သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၄)

#သုခမြို့တော်

အပိုင်း(၄)

ခြေကျင် တစ်မနက်၊ လှုပ်ယမ်းနေသည့် ဘတ်စ်ကားထဲတွင် နာရီပေါင်းများစွာ ပြည့်ကျပ်နေသည့် တတိယတန်း မီးရထားတွဲတစ်တွဲထဲတွင် တစ်ညလွန်မြောက်ခဲ့ပြီးနောက် ဟာစရီပါးတို့မိသားစုသည် ကာလကတ္တားမြို့မှ ဘူတာရုံကြီးနှစ်ခုအနက် တစ်ခုဖြစ်သော ဟောင်ရာဘူတာရုံကြီးသို့ ရောက်လာခဲ့ကြသည်။ သူတို့မြင်ရသော ရှုခင်းကိုကြည့်ကာ အံ့အားသင့်နေကြသဖြင့် စက္ကန့်အတန်ကြာမျှ မလှုပ်ရှားနိုင်ဖြစ်နေကြသည်။ သူတို့သည် အရပ်လေးမျက်နှာမှ လာနေသော လူအုပ်ကြီးထဲတွင် ရောပါသွားကြ၏။

ပစ္စည်းတွေ၊ အထုပ်အပိုးတွေ သယ်လာသည့် ကူလီများ၊ ပစ္စည်းမျိုးစုံကို ရောင်းချနေကြသည့် ဈေးသည်များက ပြည့်လျက်။ သူတို့တစ်သက်တွင် ထိုမျှလောက် ပေါများနေသည့် အရာများကို တစ်ခါမျှ မမြင်စဖူး။ လိမ္မော်သီးပုံကြီးတွေ၊ ဖိနပ်ပုံတွေ၊ ဘီးတွေ၊ ကတ်ကြေးတွေ၊ သော့ခလောက်တွေ၊ မျက်မှန်တွေ၊ လက်ကိုင်အိတ်တွေ၊ ခြုံစောင်ကြီးတွေ၊ ဆာရီတွေ၊ ဒိုတီတွေ၊ သတင်းစာတွေ။ ထို့နောက် အမျိုးမျိုးသော စားဖွယ်သောက်ဖွယ်တွေ။ ဆာဒူးတွေက ခရီးသည်တွေထဲတွင် အနှံ့လျှောက်သွားကာ မြစ်ရေကလေးတစ်စက်ကို ပါးစပ်ထဲ လောင်းထည့်၍ပေးရုံဖြင့် ပြားနှစ်ဆယ် အလှူခံသွားကြသည်။ ဖိနပ်တိုက်သူ၊ ဆားဖုတ်သူ၊ ဖိနပ်ချုပ်သူ၊ လျှောက်လွှာစာရေး၊ ဗေဒင်ဆရာတို့က တကြော်ကြော် လှမ်းခေါ်နေကြသည်။ 

ဟာစရီပါးတို့မိသားစုသည် ကြက်သေသေနေကြသည်။ ယောင်တီးယောင်ချာဖြစ်နေကြသည်။ သူတို့လိုပင် သူတို့အနီးရှိ ခရီးသည်များစွာတို့သည်လည်း ကြောင်တက်တက်ဖြစ်​နေကြသည်။ 

“တို့ ဘာလုပ်ရမလဲ မသိဘူး၊ ဒီနေ့ည ဘယ်မှာများ သွားအိပ်ရမလဲ” ဟု ဟာစရီပါး သူ့ကိုယ်သူ မေးခွန်းထုတ်သည်။

သူတို့မိသားစုသည် လူအုပ်ကြားထဲတွင် ယောင်လည်လည်ဖြစ်နေကြ၏။ ဘူတာရုံချောင်ကလေး တစ်ချောင်ထဲတွင် အိုးအိမ်လုပ်ပြီး အတည်တကျ နေထိုင်သည့် မိသားစုတစ်စုကို လှမ်းကြည့်မိ၏။ သူတို့တစ်တွေမှာ ဟာစရီပါးတို့လိုပင် မိုးခေါင်သဖြင့် ဘီဟာနယ်မှ ရောက်လာကြသည့် လယ်သမားများဖြစ်သည်။ ဘင်္ဂါလီစကားကိုလည်း ကောင်းကောင်းမတတ်။ ယခုဆို ကာလကတ္တားသို့ ရောက်လာသည်မှာ တစ်လကိုးသီတင်းမျှ ရှိလေပြီ။ ကျစ်ကျစ်ပါ
အောင် ထုပ်ပိုးထားသည့် အထုပ်အပိုးများအပြင် သမန်တလင်းပေါ်တွင် ချထားသည့် ပန်းကန်ခွက်ယောက်များနှင့် မီးဖိုကလေးတစ်လုံးကိုလည်း တွေ့ရ၏။ 

သူတို့က ဘူတာရုံသို့လာ၍ စခန်းချနေကြသူများအား မောင်းထုတ်သည့် ပုလိပ်များကို သတိထားရန် ဟာစရီပါးတို့ကို သတိပေးကြသည်။ ဟာစရီပါးက သူတို့အလုပ်အကိုင်ကိစ္စကို သူတို့ထံတွင် စုံစမ်းတီးခေါက်ကြည့်သည်။ သို့ရာတွင် သူတို့ကိုယ်တိုင် ဘာအလုပ်အကိုင်မှ မရကြသေး။ အငတ်မခံနိုင်သဖြင့် ကလေးများကို ပလက်ဖောင်းသို့လွှတ်ကာ တောင်းရမ်းခိုင်းရကြောင်းဖြင့် ပြောကြသည်။

သူတို့မျက်နှာများပေါ်တွင် အရှက်ကို ဖုံးကွယ်၍မရ။ သူတို့ရွာမှ ကောင်လေးတစ်ယောက်မှာ ဘာရားဘဇားခေါ် ဈေးကြီးတွင် ကူလီလုပ်နေကြောင်း၊ သူ့ထံသွား၍ စုံစမ်းကြည့်ရဦးမည် ဖြစ်ကြောင်းဖြင့် ဟာစရီပါးက ပြောပြသည်။ သွား၍ စုံစမ်းနေစဉ် ဇနီးနှင့်သားသမီးများကို သူတို့နှင့်အတူ ထားပစ်ခဲ့ဖို့ ပြောကြ၏။ ဟာစရီပါးသည် ကူညီဖော်ရသဖြင့် အားတက်သွားကာ ခပ်လှမ်းလှမ်းတွင် စမူဆာသွား၍ဝယ်ပြီး သူတို့နှင့်အတူတကွ အားလုံးကို ကျွေးသည်။ သူတို့တစ်တွေအားလုံးမှာ ယမန်နေ့ကတည်းက ဘာမျှ မစားခဲ့ကြသေး။ 

ဟာစရီပါးသည် ဘူတာရုံထဲမှ လူအုပ်ကြီးထဲသို့ တိုးဝင် ပျောက်ကွယ်သွားသည်။ ဘူတာထဲသို့ တောမှ ခရီးသည်တစ်ဦးရောက်လာသည်ကို မြင်သည်နှင့် ဈေးသည်များသည် အနားသို့ ဝိုင်းအုံလာကြကာ ဘောလ်ပင်၊ သကြားလုံး၊ ထီလက်မှတ်နှင့် အခြားပစ္စည်းများကို လာ၍ရောင်းကြသည်။ သူတောင်းစားများက သူ့အနားသို့ ဝိုင်းအုံလာကြသည်။ ကိုယ်ရေရောဂါသည်များက သူ့အင်္ကျီကို လှမ်းဆွဲကြသည်။ ဘူတာအပြင်ဘက်သို့ ရောက်သည့်အခါတွင် လေမုန်တိုင်းကြီးတိုက်သည့်နှယ် သူ့ရှေ့တွင် ဖြတ်သန်းသွားလာနေကြသော လော်ရီကားများ၊ တက္ကစီကားများ၊ ဘတ်စ်ကားများ၊ လက်တွန်းလှည်းများ၊ စက်တပ်စက်ဘီးများ၊ လန်ချားများ၊ မြင်းရထားများ၊ မောင်တော်ဆိုင်ကယ်များ၊ စက်ဘီးများကို မြင်ရသည်။ ကြောက်ဖွယ် ဆူညံမြည်ဟည်းသံများကြားတွင် ထိုယာဉ်ရထားပေါင်းစုံတို့သည် သူ့ရှေ့မှ ဖြတ်သန်းသွားကြသည်။ 

ဆိုက်ကားဟွန်းသံ၊ ဘက်ထရီဟွန်းများ နှိပ်သံ၊ စက်သံ၊ မော်တော်ကားများမှ လေဟွန်းသံ၊ လှည်းများမှ ခလောက်သံ၊ မြင်းရထားများမှ ချူသံ၊ လောက်စပီကာများမှ အသံတို့သည် အဆူပြိုင်နေကြသကဲ့သို့ အားကျမခံ ဆူညံမြည်ဟည်းနေကြသည်။ 'သောက်ကျိုးနည်း၊ နားတွေကို အူပြီး ခေါင်းတွေကိုက်နေတာပဲ၊ မိုးချုန်းသံထက်တောင် မြည်ပါသေးလား'ဟု ဟာစရီပါး အောက်မေ့မိသည်။

ထိုဆူညံသံများအကြားတွင် ယာဉ်ရထားများကို လမ်းပြနေသည့် မျက်နှာထားတင်းတင်းနှင့် ယာဉ်ထိန်းပုလိပ်တစ်ယောက်ကို သူလှမ်းမြင်လိုက်သည်။ သူတို့ရွာကကောင်လေး အလုပ်လုပ်သည့် ဘာရားဘဇားကို မည်သို့သွားရမည်ဟု မေးရန် ဟာစရီပါးသည် ပုလိပ်ထံသို့ လာခဲ့၏။

ပုလိပ်က လက်ထဲတွင် ကိုင်ထားသည့် တုတ်ဖြင့် သံယက်မကြီးတွေ ထိုးထိုးထောင်ထောင်ဖြင့် မိုးသို့ လုနေသည့် အဆောက်အအုံကို လှမ်း၍ပြသည်။ “သွားသွား၊ တံတား ဟိုးဘက်မှာ” ဟု သူ့ကို အော်ထုတ်လိုက်၏။

ထိုတံတားမှာ ကာလကတ္တားနှင့် ဟောင်ရာရပ်ကွက်ကို ဆက်သွယ်ထားသည့် တံတားဖြစ်၏။ ဟူဂလီမြစ်ကို ဖြတ်ထားသည့် တံတားဖြစ်ပြီး ကမ္ဘာပေါ်တွင် အသွားအလာအများဆုံးသော တံတားဖြစ်လိမ့်မည် ထင်သည်။ လူတစ်သန်းကျော်နှင့် ထောင်ပေါင်းများစွာသော ယာဉ်များသည် အဟုန်ပြင်းသော ရေစီးကြောင်းကြီးတစ်ခုလို ဖြတ်သွားကြသည်။ 

ဟာစရီပါးသည် ဘေးတစ်ဖက်တစ်ချက်တွင် ပစ္စည်းများကို ပုံရောင်းနေကြသည့် လမ်းဘေးဈေးသည်များကြားက လူရေစီးကြောင်းထဲတွင် ညပ်ပါသွား၏။ ယာဉ်ကြောကြီး ခြောက်ခုပေါ်တွင် မော်တော်ကားတန်းကြီးသည် တန်းစီ၍ သွားနေသည်။ ကားတန်းကြီးက မျှော်၍ပင် မဆုံးနိုင်တော့။ လော်ရီကားများက ဓာတ်ရထားများကို ကျော်တက်ရန် အပြင်းမောင်းလာကြသည်။ အနီရောင် နှစ်ထပ်ဘတ်စ်ကားကြီးများတွင် လူတွေပြည့်ကျပ်လျက်ရှိရုံမျှမက ဘေးတွင် ခိုလိုက်သူများကို အပြွတ်လိုက် မြင်နေရသည်။ တချို့ဘတ်စ်ကားများမှာ လူတွေ ပြွတ်သိပ်ပြီး စောင်းစောင်းကြီးဖြစ်နေကာ ဘေးစောင်းလဲကျသွားတော့မည် ထင်ရ၏။

သေတ္တာကြီးတွေ၊ ပိုက်လုံးကြီးတွေ၊ စက်ယန္တရားကြီးတွေ ဘေးတွင် ပစ္စည်းတွေကိုတင်၍ တွန်းလာသည့် လက်တွန်းလှည်းများကိုလည်း မြင်ရသည်။ လက်တွန်းလှည်းတွန်းသူများမှာ ကြွက်သားတွေ အပြိုင်းအရိုင်း ထနေကြသည်။ ကူလီများမှာ ခေါင်းပေါ်တွင် ဝန်ထုပ်ဝန်ပိုးများကို ထမ်းကာ မနိုင့်တနိုင်ဖြင့် သယ်လာကြသည်။ တချို့က စည်ကြီးများကို ထမ်းပိုးရှေ့နောက်တွင်ဆွဲ၍ ထမ်းလာကြသည်။ ထိုအထဲတွင် ဆိတ်အုပ်များ၊ နွားအုပ်များကလည်း ယာဉ်ရထားတွေ ကြားထဲတွင် ဖြတ်နေကြသေးသည်။ တစ်ခါတစ်ရံတွင် ဆိတ်များ၊ နွားများသည် ကားသံများကြောင့် ကြောက်လန့်ကာ ခြေဦးတည့်ရာသို့ ထွက်ပြေးကြသည်။ “တိရစ္ဆာန်တွေ ဘယ်လောက်များ ကြောက်လိုက်ကြမလဲ” ဟု တွေးမိရင်း ဟာစရီပါးသည် တောကအလှ၊ တောကအေးချမ်း ငြိမ်သက်မှုကို လွမ်းလာသည်။

တံတားတစ်ဖက်တွင်မူ ယာဉ်ရထားများသည် ပို၍ပင် ရှုပ်ထွေးများပြားလာသည်ဟု ထင်ရ၏။ ထိုစဉ် ဟာစရီပါးသည် လူနှစ်ယောက်တင်၍ ဆွဲလာသော လန်ချားကို မြင်လိုက်ရသည်။ “အလိုလေး၊ ကာလကတ္တားမှာ လူမြင်းတောင်ရှိပါကလား” ဟု အောက်မေ့လိုက်မိ၏။ ဟာစရီပါး တစ်သက်တွင် လန်ချားကို ပထဦးဆုံး မြင်ဖူးခြင်းပေတည်း။

ဈေးကြီးနားသို့ နီးလာသည့်နှင့်အမျှ လူတွေ၊ ပစ္စည်းတွေ၊ ကုန်တွေကို တင်လာသည့် လန်ချားများကို တွေ့လာရသည်။ ဟာစရီပါးသည် လန်ချားများကို ငေးကြည့်ရင်း သူတို့မိသားစု စားဝတ်နေရေးအတွက် လန်ချားဆွဲလျှင်
ကောင်းမည်လောဟု စဉ်းစားကြည့်သည်။ သူ့တွင် လန်ချားဆွဲနိုင်လောက်အောင် အားရှိပါမည်လော မဆိုနိုင်။

ဘာရားဘဇားခေါ် ဈေးကြီးသည် လူတွေ ပြည့်ကျပ်နေသည့် နေရာတစ်ခုဖြစ်သည်။ တိုက်တွေကလည်း အမြင့်ကြီးတွေ။ သည်လောက်မြင့်သည့် အဆောက်အအုံကြီးတွေ ပြိုကျမသွားဘဲ မားမားကြီးရပ်နေအောင် မည်သို့များ
ဆောက်ထားကြလေသည်မသိ။ လမ်းကျဉ်းကလေးတွေ၊ လမ်းကြားကလေးတွေ၊ လမ်းမြှောင်ကလေးတွေထဲတွင်လည်း ဈေးဆိုင်ကလေးတွေ၊ တိုက်ဆိုင်ကြီးတွေ၊ အလုပ်ရုံကြီးတွေနှင့် ပြည့်နှက်လျက်ရှိရာ တဝီဝီအလုပ်လုပ်နေသော ပျားအုံကြီးတစ်အုံနှင့် တူနေသည်။ လမ်းမပေါ်တွင်လည်း လက်ကောက်ကလေးများ၊ ဆွဲကြိုးကလေးများ၊ ပန်းများကို ရောင်းနေသူများနှင့် ပြည့်နေသည်။ ကလေးငယ်များက တောင်လိုပုံနေသော ဘင်္ဂလားနှင်းဆီပွင့်ကြီးများ၊ စံပယ်ပန်းများ၊ အိန္ဒိယရွှေဒင်္ဂါးပန်းများနောက်တွင် ထိုင်ကာ အဖူးကလေးတွေ၊ အငုံကလေးတွေကို ရွေးပြီး စပါးအုံးမြွေလုံးပတ်လောက်ရှိသည့် ပန်းကုံးကြီးများကို သီနေကြသည်။ သူတို့လည်တွင်လည်း ရွှေကြိုးကလေးများဖြင့် သီထားသည့် ပန်းကုံးများကို ဆင်ထားကြ၏။

ပန်းရနံ့တွေက မွှေးလွန်းသဖြင့် ဟာစရီပါးသည် မအောင့်နိုင်တော့ဘဲ သျှီဝနတ်ဘုရားကိုတင်ရန် ပန်းဆယ်ပြားဖိုးဝယ်သည်။ လမ်းထောင့်တစ်နေရာတွင် သျှီဝနတ်ကွန်းကလေးတစ်ခုကို သူတွေ့ ရသည် မဟုတ်လော။ ဟာစရီပါး သည် နတ်ကွန်းရှေ့တွင် ရပ်လိုက်ကာ သူတို့ရွာက ကောင်လေးကို မြန်မြန် ရှာတွေ့အောင် မှိုင်းမဖို့ ဆုတောင်း၏။

ထို့နောက်တွင် ဟာစရီပါးသည် ဆိုင်တန်းကြီးတစ်တန်းနားသို့ ရောက်လာသည်။ ထိုဆိုင်တန်းကြီးမှာ အခြားမည်သည့်ပစ္စည်းကိုမျှ မရောင်းဘဲ ပုလင်းကလေးတွေ၊ ဖန်ပြွန်ကလေးတွေဖြင့် ထည့်ထားသည့် ရေမွှေးများကိုသာ
ရောင်းသည့်ဆိုင်များဖြစ်သည်။ ထို့နောက် အမိုးမိုးထားသည့်ရုံထဲသို့ ရောက်လာ၏။ သည်နေရာတစ်ဝိုက်မှာ ဖန်ထည်များ၊ ရွှေထည်များနှင့် ကျောက်မျက်ရတနာများကို ရောင်းသည့် ဆိုင်တန်းများဖြစ်သည်။ ဟာစရီပါးသည် သူ့မျက်လုံးကိုပင် မယုံနိုင်။ ရွှေထည်များသည် သံတိုင်နောက်ကွယ်တွင်ရောက်နေသည့် အကျဉ်းသားများလို သူတို့ပစ္စည်းတွေထားရာ ကြက်တူရွေးလှောင်အိမ်လို ဆိုင်ကလေးများထဲတွင် အစီအရီ ထိုင်နေကြ၏။ လှပသည့်ဆာရီများကို ဝတ်ထားသည့် အမျိုးသမီးများက သံတိုင်များအနီးတွင်ကပ်ကာ ဈေးဝယ်နေကြသည်။

ကျောက်မျက်ရတနာသည်များသည် သူတို့မီးခံသေတ္တာကြီးများကို ဖွင့်လိုက် ပိတ်လိုက်ဖြင့် အလုပ်များနေကြသည်။ ချိန်ခွင်ကလေးများဖြင့် သွက်လက် ဖျတ်လတ်စွာ ချိန်တွယ်နေကြသည်။ ဆာရီ အစုတ်စုတ် အပြတ်ပြတ်ဖြင့် သံတိုင်နားသို့လာ၍ ကြည့်နေကြသည့် အမျိုးသမီးများကိုလည်း တွေ့ရ၏။ သူတို့ရွာမှာကဲ့သို့ ကာလကတ္တားတွင်လည်း ရွှေသည်များသည် ရွှေပေါင်ခံကြဟန်တူသည်။ 

ရွှေဆိုင်တန်းအလွန်တွင် ဆာရီဆိုင်တန်းကြီး ရှိလေသည်။ ထိုနေရာတစ်ဝိုက်တွင် အမျိုးသမီးများသည် လှပစွာ ဖြန့်ခင်းထားသည့် ဆာရီများကို ကြည့်နေကြသည်။ အထူးသဖြင့် မင်္ဂလာဆောင် သတို့သမီးဝတ်စုံများ  ရောင်းသည့်ဆိုင်ရှေ့တွင် လူတွေ ကြိတ်ကြိတ်တိုးနေကြသည်။ ထိုဆိုင်များမှ ဆာရီများမှာ တစ်ထည်လုံး ရွှေစင်းတွေ အိနေသည်။

ထိုနေ့က နေပူလွန်းသဖြင့် ရေသည်များမှာ ဂလိုင်ကလေးတွေ လှုပ်ကာ ရေရောင်း၍ မလောက်အောင်ဖြစ်နေသည်။ ဟာစရီပါးသည် ရေဆာလာသဖြင့် ရေငါးပြားဖိုး ဝယ်သောက်လိုက်၏။ အထုပ်အပိုးတွေကို ထမ်းလာသည့် ကူလီတစ်ယောက်ကို မြင်တွေ့တိုင်း သူတွေ့လိုသည့် ကောင်လေးကို မေးမြန်းကြည့်၏။ ထိုမျှများပြားလှသော လူအုပ်ကြားထဲတွင် သူတွေ့လိုသည့် သူတို့ရွာက ကောင်လေးကို တွေ့ဖိုဆိုသည်မှာ နတ်သိကြား ဆင်းလာ၍ ရှာပေးမှသာ တွေ့နိုင်ပေလိမ့်မည်။ သို့တိုင်အောင် ဟာစရီပါး အားမလျှော့။ သူတို့ရွာက ကောင်လေးကို ညနေမိုးချုပ်အထိ လည်ရှာသည်။ ဈေးကြီးထဲမှာ ခြေကျင်လျှောက်ရှာနေရခြင်းသည် တစ်တုံးထွန် လယ်တစ်ကွက်ကို လုပ်ရသည်ထက် ပင်ပန်းသည်ဟု သူထင်သည်။ ပင်ပန်းလွန်းမက ပင်ပန်းလာသည့်အခါ၌ ဟာစရီပါးသည် ငှက်ပျောသီး ငါးလုံးကို ဝယ်ကာ ဟိုမေးသည်မေးဖြင့် တံတားကြီးဆီသို့ ပြန်လာခဲ့၏။

ကလေးတွေက ငတ်နေသည့် စာကလေးတစ်အုပ်လို ငှက်ပျောသီးကို မြင်သည်နှင့် သူ့ဆီသို့ ပြေးလာကြသည်။ ထိုနေ့ည၌ သူတို့မိသားစုသည် ဘူတာရုံထဲက သမံတလင်းပေါ်မှာပင် အိပ်ကြရ၏။ ထိုညက ပုလိပ်တို့ ဘူတာကို လာရောက် ရှင်းလင်းခြင်း မပြုသဖြင့် ကံကောင်းသည်ဟုပင် ဆိုရလိမ့်မည်။

နောက်တစ်နေ့ မနက်တွင် ဟာစရီပါးသည် သားကြီး မာနူးကို ခေါ်ကာ ဘာရားဘဇားဈေးကြီးထဲတွင် မနေ့က မရောက်ခဲ့သေးသည့်အပိုင်းဘက်သို့ လာခဲ့ပြန်သည်။ ထိုနေရာမှာ ဒန်အိုးတန်းနှင့် သံဖြူတန်းဖြစ်၏။ ထို့နောက် ဘီဒီဆေးလိပ်တွေ လိပ်သည့် ဆေးလိပ်တန်းသို့ ရောက်လာခဲ့ပြန်သည်။ ထိုနေရာတွင် ကိုယ်အထက်ပိုင်း ဗလာကျင်းနေသည့် အလုပ်သမားများသည် ဘီဒီဆေးလိပ်ကလေးများကို လိပ်နေကြသည်။ သူတို့ ဆေးလိပ် လိပ်နေသည့် ဆိုင်ခန်းကလေးများမှာ မှောင်လျက်ရှိသဖြင့် သူတို့မျက်နှာများကို သဲကွဲစွာ မမြင်ရ။ ဟာစရီပါးသည် သူ့စကားကို အဖက်လုပ်၍ နားထောင်မည့်သူတစ်ဦးကို တွေ့သည်နှင့် သူတို့ရွာက ကောင်လေး၏အမည်နှင့် ပုံပန်းသဏ္ဌာန်ကို ပြောပြကာ စုံစမ်းကြည့်သည်။ သို့ရာတွင် ကောက်ရိုးပုံထဲတွင် ဆန်တစ်စေ့ကို လိုက်ရှာနေသည့်နှယ် မည်သို့တွေ့နိုင်မည်နည်း။ သူပြောသည့် ရုပ်မျိုးရှိပြီး သူပြောသည့် နာမည်ဖြစ်သည့် ပရမ်းကူးမားဆိုသည့်ကူလီတွေ ရာချီရှိပြီး ရှိပေလိမ့်မည်။ 

ထိုနေ့ညနေတွင်လည်း ဟာစရီပါးသည် ငှက်ပျောသီး လေး ငါးလုံး ဝယ်၍ ပြန်ခဲ့သည်။ ပါသမျှကလေးကို သူတို့နှင့်အတူနေသည့် ဘီဟာကမိသားစုကို ခွဲဝေပေးလိုက်ရသေးသည်။

တတိယနေ့ လွန်မြောက်သည့်နောက်တွင်မူ ဟာစရီပါးတွင် ပိုက်ဆံလည်း မရှိတော့ပြီ။ ငှက်ပျောသီးလည်း မဝယ်နိုင်တော့ပြီ။ ဤတွင် ဟာစရီပါးသည် မာနကြီးသော လယ်သမားတစ်ယောက် မလုပ်သည့် အလုပ်တစ်ခုကို လုပ် လိုက်ရ၏။ ဘူတာကြီးရှိ သူ့စခန်းသို့ မပြန်မီတွင် ဟာစရီပါးသည် လမ်းဘေးတွင် တွေ့သမျှ သစ်သီးခွံများနှင့် သစ်သီးအပဲ့များကို ကောက်လာခဲ့သည်။

“ညနေပိုင်းတုန်းက ငါ့မိန်းမက သမီး အမ္မရစ်တာကို ဘူတာရုံအဝင်ဝမှာ သွားပြီးတောင်းဖို့ ပြောနေသံကြားတယ်၊ သမီးကလေးက ငိုနေလေရဲ့၊ သူတို့အမျိုးက လယ်သမားတဲ့၊ သူတောင်းစား မဟုတ်ဘူးတဲ့”

ဟာစရီပါးတို့မိသားစုသည် ထိုမျှ အောက်တန်းကျသည့်အလုပ်ကို မလုပ်နိုင်။ သို့ဖြင့် သူတို့မိသားစုသည် တစ်နေ့နှင့်တစ်ည ထိုင်၍ ငုတ်တုတ် အငတ်ခံကြသည်။ သို့ရာတွင် မနက်လင်းသည့်အခါတွင်မူ သူတို့သမီးလေးနှင့် သားနှစ်ယောက်ကို ဘူတာရုံအပေါက်ဝသို့ လွှတ်လိုက်ကြ၏။ ထိုနေရာတွင် လူချမ်းသာခရီးသည်တို့သည် ကိုယ်ပိုင်ကားများ၊ တက္ကစီများပေါ်မှ ဆင်းလာတတ်ကြသည် မဟုတ်လော။

ဟာစရီပါးကား စိတ်ပျက်လက်ပျက်ဖြင့် ဘာရားဘဇားသို့ထွက်၍ ရှာပုံတော်ဖွင့်မြဲဖွင့်သည်။ သံဆိုင်ကြီးတစ်ဆိုင်ရှေ့တွင် ရပ်ထားသည့် ချယ်ဂါရီပေါ် သို့ သံချောင်းလုံးကြီးများကို တင်နေကြသည်။ ထိုအထဲမှ ကူလီတစ်ယောက် သည် သွေးတွေတပွက်ပွက် ထိုးအန်နေသည်ကို မြင်ရ၏။ သူ့အဖော် ကူလီက သူ့ကိုတွဲ၍ တစ်နေရာတွင် အထိုင်ခိုင်းသည်။ ကူလီ၏မျက်နှာမှာ လူသေမျက်နှာကဲ့သို့ သွေးမရှိတော့ပြီ။ ထိုစဉ် သံဆိုင်ပိုင်ရှင်က ယခုထက်ထိ ချယ်ဂါရီ မထွက်ရသေးသည့်အတွက် ကူလီများကို ဆဲဆိုကြိမ်းမောင်းနေသည်။

ဟာစရီပါးသည် သူ့အနီးသို့ ပြေးလာကာ နေမကောင်းသည့် ကူလီအစား သူဝင်၍လုပ်မည်ဖြစ်ကြောင်း ပြော၏။ ဆိုင်ရှင်သည် အတန်ကြာ စဉ်းစားနေ၏။ သို့ရာတွင် သူ့ကုန်ကို အချိန်မီ ပို့ရမည်။ ထို့ကြောင့် ဟာစရီပါးကို ငွေသုံးကျပ်ဖြင့် ငှားလိုက်သည်။ လုပ်ခကို သွားပို့ပြီး ပြန်လာမှ ပေးမည်ဟု ဆို၏။

ဟာစရီပါးသည် ဝမ်းသာအားရ အခြားကူလီများနှင့်အတူ သံချောင်းလုံး အစည်းကြီးကို ဝင်၍ ထမ်းသည်။ သူတို့ သွားပို့ရမည့်နေရာက အဝေးကြီး။ တံတားကြီးကိုဖြတ်၊ ဘူတာကြီးကို ကျော်ပြီးမှ ရောက်မည်။ ဆိုင်ပိုင်ရှင်သည် ခရီးအကွာအဝေးကိုမူ ဟာစရီပါးကို ပြောပြခြင်းမပြု။

အလုပ်သမားများသည် လေးလံလှသည့် သံချောင်းလုံးအစည်းကြီးများကို ချယ်ဂါရီပေါ်တွင်တင်၍ တွန်းလာခဲ့ကြသည်။ ကုန်းအတက် တစ်နေရာသို့ ရောက်သည့်အခါတွင် ထိုသံလုံးချယ်ဂါရီကြီးကို မတွန်းနိုင်တော့။ ရှေ့ကဆွဲသူ လည်း မဆွဲနိုင်တော့။ ဟာစရီပါးသည် ချယ်ဂါရီကြီး တွန်းရင်း သူ့လည်ပင်းရှိ သွေးကြောများ ပေါက်ကွဲထွက်ကုန်သည်ဟုပင် ထင်ရသည်။ လမ်းပေါ်တွင် ကန့်လန့်ကြီး ဆီးပိတ်နေသဖြင့် ပုလိပ်တစ်ယောက်က နံပါတ်တုတ်တစ်ချောင်းဖြင့် အနားသို့ ရောက်လာကာ ရိုက်မည်တကဲကဲ လုပ်နေသည်။

“ဟေ့ကောင်တွေ မြန်မြန်တွန်း” ဟု မော်တော်ကားဟွန်းသံများ ဖုံးသွားအောင် အသံကုန်ဟစ်သည်။ ဤတွင် သူတို့အထဲမှ အသက်အကြီးဆုံး ကူလီတစ်ယောက်က ချယ်ဂါရီဘီးကို ပခုံးဖြင့် နောက်မှထမ်းတွန်းရင်း အခြားသူများကိုလည်း သူ့လိုတွန်းရန် အော်သည်။

ညနေစောင်းတော့ ဟာစရီပါး အားကုန်လှပြီ။ သို့ရာတွင် သည်လုပ်ခသည် သူပထမဆုံးရသည့် လုပ်ခဖြစ်သည်။ သူ့မယားနှင့် သားသမီးတွေကမူ တအံ့တဩဖြစ်နေကြလိမ့်မည်။ သို့ရာတွင် သူပျော်သည်။ ညနေမိုးချုပ်တွင် ဟာစရီပါးသည် ဝမ်းသာအားရဖြင့် ဘူတာရုံစခန်းသို့ ပြန်လာခဲ့၏။ သို့ရာတွင် အံ့ဩရသူမှာ သူ့မိသားစုမဟုတ်၊ သူကိုယ်တိုင်ဖြစ်နေသည်။ ဘူတာရုံသို့ ပြန်ရောက်သည့်အခါတွင် သူ့မိသားစုကို အစအနမျှပင် မတွေ့ရတော့။ သူတို့နှင့်အတူနေသည့် ဘီဟာက မိသားစုလည်း မရှိတော့။ ဟာစရီပါးသည် အနီးတဝိုက်သို့ လိုက်ရှာ၏။ နောက်ဆုံးတွင် ဘတ်စ်ကားဂိတ်ဆုံး အနီးက တာရိုးပေါ်တွင် သွားတွေ့ရသည်။

“ပုလိပ်ကလိုက်လို့ ပြေးလိုက်ရတာ မပြောပါနဲ့တော့တော်၊ နောက်တစ်ခါ ဒီနေရာကိုလာရင် ထောင်ထဲထည့်မယ်တဲ့” ဟု သူ့ဇနီး အာလောက က မျက်ရည်စမ်းစမ်းဖြင့် ပြောသည်။

သူတို့တွင် သွားစရာမရှိတော့။ သူတို့မိသားစုသည် တံတားကြီးကို ဖြတ်လာကာ ခြေကျင်လျှောက်နေကြသည်။ မှောင်၍ ညဉ့်ပိုင်းရောက်လာသည့်တိုင် မြို့တော်ကြီးထဲတွင် လူတွေ ဥဒဟို သွားလာနေကြဆဲ။ ပိုးပရွက်တွေလို တစ်ဦးကိုတစ်ဦး တိုးဝှေ့သွားနေကြသည့် လူအုပ်ကြီးထဲတွင် တလှုပ်လှုပ်သွားနေရသည့်အတွက် စိတ်လည်းညစ်လှပြီ၊ မောလည်းမောလှပြီ။ နောက်ဆုံးတွင် သူတို့မိသားစုသည် မြို့လယ်ခေါင်တစ်နေရာသို့ ရောက်လာကြ၏။ 

အာလောက မှာ ဆာရီကြီး တလွှားလွှားဖြင့် သားအငယ်ဆုံးကို ခါးထစ်ခွင်ချီထားသည်။ သမီးကို လက်တစ်ဖက်က ဆွဲထားသည်။ အကြီးကောင်မာနူးက ရှေ့မှ သူ့အဖေနှင့် လျှောက်သည်။ လူချင်းကွဲသွားမည်စိုးသဖြင့် မကြာခဏလှမ်း၍ခေါ်ရသည်မှာလည်း အမောပင်။ လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဘာဘူစောင်တွေ ခေါင်းမြီးခြုံ အိပ်နေသူများကိုလည်း အများအပြားတွေ့ရ၏။ သူတို့ကို ကြည့်ရသည်မှာ အလောင်းတွေကို စီချထားသည်နှင့် အတူတူ။ 

ပလက်ဖောင်းတစ်နေရာတွင် နေရာလွတ်ကလေးတစ်ခုကို တွေ့လိုက်ရသည်နှင့် ဟာစရီပါးသည် အမောဖြေနားရန် ရပ်လိုက်သည်။ သူတို့အနီးတွင်လည်း သူတို့လို နားနေသည့် မိသားစုတစ်စုကို တွေ့ရသည်။ အမေလုပ်သူက ခရီးဆောင် မီးဖိုကလေးတစ်လုံးကို ပလက်ဖောင်းပေါ် တွင်ချပြီး ချာပါတီလုပ်နေသည်။ သူတို့မိသားစုမှာ မဒရပ်နယ်မှ ရောက်လာကြခြင်းဖြစ်၏။ ဟိန္ဒူစကားအနည်းငယ် ပြောတတ်သဖြင့် ကံကောင်းသည်ဟု ဆိုရမည်။ ဟာစရီပါးကလည်း ဟိန္ဒူလို နည်းနည်းပါးပါး တတ်သည်။ စကားပြောကြည့်သည့်အခါ သူတို့လည်း ရွာမှ ကာလကတ္တားတံလျှပ်မြို့ကြီးသို့ ထွက်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရ၏။ 

သူတို့က ချာပါတီကလေးကို ကျွေးပြီး သူတို့အနားတွင် စခန်းချရန် နေရာကလေး ဖယ်ပေးသည်။ ဟာစရီပါးသည် သူတို့တစ်တွေ၏ ဖော်ရွေရက်ရောမှုကို ကြည့်ပြီး ဝမ်းသာသွား၏။ အလုပ်ရှာနေစဉ်တွင် သူတို့နှင့်အတူ သားမယားများကို စိတ်ချလက်ချ ထားနိုင်လေပြီ။ ထိုနေ့ညတွင် ဟာစရီပါးသည် ပြင်းထန်သည့်သင်ခန်းစာတစ်ခု ကို ရလိုက်သည်။

“လူမဆန်တဲ့ ဒီမြို့ကြီးထဲမှာ လူတွေ အလုပ်လုပ်ရင်း သေသွားတာကို မြင်​နေပါလျက် သူတို့နေရာမှာ အလုပ်ကလေး တစ်ခုရအောင် မရှာနိုင်ဘူးဆိုရင် လဲပြီးသေဖို့ပဲ ကောင်းတော့တယ်” ဟု သူအောက်မေ့မိသည်။

အပိုင်း(၅)ဆက်ရန်
----------------------
#မြသန်းတင့်

Post a Comment

0 Comments