#သုခမြို့တော်
အပိုင်း(၃၇)
ရေအိမ်ထဲမှ ကိုဗာစကီး ထွက်လာသည့်အခါတွင် ထိုရှုခင်းကို လှမ်းမြင်လိုက်ရသည်။ အော်သံများကို ကြားရပြီးနောက် ကလေးများနှင့် လူကြီးများသည် သူ့ထံသို့ ပြေးလိုက်လာနေသည်ကို ကိုဗာစကီး မြင်လိုက်ရ၏။ ကျောက်ခဲ များ၊ တုတ်တိုများ စသည့် ပစ္စည်းမျိုးစုံတို့သည် ရေအိမ်အနီးတစ်ဝိုက်သို့ မိုးသီး မိုးပေါက်များနှယ် ကျလာကြသည်။ ကံကောင်း၍သာ သူ့ကို မမှန်ခြင်းဖြစ်၏။
ကိုဗာစကီးသည် နောက်သို့ ပြန်၍ခုန်လိုက်၏။ ထိုအခါတွင်မှ သူတို့တစ်တွေ ပစ်နေသည့် ပစ်မှတ်ကို သူသွားတွေ့သည်။ အခြားမဟုတ်၊ စုတ်ပြတ်နေသည့် အဝတ်အစားတို့ကို ဝတ်ထားသည့် အမျိုးသမီးတစ်ယောက်။ ဆံပင် ဖရိုဖရဲ၊ မျက်နှာတွင် အိုးမဲတွေ၊ သွေးတွေ စွန်းပေလျက်။ ထိုအမျိုးသမီး၏မျက်လုံးများသည် မုန်းတီးစက်ဆုတ်သော အရောင်ဖြင့် ဝင်းဝင်းတောက်နေသည်။ သူ့ပါးစပ်သည် အမြှုပ်တစီစီ ထွက်နေသည်။ အသားမရှိတော့သော လက်နှစ်ဖက်ကို ဝှေ့ကာယမ်းကာဖြင့် ပါးစပ်မှ အယုတ္တ အနတ္တတို့ကို ရေရွတ်နေသည်။ သူက ဆဲလေလေ လူအုပ်ကြီးကလည်း သူ့နောက်သို့ သဲသဲမဲမဲလိုက်လေလေ။
ကျူးကျော်ရပ်ကွက်ကလေးတစ်ခုလုံးတွင်ရှိသည့် မျိုသိပ်ထားရသော ဒေါသတို့သည် ရုတ်တရက် ပေါက်ကွဲထွက်လာသလောဟုပင် ထင်ရသည်။ ဟုတ်သည်၊ သုခမြို့တော်သည် ထွက်ပေါက်တစ်ခုတော့ လိုနေပြီ။ ကိုဗာစကီးသည် သူ့ထံသို့ ပြေးလာခဲ့ကာ ကံဆိုးသည့်အမျိုးသမီးကို ကယ်ဆယ်ရန် ကြိုးစားသည်။ သို့ရာတွင် တစ်ယောက်က သူ့ကို လှမ်းဆွဲထားပြီး နောက်ဘက်သို့ ပြန်တွန်းနေသည်။
လူအုပ်ကြီးမှာ အမျိုးသမီးကို မီလုမီခင်ဖြစ်နေလေပြီ။ ယောက်ျားများက ဓားတွေကို ထုတ်ထားကြသည်။ မိန်းမတွေက ဝိုင်း၍ အော်ပြီး အားပေး အားမြှောက်လုပ်နေကြသည်။ ထိုမြင်ကွင်းကို ကြည့်ရသည်မှာ ကြောက်စရာကောင်းသည်။ထိုစဉ် တုတ်တစ်ချောင်းကို မြှောက်၍ ထွက်လာသော ဆံပင်ဖြူဖြူ ခပ်သေးသေး လူတစ်ယောက်ကို ကိုဗာစကီး လှမ်းမြင်လိုက်၏။ ထိုသူမှာ မိမိတဲနှင့် မျက်စောင်းထိုးတွင် လက်ဖက်ရည်ဆိုင်ဖွင့်နေသည့် ဟိန္ဒူအဘိုးကြီး ဖြစ်သည်။ ဟိန္ဒူအဘိုးကြီးသည် တုတ်ကြီးကို ဝှေ့ယမ်းကာ အမျိုးသမီးအနီးသို့ လာပြီးနောက် သူ၏ ပိန်လှီသော ကိုယ်ကလေးဖြင့် အကာအကွယ်ပေးရင်း လူအုပ်ကြီးကို ပြောနေသည်။
“ဟေ့ကောင်တွေ၊ ဒီမိန်းမကို ဘာမှမလုပ်ကြနဲ့၊ ဘုရားအလိုတော်အတိုင်း ဖြစ်ပေ့စေ”
သောင်းကျန်းနေသော လူအုပ်သည် တွန့်သွားကာ ငြိမ်ကျသွား၏။ အော်သံများအားလုံးသည်လည်း တိတ်သွား၏။ သူတို့မျက်လုံးများအားလုံးသည် ဟိန္ဒူအဘိုးကြီးဆီသို့ ရောက်နေကြသည်။ထိုခဏသည် စက္ကန့်ပိုင်းမျှသာ ကြာသော်လည်း ကိုဗာစကီး၏စိတ်တွင် တစ်ကမ္ဘာလောက် ကြာသည်ဟု ထင်မိသည်။ ထိုစဉ် လူအုပ်ထဲမှ တစ်ယောက်သည် ဓားမြှောင်တစ်ချောင်းကို ကိုင်ကာ အဘိုးကြီးအနီးသို့ ကပ်လာသည်။ အနားသို့ရောက်သည်နှင့် လက်မှဓားမြှောင်ကို လွှတ်ချလိုက်၏။ အဘိုးကြီး၏ခြေအစုံကို နဖူးဖြင့်တိုက်ရင်း ငို၏။ ထို့နောက် ထိုလူသည် မတ်တတ်ထကာ လှည့်၍ပြန်ထွက်သွားသည်။ အခြားသူများကလည်း သူ့လိုပင် ဦးချပြီး ပြန်ထွက်သွားကြသည်။ မိနစ်ပိုင်းအတွင်း၌ လူအုပ်ကြီး မရှိတော့။
ဟိန္ဒူအဘိုးအိုသည် စိတ်မနှံ့သော မိန်းမဆီသို့ လျှောက်လာခဲ့၏။ အရူးမသည်လည်း ထိုအဘိုးကြီးအား စိုက်ကြည့်နေသည်။ အဘိုးအိုသည် သူ့အင်္ကျီစဖြင့် ထိုအရူးမ၏မျက်နှာတွင် ပေကျံနေသည့် သွေးစသွေးနများကို ဖြည်းညင်းစွာ သုတ်ပေးသည်။ ထိုနောက် လဲကျနေသော အရူးမကို ဆွဲထူပေးကာ သူ့လက်ဖက်ရည်ဆိုင်သို့ ခေါ်လာခဲ့လေသည်။
* * *
အတန်ကြာသည့်အခါမှပင် ကိုဗာစကီးသည် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဟိန္ဒူအဘိုးကြီး ဆူရေးယားအကြောင်းကို သိလာရခြင်းဖြစ်သည်။
လွန်ခဲ့သည့် သုံးနှစ်တုန်းက ယခုလက်ဖက်ရည်ပန်းကန်များနှင့် လက်ဖက်ရည်ကရားတို့ကို ကိုင်တွယ်နေသည့် အဘိုးကြီး ဆူရေးယား၏လက်များသည် ကျောက်ဘီးကြီးတစ်ခုပေါ်တွင် ပါလာသည့် ရွှံ့လုံးများကို တဖတ်ဖတ်ဖြင့်ရိုက်၍ အိုးလုပ်ခဲ့ရသည်။ ကာလအတန်ကြာသည့်အခါတွင် အိုးထိန်းသည်၏ဘီးနှင့် သူ့လက်ချောင်းများကြားတွင် ထိုရွှံ့လုံးများသည် အိုးပုတ်ကလေးများ၊ ခွက်များ၊ အိုးများ၊ ပန်းကန်ပြားများ၊ ဆီမီးခွက်များ၊ ရေတကောင်းများကိုလုပ်သည်။ တစ်ခါတစ်ရံ မင်္ဂလာဆောင်များအတွက် ခြောက်ပေခန့် အမြင့်ရှိသည့် ရေတကောင်းကြီးများကိုပင် လုပ်တတ်သည်။ ဆူရေးယားသည် ဘီလီဂူရီမှ အိုးသည်တစ်ဦးဖြစ်သည်။
ဘီလီဂူရီမှာ ကာလကတ္တားမြောက်ဘက် မိုင်တစ်ရာ့နှစ်ဆယ်ဝေးပြီး လူဦးရေ တစ်ထောင်ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။ သူ့ဘိုးဘေးများသည်လည်း အိုးသည်များဖြစ်ကြသည်။ ပုဏ္ဏားနှင့် ငွေတိုးချေးစားသူလို အိုးသည်သည် ကျေးရွာတွင် အရေးပါသူတစ်ယောက်ဖြစ်သည်။ ဟိန္ဒူမိသားစုတိုင်းသည် နှစ်တိုင်း အခမ်းအနားတွေလုပ်တတ်ကြသည်။ အခမ်းအနားလုပ်တိုင်းလည်း အိုးတွေကို ခွဲကြရသည်။
ကလေးမျက်နှာမြင်လျှင်လည်း လူ့လောကသို့ရောက်လာသူတစ်ဦးကို ကြိုဆိုသည့်အနေဖြင့် အိုးခွဲရသည်။ အသုဘဖြစ်လျှင်လည်း နောင်တမလွန်တွင် ရေအိုးနှင့် ထမင်းထုပ် အပြည့်အစုံရှိပါစေဆိုသည့် သဘောဖြင့် ရေအိုးကို ခွဲရသည်။ မင်္ဂလာဆောင်လျှင်လည်း သတို့သမီး အိမ်ထောင်စုအနေဖြင့် သမီးငယ်တစ်ယောက် ဆုံးရှုံးပြီဆိုသည့် သဘောဖြင့် အိုးခွဲရသည်။ သတို့သားအိမ်ထောင်အနေဖြင့် အိမ်ထောင်စုသားတစ်ယောက် မွေးဖွားလာသည် ဆိုသည့် သဘောဖြင့် အိုးခွဲရသည်။ အမျိုးမျိုးသော ပွဲတော်အခါများတွင်လည်း အိုးခွဲရသေးသည်။ နတ်ဒေဝတာများက ကမ္ဘာမြေကြီးပေါ်တွင် အစစအရာရာကို အသစ်ဖြစ်စေလိုသည့် ဆန္ဒရှိသဖြင့် ထိုသို့ ရိုက်ခွဲရခြင်းဖြစ်သည်။ ခြုံ၍ပြောရလျှင် အိန္ဒိယပြည်တွင် အိုးသည်တစ်ယောက်အတွက် အလုပ်မရှိမှာကို မပူရ။
ဆူရေးယားတို့ရွာတွင် သူတို့အပြင် အခြားအိုးလုပ်သမား ၇ ဦး ခန့်လည်း ရှိသေး၏။ သူတို့အိုးဆိုင်များကို ရွာလယ်က ကွက်လပ်တွင် ဖွင့်ထားကြသည်။ သူတို့အနားတွင် ပန်းပဲဆရာ၊ လက်သမား၊ ခြင်းတောင်းရက်သူ၊ ငွေပန်းထိမ်ဆရာ၊ ရက်ကန်းသမား၊ ဖိနပ်ချုပ်သမား၊ ဆံပင်ညှပ်ဆရာ စသူတို့လည်းရှိသည်။ ဆူရေယား၏ အိုးဆိုင်တစ်ဖက်တစ်ချက်၌ ကုန်စုံဆိုင်ပိုင်ရှင်နှင့် မုန့်ဆိုင်ပိုင်ရှင်တို့ရှိသည်။ ရွာတွင် အလှူအတန်း၊ ပွဲတော် စသည်တို့ လုပ်လျှင် သူ့မုန့်ဆိုင်က သကြားထက် ပို၍ချိုသည့် အချိုမုန့်တွေ မပါလျှင် ပွဲမစည်။
ထိုနှစ် မိုးရာသီအကုန်၌ သူတို့ ဘီလီဂူရီရွာကလေးတွင် အရေးမကြီးဟု ထင်ရသည့် အဖြစ်အပျက်ကလေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ထိုစဉ်က ထိုအဖြစ်အပျက်ကလေးကို မည်သူမျှ သတိမပြုမိခဲ့ကြ။
တစ်နေ့၌ ရက်ကန်းသည်၏ သားအကြီးဖြစ်သူ အရှော့သည် ကာလကတ္တားတွင် အလုပ်သွားလုပ်နေရာမှ ရွာသို့ပြန်လာခဲ့သည်။ သူ့တွင် မိန်းမဖို့ ဝယ်လာသည့် ရဲရဲနီနေသော ပလတ်စတစ်ရေပုံးတစ်ပုံး ပါလာခဲ့သည်။ သူတို့လို ချောင်ကျသည့် ရွာကလေးတစ်ရွာတွင် ပလတ်စတစ်ပုံးကို တစ်ခါမျှ မမြင်ဖူးသေး။ ပေါ့ပါး၍ ပျော့ပျောင်းသော ပလတ်စတစ်ပုံးသည် သူတို့အတွက် အထူးအဆန်းဖြစ်နေသည်။ သူတို့တစ်သိုက်သည် ပလတ်စတစ်ပုံးကို ကိုင်ကြည့်ကြ၏။ ထိုပလတ်စတစ်ပုံး၏ အသုံးဝင်ပုံကို ပထမဆုံး သဘောပေါက်သူမှာ ကုန်စုံဆိုင်ရှင်ဖြစ်သည်။
နောင်သုံးလအကြာတွင်မူ သူ့ကုန်စုံဆိုင်တွင် အရောင်အသွေးအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးရှိသော ပလတ်စတစ်ပုံးတွေ ရောက်နေလေပြီ။ အိုးများ၊ မြေပန်းကန်များ၊ ဘူးခြောက်များသည် ချောင်ထဲသို့ ရောက်သွားကြလေပြီ။ ပလတ်စတစ်သည် ဈေးကွက်သစ်တစ်ကွက်ကို ရသွားလေပြီ။ ဤတွင် ရွာထဲရှိ အိုးသည်တို့သည် အကြီးအကျယ် ထိခိုက်ကြသည်။
ဆူရေးယား၏ အိုးဆိုင်တွင် အိုးဝယ်သူတွေ ကျဲသွားသည်။ တစ်နှစ်မပြည့်မီတွင် ဆူရေးယားနှင့်သူ့သားနှစ်ယောက်သည် စီးပွားရေး ကျပ်တည်းလာခဲ့သည်။ သားနှစ်ယောက်နှင့် သူတို့အိမ်ထောင်များမှာ ရေကြည်ရာ မြက်နုရာ မြို့ကြီးများသို့ ပြောင်းသွားကြပြီး ဆူရေးယားသည် သူ့ရွာတွင် ကုတ်ကတ်နေရန် ကြိုးစား၏။ ပလတ်စတစ်အဖျားရောဂါ မရောက်သေးသည့် သူတို့ရွာနှင့် မိုင်သုံးဆယ်အကွာရှိ ရွာကလေးတစ်ရွာတွင် အိုးထိန်းအလုပ်ကို ရသည်။ သို့ရာတွင် ပလတ်စတစ်ရောဂါပိုးသည် ပျံ့နှံ့လျက်ရှိရာ အတန်ကြာသည့်အခါ၌ကား ထိုရွာသူရွာသားတို့မှာလည်း ပလတ်စတစ်ရောဂါ ကူးစက်သွားကြလေပြီ။
ထို့နောက် ပြည်နယ်အစိုးရက ကာလကတ္တားမှ လုပ်ငန်းရှင်ကြီးတစ်ဦးအား ငွေထုတ်ချေးကာ ပလတ်စတစ်စက်ရုံ ထောင်ခွင့်ပေးလိုက်၏။ နောက်တစ်နှစ်တွင်မူ ထိုဒေသက အိုးသည်အားလုံး ချွတ်ခြုံကျသွားကြလေပြီ။
ဆူရေးယားအဖို့ ကာလကတ္တားသို့သွား၍ အလုပ်ရှာရန်မှအပ အခြားလမ်းမရှိတော့။ သူနှင့်အတူ ဇနီးသည်ကိုလည်း ခေါ်ခဲ့သည်။ သို့ရာတွင် ပန်းနာရောဂါသည် သူ့ဇနီးမှာ ကာလကတ္တားမြို့ကြီး၏ လေထုညစ်ညမ်းမှုဒဏ်ကို မခံနိုင်ရှာ။ ရောက်၍ တစ်လခန့်အကြာမှာပင် သူတို့ခေတ္တစခန်းချရာဖြစ်သည့် ကာလကတ္တားမြို့တော်ကြီး၏ တစ်ခုသောပလက်ဖောင်းပေါ်တွင် ကွယ်လွန်အနိစ္စရောက်သွားခဲ့သည်။
သူ့ဇနီးကို ဟူဂလီမြစ်ဘေးရှိ အခမဲ့သင်္ဂြိုဟ်ရသည့် သင်္ချိုင်းတွင် သင်္ဂြိုဟ်ပြီးနောက် ဆူရေးယားသည် မြစ်ဘေးတွင် ယောင်လည်လည်ဖြင့်လျှောက်နေသည်။ ဟောင်ရာတံတားကြီးမှ တစ်မိုင်ခန့်ဝေးသည့် မြစ်ကမ်းဘေးတွင် ရွှံ့များကို ခူးကာ ခြင်းတောင်းတစ်တောင်းထဲသို့ ထည့်နေသည့် လူတစ်ယောက်ကို သူလှမ်းမြင်သည်။ ဆူရေးယားသည် သူ့အနားသို့ ရောက်သွားပြီး စကားပြောကြည့်၏။ ထိုလူမှာ သုခမြို့တော်အစွန်ရှိ အိုးဆိုင်တစ်ခုတွင် အလုပ်လုပ်သူဖြစ်သည်။ သူတို့ဆိုင်မှ လက်ကိုင်မပါသည့် လက်ဖက်ရည်ပန်းကန်များကို ထုတ်လုပ်သည်ဟု သိရသည်။
နောက်တစ်ရက်တွင် ဆူရေးယားသည် အိုးဆိုင်ရှိ အိုးထိန်းဘီးနောက်တွင် ထိုင်ရင်း မြေပန်းကန်လေးတွေ လုပ်သည်ကို တွေ့ရသည်။ သူတို့ဆိုင်က သုခမြို့တော်ရှိ လက်ဖက်ရည်ဆိုင်များအားလုံးသို့ လက်ဖက်ရည်ပန်းကန်များ သွင်းသည်။
တစ်နေ့တွင်မူ လက်ဖက်ရည်ဆိုင်အလုပ်သမား အဘိုးကြီးသည် သူ့အခန်းလေးထဲတွင် ကြိုးဆွဲချ၍ သေနေသည်ကို တွေ့ရသည်။ ဆူရေးယားသည် အလုပ်ကြမ်းကောင်းကောင်း မလုပ်နိုင်တော့။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်သို့ သွားကာ သူ့ကို အလုပ်ပေးရန် တောင်းသည်။ ဆိုင်ရှင်ကလည်း သူ့ကို အလုပ်ပေးလိုက်၏။ ထိုအချိန်မှစ၍ ဆူရေးယားသည် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်လာခဲ့လေသည်။သူ့မီးဖိုမှ မီးခိုးများသည် ရပ်ကွက်ကလေးထဲတွင် အမြဲမွှန်နေသည့်တိုင် စိတ်ရင်းကောင်းသဖြင့် တစ်ရပ်ကွက်လုံးက သူ့အပေါ်တွင် ကြည်ဖြူကြသည်။
ကိုဗာစကီး ထိုရပ်ကွက်ကလေးထဲသို့ ရောက်ပြီး မကြာမီ ဆူရေးယားသည် သူ့ထံသို့ ရောက်လာလေသည်။ ဟိန္ဒူအဘိုးကြီး ဆူရေးယားသည် လက်နှစ်ဖက်ကို ရင်တွင်ယှက်ကာ သူ့တဲကလေးထဲသို့ ဝင်လာခဲ့သည်။ အဘိုးကြီး၏ ပါးစပ်မှာ သွားတွေ မရှိတော့သည့်တိုင် သူ့အပြုံးသည် နွေးသွားစေသည်။
ကိုဗာစကီးက သူ့ကို နေရာထိုင်ခင်းပေးသည်။ သူတို့နှစ်ယောက်သည် အတန်ကြာမျှ ရပ်ကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
“အနောက်တိုင်းမှာဆိုရင်တော့ တစ်ယောက်ကို တစ်ယောက် သမန်ကာ လျှံကာလောက်ပဲ လှမ်းကြည့်လိုက်ကြတာပဲ၊ ဒီအဘိုးကြီးရဲ့ မျက်လုံးတွေကတော့ သူ့ဝိညာဉ်ကို ဖွင့်ပြသွားသလိုပဲ" ဟု နောင်တွင် ကိုဗာစကီးက ပြော၏။
ဟိန္ဒူအဘိုးကြီးသည် ဆယ်မိနစ်ခန့် ရပ်နားနေပြီးနောက် ဦးခေါင်းကို ညွှတ်၍ တဲပြင်သို့ ထွက်သွားသည်။ နောက်တစ်နေ့တွင်လည်း ထို့အတူ ရောက်လာပြန်သည်။ ထို့အတူပင် စကားတစ်လုံးမျှ မပြောဘဲ ရပ်ပြီး နောက်ပြန်ထွက်သွားသည်။ တတိယနေ့တွင် ကိုဗာစကီး မအောင့်နိုင်တော့။ အဘယ့်ကြောင့် စကားမပြောဘဲ ပြန်သွားရသနည်းဟု အကျိုးအကြောင်း မေးကြည့်သည်။
“ဆရာကြီးဟာ သူတော်ကောင်းမဟုတ်လား၊ သူတော်ကောင်းတွေရှေ့မှာ စကားလုံးတွေကို ပြောဖို့ မလိုပါဘူး”
ဤသို့ဖြင့် သူတို့နှစ်ယောက်သည် မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။
အပိုင်း(၃၈)ဆက်ရန်
-------------------
0 Comments