သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၁၀)

#သုခမြို့တော်

အပိုင်း(၁ဝ)

သည်နေရာ၊ သူသွားချင်နေသည့်နေရာသည် သည်နေရာဖြစ်သည်။ ယခု သူတို့အတူနေနိုင်သည့် နေရာသို့ ရောက်လေပြီ။ ညစ်ပတ်သော၊ မွဲညစ်နေသော၊ ဆင်းရဲသော၊ သနားစရာကောင်းသော၊ ရွှံ့ပုပ်စော် နံသော သည်နေရာသည် သူသွားချင်နေသည့်နေရာဖြစ်သည်။ မိန်းမတွေ၊ ယောက်ျားတွေ၊ ကလေးတွေ၊ တိရစ္ဆာန်တွေနှင့် လုံးထွေးနေသော သည်နေရာသည် သူသွားချင်ခဲ့သည့် နေရာဖြစ်သည်။ ရွှံ့တွေ၊ အညစ်အကြေးပုံတွေ၊ မြောင်းပုပ်တွေ၊ ကန့်နံ့နှင့် အနံ့အသက်ပေါင်းစုံတွေ၊ အသံဗလံမျိုးစုံတွေ၊ အော်သံတွေ၊ ငိုသံတွေ၊ တဒိုင်းဒိုင်းထုသံတွေ၊ တဂျုန်းဂျုန်းမြည်သံတွေ၊ အသံချဲ့စက်အသံတွေ ပြည့်နှက်နေသည့် သည်နေရာသည် သူသွားချင်ခဲ့သည့် နေရာဖြစ်သည်။ ဟုတ်သည်။ ဘုရားသခင်သည် ကမ္ဘာ့အစွန်အဖျားရှိ လူဆင်းရဲရပ်ကွက်ကလေးတစ်ခုသို့ သူ့ကို ပို့လိုက်လေ၏။

“ကျွန်တော် ရောက်ချင်လှတဲ့နေရာကို ရောက်ရတဲ့အတွက် ဘယ်လောက်ပျော်သလဲ ဆိုတာတော့ မပြောနဲ့တော့။ ပျော်လွန်းလို့ မီးကျီးခဲတွေပေါ် လျှောက်ပြဆိုရင်တောင် လျှောက်ပြမိမှာပဲ” ဟု နောင်တွင် ကိုဗာစကီးက ပြောသည်။

ကိုဗာစကီးသည် ရထားမှဆင်းလျှင်ဆင်းခြင်း ကာလကတ္တားရှိ ဂိုဏ်းချုပ်ထံသို့ သွားသည်။ ဂိုဏ်းချုပ်၏အိမ်မှာ ကိုလိုနီခေတ်က ဆောက်ထားခဲ့သည့် အိမ်ကြီး။ လှပ၍ ဘေးတွင် ပန်းခြံကြီးကလည်း ကျယ်သည်။ ဂိုဏ်းချုပ်မှာ အသက်ငါးဆယ်ခန့်ရှိသည့် အင်္ဂလိပ်-အိန္ဒိယ ကပြားတစ်ဦးဖြစ်ပြီး၊ ဝတ်ရုံဖြူကြီးနှင့် ခန့်ညားသောအသွင်ကို ဆောင်နေသည်။ ခေါင်းပေါ်တွင် ဗရင်ဂျီဘုန်းကြီးတို့ ဆောင်းသည့် ဦးရစ်ကလေး ဆောင်းထားကာ လက်တွင် ဗရင်ဂျီဘုန်းကြီးတို့ ဝတ်ဆင်လေ့ရှိသည့် လက်စွပ်ကို ဝတ်ထား၏။

“ဆင်းရဲသားတွေနဲ့ နေရအောင် ကျွန်တော်လာပါတယ်” ဟု ကိုဗာစကီးက ပြောသည်။

“ဆင်းရဲသားတွေကို တွေ့ဖို့ မခက်ပါဘူး၊ နေရာတကာမှာရှိပါတယ်” ဟု ဂိုဏ်းချုပ်က ပြောသည်။

ဗရင်ဂျီဂိုဏ်းချုပ်သည် မြစ်တစ်ဖက်ကမ်း အလုပ်သမားရပ်ကွက်ရှိ ဗရင်ဂျီဘုန်းကြီးကျောင်းတစ်ကျောင်းသို့ သူ့ကို ထောက်ခံစာရေးပေးလိုက်သည်။

ဗရင်ဂျီဘုရားရှိခိုးကျောင်းက ဖြူဖွေးနေသည့် စုလစ်မွမ်းချွန် အမြင့်ကြီးဘွေနှင့် အဝေးကပင် မြင်နိုင်သည်။ ပြတင်းပေါက်၊ တံခါးပေါက်ကြီးများတွင် ရောင်စုံမှန်တွေ တပ်ထားလျက်။ ဘုရားရှိခိုးကျောင်းထဲတွင်လည်း သူတော်စင် ရုပ်တုတွေ အများအပြားရှိသည်။ အချို့ နေရာများတွင် အလှူခံသေတ္တာကြီးများကို တွေ့ရသည်။ ဘုရားဝတ်ပြုရာ ခုံတန်းများအထက်တွင်မူ ပန်ကာများ တွဲလွဲဆိုင်းလျက်။ ရှေ့ကွက်လပ်နှင့် ဘေးပတ်ပတ်လည် လမ်းကျဉ်းကလေးများထဲတွင် စခန်းချနေကြသည့် ဒုက္ခသည်ဆင်းရဲသားများအား ဘုရားရှိခိုးကျောင်းအမည်က စိန်ခေါ်နေပုံရနေသည့်နှယ်။ ရှေ့ဝင်ပေါက်မုခ်ဦးကြီး တစ်ခုလုံးပေါ်တွင် စာလုံးကြီးများဖြင့် “ချစ်ခင်ကြင်နာသော နှလုံးသားပိုင်ရှင် မယ်တော် ဘုရားရှိခိုးကျောင်း” ဟု ကမ္ဗည်းထိုးထားသည်။

ထိုဘုရားရှိခိုးကျောင်း သင်းအုပ်ဆရာသည် ဂိုအာမှရောက်လာသော ဘုန်းတော်ကြီး အယ်လ်ဘာတိုကော်ဒေရိုဖြစ်သည်။ အသားမှာ မည်းနက်ပြောင်လက်လျက်ရှိပြီး၊ ဆံပင်မှာ လှိုင်းတွန့်လို ဝေ့လျက်ရှိ၏။ ပါးစုန့်အစ်အစ်၊ ဗိုက်ပူပူ၊ ဖြူဖွေးနေသည့် ဝတ်ရုံရှည်ကြီးနှင့်ဖြစ်ပြီး သူ့ကိုကြည့်ရသည်မှာ ဆင်းရဲသားတွေကြားတွင် သွားနေသည့် သာသနာပြုတစ်ဦးနှင့်မတူဘဲ၊ ရောမ မှူးမတ်ကြီးတစ်ဦးနှင့် တူနေသည်။ ဘုရားရှိခိုးကျောင်းဝင်းထဲတွင် သူ့ကားကြီးက အခန့်သားရပ်လျက်။ ဘုရားရှိခိုးကျောင်းတစ်ကျောင်းကို အုပ်ချုပ်ရသည့် သင်းအုပ်ဆရာတစ်ယောက်နှင့် ညီအောင် များစွာသော ခရစ်ယာန်ဘာသာဝင်တို့က သူ့ကို လိုလေသေးမရှိ လှူဒါန်းကြရသည်။

ယခု ဂျင်းဘောင်းဘီနှင့် ဘတ်စကက်ဘော ကစားသည့် ရွက်ဖျင်ဖိနပ်ဖြူတို့နှင့် ပေါက်လာသော သာသနာပြုဘုန်းကြီးတစ်ပါးကို တွေ့လိုက်သည့်အခါ၌ သင်းအုပ်ဆရာသည် တော်တော်စိတ်ပျက်သွား၏။

“ခင်ဗျားမှာ ကိုယ်ရုံ (သင်္ကန်း) မပါဘူးလား” ဟု သင်းအုပ်က မေးသည်။

“ဒီလောက် ပူတဲ့ အိုက်တဲ့ ခင်ဗျားတို့တိုင်းပြည်မှာ ဒါကြီးကို ဘယ့်နှယ်လုပ် ခြုံနေနိုင်မှာလဲဗျ”

“အင်း...ခင်ဗျားတို့နိုင်ငံသားတွေကတော့ ထင်ရာလုပ်ပြီး လုပ်တိုင်းလဲ တင့်တယ်နေကြတယ်ပေါ့လေ။ ကျုပ်တို့အိန္ဒိယတိုင်းရင်းသား ဗရင်ဂျီဘုန်းကြီးတွေကျတော့ ဒီကိုယ်ရုံသင်္ကန်းဟာ သာသနာတော်ရဲ့ သင်္ကေတဆိုလဲ ဟုတ်တာပဲ၊ ကျုပ်တို့အတွက် အကာအကွယ်ဆိုလဲ ဟုတ်တာပဲ၊ ဘာသာတရားကို အထွတ်အမြတ်ထားတဲ့ တိုင်းပြည်မျိုးမှာ ကိုယ်ရုံသင်္ကန်းကို ဝတ်ထားရင် အခွင့်အရေး ရတာပေါ့ဗျာ”

အိန္ဒိယတိုင်းရင်းသား သင်းအုပ်ဆရာသည် ဂိုဏ်းချုပ်ပေးလိုက်သော ထောက်ခံချက်ကို ဖတ်ကြည့်ပြီးနောက်...
“ဆင်းရဲသား ရပ်ကွက်တွေထဲမှာ ခင်ဗျား တကယ်သွားနေမှာလား၊ နေကော နေနိုင်ပါ့မလား”

“နေဖို့ ကျွန်တော် ဒီကိုရောက်လာတာပဲ”

ဘုန်းတော်ကြီး ကော်ဒရိုသည် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွား၏။ ထို့နောက် လေးနက်စွာ စဉ်းစားလျက်ရှိဟန်ဖြင့် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။

“ကျွန်တော်တို့ သာသနာပြုအဖွဲ့ရဲ့ ရည်ရွယ်ချက်က ဒီလို ဆင်းရဲသားတွေထဲကို သွားနေဖို့ မဟုတ်ဘူးလေ၊ သူတို့အထဲသွားနေရင် ခင်ဗျားဒုက္ခရောက်သွားမှာပေါ့။ ခင်ဗျားကတော့ လက်ဖျားထိပ်ကလေးလောက်ကိုပဲ ပေးတာပဲ၊ ဒါပေမယ့် သူတို့က ဒီလောက်နဲ့ ကျေနပ်မှာ မဟုတ်ဘူး၊ လက်မောင်းတစ်ဖက်လုံးကို ဖြုတ်ယူသွားကြမှာ။ ဒီမှာ ခင်ဗျား သူတို့နဲ့အတူသွားနေလို့လဲ သူတို့မှာ ဘာမှ အကျိုးထူးလာမှာ မဟုတ်ပါဘူး။ ခင်ဗျား ဒီလိုသွားနေရင် သူတို့ပျင်းတာ ဖျင်းတာတွေကို အားပေးသလို ဖြစ်နေမှာပေါ့၊ ပြီးတော့ သူတို့ကလဲ ခင်ဗျားအပေါ်မှာ အစဉ်သဖြင့် မှီခိုနေကြတော့မှာပေါ့”

ဘုန်းတော်ကြီး ကော်ဒေရိုသည် လမ်းလျှောက်နေရာမှ ကိုဗာစကီးရှေ့သို့ အရောက်တွင် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

“ပြီးတော့ ခက်တာက ခင်ဗျားလဲ သူတို့အထဲမှာ အစဉ်အမြဲနေနိုင်မှာ မဟုတ်ဘူး၊ ခင်ဗျားက တစ်နေ့ကျရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်သွားမှာ၊ ဒီတော့ အဲဒီလူတွေ ကျုပ်အိမ်ထဲလာပြီး သာသနာဘက်က ပုဂ္ဂိုလ်တွေက သူတို့အတွက် ဘာမှလုပ်မပေးဘူးလို့ ပြောကြဆိုကြဦးမှာ၊ တကယ်လုပ်ပေးတော့လဲ ကျုပ်တို့လို အိန္ဒိယသင်းအုပ်ဆရာတွေကို အထင်ကြီးတာ မဟုတ်ပါဘူး”

ဆင်းရဲသားရပ်ကွက်ထဲသို့ သွားပြီး သူတို့နှင့်အတူနေထိုင်ဖို့ ဆိုသည်ကို ဘုန်းတော်ကြီး ကော်ဒေရို တစ်ခါမှ စိတ်ကူးမထည့်ဖူးသေး။ အမှန်အားဖြင့် အိန္ဒိယသင်းအုပ်ဆရာများသည် ဆင်းရဲသားများပေါ်တွင် စေတနာတရားကင်း သောကြောင့် မဟုတ်၊ သာမန်ဆင်းရဲသား လူထုများနှင့် ရင်းရင်းနှီးနှီး ပွန်းပွန်းတီးတီး မနေလိုခြင်းကြောင့်ဖြစ်ကြောင်းကို ကိုဗာစကီး တွေ့လာရ၏။ အိန္ဒိယပြည်တွင် ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားသည့်ထုံးစံအတိုင်း အိန္ဒိယတိုင်းရင်း သား သာသနာပြုဆရာများသည်လည်း သူတို့နှင့် ဆင်းရဲသားများသည် လူ​နေမှု အဆင့်အတန်းချင်း မတူကြဟု ယူဆကြပုံရသည်။

သင်းအုပ်ဆရာ ကော်ဒေရိုသည် ခပ်အင်အင် လုပ်သည့်တိုင် တတ်နိုင်သမျှ ကူညီပါ၏။ ကော်ဒေရိုသည် သူတို့ဘုရားရှိခိုးကျောင်းအနီးရှိ အာနန်နဂရအမည်ရှိ သုခမြို့တော်ခေါ် ဆင်းရဲသားရပ်ကွက်ကလေးထဲတွင် အခန်းတစ်ခန်းရှာပေးရန် သူ့လက်ထောက်တစ်ယောက်ကို သူနှင့်အတူ ထည့်လိုက်သည်။

ကိုဗာစကီးနှင့် သူ့လမ်းပြတို့သည် နောက်တစ်နေ့ ညနေ ငါးနာရီခန့်တွင် ထိုဆင်းရဲသားရပ်ကွက်ကလေးထဲသို့ ရောက်လာကြ၏။ နေလုံးကြီးသည် မှိုင်းမှောင်သည့် မီးခိုးများကြားထဲတွင် ဖျော့တော့လျက်ရှိ၏။ ညနေစာ ချက်ပြုတ်ချိန်ဖြစ်သဖြင့် အိန္ဒိယပြည် အနှံ့အပြားတွင် တွေ့ရတတ်သည့်အတိုင်း လေသည် နောက်ချေးနံ့၊ ထင်းမီးဖိုနံ့ဖြင့် မွှန်နေသည်။ လမ်းကျဉ်းကလေးများထဲသို့ ရောက်လျှင် စူးရှနံစော်သည့်အနံ့များကြောင့် အဆုတ်တွေ၊ လည်ပင်းတွေ ပူလောင်သွားမည်လောဟုပင် ထင်ရ၏။ အခြား အသံဗလံများထဲမှ ထူးထူးခြားခြား သိသိသာသာ ပေါ်ထွက်နေသော အသံတစ်သံကိုကား အမြဲကြားနေရ၏။ ထိုအသံမှာ ရင်ဘတ်များစွာတို့ကို ပွင့်ထွက်စေမည့် ချောင်းဆိုးသံများဖြစ်သည်။

ကာလကတ္တားကို မလာခင်တုန်းက ကိုဗာစကီးသည် မဒရပ်အနီးရှိ သတ္တုတွင်းတစ်ခုနားက ဆင်းရဲသားရပ်ကွက်ကလေးတစ်ခုထဲမှာ နေကြည့်ခဲ့ဖူးသေးသည်။ ထိုဆင်းရဲသားရပ်ကွက်မှာ အလင်းရောင်နှင့် မျှော်လင့်ချက်တို့ အပြည့်ရှိနေသော ဆင်းရဲသားရပ်ကွက်ဖြစ်သည်။ အလုပ်သမားများသည် မနက်စောစော အလုပ်ဆင်းကြသည်။ တစ်နေ့တွင် သူတို့နေရာကလေးသည် ကြီးမားသည့် စက်မှုရပ်ကွက်ကလေးတစ်ခုဖြစ်လာလိမ့်မည်ဟု သူတို့ သိကြသည်။ 

အာနန်နဂရခေါ် သုခမြို့တော်တွင်မူ ထိုသို့မဟုတ်။ သူတို့ဘဝသည် မျောက်လောင်း၊ မျောက်လောင်းမျှသာဟုသာ သဘောထားကြသည်။ သူတို့ရပ်ကွက်ကလေးသည် လှုပ်လှုပ်ရှားရှား၊ သွားသွားလာလာ၊ ပြေးပြေးလွှားလွှား၊ ရုတ်ရုတ်ရက်ရက်ဖြင့် အသက်ဝင်နေသည်။ ထိုမျှ လှုပ်ရှားနေသော လူများသည် ဂိုဏ်းအုပ်ပြောလိုက်သလို လူပျင်းလူဖျင်းများ ဖြစ်နိုင်ပါမည်လောဟု ကိုဗာစကီး သံသယရှိသည်။ အဘိုးအိုမှ ကလေးငယ်အထိ သူတို့အားလုံးသည် ပုရွက်ဆိတ်များလို အလုပ်များနေကြသည်။ အိမ်လှေကားရင်းများ၊ အိမ်တံခါးပေါက်များ၊ အလုပ်ရုံကလေးများ၊ အိမ်ဆိုင်ကလေးများထဲတွင် လူတွေ ရောင်းလျက်၊ ဝယ်လျက်၊ သန့်ရှင်းရေးလုပ်လျက်၊ ထုတ်လုပ်လျက်၊ ဖိနပ်ချုပ်
လျက်၊ ဖာထေးလျက်၊ ပြင်ဆင်လျက်၊ ရွေးချယ်လျက်၊ လှဲကျင်းလျက်၊ တူထုလျက်၊ သံရိုက်လျက်၊ ကော်ကပ်လျက်၊ လွန်ပူဖောက်လျက်၊ သယ်ယူလျက်၊ ဆွဲငင်လျက်၊ တွန်းပို့လျက်။ 

အမှတ် ၄၉၊ နိုင်ဇာမူဒင် လမ်းသွယ်၊ ရွှံ့တဲကလေးတစ်လုံးရှေ့တွင် တံခါးအဖြစ် သံရိုက်ပိတ်ထားသည့် ပျဉ်ပြားနှစ်ချပ်ပေါ်တွင် အိမ်နံပါတ် ရေးထား၏။ အကျယ်မှာ သုံးပေ၊ အလျား ခြောက်ပေလောက် ရှိလိမ့်မည်။ မြေကြီးက ရွှံ့မံလျက်၊ ခေါင်မိုးက အုပ်ကြွပ်ပြားအချို့ လပ်နေသဖြင့် ကြယ်မြင်, လမြင်။ အိမ်ထောင်ပရိဘောဂမရှိ၊ လျှပ်စစ်မီးမရှိ၊ ရေမရှိ။ သူရှာနေသည့် ဆင်းဆင်းရဲရဲ စုတ်စုတ်ချာချာ ပတ်ဝန်းကျင်မျိုးဖြစ်သဖြင့် ကိုဗာစကီး သဘောကျသည်။
တံခါးမှ ထွက်လိုက်လျှင် အန်ချင်စရာကောင်းသည့် ညစ်ပတ်နံစော်သော မြောင်းပုပ်ရှိသည်။ မြောင်းပုပ်၏တစ်ဖက်တွင် အမှိုက်ပုံကြီးက ဟည်းလျက်။ လက်ဝဲဘက်နားတွင် မြောင်းကို ခွဆောက်ထားသည့် ဝါးကပ်မိုး လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ရှိသည်။ သည်ရပ်ကွက်တွင် နေသူများအားလုံးမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အဘိုးကြီးမှလွဲလျှင် အားလုံး မွတ်ဆလင်များ ဖြစ်ကြသည်။ လက်ဖက်ရည် ရောင်းသည့် အဘိုးကြီးတစ်ယောက်သာလျှင် ဟိန္ဒူဖြစ်၏။

ကိုဗာစကီး ငှားနေသည့် အခန်းကလေးကို ပိုင်သူမှာ အနောက်တိုင်းဝတ်စုံကို ဝတ်ထားသည့် ဘင်္ဂါလီအမျိုးသားတစ်ယောက်ဖြစ်သည်။ သူတို့ ရပ်ကွက်ကလေးထဲတွင်မူ ဧရာမသူဌေးကြီးပေတည်း။ လမ်းထိပ်ရှိ အိမ်သာများ၊ ​ရေတွင်းများ တစ်ဝိုက်တွင်လည်း သူပိုင်သည့် အိမ်တန်းလျားတစ်လုံးရှိသေးသည်။

“ဒီနေရာဆိုရင် ဆရာကြီး သဘောကျမှာပါ” ဟု အိမ်ပိုင်ရှင်ကဆို၏။ 

“သဘောကျပါတယ်၊ အိမ်လခကကော ဘယ်လောက်ပေးရမလဲ” 

“တစ်လကို နှစ်ဆယ့်ငါးကျပ်ပါ၊ ကြိုတော့ ပေးထားရမယ်” 

“ဘာ...နှစ်ဆယ့်ငါးကျပ် ဟုတ်လား၊ ဒီလောက် နေရာကလေးကို နှစ်ဆယ့်ငါးကျပ် ပေးရမလား၊ သက်သက် ဓားပြတိုက်တာ” ဟု ကိုဗာစကီးကို ပို့သည့် ကပြားသင်းအုပ်ဆရာက ပြောသည်။

“ရပါတယ်” ဟု ကိုဗာစကီးက ပြောကာ သုံးလစာ ကျသင့်ငွေကို ထုတ်ပေး၏။

သို့ဖြင့် ကိုဗာစကီး၏ အိန္ဒိယညဦးသည် အစပြု၏။

“ညက မှောင်ပိန်းနေတာပဲ၊ အပူပိုင်းဇုံဒေသမှာ ခပ်စောစော မိုးချုပ်တတ်တယ်၊ အိမ်တစ်အိမ်က ငှားလို့ရတဲ့ ရေနံဆီမီးခွက်ကလေးကို ထွန်းလိုက်တယ်။ အလိုက်တသိပဲ ကျွန်တော့်ဖို့ဆိုပြီး မီးခြစ်ဘူးလည်း ထားပစ်ခဲ့တယ်။ ကျွန်တော့်ကို လာပေးထားတဲ့ ဖျာကလေးတစ်ချပ်ကို မြေကြီးပေါ်ခင်း၊ နံရံကို ကျောမှီပြီး ခြေဆင်းထိုင်နေမိတယ်။ မာဆေးလ်မှာတုန်းက အာရပ်ရပ်ကွက်တစ်ခုက ဝယ်လာခဲ့တဲ့ ကျောပိုးအိတ်ကို ဖွင့်လိုက်တယ်။ အိတ်ထဲက မုတ်ဆိတ်ရိတ်ဓားကိုထုတ်၊ မုတ်ဆိတ်ရိတ်သုံး ဝက်မှင်ဘီး၊ သွားပွတ်တံ၊ မိတ်ဆွေတွေက ပေးလိုက်တဲ့ ဆေးသေတ္တာကလေးနဲ့ သမ္မာကျမ်းစာအုပ်ကို ထုတ်တယ်။ တစ်နည်းပြောရရင်တော့ ကျွန်တော့်မှာရှိတဲ့ စည်းစိမ်ဥစ္စာအားလုံးဆိုပါတော့။ ခရစ်ဝင်ကျမ်းစာကြားထဲမှာတော့ တစ်လျှောက်လုံး ကျွန်တော့်ကိုယ်နဲ့မကွာ ဆောင်ခဲ့တဲ့ ဓာတ်ပုံကလေး ညှပ်ထားတယ်။ အထူးသဖြင့် ဆင်းရဲဒုက္ခကြုံတုန်းမှာ ဆိုရင် ကျွန်တော်ကြည့်နေကျ ဓာတ်ပုံကလေး။ ခုလဲ အဲဒီဓာတ်ပုံကလေးကို ကျွန်တော် ဖွင့်ကြည့်လိုက်တယ်”

ထိုဓာတ်ပုံမှာ ကျူရင်မြို့မှ အလောင်းတော်ခြုံလွှာဆိုသည့် ဓာတ်ပုံဖြစ်ပြီး၊ သူ့အဖေက ပေးခဲ့ခြင်းဖြစ်၏။ ထိုခြုံလွှာပေါ်တွင်မူ ခရစ်တော်၏မျက်နှာတော်။ စက္ခုနြေကိုချလျက်၊ ပါးတို့က ယောင်အန်းလျက်၊ နဖူးပြင်တွင် ဒဏ်ရာတွေ ပြည့်လျက်၊ မုတ်ဆိတ်တို့က ဖရိုဖရဲဖြစ်လျက်၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသက်ကို စွန့်လှူခဲ့ရသော ကိုယ်တော်၏ရုပ်ပုံတော်။ ထိုနေ့ညနေတွင်မူ ထိုရုပ်ပုံတော်သည် သူ့လိုဆင်းရဲသားရပ်ကွက်တွင် လာရောက်၍ သာသနာပြုကြသော သာသနာ့အာဇာနည်တို့ ဝင်စားထားရာ ရုပ်ပုံတော်ဟု ထင်မိ၏။

ကိုဗာစကီးသည် ခရစ်တော်ပုံတော်ကို နံရံတွင်ကပ်ကာ မီးခြစ်ဆံတစ်ချောင်းဖြင့် ညှပ်ထား၏။ ဝတ်ပြုဆုတောင်းရန် ကြိုးစားသေးသည်။ သို့ရာတွင် ဝတ်ပြု၍မရ၊ သူသည် ကြောင်တက်တက်ဖြစ်နေသည်။ သူ့ပတ်ဝန်းကျင်၊ သူ့ဘဝသစ်နှင့် နေသားကျအောင် လုပ်ရဦးမည်။ ထိုသို့ သူစဉ်းစားနေစဉ် တံခါးဝတွင် ကလေးမတစ်ယောက် လာ၍ ရပ်သည်။ ဖိနပ်မပါ၊ အဝတ်အစားတို့က စုတ်စုတ်ပြတ်ပြတ်။ သို့ရာတွင် ကျစ်ဆံမြီး ကျစ်ထားသည့် ဆံပင်အဖျားတွင် ပန်းပွင့်ကလေးတစ်ပွင့် ပန်ထားလျက်။ သူ့လက်ထဲတွင် ထမင်းနှင့် ဟင်းသီးဟင်းရွက်ကြော်များ ထည့်ထားသည့် ဒန်ထမင်းဘူးကလေးတစ်ဘူးကို ကိုင်ထား၏။ ကလေးမကလေးသည် ထမင်းဘူးကို ကိုဗာစကီးရှေ့တွင် ချကာ လက်နှစ်ဖက်ကို ယှက်၍ နှုတ်ဆက်ပြီးနောက် ထွက်ပြေးသွားသည်။ 

“ကျွန်တော့်ကို လာပြီး ထမင်းကျွေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ပြီးတော့ သူတို့တစ်တွေစားသလို လက်နဲ့စားတယ်” ဟု ကိုဗာစကီးက ပြောသည်။

ညကိုးနာရီလောက်တွင်မူ လမ်းမမှ အသံဗလံများသည် တိတ်ဆိတ်သွားကြလေပြီ။ ထိုအခါတွင်မူ ကိုဗာစကီးသည် သူ့ပတ်ဝန်းကျင်မှ ပဲ့တင်သံများကို သတိပြုမိသည်။ အခန်းနီးချင်းမှ စကားပြောသံ၊ ငြင်းခုံသံ၊ ငိုသံ၊ ချောင်းဆိုးသံ။

ထို့နောက် အသံချဲ့စက်မှ မိန်းမသံစူးစူးဖြင့် ရွတ်ဖတ်နေသော ကိုရန်ကျမ်းစာဖတ်သံကို ကြားရသည်။ ထိုအသံပြီးလျှင် လက်ဖက်ရည်ဆိုင်မှ ဟိန္ဒူအဘိုးကြီး၏ “ဥုံ” ရွတ်သံ ပေါ်လာပြန်သည်။ သန်းခေါင်ကျော်သည့်အခါတွင်မူ သုခမြို့တော်သည် တိတ်ဆိတ်ငြိမ်သက်စပြုလေပြီ။ ဘုရားစာရွတ်သံ၊ ဥုံရွတ်သံ၊ ကလေးငိုသံ၊ ချောင်းဆိုးသံတို့သည်လည်း တိတ်ဆိတ်သွားခဲ့လေပြီ။ သုခမြို့တော်သည် အိပ်မောကျလေပြီ။ 

ကိုဗာစကီးသည် စိတ်လှုပ်ရှားနေသည်။ အိပ်စက်အနားယူချင်လှပြီ။ သူသည် သူ့ဂျင်းဘောင်းဘီနှင့် ရှပ်အင်္ကျီကို ခေါက်၍ ခေါင်းအုံးလုပ်၏။ ဖျာကျဉ်းကလေးပေါ်တွင် ကိုယ်ဆန့်၍ လှဲလိုက်သည်။ ယခုမှ သူ့အခန်းသည် သူ့အရပ်ခြောက်ပေနှင့် အံကိုက်ဖြစ်နေသည်ကို သူသတိပြုမိသည်။ ကိုဗာစကီးသည် နံရံတွင် ညှပ်ထားသည့် ရေစ်တော်ပုံကို ကြည့်ကာ မှန်အိမ်ကို ငြိမ်းလိုက်သည်။

ထိုစဉ် ခေါင်းပေါ်မှ တရုန်းရုန်းအသံများကို ကြားရ၏။ မှန်အိမ်ထွန်း ကြည့်လိုက်သည့်အခါတွင် ကြွက်တစ်အုပ်သည် ဝါးလုံးထုပ်တန်းပေါ်တွင် ပြေးလွှားနေကြရာမှ ဆူညံသောအသံကိုပြုကာ နံရံအတိုင်း အောက်သို့ ဆင်းလာသည်ကို မြင်ရ၏။ ကိုဗာစကီးသည် ထ၍ခုန်ကာ ကျူးကျော်သူတို့ကို ဖိနပ်ဖြင့် အသာလိုက်ရိုက်သည်။ အခန်းနားနီးချင်းတွေ နိုးမည်စိုးသဖြင့် ဆူဆူညံညံမလုပ်ရဲ။ သို့ရာတွင် တစ်အုပ်ထွက်သွားသည်နှင့် နောက်တစ်အုပ်သည် ခေါင်မိုးပေါ်မှ အောက်သို့ဆင်းလာပြန်သည်။ နောက်ဆုံးတွင် မတတ်နိုင်သည့်အတွက် ကိုဗာစကီးသည် လက်လျှော့လိုက်ရ၏။ ကြွက်များနှင့် ပေါင်းဖော်နေထိုင်ရသည်မှာ မည်မျှစက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပါသနည်း။ သို့ရာတွင် မတတ်နိုင်ပြီ။ ထိုအရာများသည် သူ့ဘဝသစ်တွင် လွှဲရှောင်၍ရသော အရာများမဟုတ်။ ထို့ကြောင့် ကိုဗာစကီးသည် စိတ်နှလုံးကို ဒုန်းဒုန်းချကာ အိပ်ရာပေါ်သို့ ပြန်လှဲသည်။ 

ထိုစဉ် ဆံပင်တွေထဲက လှုပ်လှုပ်, လှုပ်လှုပ်ဖြစ်လာသဖြင့် ကိုဗာစကီးသည် မှန်အိမ်ကို ထွန်းရပြန်သည်။ ကြည့်လိုက်သည့်အခါတွင် အမွေးထူထူနှင့် ကင်းခြေများကြီးတစ်ကောင်။ ကိုဗာစကီးသည် မဟတ္တမဂန္ဒီကို ကြည်ညို၍ ဂန္ဒီ၏ အကြမ်းမဖက်ရေးတရားကို ယုံကြည်သည့်တိုင် ကင်းခြေများကိုမူ နင်းချေသတ်ပစ်လိုက်၏။ 

ကိုဗာစကီးသည် အိပ်ရာပေါ်သို့ ပြန်၍လှဲ၏။ သို့ရာတွင် သုခမြို့တော်ကြီး၏ အံ့သြဖွယ်တို့သည် ကုန်နိုင်ဖွယ်မရှိ။ ခြင်ကောင်များသည် မကိုက်ခင်တွင် ကိုက်ရအံ့လော, မကိုက်ရအံ့လောဟု စဉ်းစားနေဟန်ဖြင့် တဝီဝီသော မြည်သံကို ပြုနေကြ၏။

သို့ဖြင့် ကိုဗာစကီးသည် သုခမြို့တော်၏ အံ့ဖွယ်တို့ကို တစ်ခုပြီးတစ်ခု တွေ့ကြုံပြီးနောက် အိပ်ပျော်သွား၍ မကြာမီမှာပင် ဝုန်းခနဲမြည်သော အသံကြီးတစ်သံကြောင့် အိပ်ရာမှ နိုးလာ၏။ တံခါးကို ဖွင့်ကြည့်လိုက်ရာ မီးသွေးဆိုင်သို့လာ၍ မီးသွေးပို့သည့် လှည်းဖြစ်နေကြောင်း တွေ့ရသည်။ ပြန်အိပ်မည်ပြုစဉ် အမှောင်ထဲတွင် ချောင်းနေသည့် သူခိုးပေါက်စနှစ်ယောက်ကို လှမ်းမြင်ရပြန်သည်။ မီးသွေးဆိုင်ရှင်လည်း ထိုသူခိုးလေးများကို မြင်ပုံရသည်။ ထို့နောက် သူခိုး ဟူသော အော်သံများနှင့်အတူ လိုက်သံပြေးသံများကို ကြားရပြီးနောက် အညစ်အကြေးမြောင်းကြီးထဲသို့ လူတစ်ယောက်ကျသွားသံကို ကြားလိုက်ရသည်။

အပိုင်း(၁၁)ဆက်ရန်
-----------------
#မြသန်းတင့်

Post a Comment

0 Comments