သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၃၅)

#သုခမြို့တော်

အပိုင်း(၃၅)

အိမ်များ၊ လမ်းကြားများ၊ စာအုပ်များ၊ စတိုးဆိုင်များ၊ ဇရပ်များကြားမှ မိုးသို့ လုတက်နေသော ကာလီမယ်တော်၏ဝတ်ကျောင်း အမိုးခုံးခုံးကြီးသည် နေရောင်သို့ လု၍ပွင့်နေသည့် နေကြာပန်းကြီးတစ်ပွင့်နှင့် တူသည်။ သူသေတို့ကို မီးသင်္ဂြိုဟ်ရာ ဂင်္ဂါမြစ်လက်တက်တစ်ခုဘေးရှိ ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ထိုဝတ်ကျောင်းသည် ကာလကတ္တားတွင် လူအများဆုံး လာရောက်သည့်နေရာဖြစ်သည်။ မွဲပြာသောအုတ်တံတိုင်းကြီးထဲတွင် ဝတ်ပြုသူ များသည် နေ့ညမဟူ အမြဲရှိနေတတ်သည်။ လက်ထဲတွင် လှူဖွယ်သစ်သီးဝလံတို့ကို ရွှေပြားစက္ကူကြီးများဖြင့် ပတ်၍လာသည့် လူချမ်းသာများကိုလည်း တွေ့နိုင်သည်။ ဝတ်ဖြူစင်ကြယ်ကိုဝတ်ကာ ပူဇော်ရန် ဆိတ်များဆွဲလာသူများ ကိုလည်း တွေ့နိုင်သည်။ ဦးခေါင်းတွင် ရှုပ်ထွေးပွေလိမ်သော နနွင်းရောင် သင်္ကန်းဝါထိန်ထိန်တို့ကို ဝတ်ထားသည့် ဟိန္ဒူဘုန်းကြီးများကိုလည်း တွေ့နိုင်သည်။ သက်ပြင်းချသည့်နှယ် ဂါထာမန္တန်တို့ကို ရွတ်ဆိုလာကြသော ဝတ်ပြုသူများကိုလည်း တွေ့နိုင်သည်။ ပန်တျာသည်၊ ကုန်သည်၊ ကမ္ဘာလှည့်ခရီးသည် စသည်တို့ကိုလည်း တွေ့နိုင်သည်။ သို့ဖြင့် လူမျိုးစုံတို့သည် ထိုနေရာတစ်ဝိုက်တွင် ပွဲတော်ကြီးတမျှ စည်စည်ကားကား အုတ်အုတ်ကျက်ကျက် ဖြစ်နေတတ်သည်။

ထိုနေရာသည် လူဦးရေပိုလျှံနေသည့် ကာလကတ္တားမြို့ကြီးတွင် လူအစည်ကားဆုံးနေရာဖြစ်သည်။ ဝတ်ကျောင်းဘေးပတ်လည်လည်တွင် ဆိုင်တန်းများက ပြည့်နှက်လျက်။ ထိုနေရာတွင် ပစ္စည်းမျိုးစုံ ဝယ်၍ရနိုင်သည်။ သစ်သီး၊ ပန်းခိုင်၊ ပေါင်ဒါ၊ ရတနာအတု၊ ရေမွှေး၊ လှူဖွယ်ပစ္စည်းမျိုးစုံ၊ ရွှေရည်စိမ်ကြေးအိုး၊ ကစားစရာ၊ ငါးအရှင်နှင့် လှောင်အိမ်ထည့်သည့် ငှက်များကအစ ရနိုင်သည်။ ပိုးပုရွက်အုံလို တရွရွဖြစ်နေသည့် ထိုလူအုပ်၏အထက်တွင်မူ အသုဘလောင်တိုက်များမှ ပျံ့လွင့်လာသည့် မီးခိုးများသည် ကောင်းကင်တွင် အုံ့ဆိုင်းလျက်။ ထိုအထဲတွင် အမွှေးတိုင်နံ့နှင့် လူသေကို မီးရှို့သည့်အနံ့ကလည်း စူးဝါးလျက်။ အသုဘယာဉ်များသည် နွားအုပ်တွေ၊ ခွေးတွေ၊ ကစားနေသော ကလေးတွေကြားထဲမှ ဖြတ်သန်းကာ မြစ်ဆိပ်ဆီသို့ သွားနေကြသည်။ ကာလီဝတ်ကျောင်း အနီးတစ်ဝိုက်တွင် အလှုပ်ရှား အတက်ကြွဆုံးသော ဘဝသည် သေခြင်းနှင့်ယှဉ်ပြိုင်ကာ ရှင်သန်လှုပ်ရှားလျက်ရှိသည်။

ထိုဝတ်ကျောင်းနှင့် မနီးမဝေးတွင်မူ ခပ်နိမ့်နိမ့်အဆောက်အအုံတစ်ခု ရှိသည်။ ထိုအဆောက်အအုံ ပြတင်းပေါက်များမှာ ကျောက်ပန်းတွေနှင့် စီခြယ်ထားသည်။ အင်္ဂတေပန်းကိုင်ထားသည့် အဝင်ဝတွင် တံခါးမရှိ။ ထိုအဆောက်အအုံထဲသို့ မည်သူမဆို ဝင်ခွင့်ရှိသည်။ ထိုအပေါက်ဝတွင် အင်္ဂလိပ်ဘာသာ ဘင်္ဂါလီဘာသာဖြင့် ဆိုင်းဘုတ်တစ်ခု ချိတ်ထား၏။ “ကာလကတ္တားမြို့တော် မြူနီစပယ်အဖွဲ့၊ သေလုဆဲ ခိုကိုးရာမဲ့တို့၏ဂေဟာ” ဟု ရေးထားသည်။

သူသွားလိုသည့်နေရာသို့ ကိုဗာစကီး ရောက်ပြီ။ သူသည် လှေကားထစ်များကို ကျော်နင်းကာ အဆောက်အအုံထဲသို့ ဝင်လာခဲ့၏။ ဖော်ပြ၍ မရနိုင်သော အနံ့အသက်ကြီးသည် စူးစူးဝါးဝါး မျောလာ၏။ ထိုအနံ့ကို မည်သည့် ပိုးသတ်ဆေးနံ့ကမျှ ဖုံးအုပ်နိုင်မည်မထင်။ မှောင်ရီရီ အလင်းရောင်ထဲတွင် မျက်လုံးများ ကျင့်သားရသွားသည့်အခါ၌ မွေ့ရာပါးပါးကလေးတွေခင်းကာ တစ်ခုနှင်တစ်ခု ကပ်ညပ်နေသည့် အိပ်ရာသုံးခုကို ကျော်လာခဲ့သည်။ အိပ်ရာ တိုင်းရှေ့တွင် နံပါတ်ပြားကလေးတွေ တပ်ထား၏။ ထိုအိပ်ရာများကြားတွင် မည်းမည်းသဏ္ဌာန်များသည် တိတ်ဆိတ်စွာ လှုပ်ရှားနေကြသည်။ အိပ်ရာများပေါ်တွင်မူ အသားမရှိတော့သော ကိုယ်ခန္ဓာများသည် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လဲလျောင်းကာ ဝေဒနာအမျိုးမျိုးကို ခံစားနေကြရသည်။ 

ဒုတိယအခန်းတွင်မူ အမျိုးသမီးများအတွက် သီးသန့်ထားသော အိပ်ရာများ ခင်းထားသည်။ ထိုနေရာမှာ ဆိတ်ငြိမ်ချမ်းမြေ့လွန်းသဖြင့် ကိုဗာစကီး အံ့သြနေသည်။ ကြောက်ဖွယ်မရှိ။ သည်နေရာကို ရောက်သူများတွင် သောကဖြစ်ခြင်း၊ ခိုကိုးရာမဲ့ဖြစ်ခြင်း၊ လျစ်လျူပြုခံရခြင်းတို့ မရှိ။ သည်နေရာတွင် မေတ္တာတရားနှင့် ငြိမ်းချမ်းမှုကို တွေ့ရသည်။

“သန့်စင်သော နှလုံးသား​ဂေဟာ”တွင် ရောက်လာကြကုန်သော တစ်ရာ့တစ်ဆယ်သော ဒုက္ခသည်တို့သည် သတ္တိကောင်းသော သေးသေးညှက်ညှက် အမျိုးသမီးကြီးတစ်ဦးကြောင့် ထိုနေရာတွင် ငြိမ်းချမ်းခြင်းကို ရနေကြသည်။ ထိုအမျိုးသမီးကြီးမှာ အပြာရောင်အနားကွပ်ထားသည့် ချည်ဆာရီတစ်ထည်ကို ဝတ်ထား၏။ ထိုအမျိုးသမီးကြီးသည် အခန်းစွန်တစ်နေရာရှိ သေအံ့မူးမူး လူတစ်ယောက်အား ငုံ့ကြည့်နေသည်ကို ကိုဗာစကီး မြင်လိုက်ရသည်။ မေတ္တာတရားကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် ထိုအမျိုးသမီး သူတော်စင်အမည်ကို အိန္ဒိယတစ်ပြည်လုံးနှင့် ကမ္ဘာတစ်ဝန်းလုံးမှ အသိအမှတ်ပြုနေကြရလေပြီ။ ကာလကတ္တားမြို့ရှိ လမ်းမများပေါ်မှ စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ်များနှင့် သေအံ့မူးမူး ခိုကိုးရာမဲ့သူများအား ကောက်ယူပြုစုခဲ့သည့် ထိုဗရင်ဂျီသီလရှင်ဆရာကြီးကို သတင်းစာများ၊ မဂ္ဂဇင်းများက အရေးတယူ ဖော်ပြနေကြသည်။ 

သူ့ကုသိုလ်ကောင်းမှုသည် အိန္ဒိယပြည်နယ်နိမိတ်ကို ကျော်ဖြတ်သွားကာ တိုင်းပြည်အများအပြားကပင် သူ့အား အမြင့်ဆုံးသော ဂုဏ်ထူးဘွဲ့ထူးများကို ပေးနေကြလေပြီ။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီး ဖြစ်လာခဲ့လေပြီ။
ကိုဗာစကီးနှင့်တွေ့စဉ်က သူ့အသက်သည် ငါးဆယ့်နှစ်နှစ်မျှသာ ရှိသေး၏။ သူ့အမည်ကား မာသာထရီဇာခေါ် သီလရှင်ဆရာကြီး အမေထရီဇာ ဖြစ်သတည်း။

သီလရှင်ဆရာကြီး ထရီဇာသည် တောင့်တင်းသည့်တိုင် အရွယ်နှင့်စာလျှင် အိုမင်းနေသည်ဟု ထင်ရ၏။ သူ့မျက်နှာပေါ်တွင် နက်ရှိုင်းသောအရေးတို့ ထင်စပြုလေပြီ။ ကိုင်းနေသော သူ့သဏ္ဌာန်သည် နှစ်ပေါင်းပရိစ္ဆေဒ ကြာညောင်းခဲ့သော သူ့စွန်လွှတ်မှုနှင့် အိပ်ရေးပျက်ခဲ့သောညများကို သက်သေထူနေသကဲ့သို့ ရှိသည်။

* * * 

အဂ္ဂနီစ်ဗိုဂျာဟူးခေါ် သီလရှင်ဆရာကြီး ထရီဇာသည် ယူဂိုစလားဗီးယားပြည်၊ စတော့ယီအရပ်တွင် အယ်ဘေးနီးယန်းလူမျိုးမိဘများမှ ပေါက်ဖွားခဲ့သည်။ သူ့အဖေမှာ ချမ်းသာသောကုန်သည်တစ်ယောက်ဖြစ်၏။ ထရီဇာသည် ငယ်ငယ်ကတည်းကပင် အိန္ဒိယပြည်သို့သွား၍ သာသနာပြုလိုသောဆန္ဒ ပေါ်ပေါက်ခဲ့သည်။ အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် ထရီဇာဟူသော ဘွဲ့ကို ခံယူကာ လောရက်တို သီလရှင်ကျောင်းတွင် သီလရှင်ဝတ်ခဲ့သည်။ ၁၉၃၁ ခု၊ အောက်တိုဘာလ ၂၀ ရက်နေ့၌ အင်္ဂလိပ်အင်ပိုင်ယာထဲတွင် လန်ဒန်မြို့မှလွဲလျှင် အကြီးဆုံးဖြစ်သည့် ကာလကတ္တားသို့သွားမည့် သင်္ဘောတစ်စင်းပေါ်သို့ တက်လိုက်လာခဲ့သည်။ ကာလကတ္တားသို့ရောက်လျှင် နာမည်ကြီး (ကွန်ဗင့်) သီလရှင်ကျောင်းတစ်ကျောင်းတွင် အထက်တန်းစား ဗြိတိသျှနှင့်ဘင်္ဂါလီလူကုံတန်များ၏သမီးများကို ပထဝီသင်ပေးသည်။ ပထဝီသင်ပေးရသော စာပြကျောင်းဆရာမအလုပ်ကို ဆယ့်ခြောက်နှစ် လုပ်ခဲ့သည်။

၁၉၄၆ ခုနှစ်၊ တစ်ရက်တွင် ဒါဂျီလင်သို့ မီးရထားဖြင့် ထွက်လာခဲ့စဉ် ရထားပေါ်တွင် အသံတစ်ခုကို သူကြားရသည်။ ထိုအသံမှာ သက်သောင့်သက်သာရှိသော ကွန်ဗင့်ကျောင်းဆရာမအလုပ်ကို စွန့်ကာ ကာလကတ္တားရှိ အဆင်းရဲဆုံးရပ်ကွက်များသို့သွားကာ အဆင်းရဲဆုံးတကာ့ အဆင်းရဲဆုံးလူများနှင့်အတူ လာရောက်နေထိုင်ရန် တိုက်တွန်းသော ဘုရားသခင်၏အသံဖြစ်သည်။ သီလရှင်ဆရာမကြီးထရီဇာသည် အဖြူရောင် ချည်ဆာရီ ဝတ်ခွင့်ရရန် ပုပ်ရဟန်းမင်းထံ ခွင့်တောင်းပြီးနောက် သီလရှင်ဂိုဏ်းတစ်ဂိုဏ်းကို ထူထောင်သည်။ ထိုဂိုဏ်း၏အလုပ်မှာ အငြင်းပယ်ခံလူထုများအား ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်အောင် လုပ်ရန်ဖြစ်သည်။

၁၉၅၀ ခုနှစ်၌ သီလရှင်ဆရာကြီး ထရီဇာသည် ဒါနဝေပုလ္လကျောင်းတိုက်ကို တည်ထောင်ခဲ့သည်။ နောင် ၃၅ နှစ်အကြာ၌ ထိုကျောင်းတိုက်ကြီး၏ကျောင်းတိုက်ခွဲများသည် ၁၈၅ တိုက်မျှ ရှိလာခဲ့ကာ ကမ္ဘာအနှံ့အပြားတွင် ထိုကျောင်းတိုက်မှ ဖွင့်လှစ်သော ဌာနခွဲပေါင်း ထောင်ချီ၍ ရှိလာခဲ့သည်။ ကိုဗာစကီး ရောက်လာသော သေအံ့ဆဲဆဲ ခိုကိုးရာမဲ့များ၏ဂေဟာမှာ တစ်ညနေတွင် သီလရှင်ဆရာကြီး ထရီဇာ ကြုံတွေ့ခဲ့ရသည့် စိတ်ထိခိုက်ဖွယ်အဖြစ် အပျက်တစ်ခုကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အချိန်မှာ ၁၉၅၂ ခု၊ ဇွန်လဖြစ်၏။ ထိုစဉ်က ကမ္ဘာမိုးကြီးရွာသည့် ကာလကတ္တားတွင် မိုးကြီးသည်းထန်စွာ ရွာလျက်ရှိ၏။ အဝတ်ဖြူဖြူဝတ်ထားသည့် ခပ်ကိုင်းကိုင်းသဏ္ဌာန်တစ်ခုသည် ကာလကတ္တား ဆေးကောလိပ်ဆေးရုံကြီး၏ အုတ်တံတိုင်းနံရံကို ခိုကာ မိုးရေထဲတွင် တစ်နေရာသို့ သွားလျက်ရှိ၏။ ထိုစဉ် မြေကြီးပေါ်တွင် လဲကျနေသည့် တစ်စုံတစ်ခုကို ခလုတ်တိုက်မိသည်။ ဖြူဖြူသဏ္ဌာန်သည် မြေကြီးပေါ်သို့ ငုံ့ကြည့်လိုက်၏။ မိုးရေထဲတွင် လဲကျနေသော အဘွားအိုတစ်ဦးကို သူမြင်ရသည်။ အဘွားအိုမှာ အသက်ကိုပင် ကောင်းကောင်း မရှူတော့ပြီ။ ခြေချောင်းကလေးများမှာ မြေကြွက်ကြီးတို့ ကိုက်စားထားသဖြင့် အရိုးဖွေးဖွေး ပေါ်နေပြီ။ သီလရှင်ဆရာကြီး ထရီဇာသည် ထိုအဘွားအိုကို ပွေ့ချီကာ ဆေးရုံကြီးသို့ ပြေးလာခဲ့သည်။ အရေးပေါ်ဌာနကို တွေ့သဖြင့် အခန်းထဲသို့ ဝင်လာခဲ့ကာ အဘွားအိုကို လူနာတင်ထမ်းစင်ပေါ်သို့ ချလိုက်သည်။ အစောင့်တစ်ယောက် ရုတ်တရက်ပေါ်လာပြီး သူ့ကို မောင်းထုတ်၏။

“ဒီအဘွားကြီးကို ပြန်ခေါ်သွားပါ။ ကျွန်တော်တို့ ဘာမှလုပ်မပေးနိုင်ဘူး”

သီလရှင်ဆရာကြီး ထရီဇာသည် အဘွားအိုကို ပွေ့လျက် အပြင်သို့ ပြေးထွက်လာခဲ့သည်။ မလှမ်းမကမ်းတွင် အခြားဆေးရုံတစ်ခု ရှိသေးသည်။ ထိုစဉ် အဘွားအိုထံမှ ချွဲဖောက်လာသံ ကြားရ၏။ သူ့လက်ထဲတွင် ပွေ့ထားသည့် ခန္ဓာကိုယ်သည် တောင့်တင်းစ ပြုလာလေပြီ။ နောက်ကျသွားသည်ကို သိလိုက်လေပြီ။

သီလရှင်ဆရာကြီး ထရီဇာသည် အဘွားအိုကို အောက်သို့ချကာ ပွင့်နေသော မျက်လုံးများကို ပိတ်ပေးလိုက်ပြီးနောက် မိုးရေထဲတွင် ဒူးထောက်ထိုင်ကာ အလောင်းဘေးတွင် ဆုတောင်းသည်။ “ဒီမြို့ကြီးမှာ လူဖြစ်ရတာထက် ခွေးဖြစ်ရတာကမှ ကောင်းသေးတယ်” ဟု သက်ပြင်းချရင်း အနီးမှ လှည့်ထွက်လာခဲ့သည်။

နောက်တစ်နေ့တွင် သီလရှင်ဆရာကြီး ထရီဇာသည် မြူနီစီပယ်ရုံးကြီးသို့ အမောတကော ပေါက်လာကာ တစ်ခန်းဝင် တစ်ခန်းထွက်သည်။ ချည်ဆာရီအဖြူကို ဝတ်ထားသည့် ဥရောပသူ သီလရှင်တစ်ပါး တစ်ခန်းဝင် တစ်ခန်းထွက် အလုပ်များနေသည်ကိုကြည့်၍ အချို့က တအံ့တသြ ဖြစ်နေကြသည်။ နောက်ဆုံးတွင် မြို့တော်ဝန်၏လက်ထောက်တစ်ယောက်က သူ့ကို လက်ခံတွေ့ဆုံသည်။

“ဒီမြို့တော်ကြီးကလူတွေ လမ်းမပေါ်မှာ ဒီအတိုင်းသေနေတာဟာ ရှက်စရာကောင်းလွန်းပါတယ်။ ဒီတော့ ဆရာကြီးကို အဆောက်အအုံတစ်ခု ပေးပါ။ သေခါနီးလူတွေ ဘုရားသခင်ရှေ့တော်မှောက်မှာ ကရုဏာတော်နဲ့ သေနိုင်တာပေါ့” ဟု အမေထရီဇာက ပြောသည်။

နောက်တစ်ပတ်အကြာတွင် ကာလကတ္တားမြူနီစီပယ်အဖွဲ့က ကာလီမယ်တော်ဝတ်ကျောင်းအနီးရှိ ဇရပ်တစ်ဆောင်ကို ပေးလိုက်သည်။ ဆရာကြီးထရီဇာ ဝမ်းသာ၍ မဆုံးတော့။

“အဲဒါ ဘုရားသခင်က ပေးလိုက်တာ၊ ပေးလိုက်တဲ့နေရာကလဲ အတော်ပဲ။ ဆင်းရဲသားတွေ၊ ခိုကိုးရာမဲ့တွေ သေစရာရှိရင် ဝတ်ကျောင်းကပိုင်တဲ့ လောင်တိုက်တွေပေါ်မှာ မီးသဂြိုဟ်ခံရအောင် လာလေ့ရှိတဲ့နေရာ"

ပထမသော် လည်တွင် ကားတိုင်ကိုဆွဲထားပြီး ဆာရီအဖြူဝတ်သည့် ဗရင်ဂျီ မယ်သီလရှင်တစ်ဦး သူတို့အထွတ်အမြတ်ထားသော နေရာအနီးသို့ ရောက်လာသည့်အတွက် အံ့သြကြသည်။ ထို့နောက် အယူသီး ဟိန္ဒူဘာသာဝင်တို့က မကျေမနပ်ဖြစ်လာကြသည်။ သီလရှင်ဆရာကြီး ထရီဇာနှင့်သီလရှင်များသည် သေအံ့ဆဲဆဲ ခိုကိုးရာမဲ့များကို ခရစ်ယာန်ဘာသာထဲသို့ ဆွဲသွင်းကြသည်ဟု သတင်းဖြစ်လာသည်။ ပြဿနာတွေ ပေါ်လာသည်။ တစ်နေ့တွင် သေတော့မည့် ခိုကိုးရာမဲ့တစ်ဦးကို ဂေဟာသို့ ခေါ်လာစဉ် သူနာတင်ကားကို ခဲတွေ၊ ပုလင်းတွေဖြင့် ပစ်ခတ်ကြသည်။ သီလရှင်များကို ခြိမ်းခြောက်စော်ကားကြသည်။ နောက်ဆုံးတွင် သီလရှင်ဆရာကြီး ထရီဇာသည် မကျေမနပ် ဆန္ဒပြနေသည့် လူအုပ်ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။

“ကျုပ်ကိုသတ်ကြပါ၊ ကျုပ်သေသွားရင် ကောင်းကင်ဘုံကို မြန်မြန်ရောက်တာပါပဲ” ဟု ဆိုကာ ကားစင်တင်ခံထားရသည့်ပုံ လက်နှစ်ဖက်ကို ဘေးသို့ထားသည်။

ဤတွင် လူအုပ်ကြီးသည် သူ့အပြုအမူကို လေးစားသွားကာ ပြန်သွားကြ၏။ သို့ရာတွင် ပြဿနာက မပြီးသေး။ အသင်းအဖွဲ့များက မြို့တော်ခန်းမနှင့်ရဲဌာနသို့ ကိုယ်စားလှယ်တွေလွှတ်ကာ နိုင်ငံခြားသားသီလရှင်ကို တိုင်းပြည်မှနှင်ထုတ်ရန် တင်ပြကြသည်။ ရဲမင်းကြီးက သူတို့တောင်းဆိုချက်ကို လုပ်ပေးမည်ဖြစ်ကြောင်း ပြောသည်။ သို့ရာတွင် သူကိုယ်တိုင် အခြေအနေကို စုံစမ်းကြည့်သည်။

ရဲမင်းကြီးသည် သူကိုယ်တိုင် ဂေဟာသို့လာခဲ့၏။ ဂေဟာထဲသို့ ဝင်လိုက်သည့်အခါ၌ လမ်းမမှ ကောက်လာသော သေအံ့ဆဲ လူမမာတစ်ယောက်အနီးတွင် ဒူးထောက်ထိုင်ကာ ဘုရားစာ ရွတ်နေသော သီလရှင်ဆရာကြီး ထရီဇာကို တွေ့ရသည်။ လူမမာမှာ လွန်စွာ ညစ်ပတ်လျက်ရှိကာ ခြေထောက်တွင် ပြည်တရွှဲရွှဲ အနာကြီးတွေနှင့် ဖူးဖူးရောင်နေလေပြီ။ မရွံမရှာပြုစုနေသော သီလရှင်ဆရာကြီး ထရီဇာကို မြင်သည့်အခါတွင် ရဲမင်းကြီးသည် အံ့အားသင့်နေသည်။

သီလရှင်ဆရာကြီး ထရီဇာသည် လူမမာ၏ခြေထောက်မှ အနာများကို ဆေးကြောကာ ဆေးထည့်ပေးနေသည်။ နှစ်သိမ့်စကားတို့ကို ပြောနေသည်။ သူ့မျက်နှာက ပကတိ တည်ငြိမ်အေးချမ်းလျက်။ ရဲမင်းကြီးသည် ဆရာကြီး ထရီဇာ ပြုမူနေပုံကို မြင်သည့်အခါတွင် များစွာစိတ်ထိခိုက်သွား၏။

“ဆရာကြီးရဲ့ ဂေဟာကို လိုက်ကြည့်ဦးမလား” ဟု သီလရှင်ဆရာကြီး ထရီဇာက မေးသည်။

“တော်ပါပြီ ဆရာကြီး၊ မလိုတော့ပါဘူး”

ဂေဟာပြင်သို့ ထွက်လာသည့်အခါတွင် အယူသီးဟိန္ဒူဘာသာဝင် လူငယ်များသည် ဝင်းဝတွင် ရပ်နေကြ၏။

“ကောင်းပြီ၊ မင်းတို့တောင်းဆိုတဲ့အတိုင်း ဒီနိုင်ငံခြားသူ သီလရှင်ကို ပြည်နှင်ဒဏ်ပေးမယ်၊ ဒါပေမယ့် မင်းတို့အမေတွေနဲ့ မင်းတို့အစ်မတွေ၊ ညီမတွေကို ဒီကိုခေါ်လာပြီး သူလုပ်တဲ့ အလုပ်မျိုးတွေကို လုပ်ပေးဖို့ ပြောပေးပါ။ အဲဒီလို ပြောပေးနိုင်ရင် ငါ သူ့ကို နှင်ထုတ်မယ်”

သို့တိုင် တိုက်ပွဲမအောင်သေး။ နောက်တစ်နေ့တွင် ဆူပူသူများသည် ဂေဟာကို ခဲများ၊ အုတ်ခဲများဖြင့် ပစ်ကြသည်။ တစ်မနက်တွင်မူ ကာလီ မယ်တော်၏ဝတ်ကျောင်းရှေ့တွင် စုဝေးနေသော လူအုပ်တစ်အုပ်ကို ဆရာကြီး ထရီဇာ မြင်လိုက်ရ၏။ သူတို့အနီးသို့ လာသည့်အခါ လူအုပ်ကြားထဲတွင် မျက်ဖြူလန်၍လဲနေသော လူတစ်ယောက်ကို တွေ့ရသည်။ သူ့မျက်နှာမှာ သွေးလုံးဝမရှိတော့ဘဲ ဖြူလျက်ရှိလေပြီ။ သူ့ရင်တွင် ကြိုးသုံးကြိုး တပ်ထားသည်ကို ကြည့်ခြင်းဖြင့် ထိုလူမှာ ကာလီမယ်တော်၏ဝတ်ကျောင်းမှ ဗြဟ္မဏတစ်ဦးဖြစ်ကြောင်း သိရသည်။ မည်သူမျှ သူ့ကို မထိရဲကြ။ ကာလဝမ်းရောဂါဖြစ်နေကြောင်း သူတို့အားလုံး သိနေကြသည်။

သီလရှင်ဆရာကြီး ထရီဇာသည် အနီးတွင် ဒူးထောက်ထိုင်ချလိုက်ကာ ထိုလူကို ပွေ့၍ သူ့ဂေဟာဆီသို့ ခေါ်ဆောင်သွားသည်။ နေ့ရော ညပါ ပြုစုသဖြင့် ထိုလူမှာ သက်သာသွား၏။

“ကျုပ်ဟာ အနှစ်သုံးဆယ်လုံးလုံး ကျောက်နဲ့ထုထားတဲ့ ကာလီမယ်တော်ကို ကိုးကွယ်ခဲ့တယ်၊ ခု အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့ ကာလီမယ်တော်ကို ကျုပ်တွေ့ပြီ၊ သူကမှ တကယ့် ကာလီမယ်တော်အစစ်” ဟု ထိုလူက နောင်တွင် ပြောသည်။

ထို့နောက်တွင်မူ အဝတ်ဖြူဝတ်ထားသည့် သီလရှင်တို့ကို ခဲဖြင့် ပစ်ခတ်ခြင်း မပြုကြတော့။ ထိုသတင်းသည် ကာလကတ္တားတစ်မြို့လုံးသို့ ပျံ့သွား၏။ သေအံ့ဆဲဆဲ လူမမာများကို တင်လာသည့် သူနာတင်ကားများ၊ ရဲကားများသည် သီလရှင်ဆရာကြီး ထရီဇာ၏ဂေဟာသို့ နေ့စဉ်နှင့်အမျှ ရောက်လာကြသည်။ “သန့်စင်သော နှလုံးသားဟာ သည်ကာလကတ္တားမြို့ကြီးရဲ့ ရတနာအစစ်” ဟု သီလရှင်ကြီး ထရီဇာ ကြွေးကြော်သည်။ ထိုရတနာကို တစ်မြို့လုံးက ဝိုင်း၍ ကာကွယ်စောင့်ရှောက်ကြသည်။ 

မြို့တော်ဝန်၊ သတင်းစာဆရာများနှင့် မြို့မျက်နှာဖုံးများသည် သူ့ဂေဟာကို အပြေးအလွှား လာကြည့်ကြသည်။ အထက်တန်းစား အမျိုးသမီးများသည် ထိုဂေဟာသို့ ရောက်လာကာ သေအံ့ဆဲဆဲ ခိုကိုးရာမဲ့များကို သီလရှင်များနှင့်အတူ ပြုစုကြသည်။ ထိုအထဲမှ အမျိုးသမီးတစ်ယောက်သည် သီလရှင်ဆရာကြီးထရီဇာ၏ မိတ်ဆွေကြီးတစ်ဦး ဖြစ်လာခဲ့သည်။

အမ်ရီတာရွိုင်းသည် အသက် ၃၅ နှစ်သာ ရှိသေးသည်။ လှသည်၊ ချမ်းသာသည်၊ တန်ခိုးသြဇာကြီးသည်။ သူ့ဦးကြီး ဒေါက်တာ ဘီစီရွိုင်းသည် စိတ်ရင်းကောင်းသူတစ်ဦးဖြစ်ပြီး ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ် ဖြစ်သည်။ နေရာတကာတွင် ခက်ခဲသော မြို့ကြီး၌ သူတို့ကို တတ်နိုင်သမျှ အကူအညီပေးသည်။ ကာလကတ္တားသည် ရာသီဥတုဆိုးသည်။ လေထုညစ်ညမ်းသည်။ လူဦးရေထူထပ်သည်။ ဗျူရိုကရေစီအုပ်စိုးမှု အားကြီးသည်။ ကိုဗာစကီးကဲ့သို့ပင် သီလရှင်ဆရာကြီး ထရီဇာသည် အကောက်ခွန်ရုံးကြီးတွင် ရောက်နေသည့် ဆေးသေတ္တာများ၊ နို့မှုန့်သေတ္တာများကို ရက်ပေါင်းများစွာ စောင့်ဆိုင်း၍ ရွေးယူရသည့်အခါတွေ ရှိသည်။ 

သေခါနီး ခိုကိုးရာမဲ့များကို ကောက်ယူပြုစုခြင်းမှာ သီလရှင်ဆရာကြီး ထရီဇာအဖို့ ပထမခြေလှမ်းသာရှိသေး၏။ အသက်ရှင်နေသူများကိုလည်း ဂရုစိုက်ဖို့လိုသေးသည် မဟုတ်လော။ အသက်ရှင်လျက်ရှိသူများထဲတွင် ဥပေက္ခာပြု အခံရဆုံးမှာ ကလေးငယ်များ ဖြစ်သည်။ တစ်ခါတစ်ရံတွင် စွန့်ပစ်ထားသောကလေးငယ်များကို အမှိုက်ပုံများထဲတွင်လည်းကောင်း၊ ရေမြောင်းထဲတွင်လည်းကောင်း၊ ဘုရားရှိခိုးကျောင်းအဝတွင်လည်းကောင်း တွေ့ရတတ်သည်မဟုတ်လော။

တစ်နေ့တွင် ဘုရားသခင်၏စေခိုင်းချက်ကြောင့် ဆရာကြီးထရီဇာသည် ဘုရားဝတ်ပြုပြီး အနီးရှိ လူမနေသည့်အိမ်ကြီးတစ်အိမ်အဝသို့ အမှတ်မဲ့ ရောက်သွား၏။ ဝင်းဝပလက်ဖောင်းပေါ်တွင် သတင်းစာစက္ကူဖြင့် ပတ်ထားသည့် နေ့မစေ့ဘဲ မွေးလာသည့် ကလေးငယ်ကလေးတစ်ဦးကို တွေ့ရသည်။ ထိုကလေးငယ်သည် ၁၉၅၃ ခုနှစ်တွင် တည်ထောင်လိုက်သော “ရှီရှူဘဝမ်” ခေါ် ကလေးဂေဟာသို့ ပထမဆုံးရောက်လာသူ ဖြစ်သည်။ 

ကလေးငယ်မှာ သုံးပေါင်ပင် မပြည့်ချင်။ ဆရာကြီး ထရီဇာက နို့ဘူးဖြင့် တိုက်သည့်အခါတွင် နို့သီခေါင်းကို စုပ်ရန်ပင် အားမရှိတော့။ ထို့ကြောင့် နှာခေါင်းမှ ပိုက်ဖြင့် နို့သွင်းရသည်။ သီလရှင်ဆရာကြီး ထရီဇာသည် ထိုကလေးငယ်ကို အသက်ရှင်အောင် ကြိုးစား၍ မွေးသည်။ များမကြာမီ သူ့ကလေးဂေဟာတွင် ကလေးငယ် ဒါဇင်ပေါင်းများစွာကို ခုတင်ကလေးတွေ၊ ပုခက်ကလေးတွေနှင့် ထားနိုင်သောအခြေသို့ ရောက်လာလေပြီ။ သူ့ဂေဟာသို့ တစ်နေ့လျှင် ကလေးငါးဦး၊ ခြောက်ဦးခန့် ရောက်လာတတ်သည်။ သူ့လက်ထောက် သီလရှင်များမှာ ခေါင်းကိုက်နေလေပြီ။ ထိုမျှများသော ကလေးငယ်များကို မည်သို့ ပြုစုကျွေးမွေးမည်နည်း။ သေခါနီး ခိုကိုးရာမဲ့များနှင့်ပေါင်းလျှင် တစ်နေ့တစ်နေ့ ရာပေါင်းများစွာသော ပါးစပ်များကို ကျွေးမွေးရတော့မည်။

သူ့အဖြေက လွယ်သည်။ “ဘုရားသခင်က စောင့်ရှောက်ပါလိမ့်မယ်” ဟု သူဖြေသည်။ မှန်သည်၊ ဘုရားသခင်က စောင့်ရှောက်သည်။ လူချမ်းသာများက ဒရိုင်ဘာများကိုလွှတ်၍ ဆန်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ငါး စသည်တို့ကို လှူသည်။

တစ်ညနေတွင် သူရောက်စက သူ့ကို အိမ်ခန်းတစ်ခန်း လှူဖူးသော လူတစ်ယောက်နှင့် ဆရာကြီး ထရီဇာ တွေ့သည်။

“သိပ်ဟန်ကျတာပဲ ဒကာကြီးရေ၊ ကျုပ်တို့ကလေးဂေဟာက ကလေး တစ်ရာအတွက် အစိုးရက တစ်လကို သုံးဆယ့်သုံးကျပ် ထောက်ပံ့တယ်” ဟု ဆရာကြီး ထရီဇာက အားတက်သရော ပြောသည်။ 

သူက ဆရာကြီး ထရီဇာကို သနားသလိုကြည့်ရင်း ....
“ဘာ ... အစိုးရက ထောက်ပံ့တယ် ဟုတ်လား၊ ဆရာကြီး ကျွန်တော်တို့အစိုးရ ဗျူရိုကရေစီယန္တရား ဘယ်လောက်ရှုပ်ထွေးမှန်းမှ မသိဘဲကိုး”

သူပြောသည့်အတိုင်းပင် ထောက်ပံ့ငွေ သုံးဆယ့်သုံးကျပ်ရမည်ဆိုသည့်တိုင် ခြောက်လကြာသည်အထိ တစ်ပြားတစ်ချပ်မျှ မရသေး။ ခြောက်လကြာသည့်အခါတွင်မူ အစိုးရရုံးကြီးတစ်ရုံးထဲတွင် ဒိုဘီဝတ်ထားသည့် အရာရှိများသည် အစည်းအဝေး ထိုင်ကြကာ ဆရာကြီးထရီဇာ၏ ကလေးဂေဟာမှ စာရင်းစာအုပ်များကို စစ်ဆေးကြ၏။ မေးခွန်းများကို မေးကြ၏။ မလိုအပ်သည့် အသေးစိတ်များကို စစ်ဆေးကြ၏။ ဝေဖန်ကြ၏။

ဆရာကြီး ထရီဇာသည် သည်းမခံနိုင်တော့။ သူတို့ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။

“လူကြီးမင်းများကို ဆရာကြီး တစ်ခုပြောချင်တယ်၊ လူကြီးမင်းတို့ ထောက်ပံ့တဲ့ငွေလေး သုံးဆယ့်သုံးကျပ်နဲ့ လူကြီးမင်းတို့ ပို့ပေးတဲ့ ကလေးငယ်တွေကိုပဲ ပြုစုစောင့်ရှောက်ရမယ်လို့ မတောင်းဆိုပါနဲ့၊ ဆရာကြီးမှာ တခြားက ကောက်ရတဲ့ကလေးတွေ အများကြီးကို ဆယ့်ခုနစ်ကျပ်နဲ့ ကျွေးနေရတာပါ၊ ဒီတော့ လူကြီးမင်းတို့ပို့တဲ့ ကလေးကိုတော့ သုံးဆယ့်သုံးကျပ် သုံးရမယ်၊ ကျန်တဲ့ကလေးတွေအတွက်တော့ ဆယ့်ခုနစ်ကျပ်ပဲ သုံးရမယ် ဆိုတာမျိုးကို ဆရာကြီး မလုပ်နိုင်ပါဘူး၊ ကျေးဇူးတင်ပါတယ်၊ လူကြီးမင်းတို့ မထောက်ပံ့ပေမယ့်လဲ ကိုယ့်ဘာသာကိုယ်ရှာပြီး ကျွေးပါမယ်”

ဆရာကြီးထရီဇာသည် ရုံးခန်းမှ ထွက်လာခဲ့သည်။

ကာလကတ္တားသည် ကလေးမွေးနှုန်း အလွန်မြင့်သည့်မြို့ကြီးဖြစ်ရာ ကိုယ်ဝန်ကို ဖျက်ချတတ်ကြသဖြင့် ထိုကိစ္စကိုလည်း ကိုင်တွယ်ရဦးမည်။ ထို့ကြောင့် ဆရာကြီး ထရီဇာသည် သီလရှင်များ၏အကူအညီဖြင့် မြို့ထဲတွင် ပိုစတာတွေ ကပ်သည်။ မည်သည့်ကလေးကိုမဆို မိမိထံပို့ပေးလျှင် ကျွေးမွေးပြုစုမည်ဟု ပိုစတာတွင် ဖော်ပြသည်။ ညမှောင်လျှင် ကိုယ်ဝန်ဆောင်မိန်းကလေးများသည် ဆရာကြီး၏ဂေဟာသို့ ပေါက်လာကာ သူတို့ကလေးများကို မွေးပေးရန် တိတ်တိတ်စာရင်းသွင်းကြသည်။

ကရုဏာနတ်သမီးသည် ဒုက္ခရောက်သူတို့ထံ အတောင်ပံခတ်၍ အမြဲ ပျံလာတတ်သည်။ သေခါနီး ခိုကိုးရာမဲ့တို့၏ဂေဟာကို ဖွင့်ပြီးပြီ။ စွန့်ပစ်ခံရသည့် ကလေးငယ်များဂေဟာကိုလည်း ဖွင့်ပြီးပြီ။ ကိုယ်ရေရောဂါသည်တို့၏ကိစ္စ ကျန်သေးသည်။ ကာလကတ္တား စက်မှုရပ်ကွက်ရှိ ကွက်သစ်တစ်ခုဖြစ်သော တီတာဂါးရပ်ကွက်တွင် ဆရာကြီး ထရီဇာသည် မီးရထားကုမ္ပဏီတစ်ခုထံမှ မြေကွက်တစ်ကွက် ငှားပြီး သွပ်မိုး၊ အုတ်ကာ ရုံတစ်ရုံ ဆောက်သည်။ အခြေအနေဆိုးနေသည့် ကိုယ်ရေရောဂါသည်များကို လက်ခံကာ သူတို့ကို နေ့တိုင်း ဆေးကုပေးသည်။ အားပေးစကားပြောသည်။ ခဏကြာလျှင် မေတ္တာအိုအေစစ်သို့ လာ၍ ကုသခံသည့် ရောဂါသည်တွေ ရာချီရှိလာခဲ့သည်။

တီတာဂါးသည် အစမျှသာ ဖြစ်သည်။ ထို့နောက်တွင် ဆရာကြီး ထရီဇာသည် သီလရှင်များကို မြို့ထဲသို့ လွှတ်ကာ ကိုယ်ရေရောဂါသည်ဆေးပေးခန်း ၇ ခုကို ဖွင့်လှစ်ခဲ့သည်။ တစ်ယောက်က ဆရာကြီးထရီဇာ ပထမဆုံး ကိုယ်ရေရောဂါသည်ကို ပြုစုခဲ့ရာ ရပ်ကွက်တစ်ခုတွင် သူ့ကြိုးပမ်းချက်ဖြင့် ဆေးပေးခန်းတစ်ခု ထောင်သည်။ ထိုဆေးပေးခန်းသို့ ရောဂါသည်တွေ အုပ်လိုက် နေ့စဉ် လာကြသည်။ မြို့တော်ခန်းမတွင် အမှုထမ်းသည့် အရာရှိတစ်ဦးက သူတို့အိမ်အနီးတွင် ထိုသို့သော အနိဋ္ဌာရုံစခန်းများ လာရောက်ဖွင့်သည့်အတွက် ကန့်ကွက်ကာ သက်ဆိုင်ရာသို့ တိုင်မည်ဟု ခြိမ်းခြောက်သည်။ နောက်ဆုံးတွင် ဆရာကြီးထရီဇာ အလျှော့ပေးလိုက်ရသည်။ သို့ရာတွင် အရှုံးထဲမှ အကောင်းကို သူရှာသည်။

“ဒီလိုဆိုရင်လဲ တစ်နေရာတည်းမှာ မဖွင့်ဘဲ လှည့်လည်ဆေးပေးခန်းကလေးတွေ ဖွင့်ရမှာပေါ့” ဟု ပြော၏။

ဒါနဝေပုလ္လကျောင်းတိုက် တံဆိပ်တပ်ထားသည့် မော်တော်ယာဉ်အဖြူကလေးများသည် ကာလကတ္တားမြို့ကြီးထဲတွင် နေရာအနှံ့သွားကာ အလိုအပ်ဆုံးသူများအား ကူညီနေသည်ကို မြင်နိုင်သည်။

* * * 

ကိုဗာစကီးသည် သူနေသည့် သုခမြို့တော်ရှိ ကိုယ်ရေရောဂါသည်များအတွက် ထိုသို့သော မော်တော်ယာဉ်တစ်စီးလောက် လိုချင်သည်။ သူဖွင့်မည့် ဆေးပေးခန်းကလေးတွင် အကူအညီပေးမည့် သီလရှင် နှစ်ယောက် သုံးယောက်လည်း လိုချင်သည်။ ထို့ကြောင့် သီလရှင်ဆရာကြီး ထရီဇာထံ လာခဲ့ခြင်းဖြစ်သည်။

ကိုဗာစကီးသည် ပိုးလိုးပက်လက် ဖြစ်နေသည့် လူမမာများကြားမှ ဖြတ်ကာ ဒူးထောက်ထိုင်နေသည့် သဏ္ဌာန်ဆီသို့ လာခဲ့၏။ ဆရာကြီး ထရီဇာသည် အရိုးပေါ် အရေတင်လျက်ရှိသည့် လူငယ်တစ်ဦးအား သန့်စင်ဆေးကြောပေးနေသည်။ သူ့တွင် အသားတို့ မရှိတော့။ အရေသည် ကားကြက်ထားသကဲ့သို့ အရိုးပေါ်တွင် တင်းနေပြီ။ ဆရာကြီး ထရီဇာသည် ထိုလူရွယ်ကို ဘင်္ဂါလီဘာသာဖြင့် ခပ်တိုးတိုး ပြောနေသည်။

“အဲဒီလူရဲ့ မျက်နှာကို ကျွန်တော် ဘယ်တော့မှ မေ့တော့မှာ မဟုတ်ဘူးဗျာ၊ စောစောက ဝေဒနာကြောင့် ရှုံ့မဲ့နေတဲ့မျက်နှာဟာ အံ့ဩတဲ့အသွင်ကို ပြောင်းသွားတယ်၊ ပြီးတော့ သူ့ကို ဒီလို ချစ်ချစ်ခင်ခင် ပြုစုပေးနေတဲ့အတွက် ငြိမ်းချမ်းကြည်လင်သွားတယ်” ဟု ကိုဗာစကီးက ပြောသည်။

အနီးတွင် လူတစ်ယောက် ရောက်လာမှန်း သိလိုက်သဖြင့် အမေ ထရီဇာသည် ထိုင်ရာမှ ထ၏။ ကိုဗာစကီး၏ရင်ဘတ်ပေါ်တွင် ဆွဲထားသည့် ကားတိုင် မြင်လိုက်သဖြင့် ဗရင်ဂျီခင်ကြီးမှန်း သိသွားကာ “ဆရာကြီးလား၊ ကျုပ် ဘာများ အကူအညီပေးနိုင်ပါသလဲ” ဟု ကျိုးနွံစွာ မေးသည်။

ကိုဗာစကီးသည် ရွံ့ နေသည်။ မိမိသည် လူမမာတစ်ဦးအား နှစ်သိမ့်ပေးနေသူတစ်ဦးကို သွားရောက်နှောင့်ယှက်မိနေပါပကော။ လူမမာ၏မျက်နှာက ဆရာကြီး ထရီဇာကို တောင်းပန်တိုးလျှိုးသည့်အကြည့်ဖြင့် ကြည့်နေသည်။ ကိုဗာစကီးက သူ့ကိုယ်သူ မိတ်ဆက်သည်။

“ ဪ.. ဟုတ်လား၊ ဆရာကြီးရဲ့ အကြောင်းကို ကြားဖူးပါတယ်” ဟု အမေ ထရီဇာက ဝမ်းသာအားရ ပြောသည်။

“ဆရာကြီးဆီကို ကျွန်တော် အကူအညီတစ်ခု တောင်းချင်လို့ပါ”

“ဆရာကြီးကို အကူအညီမတောင်းနဲ့လေ၊ ဘုရားသခင်ဆီကို တောင်းမှပေါ့၊ ဆရာကြီးက ဘာတတ်နိုင်မှာလဲ”

ကိုဗာစကီးက သူ့ရပ်ကွက်တွင် ကိုယ်ရေရောဂါသည်တို့အတွက် ဆေးပေးခန်းကလေးတစ်ခု ဖွင့်ချင်ကြောင်း ပြောသည်။

“သိပ်ကောင်းတာပေါ့ ဆရာကြီးရယ်၊ သိပ်ကောင်းတာပေါ့။ ဆရာကြီးဟာ ဘုရားအလိုတော်အတိုင်း လုပ်နေတာပဲ၊ ကောင်းပြီလေ၊ ဆရာကြီး သီလရှင်သုံးဦး ပို့ပေးမယ်၊ သူတို့က ကိုယ်ရေရောဂါသည်တွေကို ကိုင်တွယ်နေကျ သူတွေပါ"

ထိုစဉ် သီလရှင်ပျိုတစ်ပါး ရောက်လာကာ တစ်စုံတစ်ရာကို တိုးတိုး ပြောသည်။ ကိစ္စရှိ၍ ဆရာကြီး ထရီဇာကို လာခေါ်ခြင်းဖြစ်သည်။

“ကဲ... သွားဦးမယ် ဆရာကြီး၊ ဆရာကြီးတို့နဲ့ လာပြီး တစ်မနက်လောက် ဘုရားဝတ်ပြုလှည့်ပါဦးလား' ဟု ဆရာကြီး ထရီဇာက ပြောသည်။

ကိုဗာစကီးသည် ဝမ်းသာနေသည်။

"ကာလကတ္တားမြို့ကြီးရေ၊ ကောင်းချီးသာဓု ခေါ်ပေတော့၊ မင်းဟာ ဘယ်လောက် ဆင်းရဲစုတ်ပြတ်ပေမယ့် သူတော်စင်တွေကိုတော့ မွေးပေးနိုင်တဲ့ မြို့ကြီးပါ”

သူ တိုးတိုးရွတ်သည်။

အပိုင်း(၃၆)ဆက်ရန်
--------------------------
#မြသန်းတင့်

Post a Comment

0 Comments