#သုခမြို့တော်
အပိုင်း(၁၁)
သွေးရောင်းရသည့် ပိုက်ဆံကလေးသည် ဟာစရီပါးတို့မိသားစု၏ လေးရက်စာ ထမင်းဖိုးဖြစ်၏။ ထမင်းဖိုးဆိုသည့်တိုင် ထိုရက်များအတောအတွင်း၌ သူတို့မိသားစုသည် ငှက်ပျောသီးဖြင့် ကိစ္စပြီးရသည်။ ငှက်ပျောသီးမှာ ပစ္စည်းလည်းပေါ၊ ဈေးလည်းချိုသဖြင့် သူတို့အဖို့ ဘုရားပေးသည့် အစာဟုပင် ဆိုရတော့မည်။ အာဟာရလည်းဖြစ်၊ ဆေးဖက်လည်းဝင်သည့်အတွက် ကာလကတ္တားမှ သူဆင်းရဲများသည် ငှက်ပျောကို ကိုးကွယ်လေ့ရှိကြသည်။ အခါကြီး ရက်ကြီးများ၌ သူတို့သည် မြို့စောင့်နတ်သမီး ဒူးရ်ဂါးကို ပူဇော်သောအားဖြင့် ပလ္လင်များပေါ်တွင် ငှက်ပျောပင်များကိုတင်၍ ကိုးကွယ်ကြသည်။ ပစ္စည်းဥစ္စာကို စောင့်ရှောက်သော နတ်မင်းဂါနက်သျှ၏ ကြင်ရာနတ်သမီးကို ပူဇော်သောအားဖြင့် ငှက်ပျောပင်လုံးပတ်ကို အနီကွပ်သည့် ဆာရီတွေပတ်၍ လွှမ်းခြုံကိုးကွယ်လေ့ရှိကြသည်။
ဟာစရီပါးက အလုပ်ထွက်ရှာနေချိန်တွင် ကလေးအကြီးနှစ်ယောက် ဘရားဘဇားထဲက ကောက်လာခဲ့သည့် စားစရာကလေးများကို စားကြရ၏။ သူတို့ကောက်လာသည့် အာလူး ဟင်းသီးဟင်းရွက်တို့ကို အိမ်နီးချင်း၏မီးဖိုပေါ်တွင်ချက်ပြုတ်ရန်အတွက် နွားချေးလေး လေးပြား ဝယ်လိုက်သည့်အခါတွင်ကား သူတို့တွင် ရှိသမျှသော နောက်ဆုံးပိုက်ဆံကလေးသည် ကုန်သွားလေပြီ။ နောက်ဆုံး ဘာမျှမကျန်တော့သည့်အခါ၌ ဟာစရီပါးသည် ရဲရင့်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချရပြန်သည်။ အခြားမဟုတ်။ သွေးပွဲစားဆီသို့ သွား၍ သွေးရောင်းရန်ဖြစ်သည်။
ဆေးပညာအမြင်ဖြင့် ကြည့်လျှင် ကိုယ့်သွေးကို ရောင်းစားရသည့်ကိစ္စသည် ရူးသွပ်မှုတစ်ခုဖြစ်သည် မဟုတ်ပါလော။ များစွာသော မြို့နေဆင်းရဲသားများသည် ကြံရာမရသည့်အဆုံးတွင် သွေးဘဏ်သို့လာ၍ နေ့စဉ်နှင့်အမျှ သွေးရောင်းလျက်ရှိကြောင်းဖြင့် ဆေးဘဏ် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ ထိုသူများသည် အသက်ရှည်ရှည် မနေကြရတော့။ သွေးအားနည်းရောဂါကြောင့် လမ်းမပေါ်တွင် လဲကျသေဆုံးသူတို့ သေဆုံးကြသည်။ အချို့မှာလည်း သီလရင် ထရီဇာ၏ဂေဟာသို့ လာရောက်ပြီး သေကြသည်။ အောက်စီဂျင်မရသဖြင့် ဟုတ်ကနဲ ငြိမ်းသွားသော ဖယောင်းတိုင်တစ်တိုင်မှ မီးတောက်ပမာ ဤသို့ ဘဝဆုံးသွားခဲ့ကြရသည်။
ထိုအစီရင်ခံစာအရ သွေးရောင်းသူတို့အနက် လေးယောက်လျှင် တစ်ယောက်သည် သတ်မှတ်ထားသည့် ဟေမိုဂလိုဗင်ဓာတ်၏ တစ်ဝက်မျှပင် မပြည့်။ သွေးဝယ်သည့်ဌာနများကလည်း သွေးထဲတွင် ဟေမိုဂလိုဗင် ရာနှုန်းပြည့်မပြည့်ကို ဂရုမစိုက်ကြတော့။ သို့ရာတွင် ဟေမိုဂလိုဗင်အတုကို ဘယ်လိုဖန်တီးရသည်ကို နောင်တွင် ဟာစရီပါးတို့လို တောသားတွေပင် သိလာခဲ့သည်။
ထိုနေ့က စီအာစီသွေးဘဏ်မှပေးသော ဈေးနှုန်းမှာ မက်လောက်သဖြင့် သွေးဘဏ်ရှေ့တွင် လူတွေ ကျိတ်ကျိတ်တိုးနေကြသည်။ အချို့သော သွေးဘဏ်များမှ ပွဲစားများလည်း စီအာစီသွေးဘဏ်ရှေ့သို့ မယောင်မလည် ရောက်လာ ကြကာ သူတို့ဘဏ်အတွက်လာ၍ မြူဆွယ်ကြသည်။ ထိုစဉ် ဟာစရီပါးအနီးသို့ ရွှေသွားနှစ်ချောင်းတပ်ထားသည့် လူတစ်ယောက် ရောက်လာသည်။ သူက ပြည့်တန်ဆာဈေးခေါ်သည့် လေသံမျိုးဖြင့် “လေးဆယ်ပေးမယ်လေ။ မင်းအတွက် သုံးဆယ်၊ ငါ့အတွက် တစ်ဆယ်” ဟုပြောသည်။
သုံးဆယ်ဆိုတော့ အရင်တစ်ခါ ဆိုင်ထက် ထက်ဝက်ကြီးတောင် ပိုသည်။ ကာလကတ္တားတွင် သွေးဈေးနှုန်းသည် ဒါလဟိုဇီပန်းခြံရပ်ကွက်က ကုန်စည်ဒိုင်မှ ဂုံလျှော်ဈေးနှုန်းလို၊ မုန်ညင်းဆီဈေးနှုန်းလို နေ့တိုင်းပြောင်းနေသည်ကို ဟာစရီပါးမသိ။ သွေးဈေးနှုန်းသည် ကြားပွဲစားများ ပါးစပ်ထဲက ပြောတိုင်းဖြစ်နေသည်။ သူတို့ပွဲခများများယူလိုလျှင် ဈေးနှိမ်သည်။ သူတို့ ပွဲခလျှော့လျှင် ဈေးပိုသည်။ သွေးပွဲစားသည် ဟာစရီပါး၏လက်မောင်းမှ အပ်ရာကို မြင်လိုက်သည်နှင့် ဟာစရီပါးကို သွေးရောင်းသူမှန်း ချက်ချင်းသိလိုက်လေပြီ။
ထိုလူက သူ့ကို နိဗ္ဗာန်ကူးတို့ သွေးဘဏ်သို့ ခေါ်သွားသည်။ အမည်နှင့်လိုက်ပါပေ၏။ ဆေးခန်းနံရံများကို ပန်းနုရောင်ခြယ်ထားပြီး ထိုင်ခုံကြီးတွေကလည်း အိနေသည်။ သွေးဘဏ်ကို ကာလကတ္တားရှိ နာမည်ကျော်ဆေးခန်းကြီး တစ်ခန်းနှင့် တွဲပြီး ဖွင့်ထားသည်။ ထိုဆေးခန်းသို့ ချမ်းသာသည့် မာရဝါရီကုန်သည်ကြီးများ၊ သူတို့မိသားစုများသာ လာရောက်ပြသလေ့ရှိကြသည်။
တစ်ကိုယ်လုံး ဖွေးနေသည့်ဝတ်စုံကို ဝတ်ထားပြီး ဦးထုပ်ဖြူကလေးကို ဆောင်းထားသည့် သူနာပြုဆရာမသည် သွေးလာရောင်းသူကို မြင်လိုက်သည့်အခါတွင် မျက်နှာတစ်ချက် ရှုံ့လိုက်၏။ ထို့နောက် ဟာစရီပါးကို နောက်မှ ကုလားထိုင်တစ်လုံးပေါ်တွင် အထိုင်ခိုင်းသည်။ သူနာပြုဆရာမသည် စီအာစီ သွေးဘဏ်မှ သူနာပြုများလို သူ့သွေးကြောထဲသို့ အပ်စိုက်သွင်းမပြု။ လက်ညှိုးထိပ်ကို အပ်ကလေးဖြင့်ပေါက်၍ မှန်ပြားပေါ်တွင် သွေးစက်ကို ချလိုက်သည်။ ရွှေသွားနှင့် ပွဲစားက သူနာပြုဆရာမ ပညာပြနေကြောင်းကို ရိပ်မိလိုက်လေပြီ။
သူထင်သည့်အတိုင်းပင်၊ ခဏအကြာတွင် ယခုသွေးမှာ သူတို့ဆေးခန်းက သတ်မှတ်ထားသည့် အဆင့်ကို မမီဟု ဆိုသည်။ အခြားမဟုတ်။ ကာလကတ္တားမှ လူဆင်းရဲများအားလုံးထုံးစံ သွေးထဲတွင် လိုအပ်သည့် ဟေမိုဂလိုဗင်ဓာတ် မပြည့်ခြင်းဖြစ်သည်။
ဟာစရီပါးသည် စိတ်ပျက်သွား၏။
“သွေးဝယ်တဲ့ တစ်ခြားနေရာများ နောင်ကြီးသိသေးသလား”
သူတို့နှစ်ယောက် လမ်းကြားသို့ ပြန်ရောက်လာသည့်အခါတွင် ဟာစရီပါးက ပြော၏။ ပွဲစားသည် ပခုံးကို ဖက်လိုက်ကာ
“တွေ့ရာဆိုင်တွေကို လျှောက်ပြီး ရောင်းမနေနဲ့လေကွာ၊ ခုလို ဆိုင်ကြီးတွေကို ရောင်းမှ ပိုက်ဆံရတာ၊ ခု မင်းသွေးကြောထဲမှာ သွေးကောင်းကောင်း မရှိဘဲ ရေတွေချည်းဖြစ်နေလို့ မဝယ်တာ၊ ဒီအတိုင်းသာ ကြာကြာနေရင် မင်းလဲ မကြာခင် ကိစ္စချောပြီး ပြာကို ဟူဂလီမြစ်ထဲ မျှောချရတော့မှာ”
သူပြောသဖြင့် ဟာစရီပါးသည် တကယ်ပင် လန့်သွားသည်။
“ကျွန်တော်တို့အားလုံး စားရမဲ့ သောက်ရမဲ့ ဖြစ်နေပြီဗျ၊ ဒီအတိုင်းဆို ငတ်ပြီး သေတော့မှာ ထင်ပါရဲ့” ဟု ဟာစရီပါးက ညည်းသည်။
“ဒီလောက်လဲ အားမလျှော့နဲ့ဦးကွာ၊ လာ လိုက်ခဲ့၊ မင်းကို လက်ဆောင်ပေးလိုက်မယ်” ဟု ဆိုကာ ပွဲစားသည် သူတို့အနီးရှိ ဆေးဆိုင်တစ်ဆိုင်သို့ ခေါ်သွားပြီး ဆေးတစ်ပုလင်းကို ဝယ်ပေးလိုက်သည်။ ဆွမ်ဇာလန်ပြည် ဆေးဝါးစက်ရုံများမှ ဓာတ်ခွဲပါရဂူများသည် ကမ္ဘာတွင် သူတို့ဆေးများအား မည်သို့ သုံးစွဲကြောင်းကို ကြိုတင်သိဟန်မတူ။
ပွဲစားသည် သူ့ကို သံဓာတ်ပါသည့် ဆေးပုလင်းကို လှမ်းပေးလိုက်ရင်း
“ရော့ ဟောဒီဆေးကို တစ်နေ့ သုံးလုံးနဲ့ တစ်ပတ်စားပြီးတော့ ငါ့ဆီလာခဲ့၊ မလာဘဲတော့ မနေနဲ့နော်၊ မလာရင် မင်းသွေးကြောထဲမှာ သွေးတွေ သိပ်များပြီး ပေါက်ကွဲကုန်ရင်တော့ ငါ့တာဝန်မဟုတ်ဘူး။ အဲဒီတော့ သွေးကောင်းကောင်းဝယ်တဲ့ ဆေးခန်းကို လိုက်ပို့မယ်၊ သွေးကောင်းပုံတော့ မပြောနဲ့၊ မင်းသွေးကို အကြောထဲမှာ တစ်စက်မကျန်အောင် ထုတ်မယူရင် ကံကောင်း”
အပိုင်း(၁၂)ဆက်ရန်
-------------------
0 Comments