သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၂၅)

#သုခမြို့တော်

အပိုင်း(၂၅)

"ကျွန်တော်ပြောတာကို သေသေချာချာ စဉ်းစားပါ ဆရာ၊ ဆရာ့ကို သူတို့က အဆီအသား အကုန်လုံး ဝါးမျိုပစ်လိုက်မှာ၊ နောက်ဆုံး အရိုးချည်းပဲ ကျန်တော့မှာ။ ဆရာက လူဖြူဆိုတော့ အရေးရှိရင် ဆရာ့ဆီကိုပဲ လာပြီး တောင်းကြရမ်းကြမှာပဲ။ မဟုတ်တာဆရာရယ်၊ ရပ်ကွက်ထဲမှာ ဥရောပတိုက်သား အငတ်ငတ် အပြတ်ပြတ် သွားနေတယ်ဆိုတာ ကျွန်တော်ဖြင့် ဒီတစ်ခါပဲ ကြားဖူးသေးတယ်"

ကိုဗာစကီးသည် သာသနာပြုအသင်းမှ အိန္ဒိယအမျိုးသား သင်းအုပ်ဆရာတစ်ယောက် ပြောလိုက်သော စကားများကို ကြားယောင်နေသည်။ ကိုဗာစကီးသည် ဖျားနေသော ကလေးငယ်တစ်ယောက်အတွက် ဆေးလာတောင်းသော ကလေးအမေတစ်ယောက်ကို အက်စပရင်ဆေးပြားတွေ ပေးနေသည်။ မျက်စိကွယ်နေသည့် မိန်းကလေး၏မျက်လုံးပြန်မြင်သွားခြင်း၊ ရောဂါဝေဒနာသည်တို့အား ဂရုတစိုက် ပြုစုစောင့်ရှောက်ခြင်းတို့ကြောင့် ကိုဗာစကီးသည် သုခမြို့တော်တွင် ဆန်တာကလော့စ်လိုဖြစ်နေသည်။ ကိုဗာစကီးသည် သူတို့ပြောသည့်စကားများကို စိတ်ဝင်စားစွာ နားထောင်သည်။ သူတို့၏ခံစားချက်များကို စာနာ နားလည်သည်။ သူတို့ကလည်း သူတို့မျှော်မှန်းချက်များ၊ ခံစားချက်များကို ဖွင့်ပြောကြသည်။ သို့ဖြင့် သုခမြို့တော်မှ လူများသည် အရေးကိစ္စကြုံလာသည်နှင့် ကိုဗာစကီးကို “ကယ်တင်ရှင်” ဟု အောက်မေ့လာကြသည်။ 

မြူနီစပယ်က သူ့ဆုံးဖြတ်ချက်နှင့်သူ သူတို့ရပ်ကွက်တွင် ရေတွင်းတူးပေးလျှင်လည်း ကိုဗာစကီးကြောင့်ဟု ထင်ကြသည်။ ဆောင်းရာသီ အချမ်းပေါ့လျှင်လည်း သူ့ကြောင့်ဟု ထင်ကြသည်။ အကြောင်းကိစ္စတစ်ခု ကြုံလာလျှင် လူပုဂ္ဂိုလ်တစ်ယောက်၏ စွမ်းဆောင်မှုကြောင့်ဟု ထင်တတ်ကြသည်မှာ ဟိန္ဒူတို့၏ဝိညာဉ်တွင် အမြစ်တွယ်နေလေပြီ။ ဤသည်မှာလည်း မဆန်းပါ။ အိန္ဒိယတွင် အစဉ်အလာရှိခဲ့သည့် ဇာတ်ခွဲခြားသည့်စနစ်ကြောင့်ဖြစ်ပါသည်။ ထို့ပြင် လူမှုအစုတိုင်းတွင် သူတို့အစု၏ သက်သာချောင်ချိရေးကို ဦးဆောင်ဦးရွက်လုပ်ပေးသူတစ်ယောက်ယောက် ရှိနေတတ်သောကြောင့် ဖြစ်ပါသည်။ 

အိန္ဒိယပြည်တွင် လူဖြစ်ရသည်မှာ မလွယ်ပါ။ ကိုယ့်တွင် အဆက်အသွယ်ကောင်းကောင်း မရှိလျှင် သို့မဟုတ် ပေါက်ပေါက်ရောက်ရောက် မရှိလျှင် ဘာအခွင့်အရေးမျှ ရဖို့မလွယ်ပါ။ အုပ်ချုပ်ရေးဘက်တွင် ဖြစ်စေ၊ ပုလိပ်ဘက်တွင်ဖြစ်စေ၊ ဆေးရုံတွင်ဖြစ်စေ အဆက်အသွယ်ကလေးမှမရှိလျှင် ဘာမျှမလွယ်ပါ။ ဤတွင် သူတို့ရပ်ကွက်ထဲသို့ ရောက်လာသော ကိုဗာစကီးသည် လူဖြူဖြစ်နေသည့်အတွက် သူလုပ်ပေးလျှင် အားလုံးဖြစ်နိုင်သည်ဟု သူတို့ထင်လာကြသည်။ သူ့လည်ပင်းတွင် ချိတ်ဆွဲထားသည့် လက်ဝါးကပ်တိုင်နှင့် သူ့သားရေအိတ်ကလေးထဲတွင် ရှိသည့် ပိုက်ဆံကလေးများသည် သူတို့ရပ်ကွက်မှ ဆင်းရဲသူ ဆင်းရဲသားအမြင်ဖြင့်ကြည့်လျှင် ကာလကတ္တားမှ နာမည်ကျော် ကုဋေကြွယ် သူဌေးကြီးဖြစ်သည့် ဂျီ၊ ဒီ၊ ဘာလား ကဲ့သို့ပင် အလှမ်းမမီနိုင်လောက်အောင် ဝေးလံသည့်အရာများဖြစ်နေသည်။

ကိုဗာစကီးသည် သူ့ကို ဆင်းရဲသားများက ဤသို့ထင်ကြသည့်အခါတွင် တော်တော်စိတ်ပျက်သွား၏။ သူသည် သူတို့အမြင်တွင် ဆန်တာကလော့စ်လို ဖြစ်ချင်သူမဟုတ်၊ သူတို့ကို ကုသစောင့်ရှောက်ပေးသည့် ကယ်တင်ရှင်မျိုး ဖြစ်ချင်သူမဟုတ်၊ သူတို့လို ဆင်းရဲသားအညတရဖြစ်ချင်သည်။

"ကျွန်တော့်ရည်ရွယ်ချက်က သူတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့လူတွေ ဖြစ်စေချင်တယ်။ ဒါမှ စိတ်ပျက်အားငယ်တာတွေ ပျောက်ပြီး သူတို့ဘဝ တိုးတက်ရေးအတွက် သူတို့ဘာသာ ဆောင်ရွက်ရဲ၊ လုပ်ရဲကိုင်ရဲ ရှိလာမှာ"ဟု ကိုဗာစကီးက ပြော၏။

ဒူးဂါးပွဲတော် မတိုင်မီကလေးတွင် ကိုဗာစကီး၏ဆန္ဒပြည့်သွား၏။ တစ်ညနေ၌ မာဂရီတာ ခေါင်းဆောင်သည့် အိမ်နီးနားချင်းတစ်သိုက်သည် သူ့တဲကလေးသို့ ရောက်လာကြ၏။

“ဆရာကြီး၊ ကျွန်မတို့ရပ်ကွက်ထဲက လူထုအတွက် ကျွန်မတို့ လုပ်ချင်တာလေးတစ်ခုရှိလို့ပါ၊ အဲဒါ ဆရာကြီးနဲ့ လာတိုင်ပင်ကြည့်တာ”

မာဂရီတာက အစပျိုး၏။ သူနှင့်အတူ ဟိန္ဒူအမျိုးသား လင်မယားနှစ်ယောက်၊ အင်္ဂလိပ်ကပြား ခရစ်ယာန်တစ်ယောက်၊ မူဆလင် အလုပ်သမားတစ်ယောက်၊ အသက်နှစ်ဆယ်အရွယ်ရှိ အာသံသူ မိန်းကလေးတစ်ယောက်တို့ ပါလာကြသည်။ ဆင်းရဲသားရပ်ကွက်တွင်ရှိသည့် ဆင်းရဲသား ခြောက်ယောက်တို့က သူတို့လူထုကောင်းကျိုးအတွက် တစ်ခုခုလုပ်ချင်သည်ဆိုသည်မှာ ကောင်းသောလက္ခဏာဖြစ်သည်။ 

ဟိန္ဒူဘာသာဝင် လင်မယားနှစ်ယောက်ဖြစ်သည့် ဂို့ရှ်ဇနီးမောင်နှံမှာ သနားကမားရှိကြသည်။ ကျန်းမာ၍ ထက်ထက်သန်သန်ရှိကြသည်။ 

မိန်းကလေးမှာ ဇာပဝါအနီကလေးကို မျက်နှာပေါ် တွင် လွှမ်းထား၏။ သူ့ဇာပန်းပဝါအနီအောက်မှ ကြည်လင်ဝင်းဖန့်သော သူ့အသားအရေနှင့် သူ့မျက်နှာပုံပန်းသည် ရီနေဆွန်းခေတ်က ပန်းပုရုပ်တုတစ်ရုပ်နှင့် တူနေသည်။ တဖျပ်ဖျပ်တောက်နေသော သူ့မျက်လုံးများသည် ထိုမိန်းကလေးက ထက်သန်မှုကို ဖော်ပြနေသကဲ့သို့ရှိ၏။ သူ့အမည်မှာ သျှန်တာဖြစ်ပြီး ဂင်္ဂါမြစ်ဝကျွန်းပေါ်ရှိ နယ်ကြီးတစ်နယ်မှ လယ်သမားတစ်ဦး၏သမီးဖြစ်သည်။ သူ့အဖေသည် ကလေးရှစ်ယောက်ကို ကျွေးရန်အတွက် သူတို့ရွာမှ တံငါသည်များနှင့်အတူ ရေလွှမ်းနေသည့် ဆန္ဒာဗန်တောကြီးထဲသို့ လိုက်သွားကာ ပျားဖွပ်ရ၏။ တစ်နေ့တွင်မူ သူ့အဖေသည် ပျားဖွပ်ရာမှ ပြန်မလာတော့၊ ထိုတောထဲတွင် သောင်းကျန်းနေသည့် လူသားစား ကျားကြီးနှင့် တွေ့သောကြောင့်ဖြစ်သည်။ ထိုတောထဲတွင် ကျားကိုက်ခံရသည့် ပျားဖွပ်သမားပေါင်း သုံးရာကျော်လောက် ရှိခဲ့လေပြီ။ 

သျှန်တာသည် မူလတန်းကျောင်းကလေးတစ်ကျောင်းရှိ ရေတွေ အိုင်ထွန်းနေသော ရွှံ့ ကြမ်းပြင်ပေါ်တွင် မုတ်ဆိတ်ဖားဖားနှင့် သူ့ယောက်ျား ကျောင်းဆရာ အာရှစ်ကို တွေ့ခဲ့ခြင်းဖြစ်၏။ အာရှစ်မှာ ထိုစဉ် အသက်နှစ်ဆယ့်ခြောက်နှစ်ရှိလေပြီ။ လယ်ကူလီတစ်ယောက်၏သားဖြစ်သည်။

သူတို့နှစ်ယောက်သည် အချစ်အတွက် လက်ထပ်ခဲ့ကြသည်။ ဆရာတပည့် အစဉ်အလာကို ဆန့်ကျင်ခဲ့ကြ၏။ ထို့ကြောင့် အသိုက်အဝန်းက ဝိုင်း၍ ကြဉ်ကြသည့်အခါ၌ သူတို့နှစ်ယောက်သည် တစ်နှစ်လောက် အငတ်ငတ် အပြတ်ပြတ်ဖြင့် ဘဝကို ရင်ဆိုင်ခဲ့ကြသည်။ ထို့နောက်တွင် အာရှစ်သည် သီလရှင်ဆရာကြီး မာသာထရီဇာ ဖွင့်လှစ်ထားသည့် မသန်မစွမ်းကလေးများကျောင်းတွင် ဆရာအလုပ်ကို ရခဲ့သည်။ သျှန်တာမှာလည်း ဟောင်ရာတံတားကြီးတစ်ဖက်ရှိ မူလတန်းကျောင်းကလေး တစ်ကျောင်းတွင် ကျောင်းဆရာမအလုပ် ရလာခဲ့သည်။ သားဦးကလေးကို မွေးပြီးသည့်နောက်တွင် သုခမြို့တော်က ဟိန္ဒူရပ်ကွက်ထဲတွင် အခန်းကလေးတစ်ခန်း ရလာကြသည်။ သူတို့ လင်မယားနှစ်ယောက်၏ နှစ်ယောက်ပေါင်း လခသည် တစ်လမှ ငွေနှစ်ရာကျော်ကျော်ကလေးရှိသော်လည်း သုခမြို့တော်တွင် ထိုသို့သော လစဉ်ဝင်ငွေသည် နည်းသည့်ဝင်ငွေမဟုတ်။ သူတို့နှစ်ယောက်သည် ဤရပ်ကွက်က လူတွေအတွက် တတ်နိုင်သည့် ကုသိုလ်တစ်ခု လုပ်ချင်နေကြသည်။

သူတို့နှင့်အတူပါလာသည့် အင်္ဂလိပ်-အိန္ဒိယ ကပြားအမည်မှာ နည်းနည်းတော့ ကြီးကျယ်သည်ဟု ဆိုရမည်။ သူ့အမည်အရ အရစ်တိုတယ်ဂျွန်။ လူက သေးသေးညှက်ညှက်၊ မျက်နှာက ညှိုးငယ်လျက်။ ထိုရပ်ကွက်ကလေးက လူများထုံးစံ တစ်စုံတစ်ရာကို စိုးရိမ်သောကရောက်နေသည့်ဟန်။ သူသည် မီးရထားဌာနတွင် အလုပ်လုပ်သူဖြစ်သည်။ 

နောက်တစ်ယောက်မှာ အသက် ငါးဆယ့်နှစ်နှစ်ရှိ မူဆလင်အမျိုးသား ဆာလာဒင်ဖြစ်သည်။ မုတ်ဆိတ်တိုတိုကလေးနှင့်။ ခေါင်းပေါ်တွင် အစ္စလာမ်ဘာသာဝင်တို့ ဆောင်းသည့် အဝတ်ဦးထုပ်အပြားကလေးကို ဆောင်းထားသည်။ သူတို့အထဲတွင် ဆာလာဒင်သည် သည်ရပ်ကွက်ကလေးထဲသို့ အစောဆုံးရောက်သူဖြစ်သည်။ လွန်ခဲ့သော အနှစ် နှစ်ဆယ်၊ အရှေ့အနောက် ပါကစ္စတန်ပြည်နယ်ကို ခွဲကြတုန်းက သတ်ကြဖြတ်ကြရာတွင် ဆင်လာဒင်သည် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး သုခမြို့တော်တွင် မူလာကြီးနှစ်ဦးအား ထမင်းကျွေးရင်း သူတို့နှင့်အတူ တဲကလေးတစ်လုံးထဲတွင် အတူနေခဲ့သည်။  

ယခု သုခမြို့တော် အမည်တွင်သော ဆင်းရဲသားရပ်ကွက်ကလေးထဲတွင် သူတို့ငါးယောက်က ကောင်းမှုကုသိုလ်တစ်ခုခု လုပ်ချင်သည်ဟု ပြောနေလေပြီ။ လူပေါင်းခုနှစ်သောင်းလောက် မှီတင်းနေထိုင်သည့် သည်ရပ်ကွက်ကလေးသည် အမှန်အားဖြင့် မရဏစခန်းထောက်တစ်ခုနှင့် တူသည်။ ထိုရပ်ကွက်ကလေး၌ နှစ်စဉ် လူပေါင်းရာပေါင်းများစွာတို့သည် ချောင်းဆိုးသွေးပါရောဂါ၊ ကိုယ်ရေရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အစာအာဟာရချို့တဲ့သဖြင့် ဖြစ်ပွားသော ရောဂါပေါင်းစုံတို့ဖြင့် တဖြုတ်ဖြုတ် သေနေကြသည်။ သည်ရပ်ကွက်ကလေးတွင် နေထိုင်သူတို့သည် အသက်လေးဆယ်ပြည့်အောင် နေရသူများ ရှားလှဘိခြင်း။ 

ထိုရပ်ကွက်မျိုးတွင် အများ၏သက်သာချောင်ချိရေးအတွက် ကုသိုလ်ပြုမည်ဆိုလျှင် ကုသိုလ်ပြုစရာတွေ အများကြီးရှိသည်။ ဆေးပေးခန်းဆောက်မလား၊ ကိုယ်ရေရောဂါသည်ဆေးရုံ ဖွင့်မလား၊ ကလေးဆေးရုံဖွင့်မလား၊ သို့မဟုတ်သေးလျှင် အစာအာဟာရချို့တဲ့သည့် ကလေးများအတွက် နို့မှုန့်ဝယ်၍ ဝေငှမည်လား၊ သောက်ရေအလို့ငှာ ရေတွင်းတွေ တူးပေးမည်လား၊ ရေဘုံပိုင် ဖွင့်ပေးမည်လား၊ သို့မဟုတ်သေးလျှင် အိမ်သာတွေ တူးပေးမည်လား၊ မြောင်းပုပ်တွေ ဆယ်ပေးမည်လား လုပ်စရာတွေ တစ်ပုံတစ်ပင်ရှိသည်။

“ဒီရပ်ကွက်မှာ လူတွေအတွက် ဘာအရေးကြီးဆုံးလဲ၊ သူတို့ ဘာကို အလိုချင်ဆုံးလဲဆိုတာကို ကိုယ့်ဘာသာကိုယ် လေ့လာကြည့်ကြပါ”

ကိုဗာစကီးက ပြောသည်။ 

သုံးရက်အကြာတွင် အဖြေထွက်လာလေပြီ။ သူတို့အဖြေများမှာ တစ်သဘောတည်းဖြစ်နေသည်။ ရပ်ကွက်လူထု သို့မဟုတ် သုခမြို့တော်လူထု၏လိုလားချက်မှာ ကိုဗာစကီး မျှော်လင့်ထားသည်နှင့် တစ်ခုမျှမတူ။ သူတို့၏နေရေး ထိုင်ရေး အခြေအနေကို ပြောင်းလဲဖို့ တစ်ခုမျှမပါ။ သူတို့ကလေးငယ်များ၏ ခန္ဓာကိုယ် တိုးတက်ဖွံ့ဖြိုးဖို့ကိစ္စ တစ်ခုမျှမပါ။ သူတို့ကလေးငယ်များ၏ စိတ်ဓာတ်ပြုပြင်ရေးနှင့် ပတ်သက်သော ကိစ္စဖြစ်သည်။ သူတို့အားလုံးကပင် ကလေးငယ်များ၊ အထူးသဖြင့် ဈေးဆိုင်များ အလုပ်ရုံများတွင် လုပ်ရသည့် ကလေးငယ်များအတွက် ညကျောင်းတစ်ကျောင်း ထောင်ပေးရန် ဆန္ဒရှိကြသည်။ သူတို့က ကျောင်းစာသင်ခန်း အဆောက်အအုံရှာပြီး မိမိက ကျောင်းဆရာ နှစ်ယောက်အတွက် ထောက်ပံ့ကြေးကို ရှာမည်ဟု ကိုဗာစကီးက ပြောသည်။ 

“ဒါလဲ သူတို့ဘဝကို သူတို့ဘာသာ ပြောင်းလဲအောင် ကြိုးပမ်းတဲ့ ကြိုးပမ်းမှုတစ်ခုပေါ့။ ဒီတော့ ကျွန်တော့်ရည်ရွယ်ချက် အောင်မြင်တာပါပဲ” ဟု ကိုဗာစကီးက ဆိုသည်။

ပထမခြေလှမ်းအဖြစ် တစ်ဦးနှင့်တစ်ဦး ညီညွတ်ပြီး အများအကျိုးရှိသည့် လုပ်ငန်းကလေးများကို လုပ်ရန် အစည်းအဝေးကလေးတစ်ခု ကျင်းပသည်။ ထိုအစည်းအဝေးတွင် ကိုဗာစကီးက လူနာများကို ကာလကတ္တားဆေးရုံကြီးသို့ ပို့ပေးသည့် လုပ်ငန်းကိုလည်း လုပ်သင့်သည်ဟု အကြံပေး၏။ ရောဂါသည်များသည် သူတို့ဘာသာသူတို့ ဆေးရုံသို့ သွားရမည်ကို ကြောက်ကြသည်။ မကြောက်ဘဲ ရှိပါမည်လော။ ဆေးရုံတက်ခွင့်အောင် လုပ်ရသည့်ကိစ္စသည်
သေရခြင်းထက်ပင် ခက်သည့်ကိစ္စဖြစ်သည်။ ထို့ကြောင့် သေသာ သေလိုက်ချင်သည်၊ ဆေးရုံကိုတော့ မသွားချင်ကြ။

ကိုဗာစကီး၏အခန်းလေးထဲတွင် လုပ်သည့် အစည်းအဝေးသို့ မည်သူမဆို တက်နိုင်ခွင့်ရှိသည်။ ဤတွင် သူတို့ရပ်ကွက်ရှိ လူများသည် ကိုဗာစကီးတို့အဖွဲ့ကလေးကို ယုံကြည်လာခဲ့ကြသည်။ ကိုဗာစကီးက သူ့အဖွဲ့ကလေးကို “အပြန်အလှန် ကူညီရေးအသင်း” ဟု အမည်ပေး၏။ ထိုအခါတွင်မှ လောကတွင် မိမိတို့ထက် အခြေအနေဆိုးသူတွေ ရှိပါသေးတကားဟု လူတွေ သဘောပေါက်လာကြသည်။ အစည်းအဝေးကို ခရစ်ဝင်ကျမ်းမှ စာတစ်ပိုဒ်ကို ဖတ်ပြီးမှ ဖွင့်ရန် စည်းကမ်းချမှတ်ထား၏။

“ဆင်းရဲသားတွေကြားထဲမှာတော့ ခရစ်ဝင်ကျမ်းလောက် ဖတ်ဖို့ကောင်းတဲ့ ကျမ်းစာအုပ် မရှိတော့ဘူးလေ။ ခရစ်တော်ဟာ ဆင်းရဲသားတွေအပေါ်မှာ ဘယ်လို ကူညီစောင်မတော်မူတယ်၊ ဘယ်လို မေတ္တာထားတယ် ဆိုတာကို ထင်ထင်ရှားရှား သိနိုင်တာပေါ့။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ခရစ်တော်ရဲ့ ထေရုပ္ပတ္တိကိုဖတ်ရင် သာဓုမခေါ်ဘဲ မနေနိုင်ဘူး မဟုတ်လား။ ခရစ်ဝင်ကျမ်းက ဟောကြားတဲ့ ဒေသနာတော်တွေနဲ့ ခရစ်တော်ရဲ့ ဝေဒနာကြားမှာပဲဖြစ်ဖြစ် တစ်ခုနဲ့တစ်ခု ဆက်သွယ်နေတယ်ဆိုတာကို ခရစ်ဝင်ကျမ်းကို ဖတ်လိုက်ရင် သဘောပေါက်လာကြမှာပဲ မဟုတ်လား”

ထိုဆက်သွယ်မှုကို သဘောအပေါက်ဆုံးသူမှာ အာသံနယ်သူ အမျိုးသမီးကလေးဖြစ်သည်။ သူ့အမည်မှာ ဗန်ဒူနာဟုခေါ်သည်။ ဗန်ဒူနာသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည့်တိုင် ခရစ်ဝင်ကျမ်းလာ ဒေသနာတို့ကို ကောင်းစွာ
သဘောပေါက်သည်။ ပရဟိတကို ဆောင်ခြင်းဖြင့် ဘုရားသခင်ကို တွေ့နိုင်သည်ဟူသော ခရစ်ဝင်ကျမ်းလာ စကားကို သူနားလည်သည်။ 

"ဗန်ဒူနာဟာ တော်တော်ထူးခြားတဲ့ ကလေးမပဲ။ သူတစ်ပါးက သူတို့ဒုက္ခဝေဒနာတွေကို ပြောပြရင် သေသေချာချာ နားထောင်ပြီး အဲဒီဝေဒနာတွေကို ခွဲဝေ ခံစားတတ်တယ်။ သူများရဲ့ ဒုက္ခဝေဒနာကို ကိုယ့်ဒုက္ခဝေဒနာလို့ နှလုံးသွင်းနိုင်တယ်"

သို့ရာတွင် သူတစ်ပါး၏ဒုက္ခဝေဒနာကို ခွဲဝေခံစားရာတွင် ထက်သန်ပြင်းပြသော ဗန်ဒူနာသည် သူ့ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်လာလျှင်မူ မသင်္ကာစရာကောင်းလောက်အောင် လျှို့ဝှက်လွန်းနေသည်။ သူ့အကြောင်းကို မေးလိုက်လျှင် ဗန်ဒူနာသည် ဘာကိုမျှ မပြောတော့ဘဲ ဆာရီအဖျားကို မျက်နှာတွင် ဆွဲဖုံးလိုက်ကာ ခေါင်းငုံ့နေတတ်၏။

“သခင်ယေရှုက သူများတွေကိစ္စကို ဒီလောက်မစူးစမ်းပါဘူး ဆရာကြီးရယ်၊ ဒါတွေက သိပ်အရေးမကြီးပါဘူး” ဟု ပြောတတ်သည်။

သို့ရာတွင် တစ်ခွန်းစ နှစ်ခွန်းစ ပြောကြည့်ခြင်းဖြင့် မြင့်မားဝေသီသည့် တောင်တန်းကြီးများပေါ်မှ အာသံနယ်သူကလေးသည် ညစ်ပတ်ပေရေသော ကာလကတ္တားဆင်းရဲသားရပ်ကွက်များတွင် အဘယ့်ကြောင့် လာသောင်တင်နေကြောင်း ကိုဗာစကီး တဖြည်းဖြည်း သိလာခဲ့ရသည်။

သူ့အဖေသည် ဟိမဝန္တာတောင်ခြေရင်းရှိ ကလင်ပုံနယ်မြေမှ အာသံလယ်သမားတစ်ဦးဖြစ်၏။ ထိုဒေသက လယ်သမားများနည်းတူ သူ့အဖေသည် တောင်ပေါ်တွင် လှေကားထစ် လယ်တည်ကာ စပါးစိုက်ခဲ့သည်။ သူတို့လင်မယားနှင့် သားသမီးလေးယောက် စားလောက်ရုံလောက်တော့ ရပါ၏။ သို့ရာတွင် မကြာမီမှာပင် ကာလကတ္တားမှ လုပ်ငန်းရှင်များ ရောက်လာကာ ထိုတောင်ခြေရင်းက တောကြီးများကို ခုတ်ထွင်ရှင်းလင်းကြသည်။ နှစ်မကြာမီအတွင်းတွင် ထိုဒေသသည် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေပြီ။ ဒီဒေသတွင် လက်ဖက်ခြံများ စိုက်ပျိုးရန် သစ်ခုတ်သမားတွေလာပြီး သစ်ခုတ်ကြသဖြင့် တဖြည်းဖြည်း တောပြုန်းသွားခဲ့သည်။ 

ဤတွင် လယ်သမားများမှာ ထင်းမရှိတော့သဖြင့် ခပ်ဝေးဝေးမှ တောများထဲသို့သွား၍ ထင်းခုတ်ကြရသည်။ လယ်သစ်တည်လိုလျှင်လည်း ခပ်ဝေးဝေးသို့သွား၍ မြေသစ် ရှာကြရသည်။ ထို့ကြောင့် တောမီးရှို့ကြသည်။ ဤတွင် သစ်ပင်တို့ အချိန်မီ မပေါက်လာတော့ဘဲ မြေဆီတိုက်စားကာ ခန်းသွားခဲ့သည်။ စားကျက်များ ပြုန်းကုန်သဖြင့် ကျွဲ၊ နွား တိရစ္ဆာန်အများအပြား သေကြေခဲ့ကြရသည်။ ထင်း ရှားသဖြင့် နွားချေးစသည်တို့ကို ထင်းလုပ်၍ အသုံးပြုကြသည့်အတွက် မြေသြဇာမချနိုင်တော့ဘဲ မြေများ ညံ့ဖျင်းကာ အထွက်လျော့လာခဲ့သည်။ သစ်တောပြုန်းသဖြင့် ရေမထိန်းနိုင်တော့ဘဲ ရေခန်းလာခဲ့သည်။ ချောင်းများတွင် ရေခန်းကုန်ကြပြီး ကန်များတွင်လည်း ရေမရှိတော့။ 

အာသံပြည်သည် ကမ္ဘာပေါ်တွင် မိုးရေချိန်အများဆုံး ဒေသဖြစ်သည့်အတွက် (တစ်နှစ်လျှင် မိုးရေချိန် လက်မ ၆၀ မှ ၄၀၀ အတွင်းရှိသည်။) စိုက်ပျိုး၍ကောင်းသော မြေဆီမြေနှစ်များ မိုးတွင်းဆိုလျှင် မျောပါကုန်ကြကာ ကျောက်စရစ်ကုန်းကြီးတွေ၊ ကျောက်တောင်ကြီးတွေ ပေါ်၍ ကျန်ရစ်ခဲ့ကြသည်။ နှစ်အနည်းငယ်အတွင်းတွင် ထိုဒေသသည် သဲကန္တာရကြီးတစ်ခုနှယ်ဖြစ်သွားခဲ့ပြီ။ ထိုဒေသခံတို့အဖို့ သူတို့ဇာတိကို စွန့်ကာ သူတို့ကို လာရောက်ဖျက်ဆီးသွားသည့် မြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်ရန်မှအပ တခြားလမ်းမရှိတော့။

ကာလကတ္တားသို့ ပြောင်းလာသည့်အခါတွင် ဗန်ဒူနာသည် လေးနှစ်သမီးသာရှိသေး၏။ အထည်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသော ဆွေမျိုးတစ်ယောက်၏အကူအညီဖြင့် သုခမြို့တော်တွင် အခန်းကလေးတစ်ခန်းရသည်။ သုခမြို့တော်ရောက်ပြီး ငါးနှစ်အကြာတွင် သူ့အဖေသည် ချောင်းဆိုးသွေးပါရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။ သူ့အမေသည် ကလေးလေးယောက်ကို ရတတ်သမျှဖြင့် ရှာဖွေကျွေးခဲ့သည်။ နောက်တစ်နှစ်ကျော်တွင် သူ့အမေသည် အိမ်ထောင်သစ်ထူလိုက်၏။ သို့ရာတွင် သူ့ယောက်ျားသည် မကြာမီမှာပင် အလုပ်လုပ်ရန် အိန္ဒိယတောင်ပိုင်းသို့ ထွက်သွားခဲ့သည်။ ဤတွင် သူ့အမေသည် အမှိုက်ပုံများထဲမှ သံတိုသံစများ၊ ကြေးတိုကြေးစများကို ကောက်ကာ အရည်ကျို၍ ရောင်းသည့် သံတိုသံစဆိုင်များသို့သွား၍ သွင်းခြင်းဖြင့် သူတို့သားသမီးလေးယောက်ကို ရှာဖွေကျွေးခဲ့ရပြန်သည်။

ဗန်ဒူနာသည် အသက်ဆယ့်တစ်နှစ်အရောက်တွင် အလုပ်ဝင်လုပ်ရသည်။ ပထမ ဂျပ်စက္ကူသေတ္တာလုပ်သည့် အလုပ်ရုံတစ်ခုတွင် လုပ်ပြီး ထိုနောက်တွင် မော်တော်ကားအပိုပစ္စည်းလုပ်သည့် ဝပ်ရှော့တစ်ခုတွင် အလုပ်လုပ်သည်။ ထိုအချိန်မှစ၍ ဗန်ဒူနာသည် အိမ်တွင် မိသားစုကို ထမင်းရှာကျွေးရသည့်တာဝန်ကို တစ်ဦးတည်း ယူခဲ့ရလေပြီ။ သူ့အမေမှာ ချောင်းဆိုးသွေးပါရောဂါဖြင့် အိပ်ရာထဲတွင် လဲခဲ့လေပြီ။ ဗန်ဒူနာသည် မနက်ငါးနာရီထိုးသည်နှင့် အိမ်မှ ထွက်ကာ ညဆယ်နာရီထိုးမှ အိမ်ပြန်ရောက်တော့သည်။ သူ့အလုပ်သို့ ဘတ်စ်ကားစီးရသည်ကပင် နှစ်နာရီကျော်ကြာသည်။ သုံးမိုင်ကျော်လောက်လည်း ခြေကျင်လျှောက်ရသေးသည်။ တစ်ခါတလေ လျှပ်စစ်ဓာတ်အားပြတ်သည်နှင့် ကြုံလျှင် ဗန်ဒူနာသည် အိမ်သို့ပြန်၍မရတော့ဘဲ စက်ဘေးမှာပင် အိပ်ရသည်။ လျှပ်စစ်ပြန်လာလျှင် တစ်နေ့အတွက် အလုပ်ချိန်ပြည့်အောင် လုပ်ပေးရန်လည်း စောင့်နေရခြင်းဖြစ်၏။

ကာလကတ္တားတွင် ရာထောင်ပေါင်းများစွာသော အလုပ်သမားများသည် လျှပ်စစ်ဓာတ်အား ပြတ်သည့်အခါမျိုးတွင် နေ့တွက်လုပ်ခအပြည့်ရရန်အတွက် ထိုသို့ပင် စက်နားတွင် စောင့်အိပ်ပြီး လျှပ်စစ်ဓာတ်အား လာသည်နှင့် ထ၍ အလုပ်လုပ်ကြရသည်။ ဗန်ဒူနာသည် တစ်နေ့လျှင် လုပ်ခ လေးကျပ်ရ၏။ ထိုလေးကျပ်သော အသပြာသည် သူတို့နေထိုင်သည့် “အခေါင်း” ကလေး အတွက် တစ်နေ့တာ အခနှင့် အမေနှင့်မောင်လေးများအတွက် ထမင်းတစ်ပန်း ကန် သို့မဟုတ် ချာပါတီ နှစ်ချပ်ကို တစ်ခါစားနိုင်သည်။ 

တနင်္ဂနွေနေ့များနှင့် ပွဲတော်နေ့များတွင် ဗန်ဒူနာသည် အနားမနေ။ သူနှင့် အရွယ်တူများလိုလည်း ပွဲလမ်းသဘင်တွေကို လျှောက်သွားခြင်းမရှိ။ သူတို့ရပ်ကွက်ကလေးထဲသို့ လျှောက်သွားပြီး ဆင်းရဲဒုက္ခရောက်သူများကို ကူညီသည်။ သို့ဖြင့် ကိုဗာစကီး၏တဲကလေးသို့ တစ်ညနေတွင် ဗန်ဒူနာ ရောက်လာခဲ့ခြင်းဖြစ်၏။ 

ဗန်ဒူနာသည် လူနာများကို ဆေးရုံကြီးသို့ လိုက်ပို့တတ်သည်။ မော်တော်ယာဉ်မျိုးစုံတို့ ဥဒဟိုသွားလာနေသော ကာလကတ္တားမြို့ကြီးထဲတွင်လည်းကောင်း၊ လူနာတွေ ပြည့်ကျပ်နေသော ကာလကတ္တားဆေးရုံကြီးစင်ကြံများတွင်လည်းကောင်း၊ ထိုလူနာများကို ရောက်အောင်ခေါ်သွားရသည့်ကိစ္စသည် လွယ်ကူသောကိစ္စ မဟုတ်ပါ။

ကာလကတ္တားဆေးရုံကြီးဆိုသည်မှာ အလွန်ဟိတ်ဟန်ကြီးသောနေရာဖြစ်ရာ အဆက်အသွယ်မရှိသော ဆင်းရဲသားတစ်ယောက်အဖို့ ဆရာဝန်၏ဆေးစစ်ခန်းထဲသို့ ရောက်ဖို့အရေးမှာ အလွန်ရှည်လျားသည့် ခရီးကြီးဖြစ်ပါသည်။ ဆရာဝန်၏ရှေ့သို့ ရောက်သည့်တိုင်လည်း သူဘယ်လို ခံစားနေရသည်ကို ဆရာဝန် နားလည်အောင် မပြောတတ်ပါ။ ဆရာဝန်ပြောသည်ကိုလည်း သူနားမလည်ပါ။ အများအားဖြင့် သူတို့သည် ကာလကတ္တားကျောထောက်နောက်ခံနယ် အငတ်ဘေးမှ ထွက်ပြေးလာကြသူများဖြစ်သည့်အလျောက် ဘာသာစကားမျိုးစုံဖြစ်ပါသည်။ ဆရာဝန်ပြောသည့် ဘင်္ဂါလီစကားကို သူနားမလည်ပါ။ ကာလကတ္တားသို့ရောက်လာသည့် ဒုက္ခသည်များထဲတွင် လူမျိုးစုံဖြစ်သဖြင့် ဘာသာစကားမှာလည်း သုံးလေးဆယ်ခန့်ရှိပါသည်။

ဗန်ဒူနာသည် သူခေါ်လာသည့် လူနာများကို ဆေးရုံထဲသို့ ဝင်ခွင့်ပြုရန် အတင်းတောင်းဆိုသည်။ တောင်းဆို၍မရလျှင် တံခါးကိုဖွင့်၍ အတင်းဝင်သည်။ ထိုအခါမျိုးတွင် ဗန်ဒူနာသည် တိရစ္ဆာန်ရိုင်းကလေးတစ်ကောင်နှင့် တူနေသည်။ ကြာလာသည့်အခါတွင်မူ ဗန်ဒူနာသည် သူတို့၏ အပြန်အလှန်ကူညီရေးအသင်းကလေးတွင် ခြေသည်းလက်သည်းဖြစ်လာခဲ့ပြီ။ သူ့ဦးနှောက်သည် ဆင်းရဲသားရပ်ကွက်ကလေးထဲတွင်ရှိသည့် ဆင်းရဲဒုက္ခအပေါင်းတို့ကို မှတ်တမ်းတင်ထားသည့် အညွှန်းကတ်ပြားတစ်ခုနှယ်ဖြစ်နေသည်။ သူ့အပြုံးကြောင့်လည်းကောင်း၊ သူ့ကြင်နာမှုကြောင့်လည်းကောင်း သူ့ကို “သုခမြို့တော်၏ နတ်တမန်” ဟု အများက ခေါ်ကြသည်။ 

တစ်ညနေတွင်မူ ဗန်ဒူနာသည် ဆေးရုံတွင် လူနာတစ်ယောက်ပို့ပြီး ပြန်လာရာမှ ကိုဗာစကီး၏တဲကလေးသို့ ဒုံးပျံတစ်စင်းကဲ့သို့ အရှိန်ပြင်းစွာ ရောက်လာကာ ကိုယ်ဝန်သည်တစ်ယောက်တွင် သေလောက်သည့် ကိုယ်ရေရောဂါ စွဲကပ်လျက်ရှိသည်ဟု ဆရာဝန်က ပြောလိုက်ကြောင်း၊ သူ့အတွက် ထိုးဆေးမှာ အိန္ဒိယပြည်တွင်မရှိဘဲ အင်္ဂလန်တွင်သာရှိသည်ဟု ပြောလိုက်ကြောင်းဖြင့် ကိုဗာစကီးကို ပြောသည်။

“ဆရာကြီးရယ်၊ အဲဒီဆေးကို မှာပေးပါလား၊ ဒီဆေးသာ မရဘူးဆိုရင်တော့ ကလေးရော အမေရော နှစ်ယောက်စလုံး သေတော့မှာပဲ၊ မှာပေးပါနော် ဆရာကြီး”

နောက်တစ်နေ့၌ ကိုဗာစကီးသည် ဟောင်ရာတံတားဘက်ရှိ ကြေးနန်းရုံးသို့သွားကာ ဘိလပ်ရှိ သူတို့အသင်းတော်သို့ ကြေးနန်းရိုက်၍ ထိုဆေးကို မှာသည်။ ကံအားလျော်စွာပင် ထိုဆေးသည် နောက်တစ်ပတ်ခန့်အကြာတွင် အကောက်ခွန်အရာရှိတို့ကြားမှ လွတ်ထွက်လာကာ သူတို့ထံသို့ ချောချောမောမော ရောက်လာခဲ့၏။

ထို့နောက်မှစ၍ သူ့တစ်သက်တွင် မမေ့နိုင်သော ခရီးရှည်ကြီးသည် အစပြုလေပြီ။

အပိုင်း(၂၆)ဆက်ရန်
---------------------
#မြသန်းတင့်

Post a Comment

0 Comments