#သုခမြို့တော်
အပိုင်း(၂၃)
ဆာဘီးယား သေသွားသည့်အခါတွင် အိမ်နီးနားချင်းများသည် ကိုဗာစကီးအပေါ် တွင် သဘောထားပြောင်းသွားကြ၏။ ယခင်က သူ့ကို စကားမပြောသူတို့ကလည်း စကားပြောလာကြ၏။ သူ့ကို မယုံကြည်ဆုံးသူများကပင် ယခုဆိုလျှင် သူ့ကို ဆလမ်မာလေကွမ်းဖြင့် နှုတ်ဆက်ကြလေပြီ။ ကလေးတွေက သူ့ရေပုံးကိုယူကာ ရေဘုံပိုင်တွင် အလုအယက် ရေခပ်ပေးကြလေပြီ။
ဤပြောင်းလဲမှုကို ပြည့်စုံအောင် လုပ်ပေးလိုက်သည့် နောက်ထပ်အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့ပြန်သည်။ သူ့အခန်းနှင့် လေးငါးခန်းခြားလောက်တွင် ရောဂါပိုးဝင်သွားသဖြင့် မျက်စိကွယ်သွားသည့် အသက်ဆယ့်လေး ငါးနှစ်အရွယ် သူငယ်မလေးတစ်ယောက်ရှိသည်။ မျက်လုံးတွင် အနာကြီးတွေဖြစ်နေသဖြင့် သူငယ်မလေးသည် ငိုယိုကာ လောကကြီးကို ကျိန်ဆဲ၍သာ နေတော့သည်။ သူ့အမည်မှာ ဘန်နီဖြစ်ပြီး သူ့ဆံပင်များသည် မဂိုခေတ် ပန်းချီကားများထဲက ဘုရင်မများ၏ဆံပင်ကဲ့သို့ ရှည်လျားကာ နောက်ကျောတွင် ကျစ်ဆံမြီးထိုးထားရ၏။ တစ်နေ့မနက်တွင် သူငယ်မလေး၏အမေသည် သူ့တဲတံခါးရှေ့သို့ ရောက်လာကာ လက်နှစ်ဖက်ကိုဖြန့်၍ တောင်းခံသည်။
“ဆရာဝန်ကြီးရယ် ကျွန်မသမီးကလေးကို ကယ်ပါ။ ဒီအတိုင်း ကြည့်နေတော့မှာလား” ဟု သူက ပြောသည်။
သူ့တွင် အက်စပရင်ဆေးပြား၊ အကိုက်အခဲပျောက်ဆေးပြားနှင့် အနာလိမ်းသည့် ဖယောင်းချက်တစ်တောင့်သာရှိ၏။ ထိုရောဂါမျိုးကို ဘယ်မှာလျှင် ပျောက်ကင်းအောင် ကုနိုင်ပါမည်နည်း။ ကိုဗာစကီးသည် သူငယ်မလေး၏မျက်လုံးပေါ် တွင် ဆေးဖယောင်းချက်ကို ထည့်ပေးရန် စိတ်ကူးရသည်။ သုံးရက်လိမ်းလိုက်သည့်အခါတွင် အနာသက်သာသွားကာ ရောဂါပျောက်စပြုလာသည်။ သီတင်းတစ်ပတ်ကုန်သည့်အခါတွင် ဘန်နီသည် မျက်စိကောင်းကောင်းမြင်ရလေပြီ။
ထိုသတင်းသည် သူတို့ရပ်ကွက်ကလေးထဲတွင် တောမီးပမာ ပျံ့နှံ့၍သွား၏။ လူဖြူမှော်ဆရာ ကုပေး၍ ပျောက်သည်ဟုလည်း ပြောနေကြသည်။ ဤတွင် ရပ်ကွက်မှလူများသည် ကိုဗာစကီးကို ယုံကြည်လေးစားသွားကာ ယခင်က သူ့ကို တလွဲထင်ခဲ့သည့် အထင်တို့သည်လည်း ပျောက်ကွယ်သွားကြ၏။ သို့ဖြင့် လူမမာများ၊ ရောဂါသည်များသည် သူ့နေရာကလေးသို့ ရောက်လာကြသည်။
ကိုဗာစကီးသည် ငြင်းပယ်၍ မရတော့ပြီ။ ဆေးများကို စုဆောင်းကာ သူတို့အား သင့်ရာဆေးများကို ပေးရ၏။ သူ့တဲကလေးတွင် လူပြတ်သည်ဟူ၍မရှိ။ တဲကလေးထဲတွင် လူနာတွေ တရုန်းရုန်းနှင့် ဖြစ်နေသည်။ သူ့တဲကလေးသည် ရောဂါဝေဒနာသည်အပေါင်းတို့၏ ခိုလှုံရာဖြစ်နေသည်။ တစ်မနက်တွင်မူ အထမ်းနှစ်ယောက်တို့သည် သူ့တဲထဲသို့ လူတစ်ယောက်ကို ထမ်းစင်ဖြင့် ခေါ်လာခဲ့ကြသည်။ ထိုလူနာ၏ ခေါင်းတစ်ခုလုံးမှာ ပြာတွေ သုတ်လိမ်းထား၏။ ထိုလူနာတွင် လက်ချောင်းတို့လည်း မရှိတော့၊ ခြေချောင်းတို့လည်း မရှိတော့ပြီ။ ထိုလူနာမှာ ကိုယ်ရေရောဂါသည်တစ်ယောက် ဖြစ်သည်။ သို့တိုင် သူ့မျက်နှာသည် အံ့သြလောက်အောင် လန်းဆန်းထက်သန်လျက်ရှိ၏။
“ကျွန်တော့်နာမည်က အန်နွားလို့ ခေါ်ပါတယ် ဆရာကြီးရယ်၊ ကျွန်တော့်ကို ကယ်ပါနော် ဆရာကြီး”
အန်နွား၏မျက်လုံးများသည် ဝတ်ရုံလွှမ်းထားသည့် ခရစ်တော်၏ပုံကို စိုက်ကြည့်နေ၏။ ထိုနောက် တအံ့တဩဖြင့်...
“သူက ဘယ်သူလဲ ဆရာကြီး”
“ယေရှုခရစ်တော်”
ကိုယ်ရေရောဂါသည် အန်နွားသည် မယုံနိုင်သောမျက်နှာဖြင့် သူ့ကို လှည့်ကြည့်သည်။
“မဖြစ်နိုင်တာ ဆရာကြီးရယ်၊ သခင်ယေရှုရဲ့ ပုံတော်တွေကို ကျွန်တော် မြင်ဖူးသားပဲ၊ ဒီလိုမှမဟုတ်တာ။ ခု ဆရာကြီး ချိတ်ထားတဲ့ သခင် ခရစ်တော်ရဲ့ ပုံက မျက်လုံးကို မှိတ်လို့။ ပြီးတော့ ကြည့်ရတာကလည်း စိတ်မချမ်းမသာ ဖြစ်နေတဲ့ပုံဖြစ်နေတယ်”
အိန္ဒိယပြည်တွင် ဆွဲသည့် သခင်ခရစ်တော်၏ပုံထဲ၌ သခင်ခရစ်တော်သည် ပြည့်ဖြိုးကြည်လင်နေသည်။ မျက်လုံးပြာပြာ၊ အောင်မြင်သော မျက်နှာထားဖြင့် ဟိန္ဒူနတ်ဘုရားများကဲ့သို့ အရောင်အသွေးတို့ တောက်ပလျက်။
“သခင်ခရစ်တော်ဟာ ဝေဒနာကို ခံစားခဲ့ရတယ်လေ”
ကိုဗာစကီးက ပြောသည်။ သို့ရာတွင် အန်နွားသည် ထိုမျှလောက် ပြောရုံဖြင့် နားလည်မည်မထင်။ ထို့ကြောင့် မာဂရီတာ၏ သမီးကလေးတစ်ယောက်က သူ့စကားကို ဘင်္ဂါလီဘာသာဖြင့် ပြန်ပြောပေးရ၏။
“သခင်ခရစ်တော်ရဲ့ မျက်လုံးတွေ မှိတ်ထားတာကတော့ ကျွန်တော်တို့ကို ပိုပြီးမြင်အောင် မှိတ်ထားရတာ၊ သခင်ခရစ်တော်က မျက်လုံးမှိတ်ထားတော့ ကျွန်တော်တို့အဖို့လည်း ခရစ်တော်ကို သေသေချာချာကြည့်နိုင်တာပေါ့။ သခင်ခရစ်တော်ရဲ့ မျက်လုံးတွေကို ဖွင့်ထားရင် ကျွန်တော်တို့ဟာ ခရစ်တော်ကို သေသေချာချာ စိုက်မကြည့်ရဲဘူးလေ။ ကျွန်တော်တို့မျက်လုံးတွေဟာ မသန့်ရှင်းတော့ သခင်ခရစ်တော်ကို သေသေချာချာမကြည့်ရဲဘဲ ဖြစ်နေတယ်။ ကျွန်တော်တို့နှလုံးသားတွေဟာလည်း မသန့်ရှင်းဘူး မဟုတ်လား။ ခုလို သခင်ခရစ်တော် ဝေဒနာကို နာကျင်စွာ ခံစားနေရတာဟာ ကျွန်တော်တို့ပယောဂလည်း မကင်းဘူး။ သခင်ခရစ်တော်ဟာ ဝေဒနာကို ခံစားနေရတယ်ဆိုရင် ဒီလို ခံစားရတာဟာ ကျွန်တော်တို့ကြောင့် ခံစားရတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဒုစရိုက်တွေ၊ ကျွန်တော်တို့ကျူးလွန်တဲ့ မကောင်းမှုတွေကြောင့် ခံရတာဖြစ်တယ်။ ဒါတောင်မှ သခင်ခရစ်တော်ဟာ ကျွန်တော်တို့ကို မေတ္တာထားနိုင်သေးတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်နိုင်သေးတယ်။ သခင် ခရစ်တော်ဟာ သူ့ကိုကြည့်ခြင်းဖြင့် ကျွန်တော်တို့အပြစ်တွေကို ဆေးကြောပေးတယ်။ ဒါကြောင့် ခရစ်တော်ဟာ မျက်လုံးကို မှိတ်ထားတာ။ သူမျက်လုံးကို မှိတ်ထားတာမြင်တော့ ကျွန်တော်တို့တစ်တွေလည်း မျက်လုံးကိုမှိတ်ပြီး သခင်ခရစ်တော်ကို အာရုံပြုချင်လာတယ်၊ ကိုယ့်ရင်ထဲမှာရှိတဲ့ ဘုရားသခင်ကို အာရုံပြုလိုစိတ်ပေါ်လာတယ်။ ဒီတော့ ကျွန်တော်တို့မှာလည်း သခင်ခရစ်တော်လို လူတွေကို မေတ္တာထားတတ်လာတယ်။ ခွင့်လွှတ်တတ်လာတယ်။ အထူးသဖြင့် သူ့လို ဝေဒနာခံရသူတွေကို ပိုပြီး မေတ္တာထားတတ်လာတယ်”
ကိုယ်ရေရောဂါသည် အန်နွားနောက်တွင် ထိုင်နေသည့် ကလေးမလေး တစ်ယောက်သည် ရှေ့သို့တိုးလာကာ ခရစ်တော်၏ပုံကို နမ်းရှုပ်ပြီးနောက် ပုံတော်ကို လက်ချောင်းကလေးများဖြင့် တယုတယကိုင်နေရာမှ စိတ်ထိခိုက်သွားဟန်ဖြင့် မျက်ရည်ဝဲလာသည်။
“သခင် ခရစ်တော်ဟာ ဝေဒနာကို ခံစားနေရပေမယ့် သူ့အတွက် ဘယ်သူမှ မငိုစေချင်ဘူး။ ဝေဒနာခံစားနေရတဲ့ တခြားလူတွေအတွက်သာ ငိုစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်ဟာ အဲဒီဝေဒနာခံစားနေရသူ
တွေရဲ့ ရင်ထဲမှာ ရောက်နေလို့ပဲ။ ခရစ်တော်ဟာ ဝေဒနာခံစားရသူတွေရဲ့ နှလုံးသားထဲမှာရှိတယ်။ အပေါင်းအဖော်မဲ့တဲ့သူတွေရဲ့ နှလုံးသားထဲမှာ ရှိတယ်။ စွန့်ပယ်ခံရသူတွေရဲ့ နှလုံးသားထဲမှာရှိတယ်။ စက်ဆုတ် ရွံရှာခြင်းခံရသူတွေရဲ့ နှလုံးသားထဲမှာရှိတယ်။ စိတ်မနှံ့သူ၊ စိတ်ချောက်ချားသူတွေရဲ့ စိတ်ထဲမှာရှိတယ်။ ဒါကြောင့်မို့ ဒီပုံတော်ကို ကျွန်တော် သဘောကျတာ။ ဒီပုံတော်ကို ကြည့်လိုက်တာနဲ့ အဲဒါတွေကို သတိရလာတယ်"
အန်နွားသည် ခေါင်းကို ဖြည်းဖြည်း ညိတ်နေ၏။ ထို့နောက် ငုံးတိတိဖြစ်နေသော လက်နှစ်ဖက်ဖြင့် ပုံတော်ကို ထိုးပြပြီးနောက်.......
“ဆရာကြီးရဲ့ ပုံတော်ထဲက ခရစ်တော်ဟာ ကျွန်တော်တို့ပုံတော်တွေထဲက ခရစ်တော်ထက် ပိုပြီး မြင့်မြတ်သန့်ရှင်းတယ်နော်” ဟု ပြော၏။
အပိုင်း(၂၄)ဆက်ရန်
-------------------
0 Comments