ဝတ္ထုတို အမည် - ခုချိန်ဆို ... ရှင်ဘယ်ရောက်နေမှာလဲ
စာရေးသူ - ဂျူး
Short Story
-------------------------------------------------
ခုချိန်ဆို ... ရှင်ဘယ်ရောက်နေမှာလဲ
#ဂျူး
အခုည ကျွန်မဆီမှာ လရောင်ဟာ ခရမ်းရောင်ဖြစ်နေခဲ့တယ်။ တိမ်တွေကင်းစင်ပြီး ကြယ်ကလေးတွေ ခပ်ကျဲကျဲပြန့်နေတဲ့ ကောင်းကင်အောက်မှာ ကျွန်မတစ်ယောက်တည်း။ ခွာညိုပန်းချုံဘေးက ထိုင်ခုံလေးပေါ်မှာ ကျွန်မထိုင်နေခဲ့တာ အကြာကြီးပဲ။ ကျွန်မဘေးက နေရာလွတ်လေးမှာ ဇန်နဝါရီနှင်းစက်တွေနဲ့ စိုရွှဲသွားခဲ့တဲ့အထိပါပဲ။ ခွာညိုပန်းတွေက လရောင်အောက်မှာ မွှေးလိုက်တာ။ ခွာညိုပန်းကို ရှင်မသိပါဘူး။ တကယ်တော့လည်း သဇင်နဲ့ နှင်းဆီကလွဲလို့ ဘယ်ပန်းကိုမှ နာမည်မှန်အောင်လည်း ရှင် မခေါ်တတ်ခဲ့ပါဘူး။
ကျွန်မတို့ အိမ်လေးကို ကျွန်မမြင်နေရတယ်။ အဲဒီ့မှာ ခန်းဆီးစဆင်စွယ်ရောင်က ဆောင်းလေနဲ့အတူ လှုပ်ခတ်နေတာကို မြင်နေရတယ်။ ကျွန်မ အဲဒီပြတင်းကို မပိတ်မိတာကြာပြီ။ အဲဒီပြတင်းပေါက်မှာ မကြာသေးခင်က ငှက်လေးတစ်ကောင် လာနားခဲ့တယ်။ အနက်ရောင် လည်ပင်းနဲ့ ရင်ဘတ်ဆီက အပြာရောင်အရစ်ကလေးနဲ့။ ဆက်ရက်လောက်လည်း မကြီး၊ စာကလေးလောက်လည်း မငယ်။ ချစ်စရာကောင်းတဲ့ငှက်လေးပါ။ ငှက်လေးအတွက် စပါးတွဲလေးတွေကို အိမ်တံစက်မြိတ်မှာ ချိတ်ဆွဲထားခဲ့တာ လေးငါးရက်ရှိပြီ။
အိမ်ထဲမှာ ရှင့်စာအုပ်တွေနဲ့ ကျွန်မစာအုပ်တွေ ပေါင်းထားတဲ့စာအုပ်စင်တွေ အများကြီးပါပဲ။ ကျွန်မတို့ နှစ်ယောက်မှာ အိမ်လေးတစ်လုံးရှိတယ်။ အောက်ထပ်က ရှင့်အခန်းမှာ စာအုပ်စင်ပေါင်း ဆယ့်နှစ်ခုရှိတယ်။ အပေါ်ထပ်က ကျွန်မအခန်းမှာ ဂီတကို နားထောင်ဖို့ ဓာတ်ပြားဖွင့်စက်၊ ရုပ်မြင်သံကြားစက်တွေရှိတယ်။ ဂီတဓာတ်ပြားတွေ ရာပေါင်းများစွာရှိတယ်။ နောက်ပြီး ဥယျာဉ်အကျယ်ကြီးရှိတယ်။ ပုန်းညက်ပင်၊ ဧကရာဇ်ပင်၊ ယုဇနပင်၊ ခွာညိုပင်၊ ရင်ခတ်ပင်နဲ့ ရှင်မသိတဲ့အပင်တွေ အများကြီးရှိတယ်။ ငှက်လေးတွေရှိတယ်။ လိပ်ပြာလေးတွေ ရှိတယ်။ ဘ၀မှာ ဘာများထပ်လိုဦးမှာလဲ။ ဒါပေမယ့် ရှင်က ကျွန်မအနားမှာ ဘယ်တော့မှ ကြာကြာမနေနိုင်ဘူး။
ကျွန်မရဲ့ခြုံလွှာလေးက တဖွဲဖွဲကျနေတဲ့ မမြင်ရတဲ့ နှင်းမှုန်လေးတွေကို မတားဆီးနိုင်ပါဘူး။ နှင်းတွေဟာ ခြုံလွှာပေါ်ကနေ၊ အနွေးထည်ပေါ်ကနေ ကျွန်မရင်ထဲထိ ထွင်းဖောက်၀င်ရောက်လာတော့ အေးခဲနေတော့တာပဲ။ ကျွန်မဘေးမှာ ရှင်မရှိတဲ့ ဆောင်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဆောင်းကတော့ အေးလှချည်ရဲ့လေ။
“ မြောင်လှစခန်းခြေမှာ တောင်ကျစမ်းရေဖြာ နှင်းမိုးစွေရွာ ” အဲ့ဒါ စန္ဒယားထွန်းညွန့် ဆိုတဲ့ သီချင်းလေ။
ရှင်မသိနိုင်ပါဘူး။ ရှင်က လေးဖြူနဲ့ ထူးအိမ်သင် သီချင်းတွေနဲ့လွမ်းတတ်တဲ့သူ။
အင်းလေ . . . လွမ်းတတ်ခဲ့မယ်ဆိုရင်ပေါ့လေ။
အခုချိန်မှာ ကျွန်မကြားဖူးခဲ့တဲ့ နှင်းနဲ့ ဆောင်းသီချင်းတွေကို ထိုင်စဉ်းစားရင်း အသံမပွင့်တပွင့်နဲ့ ဆိုညည်းနေရတဲ့အရသာက နာကျင်မှုနဲ့ ရောစပ်နေပေမယ့် ကြည်နူးလွမ်းမောစရာကောင်းလှတယ်။
ဘုရားရှင် ဂူထွက်ကိုလ ဦးညွတ်လို့ တိုင်တည်ကာသာ
မကြင်မောင့်မှာ လွမ်းရက်ရှည်ကြာ။
ငယ်ငယ်က ချစ်ခဲ့တဲ့ မိန်းကလေး။ အချိန်တွေ၊ နှစ်တွေ ဘယ်လောက်ပဲပြောင်းလဲသွားပါစေ မမေ့နိုင်ခဲ့။ ငယ်ကရုပ်သွင်ကို အစဉ်အောက်မေ့နေမိသတဲ့။ ယခုအချိန် ပြန်တွေ့လိုက်ရင် သွင်ပြင်ပုံပန်း ဘယ်လိုရှိမလဲတဲ့။ငယ်ကကျွမ်းတဲ့ အချစ်ဦးအကြောင်းဖွဲ့တဲ့ သီချင်းတွေမှာ တမ်းတခံဇာတ်ကောင်ဟာ ဘာဖြစ်လို့ ရွှေရင်သိမ်းသစ် မြနှစ်သူဇာ မိန်းခလေးတွေချည်း ဖြစ်နေရတာလဲ။ သီချင်းရေးသူတွေအားလုံးက အမျိုးသားဖြစ်နေလို့လား။ အမျိုးသမီးရေးတဲ့ နည်းပါးလှစွာသော သီချင်းတွေမှာရော ဘာဖြစ်လို့ ဆယ်ကျော်သက်ဘ၀က ချစ်ကျွမ်း၀င်ခဲ့တဲ့ ငယ်ချစ်ဦးကောင်လေးကို ဖွဲ့နွဲ့တမ်းတတာမျိုး မတွေ့ရတာလဲ။ ကောင်မလေးတွေက သူတို့နဲ့ရွယ်တူ ကောင်ငယ်လေးတွေကို မေတ္တာမျှမိတာတွေပဲ ဖြစ်နိုင်ပြီး အဲဒီမိန်းကလေးတွေက သီချင်းဖွဲ့နွဲ့ရေးဖို့ မတတ်စွမ်းလောက်အောင် ငယ်နေခဲ့တုန်း ဖြစ်လို့လား။ အမျိုးသားတွေကတော့ အသက်ပိုကြီးသည့် အမျိုးသားတွေက တော်တော်ငယ်သည့် ဆယ်ကျော်သက် ရွှေရင်ဖုံးတုံ့ မဖုံးတုံ့ မိန်းကလေးငယ်လေးတွေကို ချစ်မိတတ်တာမျိုးမို့ သူတို့ကတော့ ရေးဖွဲ့နိုင်တာလား။ သေချာတာကတော့ ဆယ်ကျော်သက် ငယ်ချစ်ကောင်ကလေးကို လွမ်းချင်လို့တောင် လွမ်းဖို့ သီချင်းမရှိတဲ့ အဖြစ်ပါပဲ။
ဒါဖြင့် ကျွန်မ ငယ်ငယ်က သူငယ်ချင်းချစ်သူလေးကို တမ်းတတဲ့အခါ ဘယ်သူ့သီချင်းနဲ့ ညည်းပြီး တမ်းတရမှာလဲ။
ထာ၀စဉ်မြတ်နိုးလာတဲ့ ချစ်တဲ့မောင်ရေ၊ ချစ်တဲ့မောင်ရေ၊ မေတို့ ငယ်ရွယ်စဉ်က ပျော်ရွှင်ခဲ့တဲ့ ဒီ ခရေပင်ကြီးအောက်လေ နှစ်တွေကြာရှည်၊ နှစ်ယောက်သား ကစားခဲ့ပုံလေးတွေ၊ ခုနေ တွေးမိတိုင်း ကြည်နူးမဆုံးနိုင်ပေ။
“ခရေပင်အောက်က ပိတောက်ချစ်သူ” ကို ဆိုညည်းရမှာကလည်း ရှင်က ပိတောက်ကိုမှ ချစ်သွားသူမဟုတ်သလို ကျွန်မကလည်း ခရေပန်းလေး မဟုတ်ခဲ့ပါဘူး။ ပြီးတော့ ဘာသာစကားလည်း သိပ်မတူခဲ့ဘူးပေါ့။
ဘာသာစကားတူဖို့ စိတ်ကူးယဉ်ခဲ့တယ်။ တူမယ်လို့လည်း မျှော်လင့်ခဲ့တယ်။ ပေါလ်ဖာလေရဲ့ အပြန်အလှန်မှီခိုသူများ ( Dependents ) ကဗျာထဲကလိုပေါ့။
တိတ်ဆိတ်မှောင်မိုက်တဲ့ မြေပြင်မှာ . . .
လျှောက်သွားကြရင်း
တစ်ယောက်အပေါ်တစ်ယောက်
ဘယ်လောက်ထိ ကောင်းလိုက်ကြသလဲ . . .
မင်းက ကိုယ့်အတွက် တံခါးတွေ ဖွင့်ပေး . . .
ကိုယ်က မင်းအတွက် တယ်လီဖုန်း ဖြေပေး . . .
ကိုယ်က ဂီတာကို ကျယ်ကျယ်တီး
မင်းက မီးထွန်းပြီး စာဖတ်။
လှလိုက်တာ . . . ။
မင်းရဲ့ပါးရိုးကကောက်ကြောင်းလေးကို . . . ထိ . . လို့ . .
‘ မင်း . . . ဘာလုပ်နေလဲ ’ လို့
တို့နှစ်ယောက်သာ နားလည်တဲ့ ထိတွေ့မှုလေးနဲ့
မင်းကို အသံမထွက်ဘဲ မေးလိုက်တယ် . . .
မင်းက ကိုယ့်လက်ဖဝါးကို အသာလေးပြန် . . . ထိ . . ပြီး . .
အသံမထွက်ဘဲ ဖြေတယ်။
‘ ဘာမှ မလုပ်ပါဘူး ’ တဲ့ ။
ကျွန်မက အိမ်ထောင်ရေးကို စိတ်မ၀င်စားဘူး။ ရှင်က အိမ်ထောင်သည် ဘ၀ဆိုတာကို စိတ်၀င်စားတယ်။ အဲဒါက အဓိက ကွဲလွဲချက်လား။ အိမ်ထောင်ရေးဆိုတာ တစ်ဦးနဲ့တစ်ဦး အမြင်မတူနိုင်တဲ့ ရပ်တည်မှုအခြေအနေဖြစ်တယ်။
နေပူကျဲကျဲမှာ ပိန်ချုံးနေတဲ့ နို့စို့ကလေးလေးကိုပွေ့ပြီး တွေ့သမျှလူကို ပိုက်ဆံတောင်းနေတဲ့ ကိုယ်၀န်ဆောင်မိခင် မိန်းမငယ်တစ်ဦးကို အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး မေးကြည့်ချင်ပါရဲ့။ ဘာစကားတွေများ ထွက်လာလေမလဲ။
မနက်မိုးလင်းတာနဲ့ အရက်ကို တစ်ငုံလောက် မော့ပစ်လိုက်ရမှ မျက်လုံးကောင်းကောင်းဖွင့်လို့ရတယ်ဆိုတဲ့ အရက်သမားတစ်ယောက်မှာရော အိမ်ထောင်ရေးနဲ့ ပတ်သတ်လို့ ပြောစရာစကားလုံးတွေ ရှိနေလေမလား။
သူတို့ နှစ်ယောက်စလုံးမှာ ပြောစရာစကားတွေ ရှိနေမှာပဲ။ သူတို့မှာ ပြောစရာစာအုပ် အကြောင်းမှ မရှိဘဲ။ ဂီတအကြောင်းမှ မရှိဘဲ။ ပညာအကြောင်းမှ မရှိဘဲ။
ကျွန်မသိခဲ့တဲ့ ရှင်က ကျွန်မကို စိတ်ကောက်ပြီး အဝေးကို ခဏခဏ ထွက်သွားဖူးပေမယ့် တစ်ခါမှ မငိုဖူးဘူး။ ဒါပေမယ့် ဘယ်ကိစ္စမဆို ပထမဦးဆုံးအကြိမ် ဆိုတာရှိသတဲ့။ ကျွန်မရဲ့အေးခဲတဲ့နှလုံးသားကြောင့် ရှင့်ကို မျက်ရည်မကျစေချင်ပါဘူး။ အဝေးမှာ ရှင်ငြိမ်းချမ်းနေပါစေ။
ရှင် အခုလိုညမျိုးမှာ ကျွန်မကို စိတ်ဆိုးနေစေဦးတော့။ ကျွန်မနဲ့ပတ်သတ်တဲ့ပုံရိပ်တွေတော့ ရှင်အာရုံမှာ ပေါ်နေခဲ့မှာ ကျွန်မသိပါတယ်။ ဘယ်လိုပုံရိပ်မျိုးတွေ ဖြစ်မလဲလို့ အသေအချာ မမှန်းဆနိုင်ပေမယ့် ခန့်မှန်းကြည့်လို့တော့ရတယ်။
အဝေးသင်စာမေးပွဲဖြေဆိုမယ့်ကျွန်မရှိရာ မကွေးတက္ကသိုလ်ကို နေပူပူမှာ အမောတကြီး အလည်ရောက်လာတဲ့ ရှင့်ကိုကြိုဆိုစဉ်က ရှင့်နဖူးက ချွေးစက်လေးတွေကို ကျွန်မ ငေးကြည့်နေမိစဉ် ပြန်မြင်ယောင်နေခဲ့တဲ့ ပုံရိပ်တွေနဲ့ သိပ်ကွာခြားမယ်မထင်။
နမိတ်ပုံဆိုတာကို ကျွန်မက ယုံကြည်တယ်။ ရှင်မလာခင် နံနက်က ကျောင်းဘေးက ရေကန်လေးဆီ ကျွန်မလမ်းလျှောက်သွားခဲ့တယ်။ လေတိုက်ခတ်လို့ လှိုင်းလေးတွေ တဖျပ်ဖျပ်လွန့်လူးနေတဲ့ ကြည်လင်တဲ့ ကန်ရေပြင်ပေါ်မှာ တလိမ့်လိမ့်မျောနေတဲ့ ဗာဒံရွက်ဝါခြောက်လေးတစ်ရွက်။ သူ့ကို ကြည့်ရတာ စက္ကူလှေလေးပမာ။ ဒါပေမယ့် အသေအချာကြည့်တော့ သူက သူလိုရာကို သွားနေတာ မဟုတ်နိုင်။ ဘာကြောင့်လဲဆိုတော့ သူ့ကိုယ်ပေါ်မှာ ခရီးကြုံလိုက်လာသူ တစ်ဦးရှိနေတယ်။ ဗာဒံရွက်လေးပေါ်မှာ အခုမှ လန်းလန်းဆန်းဆန်းကြွေထားတဲ့ ခရေပန်းလေးတပွင့်။ ဖြူဖွေးနေတဲ့ အဲဒီခရေပွင့်လေးက ခရီးကြုံလိုက်သူလား။ ဒါမှမဟုတ် ခရေပွင့်လေးရဲ့လိုရာခရီးသို့ ဗာဒံရွက်ဝါလေးက တမင်လိုက်ပို့ပေးတာလား။ ကျွန်မက ဗာဒံရွက်လေးလား။ သို့မဟုတ် ခရေပွင့်လေးလား။ အဲဒီ ဗာဒံရွက်လေးက သူပဲလား။ သူ့အပေါ်မှာ အသာလေးအိပ်ပြီး လိုက်လာတဲ့ ခရေပွင့်လေးက ကျွန်မပဲလား။ အဲဒီအတွေးကို ဖျတ်ခနဲတွေးမိတော့ ကျွန်မ မျက်နှာနွေးသွားခဲ့တာ အခုထိ ကျွန်မ မမေ့နိုင်ပါဘူး။
ရှင်ရောက်လာတော့ အဖြေရသွားတယ်။
ရှင်က ကျွန်မဖတ်မယ့် စာအုပ်စာတမ်းတွေကိုပေးဖို့ ဆေးတက္ကသိုလ်ဘက်ကနေ ကျွန်မဆီ အမောတကြီး ကူးလာခဲ့တာမဟုတ်လား။ နောက်ပြီး စာမေးပွဲဖြေတုန်းမှာ ကျွန်မလိုအပ်မယ့် အစားအသောက်တွေနဲ့အတူ လက်ပက်နာရီ အသစ်လေးတစ်ခု။
အိုး . . .
တိုက်ဆိုင်လိုက်တာ။ မနေ့ကပဲ ကျွန်မရဲ့ လက်ပတ်နာရီလေး ကြိုးပြတ်သွားခဲ့တာ။ စာကျက်နေတုန်းမို့ ပြင်ဆိုင်ကိုလည်း မသွားနိုင်။ စာမေးပွဲဖြေရင် ကြိုးမပါတဲ့ ဒီနာရီလေးကိုပဲ စာမေးပွဲခန်းအသွားမှာ ကွန်ပါဘူးထဲ ထည့်ယူသွားမယ်လို့ တွေးထားတာလေ။ အခုတော့ ကျွန်မဘာလိုအပ်နေတယ်ဆိုတာ ရှင်က ကြိုသိနေသလိုပါပဲလား။ အဲဒါကိုက ပေါလ်ဖာလေရဲ့ ကဗျာထဲကလို ဖြစ်နေတာပဲလို့ ကျွန်မယုံကြည်ခဲ့ပါတယ်။
အဝေးသင်ဖြေဖို့ ကျောင်းတက်နေတဲ့ ကျွန်မရှိရာ ရှင်လိုက်လာတဲ့ နံနက်ခင်းက မြင်ခဲ့ရတဲ့ ရွက်ဝါလှေလေးဟာ ရှင်ပဲ။ ကျွန်မကတော့ ခရေပန်းလေးပဲလို့ တပ်အပ်သေချာ ကောက်ချက်ချခဲ့နိုင်တာပေါ့။ ကျွန်မနဲ့ ရှင့်အကြားက ခင်မင်တွယ်တာမှုဟာ အခုထက် ပိုလာလိမ့်မယ်။ မကြာခင်မှာ သံယောဇဉ်တွေ ပိုပြီး တွယ်ငြိရစ်ပတ်လာလိမ့်မယ်။ အဲဒီနေ့က ရှင့်နဖူးက ချွေးစက်လေးတွေကို ကိုယ်တိုင်ကိုယ်ကျ သုတ်ပေးချင်ပေမယ့် မဖြစ်နိုင်တာမို့ ကျွန်မသိမ်းထားတဲ့ လက်ကိုင်ပဝါလေးတစ်ထည်ကို ထုတ်ယူပေးလိုက်တာ ရှင်မှတ်မိခဲ့မှာပါနော်။
“ချွေးတွေချည်းပဲ သုတ်လိုက်ဦး”
လက်ကိုင်ပဝါလေးက မင်းဂွတ်သီးရောင်၊ ဘာအကွက် ဘာအစင်းမှ မပါ။ ချည်သားအကောင်းစား ပြောင်လက်ကိုင်ပဝါလေး။ အဲဒီလက်ကိုင်ပဝါလေးဟာ ရှင့်သံယောဇဉ်တွေ စီးဆင်းလာဖို့ ကျွန်မဘက်က စပြီး သွယ်ဖောက်ပေးလိုက်တဲ့ မြောင်းရာလေးတစ်ခု ဖြစ်ခဲ့သလား။ အခုပြန်တွေးကြည့်တော့ ပြတ်သားစွာ ငြင်းဆိုနိုင်ပါပြီ။ မဟုတ်ပါ။ ရှင့်အပေါ်ထားတဲ့ ကြင်နာမှုတွေက မထိန်းနိုင် မသိမ်းနိုင် ဖိတ်လျှံကျသွားတာမျှသာပါ။ ဒီလက်ကိုင်ပဝါလေးက နဂိုကရှိမနေသေးတဲ့ ရှင့်သံယောဇဉ်ကို အခုချက်ချင်း စီးဆင်းပေးစေနိုင်လောက်တဲ့ အားကိုးဖွယ်ရာ အင်အားတစ်ခု မဟုတ်ခဲ့ပါနော်။ အလွန်ဆုံးပေါ့လေ။ ရှင့်ရင်ထဲက ရှင်သန်ပြီးသား အကြင်နာနှလုံးသားကို တငြိမ့်ငြိမ့်နွေးလာအောင်
ထွေးပွေ့ပေးလိုက်သလိုပဲ ဖြစ်ခဲ့မှာပါ။
ရှင်သိလား။ ပထမဆုံးနေ့မှာ ရှင်ကျွန်မကို ခြုံပေးခဲ့တဲ့ ဂျာကင်အင်္ကျီကတော့ ဘ၀မှာ အနွေးဆုံးပါပဲ။
အဲဒီတုန်းကပါပဲ။ ဘာပန်းကိုမှ ရှင်မသိပေမယ့် ကျွန်မအတွက် ရှင် သဇင်ခက်လေးတွေ ယူလာပေးခဲ့တာကိုး။ အခုလို ပြာသိုလ ချမ်းမြအေးစိမ့်တဲ့ နေ့တစ်နေ့ပေါ့။ ညတစ်ညတော့ မဟုတ်ခဲ့။ နှင်းတွေဝေတဲ့ နံနက်ခင်းတစ်ခု။ ရှင်ပေးလာတဲ့ ပထမဆုံး သဇင်ခက်လေးတွေလေ။
အဲဒီတုန်းက ရှင် ဘာစိတ်ကူးတွေနဲ့ တွေးလာခဲ့သလဲ ကျွန်မ မသိ။ ကျွန်မကို ဘာဖြစ်လိ့ ဒီပန်းတွေပေးတာလဲလို့ ကျွန်မ မျက်စောင်းချီရင်း မေးတော့ ရှင် အဖြေခက်ခဲ့တယ်။ နောက်တော့ ကျွန်မကပဲ စနောက်ခဲ့ရတာပါပဲ။ ခင်ဆွေဦးရဲ့ ၀တ္ထုခေါင်းစဉ်လိုလားဟင်လို့။ အိမ်ထောင်နဲ့ အချစ်ကို စိတ်၀င်စားတဲ့ရှင်က ၀တ္ထုတွေကို မသိခဲ့တာ အံ့သြစရာပဲ။ အချစ်ဆို အချစ်ပဲ စိတ်ထဲထားပြီး ကျန်တာကို ဘာမှ မသိတဲ့ ကျွန်မကတော့ ၀တ္ထုတွေ ကဗျာတွေလည်းသိ။ သီချင်းတွေလည်းသိ။
“ သဇင်ပန်းတစ်ခက် နှစ်ခက် ” တဲ့ကွဲ့။
ကျွန်မ အဖြေပေးလိုက်တော့ ရှင်က ‘ သြော် ’ တဲ့။ အဲဒီနောက်တော့ ကျွန်မက
“ ကြင်စတမ်း တစ်သက် နှစ်သက် ” လို့ ထပ်ဖြည့်မပေးလိုက်ပါဘူး။
နောက် သုံးလေးနှစ်ကြာတော့ အဲဒီလိုပဲ ကျွန်မအတွက် ရှင် သဇင်ပန်းခက်လေးတစ်ခက်ယူလာပြန်တယ်။ စျေးကပဲ ၀ယ်လာတာလား။ ရှင်စာသင်ပေးတဲ့ တပည့်မလေးတွေကပဲ ရှင့်ကို ပေးလိုက်သလား။ ကျွန်မ မမေးပါဘူး။ စျေးကနေ တကူးတက သွား၀ယ်မယ့်လူ မဟုတ်မှန်းလည်း ကျွန်မ သိနေပါတယ်။
ဒီတစ်ခါတော့ ရှင်က “ သဇင်ပန်း တစ်ခက် နှစ်ခက် ” တဲ့။ မပွင့်တပွင့်အပြုံးနဲ့ ကျွန်မလက်ထဲကို ပန်းနှစ်ခက် ထည့်လာတယ်။
ကျွန်မက ‘ ဟင် ထူးထူးဆန်းဆန်းပါလား ’ လို့ ပြုံးမိတယ်။ ရှင်က ‘ အဲဒါ ဘာအဓိပ္ပာယ်လဲ သိလား ’ တဲ့။
‘ ဟင့်အင်း ’
“အဲဒါ ကြင်စတမ်း တစ်သက် နှစ်သက် လို့ ပြောတာ” တဲ့။
ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့ မပြောခဲ့မိကြပါဘူး။ ဒါပေမယ့် ဗာဒံရွက်လေးနဲ့ ခရေပွင့်လေးကလည်း ကျွန်မတို့ပါပဲ။ သဇင်ပန်းလက်လေးနှစ်ခက်ကလည်း ကျွန်မတို့ပါပဲ။ အဲဒါကို နှစ်ယောက်စလုံး သိနေခဲ့ပါတယ်။
ကျွန်မတို့ အိမ်လေးမှာ သဇင်စိုက်ဖို့ ကျွန်မ အမြဲကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သဇင်ပင် တစ်ပင်မှ မဖြစ်ထွန်းခဲ့ဘူး။ ရှင့်ကို ပြောရင် ရှင်က အယူသည်းလိုက်တာလို့ အပြစ်တင်ဦးမယ်။ ဒါပေမဲ့ ကျွန်မနဲ့ သဇင်နဲ့ ကံမဆုံနိုင်ဘူး ထင်တယ်လို့ ကျွန်မတွေးပြီး ၀မ်းနည်းရတာ ခဏခဏပါပဲ။ အခုလည်း ကြည့်လေ။ ခွာညိုပန်းတွေကတော့ လရောင်အောက်မှာကိုပဲ လန်းဆန်းမွှေးပျံ့လို့ ။ ဒါပေမယ့် သဇင်ကတော့ ရှင်ယူလာပေးမှ မွှေးရမှာပါ။
မြသက်မူရဲ့ “ မျှော်သဇင် ” သီချင်းကို အခုတော့ ကျွန်မ နားထောင်ရလွန်းလို့ အလွတ်တောင်ရနေပြီ။ ရှင် ဘယ်မှာရောက်နေသလဲလို့ လွမ်းမိတာလည်း ရက်တွေ လတွေ မနည်းတော့ဘူး။ ဆောင်းတကာ့ဆောင်းထဲမှာ အခုညကတော့ အအေးဆုံးပါပဲ။
‘ ခင်မင်မပျက်အောင်အရေး x x သဇင်လက်ဆောင်ပေးဖို့ မောင်ဝေးပြီ ။ ’
‘ မျှော်တရေးရေး အော်ဆွေး x x ဆွေးပိုမျက်ရည် x x ရက်တွေတွက်ရေမဆုံး x x ဘုန်းမယ့်ဒါလီ x x နှစ်လနာရီတာရှည် x x ရာသီတွေ ပြောင်းခဲ့ပြီ x x တစ်ဆောင်းသစ် ရှာတော့မည် x x ဟောင်းသနစ်က အဖြစ်ဟာ ချစ်ရေးမညီ . . . ’
အရင်ကတော့ ချစ်ရေးမညီ ဆိုတဲ့စကားလုံးဟာ ခေတ်ဟောင်းစကားလုံး တောဆန်လိုက်တာလို့ တွေးခဲ့ဖူးပါရဲ့။ အခုတော့ ဒီစကားလုံးကို ကျွန်မ မငြင်းလိုတော့ပါဘူး။ မချစ်ကြတာလည်း မဟုတ်ဘူး။ ချစ်ခြင်းတွေလည်း များပါရဲ့။ မေတ္တာတွေလည်း အနန္တပါပဲ ။ ဒါပေမယ့် အချစ်တွေ မညီကြဘူးတဲ့လားကွယ်။
‘ အလီလီခံစားလာရ x x ကြံအားပါမှ မကုန်နိုင်သည် x x နှင်းမြူမှုန်ငွေရည်ထဲ x x အမြဲမြင်ယောင်အတွေ့မှာ x x သဇင်တွေ မောင်ပွေ့လာခဲ့ပြီ x x တွေးရိပ်မှာရည် x x ဆွေးစိတ်က ဘယ်မတည် x x သည်ရာသီခါဆောင်း x x အကြောင်းကံကမညီ x x သြော် ခင်မင်မပျက်အောင် x x မျှော်သဇင်လက်ဆောင် x x မောင်မပေး ရှောင်ပြေး x x နောင်ရေး ဆွေးမနေချင်သည် x x ဆောင်းလရာသီ x x ပြောင်းရရင်လည်း ပြောင်းပစ်ချင်ပါသည် ’
မြသက်မူကတော့ ဆောင်းရာသီကို ပြောင်းပစ်လို့ရရင် ပြောင်းလိုက်ချင်သတဲ့။ ကျွန်မကတော့ ဆောင်းရာသီကို မပြောင်းချင်ပါဘူး။ ချမ်းချမ်းစိမ့်စိမ့်နဲ့ လွမ်းရလွန်းလို့ နာကျင်ရလည်း နာကျင်ရပါစေတော့။ ကျွန်မ လွမ်းရဲပါတယ်။ ဆောင်းသီချင်းတွေ၊ နှင်းမြူမှုန်ပါတဲ့ သီချင်းတွေ၊ နှင်းစက်တွေနဲ့ အေးမြတဲ့သီချင်းတွေ၊ လွမ်းဖော်ကိုတတဲ့ သီချင်းတွေ များလည်းများလှပါရဲ့။ နာကျင်ကြေကွဲရပါရဲ့။ ဒါပေမယ့် သီချင်းတွေ၊ ကဗျာတွေ အကုန်လုံးကိုလည်း ကျွန်မ ခဏ ခဏ ရွတ်ဆိုမိနေဆဲပါပဲ။
ကျွန်မ ရှင့်ကို မေးလို့ရရင် မေးချင်တဲ့ မေးခွန်းက တစ်ခွန်းတည်းပါ။ တခြားမိန်းကလေးတွေလို လက်တွေ တွက်ရေချိုးပြီး ရှင် ဘယ်တော့ပြန်လာမလဲလို့ မမျှော်ချင်ပါဘူး။ ကျွန်မက လိုက်လာချင်တဲ့သူပါ။ ဒါကြောင့် ရှင့်ကို မေးခွင့်ရရင်မေးချင်တာက ဘယ်တော့ပြန်လာမလဲဆိုတဲ့ မေးခွန်းမဟုတ်ပါဘူး။
“ ရှင် အခုချိန်မှာ ဘယ်ရောက်နေလဲ ”
“ ရှင် ဘယ်မှာလဲ ”
0 Comments