ဗိုလ်နေဝင်းဇာတ်လမ်းရှုပ်သမျှ - ကြေးမုံဦးသောင်း (အပိုင်း‌ ၂ ခ)

#ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ

၂။ နိဒါန်း

အပိုင်း(၂)

ဤစာအုပ်ကို ရေးသားရာတွင် (၁) မိမိကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဗိုလ်နေဝင်းနှင့် သိရှိရင်းနှီးခဲ့ရစဉ်က လေ့လာချက်များ၊ သူ့အား မကြာခဏ တွေ့စဉ်က ပြောကြားချက်များ၊ (၂) ဗိုလ်ကြည်ဝင်း စသော ထိုခေတ်က ထိပ်သီးစစ်ဗိုလ် မိတ်ဆွေကြီးများ၏ ပြောကြားချက်များ၊ (၃) ယနေ့တိုင် တရုတ်ပြည်၌ အနားယူနေသူ ဗိုလ်မှူးချုပ် ကျော်ဇောအား သတင်းကွန်ခြာမှ တဆင့် ဆက်သွယ်မေးမြန်း ရရှိချက်များ၊ (၄) သက်သေသက္ကာရ ခိုင်လုံစွာ မပြနိုင်စေကာမူ ပတ်ဝန်းကျင် အချက်အလက် သက်သေများအရ မှန်ကန်သည်ဟု ယူဆရသည့် အချက်အလက်များနှင့် (၅) ရရှိနိုင်သမျှ မြန်မာ၊ အင်္ဂလိပ်နှင့် ဂျပန်မှ ဘာသာပြန်သော စာအုပ်စာတမ်းများအပြင် အထူးသဖြင့် ဗိုလ်နေဝင်း၏ ပြောချက်များကို အတိအကျ မှတ်တမ်းတင်ထားသော ဒေါက်တာမောင်မောင်၏ မြန်မာပြည်နိုင်ငံရေးသမိုင်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်းစာအုပ်ပါ အချက်အလက်များကို မှီငြမ်းပြုကာ ရေးသားပေသည်။

ဆရာမောင်မောင်၏ စာအုပ်ကို မှီငြမ်းပြုသည်ဟု ဆိုစေကာမူ ထိုစာအုပ်ပါ အချက်အလက်များကို အမှန်အဖြစ် မှီငြမ်းသည်မဟုတ်ဘဲ စာအုပ်ထဲတွင် မမှန်မကန် ရေးသားသည့် အချက်အလက်များကိုယူ၍ မမှန်ကြောင်း သက်သေထူကာ အမှန်ကို ပြင်ဆင် တင်ပြမည်ဖြစ်ပေသည်။

ဥပမာအားဖြင့် ဆရာမောင်မောင်၏စာအုပ်တွင် ဗိုလ်နေဝင်းသည် အလွန်တရာ နူးညံ့သိမ်မွေ့သူ၊ ညင်သာသူ၊ လက်အောက်ငယ်သား ရဲဘော်များကို အထူးသက်ညှာသူအဖြစ် ကြိမ်ဖန်များစွာ သရုပ်ဖော်ရေးသားခဲ့လေသည်။ ဤအချက်သည် မှားသည်။ ဗိုလ်နေဝင်းသည် အမျက်ဒေါသ ကြီးမားသည်။ ဒေါသကို မထိန်းနိုင်သဖြင့် မကြာခဏ လက်လွန်ကိုယ်လွန်ဖြစ်ခဲ့သည်။ နိုင်သူကို ထိုးကြိတ်လေ့ရှိသည်။ 

“စစ်ဗိုလ်တွေ ရာထူး ဘယ်လောက်မြင့်ပေစေ၊ ဗိုလ်ချုပ်ကြီးက စိတ်မထင်လျှင် လူရှေ့မရှောင် သူရှေ့မရှောင် ပါးကိုရိုက်လေ့ရှိတော့ သူ့ရှေ့မှာ ပြောမှားဆိုမှား မရှိအောင် အထူးသတိထားရတယ်”ဟု စစ်ဗိုလ်ကြီးတဦးက ပြောဖူးသည်။

မြို့မကျောင်းအုပ်ကြီး ဦးဘလွင်၏သား အမေရိကန်သံရုံးမှ ပြန်ကြားရေးအရာရှိ ဦးကျော်ငြိမ်းသည် ဗိုလ်နေဝင်းတက်သော သံရုံးဧည့်ခံပွဲများတွင် ဗိုလ်နေဝင်းနှင့် အဝေးဆုံးနေရာသို့ ရောက်အောင် ရှောင်ဖယ်ရှောင်ဖယ်နေသည်ကို သတိပြုမိသဖြင့် မေးမိသည်။ 

“ဂျပန်ခေတ်က ကားပြင်ဆိုင်မှာ ဆုံဖူးတယ်၊ စစ်ဗိုလ်ကြီးဖြစ်နေပြီပေါ့၊ သူလာတဲ့အချိန်မှာ သူ့ရဲ့ကားကို ပြင်တဲ့စက်ဆရာက ကားစက်စမ်းထွက်နေလို့ သူ ခဏစောင့်နေရတယ်။ စက်ဆရာလည်း ပြန်လာရော ကားပေါ်က ဆွဲချပြီး၊ ဘယ်ပြန် ညာပြန်ရိုက်တာကြောင့် မြေကြီးက မထနိုင်ရှာဘူး။ အဲဒီကတည်းက သူ့မျက်နှာကို မကြည့်ရဲ မကြည့်ချင်တာမို့ သူနဲ့ဝေးနိုင်သမျှ ဝေးအောင် ရှောင်မိတာပါ”ဟု ဖြေရှာသည်။

စာရေးသူ မျက်မြင်ကိုယ်တွေ့မှာ ၁၉၅၇ ခုနှစ်က လင်ကြီးလက်ရှိဖြစ်သော ဒေါ်ခင်မေသန်းနှင့် လက်ထပ်စဉ်က သတင်းထောက်တစုနှင့် သတင်းအရ ဆေးရုံကြီးတွင်ရှိသော ဒေါက်တာဘသန်း၏အိမ်အနီးသို့ သွားခဲ့မိသည်။ သတို့သား ဗိုလ်နေဝင်းနှင့် သတို့သမီး ဒေါ်ခင်မေသန်းတို့ အိမ်ဝင်းမှထွက်လာသောအခါ နေရှင်းသတင်းစာ သတင်းထောက် လာဇရိုးက “ကောင်းချီးပေးပါတယ် ဗိုလ်ချုပ်”ဟု ပြုံးရွှင်စွာ နှုတ်ဆက်၍ သတင်းဓာတ်ပုံ ရိုက်လေသည်။ 

ဗိုလ်ချုပ်က ဒေါ်ခင်မေသန်းအား ဆွဲ၍ ကားတွင်းသို့ သွင်းလိုက်ပြီး လာဇရိုးထံသို့ အမြန်ပြန်လာသည်။ ထို့နောက် လာဇရိုး၏ကင်မရာကို လုယူ၏။ ဖလင်ကိုဖွင့်၍ နေရောင်ပြကာ ဖျက်ဆီးပြီးမှ ရိုက်ခွဲလိုက်လေသည်။ အံ့အားသင့်နေသည့် လာဇရိုးအား လည်ပင်းကို ညှစ်၍ဆွဲပြီး ပါးများကို ပြင်းထန်စွာ ရိုက်နှက်သည်။ လာဇရိုးခမြာမှာ ရက်သတ္တပတ်ခန့် ဆေးကုရရှာသည်။

ဗိုလ်နေဝင်း လက်သံပြင်းသည်ကို ဝန်ကြီးချုပ်ဦးနုလည်း မြင်ဖူးသည်။ ရန်ကုန်အလုံ၌ ကရင်ဗမာ ပြဿနာဖြစ်စဉ်က ကြက်သူခိုးတဦး ကိစ္စတွင် “ဗိုလ်နေဝင်းလည်း ဒေါသဖြစ်ဖြစ်နဲ့ ကြက်သူခိုးကို ဆုံးမလိုက်တာ အတော်နာတယ်”ဟု စနေသားစာအုပ်တွင် မှတ်တမ်းတင်ခဲ့သည်။

ဒေါက်တာမောင်မောင်က ဗိုလ်ချုပ်ကြီးမှာ များစွာ သိမ်မွေ့နူးညံ့ကြောင်း အကြိမ်ဖန်များစွာ စာဖွဲ့စေကာမူ ဗိုလ်နေဝင်း၏ဒေါသသည် ကမ္ဘာကသိသော ကမ္ဘာကျော်ဒေါသ ဖြစ်သည်။ ၁၉၇၂ ခု နာတာလူးပွဲတော်၏ သာယာလှပသော ညဉ့်ဦးယံတွင် ဖြစ်ပွားခဲ့သည်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အမြတ်အစွန်း ရရှိရေးအတွက် စီးပွားရေးဆန်သောလုပ်ငန်းများကို လုပ်ဆောင်ရမည်ဟု ဦးနေဝင်းက အမိန့်ပေးခဲ့သဖြင့် ကုန်သွယ်ရေးဝန်ကြီးဌာန ကော်ပိုရေးရှင်း အမှတ် (၂ဝ) ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းက နာတာလူး ကပွဲသဘင်ကို အင်းယားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည်။ ထိုစဉ်က ဟိုတယ်ကြီးမှာ ကျီးနှင့် ဖုတ်ဖုတ်ခြောက်ကပ်နေကာ တည်းခိုမည့်သူမရှိသဖြင့် အမြတ်အစွန်း အနည်းငယ် ရရှိရန် စီစဉ်သည်။ ဝင်ကြေးမှာ စုံတွဲတစ်တွဲ ၅ဝိ၊ အရက်ရောင်းသည်။ညဉ့်စာ ရောင်းသည်။ 

ဆိုရှယ်လစ်ခေတ်ကြီးတွင် ပွဲလမ်းများ ရှားပါးသဖြင့် အင်းယားလိတ်ဟိုတယ်မှ နာတာလူးပွဲမှာ စည်ကားလှသည်။ဘင်ခရာဆိုင်း တခြိမ့်ခြိမ့်တွင် ရွှေနဂျီက ဘောက်ဖတ်ကိုချီသည့် အလား၊ အဖိုက အမကို တွဲကာ ပွေ့ကာ၊ အမက အဖိုကို ပွေ့၍ဖက်၍ တငြိမ့်ငြိမ့် ကပြနေကြသည်မှာ သာယာလှတော့သည်။

ထိုစဉ်ခိုက်တွင် ဒုံးရိုက်ကာ မောင်းနှင်လာသော ဂျစ်ကားတစင်းသည် ဟိုတယ်တံခါးထိပ်သို့ ဝုန်းခနဲ ဆိုက်ရောက်လာသည်။ ကားပေါ်မှ စပို့ရှပ် အင်္ကျီအဖြူ၊ ဘောင်းဘီအတို အဖြူကို ဝတ်ဆင်ထားသော သမ္မတကြီး ဦးနေဝင်း ခုန်ဆင်းလာသည်။ ဝတ်စုံဖြူ ဝတ်စေကာမူ မျက်နှာမှာ ရဲရဲနီကာ နီနီရဲနေ၏။ထိုဂျစ်ကား၏နောက်မှ ဂျစ်ကားနှစ်စီးလိုက်လာသည်။ ဗိုလ်ကြီးအဆင့် စစ်စုံထောက်တဦးနှင့် လက်နက်ကိုင်စစ်သား ၆ ဦး ဆင်းလာကြသည်။ သူတို့တတွေသည် အကြောင်းဥဿုံကို သိရှာသူများ မဟုတ်၊ သမ္မတကြီး၏အသက်အန္တရာယ် လုံခြုံရေးအတွက် သမ္မတကြီးသွားလေရာ လိုက်လာရသူများ ဖြစ်ကြသည်။

ဦးနေဝင်းတွင် အမြဲပါလေ့ရှိသည့်အတိုင်း ခါးတွင် သေနတ်ထိုးထားသည်။ သူက သေနတ်ကိုမထုတ်ဘဲ ကပွဲခန်းမသို့ ဝင်ရောက်ကာ တီးဝိုင်းမှ ဘင်ကြီးကို ခြေထောက်နှင့်ကန်ကာ ဖောက်ခွဲလိုက်သည်။ ဘင်ကြီး ပေါက်ကွဲသွားစေကာမူ နှဲခယာမှုတ်သူက ဆက်လက်၍ မှုတ်နေသဖြင့် ဦးနေဝင်းက နှဲခယာကိုဆွဲကာ ချိုးလိုက်သည်တွင် တီးဝိုင်းရပ်သွားသည်။ မည်သူမည်ဝါဟု မသိရှာသော တီးဝိုင်းသားတို့နှင့် ရှေ့တန်းတွင် ကနေကြသော စုံတွဲများမှ ယောက်ျားသားများက ဦးနေဝင်းကို ဝိုင်းကြသည်။ အားလုံးက မူးနေကြပြီဖြစ်ရာ ဦးနေဝင်းအား ထိုးသူက ထိုးသည်။ ခြေနှင့် ကန်ကျောက်လိုက်သူလည်း ရှိသည်။ ဦးနေဝင်းက ကန်သဖြင့် နိုင်ငံခြား သံအရာရှိတဦးမှာ ခွေလဲသွား၏။
ရုန်းရင်းဆန်ခတ် ကြာမြင့်စွာ မဖြစ်လိုက်ရဘဲ နောက်ကားများမှစစ်ဗိုလ်နှင့်စစ်သားများ ဝင်လာကာ သမ္မတကြီးကို ဝိုင်း၍ အကာအကွယ်ပေးကြသည်။ ရန်သူတို့အား ပြန်လည် ထိုးကျိတ်ကြသည်။ စစ်သားများကို တွေ့မြင်မှ ပရိသတ်က နောက်သို့ဆုတ်သွားခိုက် သက်တော်စောင့်များက သမ္မတကြီးကို ပြန်ခေါ်သွားကြရသည်။

ဦးနေဝင်း၏သမီးတော်တပါး ကပွဲသို့ သွားသဖြင့် အရက်နှင့်အမျက် ရောနှောထွက်လေသောကြောင့် ဘင်ဖောက်ရသည်ဟု သတင်းတစက ဆိုသည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သမ္မတကြီး၏ဒေါသသည် ကမ္ဘာကျော်သွားသည်။ အမေရိကန်တိုင်း(မ်)သတင်းဂျာနယ်က ထိုသတင်းကို ဖော်ပြရာတွင် Newinian Anger ဟု ဝေါဟာရသစ်နှင့် ဖော်ပြသဖြင့် အောက်စဖို့ဒ်အဘိဓာန်၌ စာလုံးသစ်တလုံး တိုးခဲ့လေသည်။

မိမိအပြစ်ကို တသက်လုံး ဝန်ခံလေ့မရှိသူ ဦးနေဝင်းက ဘင်ဖောက်ပွဲဖြစ်ရသည်မှာ ကုန်သွယ်ရေးဝန်ကြီး၏အပြစ်ဖြစ်သည်ဟု တရားခံရှာကာ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးစန်ဝင်းအား ရာထူးမှဖြုတ်ချခဲ့သည်။

ဒေါက်တာမောင်မောင်သည် မြန်မာ့သမိုင်းကို မှန်ကန်မျှတစွာ ပြုစုနိုင်ခဲ့သော မဟာပညာကျော်ဖြစ်သည်။ ဗိုလ်နေဝင်း၏သမိုင်းကို ရေးသောအခါတွင်မူ ဗိုလ်နေဝင်း စိတ်ကောင်းရှိကြောင်း၊ မိန်းမသနာ ဝါသနာမပါ ကင်းရှင်းကြောင်း စသည်ဖြင့် မဟုတ်မမှန်သည့် အချက်များကို ရေးသားသည်မှာ ဗိုလ်နေဝင်းအား များစွာကြောက်ရွံ့သော ငယ်ကြောက်ဖြစ်သောကြောင့် ဗိုလ်နေဝင်းပြောသမျှကို ရေးရရှာဟန်တူပေသည်။ မည်မျှ ကြောက်သနည်းဟုမူ......

၁၉၆၃ ခုနှစ်က တော်လှန်ရေးအစိုးရသည် တောတွင်းရှိ လက်နက်ကိုင်သူပုန်များအား ဖိတ်ခေါ်၍ ငြိမ်းချမ်းရေးဆွေးနွေးရာမှ ပျက်သွားသောအခါ မြို့ပေါ်ရှိ လက်ဝဲဝါဒီဟု ယူဆသူမှန်သမျှကို ဖမ်းဆီးလေသည်။ နိုဝင်ဘာ ၁၃ ရက်နေ့ညတွင် ကြေးမုံအယ်ဒီတာ ဦးခင်မောင်ရီနှင့် စာရေးသူ၏ အတွင်းရေးမှူး ဦးစိုးနိုင်ကို စတင်ဖမ်းဆီးသည်။ တဆက်တည်း လာရောက်ဖမ်းဆီးမည်မှာ သေချာသဖြင့် စာရေးသူသည် ညီတော်တဦးအိမ်သို့ သွားရောက်၍ ရှောင်တိမ်းခဲ့သဖြင့် လွတ်နေခဲ့သည်။

စစ်စုံထောက်များကလည်း စာရေးသူ ဆွေမျိုးညာတိမှန်သမျှ အိမ်တို့ကို စောင့်ကြည့်နေသဖြင့် ဝင်ဒါမီယာ စစ်ဗိုလ်ရပ်ကွက်၌ အိမ်ငယ်တလုံး ငှားကာ တောမှဆေးကုလာသူတဦးအဖြစ် ပုန်းရှောင်နေခဲ့သည်။ လေးလခန့် လုံခြုံစွာ ပုန်းအောင်းနေနိုင်သောအခါ ဗိုလ်နေဝင်းက တာဝန်ကျ စစ်စုံထောက်များကို ဆဲဆိုကြိမ်းမောင်းသည်ဟု သတင်းရသည်။ အစိုးရနှင့် စစ်တပ်နာမည်ပျက်သဖြင့် ဒေါသူပုန်ထနေလေသည်။ အကယ်၍ စာရေးသူ နိုင်ငံခြားသို့ ထွက်ပြေးလျှင် ပို၍အရှက်ကွဲလေမည်။ ဖမ်း၍လည်း မမိနိုင်သဖြင့် ဗိုလ်နေဝင်းက စာရေးသူထံသို့ လက်ကမ်းကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးရတော့သည်။

မတ်လထဲတွင် ဆရာဇဝနနှင့် လူထုဦးလှတို့အား အိမ်တော်သို့ ဖိတ်ခေါ်၍ ညစာဖြင့် ဧည့်ခံခဲ့သည်။ ထွေရာလေးပါး စကားပြောကြရင်း ဆရာဇဝနအား “ကိုသိန်း ခင်ဗျားလူက သတင်းစာကို ပစ်ထားတာကြာပြီ။ သတင်းစာမှာ အမှားတွေ တွေ့ရတယ်။ ဒီတော့ သတင်းစာကို ပြန်ကြည့်ပါစေ၊ သူ့ကို ဖမ်းဖို့ စာရင်းမပါဘဲနဲ့ ရှောင်နေတယ်၊ မဖမ်းချင်ပါဘူး။ သူ ဘယ်မှာ ပုန်းနေတယ်ဆိုတာ သိပါတယ်”ဟုပြောပြီး ပြည်ထဲရေးဝန်ကြီးထံ သွား၍တွေ့ပါစေဟု ပြောကြားသည်။

ထိုဧည့်ခံပွဲတွင် အပိုဧည့်သည်အဖြစ် တဦးတည်းတက်ရောက်သူ ဒေါက်တာမောင်မောင်က စာရေးသူအား ဘေးမဲ့ပေးသည်ကို ကြားရသဖြင့် ဗိုလ်နေဝင်း နောက်ဖေးနောက်ဖီ ထွက်ခိုက် “ကျွန်တော့် ယောက္ခမကြီးကိုလည်း ဖမ်းထားတယ်၊ လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီးကို ပြောပေးကြပါဦး”ဟု ဆရာဇ၀နင့် ဦးလှအား ပြောရှာလေသည်။ ဗိုလ်နေဝင်း ပြန်လာသောအခါ ဆရာဇဝနနှင့် ဦးလှတို့က စကားစပ်ကာ ဒေါက်တာမောင်မောင်၏ယောက္ခမကို လွှတ်ပေးရန် ပြောကြလေသည်။ 

ထိုအခါ ဗိုလ်နေဝင်းက ဒေါက်တာမောင်မောင်အား တအံ့တသြ ကြည့်၍ “ဟ မောင်မောင်ရဲ့ ၊ မင်းက နေ့တိုင်းလိုလို ငါနဲ့တွေ့နေတာဘာလို့ မပြောတာလဲ”ဟု မေးသည်။ ဒေါက်တာမောင်မောင်မှာ ဖြေဆိုရန် စကားလုံး မရှိသဖြင့် မဖြေနိုင်ဘဲ ငိုင်နေရှာသည်။ 

အရက်သောက်ထားသဖြင့် ထွေနေပြီ ဝေနေပြီဖြစ်သူ ဆရာဇဝနက မူးမူးနှင့် “ကြောက်လို့ပေါ့ဗျ ဟဲဟဲ”ဟု ရယ်သွမ်းသွေးမှ အားလုံး ဝိုင်းရယ်ကြရင်း ဣန္ဒြေကို ထိန်းနိုင်ကြသည်။ ထိုသို့ လွန်စွာကြောက်ရွံ့သူက ဗိုလ်နေဝင်းပြောသမျှတို့ကို မှတ်သား၍ ပြုစုရသည်ဖြစ်သဖြင့် ထိုစာအုပ်မှာ ဗောင်းတော်ညိတ် စိတ်တော်သိ စာအုပ်ကြီးသာ ဖြစ်လာခဲ့ရသည်။ 

ထိုကြောင့် ဒေါက်တာမောင်မောင်၏စာအုပ်ကြီးကို မှီးရာတွင် တနည်းအားဖြင့် ရှေးခေတ်ရာဇဝင်ကျမ်းများဖြစ်သော ငါးဆူဒါယကာမင်း အမှားတော်ပုံကျမ်းနှင့် ဟံသာဝတီမင်း အမှားတော်ပုံကျမ်းများကဲ့သို့ မှားခဲ့လေသမျှကို ပြင်ဆင်သည့် အမှားပြင်ဆင်ချက် ရာဇဝင်စာတမ်းစာအုပ်အဖြစ် ပြုစုရမည်ဖြစ်ပါကြောင်း။

(၃။ သခင် မဟုတ် အင်္ဂလိပ်စုံ​ထောက်သူလျှို) ဆက်ရန်
---------------------
#ကြေးမုံ ဦးသောင်း
ဇန်နဝါရီ ၁၊ ၂၀၀၁။

Post a Comment

0 Comments