#သုခမြို့တော်
အပိုင်း(၃၆)
အခြေအနေသည် တဖြည်းဖြည်း ဆိုးလာခဲ့၏။ အဆင့်ဆင့် ပိတ်ဆို့မှုများကြောင့် လမ်းမများပေါ်တွင် ယာဉ်အသွားအလာ ကျပ်တည်းပိတ်ဆို့လာခဲ့သည်။ တစ်ခါတစ်ရံတွင် ရှေ့ကို ခြေတစ်လှမ်းစာကလေး ရောက်ဖို့ပင်လျှင် မနည်းသွားယူရ၏။ လျှပ်စစ်ဓာတ်အား ပြတ်သွား၍ ရပ်ထားရသော ဓာတ်ရထားများ၊ ရေဆူသဖြင့် စက်ခေါင်းမှ ရေနွေးငွေ့ တွေ တထောင်းထောင်းဖြင့် စက်ပျက်နေသော မော်တော်ကားများ၊ ဝင်ရိုးကျိုးလျက် သို့မဟုတ် တုံးလုံးကြီးလဲလျက်ရှိသော နှစ်ထပ်ဘတ်စ်ကားကြီးများကြောင့် လမ်းမတစ်ခုလုံးတွင် ပိတ်ဆို့နေတတ်သည်။ အဝါရောင်ဆေး မညီမညာ သုတ်ထားသည့် တက္ကစီကားများသည် ဟွန်းသံ တတီတီဖြင့် ရှေ့သို့ အတင်းတက်နေကြသည်။
ဝန်အပြည့် တင်ထားသည့် ကျွဲလှည်းများနှင့် ခေါင်းပေါ်တွင် ပစ္စည်းတွေကို ထမ်းပိုးလာကြသည့် ကူလီများသည် ကြီးမားကျယ်ပြန့်လှသော ထိုဒီရေကြီးထဲတွင် ကူးခတ်နေကြသည်။ ရေပိုက်များနှင့် မိလ္လာပိုက်များ ပေါက်သဖြင့် လမ်းမကြီးများပေါ်တွင် ဗွက်တွေ အိုင်တွေ ထွန်းနေရာ ကတ္တရာစေးမှာ ကွက်ကွက်ကလေးသာ ကျန်တော့သည်။
လန်ချားများနှင့် လမ်းသွားလမ်းလာများသည် ထိုကတ္တရာခင်း မာမာလေးကို လုသွားနေကြသည်။ အရာအားလုံးသည် တစ်နေ့ထက်တစ်နေ့ ပို၍ အက်အက်လာပြီး ပို၍ပြိုပြိုလာသည်ဟု ထင်ရသည်။
“လန်ချားစီးတဲ့သူတစ်မျိုး ရှိသေးတယ်၊ လန်ချားခေါ်စီးပြီး ဆင်းလဲ ဆင်းရော ဗိုက်ကို ဓားနဲ့ထောက်ပြီး ဆွဲလို့ရတဲ့ လန်ချားခကလေးကို လုယူသွားတဲ့ လူမျိုးတွေ၊ အရက်သမားကို တင်လာမိရင်လဲ အဆင်းမှာ လက်သီးနဲ့ ထိုးသွားတယ်။ ပြည့်တန်ဆာတို့ ဘာတို့ကျတော့ လန်ချားပေါ်ကဆင်းပြီး လစ်ပြေးတယ်၊ ပိုက်ဆံပေးမသွားဘူး။ ပိုက်ဆံဝါလားတွေကျတော့လဲ တစ်ပြား နှစ်ပြားနဲ့ ကပ်ပြီး ဆစ်ချင်ဆစ်နေတာ” ဟု ဟာစရီပါးက ပြောသည်။
တစ်နေ့၌ ဟာစရီပါးသည် ငွေသွားပို့ရင်း မန်နီအော်ဒါငွေပို့သည့်ပုံစံ အောက်ပိုင်း ကွက်လပ်ကလေးထဲတွင် အဖေဖို့ စာတစ်ကြောင်း နှစ်ကြောင်းလောက် ရေးချင်ကြောင်း လျှောက်လွှာစာရေးကို ပြောသည်။ ကျွန်တော်တို့အားလုံး ကျန်းမာကြပါသည်။ ယခု ကျွန်တော် လန်ချား ဆွဲနေပါသည်ဟု ထိုစာတိုကလေးထဲတွင် ရေးထား၏။ ဟာစရီပါးသည် သူ့ကို မှီခိုနေသည့် မိဘများထံ ဤသို့ အလုပ်ရှိကြောင်း ပြောလိုက်ရသည့်အတွက် ဝမ်းသာသည်။ ဂုဏ်ယူသည်။
ဟာစရီပါးသည် သူ့ ဇနီး၊ သားသမီးသုံးဦးတို့နှင့်အတူ စတည်းချနေရာ လမ်းဘေးပလက်ဖောင်းသို့ ပြန်လာခဲ့သည်။ သူ့တွင် သတင်းကောင်းတစ်ခု ပြောစရာရှိသည် မဟုတ်လော။
“မိန်းမရေ၊ ကျူးကျော်ရပ်ကွက်တစ်ခုထဲမှာ အိမ်ခန်းကလေးတစ်ခု ရခဲ့ပြီကွ” ဟု သူ့မိန်းမကို လှမ်းပြောသည်။
သူ့မိန်းမ အာလောကသည် အိမ်နီးချင်းတစ်ယောက်၏ဒန်အိုးကို ဆေးပေးနေ၏။ကျူးကျော်ရပ်ကွက်ဆိုပါကလား။ သူတို့တောမှာဆိုလျှင် ကန်ထဲတွင် နေ့တိုင်း ရေချိုး၍ ရသည်။ တဲထဲတွင် သန့်သန့်ရှင်းရှင်း ကျယ်ကျယ်လွင့်လွင့် နေနိုင်သည်။ လတ်လတ်ဆတ်ဆတ် အစာကို စားနိုင်သည်။ ယခု ဆင်းရဲသားရပ်ကွက်ထဲက တဲကုပ်ကလေးတွင် နေရတော့မည်။ ရေမရှိ၊ ရေမြောင်းမရှိ၊ တစ်ခါတစ်ရံတွင် အိမ်သာပင်မရှိ။ ထို့ကြောင့် ဆင်းရဲသားရပ်ကွက်ထဲက တဲကုပ်ကလေးတစ်လုံးကို ရမည်ဆိုသည့်အခါတွင် ထူးထူးခြားခြား ဝမ်းသာခြင်းမဖြစ်မိ။
သို့ရာတွင် ပလက်ဖောင်းပေါ်တွင် နေရသည်ထက်တော့ ကောင်းသည်။ ယခု ပလက်ဖောင်းပေါ်တွင်ဆိုလျှင် သေတ္တာ လေးလုံးပေါ်တွင် သွပ်ပြားကလေးခင်းကာ စောင်ကလေးတွေကို မိုးထားရသည်။ ဆောင်းတွင်းဆိုလျှင် ဘယ်လိုနေရမည်မသိသေး။ မိုးတွင်းဆိုလျှင်လည်းဒုက္ခ။
ဟာစရီပါး ရှာတွေ့ခဲ့သည့် စတုရန်းပေသုံးဆယ်ရှိ အခန်းကျဉ်းကလေးရှိရာ ကျူးကျော်တဲသိုက်မှာ မြို့လယ်ခေါင်ချောင် ရင်ဂီလမ်းမအစွန်တွင် ရှိသည်။ ယခင်က ထိုနေရာတွင် တိုက်ပျက်ကြီးတစ်လုံးရှိ၏။ တောမှလာသည့် ဒုက္ခသည်များသည် ကာလကတ္တားသို့ ရောက်လာကြကာ နေစရာမရှိသဖြင့် မိုင်ဒန်ပန်းခြံလမ်းနှင့် ချောင်ရင်ဂီလမ်းမကြီးကြားက တိုက်ပျက် အုတ်ခုံဟောင်းကြီးပေါ်တွင် လာ၍ စတည်းချကြသည်။ မူလက သုံးလေးဦးမျှသာ ဖြစ်၏။ နေပူသည့်အခါတွင် တိုင်ကလေးတွေ ထူကာ အဝတ်စကလေးများကို မိုးကြသည်။ ထို့နောက်တွင် နောက်လူများ တဖွဲဖွဲ ရောက်လာကြကာ မြို့တော်ကြီး၏လူစည်ကားရာ မြို့လယ်ခေါင်တွင် ကျူးကျော်တဲသိုက်ကြီးတစ်ခု နေ့ချင်းညချင်း ပေါ်လာခဲ့သည်။
မည်သူကမျှ သူတို့ကို ကန့်ကွက်ခြင်းမပြုကြ။ မြူနီစီပယ်အာဏာပိုင်များကသော်လည်းကောင်း၊ ပုလိပ်ကသော်လည်းကောင်း၊ ပိုင်ရှင်ကသော်လည်းကောင်း မည်သို့မျှ အရေးယူခြင်းမရှိ။ မြို့တော်ကြီးတစ်ခုလုံးတွင် ထိုသို့သော ဆင်းရဲသားရပ်ကွက်တွေ ပွစာတက်ကာ လုံချည်ပေါက်ဖာသည့် ဖာရာများလို ပြည့်နှက်လျက်။
ထိုကျူးကျော်တဲသိုက်များတွင် အခြေမဲ့ အနေမဲ့ လူထောင်ပေါင်းများစွာတို့ တိုးဝှေ့နေနေကြသည်မှာ ဘာမျှမဆန်း။ တချို့ရပ်ကွက်များတွင် ဆိုလျှင် ရေဘုံပိုင်တို့၊ ရေတွင်းတို့ပင် မရှိ။ ထိုသို့သော ဆင်းရဲသားရပ်ကွက် ကျွန်းငယ်ကလေးများသည် ကာလကတ္တားမြို့ကြီးထဲတွင် မျိုးဆက်တစ်ဆက်လောက် ကြာခဲ့ပြီ။ သို့ရာတွင် ထိုဆင်းရဲသား ကျူးကျော်တဲသိုက်ကလေးထဲသို့ ရောက်လာသူများကို စိတ်မဝင်စားသူမရှိ မဟုတ်ပါ။ စိတ်ဝင်စားသူများလည်း ရှိပါသည်။ သူတို့ကျူးကျော်ရပ်ကွက် တည်ထားရာ အုတ်ခုံပေါ်သို့ လူသစ်တစ်ယောက် ရောက်လာသည်နှင့် ထိုအနီးအနားတစ်ဝိုက်ရှိ လူမိုက်ဂိုဏ်းများသည် အချို့သောအာဏာပိုင်တို့၏ ပူးပေါင်းမှုဖြင့် ငွေညှစ်ကြပါသည်။ ထိုလူမိုက်ဂိုဏ်းမှာ ယခုကမ္ဘာတွင် နာမည်ကျော်နေသည့် အီတလီ အမေရိကန် လူမိုက်ဂိုဏ်းထက်ပင် စောစွာ ပေါ်ပေါက်ခဲ့သည့် ပြည်တွင်းဖြစ် လူမိုက်ဂိုဏ်းဖြစ်ပါသည်။
ကျူးကျော်ရပ်ကွက်ကလေးထဲသို့ ပြောင်းတော့မည်ဆိုသည်နှင့် ဟာစရီပါးထံသို့ အရပ်ပုပု ဂင်တိုတိုနှင့် ဘာမှန်းမသိသည့် လူတစ်ယောက် သူ့ဆီသို့ ပေါက်လာသည်။ သူ့ကိုယ်သူ ထိုမြေကိုပိုင်သည့် သူဌေး၏ကိုယ်စားလှယ်ဟု ပြောသည်။ တစ်နည်းပြောရလျှင် ရပ်ကွက်လူမိုက်ဖြစ်သည်။ ဒုက္ခသည်များ အခြေချသည့် ကျူးကျော်ရပ်ကွက်တိုင်းမှာလိုလိုပင် လူမိုက်ဂိုဏ်း ကိုယ်စားလှယ်များသည် သူတို့ထံသို့ ရောက်လာကြသည်။ သူတို့လက်ထဲတွင် ကျူးကျော်တဲများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ဖော်ပြထားသည့် တရားဝင် နို့တစ်စာအစစ်အမှန်များကို ကိုင်လာကြသည်။ ဤတွင် ကျူးကျော်တဲပိုင်ရှင်တို့အဖို့ ပြဿနာရွေးစရာ လမ်းနှစ်လမ်း ပေါ်လာသည်။ သက်ဆိုင်ရာတို့ကို လစဉ် ငှားခပေးမည်လော။ သို့မဟုတ် မြေကွက်ကလေးကို အပိုင်ဝယ်မည်လော။
ဟာစရီပါးသည် စတုရန်းပေ သုံးဆယ်မျှသာရှိသည့် မြေကွက်ကလေးအတွက် သော့ဖိုးအဖြစ် ငွေငါးဆယ်ပေးလိုက်ရပြီး ငှားခအဖြစ် ကြိုတင်၍ တစ်လနှစ်ဆယ် ပေးရသည်။ သွေးစုပ်သမားများသည် သူတို့ထံမှ ငှားခနှင့် လူနေခွန်ကောက်ရုံမျှသာမကသေး၊ ထိုကျူးကျော်ရပ်ကွက်က ကိစ္စမှန်သမျှကိုလည်း သူတို့က လက်ဝါးကြီးအုပ်၍ ချုပ်ကိုင်ထားကြသည်။ လူမိုက်ဂိုဏ်းသည် ထိုရပ်ကွက်ကလေးတွင် တစ်ဦးတည်းသော အာဏာပိုင်ဖြစ်ရာ ထိုရပ်ကွက်တွင် လူကြီးလုပ်လျှင်လည်း သူတို့ပင်လျှင် လူကြီးဖြစ်ကြသည်။ ဟုတ်သလောက်တော့လည်း ဟုတ်သည်။ လူမိုက်များသည် အရပ်ထဲတွင် ရန်ဖြစ်လျှင် ဖျန်ဖြေပေးတတ်သည်။ ရွေးကောက်ပွဲနားနီးလျှင် သူတို့အတွက် ရိက္ခာခွဲတမ်း ကတ်ပြားများရအောင် လုပ်ပေးခြင်း၊ ရေပိုက်အဆက်ကို ဖြုတ်ပေးခြင်း၊ ဘုရားကျောင်း ဆောက်လုပ်ပေးခြင်း၊ ကလေးကို အစိုးရကျောင်းတွင် ထားခွင့်ရအောင် လုပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးတတ်ကြသည်။
ထိုမြေအောက်အာဏာစက် တရားဝင် မဝင် ဆိုသည်ကိုမူ သွား၍ မငြင်းလေနှင့်။ အာမခံလေနှင့်။ အာခံသည်နှင့် ထိုလူမှာ ရက်စက်စွာ အပြစ်ပေးခံရတတ်သည်။ ကျူးကျော်တဲသိုက်များတွင် မကြာခဏ မီးလောင်တတ်သည်။ တစ်ခါတစ်ရံတွင် ကျူးကျော်ရပ်ကွက်ကြီးတစ်ခုလုံး ပြာကျသွားတတ်သည်။ တစ်ခါတစ်ရံတွင်လည်း ဓားဒဏ်ရာဖြင့် သေဆုံးနေသော အလောင်းတစ်လောင်းကို တွေ့ရတတ်သည်။
သို့ဖြင့် စက်ရိပ်ကြီးကြသော အာဏာရှင်စနစ်သည် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကိုယ်ထင်ပြလေ့ရှိသည်။ ဟာစရီပါးတို့ ကျူးကျော်ရပ်ကွက်တွင်ဆိုလျှင် အမျိုးမျိုးသော လူမိုက်ဂိုဏ်းမှ ကိုယ်စားလှယ်များ နေထိုင်ကြသည်။ ဆောက် လုပ်ရေးစခန်း၊ အရက်ဖို၊ အမှိုက်ပုံ၊ ကျောက်စရစ်ကျင်း စသည့် ယာယီနေရာမျိုးတွင်ဆိုလျှင် လူမိုက်ဂိုဏ်းများသည် ထိုလုပ်ငန်းပိုင်ရှင်များမှတစ်ဆင့် အုပ်ချုပ်ကြသည်။ ထိုအခါမျိုးတွင် ပိုင်ရှင်တို့သည် ဆင်းရဲသားများကို များစွာအနိုင်ကျင့်ကြသည်။ ဆင်းရဲသားများမှာလည်း ဝမ်းစာအတွက် သူတို့ကို မှီခိုနေရသဖြင့် အောင့်အည်း သည်းခံကြရသည်။ အချို့နေရာများတွင်လည်း လူမိုက်ဂိုဏ်းများသည် ကော်မတီများ၊ အသင်းအဖွဲ့များမှတစ်ဆင့် အုပ်စိုးကြ သည်။
အမှန်အားဖြင့် အသင်းအဖွဲ့၊ ကော်မတီစသည်တို့မှာ အကာအကွယ်မျှသာဖြစ်၏။ ဘာသာရေးအသင်းများ၊ လူမျိုးရေးအဖွဲ့များနှင့် မြို့နယ်အသင်းများ စသည်တို့ကလည်း ကျူးကျော်ရပ်ကွက်မှ ဆင်းရဲသားများကြားထဲသို့ လူမိုက် ဂိုဏ်းများ အာဏာစက် သက်ရောက်နိုင်အောင် အခွင့်အလမ်းဖွင့်ပေးကြရသည်။ ထိုအခါများတွင် လူမိုက်ဂိုဏ်းကိုယ်စားလှယ်များသည် ပို၍ သြဇာကြီးလာကြကာ အိမ်တွင်းရေး၊ လင်မယားကိစ္စ၊ သားရေးသမီးရေးကိစ္စများကိုပင် ဝင်ရောက် စွက်ဖက်လာခဲ့ကြသည်။
သူတို့သည် လူတစ်ယောက်ကို ပြစ်ဒဏ်မည်ရွေ့ မည်မျှ ပေးသင့်သည်ဟု သတ်မှတ်ကြသည်။ ဘာသာရေးပွဲတော်များအတွက် အလှူငွေကောက်ကြသည်။ စေ့စပ်ကြောင်းလမ်းသည့်ကိစ္စများတွင်ပါလာကြသည်။ လင်မယား ကွာရှင်းသည့်ကိစ္စများကို ဆုံးဖြတ်ကြသည်။ မွေးစားသည့်ကိစ္စ၊ အမွေကိစ္စ၊ ဘာသာဝင်အဖြစ်မှ ထုတ်ပယ်ပစ်သည့်ကိစ္စ စသည်ဖြင့် မွေးသည့်ကိစ္စမှ သေသည့်ကိစ္စအထိ အကုန်ပါလာကြသည်။ သူတို့သဘောမကျလျှင် မူဆလင် ဘာသာဝင်တစ်ယောက်အတွက် သင်္ချိုင်းမြေနေရာရဖို့ ခက်သည်။ ဟိန္ဒူဘာသာဝင်တစ်ယောက်အတွက် မီးသင်္ဂြိုဟ်ခံရဖို့ ခက်သည်။ သူတို့ကို သတ်မှတ်ထားသည့်ဆက်ကြေး ပေးမှသာလျှင် ထိုကိစ္စများ အလွယ်တကူ ပြီးမြောက်နိုင်သည်။
ဟာစရီပါးတို့မိသားစုသည် တစ်ညသ၌ အမှောင်ကို ခိုကာ ပလက်ဖောင်းမှ ကျူးကျော်ရပ်ကွက်ထဲသို့ ပြောင်းလာခဲ့ကြသည်။ သူတို့ ရှိစုမဲ့စု ပစ္စည်းကလေးများကို လန်ချားပေါ်သို့ တင်၍ လမ်းချိုးသို့ မရောက်မီပင် နောက်ထပ် မိသားစုတစ်စုသည် သူတို့နေရာကလေးကို သိမ်းပိုက်လိုက်လေပြီ။
အပိုင်း(၃၇)ဆက်ရန်
----------------------
0 Comments