ဗိုလ်နေဝင်းဇာတ်လမ်းရှုပ်သမျှ - ကြေးမုံဦးသောင်း (အပိုင်း ၂)

#ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ

၂။ နိဒါန်း

အပိုင်း(၁)

“လူမင်းတပါး ချွတ်ယွင်းမှားက၊ တရားလက်လွှတ်၊ မေ့တတ်ကုန်မူ၊ တိုင်းသူပြည်သား၊ အများရှိသမျှ၊ လောကတိမ်းစောင်း၊ အကြောင်းဆင့်ဆင့်...”

ပုဂံဝန်ထောက်မင်း ဦးတင်သည် ရာဇောဝါဒလင်္ကာကို ဖော်ညွှန်း၍ မင်းဆိုးလျှင် ပြည်သူတို့ အဆင့်ဆင့် နာကြရပုံကို ရေးကာ မြန်မာ့သမိုင်းတွင် တရုတ်ပြေးမင်း၊ ဟံသာဝတီပါမင်းနှင့် မဒရပါ သီပေါမင်းတို့သည် အညံ့ဆုံးသော မင်းဆိုးမင်းညစ်များ ဖြစ်ကြသည်ဟု မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်းကြီး၌ မှတ်တမ်းတင်ကာ ရေးသားပြုစုခဲ့ပေသည်။

ပညာကျော်ကြီး ဦးတင်သည် မြန်မာနိုင်ငံ၏ ခေတ်တခေတ် စောကာ မွေးဖွားလေသဖြင့် ထိုမင်းသုံးပါးထက် ဆိုးရွားသော ဗိုလ်နေဝင်းနှင့် စစ်ဗိုလ်များ၏ စစ်တပ်မင်းဆက်တို့ကို မမြင်မတွေ့ မကြုံရသောကြောင့်သာ သူမီလိုက်သော ခေတ်က မင်းဆိုးသုံးပါးကို သမိုင်းတင်နိုင်သည်။ နန်းပေါ်က ဆင်းမပေးသော ဗိုလ်နေဝင်းနှင့် စစ်ဗိုလ်များ၏မင်းဆက်နှင့် နှိုင်းယှဉ်ပါလျှင် ထိုမင်းသုံးပါးတို့သည် မင်းကောင်းမင်းမွန်များ ဖြစ်ပေသည်ဟု မှတ်တမ်းတင်မိပေမည်။

ဗိုလ်နေဝင်းမင်းဆက်သည် မြန်မာနိုင်ငံ၏သမိုင်းတွင်သာမက၊ ကမ္ဘာ့သမိုင်းတွင်ပင် နိုင်ငံသားတို့အား ညှဉ်းဆဲနှိပ်စက်မှုစံချိန်တွင် အဆိုးရွားဆုံး ရက်စက်ယုတ်မာမှု အကြီးဆုံးဖြစ်သည်။ ဉာဏ်ပညာ အကင်းမဲ့ဆုံး၊ ကောက်ကျစ်စဉ်းလဲမှု အကြီးဆုံး၊ ခိုးဝှက်မှု၊ လာဘ်စားမှု၊ လုယက်မှု အကြီးဆုံးသော မင်းဆိုးမင်းညစ် မင်းယုတ်များလည်း ဖြစ်ပေသည် ဟု ကမ္ဘာက မှတ်တမ်းတင်ရသည့် မင်းဆက်ဖြစ်သည်။

ဗုဒ္ဓဝင်မဟာဝင်တို့တွင်လည်း ရှေးအသင်္ချေသော ကမ္ဘာ့ကမ္ဘာများ၌ပင်လျှင် ဤသို့သော မင်းဆိုးမင်းညစ်မျိုး ပေါ်ထွန်းခဲ့သည်ဟု မတွေ့ ရပေ။ တိုင်းပြည်၏သယံဇာတများကို လုယက်ခိုးဝှက်ပြီး ပြည်သူလူထုအပေါ်စိုးစိမှ စေတနာကရုဏာမရှိဘဲ ရက်စက်စွာ ညှဉ်းဆဲရာတွင် ဗိုလ်နေဝင်း စစ်တပ်မင်းဆက်ကဲ့သို့သောမင်းမျိုး ရှေးက မပေါ်ခဲ့ဖူးပေ။ နောင်ခေတ်များတွင်လည်း ဤရွေ့ဤမျှ ဆိုးယုတ်သည့်မင်းများ ပေါ်နိုင်မည်မဟုတ်အောင် ဆိုးယုတ်သူများ ဖြစ်ကြပေသည်။

“ငါတို့ ငါတို့ကံခေ၊ ဖြစ်ရပြန်သလေ”ဟူသော တို့ဗမာတေးမှ နယ်ချဲ့ တို့၏ကျွန်ဘဝကို ညွှန်းခဲ့သောစာပိုဒ်ကို ညီးဆိုရင်း ဗိုလ်နေဝင်း မင်းဆက်ခေတ်တွင် လူဖြစ်လာရသော မြန်မာတို့သည် ကံဆိုးလှချေသည် ဟု ကံကိုသာ ရိုးမယ်ဖွဲ့နေကြရမည့် ဘဝသို့ ရောက်ရှိနေကြရှာသည်။ ၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံတွင် လူဦးရေ ၁၉ သန်းခန့်သာ ရှိသည်။ ယခု လူဦးရေ ၅၂ သန်းကျော် ရှိနေလေပြီ။ ထိုလူသားအားလုံးတို့သည် နည်းအမျိုးမျိုးနှင့် ညှဉ်းဆဲနှိပ်စက်ထားသဖြင့် စစ်ဗိုလ်များပေးသမျှ စားကာ ခိုင်းရာ လုပ်နေကြရသည့် သိုးကလေးများ ဖြစ်နေကြရရှာသည်။

သက္ကရာဇ် ၁၉၁၁ ခုနှစ် မေလ ၁၁ ရက်နေ့က ပြည်ခရိုင်၊ ပေါက်ခေါင်း ပေါင်းတလည်မြို့နေ ဖခင် ဦးဖိုးခနှင့် မိခင် ဒေါ်မိလေးတို့တွင် သားတယောက် ပေါက်ဖွားခဲ့သည်။ မောင်ရှုမောင်ဟု အမည်ပေးကြသည်။ အင်္ဂလိပ် ကဗျာဆရာကြီး တီအက်စ်အီးလျော့က ဧပြီလသည် ရက်စက်ကြမ်းကြုတ်ဆုံးသောလ ဖြစ်၏ဟု စာဖွဲ့ဖူး၏။ အီရတ်မှ လူသတ်အာဏာရှင် ဆဒန်ဟူစိန်သည် ဧပြီလ သားဖြစ်သဖြင့် ရက်စက်သည်ဟု ဆိုကြသည်။ မောင်ရှုမောင်သည် မေလတွင် မွေးဖွား၏။ သူ၏ ယုတ်မာရက်စက်မှုတို့မှာ မွေးလ၊ မွေးရက်၏အကျိုးတရား ဖြစ်ဟန်မတူ။

ထိုအချိန် ထိုကာလက ပေါက်ခေါင်းပေါင်းတလည်ဒေသသည် မြန်မာနိုင်ငံအရပ်ရပ်မှ လူဆိုးသူဆိုးများ စုဝေးရာမြို့ ဖြစ်ခဲ့သည်။ အမြို့ မြို့အရွာရွာတွင်ရှိသော လူဆိုးသူဆိုးများကို အင်္ဂလိပ်အစိုးရက နယ်နှင်ဒဏ်ပေးသောအခါတို့တွင် ပေါက်ခေါင်းသို့ ပို့လေ့ရှိသည်။ ပေါက်ခေါင်းသို့ ရောက်သွားသူများ၊ ပေါက်ခေါင်းမှ ပြန်လာသူများတို့သည် ပိုမိုဆိုးသွမ်းသော လူဆိုးများ ဖြစ်လာတတ်ကြသည်။

မောင်ရှုမောင်၏ ချက်မြှုပ်ဇာတိမြေသည် မြေခံရေခံမကောင်း ရေဆိုးမြေဆိုး ဖြစ်ခဲ့သည်။ ထို့ကြောင့် မြန်မာတပြည်လုံး ကြိမ်မီးအုံးသို့ ပူပန်ကြောင့်ကျ ဆင်းရဲကြစေသည့် မင်းအဖြစ်သို့ ရောက်ခဲ့ရသည်ဟု ယူဆနိုင်သည်။
ထိုမြေမှ ပေါက်ဖွားသူ အထောင်အသောင်းတွင် မောင်ရှုမောင်တဦးတည်းသာ အစွယ်ပြူးသည့် ဘီလူးစရိုက်ကို ကျင့်သုံးသူဖြစ်သဖြင့် ရေမြေကို ရိုးမယ်ဖွဲ့ရန်လည်း မသင့်ပြန်ပေ။ သူ၏စရိုက်၊ သူ၏ဝသီ၊ သူ၏မနော၊ သူ၏ပြုမူချက်တို့သည် သူ၏မွေးရာပါဗီဇသာ ဖြစ်မည်ဟု ယူဆမှသာ သင့်တော်မည်။ 

မောင်ရှုမောင်၏ အစ်ကိုနှင့် ညီအရင်းတို့သည် ဗိုလ်နေဝင်းအာဏာရချိန်တလျှောက်လုံး ကောင်းရောင်းကောင်းဝယ်နှင့် အသက်မွေးမှု မပြုဘဲ ဖဲဒိုင်ခံ၍ ငွေရှာကြသည်။ ညီဖြစ်သူအား ကူးသန်းရောင်းဝယ်မှု သံတမန်ရာထူးကို ပေးအပ်ကာ အင်္ဂလန်ပြည်၊ လန်ဒန်မြို့ မြန်မာသံရုံး၌ အမှုထမ်းစေသောအခါ နာရီမှောင်ခိုလုပ်ငန်း လုပ်ကိုင်သည့် ရာဇဝတ်မှုကို ဖမ်းမိသဖြင့် အင်္ဂလိပ်အစိုးရက တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။ ဤအမူများကို ထောက်ရှု၍ မိသားစုတစ်ခုလုံး ဗီဇဖောက်ပြန်သောသူများဟု ယူဆနိုင်ပေသည်။

မောင်ရှုမောင်သည် အသိဉာဏ်ကြီးမားသည်၊ မှတ်သားဉာဏ်က ထူးကဲသည်၊ ကောက်ကျစ်မှုက လွန်ဖြိုးသည်။ အဆိုးရွားဆုံးသော သူ၏စရိုက်မှာ အလိုလောဘ မတရားများပြားသဖြင့် လောဘ၏မဟာမိတ်ဖြစ်သည့် ဒေါသနှင့်မောဟတို့အထိ ဖုံးလွှမ်းနေလေသည်။

၁၉၅၈ ခု စက်တင်ဘာလမှ စတင်ပြီး ယနေ့ယခု ဤစာအုပ်ကို စတင်ရေးသားသည့် သက္ကရာဇ် ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ စစ်အာဏာရှင်မင်းဆက်ကို တည်ဆောက်နိုင်သည့် အကြောင်းတရားမှာ သူ့၏ထက်မြက်သော ဉာဏ်စွမ်းနှင့်၊ သူနှင့်တကွ သူကမွေးထုတ်သော စစ်ဗိုလ်များတို့ကိုပါ ဖုံးလွှမ်းနေလေ အတိုင်းမသိ ကြီးမားသည့် လောဘ၊ ဒေါသ၊ မောဟ အထုအထည် အစိုင်အခဲတို့၏ အကျိုးတရား ဖြစ်ပေသည်။

စာရေးသူသည် လွန်ခဲ့သော ၁၉၈၈ ခုနှစ်၊ တန်ခူးလမှ စတင်ကာ မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းကို လေ့လာကာ သုတေသနပြုခဲ့သည်။ အမေရိကန်ပိဋကတ်တိုက်များတွင် စာအုပ်စာတမ်း စုံလင်လှသဖြင့် သမိုင်းကို အပြန်ပြန် အလှန်လှန် ကျေညက်စွာ သုံးသပ်ခွင့်ရခဲ့သည်။ မြန်မာ့သမိုင်းနှင့် ပတ်သက်သော စာရွက်စာတမ်း၊ စာအုပ်စာရင်းဇယားမှန်သမျှတို့ကို လှန်လေ့လာလေတိုင်း ပေါက်ခေါင်းသား ဗိုလ်နေဝင်းသည် သူ၏အကျိုးစီးပွား ​လောဘမီးအတွက် ပြည်ထောင်စုကြီးတခုလုံးကို မီးတင်ရှို့ခဲ့သည်တို့ကို ဖော်ထုတ်ကြသဖြင့် နိုင်ငံသားတို့ကို တောက်လောင်ပူပန်စေသော သူ၏ရန်မီးတောက်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။

“မြန်မာနိုင်ငံသည်၊ ပါလီမန်ဒီမိုကရေစီစနစ်ကို လက်ခံသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။ ထိုအခြေခံဥပေဒသည် နိုင်ငံသားတိုင်းအား ညီမျှသော အခွင့်အရေးများကို ခံစားရရှိစေသည်။ နိုင်ငံသားတိုင်း၏ မူလအခွင့်အရေးများကို မထိပါးစေရန် စောင့်ရှောက်ထိန်းသိမ်းပေးသည်။ တရားရုံးများကိုလည်း ရဲရဲရင့်ရင့် လွတ်လပ်စွာ တရားစီရင်ခွင့်ကို ပေးထားသည်။ အချုပ်အားဖြင့်ဆိုရလျှင် ပြည်ထောင်စုအခြေခံဥပဒေသည် တော်လှန်ရေးမှ ပေါက်ဖွားလာခဲ့သော်လည်း တော်လှန်ရေး၏ အပြစ်ဒေါသများမှ ကင်းရှင်း၍ တည်ငြိမ်ခန့်ညားပေသည်”ဟု ဥပဒေပါရဂူ ဒေါက်တာမောင်မောင်က ချီးမွမ်းခန်းဖွင့်သော ဥပဒေကြီးကို အတည်ပြု၍ နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူအားလုံးတို့ ညီညွတ်စွာ နိုင်ငံသစ်တည်ထောင်ခဲ့ကြစဉ်တွင် နိုင်ငံတော်ဥပဒေနှင့်တကွ မြန်မာ့လူ့အဖွဲ့အစည်းတခုလုံးကို ဗိုလ်နေဝင်းက ချေမှုန်းဖျက်ဆီးခဲ့လေသည်။ 

အခြေခံဥပဒေကို အကြောင်းပြကာ အခြေခံဥပဒေကို အသက်ပေး၍ ကာကွယ်မည်ဟု စစ်တပ်နှင့်ခြိမ်းချောက်၍ အာဏာသိမ်းခဲ့သည်။ ဥပဒေကြီး၏ အာနိသင်အရ၊ ထိုအာဏာသိမ်းပွဲမှ ပြန်ဆင်းပေးရသောအခါ မကြာလင့်သော ကာလတာအတွင်း၌ အခြေခံဥပဒေကို ဖျက်သိမ်းရန်အတွက် အာဏာသိမ်းပြန်သည်။

ဗိုလ်နေဝင်းသည် ဤသို့ နိုင်ငံကို ခလောက်ဆန်အောင် လှုပ်ရှားကာ အာဏာကိုရယူနိုင်ခဲ့သော်လည်း နိုင်ငံ၏လွတ်လပ်ရေးတိုက်ပွဲများတွင် ပါဝင်သူအဖြစ် နိုင်ငံရေးအစဉ်အလာရှိသူမဟုတ်။ ၁၃ဝဝ ပြည့် အရေးတော်ပုံနှင့် တို့ဗမာသခင်အစည်းအရုံးခေတ်တွင် နိုင်ငံရေးလောကတွင်းသို့ ဝင်လာဟန် ယူဆရေးသားကြစေကာမူ အင်္ဂလိပ်နယ်ချဲ့တို့ကို တိုက်ခိုက်သော မည်သည့်နိုင်ငံရေးတိုက်ပွဲတွင်မှ ပါဝင်ခဲ့သူမဟုတ်သည်မှာ အမှန်ပဲ ဖြစ်သည်။

သခင်အမည်ကို စစ်ပြီးခေတ်တွင် သူက အသုံးပြုသော်လည်း တို့ဗမာအစည်းအရုံး သခင်အဖွဲ့နှစ်ခုတို့အနက် မည်သည့်အဖွဲ့တွင်မှ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်၍ စာရင်းသွင်းဝင်ရောက်ခြင်းမရှိသည်ကို မှတ်တမ်းများက ထုတ်ဖော်ကြပေသည်။ ထိုထက်ဆိုးသည်မှာ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲတို့တွင် ပါဝင်ခြင်းမရှိသည်သာမက အင်္ဂလိပ်အစိုးရ၏သူလျှိုအဖြစ် အင်္ဂလိပ်အစိုးရ၏အကျိုးအတွက် လျှို့ဝှက်စုံထောက်တာဝန်ကို ထမ်းဆောင် ခြင်း၊ ဂျပန်ကင်ပေတိုင် စုံထောက်အဖွဲ့၏သူလျှိုဖြစ်ခဲ့ခြင်းတို့ဖြင့် နယ်ချဲ့ဖက်သား ဖြစ်နေသည်ကိုလည်း သက်သေခံအချက်အလက်များ တွေ့ရှိရပြန်သည်။ အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်းအား ဂဠုန်ဦးစောက လုပ်ကြံစဉ်ကလည်း သူ၏ရာထူးအာဏာ ထက်မြက်ရေးအတွက်၊ တနည်းတလမ်း ပူးပေါင်းကူညီသည်ဟူသော သက်သေသာဓကများကိုလည်း မြင်တွေ့ခဲ့ရပြန်ပေသည်။ 

ညီညာနေသော တိုင်းပြည်တွင် တပ်မတော်နှင့် နိုင်ငံရေး ခေါင်းဆောင်များတို့ တစိတ်တဝမ်းတည်း ညီညွတ်နေခိုက်တွင် ဗိုလ်နေဝင်းက မိမိ ဝန်ကြီးတဦးအဖြစ် ရာထူးကိုရယူလိုသဖြင့် ပါလီမန်အစိုးရဝန်ကြီးချုပ်ထံ ရာထူးတောင်းရာမှ တပ်တွင်းသဘောကွဲလွဲမှု ဖြစ်ရသည်။ သူ၏ လှုပ်ရှားမှုကြောင့် တပ်မတော်တွင်းရှိ လက်ဝဲဝါဒီများ တောခိုခဲ့ကြရာမှ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ ပြည်တွင်းစစ်မီးတောက်ကို စတင်မီးမွှေးသူမှာ ဗိုလ်နေဝင်းဖြစ်သည်။ ဆက်လက်၍ ဓာတ်ဆီလောင်းသူမှာလည်း သူပင်။

ပြည်တွင်းစစ်ဖြစ်ပွားသောအခါတွင်လည်း “ကျုပ်ရဲ့ တပ်က ခင်ဗျားတို့ နိုင်ငံရေးသမားဝန်ကြီးတွေကို ကာကွယ်ပေးဖို့ ဖွဲ့ထားတာ မဟုတ်ဘူး”ဟု ဦးကျော်ငြိမ်းနှင့် ဝန်ကြီးများကို အကြိမ်ကြိမ် ကြိမ်းမောင်းကာ မိမိအား ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် ခန့်ထားခြင်းမပြုလျှင် သူပုန်များကို တိုက်ခိုက်မည်မဟုတ်ဟု အကျပ်ကိုင်၍ တောင်းဆိုခဲ့သဖြင့် ဝန်ကြီးချုပ်ဦးနုက လူထုမဲနှင့် တင်မြှောက်သူမဟုတ်သည့် ဗိုလ်နေဝင်းအား ဒုတိယဝန်ကြီးချုပ်ရာထူး တိုးပေးခဲ့ရသည်။ 

ဖဆပလအဖွဲ့ချုပ်ကြီး ကွဲပျက်ရသည်မှာလည်း ဗိုလ်နေဝင်းက ဦးကျော်ငြိမ်းတို့ ဆိုရှယ်လစ်အင်အားစုနှင့် ကူးလူးဆက်ဆံပြီး တဖက်မှ ဦးနုထံ အထင်မှားအမြင်မှားစေမည့် သတင်းများကို နှစ်ကိုယ်ကြား သတင်းပေးသဖြင့် ကွဲခဲ့ရသည်။ 

ရှင်သန်ကြီးထွားနေသော ပါလီမန်ဒီမိုကရေစီစနစ်ကို မပျက်မချင်း အမျိုးမျိုးအဖုံဖုံ ဖျက်ဆီးကာ မိမိ၏အကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ် ထူထောင်ခဲ့သူ ဖြစ်သည်။ သမိုင်းကို လှန်လှော်လေ့လာလေလေ နိုင်ငံတွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် မကောင်းသောဖြစ်ရပ်အားလုံးတို့သည် ဗိုလ်နေဝင်း၏လက်ရာများ ဖြစ်နေသည်ကို တွေ့ရလေလေ ဖြစ်သည်။ ထို့ကြောင့် ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်လေသမျှကို ဤစာအုပ်၌ သက်သေသက္ကာယနှင့် မှတ်တမ်းရေးထိုးကာ ယနေ့လူငယ်များနှင့် နောင်တခေတ် မြန်မာများ သိရှိနိုင်ရန် ရေးသားခဲ့ခြင်း ဖြစ်ပေသည်။

ဦးနေဝင်းသည် စာရေးသူအား ထောင်သွင်း၍ ဖမ်းဆီးနှိပ်စက်ခဲ့စေကာမူ ထောင်မှလွှတ်ပေးချိန်တွင် သူကောင်းပြုခဲ့သဖြင့် တနည်းအားဖြင့် ကျေးဇူးရှင်တဦး ဖြစ်ပေသည်။ မိမိတဦးတည်း၏ အကျိုးစီးပွားကို ဆောင်စေကာမူ သန်းပေါင်းများစွာသော နိုင်ငံသားတို့၏အကျိုးစီးပွားကို ချေမွ ဖျက်ဆီးကြောင်းကို ခိုင်မာစွာ သိရှိရသဖြင့် ဤစာအုပ်ကို ပြုစုခဲ့ပေသည်။ စာရေးသူ မေတ္တာပို့တိုင်း သူ့ထံရည်စူး၍ ဩဓိဿမေတ္တာ ပို့သလေ့ရှိသည်မှာ အမှန်ဖြစ်သဖြင့် ကိုယ်ရေးဒေါသကင်းစင်စွာ ပြုစုသော သုတေသနစာတမ်းသာ ဖြစ်ပေသည်။

( ၂။နိဒါန်း၊ အပိုင်း(၂) ဆက်ရန်)
---------------------------------------
#ကြေးမုံ ဦး​သောင်း

Post a Comment

0 Comments