်တစ်နေ့ မနက်ကျတော့ မနက် ၄ နာရီမှာ အိပ်ရာက ထတယ်။ အိမ်သာတက်တဲ့ကိစ္စ၊ ရေချိုးတဲ့ကိစ္စကို သူများထက်ဦးအောင် စောစောထရတာ။ ကျွန်တော်နဲ့ တဲကလေးတစ်လုံးထဲမှာ အတူနေတဲ့ လူလေးယောက်ကတော့ မထကြသေးဘူးလေ။ သူတို့လေးယောက်စလုံးလည်း အဘိုးကြီးဆီမှာပဲ အလုပ်လုပ်ကြတယ်။ တစ်ယောက်က ဘတ်စ်ကားမောင်းတယ်၊ တစ်ယောက်က လန်ချားဆွဲတယ်၊ တစ်ယောက်က မက္ကင်းနစ်လုပ်တယ်၊ ကျန်တစ်ယောက်က ဂဟေဆက်သမား လုပ်တယ်၊ သူတို့လဲ ဘီဟာနယ်သားတွေပဲ။ တောမှာ သားမယားတွေကိုထားခဲ့ပြီး ကာလကတ္တားမှာ လာအလုပ်လုပ်နေကြတာ"

"၄ နာရီလည်း ခွဲရော၊ ကျွန်တော်လည်း ဘိုင်စကယ်ကလေးစီးပြီး ဂျားဂူးဈေးကြီးနားမှာရှိတဲ့ လက်ချမီးမယ်တော်ရဲ့ နတ်စင်ကို လာခဲ့တယ်။ လက်ချမီးဆိုတာ ကျွန်တော်တို့ကို စည်းစိမ်ဥစ္စာတိုးအောင် မှိုင်းမတဲ့ ကျွန်တော်တို့နတ်လေ။ ကျွန်တော်ရောက်သွားတော့ မိုးတောင် ကောင်းကောင်း မလင်းသေးဘူး၊ မှောင်နေတုန်းပဲရှိသေးတယ်။ ဆာဒူးကြီးတောင် အိပ်ရာက မနိုးသေးဘူး။ သံဇကာ ကာထားတဲ့ ဘုရားကျောင်းထဲမှာ အိပ်နေတုန်း ရှိသေးတယ်။
ကျွန်တော်က ခေါင်းလောင်းကလေးကို လှုပ်လိုက်တော့ သူ အိပ်ရာထလာပြီး တံခါးဖွင့်ပေးတယ်"

"ကျွန်တော်က ဒီနေ့ လာဘ်လာဘရွှင်အောင် ပူဇော်ပွဲလုပ်ချင်ပါတယ်ဆိုပြီး ငွေတစ်ဆယ် ထုတ်ပေးလိုက်တယ်၊ လက်ထဲမှာ ဆန်နည်းနည်းရယ်၊ ငှက်ပျောသီးနှစ်လုံးရယ်၊ ပန်းတွေရယ် ပါလာသေးတယ်။ ဆာဒူးကြီးက ကျွန်တော့်လှူဖွယ်ပစ္စည်းတွေကို ဗန်းကလေးတစ်ချပ်ထဲ ထည့်ပြီး ကျွန်တော်တို့နှစ်ယောက် ဘုရားကျောင်းခန်းထဲကို ဝင်လာခဲ့ကြသည်။ အထဲရောက်တော့ ဆာဒူးကြီးက ဆီမီးခွက်တွေကို လိုက်ထွန်း၊ မန္တာန်တွေကို ရွတ်တော့တာပါပဲ။ ကျွန်တော်ကတော့ ကိုယ်လိုချင်ရာ ဆုတောင်းရတာပေါ့လေ။ ပူဇော်ပွဲပြီးသွားတော့ ကျွန်တော့်စိတ်ထဲမှာ ကြည်နူးသွားတယ်။ နေ့တိုင်း နေ့တိုင်း ငွေတွေရတော့မယ်လို့လည်း စိတ်ထဲမှာ ယုံကြည်သွားတယ်။ ပိုက်ဆံများများရတိုင်း ပူဇော်ပွဲတွေ မကြာခဏလုပ်ပါ့မယ်လို့လည်း လက်ချမီးမယ်တော်ရှေ့မှာ ကျွန်တော် သစ္စာပြုတယ်"

"ပူဇော်ပွဲပြီးတော့ ဘယ်လီဗျူးဆေးသင်တန်းကျောင်းနားက လိုဒေါင်လမ်းကို ဘိုင်စကယ်လေးနဲ့ ထွက်လာခဲ့တယ်။ အဲဒီနားမှာ အဘိုးကြီးရဲ့ လန်ချား ခြောက်စီးရှိတယ်လေ။ စောသေးတော့ အဲဒီနားမှာပဲ လန်ချားအားလုံးကို တွေ့ရသေးတယ်။ ကိုယ့်လူတွေက ခြေထောက်နှစ်ချောင်းကို အပြင်ထုတ်ထောင်ပြီး လန်ချားခုံပေါ်မှာ အိပ်နေကြတုန်းရယ်။ လန်ချားသမား တော်တော်များများမှာ နေစရာအိမ်မရှိဘူး မဟုတ်လား။ ဒီတော့ အဲဒီလန်ချားပေါ်မှာပဲ သူတို့အိပ်ရတာပေါ့။ တစ်ခါတလေတော့လည်း လန်ချားက တစ်စီးတည်း၊ လန်ချားသမားက နှစ်ယောက်ဆိုတော့ လန်ချားပေါ်မှာ သူအိပ်မယ် ငါအိပ်မယ် ဆိုပြီး ရန်ဖြစ်တတ်ကြသေးတယ်။ ဒီတော့ ကျွန်တော်ကပဲ ဝင်ဖျန်ဖြေပြီး အဆုံးအဖြတ်ပေးရတယ်။ သိပ်တော့ မလွယ်ဘူးပေါ့လေ"

"အဲဒီကနေပြီးတော့ ကျွန်တော် ဇာတ်ရုံလမ်းကိုသွားတယ်။ အဲဒီနားမှာ အဘိုးကြီးရဲ့ လန်ချား တစ်ကျိပ်ကျော်ကျော်လောက်ရှိတယ်။ ပြီးတော့ ဘယ်ရင် ဘန်လမ်းဖက်ကို ချိုးဝင်ခဲ့တယ်။ အဲဒီလမ်းက လူချမ်းသာတွေ၊ နိုင်ငံခြားသား တွေနေတဲ့ ရပ်ကွက်ဆိုတော့ တိုက်အိမ်ကြီးတွေ၊ ပန်းခြံကြီးတွေနဲ့ သိပ်လှတာပဲ။ အဲဒီလမ်းပေါ်မှာ ယူနီဖောင်းဝတ်ထားတဲ့ အစောင့်တွေစောင့်ပြီး အမေရိကန်အလံလွှင့်ထားတဲ့ တိုက်ကြီးတစ်တိုက်ရှိတယ်၊ အဲဒီလမ်းတစ်ဝိုက်မှာ အဘိုးကြီးရဲ့ လန်ချားအစီးသုံးဆယ်လောက်ရှိတယ်။ လူချမ်းသာရပ်ကွက်ဆိုတော့ ဒီနေရာဟာ ကျွန်တော်တို့လန်ချားတွေအဖို့ ပြဿနာရပ်ကွက်ပဲ။ အဲဒီနေရာရောက်ရင် ကျွန်တော်တို့ လန်ချားသမားတစ်ယောက် နှစ်ယောက်ကတော့ ပုလိပ်အဆွဲခံရတာချည်းပဲ။ အကြောင်းပြချက်ကတော့ အမျိုးမျိုးပေါ့လေ။ လန်ချားကို ဖမ်းပြီး ပုလိပ်က ပိုက်ဆံတောင်းတယ်။ ဒီနေရာမှာ ဆွဲတဲ့လန်ချားသမားကလည်း တခြားတစ်နေရာက လန်ချားသမားထက် ဝင်ငွေကောင်းတယ်ဆိုတာ သိတာကိုး။ စိန့်ဇေးဗီယားကောလိပ်နား ရောက်လာလို့ ပတ်လမ်း ပုလိပ်ဌာနထဲကို ကြည့်လိုက်ရင် ဖမ်းပြီး တစ်စီးနဲ့တစ်စီး သော့ခတ် ပူးချည်ထားတဲ့ လန်ချားတန်းကြီးကို မြင်ရတာပဲ။ လန်ချားတွေ ဆိုက်ထားလိုက်တာမှ အရှည်ကြီးပဲ။ ကိုက်တစ်ရာလောက်ရှိမယ် ထင်တယ်။ အဲဒီနေ့မနက်ကတော့ ပုလိပ်လက်ဖဝါးထဲကို ဆီသွားထည့်ရတာပေါ့ဗျာ။ လန်ချားတချို့ကို ပြန်လွတ်အောင် လုပ်ခဲ့ရတာ ငွေခြောက်ဆယ်လောက် ကုန်ခဲ့တယ်"

"အဲဒီကထွက်ပြီး မာလစ်ဈေးနားမှာရှိတဲ့ လန်ချားဆိပ်ကို ကျွန်တော်လာခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့လန်ချား အစီးသုံးဆယ်လောက် ရှိတယ်လေ။ ပတ်လမ်းနားရောက်တော့ လက်ဖက်ရည်ဆိုင်ဝင်ပြီး လက်ဖက်ရည်သောက်သေးတယ်။ အဲဒီဆိုင်က လက်ဖက်ရည်က သိပ်ကောင်းတာဗျ။ လက်ဖက်ခြောက် ကျကျနှပ်ပြီး ခပ်လေးလေးနဲ့ ချိုကျဆိုပါတော့။ အရှူဆိုတဲ့ ပန်ချာပီရဲ့ဆိုင်။ လက်ဖက်ရည်ဖျော်ရာမှာတော့ အရှူလောက် ကောင်းတဲ့လူ တစ်ယောက်မှ မတွေ့သေးဘူး။ ကာလကတ္တားလမ်းဘေး လက်ဖက်ရည်ဆိုင်တွေမှာတော့ အရှူဆိုင်က အကောင်းဆုံးပဲ"

"အရှူဆိုင်မှာ လက်ဖက်ရည်သောက်ပြီးတော့ ကျွန်တော် ပတ်လမ်းအဝိုင်းကြီးနားမှာရှိတဲ့ အသားဈေးနဲ့ ဟင်းသီးဟင်းရွက်ဈေးကို သွားတယ်။ အဲဒီမှာလည်း ကျွန်တော်တို့လန်ချား ငါးဆယ်လောက်ရှိတယ်။ လန်ချားဆိပ်တစ်ဆိပ်က ထွက်လာတိုင်း ကျွန်တော့်ရှပ်အင်္ကျီအဖျားမှာ ချုပ်ထားတဲ့အိတ်ကလည်း ငွေစက္ကူတွေနဲ့ ဖောင်းသည်ထက် ဖောင်းလာတယ်။ အဲဒီအချိန်ကျတော့ မြို့ထဲမှာ လန်ချားတွေ ပြေးစပြုနေပြီလေ။ လမ်းတွေမှာ လန်ချားက ခေါင်းလောင်းသံတွေ တချွင်ချွင်နဲ့ မြည်နေပြီ။ ဒါဆိုရင် ကျွန်တော်မြို့ကို လှည့်တာ တစ်ဝက်လောက်ရောက်ပြီဆိုတဲ့ သဘောပဲ။ အဲ မွန်းတည့်ချိန်လောက်ရောက်တာနဲ့ ကျွန်တော် ကောလိပ်ကျောင်းတွေနားကို ရောက်နေပြီ။ အဲဒီနားမှာ လန်ချားတွေ ရာနဲ့ချီပြီး စုတဲ့အချိန် နှစ်ချိန်ရှိတယ်။ ကျောင်းဆင်းချိန်နဲ့ ကျောင်းတက်ချိန်ဆိုပါတော့။ ကျောင်းတက်ချိန်တို့ ကျောင်းဆင်းချိန်တို့မှာ ကျောင်းသားကျောင်းသူတွေက ကိုယ့်လန်ချားနဲ့ ကျောင်းတက်ကြတယ်။ သူတို့ကလည်း သူတို့စီးနေကျ လန်ချားကိုပဲ စီးတော့ လန်ချားသမားအဖို့ ပုံမှန်ဝင်ငွေလေးရတာပေါ့ဗျာ"

"ကျွန်တော့်ကိုယ်စားလှယ်အလုပ်က သိပ်တော့ မလွယ်ဘူးဗျ။ စိတ်ခိုင်ရတယ်၊ ကျွန်တော့်အဘိုးကြီးလို နှလုံးသားက ကျောက်ခဲလို မာရတယ်။ တစ်ခါတလေမှာ လန်ချား တစ်ခေါက်မှမဆွဲရသေးပေမယ့် လန်ချားသမားဆီက နေ့တွက်ကို မညှာမတာတောင်းရက်တဲ့ သတ္တိမျိုး ရှိရတယ်။ လူပါးတဲ့နေ့တွေများဆိုရင် လန်ချားသမားတွေမှာ လန်ချားငှားခပေးလိုက်တာနဲ့ သူ့မှာ စားစရာတောင်မကျန်တော့ဘူး။ သနားတော့ သနားပါတယ်။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ အဲဒီလိုနေ့မျိုးမှာ ထမင်းကလည်း ကောင်းကောင်းမစားရ၊ လန်ချားစီးမယ့်လူကလဲ မိန်းမဝဝကြီးနှစ်ယောက်၊ ပစ္စည်းတွေကလဲ ပါလိုက်သေးတယ်ဆိုရင်တော့ အဲဒီလန်ချားသမား သေပေရော့ပဲ။ ကာလကတ္တားကလမ်းမတွေ ပေါ်မှာ နေ့စဉ် မူးမေ့လဲကျသွားတဲ့ လန်ချားသမားတွေက နည်းလို့လား။ ဒီလို လဲသွားလို့ကတော့ ဒီလန်ချားသမား တော်တော်နဲ့ နာလန်မထူနိုင်တော့ဘူး။ ဒီတော့ ကျွန်တော်တို့ကလည်း လန်ချားကို အလကား အအားမထားနိုင်ဘူးလေ။ ဒီတော့ လူစားရှာရတော့တာပေါ့။ လူစားမရမှာတော့ မစိုးရိမ်ရဘူး၊ ဆွဲချင်တဲ့ လူတွေမှ ပုံနေတာပဲ"

"ကျွန်တော်တို့အဘိုးကြီးကလည်း လူစားလိုရင် ထည့်ရအောင်ဆိုပြီး အရန်တွေ အများကြီးထားတယ်လေ။ အဘိုးကြီးက လူရွေးပြီဆိုရင်လည်း သေသေချာချာ စေ့စေ့စပ်စပ် ရွေးတာ။ ပြီးစလွယ် ရွေးတာမဟုတ်ဘူး။ အဲဒီလူရဲ့ နောက်ကြောင်းရာဇဝင်ကို သေသေချာချာ စုံစမ်းမေးမြန်းပြီးမှ ရွေးတာ။ ဒီလိုရွေးမှလည်း တော်ကာကျတယ်လေ။ အဘိုးကြီးက သူ့လန်ချားသမားတွေထဲမှာ နိုင်ငံရေးတွေ ဘာတွေ ဝင်ရှုပ်တာကို မကြိုက်ဘူး။ တော်တော်ကြာ အခွင့်အရေးတိုက်ပွဲတွေ ဘာတွေ ပေါ်လာမယ် မဟုတ်လား။ ငါ့မာလကာသီးထဲမှာ ပိုးဝင်ကိုက်တာမျိုး အဖြစ်မခံနိုင်ဘူးတဲ့၊ မကြာခဏ ကျွန်တော်တို့ကို ပြောလေ့ရှိတယ်။ လန်ချားသမားတွေရဲ့ သမဂ္ဂရှိတယ်လေ။ ဒီတော့ အစိုးရက သူတို့လူတွေကို လန်ချားသမားတွေဆီ လွှတ်ပြီး လန်ချားပိုင်ရှင်တွေဆီက အခွင့်အရေးတောင်းတာတို့ ဘာတို့လုပ်လာရင် ပြဿနာသိပ်ရှုပ်မယ် မဟုတ်လား။ လန်ချားသမားတွေဟာ သူတို့ရဲ့ အလုပ်တန်ဆာပလာပိုင်ရှင်တွေ ဖြစ်ရမယ်လို့ သတင်းစာတွေထဲမှာ မကြာခဏ ရေးတတ်ကြတယ် မဟုတ်လား။ ခုထိတော့ လန်ချားသမားတွေထဲမှာ ကိုယ်ပိုင်လန်ချားရှိသူဆိုလို တစ်ယောက်မှ မတွေ့ဖူးသေးပါဘူး။ တချို့ကတော့ ကျွန်တော့်လိုပဲ ပိုင်ရှင်ရဲ့ ကိုယ်စားလှယ်ဖြစ်လာတာတွေတော့ ရှိတယ်။ တချို့လဲ လန်ချားလှည်းသန်တွေကြားထဲက ထွက်ပြီး တက္ကစီဒရိုင်ဘာဖြစ်သွားတာတွေ ရှိတယ်။ ဒါပေမယ့် ကိုယ်ပိုင်လန်ချားရှိတဲ့ လန်ချားသမားရယ်လို့တော့ တစ်ယောက်မှ မတွေ့ဖူးသေးဘူး"

"လက်ချမီး မယ်တော်ဆီမှာ ကျွန်တော်ဆုတောင်းတာဟာ အချည်းနှီး မဖြစ်ပါဘူး။ တစ်ပတ်လောက်ရှိတော့ ကျွန်တော့်မှာ ငွေကလေးတစ်ရာ ငါးဆယ်လောက် စုမိလာတယ်။ ဒါနဲ့ ကျွန်တော် ပတ်လမ်းက စာတိုက်ရှေ့မှာရှိတဲ့ လျှောက်လွှာစာရေးဆီကိုသွားပြီး မန်နီအော်ဒါ သွားရေးတယ်။ ကျွန်တော့်ရွာက သာမယားတွေကတော့ အံ့အားသင့်နေမှာပါပဲ။ မကြာခင်ကပဲ ကျွန်တော့်ဆီကို ပို့ငွေတောင်းတဲ့ ပို့စကတ်ကလေး ရောက်လာသေးတာကိုး။ အိမ်ကလာတဲ့ ပို့စကတ်ကတော့ ဘာမှမထူးဘူး။ ငွေတောင်းတဲ့ စာပါတယ်။ အရင်တစ်ပတ်က ပို့လိုက်တဲ့ငွေ ရောက်တဲ့အကြောင်း၊ သည်ငွေနဲ့ အိမ်မှာလိုတဲ့ ပစ္စည်းကလေးနဲ့ လယ်ယာသုံးပစ္စည်းကလေးတွေကို ဝယ်တဲ့အကြောင်းလောက်တော့ ပါတာပေါ့လေ။ ရွာကအိမ်မှာ အဖေရယ်၊ အမေရယ်၊ ကျွန်တော့်မိန်းမရယ်၊ သားသုံးယောက်ရယ်၊ သမီးနှစ်ယောက်ရယ်၊ ချွေးမသုံးယောက်ရယ်၊ သူတို့ကလေးတွေရယ် ကျန်ရစ်ခဲ့တယ်။ စုစုပေါင်း အိမ်မှာ စားမယ့်ပါးစပ်ပေါက်က နှစ်ဆယ်လောက်ရှိတယ်လေ။ ကျွန်တော်သာ ငွေမပို့နိုင်ခဲ့ရင် လွန်ခဲ့တဲ့ လေးဆယ့်ရှစ်နှစ်က ကျွန်တော်မွေးခဲ့တဲ့ တဲကလေးထဲမှာ သရောကြီး ခိုင်းသွားမှာပေါ့"

"ပတ်လမ်း စာတိုက်ရှေ့မှာ ကျွန်တော်အမြဲလျှောက်လွှာအရေးခိုင်းတဲ့ လျှောက်လွှာစာရေးရှိတယ်။ သူ့နာမည်က ဒီဇူဇာတဲ့၊ ခရစ်ယာန်။ သူက အိန္ဒိယပြည် ဟိုတစ်ဖက် ဘုံဘေမြို့အောက်နားက ဂိုအာက လာတာ။ ကျွန်တော်နဲ့ ခင်နေတော့ ကျွန်တော်ကလည်း လန်ချားသမားတွေ ငွေပို့ချင်ရင် မန်နီအော်ဒါရေးဖို့ သူ့ဆီကို ခေါ်သွားတာပဲ။ သူကလည်း ကျွန်တော့်ကို ကော်မရှင်လေး ဘာလေး ပေးတယ်။ ဒါက ကျွန်တော်တို့ထုံးစံပဲလေ။ ကျွန်တော်တို့ဆင်းရဲသား အလုပ်သမားတွေကြားမှာတော့ ပိုက်ဆံပေးနိုင်ရင် အဆင်ပြေတာပဲ"

"အဲဒီနေ့က ကျွန်တော် လျှောက်လွှာစာရေးဆီကို အသွားမှာ ကျွန်တော်တို့လန်ချားသမား ရမ်ကျန္ဒရာနဲ့ တွေ့တာပဲ။ ရမ်ကျန္ဒရာက ဆယ်တန်နှစ်ရွက်ကိုကိုင်ပြီး ကျွန်တော့်ဆီ ပြေးလာတယ်။ မနေ့ညက သူ့လန်ချားမှာ မီးမပါလို့ ပုလိပ်ဆွဲခံရတယ်။ အမှန်ကတော့ဗျာ မြို့ထဲမှာ မီးမပါဘဲ သွားနေတဲ့ မော်တော်ကားတွေ၊ လော်ရီတွေ ပြည့်လို့ပါ။ ဘောက်ဆူးလိုချင်လို့ အကြောင်းတစ်ခုခုပြပြီး ဖမ်းတာပါ။ ဒါပေမယ့် ကျွန်တော့်ဆီကို ဆယ်တန်ကလေး နှစ်ရွက်ကိုင်ပြီးလာတာက မနေ့ညက အဖမ်းခံရတဲ့ သူ့လန်ချားကို ပြန်ရွေးပေးနိုင်ဖို့ လာတာမဟုတ်ဘူးခင်ဗျ။ သူ့အဖော်ကို လန်ချားဆွဲခွင့်ရအောင် လာပြောတာ။ အနားရောက်တော့.... ဆာဒါဂျီးရယ် ဆာဒါဂျီးဟာ ကာလီမယ်တော်ရဲ့ သားပါတဲ့၊ သူ့ကို သနားပါတဲ့၊ သူတို့ရွာက သူ့သူငယ်ချင်းပါတဲ့၊ သူ့မျိုးရိုးအစဉ်အဆက်ကို သူ ကောင်းကောင်းသိပါတယ်တဲ့၊ သူ အလုပ်လည်း ကြိုးစားပြီး ရိုးသားပါတယ်တဲ့၊ သူ့ကို လန်ချားတစ်စီးလောက် ဆွဲခွင့်ပေးပါတဲ့"

"ကျွန်တော်လည်း သူ့လက်ထဲက ဆယ်တန်နှစ်ရွက်ကို လှမ်းယူလိုက်ပြီး သူ့နောက်မှာ ခပ်ရို့ရို့ရပ်နေတဲ့ သူ့အဖော်ကို ကြည့်လိုက်တယ်။ လူကတော့ ခပ်ပိန်ပိန်ပဲ ခင်ဗျ။ ဒါပေမယ့် လက်မောင်းတွေနဲ့ ပခုံးသားတွေကတော့ တော်တော်သန်မာပုံပါ။ ဒါနဲ့ ကျွန်တော်က သူ့ပေါင်နဲ့ ခြေသလုံးကို ကြည့်ချင်တာနဲ့ ခါးတောင်းအကျိုက်ခိုင်းလိုက်တယ်။ ကျွန်တော်တို့အဘိုးကြီးက လန်ချားသမားတစ်ယောက်ကို လန်ချားပိုင်ခန့်တော့မယ်ဆိုရင် ဒီလိုပဲ ပေါင်တို့ ခြေသလုံးတို့ကို ကြည့်တတ်တယ်။ လန်ချားပိုင်ခန့်ရင် ကြည့်ခန့်ကွတဲ့၊ ဘယ်တော့မှ ဆိတ်ကလေးလို သေးသေးကွေးကွေးကောင်ကို မခန့်လေနဲ့တဲ့။ ကျွန်တော်လည်း သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အဖြေပေးလိုက်တယ်၊ “အေး...မင်း ကံကောင်းတယ်၊ မနေ့ညကတင် ဘိုဝါနီဘူတာနားမှာ လန်ချားသမားတစ်ယောက် လဲကျသေသွားလို့ လန်ချားတစ်စီး အားနေတာနဲ့ အတော်ပဲ” လို့ ပြောလိုက်တယ်။

အပိုင်း(၂၁)ဆက်ရန်
-------------------
#မြသန်းတင့်

Post a Comment

0 Comments