#သုခမြို့တော်
အပိုင်း(၆)
ဘရာဘဇား ခေါ် ဈေးကြီးတစ်ဝိုက်တွင် နောက်တစ်နေ့ကုန်ဆုံးပြီးနောက် ညနေစောင်းတွင် ဟာစရီပါးသည် အောင်မြင်သောအပြုံးဖြင့် ပြန်ရောက်လာ၏။
“ဘုရားသိကြားမ,လို့ အလုပ်ကလေး ဘာလေး ရခဲ့ပါစေတော်၊ ဟဲ့ ကလေးတွေ ကြည့်စမ်း၊ နင်တို့အဖေ မျက်နှာက ပြုံးလို့ပဲ၊ တို့ရွာက ကူလီလုပ်တဲ့ ကောင်ကလေးကို တွေ့ခဲ့ပြီထင်တယ်၊ ဒါမှမဟုတ် အလုပ်တို့ ဘာတို့ ရခဲ့ပြီလား မသိဘူး၊ တို့တစ်တွေ မငတ်တော့ဘူးပေါ့”
အာလောက က သူ့ယောက်ျားကို ကြည့်၍ ကလေးတွေကို လှမ်းပြော၏။
ဟာစရီပါးသည် သူတို့ရွာက ကူလီကောင်လေးကိုလည်း မတွေ့ခဲ့ပါ။ အလုပ်လည်း မရခဲ့ပါ။ သူ့လက်ထဲတွင် သတင်းစာစက္ကူဖြင့် ကတော့ပုံ ထုပ်ထားသည့် ဆန်လှော်နှစ်ထုပ်ပါလာခြင်းကြောင့် ပြုံးလာခြင်းဖြစ်ပါသည်။
သူတို့ဆင်းရဲသားများသည် စားစရာမရှိလျှင် နောက်ဆုံးအနေဖြင့် ဆန်စေ့ကို သဲပူပူတွင် အိုးကင်းတိုက်ထားသည့် ဆန်စေ့လှော်ကို စားကြရသည်။ ဆန်စေ့လှော်မှာ မာလွန်းသဖြင့် အကြာကြီး စိမ်ထားရသေး၏။ သူတို့တစ်သိုက်သည် ဆန်စေ့လှော်ကို တိတ်ဆိတ်စွာ ဝါးနေကြ၏။ သားအငယ်ဆုံးက သူ့ဝေစု ကုန်သွားသည်တွင် သူဝါးနေသည်ကို လှမ်းကြည့်နေသဖြင့် ဟာစရီပါးက “ရော့ ရော့... လူလေး၊ ဒါလေး ဝါးလိုက်” ဟု လှမ်းပေးသည်။
အာလောကသည် သူ့ယောက်ျား၏ဖြစ်ပုံကို ကြည့်၍ ရင်ထဲတွင် ဆို့သွား၏။
ဟာစရီပါးမှာ ကာလကတ္တားသို့ ရောက်သည့်နောက်တွင် တဖြည်းဖြည်းနှင့် ပိန်ချုံးလာခဲ့လေပြီ။ အရိုးကြီးတွေက ငေါထွက်နေ၏။ မုတ်ဆိတ်အောက်မှ မေးတို့က ချိုင့်ဝင်လျက်။ မည်းနက်တောက်ပြောင်နေသည့် ဆံပင်တို့က ဖြူရောင်သန်းစပြုနေပြီ။ သူတို့ရသည့် လမ်းဘေးပလက်ဖောင်းပေါ်တွင် ကျောဆန့် အိပ်လိုက်သည့် ဟာစရီပါးကိုကြည့်ရင်း “ငါ့ယောက်ျားလည်း တော်တော်ကို ကျသွားရှာတယ်” ဟု အာလောက တွေးနေသည်။ သူ့ရုပ်ကိုကြည့်ပြီး ပထမဆုံးအကြိမ်တွေ့စဉ်က ရုပ်ပုံကို ပြန်၍အမှတ်ရလာ၏။
သူတို့တဲကလေးရှေ့က မင်္ဂလာဆောင်မဏ္ဍပ်လုပ်ထားသည့် မျက်နှာကြက်ကလေးအောက်တွင် မားမားမတ်မတ် ရပ်လျက်၊ သူ့ကို သူ့ဆွေမျိုးများနှင့် အပေါင်းအသင်းများက သူတို့ရွာမှ ဝေါဖြင့် တင်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။ ပုဏ္ဏားက သူ့နဖူးကို ဆန်မှုန့်တို့ပေးပြီး သပြေရွက်ဖြင့် ရေဖျန်းပေးသည်။ သူ့အဝတ်အစားမှာ ဖြူဆွတ်လျက်။ ခေါင်းတွင်လည်း အဝါရောင်ခေါင်းပေါင်းကို ပေါင်းထားသည်။ မင်္ဂလာအခမ်းအနားပြီးသည့်နောက် သူ့အမေနှင့် သူ့အဒေါ်တို့က သူနှင့်ဟာစရီပါးတို့နှစ်ယောက်တည်း ထားပစ်ခဲ့သည့်အခါတွင် သူ့ရင်တွေတုန်ကာ အထိတ်တလန့်ဖြစ်နေပုံကို သူသတိရနေသည်။
ထိုစဉ်က သူက ဆယ့်ငါးနှစ်ရွယ်။ ဟာစရီပါးက ဆယ့်ရှစ်နှစ်အရွယ်။ ယခင်က သူတို့နှစ်ယောက် တစ်ခါမျှ မတွေ့ဖူးကြ။ မိဘများ၏စီစဉ်ချက်ဖြင့် အကြင်လင်မယားဖြစ်လာခဲ့ကြခြင်းဖြစ်သည်။ ဟာစရီပါးက သူ့ကို စူးစိုက်ကြည့်ပြီး သူ့နာမည်ကို မေး၏။
“နင်က သိပ်လှတာ၊ နင့်လို လှတဲ့မိန်းကလေးတစ်ယောက်ဟာ ငါနဲ့ မလိုက်ပါဘူးဟာ” ဟုပြောသည်။
အာလောကသည် သူ့ကို ပြုံးကြည့်လိုက်၏။ သူတို့ထုံးစံအရ လက်ထပ်ပြီးစ မိန်းကလေးတစ်ယောက်သည် မင်္ဂလာဆောင်သည့်နေ့တွင် သူ့ယောက်ျားနှင့် ရင်းနှီးစွာ စကားပြောလျှင် မတင့်တယ်ဟု ယူဆသောကြောင့်ဖြစ်သည်။ အာလောက၏မျက်နှာသည် ရှက်သွေးဖြန်းသဖြင့် ရဲနေ၏။ သို့ရာတွင် သူ့ကို နူးညံ့စွာဆက်ဆံသည့် ဟာစရီပါးကို မြင်ရသည့်အခါတွင် အနည်းငယ် ရဲလာကာ " စာတတ်သလား" ဟု မေးကြည့်သည်။
“စာတော့ မတတ်ဘူး၊ ဒါပေမယ့် ဒီပြင်အလုပ်တွေကိုတော့ ငါကောင်းကောင်း လုပ်တတ်ပါတယ်”
အာလောကသည် ပလက်ဖောင်းပေါ်တွင် လှဲနေသည့် သူ့ယောက်ျားကို ကြည့်ကာ ထိုနေ့က သူတို့မင်္ဂလာဆောင်ကို ပြန်၍အမှတ်ရနေသည်။
“အဲဒီတုန်းကတော့ သူက တောင့်တောင့်တင်းတင်းကြီးပဲ။ တို့ရွာထိပ်က မျှစ်ပျဉ်းကြီးများလိုပဲ”
ယခုမူ သူ့ယောက်ျား ဟာစရီပါးသည် သူ့အတွက်ရသည့် ပလက်ဖောင်းနေရာကွက်ကလေးပေါ်တွင် ပျော့ခွေလျက်။ သူ့ကို သန်မာသည့်လက်မောင်းကြီးများဖြင့် ပွေ့ဖက်ခဲ့သူသည် သူမှဟုတ်ပါလေစဟု သံသယဖြစ်မိသည်။ အဒေါ်လုပ်သူက တိုးတိုးတိတ်တိတ် မှာသွားသည့်တိုင် မင်္ဂလာဦးညက သူ့လက်မောင်းကြီးများဖြင့် ဖက်လိုက်သည့်အခါတွင် အာလောကသည် ကြောက်လန့်တကြားဖြင့် ရုန်းထွက်မိသည်။
“မကြောက်ပါနဲ့ဟာ၊ နင်နဲ့ငါ လင်မယားဖြစ်ပြီပဲ၊ နောက်ကျရင် ကလေးတွေတောင် မွေးပေးရဦးမှာ”
အာလောကသည် အမှောင်ထဲသို့ ငေးစိုက်ကာ ထိုအကြောင်းများကို ဆွေးနေသည်။ ထိုစဉ် သူတို့အနီးမှ ဆူဆူညံညံ အသံတွေကြောင့် သူ့အတွေးပြတ်သွား၏။ ဆူဆူညံညံဖြစ်ရခြင်းမှာ အခြားကြောင့်မဟုတ်။ သူတို့ကို လက်ဖောင်းနေရာကလေးပေးခဲ့သည့် မိသားစုတို့၏သမီးငယ်ကလေး ပျောက်နေသောကြောင့်ဖြစ်သည်။ ကလေးမကလေးက ရုပ်ချောချော၊ ဆယ့်သုံးနှစ်အရွယ် ကလေးမလေးဖြစ်သည်။ ဆံပင်ကို ဖွတ်မြီးထိုးထားပြီး ကျောပေါ်ဖြန့်ချထားသည်။ မျက်လုံးစိမ်းကလေးတွေနှင့်။ သူ့အမည်က မာယားဟု ခေါ်သည်။
မာယားသည် မနက်လင်းသည်နှင့် ချောင်ရင်ဂီလမ်းမကြီးက ဟိုတယ်ကြီးအဝင်တွင်းသို့လည်းကောင်း၊ ပန်းခြံလမ်းသို့လည်းကောင်း သွား၍ အတောင်းအရမ်းထွက်သည်။ ထိုဟိုတယ်ကြီးများတွင် ကမ္ဘာတစ်ဝန်းမှ ကမ္ဘာလှည့်ခရီး သည်များနှင့် လုပ်ငန်းရှင်ကြီးများ တည်းခိုတတ်၏။ ထိုလမ်းပေါ်တွင် လူမိုက်ဂိုဏ်းတစ်ခုက ကြီးစိုးထားသည်။ သူတို့ခွင့်ပြုချက်ရမှ ထိုလမ်းပေါ်သို့ လာ၍တောင်းရမ်းနိုင်သည်။ သူတို့ခွင့်ပြုချက်မရှိလျှင် မည်သူမျှ လာ၍
တောင်းရမ်းခြင်းမပြုရဲကြ။ ညနေအလုပ်ချိန်ကုန်လျှင် မာယားသည် သူတောင်း၍ရသည့် ပိုက်ဆံကလေးကို လူမိုက်ဂိုဏ်းခေါင်းဆောင်သို့ အပ်ရ၏။ ဂိုဏ်းခေါင်းဆောင်က သူ့နေ့စဉ်လုပ်ခကို ပြန်ပေးသည်။ မာယားသည် လုပ်ခအဖြစ် ငါးကျပ်ခန့်ရ၏။
ထိုနေရာတစ်ဝိုက်တွင် တောင်းရမ်းခွင့်ရသည်မှာ မာယား ကံကောင်းသည်ဟု ဆိုရလိမ့်မည်။ လူမိုက်ဂိုဏ်းခေါင်းဆောင်များသည် ကိုယ်ခန္ဓာချို့တဲ့နေသည့် ကလေးငယ်များ၊ သို့မဟုတ် အင်္ဂါချွတ်ယွင်းနေသည့်လူများကို လိုချင်သည်။ သူတို့ကိုပြ၍ ပိုက်ဆံတောင်းရသည် မဟုတ်လော။ ပေးကမ်းသူကလည်း ရက်ရက်ရောရော ပေးကမ်းသွားမည် မဟုတ်လား။ ခြေထောက်ပြတ်နေသူ၊ ဗိုက်ပူနံကားနှင့် ကလေးငယ်ကလေးကို ချီထားသည့် စုတ်စုတ်ပြတ်ပြတ် သားသည်အမေ စသည်တို့ကို ပို၍လိုချင်သည်။ သူတို့နှင့်ဆိုလျှင် ပိုက်ဆံပိုတောင်းကောင်းသည်။ အချို့ကလေးငယ်များဆိုလျှင် မွေးကင်းစကတည်းက ခြေလက်တို့ ချွတ်ယွင်းသွားအောင် လုပ်ပစ်ကာ ထိုလူမိုက်ဂိုဏ်းများသို့ ရောင်းစားလေ့ရှိသည်ဟုပင် ဆိုကြသည်။
မာယားသည် တောင်းရမ်းရမည်ဆိုသည့်အခါတွင် အကြီးအကျယ် စိတ်ထိခိုက်ခြင်းဖြစ်ရသည်။ မနက်လင်း၍ အလုပ်ဆင်းခါနီးပြီဆိုသည်နှင့် မာယားသည် အမေ့ရင်ခွင်ထဲသို့ ခေါင်းဝှေ့၍ဝင်ကာ ရှိုက်ကြီးတငင်ငိုသည်။ ထိုရှုခင်းမျိုးမှာ ကာလကတ္တားမြို့လမ်းမများတွင် ရိုးနေလေပြီ။ သို့ရာတွင် မာယားသည် သူ့အလုပ်ကို ကျိုးကျိုးနွံနွံပင်လုပ်သည်။ ငါးကျပ်ဆိုသော ငွေသည် သူ့မိသားစုအတွက် သေရေးရှင်ရေးကိစ္စ မဟုတ်လော။
ထိုနေ့ညကမူ မာယားသည် သူတို့နေရာသို့ ပြန်မရောက်လာ။ မိုးချုပ်လာသည်နှင့် အဖေနှင့်အမေသည် မာယားအတွက် စိုးရိမ်စပြုလာကြ၏။ ထ,လိုက်၊ ထိုင်လိုက်၊ လမ်းလျှောက်လိုက်ဖြင့် ဆောက်တည်ရာမရ ဖြစ်နေကြ၏။
သူတို့သည် ပလက်ဖောင်းပေါ်တွင် နေလာခဲ့သည်မှာ သုံးလရှိခဲ့လေပြီ။ သုံးလအတွင်းတွင် သူတို့သည် အဖြစ်အပျက်မျိုးစုံကို မြင်ခဲ့ရဖူးပြီ။ ထို့ကြောင့် သူတို့စိုးရိမ်သောကရောက်နေခြင်းကို အဆိုးမဆိုသာ။ ကာလကတ္တားတွင် ကလေးများကို ဖြားယောင်းခေါ်ယူသွားမှုများသည် ဒုနဲ့ဒေး။ လူမိုက်ဂိုဏ်းများသည် အထူးသဖြင့် ဆယ်နှစ်နှင့် ဆယ့်ငါးနှစ်အတွင်း မိန်းကလေးများကို ဖြားယောင်းခေါ်ငင်သွားလေ့ရှိကြသည်။ သို့တိုင် ယောက်ျားကလေးများကိုလည်း အလွတ်ပေးသည်မဟုတ်။
ထိုကလေးများကို မကောင်းသည့်အိမ်များသို့ ရောင်းသည်။ ထိုအိမ်များက ကလေးငယ်များကို ဝယ်ပြီး မဒရပ်၊ ဘုံဘေ၊ ဒေလီ စသည့်မြို့များသို့ ပို့ပေးသည်။ အချို့ဆိုလျှင် ပါသျှန်းပင်လယ်ကွေ့တွင် ရှိသည့် အာရပ်နိုင်ငံမြို့ကြီးများသို့ပင် တင်ပို့သည်ဟုဆိုသည်။ သူတို့ကို ဘယ်တော့မှ ပြန်၍မတွေ့ကြရတော့။ ကာလကတ္တားရှိ ပြည့်တန်ဆာအိမ်များသို့ အရောင်းခံရသူများမှာ ကံကောင်းသည်ဟုပင် ဆိုနိုင်သည်။
အာလောကသည် သူတို့အိမ်နီးနားချင်းတို့၏အဖြစ်ကို သိရသဖြင့် အိပ်ပျော်နေသော သူ့ယောက်ျား ဟာစရီပါးကို အိပ်ရာမှနိုးသည်။ ဟာစရီပါးက မာယားကို သူနှင့်အတူ လိုက်ရှာမည်ဟု သူ့အဖေကိုပြော၏။ သို့ဖြင့် သူတို့နှစ်ယောက်သည် ပလက်ဖောင်းပေါ်တွင် လူတွေပြည့်ကျပ်နေအောင် အိပ်ကြသည့် လမ်းသေး လမ်းမြွာတကာတွင် လျှောက်ရှာကြသည်။ သို့ရာတွင် မြို့ကြီးမှာ အိမ်တွေကလည်း ဆင်တူ၊ လမ်းတွေကလည်း ဆင်တူဖြစ်ကြသဖြင့် သူတို့ တောမှာလို ရှာရသည်မှာ မလွယ်လှ။
သူတို့နှစ်ယောက် ထွက်သွားသည့်အခါတွင် အာလောကသည် အိမ်နီးနားချင်း မိန်းမအနီးသို့ သွားထိုင်၏။ ကျောက်ပေါက်မာတို့ထင်လျက်ရှိသည့် မျက်နှာတွင် မျက်ရည်တွေ ရွှဲလျက်။ သူ့ဆာရီထဲတွင်မူ ကလေးငယ်လေးတစ် ယောက်ကို ပိုက်ထား၏။ သားငယ်လေး နှစ်ယောက်မှာ သူ့ဘေး ပလက်ဖောင်းပေါ်တွင် အိပ်ပျော်လျက်ရှိသည်။ သူငယ်ကလေးနှစ်ယောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသည်။ လမ်းမပေါ်တွင် တဝုန်းဝုန်းဖြတ်မောင်းသွားသည့် လော်ရီကားကြီးများ၏အသံကိုလည်း မကြား၊ သူတို့ခေါင်းပေါ်ရှိ မီးရထားတံတားမှ ဖြတ်မောင်းသွားသည့် ရထားသံကိုလည်း မသိ။ ဗိုက်ထဲမှ ဆာနေသည်ကိုလည်း သတိမပြု။
သူတို့သည် သည်ပလက်ဖောင်းကလေးတွင် လာနေကတည်းက တစ်သက်လုံးနေထိုင်သွားတော့မည့်နှယ် အိပ်သည့်နေရာနှင့် ထမင်းချက်သည့်နေရာနှင့်။ ထမင်းချက်သည့်နေရာတွင် မီးသွေးမီးဖိုနှင့် ပန်းကန်အိုးခွက်များကို ချထားသည်။ ဆောင်းတွင်းဖြစ်၍ မိုးစိုမှာကို မကြောက်ရ။ သို့ရာတွင် ဆောင်းလယ်ရောက်၍ ဟိမဝန္တာဘက်ဆီမှ မြောက်လေအေးကြီး တိုက်လာသည့်အခါမျိုးတွင်မူ ပလက်ဖောင်းပေါ်တွင် ခိုက်ခိုက်တုန်အောင် အေးသည်။ ချောင်းဆိုးသံ၊ သလိပ်ထွေးသံ၊ လည်ချောင်းရှင်းသံ၊ တံတွေးထွေးသံတို့ကို ကြားရတတ်သည်။
အာလောက စိတ်အညစ်ဆုံးမှာ ပလက်ဖောင်းပေါ်တွင် အိပ်ရခြင်းဖြစ်သည်။ မနက်လင်းသည်နှင့် ကိုင်ရိုက်ထားသည့်နှယ် ကိုယ်လက်တွေ တောင့်တင်းနေတတ်သည်။ သူတို့နှင့် မျက်နှာချင်းဆိုင် ပလက်ဖောင်းပေါ်က ကြော်ငြာ ဆိုင်းဘုတ်ကြီးတစ်ခုက သူတို့ကို လှောင်နေသည့်နှယ်။ ထိုကြော်ငြာကြီးမှာ မွေ့ရာကြော်ငြာဖြစ်ပြီး မဟာရာဇာကြီးတစ်ဦးက မွေ့ ရာထူထူကြီးပေါ်တွင် အိပ်နေသည့်ပုံဖြစ်သည်။ ဆင်မွန်မွေ့ရာတစ်ခုကို လက်ဆောင်ပေးဖို့များ စိတ်မကူးမိဘူးလားဟု မဟာရာဇာကြီးက မေးနေဟန် ကြော်ငြာစာ ရေးထားသည်။
မာယားအဖေနှင့် ဟာစရီပါးတို့သည် တော်တော်နှင့် ပြန်မလာကြ။ ပြန်လာသည့်အခါတွင်လည်း မာယားပါမလာ။ ထိုစဉ် အာလောကသည် သူ့ယောက်ျား၏အမူအရာကို မြင်၍ အံ့အားသင့်နေသည်။ ညနေ ဘာရားဘဇားဈေးကြီးက ပြန်လာခဲ့စဉ်က သူ့ယောက်ျားသည် မောပန်း၍ အားအင်ကုန်ခန်းနေသည့်လူတစ်ယောက်။ ယခု ကြည့်လိုက်သည့်အခါတွင် ဟာစရီပါးသည် ဖျတ်လတ်တက်ကြွနေသည်။ မာယား၏အဖေမှာလည်း ထိုအတိုင်းပင်။ သူတို့နှစ်ယောက်သည် ပလက်ဖောင်းပေါ်တွင် ထိုင်ပြီး တဟားဟား ရယ်နေကြသည်။
“ကြည့်စမ်း ကြည့်စမ်း၊ အရေးထဲမှာ အရက်တွေ သောက်လာကြတယ်”
အာလောကသည် စိတ်ဆိုးသွား၏။ ဟာစရီပါးသည် သူ့မယား စိတ်ဆိုးနေသည်ကို ရိပ်မိသွားဟန်ဖြင့် ခပ်စောစောက ခွေးလေတစ်ကောင်လို အိပ်ပျော်နေရာ ပလက်ဖောင်းပေါ်သို့ ပြန်ခွေနေလိုက်သည်။ သူတို့အိမ်နီးနားချင်း မိန်းမက ဘာမျှမပြောသည်ကို ထောက်လျှင် သူ့ယောက်ျားမှာ အရက်သောက်နေကျဖြစ်ဟန်တူသည်။
လူဦးရေ အဆမတန်များနေသည့် မြို့ကြီးများအားလုံးကဲ့သို့ပင် ကာလကတ္တားသည်လည်း အရက်ဆိုင်များ၊ ကစားဝိုင်းများ မှိုလိုပေါက်နေသည်။ ဆင်းရဲသားများသည် ညံ့ဖျင်းလှသည့် ချဉ်စုတ်စုတ်အရေကို ပြားအနည်းငယ်ပေးသောက်ခြင်းဖြင့် သူတို့၏ဆင်းရဲမှုတို့ကို ခဏတဖြုတ် မေ့ပျောက်ထားလိုက်ကြသည်။
အာလောကသည် အိမ်နီးချင်း၏ဇနီးသည်ကို တစ်ညလုံး ဖျောင်းဖျနှစ်သိမ့်ခြင်းပြု၏။ ဆယ့်ငါးနှစ်ရွယ် သူ့သားအကြီးဆုံးမှာ ထောင်ထဲသို့ရောက်နေသည်ကို သူသိရသည့်အခါတွင် အာလောကသည် သူ့အတွက် ပို၍စိတ်မကောင်း ဖြစ်ရသည်။ သူ့သားအကြီးသည် မိုးချုပ်သည်နှင့် ထွက်သွားပြီး မနက်လင်းသည်နှင့် ငွေတစ်ဆယ်ဖြင့် ပြန်လာတတ်သည်။ သူ့သားသည် ရထားတွဲများပေါ်တွင် လိုက်သည့် လူဆိုးဂိုဏ်းထဲတွင် ပါနေခြင်းဖြစ်၏။ လွန်ခဲ့သည့် နှစ်လလောက်ကမူ သူ့ကို ပုလိပ်က လာဖမ်းသွား၏။ ထိုနေ့မှစ၍ အငယ်သုံးယောက်သည် ဆာသဖြင့် တစာစာ ငိုကြရပြန်သည်။
“အင်း ... သူ့ခမျာလဲ ဒုက္ခ၊ သမီးကလဲ ဘယ်ရောက်လို့ ရောက်မှန်းမသိ၊ လင်ကလဲ အရက်မူး၊ သားက ထောင်ထဲမှာ”
အာလောကသည် သူ့အိမ်နီးချင်းအတွက် စိတ်မကောင်း၊ သို့ရာတွင် သူ့ယောက်ျားသာ အလုပ်ရှာမရခဲ့လျှင် သူတို့လည်း ထိုနည်းလည်းကောင်းအတိုင်းပင်ဖြစ်မည်ဟု တွေးမိသဖြင့် လန့်သွားသည်။
မနက်လင်းအားကြီးလောက်တွင် မာယားပြန်ရောက်လာသည်။ အမေက မာယားကို ဖက်၍ငို၏။
“တစ်ညလုံး ဘယ်ပျောက်နေတာလဲ သမီးရယ်”
မာယား၏မျက်နှာက သုန်မှုန်လျက်။ သူ့နှုတ်ခမ်းပေါ်တွင် နှုတ်ခမ်းဆိုးဆေးတို့ စွန်းနေသည်။ သူ့ကိုယ်မှ ရေမွှေးနံ့ထွက်နေသည်။ မာယားသည် အမေ့လက်ထဲမှ ရုန်းထွက်ကာ အမေ့ကို ဆယ်တန်တစ်ချပ် လှမ်းပေးလိုက်ပြီး ကလေးနှစ်ယောက်ဘက်သို့ မေးငေါ့ပြကာ... “ဒီနေ့ သူတို့ ငိုတော့မှာမဟုတ်ပါဘူး” ဟု ပြောသည်။
အပိုင်း(၇)ဆက်ရန်
--------------------
0 Comments