ဝတ္ထုတို အမည် - ဘယ်ရမလဲ
စာရေးသူ - သုမောင်
Short Story
-------------------------------------------------
ဘယ်ရမလဲ
#သုမောင်
သမီးလည်း ဒါပါနဲ့ဆို သုံးအိမ်ရှိပြီ။ ရောက်ဖူးခဲ့တာ။ ရောက်ဖူးတာ မဟုတ်ပါဘူး။ နေခဲ့ဖူးတာ။ ပထမအိမ်က တိုက်ခန်း။ အထပ် ငါးထပ်မှာ နေရတာ။ ဘာရယ်တော့ မဟုတ်ရပါဘူး။ မမနဲ့ ဈေးလိုက်ပေး၊ ထမင်းဟင်း ကူချက်ပေး။ သူရို့မွေးထားတဲ့ ခွေးလေးကိုတော့ စပယ်ရှယ် ဂရုစိုက်ရတာ။
ခွေး ရေချိုးပေးရတယ်။ သန်းရှာပေးရတယ်။ ညနေတိုင်း လည်ပင်းကြိုးချည်ပြီး တိုက်ခန်းတွေအောက်မှာ လမ်းလျှောက်ပေးရတယ်။ တခြား လမ်းဘေးခွေးတွေက လိုက်ဟောင်ကြလို့ ကြိမ်လုံးနဲ့ ဟန့်ရတယ်။ ညဆို တီဗီကြည့်ပြီး အိပ်ရုံပဲ။ ဦးကိုတော့ နင်းပြုပေးရတာပေါ့လေ။
အဲဒါ တိုက်ခန်းရောက်စတုန်းကတော့ ရွာမှာနဲ့ မတူလို့ ကြောင်တက်တက်ရယ်။ ပြီးတော့ ဟိုးအမြင့်ကြီး တက်ရ ဆင်းရတာ စိတ်ညစ်ဖို့ကောင်းတယ်။ ရွာကတဲထက် ကျယ်ပေမယ့် အခန်းတွေ ကာထားတာမို့ အသက်ရှူကျပ်တယ်။ ပြီးတော့ မီးဖိုချောင်ကလွဲရင် ဘယ်အခန်းမှာမှ ကြာကြာမနေရတော့ ပိုဆိုးတာပေါ့။ သမီးအိပ်တော့လား ... ပစ္စည်းဟောင်းတွေထားတဲ့ အခန်းကျဉ်းလေးထဲမှာ သူရို့ခွေးလေးနဲ့အတူ အိပ်ရတာပေါ့။ လှောင်နေတာပဲ။ ရောက်စက အမေ့ကို လွမ်းတာပေါ့။ အဖေ့ကိုတော့ မလွမ်းဘူး။ အဖေက အရက်သမားကြီးပဲ။ တစ်နေကုန် ရွာရိုး လျှောက်သွားနေတာ။ သမီးတို့ အိပ်ပြီဆိုမှ မူးပြီးအိမ်ပြန်တာ။ ညီမလေးတွေ၊ မောင်လေးတွေ (ငါးယောက်တောင်)ကိုလည်း လွမ်းတယ်။ သနားလည်း သနားတာပဲ။ အငယ်ဆုံးလေးဆို နို့မပြတ်သေးဘူး။ သမီးပဲ တစ်နေကုန် ချီပိုးရတာလေ။ ခုတော့ သူ့အစား ခွေးကလေးကိုပဲ ပြုစုနေရတော့တာ။
ဦးက နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်သတဲ့ ။ မမကတော့ အိမ်မှာပဲနေတယ်။ အဆင်ပြေပါတယ်။ နှစ်ယောက်စလုံး သဘောကောင်းကြပါတယ်။ ဦးကတော့ မျက်နှာထားတင်းတယ်။ သိပ်အရောမဝင်ဘူး။ မမကတော့ “သမီး.. သမီး" နဲ့ ခေါ်ပါရဲ့ ။ ဦးကတော့ “ မိဖြူ'လို့ ခေါ်တယ်။ သမီးက အသားမည်းတာကိုး။
သမီးကို အမေရဲ့ ဆွေမျိုးဆိုလား “ အန်တီခင် ” က လာခေါ်တာ။ လခ ပေးမယ်။ ကောင်းကောင်း နေရမယ်။ မိဘကို ကျေးဇူးဆပ်ရမယ်ပြောပြီး ခေါ်ခဲ့တာ။ အဲဒီရောက်ရောက်ချင်းပဲ တစ်လ သုံးထောင်နဲ့ သုံးလစာ ကိုးထောင်ယူပြီး တောပြန် ပိုက်ဆံပေးမယ်ပြော ပြန်သွားတာပဲ။ ဒီလိုနဲ့ သမီးဟာ အဲဒီတိုက်ခန်းမှာ နေသားကျလာခဲ့ပါရော။ အစတုန်းက “ မမ ” နောက်က တကောက်ကောက် လိုက်ရပေမယ့် နောက်ပိုင်းမှာ တချို့အလုပ်တွေဆို သမီးဘာသာ လုပ်လာရတယ်။ ထမင်းအိုးတည်တာ။ လမ်းကြားဈေးကို သွားတာ။ အဝတ်လျှော်စက် ဖွင့်တာ ပိတ်တာ။ ပြောရဦးမယ်။ တီဗီတောင် အချိန်တန်ရင် သမီးက ဖွင့်ပေးရတာ။ ဟော နောက်ကျတော့ ညနက်ဆို ဦးကြည့်ဖို့ ဘောလုံးပွဲတောင် သမီး ဖွင့်ပေးတတ်နေခဲ့ပါပြီ။
ခွေးကလေးကလည်း သမီးမှ သမီးပဲ။ သမီးကို အရမ်းချစ်တာ။ သမီး သွားရာနောက် တကောက်ကောက်လိုက်နေတာ။ ရောက်စကဆို ပိုက်ဆံကို သမီး မကိုင်ရဘူး။ နောက်ပိုင်းကျတော့ အကြွေကအစ တိတိကျကျ ပြန်အပ်ခိုင်းတယ်။ လက်ဖက်ရည်ဝယ်လို့ အမ်းတဲ့ သကြားလုံးကိုတော့ သမီးစားခွင့်ရတယ်။ အဲဒီအိမ်က ပြန်ခါနီးတော့ သမီးကို ပိုက်ဆံကိုင်ခွင့်တောင် ပေးနေပြီ။ ပိုက်ဆံထည့်တဲ့ အံဆွဲကို သမီးဘာသာဖွင့်ပြီး ယူသုံးခွင့် ရှိနေပြီ။ မဟုတ်ဘူးလေ။ သမီးအတွက် သုံးရတာ မဟုတ်ပါဘူး။ သူရို့လိုတာသုံးဖို့ အသေးအဖွဲပါ။ “ဟဲ့ ... သွားယူစမ်း ငွေငါးရာ" ဆိုတာမျိုးပေါ့။ ဟုတ်ပါ့၊ အဲဒီအိမ်က ပြန်ရခါနီးမှာပါ။
ဘာကြောင့်ရယ်မသိပါဘူး။ သုံးလပြည့်တော့ အန်တီခင် ရောက်လာပြန်ရော။ ဦးနဲ့ မမကို ဘာတွေမှန်းမသိ တိုးတိုးတွတ်တွတ် ပြောလို့ ။ ဦးရော မမပါ မျက်နှာမကောင်းကြဘူး။ နောက်တော့ သမီးကိုခေါ်ပြီး “မိဖြူ အထုပ်အပိုးတွေပြင် ” ဒါပါပဲ။ ဘာမှ လည်း မမေးရ၊ မပြောရ။ မမက ‘လိုက်သွားချေပါကွယ် ” တဲ့။ ဦးလေးကတော့ “သံယောဇဉ်ဖြစ်ပြီးမှ ဆိုတော့ မကောင်းဘူးဗျာ၊ နောက်ထပ် ဘယ်သူမှ လာမပို့နဲ့တော့"တဲ့။
ကျွန်မက ခွေးလေးကိုဖက်ပြီး ငိုခဲ့ပါသေးတယ်ရှင့်။
* * *
ဒုတိယအိမ်ကတော့ ခြံအကျယ်ကြီးနဲ့ တိုက်အိမ်အကြီးကြီး။ သမီးမှာတော့ ရောက်ရောက်ချင်း ကြောက်တာပေါ့။ လူတွေများပေမဲ့ တစ်ယောက်နဲ့တစ်ယောက် သူစိမ်းတွေလိုပဲ။ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်မော်တော်ကားနဲ့ကိုယ် ထွက်ချည် ဝင်ချည်ပါပဲ။ ခွေးတွေကလည်း မွေးထားတာ သုံး လေး ငါးကောင် ရှိတယ်။ အောင်မယ်လေး ... ဒါတွေသာ ထိန်းရလို့တော့ အသေပါပဲရှင်။
ဒါပေမဲ့ အဲဒီအိမ်မှာ ထိန်းရတာကတော့ ခွေးတွေ၊ ကလေးတွေ မဟုတ်ဘူး။ သူရို့ထက် အထိန်းရခက်တဲ့ အသက် ၉၀ ကျော် အဘိုးကြီးတစ်ယောက်ကိုပါပဲ။ ပထမတော့ ဟိုအိမ်တုန်းကလို ဈေးသွား၊ ချက်ပြုတ်၊ ဝိုင်းကူလုပ်ရမယ် ထင်တာကိုး။ ဒါကြောင့် ရောက်ရောက်ချင်း ကိုယ်နေရမယ့်နေရာလေးသွား၊ ပစ္စည်းတွေ နေရာချပြီးတာနဲ့ မီးဖိုချောင်ဘက် သွားခဲ့တာပေါ့။
"ဘာလာလုပ်တာလဲ " တဲ့ ။ ရောက်ရောက်ချင်း သမီးကို နောက်ဖေးတန်းလျား နေရာချပေးတဲ့ မိန်းမကြီးက ဆီးပြီး ဟောက်တာ။ သမီးဖြင့် လန့်သွားတာပဲ။ သူ့ရုပ်နဲ့ သူ့အသံက လုံးဝမလိုက်ဘူး။ သူ့ရုပ်နဲ့ သူ့ပုံစံက သမီးတို့လို အိမ်ဖော်ပါပဲ။ ဒါပေမဲ့ အသက်တော့ တော်တော်ကြီးနေပြီ။ အဲဒီအိမ်မှာ နေလာတာလည်း တော်တော်ကြာပုံရတယ်။ ဒါကြောင့် သူ့လေသံက အမိန့်ပေးသံပါနေတယ်။ ဩဇာကြီးမယ့်ပုံပဲ။
"လာ ... ငါနဲ့ လိုက်ခဲ့" ဆိုလို့ လိုက်သွားတော့မှ အပေါ်ထပ် အိပ်ခန်းတစ်ခုထဲ ရောက်သွားတယ်။ အဲဒီမှာ စောစောကပြောတဲ့ အဘိုးအိုကြီးကို စတွေ့တာပါပဲ။ သမီးရောက်သွားတော့ အဘိုးကြီးက အိပ်ပျော်နေရဲ့ ။ ပါးစပ်အဟောင်းသားကြီး ဖွင့်လို့ ။ မပြောကောင်း မဆိုကောင်း သေနေသလိုကြီး။
“ဒီနားမှာပဲ ထိုင်နေ၊ ဘိုးဘိုးကြီးနိုးလာရင် သူခိုင်းတာ လုပ်ပေးလိုက်။ ဟိုရေခဲသေတ္တာထဲမှာ နွားနို့ရှိတယ်၊ ရေရှိတယ်၊ ဟိုကြောင်အိမ်ထဲမှာ မုန့်မျိုးစုံရှိတယ်၊ သူတောင်းတာ ယူပေးလိုက်" တဲ့။
ဘယ့်နှယ်အိမ်ကြီးပါလိမ့်နော်။ အိမ်ကြီးက ကြီးသလောက် တိတ်ဆိတ် ခြောက်ကပ်နေတာပဲ။ ဟိုး ... နောက်ဖေးက ရေစက်မောင်းသံ တခြောက်ခြောက်ပဲ ကြားနေရတယ်။ မကြာပါဘူး။ အဘိုးကြီး နိုးလာတယ်။ ဟိုကြည့် ဒီကြည့်လုပ်ပြီး “ဟဲ့ ... ဘယ်သူမှ မရှိကြဘူးလား" လို့ အော်တော့တာပဲ။ ပထမတော့ ကြောက်တာပေါ့။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ သိပ်လှုပ်နိုင်ပုံမပေါ်လို့ ခုတင်နားကပ်သွားပြီး "ဘာလိုချင်လို့လဲ ဘိုးဘိုးကြီး" လို့ မေးတော့ “ငါ့ကို ဘာမှ မကျွေးကြဘူးလား” တဲ့။ “ဘာစားချင်လို့လဲ" ဆိုတော့ "ဘာဖြစ်ဖြစ် တစ်ခုခု ကျွေးစမ်းပါ" တဲ့။
ဒါနဲ့ ကြောင်အိမ်ဖွင့်ပြီး ရှာတော့ မုန့်တွေမျိုးစုံပါပဲ။ တွေ့ကရာမုန့်တစ်ခုယူပြီး ပေးလိုက်တော့ သူ့ကို ခွံ့ကျွေးရမယ်တဲ့။ သမီးလည်း မရဲတရဲ ခွံ့ကျွေးရတာပေါ့။ စားလိုက်တာ ပလုတ်ပလောင်းပါပဲ။ ဒါပေမဲ့ မုန့်တစ်ခု ကုန်အောင်မစားဘူး။ တစ်ဝက် ချန်ထားတယ်။ ပြီးတော့ သမီးကို အကြာကြီး စိုက်ကြည့်တယ်။ သမီးကို သိသလိုလို၊ မသိဘူးလိုလို ဖြစ်နေပုံရတယ်။
“သေးပေါက်ချင်တယ်ဗျို့" ဆိုပြီး ချက်ချင်း ထအော်ပြန်ရော။ သမီး ဘာလုပ်ရမလဲ၊ ယောက်ျားကြီးရယ်။ သမီးမှာ ကြောင်တက်တက်ဖြစ်နေတုန်း သူ့ဘာသာသူ ကုန်းထပါလေရော။ မနိုင့်တနိုင်နဲ့ ခုတင်ပေါ်ကဆင်းပြီး သူ့အိပ်ခန်းထဲက အိမ်သာဘက်ကို သွားတယ်။ သမီးလည်း မသိမသာ ဘေးကနေ ဖေးရတာပေါ့။ အဲဒီအခါကျတော့လည်း သမီးလက်ကို ပုတ်ချပြီး "ငါ့ကို ကလေးများမှတ်နေသလား" တဲ့ ။ ဒါနဲ့ပဲ လွှတ်ပေးလိုက်တော့ သူ့ဘာသာသူ အိမ်သာထဲဝင်သွားရော။ တော်တော်ကြာတဲ့အထိ ပြန်ထွက်မလာဘူး။ တံခါးဖွင့်ထားပေမယ့် သမီးက ဘယ်ကြည့်ရဲပါ့မလဲ။
ခဏလည်း နေရောရှင် "ငါ့ကို ဘယ်သူမှ လာမတွဲကြတော့ဘူးလား" ဆိုပြီး ထအော်ပါလေရော။ သမီးမှာလေ ငိုချင်သလိုလို ရယ်ချင်သလိုလိုကြီးဖြစ်လို့။ အိမ်သာထဲ လိုက်ဝင်ရမှာလည်း အခက်၊ ဒီအတိုင်းနေနေတော့လည်း ကုန်းကုန်းပြီး အသံကုန် အော်နေတော့တာ။
ဒီမှာတင် စောစောက မိန်းမကြီး အခန်းထဲ ဝင်လာပြီး “ဒီမယ် ငါလုပ်တာကို ကြည့်ထား” လို့ ပြောတယ်။ သူဘာလုပ်သလဲ ဆိုတော့ အိမ်သာကို နောက်ကျောပေးပြီး လက်နှစ်ဖက်ကို နောက်ပစ်ဆန့်ပေးလိုက်တာပါပဲ။ အဘိုးကြီးကလည်း အဲဒီလက်နှစ်ဖက်ကို တွဲပြီး ထလိုက်လာပါရော။ အိမ်သာကနေ ခုတင်အထိ "မီးရထားကြီး ဂျုံးဂျုံးဂျက်ဂျက် ” ဆိုပြီး ကလေးဆိုးကြီးလို အော်တော့တာပဲ။ “အဲသလို လုပ်ပေး” လို့ ပြောပြီး မိန်းမကြီး ပြန်ထွက်သွားပါရော။ဒီလိုနဲ့ ခဏနေတော့ အော်ပြန်ပါလေရောရှင်။ "ငါ့ကို ဘာမှ မကျွေးတော့ဘူးလား" တဲ့။ "ဘိုးဘိုးကြီး ခုနက စားပြီးပြီလေ" ဆိုတော့။ “ဘယ်မှာ စားရသေးလို့လဲ" တဲ့။
ဒါနဲ့ စောစောကကျန်တဲ့ မုန့်တစ်ဝက် ပေးပြန်တော့လည်း မရဘူး။ "အသစ်ပေး"တဲ့ ။ နောက်မုန့်တစ်မျိုးပေးလိုက်တော့မှ ပလုတ်ပလောင်း စားပြန်ရော။ တစ်ဝက်ချန်ထားပြန်ရော။ ပြီးတော့ “ သေးပေါက်ချင်တယ်ဗျို့” အော်ပြန်ရော။ တွဲပို့တော့လည်း လက်ကို ပုတ်ချ။ သူ့ဘာသာသူ အိမ်သာထဲ ဝင်၊ အကြာကြီး။ အဲ ... နောက်တော့ “ငါ့ကို ဘယ်သူမှ မတွဲကြတော့ဘူးလားဗျို့ ” လုပ်ပြန်ရော။ စောစောက မိန်းမကြီး သင်ထားတဲ့အတိုင်း သူ့ကို ကျောခိုင်းပြီး လက်နောက်ပြန်ပေးလိုက်တော့ "မီးရထားကြီး ဂျုံးဂျုံးဂျက်ဂျက်"။ ပြီးတော့ မျက်လုံးကြီးပြန်ပိတ်။ ပါးစပ်ကြီးဖွင့်ပြီး ရှူးရှူးနဲ့ အိပ်ပျော်သွားပြန်ပါတယ်။
သမီး သူတို့ အိမ်ရောက်သွားတာက နေ့လယ် တစ်နာရီလောက်ပါ။ အဲဒီကနေ “ငါ့ကို ဘာမှ မကျွေးတော့ဘူးလားဗျို့'၊ "သေးပေါက်ချင်တယ် ''၊ "ငါ့ကို ဘယ်သူမှ မတွဲတော့ဘူးလားဗျို့ " ဆိုပြီး လုပ်နေလိုက်တာ ညခုနှစ်နာရီထိုးတဲ့ အထိပါပဲ။ စိတ်ညစ်လိုက်တာရှင်။
အောင်မယ်။ ည ခုနစ်နာရီထိုးတာကိုတော့ သိတယ်။ နာရီက အသံမြည်တာနဲ့ "ဟော ကိုရီးယားကား လာပြီ။ တီဗီဖွင့်ပေးကြပါဗျို့ " ဆိုပြီး အော်တော့တာပဲ။ သမီးက တီဗီခလုတ်တော့ ဖွင့်တတ်ပါတယ်လေ။ တီဗီပြေးဖွင့်ရတာပေါ့။ ကိုရီးယားကား ပြတဲ့အခါကျတော့ သေသေချာချာ ကြည့်ရှာပါရဲ့ ။ ပြီးတော့ သူ့မျက်မှန်ကြီး ကောက်တတ်ပြီး စာတန်းထိုးထားတာတွေကို စာလုံးပေါင်းပြီး အကျယ်ကြီး လိုက်ဖတ်တယ်။ ရယ်စရာဆို ရယ်တယ်။ လွမ်းခန်းဆိုရင် သူ့မျက်မှန်ကြီးဖြုတ်ပြီး မျက်ရည်တွေ သုတ်တယ်။ ချစ်ခန်း ကြိုက်ခန်းဆို ပြုံးပြုံး ပြုံးပြုံးကြီးနဲ့ ။
ကိုရီးယားကား တစ်ပိုင်းပြလို့လည်း ပြီးရော ပြဿနာစတော့တာပါပဲ။ “ အီးပါချင်တယ်ဗျို့” တဲ့ ။ သူ့ဘာသာသူ အိမ်သာထဲဝင်သွားပေမယ့် အဲဒီအခါတော့ တစ်မျိုးဖြစ်ပြန်တယ်။
“ အီးကုံးပေးပါဗျို့ ” တဲ့။ ဒါမှ ပြဿနာပဲ။ သမီး ဘယ့်နှယ်လုပ်ရမလဲ။ ဒါပေမဲ့ ချိန်ကိုက်ပါပဲ။ စောစောက မိန်းမကြီး ပြန်ဝင်လာပြန်ရော။
"လာ...ငါပြမယ်၊ လွယ်လွယ်လေး”
မိန်းမကြီးက အိမ်သာနံရံမှာ ချိတ်ထားတဲ့ အဝတ်ကိုယူပြီး ဘုံပိုင်ခေါင်း ဖွင့်၊ ရေဆွတ်လိုက်ပါတယ်။ ပြီးတော့ အဘိုးကြီးရဲ့ ဖင်ကို အသာလေး သုတ်ပေးပါတယ်။ အဝတ်စကို ပြန်ချိတ်ပြီး ထုံးစံအတိုင်း အဘိုးကြီးဘက် နောက်ကျောပေး လက်ဆန့်ပါတယ်။
အဘိုးကြီးကလည်း လက်ကိုတွဲပြီး“ ကိုရီးယားကား ပြန်ကြည့်မယ်ဟေ့ ... ကိုရီးယားကား ပြန်ကြည့်မယ်" သီချင်းလိုလုပ်ပြီး ဆိုပါလေရော။
ကိုရီးယားကားမပြီးခင်မှာပဲ အဘိုးကြီးဟာ တရှူးရှူးနဲ့ ပြန်အိပ်သွားပါတယ်။ ကိုရီးယားကားတစ်ဝက်အကျိုးလောက်မှာ သူ့မြေးမလေး ဝင်လာပြီး ဆေးတိုက်သွားတာကိုး။ သမီးကတော့ ကိုးရီးယားကား ဆက်ကြည့်နေလိုက်တာပေါ့။ ကိုးရီးယားကား ပြီးလည်းပြီးကော ဟိုမိန်းမကြီး ပြန်ရောက်လာတော့တာပဲ။
"ညည်းက တီဗီတောင် ဖွင့်တတ်၊ ပိတ်တတ်နေပြီကိုး။ ကိုင်း နောက်ဖေးတန်းလျားပြန်ပြီး အိပ်ချေတော့။ မနက်ဖြန် မနက်စောစော ထပြီး ဒီအခန်းကို လာခဲ့ "
* * *
နောက်နေ့မနက်ကျမှ အကြီးအကျယ် ဒုက္ခရောက်တော့တာပါပဲရှင်။ သမီးရောက်တော့ အဘိုးကြီး မနိုးသေးဘူး။ ရှစ်နာရီ နာရီသံမြည်တော့မှ နိုးလာတယ်။ ကျီးကြည့် ကြောင်ကြည့်လုပ်ပြီး
“အချစ်ကလေးရေ တစ်မိုးလင်းပြီကွယ် ” တဲ့။
ဘယ်သူ့များ ပြောနေသလဲ မှတ်တာ။ သမီးကို လက်ယပ်ခေါ်ပြီး တွေတွေကြီး ကြည့်နေလေရဲ့ ။
“လာပါ အချစ်ကလေးရယ် ” တဲ့။
“အချစ်ကလေးရေ ....အချစ်ကလေးရေ "ဆိုပြီး အကျယ်ကြီး အော်နေတော့ သမီးလည်း အန္တရာယ်မရှိလောက်ဘူးဆိုပြီး မရဲတရဲ ကပ်သွားရတာပေါ့။
ဒီမှာတင် အဘိုးကြီးက သမီးလက်ကို ဖြည်းဖြည်းဆွဲပြီး "ကိုယ့်ရင်တွေအောင့်နေလို့ ဖိပေးပါနော် ” ဆိုပြီး သမီးလက်ကို သူ့ ရင်ဘတ်ပေါ် တင်ပြီး သူ့လက်ကြီးနဲ့ အုပ်ထားလိုက်တော့တာပါပဲ။ ဒီပြင်တော့ ဘာမှ မလုပ်ပါဘူး။ အဲဒီလို နေနေတာ တော်တော်ကြာပါတယ်။
ခဏလည်း နေရော "နွားနို့ မတိုက်ကြသေးဘူးလား" ဆိုပြီး ကုန်းအော်ပါလေရော။
ဒီတစ်ခါတော့ သမီး ဝမ်းသာသွားတာပေါ့။ ဟုတ်ပါ့။ သူ့လက်က လွတ်ပြီလေ။ ရေခဲသေတ္တာထဲကနွားနို့ ပြေးယူပေးလိုက်ရုံပါပဲ။ နောက်တော့ ပြန်မှေးလိုက်၊ နွားနို့ယူခိုင်းလိုက်၊ မုန့်စားမယ် အော်လိုက်၊ "သေးပေါက်ချင်တယ်ဗျို့”၊ “ ငါ့ကို ဘယ်သူမှ လာမတွဲကြဘူးလား"၊ "မီးရထားကြီး ဂျိုး ဂျုံးဂျက်ဂျက်"၊ “ အီးပါချင်တယ်ဗျို့”၊ “ အချစ်ကလေးရေ"။
* * *
ဒါပါပဲရှင်။ နေ့တိုင်း ဒါဆို ဒါချည်းပါပဲ။
အစပိုင်းတော့ စိတ်ညစ်တာပေါ့လေ။ နောက်တော့လည်း သူ ဘယ်အချိန် ဘာအော်မယ်၊ ဘာလုပ်မယ်ဆိုတာ သိသွားပြီး ချိန်သားကိုက်ပဲ လုပ်တတ် ကိုင်တတ်သွားပါတော့တယ်။
ဒီလိုနဲ့ နှစ်လ၊ သုံးလကြာသွားပါတယ်။ အဲသလောက်ပါပဲ။ ဒီတစ်ခါတော့ အန်တီခင်က ပြန်လာခေါ်တာ မဟုတ်ပါဘူး။ အဘိုးကြီး သေသွားလို့။
* * *
ခုရောက်တဲ့ အိမ်ကတော့ ပထမတိုက်ခန်းနဲ့ ဒုတိယခြံကြီးနှစ်ခု လောက် ရှိမယ်။ ခြံဝင်းခပ်သေးသေးနဲ့ နှစ်ထပ်တိုက်ကလေးပါ။ သမီးကို အန်တီခင်ကပဲ ခေါ်သွားတာ။ အိမ်မှာ လူစုံရှိနေတဲ့ ညနေခင်းပေါ့။
အသက် ခုနစ်ဆယ်ကျော်လောက် အဘိုးကြီးတစ်ယောက်ရယ်။ လေးဆယ်ကျော်လောက် လင်မယားရယ်၊ သူရို့သားသမီးသုံးယောက်ရယ်၊ သမီးကြီးကမွေးထားတဲ့ ကလေးတစ်ယောက်ရယ်၊ ရုပ်ချောချော သားတစ်ယောက်ရယ်၊ အငယ်ဆုံးသမီးက သမီးနဲ့ ရွယ်တူ။ ကြောင်ကလေးတွေလည်း ရှိပါတယ်။ တစ်ခုပဲ ထူးခြားတာက ဒုတိယအိမ်ကလို အိမ်ဖော်လိုလို မိန်းမကြီးတစ်ယောက်ရှိနေပေမယ့် ကုလားမကြီးဖြစ်နေတာပါပဲ။
သမီးလား။ ဘာလုပ်ရမှာလဲ။ ခဏတော့ ငုတ်တုတ်ကလေး ထိုင်နေတာပေါ့။ သမီးကိုအပ်ပြီး အန်တီခင်လည်း ပြန်သွားရော အနီးဆုံးကြောင်ကလေးကို ပေါင်ပေါ်ဆွဲတင်လိုက်တယ်။ ကလူကျီစားလိုက်တယ်။ နှိပ်ပေးလိုက်တယ်။ သန်းရှာပေးသလို လုပ်လိုက်တယ်။ ကြောင်ကလေး ငြိမ်လို့။
သမီးငယ်က သဘောကျသွားပုံရတယ်။ ပြီးတော့ သမီးအနားရောက်လာတဲ့ ကုလားမကြီးကို ပြုံးပြရင်း “ အမား နေကောင်းလား ” လို့ မေးလိုက်တယ်။ ကုလားမကြီး မဲ့ပြုံး ပြုံးပါတယ်။ အိမ်ရှင်အန်တီက မေးပါတယ်။
“ထမင်းချက်တတ်သလားတဲ့။
“ ဟုတ်၊ ဟင်းလည်း ချက်တတ်ပါတယ်၊ ဈေးလည်း ဝယ်တတ်ပါတယ် ” ဆိုတော့ ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။
ကြောင်ကလေးကို ပြန်လွှတ်လိုက်ပြီး အကြီးဆုံးမရဲ့ တောက်တက်ပြေးစ ကလေးလေးကို လှမ်းပြီး မြူလိုက်ပါတယ်။ “ မမဆီ လာပါဦး ” လို့ လည်း လက်ယပ်ခေါ်လိုက်ပါ တယ်။
ကလေးလေးက ပထမ ပေကပ်ကပ် လုပ်နေပါသေးတယ်။ နောက်တော့ သမီးဆီ လျှောက်လာပါရော။ ဟိုလင်မယားက သဘောကျသွားတာပေါ့။ အစ်ကိုလေးက ဂီတာတီးရင်းက တစ်ချက်တစ်ချက် လှမ်းကြည့်ပါတယ်။ သမီးက အိမ်ရှင်ဦးဦးကို လှမ်းကြည့်တော့ ဇက်ကြောတက်လို့ ထင်ပါရဲ့ ။ ခေါင်းကို ဟိုဘက်ဒီဘက် ရမ်းပြီး ဇက်ချိုးနေတာ တွေ့ရပါရော။ ဟုတ်ပြီပေါ့။
အဲဒီမှာပဲ ကုလားမကြီးက
“လာ ... ငါနဲ့ လိုက်ခဲ့၊ နင်နေဖို့ နေရာလိုက်ပြမယ်"
“ဟုတ်ကဲ့ မာမာကြီး ”
သမီးက အထုပ်ကလေးဆွဲပြီး အထမှာ ဟိုအဘိုးကြီးကို ကြည့်လိုက်ပါ တယ်။ သမီးမျက်လုံးတွေက အရောင်ထွက်သွားသလိုပဲ။ သမီး ကုလားမကြီးနောက် လိုက်သွားရင်း အဘိုးကြီးကို တွေတွေကြီး စေ့ပြီး ကြည့်လိုက်မိပါရော။
ဘယ်ရမလဲ။
0 Comments