ဗိုလ်နေဝင်းဇာတ်လမ်းရှုပ်သမျှ - ကြေးမုံဦးသောင်း (အပိုင်း ၃)

#ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ

၃။ သခင် မဟုတ် အင်္ဂလိပ်စုံထောက်သူလျှို

မောင်ရှုမောင်တယောက် နိုင်ငံရေးလောကသို့ ဝင်ရောက်လာပုံကို မြစ်ဖျားခံရန်အတွက် သူ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သောနှစ်က စတင်၍ မှတ်တမ်းတင်ရပေမည်။ တက္ကသိုလ်စရိတ်စကမှာ ကြီးမားသဖြင့် မောင်ရှုမောင်သည် မိဘတို့ထောက်ပံ့မှုအပြင် ဆွေမျိုးများ၏အကူကိုပါ ယူကာ ကျောင်းတက်ရသည်။ 

၁၉၂၉၊ ဇွန်လတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာသည်။ ထိုအချိန်က ဆရာဝန်များသည် ဝင်ငွေကောင်းကြသဖြင့် ငွေမက်သူ မောင်ရှုမောင်သည် ဝင်ငွေကောင်းသော ဆရာဝန်တဦးဖြစ်ရမည်ဟု ဦးတည်ချက်ထားခဲ့သည်။ ဆေးဘက်သို့ လိုက်မည်ဟု ဆုံးဖြတ်ကာ ဥပစာသိပ္ပံတန်းတွင် ပါဏဗေဒနှင့် အောင်မြင်ရန် အားထုတ်ခဲ့သည်။

သူ တက္ကသိုလ်သို့ရောက်နေချိန်တွင် မြန်မာပြည်တပြည်လုံး နိုင်ငံရေး နိုးကြားပြီဖြစ်ကာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ စတင်နေလေပြီ။ ၁၉၃၀ ပြည့်နှစ်တွင် ဥပဒေတန်းတက်ရန် တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိလာသည့် ကိုနု၊ ၁၉၃၂ ခုနှစ်တွင် ရောက်ရှိလာသော ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုရာရှစ်၊ ကိုကျော်ငြိမ်း၊ ကိုသိန်းတင် ခေါ် ညိုမြတို့ခေတ်တွင် ရန်ကုန်တက္ကသိုလ်၌ နယ်ချဲ့ဆန့်ကျင်ရေး၊ တော်လှန်ရေး လှိုင်းဂယက်များ ပြင်းထန်စွာ ထကြွလာလေသည်။ နိုင်ငံရေးအစည်းအဝေးများ ဆန္ဒပြပွဲများ စသည်တို့ အမြဲစည်ကား၍ ဆူပွက်နေလေ့ရှိသည်။

ဗြိတိသျှအစိုးရက အိန္ဒိယပြည်အုပ်ချုပ်ရေးအဆင့်အတန်းကို တိုးမြှင့်ပေးရန် စီစဉ်သောအခါ မြန်မာနိုင်ငံကို သိမ်းပိုက်စဉ်က အိန္ဒိယ၏ပြည်နယ်တခုအဖြစ် ထားရှိသည့်စာရင်းကို ရှင်းရန် လိုလာသည်။ အစိုးရက စုံစမ်းရေးကော်မရှင်ဖွဲ့ကာ စုံစမ်းသည်။ အဖြေမရသဖြင့် လူထုဆန္ဒ ရွေးကောက်ပွဲနှင့် ဆုံးဖြတ်ရန် အင်္ဂလိပ်အစိုးရက စီစဉ်ရသည်။ မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲမည်လော၊ တွဲနေမည်လော ဟူသော ခွဲရေး၊ တွဲရေး ပြဿနာသည် ဆူပွက်ငြင်းခုံမှု အကြီးဆုံးကိစ္စ ဖြစ်လာသည်။ ဦးဘဖေ၊ ဒေါက်တာဗမော် စသော မင်းတိုင်ပင်အမတ်များ၊ နိုင်ငံရေး ခေါင်းဆောင်များက ရန်ကုန်တက္ကသိုလ်အသင်းတိုက်သို့ လာရောက်ဟောပြောကြသည်။ ကျောင်းသားများက ပြန်လှန်မေးခွန်းထုတ်ကြသည်။ တက္ကသိုလ်တခုလုံး နိုင်ငံရေးဆွေးနွေး ငြင်းခုန်သံများနှင့် ဆူပွက်နေသည်။

မောင်ရှုမောင်သည် ထိုနိုင်ငံရေးလောကတွင် ပါဝင်ခြင်း၊ အစည်းအဝေးတက်ခြင်း မပြုဘဲ ကင်းရှင်းစွာ နေထိုင်သည်။ အခြားကျောင်းသားများ နိုင်ငံရေးနှင့် အလုပ်ရှုပ်နေချိန်များတွင် မိတ်ဆွေများ၏ကားကိုငှားကာ မြို့တွင်းသို့ သွားရောက်လည်ပတ်လေ့ရှိသည်။ တောဒေသမှ တက်လာသူ လူငယ်တဦးအဖို့ ရန်ကုန်မြို့သည် ကြည့်စရာ ရှုစရာ လည်ပတ်စရာ ပျော်စရာများ နေရာအနှံ့တွင် ရှိသည်။ ရန်ကုန်မြို့ရှိဟိုတယ်များသည် အရက်ကို အဓိကထားကာ ရောင်းချပြီး လောင်းကစားဒိုင်များလည်း ဖွင့်ထားကြသည်။ ထိုဒိုင်များနှင့် မြင်းပွဲတို့က လောင်းကစားဝါသနာမျိုးစေ့ရှိသူ ကိုရှုမောင်အား ဖိတ်ခေါ်သဖြင့် ကျောင်းသားဘဝကပင် ပွန်းတီးလာခဲ့သည်။ မူလဓာတ်ခံအရ လောင်းကစားဝါသနာ ကြီးမားလာသည်။ တနည်းအားဖြင့် ရန်ကုန် လူလည်တစ်ယောက် ဖြစ်စပြုလေပြီ။

“ကိုရှုမောင်တယောက်သည် ကျောင်းသားသမဂ္ဂတွင် ကျင်းပသော နိုင်ငံရေးဟောပြောပွဲများ၌ ဟောကြ၊ ပြောကြတာတွေ လေကုန်သည်၊ နားထောင်ရတာ နားညည်း၍ အချိန်ကုန်သည်၊ လည်ပတ်၊ ဘောလုံးကစား၊ စာဖတ်၊ လေ့လာစူးစမ်းရှာဖွေရန်ပင် အချိန်မလောက်”ဟု ဗိုလ်နေဝင်းပြော၍ ဒေါက်တာမောင်မောင်ရေး “မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း” စာအုပ်တွင် ရေးသားထားသည်။ ထိုစဉ်က ကျောင်းသားများတို့သည် ဝံသာနုစိတ်ဓာတ်ကို ပြသရန် ပင်နီဖျင်ကြမ်း ဝတ်ဆင်လေ့ရှိကြသည်ကို အသားယူ စတိုင်ထုတ်ကြသည်ဟု ကိုရှုမောင်က ယူဆသည်။ သူသည် အဝတ်အစားကို အမြဲ သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်သည်။ ရန်ကုန် မြင်းပွဲသဘင်မှာ လူကြီး လူကောင်းများ၏အသင်းဖြစ်သည်။ အပေါ်အင်္ကျီဝတ်ဆင်မှသာ မြင်းပွဲအသင်းသားများ၏ အဆောင်သို့ ဝင်ခွင့်ပေးသည်။ ပင်နီဖျင်ကြမ်း တိုက်ပုံအင်္ကျီကို လက်ခံမည်မဟုတ်ဟု စည်းကမ်းမသတ်မှတ်စေကာမူ ပင်နီကြမ်းကို ဝတ်ဆင်သူ မရှိ။ ပိုးတိုက်ပုံ အင်္ကျီအရှည်နှင့် အဖြူ (သို့မဟုတ်) သက္ကလတ်ကိုသာ ဝတ်ဆင်ကြသည်။

ငယ်စဉ်က ရှိနေခဲ့သော လောင်းကစားဝါသနာသည် ကောလိပ်ကျောင်းသို့ ရောက်ရှိပြီး ရန်ကုန်ရည်ဝကာ မြင်းပွဲနှင့် တွေ့ဆုံကာမှ ကြီးမားလာခဲ့သည်။ ပြည်မြို့အထက်တန်းကျောင်းသားဘဝကမူ ဖဲဝိုင်းများတွင်သာ လောင်းကစားခဲ့ရသည်။ မောင်ရှုမောင်သည် အတန်းထဲတွင် သင်္ချာတော်သဖြင့် ဖဲဝိုင်းတို့တွင် ပွဲကြီးပွဲကောင်းများ အနိုင်ရအောင် ရိုက်နိုင်လေ့ရှိသည်။

ဗိုလ်နေဝင်းသည် ဘာသာရေးတွင်လည်းကောင်း၊ နိုင်ငံရေးတွင်လည်းကောင်း ပြောနိုင်ဆိုနိုင်ရှိစေသည့် “ကိုယ်ခံ”အသိမှာ သူငယ်တန်းကာလက စခဲ့သည်။ ထိုခေတ်က ကလေးများထုံးစံအတိုင်း ရှင်သူငယ်အရွယ်တွင် ရှင်ပြုကာ သင်္ကန်းစည်းခဲ့သည်။ ပေါင်းတလည် ရွာဦးကျောင်းတိုက်မှ ဆေးနီဆရာတော်၏ကျောင်းတွင် သင်္ကန်းစည်းသည်။ အသားခပ်ဖြူဖြူ၊ တရုတ်သွေးပါသဖြင့် ဆရာတော်က သျှင်ဝိလာသဟု ဘွဲ့ပေးသည်။ ကိုရင်တင့်တယ်ဟု အဓိပ္ပာယ်ပေါက်၏။ ဆရာတော်သည် အင်းအိုင်ခါးလှည့် လက်ဖွဲ့များနှင့် ဂါထာမန္တရားကို ယုံကြည်သည်။ အင်းကွက်များကို ဟင်္သာပြဒါးနှင့် တကိုယ်လုံး ဆေးထိုးထားသဖြင့် ဆေးနီဆရာတော်ဟု ရွာသားများက ခေါ်ကြသည်။ 

ဗိုလ်နေဝင်းတယောက် ဗေဒင်ယတြာ ယုံကြည်လုပ်ဆောင်သည်မှာ ကိုရင်ဘဝက စ ခဲ့ဟန်တူ၏။ ကိုရင်ဘဝက ရှင်ကျင့်ဝတ် ဖောက်ဖျက်မှုများ ကျူးလွန်မိသောကြောင့် သဲဒဏ် ရေဒဏ်ခံရသည်လည်း ရှိ၏ဟု သူက မှတ်တမ်းတင်၏။ 

ရှင်လူထွက်ပြီး လောကဓာတ်ကျောင်းသို့ ပြောင်းသောအခါ အမျိုးသားကျောင်းတွင် နေခဲ့ရသဖြင့် ဆရာများ ဟောပြောသော မြန်မာ့နိုင်ငံရေးသမိုင်းကို ကြားဖူးနားဝ ရှိခဲ့သည်။ ၁၉၂ဝ ခုနှစ် ကျောင်းသားတော်လှန်ရေး သပိတ်ကြီး၏ အကျိုးဆက်အဖြစ် ပေါ်ထွန်းလာသော အမျိုးသားကျောင်းများသည် နယ်ချဲ့ဆန့်ကျင်ရေးကို ဦးစားပေး၍ သင်ပေးလေ့ ရှိသည်။

ရန်ကုန်တက္ကသိုလ်သို့ ရောက်သောအခါ လောင်းကစားမှ အားကစားအထိ ထူးချွန်အဆင့်ရှိသူ ဗိုလ်နေဝင်းသည် စာပေဘက်တွင်မူ အနုပညာနှင့် ဝေးကွာလှမ်းသူ ဖြစ်၏။ “ဗိုလ်ချုပ်ကြီးက ဘယ်စာအုပ်ကိုမှ အစအဆုံး ဖတ်လေ့မရှိပါ။ အစနည်းနည်း အလယ်နည်းနည်း အဆုံးနည်းနည်းသာ ဖတ်ပြီး အဲဒီစာအုပ်အကြောင်းကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တယ်”ဟု စစ်ဗိုလ်ကြီးတဦးက မှတ်မိ၏။ စာအုပ်စာပေ စကားပြောနိုင်သော်လည်း သူသည် မြန်မာစာပေရော၊ အင်္ဂလိပ်စာပေတို့ကိုပါ စိတ်ဝင်စားမှု မရှိ။

မောင်ရှုမောင် ကျောင်းသားဘဝခေတ်၌ တက္ကသိုလ်ပညာတတ် လူငယ်များက စာပေတော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။ ရှေးစာပေများကို ပြန်ဖော်ပြီး ထိုမှ သစ်ဆန်းသည့်စာပေကို တီထွင်စမ်းသပ်ရေး စာပေလှုပ်ရှားမှုသည် မြန်မာအမျိုးသားတို့ အမျိုးသားစိတ်နိုးကြား၍ မျိုးချစ်စိတ် မွေးမြူရေးကို ဦးတည်လေသည်။ “ခေတ်စမ်းစာပေ”ဟူသော ကဏ္ဍသစ် တခုကို ဆရာကြီး ဦးဖေမောင်တင်က ဦးဆောင်၍ လမ်းဖွင့်ပေးသည်။ ကျောင်းသားများသည် စာပေနည်းသစ်ကို လက်တည့်စမ်းကြသည်။ ကဏ္ဍလောကမဂ္ဂဇင်း၊ အိုးဝေ၊ ကျောင်းသားသမဂ္ဂအာဘော်၊ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်း၊ ဒဂုံမဂ္ဂဇင်း တက္ကသိုလ်ကဏ္ဍ စသည်ဖြင့် စာနယ်ဇင်းတို့တွင် ကျောင်းသားတိုင်းလိုလို လက်တည့်စမ်းကာ ကလောင်သွေးလေ့ ရှိကြသည်။ စာကဗျာမရေးသူ ကျောင်းသူကျောင်းသား ရှားလှသည်။

မောင်ရှုမောင်သည်မူ ဆောင်းပါးကဗျာတပုဒ်မှပင် မရေးဖူး၊ မည် သည့်စာစောင်တွင်မှ စာရေးခြင်း မပြုခဲ့သော စာပေဝေးနေသူဖြစ်သည်။ ကျောင်းပညာ သိပ္ပံစာပေကိုသာ အားထုတ်နေခဲ့သူဖြစ်သည်။ သို့သော်လည်း ပါဏဗေဒဘာသာရပ် စာမေးပွဲတွင် ကျဆုံးသည်။ သူသည် ဆေးပညာကို ဆက်လက်သင်ကြားနိုင်ရန် အရည်အသွေးမမီသဖြင့် စိတ်ဓာတ်ကျကာ ၁၉၃၁ ခုနှစ်တွင် ကျောင်းမှထွက်လိုက်ရသည်။

တက္ကသိုလ်မှ ခွာခဲ့ရသောအခါ ရန်ကုန်မြို့ ၁၀၁ လမ်းမှ အိမ်ခန်းတခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အိမ်လခပေးရန် တဦးတည်း မနေနိုင်သဖြင့် မိတ်ဆွေများနှင့် စပ်တူငှားရမ်းရသည်။ မိတ်ဆွေလည်းဟုတ်၊ ဦးလေးလည်း တော်စပ်သော ပြည်မြို့မှ ကိုမောင်ညီနှင့် အရောင်းအဝယ်လုပ်ငန်းတခု တည်ထောင်ရန် အားထုတ်ခဲ့သည်။ ပြည်မြို့နယ်ရှိ မီးသွေးဖုတ်သူများထံမှ မီးသွေးများဝယ်ယူကာ ရန်ကုန်မြို့သို့ သယ်ယူဖြန့်ခဲ့သည်။ ပြည်မြို့ဖက်တွင် အသိမိတ်ဆွေပေါများသော်လည်း ငွေရင်းတောင့်တင်းမှု မရှိခြင်းနှင့် ရန်ကုန်ဈေးကွက်တွင် မိတ်နည်းခြင်းတို့ကြောင့် တရုတ်ကုလား လူမျိုးခြားကုန်သည်များကို မပြိုင်နိုင်သဖြင့် လက်မြှောက်ခဲ့ရသည်။ ။

အလုပ်တခုရမှသာ ရန်ကုန်မြို့တွင် နေနိုင်မည်ဖြစ်သဖြင့် အလုပ်ရှာဖွေသောအခါ တက္ကသိုလ်ဥပစာတန်းအထိ ကျောင်းတက်ခဲ့သူ ကိုရှုမောင်အဖို့ စာတိုက်တွင် အောက်တန်းစာရေးအလုပ်ကို လွယ်ကူစွာ ရရှိခဲ့လေသည်။ သူငယ်ချင်းတဦးနှင့် စပ်တူနေထိုင်သည်။

ဗမာပြည်သည်---တို့ပြည် 
ဗမာစာသည်---တို့စာ 
ဗမာစကားသည်---တို့စကား 
တို့ပြည်ကို---ချစ်ပါ
တို့စာကို---ချီးမြှင့်ပါ
တို့စကားကို---လေးစားပါ

ထူးခြားသော ဆောင်ပုဒ်နှင့် နိုင်ငံရေးအသင်းတခု ပေါ်ပေါက်လာသည်။ ဤအသင်းသို့ ဝင်ရောက်လိုသူများသည် မိမိကိုယ်မိမိ သခင်အမည်တပ်ကာ ခေါ်ဝေါ်စေကြရမည်ဟု စည်းကမ်းသတ်မှတ်သော တို့ဗမာအစည်းအရုံးကို ၁၉၃၃ ခုနှစ်ခန့်က စတင်ဖွဲ့စည်းခဲ့ကြသည်။ အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်တိုက်ခိုက်လိုသော လူငယ်များသည် တို့ဗမာအစည်းအရုံးသို့ ဝင်လာကြသည်။ အဖွဲ့ဝင်လက်မှတ်များ၌ “သခင်”ဟူသော ဘွဲ့တခုကို အမည်၏ရှေ့မှ ပေးလိုက်သည်။ ကျောင်းသားခေါင်းဆောင် ကိုနုနှင့် ကိုအောင်ဆန်းတို့သည် ဗဟန်း ရေတာရှည်လမ်း၊ အမှတ် ၃၃ တွင်ရှိသော အစည်းအရုံးဌာနချုပ်သို့ သွားရောက်ကာ အသင်းဝင်ကြေး တကျပ်စီပေးကာ စနစ်တကျ ဝင်ကြသည်။ သခင်နု၊ သခင်အောင်ဆန်းဟု အမည်သစ်နှင့် နိုင်ငံရေးလောကသို့ ခြေစုံပစ်၍ ဝင်ခဲ့ရာမှ ခေါင်းဆောင်များ ဖြစ်လာကြသည်။

ကိုရှုမောင်သည် သခင်အသင်းကို တကြိမ်တခါမှ မှတ်ပုံတင်ခြင်း၊ အသင်းဝင်ခြင်း မပြုခဲ့ပေ။ သူက သခင်တို့ကို ကြည့်မရ၊ မျက်မုန်းကျိုးသည် ဟုပင် ဆိုရပေမည်။ သူ၏မိတ်ဆွေ ဦးလေးသည် သခင်ညီဘွဲ့ကိုယူကာ တို့ဗမာအစည်းအရုံးသို့ အသင်းဝင်အဖြစ် မှတ်ပုံတင်သည်။ သခင်အသင်းမှ လှုပ်ရှားမိသည့်အတွက် ထောင်ကျပင် ခံရသည်။ အသင်းရန်ပုံငွေ လှူခြင်း၊ ရဲဘော်ရဲဘက်သခင်တို့အား ငွေကြေးကူညီခြင်းကို ကိုရှုမောင်က သဘောမတူသဖြင့် ဟန့်တားသေးသည်။ 

သခင်ညီသည် ငွေအားလူအား စိုက်၍ တို့ဗမာအစည်းအရုံးတွင် လုပ်ကိုင်သည်။ ကိုရှုမောင်ကပင် အစဦး၌ သံသယမကင်း၊ “ခင်ဗျားလူတွေ ခင်ဗျားကို အသုံးချနေနေကြတာပါ။ သတိလည်း ထားပါအုံး၊ တော်တော်ကြာ ငွေကုန်တော့ ခင်ဗျားကို ပစ်သွားကြမှာ”ဟု သခင်ညီအား သတိပေးတတ်သည်ဟု "ဗိုလ်နေဝင်းပြော ဗိုလ်ချုပ်ကြီးနေဝင်း"စာအုပ်၌ ဖော်ပြထားသည်။

ကိုရှုမောင်သည် သခင်အသင်းနှင့် သခင်များအား မျက်မုန်းကျိုးစေကာမူ တို့ဗမာအစည်းအရုံးမှ သခင်ခေါင်းဆောင်တဦး ဖြစ်လာသော သခင်ဗစိန်ကိုမူ အထူးကြည်ညိုသည်။ သူကိုယ်သူ သခင်တပိုင်းဟု ခေါ်သည်။

သခင်ဗစိန်အား ကျောင်းသားဘဝ တက္ကသိုလ်၌ တွေ့စဉ်ကပင် ကြည်ညိုခဲ့သည်။ သခင်ဗစိန်သည် မိမိယူဆချက်ကို အသံမာမာနှင့် ကျယ်လောင်စွာ ပြောလေ့ရှိသည်။ အမျိုးနှင့်တိုင်းပြည်အတွက် ဇောက်ချဆောင်ရွက်မည်ဆိုကာ ခေါင်းတုံးရိတ်ပြီး ဂန္ဒီစိန်ဟု အမည်သစ်နှင့် တက္ကသိုလ်တွင် လှုပ်ရှားစဉ်ကာလတွင် ကိုရှုမောင်နှင့် ရင်းနှီးခဲ့ကြသည်။ ကိုရှုမောင် အထင်အကြီးဆုံးခေါင်းဆောင်မှာ ဂန္ဒီဗစိန်ဖြစ်သည်။

တို့ဗမာအစည်းအရုံးဝင်သောအခါ ကိုဗစိန်သည် ထင်ရှားသည့် သခင်ခေါင်းဆောင်တဦး ဖြစ်လာသည်။ သို့သော် အပြောအဆို ပက်စက်ခြင်းကို အကြောင်းပြု၍ အစည်းအရုံးအတွင်းတွင် အခြားခေါင်းဆောင်များနှင့် မကျေမလည် ဖြစ်လာသည်။ တို့ဗမာအစည်းအရုံး၏ ၁၉၃၈ ခုနှစ် ပြည်မြို့ ညီလာခံတွင် သခင်ဗစိန်အား အသင်းမှ ထုတ်ပယ်လိုက်ကြသည်။ ဤတွင် သခင်ဗစိန်က သခင်ထွန်းအုပ်နှင့် မဟာမိတ်ဖွဲ့ကာ တို့ဗမာအစည်းအရုံးသစ်တခုကိုပင် စင်ပြိုင်တည်ထောင်ခဲ့သည်။

သခင်ဗစိန်အား ဖြုတ်ချစဉ်က တင်သွင်းသော စွပ်စွဲချက်တို့မှာ များပြားလှသည်။ “ထောင်ကျစဉ်တွင် အင်္ဂလိပ်အစိုးရနှင့် အပေးအယူ ပြုလုပ်၍ လွတ်လာသည်။ အလုပ်သမားပြဿနာများကို ဖြေရှင်းရေးတွင် သပိတ်လက်နက်အစား စေ့စပ်ရေးကိုသာ အမြဲလုပ်ဆောင်သည်။ တော်လှန်ရေးသမား မဟုတ်၊ စေ့စပ်ရေးသမားသာ ဖြစ်သည်။ အစည်းအရုံးသို့ ဝင်လာကြသော အင်အားစုအသစ်ဖြစ်သည့် တက္ကသိုလ်ကျောင်းသား ကိုနု၊ ကိုအောင်ဆန်းတို့အပြင် သခင်စိုး၊ သခင်ကျော်စိန် စသည်တို့အား လက်ခံအားပေးခြင်း မပြု။ နန်းရင်းဝန် ဒေါက်တာဗမော်နှင့် လျှို့ဝှက်ဆက်သွယ်သည်” စသည်ဖြင့် ယိုးစွပ်ကာ ထုတ်ပယ်ခဲ့သည်။ ထိုပြစ်ချက်များအပြင် အရေးကြီးသည့် စွဲချက်တခု ပါဝင်သည်။ သခင်ဗစိန်သည် ယုဒသန်ကောလိပ် ကျောင်းသားဘဝက အစိုးရ စုံထောက်အဖွဲ့၏ သူလျှိုအဖြစ် လစာတလ ၇၅ ကျပ် ရယူကာ ကျောင်းသားများ၏နိုင်ငံရေးလှုပ်ရှားမှုတို့ကို ပုလိပ်စုံထောက်အဖွဲ့သို့ သတင်းပို့သည်ဟု ညီလာခံမှတ်တမ်း၌ ခိုင်မာစွာ ဖော်ပြပါရှိခဲ့သည်။

တက္ကသိုလ်ကျောင်းသားဘဝတွင် မြင်းပွဲသို့ လမ်းပေါက်နေသူ ကိုရှုမောင်သည် အမြဲငွေလိုနေသူ ဖြစ်သည်။ သူကြည်ညိုသော သူ၏ဆရာ သခင်ဗစိန်က ဆက်ပေးသဖြင့် စီအိုင်ဒီစုံထောက်အဖွဲ့၏သတင်းပေး ကြေးစားသူလျှိုစုံထောက်အဖြစ် ကျောင်းသားများ၊ သခင်များ၏ နိုင်ငံရေးလှုပ်ရှားမှုများကို သတင်းပေး ရောင်းစားသည်ဟု ယူဆကြသည်။ အရေးကြုံသောအခါ သခင်ဗစိန်ကိုပင် ထောင်သို့ပို့သည်ဟု ခိုင်မာစွာ ယူဆရပြန်သည်။ သူက ဆရာကို ကာပြန်၍ သခင်ဗစိန်အား သစ္စာဖောက်ကာ သတင်းပေးသဖြင့် သခင်ဗစိန် ဂျပန်သို့ မရောက်ဘဲ ထောင်ထဲသို့ ရောက်ခဲ့ရသည်။

“စစ်မဖြစ်မီ သခင်ခေတ်တွင် ကိုရှုမောင်ကို အင်္ဂလိပ်သတင်းပေး သူလျှိုဟု ထင်မြင်ကြသူတွေအထဲတွင် ကျွန်တော် ဗိုလ်ကျော်ဇောလည်း ထင်မြင်သံသယ ရှိခဲ့သည်။ ဘယ်သူမှ ပြောလို့တော့ မဟုတ်ပါ။ အကြောင်းမှာ ကိုရှုမောင်သည် လျှို့ဝှက်ရမည့်ကိစ္စများတွင် အထူးဂရုစိုက်ရန် ကျွန်တော်တို့ကို အကြိမ်ကြိမ် သတိပေးနေခဲ့ဖူးသည်။ သူက လူအတော်များများကိုလည်း မယုံကြည်စိတ် ကြီးမားလွန်းသည်။ ထိုကြောင့် ၄င်းကိုယ်တိုင် သခင်ခေတ်တွင် လျှို့ဝှက်သတင်းပေး လုပ်ခဲ့ဖူးသလားဟု ကျွန်တော် သံသယဝင်လာသည်။ ထိုအကြောင်းကို ၁၉၆၀ ခုနှစ်ကျော်က ကျွန်တော်တို့ စမ်းချောင်းမှာ နေစဉ်က သမီး မရှုယဉ် (လှလှ)အား ပြောခဲ့ဖူးပါသည်”ဟု ဗိုလ်မှူးချုပ်ကျော်ဇောက ထုတ်ဖော်၏။

(၄။ ဂျပန်သို့ လျှို့ဝှက်ခရီး ပုလိပ်မင်းကြီး၏ကားနှင့် သွားခဲ့၏) ဆက်ရန်
------------------------------
#ကြေးမုံ ဦး​သောင်း

Post a Comment

0 Comments