#သုခမြို့တော်
အပိုင်း(၅)
ဟာစရီပါးက “လူမဆန်” ဟုပြောသည့် မြို့ကြီးသည် တံလျှပ်မြို့တော်ကြီးတစ်ခုဖြစ်သည်။ မျိုးဆက်တစ်ဆက်အတွင်း၌ ငတ်မွတ်နေသော လူခြောက်သန်းခန့်သည် သူတို့မိသားစုများကို ရှာဖွေကျွေးမွေးရန်အတွက် ထိုမြို့ကြီးသို့ ရောက်လာခဲ့ကြသည်။ လွန်ခဲ့သည့် ရာစုနှစ်ဝက်ခန့်လောက်က စီးပွားရေးအခြေအနေ မကောင်းခဲ့သည့်တိုင် ၁၉၆၀ ခုနှစ်များ တစ်ဝိုက်တွင်မူ ကာလကတ္တားသည် အာရှတိုက်တွင် အစည်ကားဆုံး၊ အချမ်းသာဆုံး မြို့ကြီးတစ်မြို့ဖြစ် လာခဲ့သည်။
ပင်လယ်ကူးသင်္ဘောဆိပ်ရှိသည်။ သတ္တုအရည်ကျိုရုံများရှိသည်။ ဓာတုဗေဒနှင့် ဆေးဝါးလုပ်ငန်းစက်ရုံများရှိသည်။ ဂျုံစက်များနှင့် အထည်စက်ရုံများရှိသည်။ ဂုန်လျှော်စက်ရုံများနှင့် ချည်မျှင်စက်ရုံများရှိသည်။ ထို့ကြောင့် ကာလကတ္တားသည် အိန္ဒိယပြည်တွင် ဒေလီနှင့် ဘုံဘေမြို့ ပြီးလျှင် လူတစ်ယောက်လုပ်ခ အမြင့်ဆုံးရသည့် မြို့ကြီးဖြစ်သည်။ အိန္ဒိယပြည်၏ သွင်းကုန် သုံးပုံတစ်ပုံနှင့် ပို့ကုန်တစ်ဝက်ကျော်ကျော်တို့သည် လွန်ခဲ့သော နှစ်ပေါင်း သုံးရာလောက်က ထိုမြို့ကြီးတည်ခဲ့ရာ ဟူဂလီမြစ်တစ်ကြောကို ဖြတ်သန်းသွားခဲ့ကြရသည်ချည်းဖြစ်သည်။ အိန္ဒိယပြည်၏ဘဏ်လုပ်ငန်း ၃၈ ရာနှုန်းနှင့် အခွန်တော်ငွေ သုံးပုံတစ်ပုံတို့သည် ထိုမြို့မှပင် ရခဲ့ခြင်းဖြစ်သည်။
အိန္ဒိယပြည်၏ ဂူဟာနယ်ဟု ခေါ်ကြသော ကာလကတ္တား နောက်ကျောနယ်မြေများမှ ထုတ်လုပ်သော ကျောက်မီးသွေးသည် ပြင်သစ်ပြည်တစ်ပြည်လုံးထုတ်သည့် ကျောက်မီးသွေးထက် နှစ်ဆများပြီး၊ သံမဏိသည် မြောက်ကိုးရီးယားတစ်ပြည်လုံးမှ ထုတ်လုပ်သည့် သံမဏိအထွက်နှင့် ညီသည်။ ကျယ်ပြန့်သော ကျောထောက်နောက်ခံနယ်မြေများမှ ထွက်သည့် သယံဇာတဟူသမျှတို့သည် ကာလကတ္တားစက်ရုံကြီးများနှင့် ဂိုဒေါင်များထဲသို့ ရောက်လာကြသည်။ ကြေးနီ၊ မဂ္ဂနီစီယမ်၊ ကရိုမီယန်၊ အက်စဘက်စတော့၊ ဘောဇိုက်၊ ဂရဖိုက် စသည်တို့အပြင် ဟိမဝန္တာမှ အဖိုးတန်သစ်များ၊ အာသံပြည်နယ်နှင့် ဒါဂျီလင်မှ လက်ဖက်ခြောက်နှင့် ကမ္ဘာ့ဂုန်လျှော်အထွက်၏ ငါးဆယ်ရာခိုင်နှုန်းတို့သည် ကာလကတ္တား နောက်ကျောနယ်မြေများမှ ရောက်လာခဲ့ကြသည်။
ထိုမျှမက နောက်ကျောနယ်မြေများမှ စားကုန်သောက်ကုန်တို့သည်လည်း ကာလကတ္တားဈေးကြီး၊ ဈေးငယ်များသို့ နေ့စဉ်နှင့်အမျှ စီးဝင်လာနေကြသည်။ ဘင်္ဂလားမှ ဂျုံစပါးနှင့်သကြား၊ ဘီဟာနယ်မှ ဟင်းသီးဟင်းရွက်များ၊ အိန္ဒိယပြည်နယ်မှ သစ်သီးများ၊ ဘင်္ဂလားဒက်ရှ်မှ ကြက်နှင့် ကြက်ဥများ၊ အန္တရာနယ်မှ အသားများ၊ ဩရိယနယ်မှ ငါးများ၊ ဆန္ဒာပန်နယ်မှ ခရုများနှင့် ပျားရည်များ၊ ပတ္တနားနယ်မှ ဆေးရွက်ကြီးနှင့် ကွမ်းများ၊ နီပေါမှ ဒိန်ခဲများ စသည်တို့သည် နေ့စဉ်နှင့်အမျှ ရောက်နေကြသည်။ လူမျိုးစုံသလောက် ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် အချက်အချာအဖြစ်ဆုံးသော အာရှတိုက်၏ မြို့ကြီးတစ်မြို့ဖြစ်သည့် ကာလကတ္တားသို့ အမျိုးမျိုးသောပစ္စည်းတို့ ရောက်ရှိလာကြသည်။
ကာလကတ္တားဈေးများထဲတွင် အထည်စ, အမျိုးပေါင်း နှစ်ရာ့ငါးဆယ်ကျော်ခန့်ကို တွေ့နိုင်သည်။ ဆာရီအရောင်ပေါင်း ငါးထောင်ကျော်ခန့်ကို ရွေးနိုင်သည်။ ကူးသန်းရောင်းဝယ်ရေးမြို့တော်ကြီးသို့ လာခဲ့ရာတွင် ထိုကုန်ပစ္စည်းများသည် အလွန်ဆင်းရဲမွဲတေသော နယ်မြေများကို ဖြတ်သန်းခဲ့ရသည်။ ထိုမြေများတွင် ဟာစရီပါးကဲ့သို့သော လယ်သမားများသည် မြေညံ့ကလေးတစ်ကွက်ကို ထွန်ယက်စိုက်ပျိုး၍ စားနေကြရသည်။ ရာသီဥတု ဖောက်ပြန်၍ ကပ်ဆိုက်လျှင် ထိုသူတို့သည်လည်း ကုန်စည်များကဲ့သို့ပင် ကာလကတ္တားသို့ တဖွဲဖွဲရောက်လာကြတော့မည်။
ကာလကတ္တားမြို့တော်ကြီးသည် ကမ္ဘာတွင် သယံဇာတအပေါများဆုံး နေရာတစ်နေရာဖြစ်ပြီး ကမ္ဘာတွင် ကံအဆိုးဆုံးနေရာတစ်နေရာဖြစ်သော ဒေသတွင် တည်ရှိသည့် မြို့တော်ကြီးဖြစ်သည်။ ထိုနေရာသည် တချို့နှစ်များတွင် လေတစ်ချက်မျှမလာ၊ မိုးတစ်စက်မျှ မရွာသော နေရာဖြစ်ပြီး တချို့ နှစ်များတွင် ကြောက်ဖွယ်လေမုန်တိုင်းကြီးများ တိုက်ကာ ကြောက်ဖွယ်ရေကြီးမှုကြီးများ ပေါ်ပေါက်ရာဖြစ်သည်။ ထိုနေရာသည် ဆိုင်ကလုန်းမုန်တိုင်းကြီးများ ဝင်မွှေရာ၊ ကမ္ဘာပျက် ငလျင်ကြီးများ လှုပ်ရာ၊ နိုင်ငံရေးဒုက္ခသည်များ စုဝေးရာနှင့် ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားရာဖြစ်သည်။ ထိုနေရာက ရာသီဥတုမျိုး၊ ထိုနေရာက သမိုင်းမျိုး မည်သည့်တိုင်းပြည်တွင်မျှ ရှိမည်မထင်။
၁၉၃၇-ခု၊ ဇန်နဝါရီလ ၁၅ ရက်နေ့က လှုပ်ခဲ့သည့် ဘီဟာနယ်မြေ ငလျင်ကြီးကြောင့် လူထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ပြီး ရွာကြီးတွေ ကာလကတ္တားမြို့များသို့ ရွှေ့သွားခဲ့ကြသည်။ နောက်ခြောက်နှစ်အကြာတွင် ဘင်္ဂလားပြည်နယ် တစ်ခုတည်းတွင်ပင် ငတ်မွတ်၍ လူသုံးသန်းခွဲ သေဆုံးခဲ့ရပြီး သန်းပေါင်းများစွာတို့ ဒုက္ခသည်အဖြစ်သို့ ရောက်ခဲ့ကြရသည်။ ၁၉၄၇ ခုနှစ်က အိန္ဒိယ ပါကစ္စတန် နယ်ခွဲ လိုက်သဖြင့် ဘီဟာနှင့် အရှေ့ပါကစ္စတန်တို့မှ ဒုက္ခသည်ပေါင်းလေးသန်းတို့သည် ကာလကတ္တားမြို့ထဲသို့ ရောက်လာခဲ့ကြသည်။ ၁၉၆၂ ခုနှစ်တွင် တရုတ်နှင့် နယ်စပ်စစ်ပွဲဖြစ်ခြင်း၊ ပါကစ္စတန်နှင့် စစ်ဖြစ်ခြင်းတို့ကြောင့် နောက်ထပ် လူထောင်ပေါင်းများစွာ ရောက်လာခဲ့ကြ ပြန်သည်။ ၁၉၆၅ ခုနှစ်တွင် မီဂါတန် သုံးတန်ရှိ ဟိုက်ဒရိုဂျင်ဗုံး ဆယ်လုံးစာနှင့် အားချင်းညီမျှ၍ နယူးယောက်မြို့ကြီးကို ပြားချပ်သွားစေနိုင်သော ဆိုင်ကလုန်းမုန်တိုင်းကြီးအပြင် ဘီယာနယ်တွင် မိုးကြီးခေါင်ကာ ကာလကတ္တားသို့ လူတွေ အုပ်လိုက်ချီ၍ ပြောင်းလာခဲ့ကြပြန်သည်။
ယခုနှစ်တွင်လည်း မိုးကြီးခေါင်သဖြင့် ဟာစရီပါးတို့လို ဒုက္ခသည်အမြောက်အမြားသည် ကာလကတ္တားသို့ ရောက်လာကြပြန်လေပြီ။ ထိုသို့ ဒီလှိုင်းကြီးတွေ တက်လာသလို ဒုက္ခသည်လူအုပ်ကြီးတွေ တစ်အုပ်ပြီးတစ်အုပ် အဆက်မပြတ် ရောက်လာခဲ့သဖြင့် ကာလကတ္တားသည် ကြီးမားသော လူ့အနွယ်အစုအဝေးကြီးတစ်ခုအဖြစ်သို့ ရောက်လာခဲ့သည်။ နှစ်အနည်းငယ်အတွင်းတွင် ကာလကတ္တားသည် သူ့လူဦးရေဆယ်သန်းကို လူတစ်
ယောက်လျှင် ပျမ်းမျှ ဆယ့်နှစ်ပေစတုရန်းသာ နေရာပေးနိုင်တော့သည်။ ထိုအထဲတွင် ဆင်းရဲသားအောက်တန်းလွှာ လေး ငါးသန်းကို ဆင်းရဲသားရပ်ကွက်ကလေးများထဲတွင် ပြွတ်သိပ်ထိုးထည့်ကာ တစ်ယောက်ကို စတုရန်းသုံးပေ
လောက်ပင် မပေးနိုင်တော့။
ဤသို့ဖြင့် ကာလကတ္တားသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြို့ပြဘေးအန္တရာယ်ဆိုးကြီးတစ်ရပ်ဖြစ်လာခဲ့သည်။ အပျက်အစီး မြို့ကြီးဖြစ်လာခဲ့သည်။ ထောင်ပေါင်းများစွာသော အိမ်များနှင့် အထပ်ဆယ်ထပ်မက မြင့်သော အဆောက်အအုံသစ်ကြီးများသည် အချိန်မရွေး ပြိုလဲပျက်စီးတော့မည့်ဟန် ခြိမ်းခြောက်နေကြသည်။ တိုက်မျက်နှာစာများ ပြိုကျပျက်စီးနေကြသည်။ အမိုးများက ယိုင်ရွဲနေကြသည်။ နံရံများတွင် သစ်ပင်တွေ ပေါက်နေကြသည်။
အချို့ ရပ်ကွက်များမှာ လောလောလတ်လတ် ဗုံးကြဲခံထားရသည့်နှယ် ပြားချပ်နေကြသည်။ နံရံများပေါ်တွင် ရုပ်ရှင်ကြော်ငြာတွေ၊ စီးပွားရေးကြော်ငြာတွေ၊ နိုင်ငံရေး ပိုစတာတွေ ဖွေးဖွေးလှုပ်ကာ အဆောက်အအုံတို့ကို ပြင်၍ မရအောင် အဟန့်အတားဖြစ်နေသည်။
လုံလောက်သည့် အမှိုက်သိမ်းစနစ် မရှိသည့်အတွက် တစ်နေ့တစ်နေ့လျှင် လမ်းမများပေါ်တွင် အမှိုက်သရိုက် တန်ပေါင်း တစ်ထောင့်ရှစ်ရာမျှ စုပုံနေကြသည်။ ထိုအမှိုက်သရိုက်များသည် ယင်များ၊ ခြင်များ၊ ပိုးဟပ်များ၊ ကြွက်များနှင့် အခြားသော ပိုးမွှားတိရစ္ဆာန်များကို ဖိတ်ခေါ်နေသကဲ့သို့ရှိသည်။ နွေရာသီဆိုလျှင် ထိုအမှိုက်သရိုက်များကြောင့် ကူးစက်ရောဂါတွေ ဖြစ်ကြသည်။ မကြာသေးမီအထိ ကာလဝမ်းရောဂါ၊ အသည်းရောင်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ ခွေးရူးကိုက်ရောဂါတို့ကြောင့် လူတွေ တသောသော သေနေကြဆဲဖြစ်သည်။
ကာလကတ္တားမြို့ကြီးသည် အခိုးအငွေ့၊ မကောင်းသည့် အနံ့အသက်၊ အညစ်အကြေးတို့ဖြင့် နံစော်ပုပ်ဟောင်နေသည့် အမှိုက်ပုံကြီးဖြစ်ကြောင်း၊ လမ်းအိုလမ်းပျက်၊ မိလ္လာပိုက် အပေါက်အပြဲ၊ ရေပိုက်အကျိုးအပဲ့၊ တယ်လီဖုန်း ကြိုးအပြတ်အစုတ်တို့ဖြင့်ပြီးသည့် ပျက်စီးနေသော နေရာကြီးဖြစ်ကြောင်းဖြင့် သတင်းစာများက ရေးကြသည်။ အတိုချုပ်ပြောရလျှင် ကာလကတ္တားသည် “သေနေသောမြို့ကြီး” သာဖြစ်သည်။
သို့တိုင်အောင် ထောင်ပေါင်းများစွာသော သန်းပေါင်းများစွာသော လူများသည် ပန်းခြံများ၊ လမ်းမကြီးများ၊ လမ်းများ၊ လမ်းသွယ်များထဲတွင် နေ့ရော ညပါ သွားလာလှုပ်ရှားနေကြသည်။ ပလက်ဖောင်းများပေါ်တွင် ဈေးသည်များ၊ အထမ်းသည်များ၊ အိုးမဲ့အိမ်မဲ့များ၊ အမှိုက်ပုံများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆိုင်ကြီးများ၊ နတ်ကွန်းများ၊ ဘုရားကျောင်းငယ်များက နေရာယူထားကြသည်။ ထိုအရာများကြောင့် လမ်းမများပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်မှု၊ အမြင့်ဆုံး
သို့ ရောက်သည့် ယာဉ်တိုက်မှုများ၊ လမ်းပိတ်ဆို့မှုများဖြစ်နေသည်။ ထိုမျှမက အများသုံးရေအိမ်တို့ မရှိသဖြင့် ရာပေါင်း ထောင်ပေါင်းများစွာသော မြို့သူမြို့သားတို့သည် လမ်းမပေါ်မှာပင် အညစ်အကြေး စွန့်နေကြရသည်။
ထိုနှစ်များအတွင်းက ကာလကတ္တားမြို့၏ မိသားစုဆယ်စုအနက် ခုနစ်စုတို့သည် တစ်နေ့လျှင် ငွေတစ်ကျပ် နှစ်ကျပ်မျှဖြင့် အသက်ရှင်နေကြရသည်။ ထိုငွေသည် ဆန်တစ်ပေါင်ဖိုးပင်မရှိ။ ကာလကတ္တားသည် ဟာစရီပါး ပြောသလို “လူမဆန်သော မြို့ကြီး” ဖြစ်သည်။ မျက်စိရှေ့တွင် လမ်းမ၌ လူတစ်ယောက် ဘုံးဘုံးလဲကျ သေသွားသည်ကိုပင် ကိုယ်နှင့် မဆိုင်သလို အသွားအလာမပျက်ဖြစ်နေသော လူများကို ဟာစရီပါး မြင်ခဲ့ရပြီမဟုတ်လော။ ကာလကတ္တားသည် ပရမ်းပတာဖြစ်မှုနှင့် အကြမ်းပတမ်းဖြစ်မှုတို့ကို သိုလှောင်ထားသည့် ယမ်းအိုးကြီးတစ်အိုးလည်းဖြစ်သည်။
ငတ်မွတ်ခြင်း၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားရသည့်အထဲတွင် ကမ္ဘာ့အဆိုးရွားဆုံးရာသီဥတု ကြီးစိုးရာ မြို့ကြီးလည်းဖြစ်သည်။ တစ်နှစ်လျှင် ရှစ်လလုံးလုံး ပူလောင်အိုက်စပ်လျက်ရှိပြီး လမ်းမပေါ်မှ ကတ္တရာစေးတွေ အရည်ပျော်ကျကာ ဟောင်ရာတံတားမှ သံပေါင်ကြီးများသည် နေ့အချိန်ဆိုလျှင် ညအချိန်ထက် လေးပေခန့် ကားထွက်လာတတ်သည်။ မျက်လုံးမှ ကြောက်မက်ဖွယ်အရောင်တို့ ပြိုးပြက်ပြီး လည်ပင်းတွင် မြွေများဖြင့် ခေါင်းခွံကို လည်ဆွဲလုပ်၍ဆွဲထားသည့် ကာလီနတ်သမီးသည် သေခြင်းနှင့်အကြောက်တရားတို့ကို ကိုယ်စားပြုထားသည့် နတ်ရုပ်ဖြစ်၏။ ကာလကတ္တားမြို့တော်ကြီးသည် နေရာများစွာတွင် ထိုနတ်သမီးနှင့် သဏ္ဌာန်တူနေသည်။
နံရံပေါ်မှ ကြွေးကြော်သံများသည်ပင်လျှင် ထိုမြို့ကြီး၏ ယိုယွင်းပျက်စီးနေသော အခြေအနေကို ဖော်ပြနေသကဲ့သို့ရှိကြသည်။ ကြွေးကြော်သံ ပိုစတာတစ်ခုပေါ်တွင် အောက်ပါအတိုင်း ရေးထားသည်ကို တွေ့နိုင်သည်။
“ဒီမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး၊ ငါတို့မှာ ဒေါသပဲ ကျန်တော့တယ်”
* * *
မြို့သူမြို့သားများက သူတို့နေထိုင်ရာ ကာလကတ္တားမြို့ကြီးသည် လူမဆန်သည့်မြို့ကြီးဟု ပြောကြ၏။ သို့ရာတွင် ကာလကတ္တားမြို့ကြီးတွင် ကြီးကျယ်ခမ်းနားသော အတိတ်သမိုင်းရှိသည်။ ၁၆၉၀-ခုနှစ်တွင် ဗြိတိသျှကုန်သည် တစ်စုက တည်ထောင်ခဲ့ချိန်မှစ၍ ၁၉၄၇-ခု၊ သြဂုတ်လ ၁၅-ရက်နေ့၊ နောက်ဆုံး ဗြိတိသျှဘုရင်ခံ ထွက်ခွာသွားချိန်အထိ ကာလကတ္တားမြို့ကြီးသည် လူဖြူတို့၏ ကမ္ဘာကြီးစိုးရေးအိပ်မက်ကို အကောင်အထည်ဖော်ရာတွင် အချက်အချာအကျဆုံးသော မြို့ကြီးဖြစ်သည်။
ကာလကတ္တားမြို့ကြီးသည် နှစ်ပေါင်း နှစ်ရာ့ငါးဆယ်နီးပါးမျှ ဗြိတိသျှအိန္ဒိယအင်ပါယာ၏ မြို့တော်ကြီးဖြစ်ခဲ့သည်။ ၁၉၁၅-ခုနှစ်အထိ အဆက်ဆက်သော အိန္ဒိယဘုရင်ခံချုပ်များသည် ယနေ့ အမေရိကန်ပြည်ထောင်စုထက် လူဦးရေများသော တိုင်းပြည်ကြီးကို ထိုနေရာမှနေ၍ အုပ်စိုးလွှမ်းမိုးခဲ့ကြသည်။ စစ်ရေးပြနေသော တပ်ပေါင်းများစွာ၊ ဝေါစီး၍သွားလာနေကြသော အထက်တန်းစား ဂုဏ်သရေရှိ အမျိုးများစွာတို့သည် ကာလကတ္တားမြို့ကြီးပေါ်မှ လမ်းမများပေါ်တွင် ဖြတ်သန်းသွားခဲ့ကြသည်။
မုတ်သုံရာသီ၏ဒဏ်ကို နှစ်ပေါင်းများစွာ ခံခဲ့ကြရသည့်တိုင် ကာလကတ္တားမြို့ရှိ အများပြည်သူဆိုင်ရာ အဆောက်အအုံကြီးများ၊ အထိမ်းအမှတ်ကျောက်ရုပ်ကြီးများ၊ အရောင်းအဝယ် လုပ်ငန်းဌာနကြီးများ၊ ကျောက်ဖြူသား ဝရန်တာများနှင့် ကျောက်ဖြူသား တိုင်လုံးကြီးများဖြင့် ရှိနေကြသော လှပသောစံအိမ်ကြီးများသည် အတိတ်က ကြီးကျယ်ခမ်းနားသော အမွေအနှစ်ကိုဆက်လက်ခံယူနေကြဆဲ ရှိသေးသည်။
မြို့လယ် ရိပ်သာလမ်းမကြီးပေါ်တွင် ဗြိတိသျှအင်ပိုင်ယာကြီး၏ဘုရင်ဧကရာဇ်ဖြစ်သော ဂျော့ဘုရင်နှင့် မေရီမိဖုရားကြီးတို့သည် ၁၉၁၁-ခုနှစ်က ရွှေပိန်းချ ရထားကြီးဖြင့် ဒေသစာရီ လှည့်လည်လာခဲ့ဖူးသည်။ ထိုစဉ်က စကော့တောင်ပေါ်သား အဝတ်အစားများကို ဝတ်ဆင်ထားသည့် တောင်ပေါ်သားတပ်ဖွဲ့များက ဘုရင်နှင့်မိဖုရားကို စစ်သဘင် ခင်းကျင်းပြသခဲ့ကြဖူးသည်။ ထိုရိပ်သာလမ်းမကြီးထိပ်တွင် ဧကသုံးဆယ်ကျယ်သည့် ပန်းခြံကြီးရှိပြီး ထိုပန်းခြံကြီးအလယ်တွင် အခန်းပေါင်း ၁၃၇-ခန်းရှိသော ရတ်ရှ်ဘာဝမ် စံအိမ်ကြီးကို မြင်ရသည်။
ထိုစံအိမ်ကြီးသည် အင်္ဂလန်တွင် အလှဆုံး ကျေးလက်စံအိမ်တစ်လုံးဖြစ်သည့် ကက်လက်စတန်ဟောစံအိမ်ကြီးအတိုင်း ဆောက်ထားခြင်းဖြစ်ပြီး ထိုစံအိမ်ကြီးထဲတွင် အဆက်ဆက်သော အိန္ဒိယဘုရင်ခံချုပ်များ နေထိုင်ခဲ့ကြသည်။ ဘုရင်ခံချုပ်တစ်ဦးဖြစ်ခဲ့သည့် လော့ဒ်ဝယ်လက်စလေသည် ထိုစံအိမ်ကြီးမှ ကျောက်ဖြူသားဧည့်ခန်းဆောင်ကြီးထဲတွင် ဆီဇာဘုရင်ကြီး၏ရုပ်တု တစ်ဆယ့်နှစ်ခုဖြင့် တန်ဆာဆင်ခဲ့သည်။
လွတ်လပ်ရေးမရခင်က ထိုရတ်ရှ်ဘာဝမ် စံအိမ်ကြီးသည် စိတ်ကူးဖြင့်ပင် လိုက်၍မမီလောက်အောင် ကြီးကျယ်ခမ်းနားသည့် ဧည့်ခံပွဲကြီးများ၊ ပွဲတော်ကြီးများ ကျင်းပရာ နေရာဖြစ်ခဲ့သည်။ ထိုပွဲတော်နေ့များ၌ အမြင့်မြတ်ဆုံးသော ဧကရီဘုရင်မကြီး “ဝိတိုရိယဘုရင်မ” ၏ ကိုယ်စားလှယ်တော်ဖြစ်သော အိန္ဒိယဘုရင်ခံချုပ်သည် ဘေးတစ်ဖက်တစ်ချက်တွင် စစ်ဝတ်စုံအပြည့်အစုံ ဝတ်ဆင်ထားသော ကိုယ်ရံတော် ဗိုလ်အပေါင်းခြံရံလျက် ရွှေပိန်းချကတ္တီပါနီအုပ် ရာဇပလ္လင်ထက်တွင် နေရာယူစဉ် ခေါင်းပေါင်းပေါင်းထားသည့် အိန္ဒိယအမျိုးသား အစေတော် နှစ်ယောက်တို့က ဘုရင်ခံချုပ် ရွှင်လန်းချမ်းမြေ့စေရန်အလို့ငှာ အနီရောင်ပိုးစဖြင့် ချုပ်လုပ်ထားသည့် လေယပ်ကြီးကို အသာအယာဆွဲကြရသည်။ ငွေအခွေးစွပ် လှံများကို ကိုင်ထားသည့် တပ်သားများက ကိုယ်ရံတော်တပ်ဖွဲ့အဖြစ် စောင့်ကြပ်ကြရသည်။
တည်ဆောက်ဆဲ အဆောက်အအုံများနှင့် ခေတ်သစ် ဆင်းရဲသားရပ်ကွက်များအလယ်ကောင်တွင် သရဖူထဲမှ စိန်ကြီးတစ်လုံးနှယ်ဖြစ်ခဲ့သော ဤကာလကတ္တားမြို့ကြီး၏အတိတ် ကြီးကျယ်ခမ်းနားမှုကို သက်သေထူနေသည့် အလားတူ ကြီးကျယ်သောအဆောက်အအုံများလည်း ရှိသေးသည်။
အားကစားကွင်းကြီးကို ဥပမာအဖြစ် ကြည့်နိုင်သည်။ ထိုကွင်းကြီးထဲ၌ ဗြိတိသျှအင်ပိုင်ယာကြီး၏ နန်းရင်းဝန်ကြီးဖြစ်ခဲ့သော ရောဘတ်ဝါပိုး၏မြေးဖြစ်သူ ခေါင်းဆောင်သည့် အသင်းသည် အီတန်ကျောင်းသားဟောင်းများအသင်းကို ကရစ်ကက်ကစားပွဲတွင် ၁၈၀၄-ခုနှစ်က အနိုင်ရခဲ့သည်။ ထိုကရစ်ကက်ဘောလုံးပွဲသည် အရှေ့တိုင်းတွင် ပထမဆုံးကစားသော ကရစ်ကက်ဘောလုံးပွဲဖြစ်သည်။ ထို့ပြင် ဟူဂလီမြစ်ဘေးတွင် ဧကရှစ်ရာခန့် ကျယ်ဝန်း၍ အခိုင်အလုံတည်ဆောက်ထားသော နယ်မြေကြီးတစ်ခုရှိသေးသည်။ ထိုနယ်မြေထဲတွင် ကမ္ဘာ၌ လူတို့တည်ဆောက်နိုင်သော အကြီးဆုံးသော ခံတပ်ကြီးတစ်ခုရှိသည်။ ကာလကတ္တားတွင် ပထမဆုံးလာရောက်ဖွင့်လှစ်သော ဗြိတိသျှကုန်သည်တို့၏ ကုန်ရုံသုံးရုံကို အကာအကွယ်ပေးရန် တည်ဆောက်ထားသော ရဲတိုက်ကြီးတစ်တိုက်သည် ဤတပ်ထဲတွင်ရှိ၏။ ထိုကုန်ရုံသုံးရုံအနက် တစ်ရုံမှာ ကာလီနတ်သမီးကို ကိုးကွယ်သောအားဖြင့် တည်ထားသည့် ကာလီကတ္တား ဟူသော ရွာတစ်ရွာအနီးတွင် ဆောက်လုပ်ထားခြင်းဖြစ်သဖြင့် ထိုကုန်ရုံကြီးကို ကာလီကတ္တားဟုခေါ်ကြသည်။ ကာလကတ္တားမြို့ဆိုသော အမည်သည် ထိုမှ ဆင်းသက်အမည်တွင်လာခဲ့ခြင်းဖြစ်သည်။ ထို ဖို့ဝီလျှံ ရဲတိုက်ကြီးသည် ကာလကတ္တားမြို့ကြီးနှင့်တကွ အာရှတိုက်တွင် ဗြိတိသျှအင်ပိုင်ယာကြီးကို ကြီးပြင်းလာအောင် မွေးမြူပေးလိုက်သော ပုခက်တစ်လုံးဟုလည်း ဆိုနိုင်သည်။
သို့ရာတွင် အတိတ်၏ကြီးကျယ်ခမ်းနားမှုကို ဖော်ပြသည့်အရာများထဲတွင် အထင်ရှားဆုံးမှာ မိုင်ဒါကွင်းအစွန်တွင် ထီးထီးကြီးရပ်နေသည့် ကျောက်ဖြူပြတိုက်ကြီးဖြစ်သည်။ မိမိသည် လူဖြူအားလုံး၏ကိုယ်စား ကမ္ဘာတစ်ဝန်းလုံးရှိလူသားများအား စောင့်ရှောက်ကယ်တင်ရန် မဟာတာဝန်ကြီးကို ထမ်းရွက်ရသည်ဟု ယုံကြည်တော်မူသော ဝိတိုရိယဘုရင်မကြီး၏ ခြောက်ဆယ့်သုံးနှစ်မြောက် နန်းစံသက်ကို ရည်စူးကာ အိန္ဒိယပြည်၏စုဆောင်းငွေဖြင့် တည်ဆောက်ခဲ့သော ဝိတိုရိယဘုရင်မကြီး၏ပြတိုက်ရှိသည်။
ထိုခေတ်သစ် မြို့ပြအဆောက်အအုံများကြားတွင် ကိုလိုနီအုပ်စိုးမှုနှင့်ပတ်သက်၍ အပြည့်စုံဆုံး အဖိုးထိုက်ဆုံးသော ပစ္စည်းများကို ပြသထားသည်။ ထိုပြတိုက်ကြီးထဲတွင် ဒွိဟဖြစ်နေကြသော နောင်လာနောက်သားတို့အတွက် အထိမ်းအမှတ်ပစ္စည်းများကို ကောင်းစွာ သိမ်းဆည်း၍ထားသည်။ ဘုရင်မကြီး၏ ဘုန်းကျက်သရေ ထွန်းတောက်မှုအဆင့်တိုင်းတွင် ရိုက်ကူးထားသည့် ဘုရင်မကြီး၏ရုပ်တုများ၊ အဆက်ဆက်အုပ်စိုးခဲ့ကြသော ဘုရင်မကြီး၏ ကိုယ်စားလှယ်တော် ဘုရင်ခံချုပ်မင်းများ၏ရုပ်တုများ၊ ကဗျာဆရာကြီး ကစ်ပလင်း၏ရုပ်ပုံ၊ အိန္ဒိယပြည်အား ဗြိတိသျှအင်ပိုင်ယာထဲသို့ သွတ်သွင်းခဲ့စဉ် စစ်ပွဲများ၌ ဗြိတိသျှဗိုလ်ချုပ်များ ကိုင်ဆောင်ခဲ့သော ရွှေချကျောက်စီ လက်ကိုင်ရိုးတပ် ဓားရှည်ကြီးများ၊ ထိုတိုက်ပွဲများအကြောင်းကို ရေးမှတ်ထားသည့် စာရွက်စာတမ်းများ၊ ရေခြားမြေခြားတွင်ရှိသော မိမိ၏လက်အောက်ခံ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့အား ချစ်ခင်မြတ်နိုးတော်မူကြောင်း ဖော်ပြသည့် ဧကရီဘုရင်မကြီး၏ မှာတမ်းသဝဏ်လွှာများလည်း ရှိသည်။
ကာလကတ္တားသည် အပူရှိန်ပြင်းသည်။ မြွေကင်းပေါသည်။ ရောဂါထူပြောသည်။ ခွေးအ, ဝင်တတ်သည်။ တစ်ခါတစ်ရံတွင် ချောင်ရင်ဂီ လမ်းမကြီးပေါ်အထိ ကျားများဝင်ရောက်တတ်သေးသည်။ သို့တိုင်အောင် ကာလကတ္တားသည် သူ့ကို တည်ဆောက်ပေးလိုက်သည့် အရှင်သခင် အင်္ဂလိပ်တို့အား အလွန်ဇိမ်ရှိ၍ အလွန်ချမ်းသာသော အနေအထိုင်မျိုးကို ပေးနိုင်ခဲ့သည်။ နှစ်ပေါင်းနှစ်ရာ့ငါးဆယ်အတွင်း၌ အဆက်ဆက်သော အင်္ဂလိပ်မင်းများသည် မနက်လင်းသည်နှင့် မြင်းတပ်သည့် ဘာဂီများဖြင့်လည်းကောင်း၊ အမိုးဖွင့်ကားများဖြင့်လည်းကောင်း၊ မိုင်ဒါကွင်းထဲရှိ ညောင်ပင်ရိပ်များ၊ သော်ကချုံရိပ်များ၊ အုန်းတောများကြားထဲတွင် မနက်ခင်း လေညင်းခံထွက်ကြသည်။ နှစ်တိုင်း နာတာလူးပွဲတော်မတိုင်မီတွင် ပြိုးပြိုးပြက်ပြက်တောက်ပသော ပိုလိုရိုက်ပွဲများ၊ မြင်းပွဲများ၊ ဧည့်ခံပွဲများကို တခြိမ့်ခြိမ့် ကျင်းပကြသည်။
အာရှတိုက်ရှိ အထက်တန်းလွှာ ပုဂ္ဂိုလ်မှန်သမျှတို့သည် ကာလကတ္တားသို့ လာရောက်စုဝေးကြသည်။ ကာလကတ္တားမြို့ကြီး ကောင်းစားစဉ်ကမူ ကာလကတ္တားရှိ အထက်တန်းလွှာ ဂုဏ်သရေရှိအမျိုးသမီးအပေါင်းတို့၏ အဓိက မဟာလုပ်ငန်းသည် မဒရပ်နှင့် ဗာရာဏသီမှ ရက်လုပ်သည့် ပိုးဖဲကတ္တီပါစတို့ကို လန်ဒန်နှင့် ပါရီရှိ အကောင်းဆုံးအပ်ချုပ်ဆိုင်များသို့ ပေးပို့ကာ သတို့သမီးဝတ်စုံချုပ်ပြီး စမ်းသပ်ဝတ်ဆင်ကြည့်ကြသည့် လုပ်ငန်းဖြစ်သည်။ အဆိုပါ အခွင့်ထူးခံ အမျိုးသမီးတို့ နှစ်ပေါင်းငါးဆယ်လုံးလုံး ဆုံတွေ့ရာဌာနသည် ပါရီမှလာရောက်ဖွင့်လှစ်သည့် မက်ဆားမာဗေးနှင့် မက်ဆားဆီရက်ဆိုသော ဆံပင်အလှပြင်ဆိုင် နှစ်ဆိုင်ဖြစ်သည်။ ထိုသို့ အပျော်အပါး၊ အမော်အကြွားတို့ များပြားလှသဖြင့် ကာလကတ္တားသည် အရှေ့တိုင်း၏ပါရီဟု ထိုခေတ်က နာမည်တွင်ခဲ့ဖူးသည်။
ဧည့်ခံပွဲများ ကျင်းပတိုင်း ဟူဂလီမြစ်ရိုးတစ်လျှောက်သို့ လေညင်းခံမထွက်သော ဧည့်ခံပွဲဟူ၍ မရှိ။ ခေါင်းပေါင်း အစိမ်း၊ အနီ၊ အဖြူရောင်ဝတ်စုံတွင် ရွှေခါးစည်းကြိုးစည်းထားသည့် လှေတော်သား လေးငါးဆယ်ခန့် လှော်သည့်ဇိမ်ခံလှေကြီးများပေါ်တွင် ဧည့်သည်များကို တင်ကာ လေညင်းခံထွက်တတ်ကြသည်။ တစ်ခါတစ်ရံတွင်လည်း ဧဒင်ဥယျာဉ်ဟု ခေါ်ထိုက်သည့် မြစ်ကမ်းဘေးမှာ လေညင်းခံရင်း လမ်းလျှောက်ထွက်တတ်ကြသည်။ အရှေ့တိုင်းဗိသုကာကို ဝါသနာပါသည့် ဘုရင်ခံချုပ်တစ်ဦးက မြန်မာပြည်မှ တစ်ရစ်ပြီးတစ်ရစ် မှာယူတင်သွင်း၍ တည်ထားသော စေတီတော်တစ်ဆူလည်းရှိသည်။ ညနေဆိုလျှင် မြို့စောင့်တပ်ရင်း ဘင်ခရာတီးဝိုင်းမှ ကြည်နူးဖွယ် တေးသံစုံဖြင့် ဖျော်ဖြေသည်။
ညပိုင်းသို့ရောက်လျှင် “အိန္ဒိယလူမျိုးနှင့် ခွေးများမ၀င်ရ” ဟု ဆိုင်းဘုတ် တပ်ထားသည့် မြို့တော်ရှိ ကလပ်အသီးသီးတို့တွင် ပိုကာဝိုင်း၊ ဖဲဗေဒင်ဝိုင်းတို့ အမြဲရှိတတ်သည်။ ထို့ထက် ညဉ့်နက်လျှင်လည်း ချောင်ရင်ဂီလမ်းရှိ အိမ်များမှ ကပွဲခန်းဆောင်များတွင်ဖြစ်စေ၊ လန်ဒန်ပျော်ပွဲစားရုံ၏ ကျွန်းသားကြမ်းခင်းများပေါ်တွင်ဖြစ်စေ နှစ်ယောက်တွဲ ကပွဲများ အမြဲရှိတတ်သည်။
ဇာတ်သဘင်အနုပညာကို ဝါသနာပါသူတို့အတွက်လည်း ရွေးစရာတွေ တစ်ပုံတစ်ပင်၊ ကာလကတ္တားသည် အာရှတိုက်၏ အနုပညာနှင့်အသိပညာဆိုင်ရာ မြို့တော်ကြီးမဟုတ်လော။ ပြဇာတ်ရုံသစ်ကြီးတွင် ညနေတိုင်း ရှိတ်စပီးယား၏ပြဇာတ်တွေ ကနေတတ်သည်။ အခြားဇာတ်ရုံများတွင်လည်း လန်ဒန်တွင် နောက်ဆုံးပြနေသည့် ရုပ်ရှင်တွေ ပြနေတတ်သည်။ တစ်ခါတုန်းကဆိုလျှင် မစ္စက်ဗရစ်ကိုးဆိုသည့် ဂုဏ်သရေရှိအမျိုးသမီးကြီးတစ်ဦးက သူ့ဧည့်ခန်းကို အော်ပရာဇာတ်ရုံအဖြစ် ပြောင်းလဲပစ်လိုက်ရာ ဥရောပမှ အော်ပရာအဆိုကျော်များကို ဖိတ်ခေါ်၍ အော်ပရာဇာတ်ပင် ကပြခဲ့ဖူးသေးသည်ဟု ကာလကတ္တားတွင်ရှိသည့် သမိုင်းဆရာတစ်ဦးဖြစ်သူ ဂျော်ဖရီမိုးက ရေးခဲ့ဖူးသည်။
ထိုအင်ပိုင်ယာဇာတ်ရုံကြမ်းပြင်များပေါ်တွင် ကမ္ဘာကျော် ရုရှားဘဲလေး ကချေသည် အင်နာပါဗလိုနာကိုယ်တိုင် ဇာတ်ခုံလောကမှ အနားမယူမီ နောက်ဆုံး ကပြခဲ့ဖူးပြီ။ ကာလကတ္တား ဆင်ဖိုနီတီးဝိုင်းသည် တည်ဆောက်သူ ဘင်္ဂါလီ အမျိုးသား ရော့ဗရီ၏ ညွှန်ကြားမှုအောက်တွင် တနင်္ဂနွေနေ့တိုင်း တီးမှုတ်ခဲ့ဖူးပြီ။ ပထမကမ္ဘာစစ်ပြီးသည့်နောက် မကြာမီကလေးတွင် အာရှတိုက်တွင် နာမည်အကြီးဆုံး ပျော်ပွဲစားရုံဖြစ်သည့် ကြယ်သုံးပွင့်ရ ပျော်ပွဲစားရုံကြီး ရှိသည်။ ၁၉၇၀-ခု တစ်ဝိုက်လောက်အထိ ဖာပို ပျော်ပွဲစားရုံသည် အရှေ့တိုင်း၏ မက္ကဇင်း ပျော်ပွဲစားရုံဟု နာမည်ကြီးသည်။
စိန်ပေါ ဘုရားရှိခိုးကျောင်းကြီးထဲတွင် ဘုရားဝတ်ပြုရာ ကိုယ်ပိုင်နေရာ သတ်မှတ်ထားကြသကဲ့သို့ ကာလကတ္တားမှ လူကုံထံများသည်လည်း အယ်လ်ပုံသဏ္ဌာန် ထမင်းစားခန်းကြီးထဲတွင် စားပွဲတစ်လုံးကို အမြဲဝယ်ထားကြသည်။ အီတာလီယန် ပျော်ပွဲစားရုံပိုင်ရှင် ဖာပိုကလည်း လူများကို တကယ့် မင်းစိုးရာဇာကြီးသဖွယ် ဆက်ဆံတတ်သည်။ ပျော်ပွဲစားရုံသို့ လာရောက်သူများ၏ မျက်နှာအမူအရာ၊ အဝတ်အစား၊ အဆင်အပြင်တို့ကို သူမကြိုက်လျှင် ပျော်ပွဲစားရုံထဲမှ မောင်းနှင်ထုတ်တတ်သည်။ သူ့ပျော်ပွဲစားရုံမှ တီးဝိုင်းမှာ မှူးမတ်တစ်ဦးအဖြစ်မှ ဂီတသမားတစ်ဦးဖြစ်လာခဲ့သော စပိန်လူမျိုး ဖရန်မစ္စတာ ကာဆာနိုဗာ၏ တီးဝိုင်းဖြစ်သည်။ ဖာပို၏ကပွဲခန်းမဆောင်သည် အာရှတိုက်မှ လူဖြူ နောက်ဆုံးမျိုးဆက်တို့၏ အချစ်ဇာတ်လမ်းများ မွေးဖွားရာဖြစ်သည်။
အနောက်တိုင်းအပျော်အပါးတို့ထက် ကြွယ်ဝသော ဘင်္ဂါလီယဉ်ကျေးမှု အမွေအနှစ်တို့ကို မြတ်နိုးသူတို့သည်လည်း သူ့နည်းနှင့်သူ ပျက်စီးကြရသည်။ ဆယ့်ရှစ်ရာစုမှစ၍ ကာလကတ္တားသည် ဒဿနဆရာများ၊ ကဗျာဆရာများ၊ ပုံပြောဆရာများ၊ ဂီတပညာရှင်များကို မွေးဖွားပေးခဲ့၏။
ကာလကတ္တားသည် စာပေနိုဘယ်ဆုရှင် ကဗျာဆရာတဂိုးကို မွေးထုတ်ခဲ့၏။ သိပ္ပံနိုဘယ်ဆုရှင် ဂျေဝီဘို့စ်ကို မွေးထုတ်ပေးခဲ့၏။ ခေတ်သစ် သူတော်စင်များဟု ခေါ်ထိုက်သည့် ရာမာတရစ်သျှဏနှင့် ဆွာမိဝိဝေကနန္ဒာတို့ကို မွေးထုတ် ပေးခဲ့သည်။ ကမ္ဘာ့ရုပ်ရှင်လောကတွင် ဟိုးဟိုးကျော်ခဲ့သည့် ဒါရိုက်တာဆတ်ရာဂျစ်ရေးကို မွေးထုတ်ပေးခဲ့၏။ ယောဂဆရာကြီး ရှရ်ဩရိုဗိန္ဒနှင့် ရီလေတစ် ဗစ်တီသီအိုရီ သုတေသနပညာရှင် ဆတ်ယင်ဘို့စ်တို့ကို မွေးထုတ်ပေးခဲ့၏။
ကာလကတ္တားမြို့ကြီး၏ကံကြမ္မာသည် အနိမ့်အမြင့်တို့ကို ကြုံခဲ့သည့်တိုင် အတိတ်အမွေအနှစ်တို့အားလုံးသည် လုံးဝပျက်စီးသွားခြင်းမရှိ။ ကာလကတ္တားသည် ယခုတိုင် အိန္ဒိယပြည်ကြီး၏အနုပညာနှင့် အသိပညာ မီးရှူးတန်ဆောင်ကြီးဖြစ်လျက်ရှိသေးသည်။ ကာလကတ္တား၏ယဉ်ကျေးမှုသည် ယခုတိုင် ရှင်သန်ဖွံ့ဖြိုးဆဲရှိသေးသည်။ လမ်းမများတွင် စာအုပ်ဆိုင်တွေ ပြည့်လျက်။ ပထမအကြိမ်ထုတ်စာအုပ်များ၊ စာအုပ်ငယ်များ၊ ထူထဲသော ဂန္ထဝင် စာအုပ်ကြီးများနှင့် စာအုပ်အမျိုးမျိုးတို့ကို ရနိုင်သည်။ ဘင်္ဂါလီဘာသာဖြင့် ရေးထားသော စာအုပ်များ၊ အိန္ဒိယတိုင်းရင်းသား ဘာသာအမျိုးမျိုးဖြင့် ပုံနှိပ်သော စာအုပ်များ အများအပြားရှိသေးသည်။
ဘင်္ဂါလီလူဦးရေသည် ကာလကတ္တားလူဦးရေ၏ တစ်ဝက်မျှသာရှိသည့်တိုင် ကာလကတ္တားသည် ပါရီနှင့်ရောမ နှစ်မြို့ပေါင်းထက် စာရေးဆရာ ဦးရေ ပိုများသည်။ လန်ဒန်နှင့် နယူးယောက်တို့ထက် စာပေဝေဖန်ရေးဂျာနယ်များ ပိုများသည်။ နယူးဒေလီထက် ရုပ်ရှင်ရုံ ဇာတ်ရုံ ပိုများသည်။ ကျန်အိန္ဒိယတစ်ပြည်လုံးထက် ထုတ်ဝေသူပိုများသည်။ ညနေပိုင်းရောက်လျှင် ဇာတ်ရုံများတွင် ပြဇာတ်တွေ၊ ကဗျာရွတ်ပွဲတွေ အမြဲရှိသည်။ ကမ္ဘာကျော် ရာဝီရှန်ကာလို လူရွှင်တော်တွေကအစ၊ လမ်းဘေးတွင် ပလွေကလေးတစ်ချောင်း၊ တာတာပလာဗုံကလေးတစ်လုံးဖြင့် တီးနေသည့် ပန်တျာသည်အဆုံး အားလုံးရှိပြီး သူတို့အားလုံးလည်း ကိုယ့်ပရိသတ်နှင့်ကိုယ်ရှိကြသည်။
အိန္ဒိယပြည်၏ ဇာတ်သဘင်အဖွဲ့ တစ်ဝက်ကျော်လောက်သည် ကာလကတ္တားမှ မွေးထုတ်ပေးလိုက်ခြင်းဖြစ်သည်။ ဘင်္ဂါလီ အမျိုးသားတစ်ယောက်ကဆိုလျှင် သူတို့ ဘင်္ဂါလီပညာရှင်များသည် အင်္ဂလိပ်တို့ မကြားဖူးခင်ကတည်းက ပြင်သစ်ပြဇာတ်ဆရာကြီး မော်လျဲ၏ပြဇာတ်များကို ဘင်္ဂါလီဘာသာသို့ ပြန်ဆိုပြီးပြီဟု ကြွေးကြော်သည်။
သို့ရာတွင် ဟာစရီပါးတို့လို တောမှ ပြေးလာသော သန်းပေါင်းများစွာသော ဒုက္ခသည်များအဖို့သော်မူ ကာလကတ္တားမြို့ကြီးသည် ယဉ်ကျေးမှုအချက်အချာလည်း မဟုတ်၊ ခမ်းနားသော အတိတ်သမိုင်းလည်းမဟုတ်။ သူတို့အဖို့ကား ကာလကတ္တားသည် နောက်တစ်နေ့ ဆက်လက်အသက်ရှင်ရန်အတွက် ထမင်းကျန်၊ ဟင်းကျန်ကလေးကို ပေးနိုင်မည့် မျှော်လင့်ချက်မှိန်မှိန်ကလေးတစ်ခုသာဖြစ်သည်။ သည်လောက်ကြီးမားသည့် မြို့ကြီးထဲတွင် ကုန်းကောက်စရာ ထမင်းကျန် ဟင်းကျန်ကလေးတော့ ရှိရပေလိမ့်မည်။ ရေကြီးနေသည့် သူတို့ရွာ သို့မဟုတ် မိုးခေါင်သဖြင့် ပပ်ကြားတွေအက်နေသော သူတို့ရွာတစ်ဝိုက်တွင်မူ ထမင်းကျန်၊ ဟင်းကျန်ပင် ရနိုင်စရာမရှိတော့ပြီ။
အပိုင်း(၆)ဆက်ရန်
--------------
0 Comments