သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့် )အပိုင်း (၃၄)

#သုခမြို့တော်

အပိုင်း(၃၄)

ဆင်းရဲသား ရပ်ကွက်ကလေး အစွန်တွင် တဲသိုက်ကလေးတစ်ခုရှိသည်။ ထို တဲသိုက်ကလေးအဆုံးတွင်မူ မီးရထားလမ်းရှိသည်။ အပြင်မှကြည့်လျှင် ထိုတဲသိုက်ကလေးသည် အခြားသော တဲသိုက်ကလေးနှင့် ဘာမျှ ထူးခြားခြင်းမရှိ။ သူတို့တဲသိုက်ကလေးပေါ်တွင် ကာရုံထားသည့် အကာအရံကလည်း အခြားနေရာများနှင့် အတူတူ။ အမိုးများအပေါ်တွင် အဝတ်တွေ လှန်းထားသည်ကလည်း အခြားနေရာများနှင့်အတူတူ၊ အဖုံးမရှိသော ရေမြောင်းများကလည်း အခြားနေရာများနှင့် အတူတူ။

သို့ရာတွင် ထိုတဲသိုက်သည် အခြားသောတဲသိုက်များထက် ထူးခြားသည့်တဲသိုက်ဖြစ်သည်။ ထိုတဲသိုက်ကလေးသို့ ရပ်ကွက်ထဲမှ မည်သူမျှ မလာရဲကြ။ ထိုနေရာကား အခြားမဟုတ်၊ သုခမြို့တော်ရပ်ကွက်ရှိ ခြောက်ရာမျှသော ကိုယ်ရေရောဂါသည်တို့နေထိုင်ရာ တဲသိုက်ဖြစ်သတည်း။ 

ကိုယ်ရေရောဂါသည်များသည် အခန်းကလေး တစ်ခန်းထဲတွင် လူဆယ်ယောက်မှ ဆယ့်နှစ်ယောက်အထိ နေကြသည်။အိန္ဒိယပြည်တွင် ကိုယ်ရေရောဂါသည် ငါးသန်းခန့်ရှိသည်။ ငုံးတိကြီးဖြစ်နေသော လက်ချောင်း ခြေချောင်းများ၊ ပိုးမျိုးရှစ်ဆယ်တို့ ခိုအောင်းရာ ပြည်တရွှဲရွှဲဖြစ်နေသည့် အနာကြီးများကြောင့် သုခမြို့တော်ရှိ ကိုယ်ရေရောဂါသည်များကို ဝိုင်းပယ်ကာ သီးခြားထားကြသည်။ ကိုယ်ရေရောဂါသည်များသည် အရပ်ထဲတွင် လွတ်လပ်စွာ သွားလာနိုင်သော်လည်း စကားလုံးဖြင့် ဖော်ပြခြင်းမရှိသော ဥပဒေအရ လူကောင်း၏အိမ်ဝင်းထဲသို့လည်းကောင်း၊ အိမ်ထဲသို့လည်းကောင်း ဝင်ခွင့်မရှိ။ 

ယခုမူ ကိုယ်ရေရောဂါသည် အန်နွာသည် ထိုစည်းကမ်းကို ဖောက်ကာ ကိုဗာစကီး၏တဲလေးထဲသို့ ရောက်နေလေပြီ။ ထိုကျူးလွန်မှုသည် သူ့အသက်ကို ဆုံးရှုံးစေနိုင်သည်။ ထိုသို့ ကျူးလွန်ခဲ့ကြသဖြင့် ရောဂါကူးစက်မည်ကိုစိုးသည်ထက် အမြင်မကောင်းသဖြင့် ထိုသို့သော ရောဂါသည်မျိုးကို အပျောက်ရှင်းပစ်ခဲ့သည့်သာဓကတွေ အများကြီးရှိခဲ့ဖူးပြီ။ သူတို့သည် ကုသိုလ်ကောင်းမှုပြုသည့်အနေဖြင့် ကိုယ်ရေရောဂါသည်ကို ငွေကြေးစွန့်ကြဲကြသည့်တိုင် ထိုရောဂါသည် ဘုရားကဒဏ်ခတ်သည့်ရောဂါဟု ယူဆလေ့ရှိကြသည်။

ကိုယ်ရေရောဂါသည်များ၏တဲသိုက်ကလေး အလယ်တွင် ဝါးကပ်မိုး၊ ရွှံ့ကာတဲကလေးတစ်လုံးရှိသည်။ ထိုတဲကလေးမှာ ကာလကတ္တားရှိ ပလက်ဖောင်းများပေါ်မှ လာရောက်ခိုလှုံကြသော ရောဂါသည်များအတွက် သီးသန့်ထားသည့် တဲငယ်ကလေးဖြစ်သည်။ အန်နွားကား ထိုသို့သော ခိုလှုံသူတစ်ဦး ဖြစ်လေသည်။

"အန်နွာရဲ့ မျက်နှာဟာ ပြုံးနေတတ်တယ်။ ဒါပေမယ့် သူ့ရောဂါကြောင့် သူ့အပြုံးကို ခွဲခြားဖို့ တော်တော်ခက်တယ်။ အန်နွာ ညည်းသံကို ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။ လမ်းမှာ ကျွန်တော်တို့နဲ့ တွေ့တိုင်း ဆရာကြီးနေကောင်း တယ်နော်လို့ ကျွန်တော့်ကို အမြဲနှုတ်ဆက်တတ်တယ်"

"ရွှံ့တဲထဲမှာနေပြီး ပျက်စီးယိုယွင်းနေတဲ့ ခန္ဓာကိုယ်ရှိတဲ့ လူတစ်ယောက်က လူကောင်းတစ်ယောက်ကို နေကောင်းရဲ့ လားလို့ နှုတ်ဆက်တာဟာ နည်းနည်းတော့ ထူးဆန်းတာပေါ့။ သူ သည်လို နှုတ်ဆက်လျှင် ကျွန်တော် ဘယ်လိုဖြေရမှန်း မသိဘူး။ ကျွန်တော့်အကျင့်ကလည်း သူကို တွေ့လျှင် ခါးကုန်း နှုတ်ဆက်ပြီး ငုံးတိတိဖြစ်နေတဲ့ သူ့လက်ချောင်းကလေးတွေကို ဆွဲပြီး နှုတ်ဆက်တတ်တယ်။ သူ့ကို ပထမဆုံးအကြိမ် သည်လို လက်ဆွဲလိုက်တုန်းက အန်နွာဟာ ဝမ်းသာဂုဏ်ယူတဲ့ဟန်နဲ့ ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်နေတယ်။ မြင်တယ်မဟုတ်လား၊ သူလည်း လူပါပဲ၊ သူ့ကို ဆရာကြီးက လက်ဆွဲနှုတ်ဆက်နေတယ် မဟုတ်လားလို့ ထုတ်ပြောနေသလိုပဲ"

ကိုဗာစကီးက ပြောလေ့ရှိသည်။ အန်နွာ၏ရောဂါမှာ အတော်ကျွမ်းသည့်အဆင့်သို့ ရောက်နေလေပြီ။ ရောဂါသည် အာရုံကြောများထဲအထိ ရောက်နေသည့်အတွက် သူ့အတွက် ဘာမျှလုပ်ပေး၍ မရတော့။ ရောဂါသည်း၍ နာကျင်လာလျှင် အန်နွာသည် ကိုဗာစကီး၏တဲသို့ ရောက်လာတတ်သည်။ ကိုဗာစကီးကလည်း သူ့ကို မော်ဖိန်းတစ်လုံး ထိုးပေးသည်။ ကိုဗာစကီးသည် ရောဂါပြင်းထန်သူများအတွက် အသုံးပြုရန် ဟောင်ရာဆေးရုံကြီးမှ မော်ဖိန်းထိုးဆေးအချို့ကို ရှာထားရသည်။

သူ့ကို မော်ဖိန်းတစ်လုံး ထိုးပေးလိုက်ပြီး နောက်တစ်နေ့၌ ကိုဗာစကီးသည် လမ်းကြားထဲတွင် အန်နွာနှင့် သွားတွေ့သည်။ အန်နွာကို ကြည့်ရသည်မှာ ခါတိုင်းကဲ့သို့ သွက်သွက်လက်လက် မဟုတ်ဘဲ ခပ်ငိုင်ငိုင်။

“အန်နွာ ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား” ဟု ကိုဗာစကီးက စိုးရိမ်တကြီး မေး၏။

“ဘာမှမဖြစ်ပါဘူး ဆရာကြီး၊ ကောင်းပါတယ်၊ ဒါပေမယ့် ကျွန်တော့်အိမ်နီးချင်း ဆာအစ်တစ်ယောက် ကောင်းကောင်းနေမကောင်းဘူး ဆရာကြီး၊ ဆရာကြီးလိုက်ကြည့်ပေးပါလား၊ အစာလဲ မစားနိုင်ဘူး၊ အိပ်လို့လဲ မရဘူး”

အညစ်အကြေးပုံထဲတွင် လျှောက်သွားနေသည့် ကိုယ်ရေရောဂါသည် အန်နွာသည် သူ့အတွက် ဘာမျှ တောင်းဆိုခြင်းမပြုဘဲ သူ့အိမ်နီးချင်းအတွက် ပူပင်သောကရောက်နေသည်။ “အတူတကွ ဆင်းရဲဒုက္ခရောက်နေသည့်အချိန် မျိုးတွင် ဆင်းရဲဒုက္ခသည် မရှိ” ဆိုသော အိန္ဒိယစကားပုံကို သာဓကဆောင်နေသော သက်ရှိလူတစ်ယောက်လို ဖြစ်နေသည်။

ကိုဗာစကီးက ထိုနေ့ ညနေပိုင်းတွင် လာခဲ့မည်ဟု ကတိပေးလိုက်၏။

* * * 

ထိုခရီးသည် အနန္တ ကြောက်ဖွယ်ထဲသို့ သွားရသည့် ခရီးနှင့်တူသည်။ ကိုဗာစကီး ရောက်သွားသည့်နေရာသည် ကိုယ်ရေပြားရောဂါသည်တို့၏ နေရာနှင့်မတူ။ အရိုးအိုးဝူကြီးတစ်ခုထဲသို့ ဝင်ရသည်နှင့် တူနေသည်။သွေးဆိပ်တက်သောရောဂါကြောင့် အရိုးကြီးတွေ ငေါငေါပေါ်ကာ မျက်လုံးတွင် မှိုပွင့်ကြီးတွေ ပိတ်ထားသလို မျက်ခွံကြီးတွေ ဖူးဖူးယောင်နေသူများသည် လူများမှ ဟုတ်ပါ၏လော၊ ကွဲအက်နေသော အရေပြားတွေကြားထဲမှ ဝါညစ်
သောအရည်တွေ တရွှဲရွှဲထွက်နေသော အသက်ရှူနေသည့် အလောင်းကောင်များပင်လော။ သူတို့၏မြင်ကွင်းကမှ တော်သေးသည်။ သူတို့ကိုယ်မှ ထွက်သော အနံ့နှင့်စာလျှင် ထိုမြင်ကွင်းသည် ကလေးကစားစရာ ဖြစ်နေသည်။

 “ဒီလောက်ဆိုးတဲ့အနံ့ကို တစ်ခါမှ မတွေ့ဖူးသေးဘူးဗျာ။ အပုပ်နံ့ရော၊ အရက်ပျံ့နံ့ရော၊ အမွှေးတိုင်နံ့ရော၊ စုံနေရာပဲ။ ဒီလောက်ဆိုးတဲ့ အနံ့ကို ခံနိုင်ဖို့အတွက် စိတ်နှလုံး တော်တော်ကြီးဖို့ လိုလိမ့်မယ်” ဟု ကိုဗာစကီးက ပြောသည်။

အညစ်အကြေး၊ အမှိုက်သရိုက်ပုံများထဲတွင် ကလေးတို့သည် အော်ဟစ် ဆူညံစွာ ကျားကစားနေကြသည်။ 

ကိုဗာစကီးသည် အန်နွာပြောလိုက်သည့်လူကို ခက်ခက်ခဲခဲ မရှာရ။ 

ဆာအစ်သည် အသက်လေးဆယ်ခန့်ရှိလေပြီ။ သူ့တွင် ခြေနှင့် လက်တို့ မရှိကြတော့။ ကိုယ်ရေရောဂါသည် သူ့နှာခေါင်းကို တိုက်စားကာ သူ့မျက်ခုံးတို့ကို ဝါးမျိုသွားကြပြီ။ အန်နွာက မိတ်ဆက်ပေးသောအခါတွင် ဆာအစ်သည် နှာခေါင်းရာ၊ မျက်လုံးရာတို့ မရှိတော့သော သူမျက်နှာပြင်ကို ကိုဗာစကီးဘက်သို့ လှည့်၏။ သူ့မျက်နှာပြင်ပေါ်တွင် အပြုံးရာ တစ်ခုကို မြင်လိုက်မိသည်ဟု ကိုဗာစကီးထင်သည်။

“ကျွန်တော် နေကောင်းပါတယ် ဆရာကြီးရယ်၊ ဘာဖြစ်လို့ ဒုက္ခခံပြီး လာကြည့်တာလဲ”

ဆာအစ်က ပြောသည်။ အန်နွာက ခေါင်းကို ရမ်းလိုက်ရင်း...
“ဘယ်ကလာ နေကောင်းရမှာလဲ၊ ခင်ဗျား တော်တော်ဝေဒနာခံနေရတယ် မဟုတ်လား”

ကိုဗာစကီးသည် သူ့လက်မောင်းကို ဆွဲယူကာ လက်ချောင်းငုတ်တိုများကို စမ်းကြည့်၏။ လက်ချောင်းက ဒဏ်ရာမှာ စိမ်းပြာပြာ၊ အရိုးတွင်လောက်တွေ တဖွားဖွားတက်လျက်။ ဆာအစ်ကို ကုသ၍ရနိုင်ဖွယ် မမြင်တော့။ ကိုဗာစကီးသည် ဆေးထိုးအပ် ထုတ်၍ မော်ဖိန်းတစ်လုံးသွင်းကာ မာကြောကွဲအက်နေသော အရေပြားအောက်တွင် သွေးကြောကို ရှာကြည့်သည်။ ထိုမှအပ ဘာမျှ မတတ်နိုင်ပြီ။ 

အနီးရှိ စောင်ကြမ်းတစ်ထည်ပေါ်တွင် မိန်းမတစ်ယောက်သည် ကလေးကို ဘေးတွင်သိပ်ထားကာ အိပ်နေသည်။ ကလေးမှာ အကောင်းပကတိ။ ဆေးကြွသဖြင့် အမေ၏မျက်နှာမှာ ဖူးဖူးယောင်အမ်းလျက်ရှိကာ အကွက်ကွက်တွေ ဖြစ်နေသည်။ကိုယ်ရေရောဂါတိုက်ဖျက်ဆေးများ ကျွေးလျှင် ထိုသို့ပင် ဆေးကြွတတ်ကြသဖြင့် ကိုယ်ရေရောဂါသည် အများအပြားမှာ အကုမခံချင်ကြ။
 
အမျိုးသမီးသည် မေးဖျားအထိ စောင်ကြီးတစ်ထည် ပတ်ထားသည်။ ကိုဗာစကီးက ကလေးကို ကောက်ချီလိုက်သည်။

“တော်တော်ထွားတဲ့ ကောင်ကြီးနော်” ဟု ကိုဗာစကီးက ပြော၏။ ကလေးအမေက တစ်ဖက်သို့ လှည့်သွား၏။ သူ့စကားကြောင့် စိတ်ထိခိုက်သွားပုံရသည်။

“ချီစမ်းပါဦး၊ ခင်ဗျားသားကြီး ဘယ်လောက် ချစ်စရာကောင်းသလဲ။ ခင်ဗျားနဲ့ ခွဲထားလို့ ဘယ်ဖြစ်မလဲ”

အတန်ကြာမျှ တိတ်ဆိတ်နေသည်။ အမေက ကလေးကို လှမ်းမယူ။ ငိုလျက် နောက်ဆုံးတွင် စောင်ခြုံထဲမှ လက်ကို ထုတ်၍ လှမ်းလိုက်သည်။ သူ့လက်တွင် လက်ချောင်းတို့ ငုံးတိတိ။ 

ကိုဗာစကီးသည် ကလေးကို သူ့ဘေးတွင် အသာချလိုက်သည်။ ထို့နောက် အိန္ဒိယလူမျိုးတို့ထုံးစံအတိုင်း လက်ယှက်၍ နှုတ်ဆက်ပြီးနောက် စကားတစ်လုံးမျှ မပြောတော့ဘဲ ထွက်လာခဲ့၏။ အပြင်ဘက်တွင်မူ ခြေလက်တို့ ငုံးတိဖြစ်နေသူများ၊ မျက်မမြင်များသည် သူ့ကို စောင့်နေကြသည်။ သူတို့သည် ဆရာကြီးထံမှ သဒ္ဒါကြေးကလေးများ တောင်းခံရန် စုရုံးရောက်ရှိနေကြခြင်းဖြစ်သည်။

“သူတို့အားလုံးလဲ ပြုံးနေကြတယ်၊ ဒါပေမယ့် သူတို့အပြုံးဟာ အတင်းလုပ်ယူရတဲ့အပြုံး မဟုတ်ဘူး။ တောင်းပန်တိုးလျှိုးတဲ့ အပြုံးလဲ မဟုတ်ဘူး။ သူတို့အပြုံးဟာ လူသားရဲ့ အပြုံး၊ တည်ကြည်တဲ့ အပြုံး၊ သိက္ခာရှိတဲ့ အပြုံး၊ တချို့က ငုံးတိဖြစ်နေတဲ့ လက်ခုပ်တီးပြီး ကျွန်တော့်ကို ကြိုကြတယ်။ တချို့က အတင်းတိုးဝှေ့လာပြီး ကျွန်တော့်ကို လာကိုင်ကြ တွယ်ကြတယ်” ဟု ကိုဗာစကီးက ပြောသည်။

အန်နွာသည် ကိုဗာစကီးအား ရောဂါသည်လေးဦး ဖဲကစားနေသည့်နေရာသို့ ခေါ်သွားသည်။ သူလာသည့်အခါတွင် သူတို့အားလုံးက ဝိုင်းသိမ်းမည် ပြုသည်။ သို့ရာတွင် ကိုဗာစကီးက ဆက်ကစားရန်ပြော၏။ သူတို့ဖဲကစားနေသည်ကို ကြည့်ရသည်မှာ ဆပ်ကပ်တစ်ခုတွင် မျက်လှည့်ပြနေသည်ကို ကြည့်ရသည်နှင့်တူသည်။ ဖဲချပ်များသည် လက်ဖဝါးထဲမှနေ၍ ရှေ့သို့ ပျံဝဲကျလာတတ်ကြသည်။

အခြားဝိုင်းတစ်ဝိုင်းတွင်မူ ကိုယ်ရေရောဂါသည်များက သူ့ကို ဗုံမောင်းဖြင့် ဆီးကြိုကြသည်။ သူရောက်လေရာရာတွင် ရောဂါသည်များသည် တဲကုပ်ကလေးများထဲမှ ထွက်လာကာ သူ့ကို ဝမ်းသာအယ်လဲ ကြိုဆိုကြသည်။ သူအလည်လာခြင်းသည် သူတို့အတွက် မင်္ဂလာပွဲကြီးတစ်ပွဲပင်။

“တစ်နေရာရောက်တော့ မျက်မမြင်အဘိုးကြီးတစ်ယောက်က သူမွေးစားထားတဲ့ သုံးနှစ်သားကလေးကို ကျွန်တော့်ဆီကို ထိုးပေးတယ်၊ အဲဒီအဘိုးကြီးဟာ ဟောင်ရာဘူတာကြီးရှေ့မှာ တောင်းစားတဲ့ အဘိုးကြီး"

"တစ်နေ့မနက်မှာ အဲဒီကလေးငယ်ဟာ လည်ပတ်မပါတဲ့ ခွေးငယ်တစ်ကောင်လို သူ့အနားမှာ ကပ်လာတယ်။ နေ့တိုင်း တောင်းစားတာတောင်မှ သူ့ကိုယ်သူ ဝလင်အောင် မစားရတဲ့ အဲဒီအဘိုးကြီး ... ဘယ်တော့မှ မပျောက်တဲ့ ရောဂါ စွဲကပ်နေတဲ့ ဒီအဘိုးကြီးဟာ အဲဒီကလေးလေးကို ကောက်မွေးခဲ့တယ်”

တစ်နေရာအရောက်တွင် လက်ချောင်းများ အကောင်းပကတိ ကျန်နေသေးသည့် သူငယ်မလေး တစ်ယောက်က သူ့ရင်ခွင်ထဲတွင် ငိုနေသည့် မောင်ငယ်ကလေး၏ဝမ်းဗိုက်ကို နှိပ်ပေးနေသည်ကို မြင်ရသဖြင့် ကိုဗာစကီး ကြည်နူးသွားသည်။ 

အန်နွာက ကိုဗာစကီးလို ဧည့်သည်မျိုးကို လမ်းပြရသည့်အတွက် ဂုဏ်ယူသည့်ဟန်ဖြင့် ရှေ့မှဦးဆောင်၍ သူ့ကို ခေါ်သွားသည်။တစ်နေရာသို့ ရောက်သည့်အခါတွင် အမျိုးသမီးတစ်ဦးက ကပျာကယာ ပြေးကာ ဂုန်နီအိတ်စုတ်များဖြင့်ချုပ်ထားသည့် အခင်းတစ်ခုကို ဆွဲလာပြီး သူတို့ထိုင်ဖို့ ခင်းပေးသည်။ သူ့ဘေးတွင် ကိုယ်ရေရောဂါသည်တွေ လာထိုင်ကြသည်။ ထိုအခါကျမှ သူ့ကို ထမင်းကျွေးဖို့ စီစဉ်မှန်း ကိုဗာစကီး သဘောပေါက်သည်။

“ဆရာကြီး၊ ဒီမှာ ခဏတော့ ထိုင်ပါဦးနော်” ဟု အန်နွာက ပြောသည်။

“ကျွန်တော်ဟာ ဆင်းရဲဒုက္ခတွေနဲ့ ရင်းနှီးကျွမ်းဝင်နေပြီလို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တယ်။ ဒါပေမယ့် သူတို့နဲ့ ထမင်းအတူစားရမယ်ဆိုတော့ စိတ်ထဲမှာ မသတီဘူးဗျာ။ ဒီတော့မှ ငါဟာ တော်တော်ညံ့ပါသေးလား၊ ငါသွားရမယ့်ခရီးဟာ အဝေးကြီးလိုပါသေးလား ဆိုတာ ကျွန်တော်သဘောပေါက်သွားတယ်”

ကိုဗာစကီးသည် သူ စိတ်မသက်မသာဖြစ်နေသည်ကို ကြိုးစား၍ဖုံးသည်။ ခဏကြာလျှင် သူတို့ဧည့်၀တ်ပျူငှာရှိပုံကို ကြည့်၍ ထိုမသက်မသာဖြစ်နေသည်တို့ ပျောက်သွားသည်။ အမျိုးသမီးများက အငွေ့တထောင်းထောင်းထနေသော ထမင်းများ၊ ဟင်းသီးဟင်းသီးရွက်ကြော်များ ထည့်လာသည့် ဒန်ခွက်များကို ယူလာကြသည်။ 

ထမင်းပွဲ စလေပြီ။ ကိုဗာစကီးသည် ထမင်းကိုဆုပ်၍ လုံးနေသည့် လက်ချောင်းငုံးတိတိများကို မေ့ပျောက်ရန် ကြိုးစားသည်။ အိမ်သည်များမှာ ကျေးဇူးတင်လွန်း၊ ဝမ်းသာလွန်းသဖြင့် ပျော်နေကြသည်။ သူတို့တစ်သက်တွင် နိုင်ငံခြားသားတစ်ယောက်နှင့် ပထမဆုံးအကြိမ် ထမင်းအတူစားဖူးခြင်းဖြစ်သည်။

“ရင်ထဲမှာ အော်ဂလီဆန်နေပေမယ့် သူတို့ကို ခင်မင်တယ်ဆိုတာကို ကျွန်တော်ပြချင်တယ်လေ၊ သူတို့ကို မကြောက်ဘူးဆိုတာလဲ သိစေချင်တယ်။ သူတို့ကို ကျွန်တော် ခင်တာဟာ ဘုရားသခင်ကို ချစ်ခင်တဲ့အတွက်ပဲပေါ့။ တခြားသူတွေထက် သူတို့အဖို့ ခင်မင်မှုလိုတယ် မဟုတ်လား။ သူတို့ဟာ အောက်တန်းအကျဆုံးထဲက အထက်တန်းအကျဆုံးလူတွေပါ”

ကိုဗာစကီးသည် သူတို့နှင့်အတူ မရွံမရှာ ထမင်းစားရင်း စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည့် အချက်တစ်ချက်ရှိသည်။ သူတို့သည် အဘယ့်ကြောင့် သူတို့ကိုယ်သူတို့ လူဖြစ်ရှုံးအောင် နေနေရသနည်း၊ ကိုယ်ရေပြားရောဂါသည် သေလောက်သည့် ရောဂါမဟုတ်။ အချိန်မီ ကုသလျှင် လုံးဝပျောက်ကင်းရုံမျှမက နောက်ဆက်တွဲရောဂါ စသည်တို့လည်း မရှိနိုင်။ ထို့ကြောင့် ကိုဗာစကီးသည် သုခမြို့တော်ထဲတွင် ကိုယ်ရေပြားရောဂါကု ဆေးခန်းတစ်ခန်းဖွင့်ရန် ဆုံးဖြတ်သည်။ သူ့ဆေးခန်းတွင် ကျွမ်းကျင်သည့် သမားတော်ကြီးများကို ထားနိုင်အောင် စီစဉ်မည်။

နောက်တစ်နေ့တွင် ကိုဗာစကီးသည် ဘတ်စ်ကားတစ်စီးပေါ်သို့တက်ကာ ဟူဂလီတစ်ဖက်ကမ်းသို့ လာခဲ့သည်။ မိမိအား အကူအညီပေးနိုင်မည့် တစ်ဦးတည်းသောသူရှိရာသို့ လာခဲ့ခြင်းဖြစ်ပေသတည်း။

အပိုင်း(၃၅)ဆက်ရန်
---------------
#မြသန်းတင့်

Post a Comment

0 Comments