သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၂၄)

#သုခမြို့တော်

အပိုင်း(၂၄)

"အဲဒီနေ့က ကျွန်တော့်လန်ချားပေါ် တက်စီးတဲ့ ပထမဆုံး ပါဆင်ဂျာကတော့ တကယ်စိတ်ပျက်ဖို့ကောင်းတယ်ဗျာ။ လက်ချောင်းကလေးတွေကလည်း တုတ်တုတ်တိုတိုကလေးတွေ။ လက်ချောင်းတွေမှာ ရွှေလက်စွပ်တွေကိုလည်း တစ်ကွင်းပြီး တစ်ကွင်း ဆင့်ဝတ်ထားလိုက်သေးတယ်။ အလိပ်လိပ်ထနေတဲ့ ဗိုက်ခေါက်ထူကြီးကိုလည်း ရှပ်အင်္ကျီပါးပါးကလေးထဲက အတိုင်းသား မြင်နေရတယ်။ ဆံပင်မှာလည်း လိမ်းထားလိုက်တဲ့ ဆီမွှေးကလည်း ရွှဲနေတာပဲ"

ဟာစရီပါးက ထိုနေ့မနက်က သူပထမဆုံး လန်ချားတင်ဆွဲရသည့် ခရီးသည်အကြောင်းကို ပြန်၍ပြောပြသည်။

“ဒီအထဲမှာ ပြောပုံဆိုပုံကလဲ မောက်မာလိုက်သေးတယ်။ ဒါပေမယ့် ကိုယ့်ဆီလာတဲ့ ခရီးသည်ကို ကျွန်တော် မငြင်းရဲဘူးလေ။ ကျွန်တော့်မှာ ပိုက်ဆံလိုနေတယ် မဟုတ်လား။ သူက မာရဝါရီကုန်သည်ကြီးဗျ။ ခါတိုင်းတော့ တက္ကစီတို့ ဘာတို့ စီးနေကျထင်ပါရဲ့။ လန်ချားပေါ်တက်ပြီး မြန်မြန် မြန်မြန်လို့ အတင်းခိုင်းနေတာပဲ။ ပြီးတော့ မြင်းဆိုရင် ကြိမ်နဲ့ ရိုက်မယ်ထင်တယ်။ ခု ကြိမ်မပါတော့ ကျွန်တော့်ကို ခြေထောက်နဲ့ နံရိုးကို လှမ်းကန်ပြီး မြန်မြန် အဆွဲခိုင်းနေတယ်။ ဖိနပ်ဦးချွန်ဆိုတော့ နာလိုက်တာဗျာ"

“ဒါပေမယ့် ခက်တာက သူက ဘယ်ကိုသွားမယ်လို့ ပြောတာမဟုတ်ဘူးဗျ။ လန်ချားပေါ် တက်ပြီး ဒီလမ်းအတိုင်း မြန်မြန်ဆွဲစမ်းလို့ပဲ ပြောတာ။ သူကွေ့ချင်နေတဲ့နေရာရောက်မှ ဘယ်လှည့် ညာလှည့် မြန်မြန်ဆွဲ ဆိုပြီး ပြောတာ။ သူက လန်ချားပေါ်ကနေပြီး အတင်းဆွဲခိုင်းနေတော့ ကျွန်တော်လဲ ဘတ်စ်ကားတွေ၊ လော်ရီတွေကြားထဲမှာ အကွေ့အအရှောင်တွေ၊ အခုန်အပျံတွေနဲ့ ဒလကြမ်း ဆွဲလာခဲ့ရတာပေါ့။ တစ်ခါတလေကျတော့လည်း တစ်နေရာမှာ ရပ်ဆိုပြီး အရပ်ခိုင်းလို့ ရပ်ပေးရတယ်၊ တစ်ခါ ဆွဲ ဆိုပြီး အဆွဲခိုင်းပြန်ရော။ အဲဒီလို တုံ့ခနဲ အရပ်ခိုင်းလိုက်ပြီဆိုရင် ဆွဲတဲ့လူတော့ သေချင်စော်နံနေတာပဲ။ ဘယ်မသေချင်ဘူး ရှိပါ့မလဲ၊ အားကုန်ပြေးလာရာကနေပြီး တုံ့ခနဲ ရပ်လိုက်တာနဲ့ အပေါ်က အလေးချိန်နဲ့ ဟန်ချက်ညီသွားအောင် ခါးကို ဆတ်ခနဲ တောင့်ထားပြီးမှ ရှေ့ကို ပြန်ကုန်းလိုက်ရတာ။ အဲဒီလိုအခါမျိုးကျရင် ခါးကနာလိုက်တာ ဘာပြောကောင်းမလဲ။ ခါးရိုးကြီး ဖျောင်းခနဲ ကျိုးသွားတော့မလားလို့တောင် ထင်လိုက်ရတယ်။ လန်ချားရဲ့ အလေးချိန်ရော၊ ခရီးသည်ရဲ့ အလေးချိန်ရော ခါးနဲ့ ထိန်းထားရတာကိုး"

"ပြန်ဆွဲတဲ့အခါမှာတော့ ဒီလောက်တော့ မနာဘူး။ ဒါပေမယ့် အဲဒီအခါကျတော့ ပခုံးသားတွေနဲ့ လက်မောင်းသားတွေက သိပ်နာလာပြန်ရော။ လန်ချားကို လိမ့်နေအောင် ပခုံးနဲ့ လက်မောင်းကို အားပြုပြီး ထားရတာကိုး။ ကျွန်တော်တင်မဟုတ်ဘူး။ အဲဒီအခါမျိုးဆိုရင် လန်ချားလည်း သနားစရာပဲ။ ကျွန်တော်က တုံ့ခနဲ ရပ်လိုက်တာနဲ့ လန်ချားဝင်ရိုးနဲ့ လှည်းသန်တွေကလဲ ကျိုးကျိုးကျွတ်ကျွတ် မြည်ကုန်ကြတယ်၊ ကျွန်တော့်အရိုးတွေ မြည်သလိုပေါ့။ အဲဒီနေ့ကလဲ ပူလိုက်တာ မပြောပါနဲ့တော့။ နှစ်ရက်သုံးရက်အတွင်းမှာ ကာလကတ္တားမှာ အပူချိန်များလာတယ်။ တချို့က ပြောတော့ အပူလှိုင်းလာတယ်ဆိုလား ဘာလားပဲ။ အဲဒီအပူရှိန်ကြောင့်လား မသိဘူး၊ အဲဒီနေ့က ဘတ်စ်ကား ဒရိုင်ဘာတွေနဲ့ တက္ကစီဒရိုင်ဘာတွေကလဲ စိတ်တိုလိုက်ကြတာဗျာ။ လမ်းကွေ့တစ်ခုနားရောက်တော့ ဆာဒါဂျီးတစ်ယောက်က ကျွန်တော့်လှည်းသန်ကိုကိုင်ပြီး လန်ချားကို ဘေးကို တွန်းပစ်လိုက်တယ်။ ကျွန်တော်လဲ မထိန်းနိုင်တော့ဘူးလေ။ လန်ချားက ဦးယမ်းပြီး မှောက်မလို ဖြစ်သွားတယ်။ ဒီတွင် အပေါ်က ကျွန်တော့်ခရီးသည်က ကျွန်တော့်ကို ခြေထောက်နဲ့ တစ်ချက် ဆောင့်ကန်လိုက်တယ်။ လမ်းပြတိုင်မှာ လမ်းပြနေတဲ့ ပုလိပ်ကလဲ ကျွန်တော့်ကို တစ်ချက် လှမ်းဆဲလိုက်တယ်"

"တစ်နေရာရောက်တော့ လန်ချားက ဓာတ်ရထားနဲ့ ယှဉ်လာတယ်။ ဓာတ်ရထားမှာ တွဲလောင်းခို လိုက်လာတဲ့ ကောင်လေးတစ်သိုက်က ကျွန်တော့်ခေါင်းကို ခြေထောက်နဲ့ လှမ်းကန်လိုက်သေးတယ်လေ။ ဒါပေမယ့် ဘာလုပ်လို့ ရမှာလဲ။ ဓာတ်ရထားကလည်း ပြေးနေတာ၊ ကျွန်တော်ကလည်း ပြေးနေတာ၊ သည်လိုပဲ ခံလိုက်ရတာပေါ့"

ထိုနေ့က လန်ချားသိမ်းခါနီးတွင် ဟာစရီပါးသည် ပန်းခြံအနီးက ပျော်ပွဲစားရုံတစ်ခုသို့ ခရီးသည်တစ်ယောက်ကို လိုက်ပို့ခဲ့ရသေးသည်။ ခရီးသည် ဆင်းရန် လန်ချားကို အောက်နှိမ့်ကာ လှည်းသန်ကို မြေကြီးပေါ်သို့ ချမည်ပြုရင်း လန်ချားခ ငါးကျပ်ကို တောင်းသည်။ ဤတွင် ခရီးသည်သည် သူ့ကို သေနတ်ဖြင့်ထောက်၍ ဓားပြ အတိုက်ခံလိုက်ရသည့်နှယ် မျက်နှာကြီး ညိုမည်းသွားကာ စိတ်ဆိုးမာန်ဆိုးဖြင့် ...“ဘာ ငါးကျပ်လဲကွ၊ မြင်းကျိုးစီးလာရတာကို ငါးကျပ်ပေးရမလား” ဟု အော်သည်။

ထိုစဉ် အဖြစ်အပျက်တစ်ခု မမျှော်လင့်ဘဲ ပေါ်လာခဲ့သည်။ ခရီးသည်က အော်ကြီးဟစ်ကျယ် ငြင်းနေသံကို ကြားသည့်အခါတွင် အနီးရှိ လန်ချားသမားများ ဝိုင်းလာကြ၏။ ဤတွင်မှ ခရီးသည်သည် လန့်ဖျပ်သွားကာ အိတ်ထဲသို့ နှိုက်၍ ပိုက်ဆံရှာနေသည်။ ထို့နောက် အိတ်ထဲမှ ငါးကျပ်တန် အသစ်ကျပ်ချွတ်ကလေးတစ်ချပ်ကို ထုတ်ပေးလိုက်၏။

“ခွေးတွေ ဝိုင်းဟောင်တော့ ကျားလက်သည်း ပြန်ကုပ်သွားတယ်ဆိုတဲ့ ကျွန်တော်တို့စကားပုံလိုပေါ့ဗျာ” ဟု ဟာစရီပါးက ပြော၏။

ကာလကတ္တားမြို့ကြီးသည် တောကြီးတစ်တောနှင့် တူသည်။ တောတစ်တောတွင် တော၏ဥပဒေသများနှင့် တော၏ဘုရင်ရှိသည်။ အဆင့်ဆင့် နိုင်ရာ စားကြသည်။ ဆင်၊ ကျား၊ ကျားသစ်၊ မြွေ စသဖြင့် တစ်ကောင့်တစ်ကောင် နိုင်ရာစားကြသကဲ့သို့ ကာလကတ္တားမြို့ကြီးမှ မြို့တိရစ္ဆာန်များသည်လည်း တစ်ကောင့်တစ်ကောင် နိုင်ရာစားကြသည်။ ဘုမသိဘမသိဖြင့် ကျားကို ကျားမှန်းမသိလျှင် ဒုက္ခနှင့် လှလှကြီး တွေ့ပြီသာ မှတ်ပေရော့။

တစ်နေ့၌ ဟာစရီပါးသည် ပန်းခြံအဝိုင်းနားရှိ နာမည်ကြီး ညကလပ်တစ်ခုဖြစ်သော ကစ်ကက်ကလပ်နားတွင် လန်ချားထိုးထားသည်။ ထိုစဉ် ပန်ချာပီ တက္ကစီသမားတစ်ယောက်က ထိုနေရာတွင် သူ့ကားဆိုက်မည်ဖြစ်၍ နေရာဖယ်ပေးရန် သူ့ကို လှမ်း၍လက်ပြ၏။ ဟာစရီပါးက မသိသလိုလုပ်နေလိုက်သည်။ ကားလက်ကိုင်ဘီးနောက်တွင် ထိုင်နေသည့် ပန်ချာပီကြီး၏ခေါင်းပေါင်းသည် ဒေါသကြောင့် လှုပ်ယမ်းစပြုလာလေပြီ။ ထိုးတော့မည့် ဆင်ကြီးတစ်ကောင် အော်သည့်နှယ် ပန်ချာပီဒရိုင်ဘာသည် သူ့မော်တော်ကားကို အဆက်မပြတ် ကျယ်လောင်စွာ တီးနေသည်။ ဟာစရီပါးသည် ကာလကတ္တားတောကြီးထဲတွင် လိုက်နာရသည့် ထုံးတမ်းဥပဒေတစ်ခုကို နားမလည်ချေ။ လန်ချားသည် တက္ကစီကို နေရာဖယ်ပေးရမည်ဟု တော၏ဥပဒေက ဆိုသည် မဟုတ်လော။

ပန်ချာပီဒရိုင်ဘာက သူ့လန်ချားကို ဝင်တိုက်တော့မည့်အခါတွင် ဟာစရီပါးသည် သူ့လန်ချားကလေးကို ဆွဲကာ အနိုင်နိုင် လွတ်အောင် ရှောင်လိုက်ရသည်။

ဟာစရီပါးအဖို့ ကာလကတ္တားတောကြီးထဲတွင် လူမြင်းအဖြစ် ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားရခြင်းသည် သည်လောက် အရေးမကြီးပါ။ သူ့ရွာတုန်းကလည်း ထိုနည်းနှင်နှင် ပင်ပင်ပန်းပန်းလုပ်ခဲ့ရပြီး ဖြစ်ပါသည်။ မိန်းမဝဝကြီးနှစ်ယောက်ကို ဘာရားဘဇားသို့ လိုက်ပို့ရသလိုပင် ရွာတွင်ရှိစဉ်ကလည်း အလုပ်ကြမ်းလုပ်ခဲ့ဖူးပါသည်။ သို့ရာတွင် ရွာက အလုပ်ကြမ်းမှာ အခါရာသီနှင့် လုပ်ရသည့်အလုပ်ဖြစ်၏။ ရာသီမတိုင်သေးလျှင် နားနားနေနေ နေနိုင်သေး၏။ ကာလကတ္တားတောကြီးထဲက လန်ချားဝါလားအလုပ်ကား တစ်ပတ်လျှင် ရက်တိုင်း၊ တစ်နှစ်လျှင် အပတ်တိုင်း ကျွန်ခံနေရသော ကျွန်စနစ်ပေတည်း။

"တစ်ခါတလေကျတော့လည်း ဟောင်ရာတံတားဟောင်းကြီးတစ်ဖက်မှာ ရှိတဲ့ ဘူတာကြီးကို လိုက်ပို့ရတာတွေရှိတယ်ဗျ။ ဟောင်ရာတံတားတစ်ဖက်မှာ လန်ချားကို ကျွန်တော်တို့လို ခြေကျင်မဆွဲဘဲ ဘိုင်စကယ်နဲ့ ဘေးတွဲဆွဲတဲ့ ဘေးလန်ချားတွေရှိတယ်။ ဘေးတွဲဆွဲတဲ့ လန်ချားဘိုင်စကယ်ကို ကျွန်တော် တစ်ခါမှတော့ မစီးဖူးပါဘူး။ ဒါပေမယ့် ကျွန်တော်အထင်ပြောရရင်တော့ ကျွန်တော်တို့ ခြေကျင်ဆွဲရတာထက်တော့ သက်သာမယ် ထင်တာပဲ။ ဒါနဲ့ တစ်နေ့တော့ ကျွန်တော်က ဒီအကြောင်းကို ရမ်ကျန္ဒကို ပြောမိတယ်။ ဒီတော့ သူက တင်ပါးကလေးကို လက်နှစ်ဖက်နဲ့ ပွတ်လိုက်ပြီး 'မင်း တော်တော်အ,သေးတဲ့ကောင်ပဲ၊ ဘိုင်စကယ်ကုန်းနှီးပေါ်မှာ တစ်နေ့ကို ဆယ်နာရီ ဆယ့်နှစ်နာရီလောက် ထိုင်နေတာ ဘယ်လောက် ပင်ပန်းတယ်ထင်သလဲတဲ့။ မင်း ခုနေ တက်စီးကြည့်ပါလား။ ကုန်းပေါက်ပြီး တင်ပါးတစ်ခုလုံး အနာတွေချည်းပဲဖြစ်ကုန်မှာ။ ပြီးတော့ ရွှေပန်းလည်း တိုသွားမှာကွတဲ့"

"ရမ်ကျန္ဒဆိုသူဟာ တော်တော် အံ့သြဖို့ကောင်းတဲ့လူဗျာ။ သူပြောလိုက်ရင် ကိုယ့်ထက်ဆိုးတဲ့ လူချည်းပဲ ရှိတယ်လို့ တွေးပြီး ကိုယ့်ကိုယ်ကို တော်တော် ရောင့်ရဲနိုင်တဲ့လူ"

အပိုင်း(၂၅)ဆက်ရန်
-----------------------
#မြသန်းတင့်

Post a Comment

0 Comments