သနပ်ခါးရေကျဲကျဲ - သုမောင် (ဝတ္ထုတို)

 ဝတ္ထုတို အမည် - သနပ်ခါးရေကျဲကျဲ

စာရေးသူ - သုမောင်

Short Story


-------------------------------------------------


သနပ်ခါးရေကျဲကျဲ


#သုမောင်


သူတို့အသိုင်းအဝိုင်း သင်းတို့ပတ်ဝန်းကျင်ကဖြင့် ကဲကိုကဲသည်။ အိုးက မပူ၊ စလောင်းက ပူသည်။ ကောက်ညှင်းက မစေး၊ ဆန်ကြမ်းက စေးနေသည်။ ကာယကံရှင် ငမောင်နှင့် မိဆက်တို့ကဖြင့် ဘယ်အခြေအနေ ရှိနေသည် မသိသေး၊ သူတို့သတင်းက ဟိုးလေးကျော်နေပြီ။


“ဟဲ့၊ ငမောင်ကလေးနဲ့ ဆက်ဆက်တို့က သည်လိုသာဆို ဟန်ကျပါ့တော် …”


အမှန်မှာ ဤသည်ပင်လျှင် ချစ်စရာကောင်းသော သူတို့အသိုင်းအဝိုင်း၏ စရိုက်ကလေး ဖြစ်သည်။ ရှေ့နေရှေ့ရပ်ကြီးတွေ စုမိလျှင် တရားစကားတို့ကို ဆိုကြလိမ့်မည်သို့၊ စျေးရောင်းသမများ ဆုံကြလျှင် ပါးစပ်သတင်းကလေးများ ဆိုတတ်ပြောတတ်ကြသည်။ သူတို့ရင်ထဲရှိသည်တို့ကို သည်အတိုင်း သိုသိပ်မထားတတ်ကြ၊ ဖွင့်ဟလိုက်ချင်ကြသည်။ ငမောင်နှင့် မိဆက်တို့သတင်းသည်လည်း သူတို့ကလေးတွေ၏ ရင်ထဲမှပီတိကို လှိုင်းထသွားစေသည် ထင်ရ၏။ သင့်၏ မသင့်၏ မဟူ၊ တော်၏ မတော်၏ မချင့်၊ သည်လိုတဲ့အေ့ ဟု ပြောလိုက်ရမှ သူတို့ ကျေနပ်တတ်ကြ၏။ သည်တော့ အီကြာကွေးသည် ကိုဘကျော်ကြီးမှအစ၊ ရေခဲခြစ်သည် ဒေါ်စိန်တို့အထိ သိနေကြသည်မှာ ဆန်းလှသည်တော့မဟုတ်။


* * *


ငမောင်သည် အကြော်သည်ဒေါ်ညက်၏သားဖြစ်သည်။ သူ့အလုပ်က မနက်စောစော အကြော်တောင်း တဖက်စာကြီး ရွက်ပြီး ရပ်ကွက်တွင်းရှိ မုန့်ဟင်းခါးဆိုင်မှန်သမျှ သွား၍ အကြော်ပို့ရသောအလုပ်ဖြစ်သည်။ သူတို့အကြော်တဲနှင့် အနီးဆုံးဆို၍ မိဆက်တို့မုန့်ဟင်းခါးဆိုင်ရှိသည်။ သည်တော့ မနက်လေးနာရီခွဲလောက် မိဆက် ဆိုင်ပြင်ချိန်မှာပင် ငမောင် ရောက်နှင့်နေတတ်သည်။ စကားတွေ ဖောင်ဖွဲ့သည်။ မိဆက်ကို လှောင်သည်။ ပြီးတော့ … ရယ်သည်။ ငမောင်ကလည်း ရယ်သည်။ မိဆက်ကလည်း ရယ်သည်။ နှစ်ယောက်စလုံး ပြိုင်တူလည်း ရယ်ကြသည်။ တယောက်မျက်နှာ တယောက်ကြည့်၍လည်း ရယ်ကြသည်။


သည့်ပြင်ဆိုင်တွေ ပို့ပြီးလောက်ပြီဆိုလျှင် ငမောင် မိဆက်တို့ဆိုင် ပြန်ရောက်သည်။ ရေနွေးကြမ်း သောက်သည်။ မုန့်ဟင်းခါး အခမဲ့စားသည်။ သို့ပေမယ့် မိဆက်ဆိုင်က ရောင်းကောင်းတတ်သည်မို့ တခါတရံ ငတ်သည်။ သည်အခါ ငမောင် ရေနွေးကြမ်းသာ သောက်ရသည်။ မောလှပမ်းလှသည်မို့ ရေနွေးကြမ်းပူပူသည် ငမောင့်အဖို့ ကျောက်ကျစမ်းရေနှယ် ……။


ဘယ်သို့ဆိုဆို စလောင်းပူပြီဆိုမှ အိုးလည်း ပူရတော့သည်။ ဆန်ကြမ်းကပင် စေးနေပြီ။ အဘယ်ကောက်ညှင်းသည် နှမ်းမနဲမဖြစ် ခံနိုင်မည်နည်း။ သစ်ငုတ်ပင်လျှင် ခလုတ်တိုက်ပါများတော့ နဲ့သေးသည်။ တုတ်နှင့်လွှဲ၍ လွှဲ၍ ရိုက်ပြီဆိုမှ မပြုတ် ခံနိုင်ပါတော့မည်လား။ အစတွင်တော့ မိဆက် ရင်၌ ဘာလိုလိုရယ်မသိ၊ ခံစားရသည်။ ရေခဲခြစ်သည် ဒေါ်စိန်က နောက်၊ တိုရှည်သည် မတူးမက စ၊ လက်ဖက်ရည်ဆိုင်က ဦးပြားက လှောင် နှင့် ကြာတော့ မိဆက် မခံနိုင်ဖြစ်ရသည်။ မိမိကိုယ်မိမိလည်း ခုမှ သိတော့သည်။ အရင်က မတွေးတတ်ခဲ့သည့်အဖြစ်ကို ခုတော့ ရေးရေးမြင်ပြီ။ ညအိပ်ယာဝင်တိုင်း မနက်မြန်မြန်ရောက်ချင်ခဲ့ရသည်ကိုလည်း ခုတော့ သိသလိုလိုရှိပြီ။


“ငမောင်ရယ် … နင်လာရင် ငါ ဘာရယ်ကြောင့် ပျော်ရပါလိမ့်ဟယ် ……”


* * *


သည့်နောက်ပိုင်းတွင် ငမောင်သည် မိဆက် ဆိုင်မခင်းတတ်သေးသည့်အချိန်မှာပင် ရောက်လာတတ်သည်။ အကြော်တောင်းချ၊ အကြော်ရေတွက်၊ ပြီးလျှင် ချက်ချင်း ထွက်သွားတတ်သည်။ မိဆက်ကလည်း သည်အခါမျိုးတွင် ခေါင်းသာ တွင်တွင်ငုံ့နေတတ်သည်။ ဘာမှလည်းမပြော၊ ဘာမှလည်းမမေး၊ ယခင်ကနှယ် အကြော် ညှက်သည်၊ ပုသည်၊ အကျိုးတွေ များသည်ဟုလည်း အတွန့်မတက်၊ ငမောင်ကလည်း မစ၊ ရယ်လည်းမရယ်တော့။ မိဆက်လည်း မရယ်မိ၊ ငမောင်လည်း မရယ်မိ၊ တယောက်မျက်နှာ တယောက်ကြည့်၍လည်း မရယ်မိတော့။


ငမောင်ထွက်သွားမှ မသိမသာ ငမောင့်ကို မိဆက်က ခိုးကြည့်တတ်သည်။ ငမောင်ကလည်း ခပ်လှမ်းလှမ်းရောက်မှ အကြော်တောင်းနှင့်ကွယ်၍ ခိုးကြည့်သည်။ တခါတရံ ခိုးကြည့်ရင်းက ဆုံမိကြလျှင် တဖက်သို့ လှည့်ပစ်လိုက်ကြသည်။ ပြီးတော့ ခိုး၍ပင် ရယ်ကြသည်။


“သိပ်ဆိုးတဲ့ ငမောင်ပဲဟယ် … …”


ထူးခြားသည်တော့ တခုရှိတယ်။ ယခင် …ငမောင် အကြော်ပို့အပြီးအပြန် မိဆက်ဆိုင်ရောက်လျှင် မုန့်ကျန်နေသေးလျှင် စားရတတ်သည်။ ယခုမူ မုန့်ကုန်သည်ဖြစ်စေ ကျန်သေးသည်ဖြစ်စေ ငမောင်စားရသည်။ ဖက်နှင့်ထုပ်ထားသော မုန့်ဖတ်တပန်းကန်စာနှင့် ဂျိုင့်ကလေးဖြင့် နွှေးထားသော ဟင်းရည်တခွက်စာကို ငမောင်ပြန်ရောက်လာတိုင်း မိဆက်က ထုတ်၍ကျွေးသည်။ ပြီးတော့ တခါတရံ ပြုံးကြသည်။


တနေ့ ငမောင် အကြော်လာအပို့ “မန္တလေးပဲကြော် ပါသလား …” ဟု မိဆက်က မေးမိသည်။ ငမောင်က မဖြေ၊ ခေါင်းခါပြသည်။ အကြော် ရေတွက်ချပေးခဲ့ပြီး လှည့်ထွက်သွားသည်။ မိဆက် ဒေါသဖြစ်ရသည်။ အံကြိတ်သည်။ ငမောင့်ကျောပြင်မဲမဲကို မျက်စောင်းခဲလိုက်သည်။ နောက်နေ့တွင်မူ မိဆက် ကြေအေးလိုက်ရသည်။ ငမောင်ယူလာသော မန္တလေးပဲကြော် ပူပူနွေးနွေးနှစ်ခုကြောင့် ဖြစ်သည်။ အဲသည်နေ့မှစ၍ ငမောင် အကြော်လာပို့တိုင်း မိဆက်ဖို့ မန္တလေးပဲကြော် ပါလာတတ်တော့သည်။


“နတ်သုဒ္ဓါ ဆယ်ပြန်ကဲစေတော့ လဲရက်နိုင်ဘူး ငမောင် ……”


* * *


မယုံဘူးတော့လည်း မဟုတ်၊ ယုံရမည်ဆိုတော့လည်း မယုံရက်နိုင်။ စျေးသည်တွေရဲ့ပါးစပ်ကို အခြားသူတို့ ယုံကြည်ခဲပေမည့် စျေးသည်ချင်းကတော့ ယုံတတ်ကြသည်။ သူတို့အသိုင်းအဝိုင်းကလည်း မဟုတ်သည်ကို အဟုတ်လုပ် မပြောတတ်ကြ။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ ထင်သည်ကို ထင်သည့်အတိုင်း ပြောတတ်ကြသည်။ ပြီးမှ လွဲနေရင်လည်း ခြေထောက်ဖက်၍ တောင်းပန်တတ်သည်။ ဟုတ်နေပြီဆိုရင်ဖြင့် ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်ရသည်။


သည်သတင်းကို ငမောင်ကြားနေခဲ့ရသည်မှာ ကြာပြီ။ ငမောင် ရွာသို့ မပြန်ခင်ကပင် ကြားနေခဲ့ရသည်။ သို့ကြောင့်လည်း ရွာပြန်ခါနီးက ငမောင် အတော်ခြေလှမ်းနှေးခဲ့သည်။ မိဆက်ကို စိတ်မချနိုင်၊ ဖွင့်၍လည်း မပြောရက်၊ မပြောရဲ၊ ကက်ကက်လန်အောင် မိဆက်ရန်တွေ့လိုက်လျှင် ငမောင် ပို၍အခံရခက်မည်။


“အေး .. ဟုတ်တယ်။ ဘာဖြစ်လဲ”ဟုများ မိဆက်က ပြောလိုက်မှဖြင့်၊ ငမောင့်အခက်။


အကယ်ဟုတ်သည့်တိုင် သည်လိုပြောသည်ကိုဖြင့် ငမောင် မကြားလို၊ သည်လိုနှင့်ပင် ‘အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်’ ဖြင့် ငမောင် ရွာပြန်သွားရသည်။


ရွာကပြန်ရောက်တော့ ပို၍ဆိုးနေပြီ။ မိဆက်သတင်းကို နားမခံသာ ကြားရသည်။ “ကျနော်နဲ့မိဆက်ကတော့ သေချာနေပြီ အမရေ့ …” ဟု ငမောင်ကြွားခဲ့စဉ်က ထ၍ပင်ကတော့မတတ် ဝမ်းသာသွားရသော ရေခဲခြစ်သည် ဒေါ်စိန်ကိုယ်တိုင်ကပင် ပြောလာပြီဆိုတော့ ငမောင် ယုံချင်ချင်ဖြစ်လာသည်။


သို့ပေမယ့် တဖက်ကလည်း ငမောင် လှည့်တွေးမိသည်။ သင်းတို့ရပ်ကွက်ဆိုသည်ကလည်း မုန့်ဟင်းခါးသည် အလွန်ပေါသောရပ်ကွက်၊ သည်တော့ မိဆက်ခမြာ စျေးပြိုင်သူတွေနှင့် ဖြစ်သည်။ မိဆက်က ဆေးလိပ်သမလည်း မဟုတ်၊ ရွှေပေးမရ အတန်းအစား တက္ကသိုလ်ကျောင်းသူလည်းမဟုတ်၊ မုန့်ဟင်းခါးသည်။ သည်တော့ ဆက်ဆံရေးက အလုပ်မှာ နွယ်လာသည်။ လူတကာနှင့် ရယ်လားမောလား စကားပြော လမ်းတွေ့သူတိုင်း နှုတ်ဆက်လုပ်ရသည်။ မိဆက်မှားသလော။ ငမောင်တော့ မထင်ချင်၊ မထင်ရက်။


မထင်ရက်ပေမည့် ထင်ရမလိုဖြစ်နေသည်။ တလောက သည်ကိစ္စနှင့်ပတ်သက်၍ မိဆက်ကို “ဗျိုင်းမ”က “မျက်နှာများတဲ့ကောင်မ”ဟု စသလိုလို အတည်လိုလို ပြောမိသဖြင့် ရန်ဖြစ်ကြသေးသည်တဲ့။ ခုထိ သူတို့ မခေါ်ကြသေးတဲ့။ အနာပေါ် မီးဖွားကျသည်ဆိုသည်မှာ သည်အတိုင်းပင်ဖြစ်မည်ဟု ငမောင် ထင်တော့သည်။


“နင် သိပ်ရက်စက်တယ် ဆက်ဆက် … ”


သည်နေ့ပဲ ပြန်ရောက်သည်။ သည်နေ့ပဲ သတင်းဆိုးက ရင်ဝဆောင့်ကန်ခံရသည်သို့ ရှိနေသည်။ သည်တော့ ညက ငမောင် အိပ်မရခဲ့။ ဘယ်လူးလည်း မိဆက်၊ ညာလှဲ့လည်း မိဆက်ဖြင့် ငမောင် မိုးလင်းခဲ့ရသည်။


နေမကောင်း၍ အကြော်မပို့နိုင်ဟု ငမောင် အမေ့ထံခွင့်တောင်း၍ မိဆက်တို့ဆိုင်သို့ ထွက်လာခဲ့သည်။ ညက ငမောင်ဆုံးဖြတ်ပြီးပြီ။ မိဆက်ကို သည်မနက် ထိုင်၍ အကဲခတ်မည်။ ပြီးတော့ မည်သို့ပင်ရှိစေ၊ ရင်ဖွင့်တော့မည်။ ငမောင် မအောင့်အီးနိုင်တော့၊ ကြာခဲ့ပြီ။


မနက်စောစောထ အကြော်ပို့၊ ပြုံးပြနှုတ်ဆက်၊ ပါလာသည့် မန္တလေးပဲကြော် ပူပူနွေးနွေးထုတ်၍ မိဆက်ကိုကျွေး၊ ပြန်လှည့်ထွက်လာ၊ အကြော်ပို့ပြီးပြန်ဝင်၊ မိဆက်ထည့်ကျွေးသော မုန့်ဟင်းခါး ပူပူနွေးနွေးကိုစား၊ ရေနွေးဆူဆူကြီးသောက်၊ ရင်မှာ အေးမြသွား၊ ပြီး ပြုံးပြ၊ မိဆက် ပြုံးပြတော့ ရင်ဖို၊ ဘာမျှမပြောဘဲ ရှက်ကိုးရှက်ကန်းကြီးဖြစ်၊ ဆိုင်ထဲကပြန်ထွက်၊ ခြေလှမ်းတွေမှား၊ တနေ့လုံးပျော်၊ သူငယ်ချင်းတွေ လျှောက်ကြွား၊ ညအိပ်တော့ အိပ်မက်တွေမက်၊ ခေါင်းအုံးကို ဖက်၊ မနက်မိုးလင်းတော့ အကြော်တောင်း ထမ်း၊ မိဆက်တို့ဆိုင် လာ၊ မန္တလေးပဲကြော်ထုတ်ကျွေး ပြုံးပြ၊ သည်လိုနှင့်ပင် ကြာခဲ့ပြီ။


ဘာမျှ ထိထိရောက်ရောက် မဖြစ်ခဲ့။ သည့်အတွက်ပင် မိဆက် ဖောက်ပြန်သွားသလောဟု ကိုယ့်ကိုကိုယ် ငမောင် မကျေနပ်၊ အားမရ။ သည်တော့ သည်မနက် မိဆက်အခြေအနေ ဘယ်သို့ပင်ရှိစေ၊ ငမောင် ဖွင့်ပြောတော့မည်။ မိဆက် တုံ့ပြန်သည် မတုံ့ပြန်သည်ထက် ငမောင့်ရင်ဖွင့်ဖို့သာ ဆန္ဒပြင်းနေသည်။ ဆရာဝန်မရှိ ဆေးမရှိသည်ကို ဘေးချိတ်၊ အနားမှာ ရှိသည့်လူနာကို ကိုယ့်ရောဂါအကြောင်း ဖွင့်ပြောလိုက်ရလျှင်ပင် နေသာထိုင်သာရှိသွားတတ်သည် မဟုတ်ပါလား။


* * *


မမြင်၍လည်း မဟုတ်နိုင်၊ မြင်တော့ ကောင်းကောင်းကြီး မြင်နိုင်သည်။ ငမောင်ရောက်ကတည်းက ဟင်းရည်အိုးနားမှာ ထိုင်နေခဲ့သည်မို့ ဟင်းရည်ခပ်တိုင်း ငမောင့်ကို မြင်သာသည်။ သို့ပေမယ့် မိဆက်က လုံးဝမကြည့်ခဲ့။ သည်တော့ အိမ်ကထွက်လာစဉ် ‘ကောင်မတော့ ငါ့ကိုစပြီး စကားပြောချင်လာအောင် နေပြလိုက်မယ်’ဟု ခဲလာခဲ့သော ငမောင်တယောက် မိဆက်ကို အရှုံးပေးနေရသည်။ ဣနြေ္ဒကြီးတခွဲသားနှင့် ဆိုင်ထဲဝင်လာသည့်ငမောင် ခုတော့ မျက်နှာငယ်ကလေးနှင့် ဖြစ်နေပြီ။ မိဆက်က မကြည့်တော့ သူက ကြည့်ရသည်။ မိဆက် ဟိုဖက်လှည့်နေတော့ နောက်ကျောကို ကြည့်သည်။ သည်ဖက်လှည့်လာတော့ မျက်နှာကို ကြည့်သည်။ အကယ်၍များ မိဆက်ပြန်ကြည့်မိပါက အဆင်သင့်ဖြစ်နေစေရန် မျက်နှာကို ပြုံး၍ထားသည်။ ဝမ်းနည်းပြုံးဖြစ်သည်။


ငမောင် အလူးအလိမ့်ခံနေရပြီ။ သူ့ကို လှည့်၍ပင်မကြည့်သော မိဆက်တယောက် ဆိုင်တွင်းဝင်လာသူတိုင်းကို ရယ်လားမောလား ဆိုသည်။ ခနဲ့သည်။ လှောင်သည်။ သူတို့က တုံ့ပြန်တော့ မိဆက် ရယ်သည်။ အားရပါးရ ရယ်သည်။ မျက်ရည်များပင် ထွက်အောင် ရယ်သည်။ လှောင်သူကို ပြန်၍လှောင်သည်။ ခနဲ့သူကို ပြန်၍ခနဲ့သည်။ ရိသူကို ပြန်၍ရိသည်။ ပြီးတော့ သူသည် ခရာသည်။


မိဆက်ရယ် … ဒါတွေ နင် ဘယ်တုန်းက တတ်တာပါလိမ့်ဟယ်။


* * *


ဖင်မလီယာကားပြာကလေးတစင်း ဆိုင်ရှေ့တွင် ထိုးရပ်သည်။ ဒေါ်စိန်တို့ပြောပြောနေသော အကောင်မှာ သည်အကောင်ပင် ဖြစ်ရမည်ဟု ငမောင် ထင်သည်။ သည်ကောင် ဆိုင်ထဲဝင်လာတော့ မိဆက်ကို ပြုံးပြသည်။ မိဆက်က မျက်စောင်းပြန်ခဲသည်။ ‘သိပ် နောက်ကျပါလား’ ဟူသည့် သဘောမျိုးဖြစ်သည်။


သည်ကောင်က တက်ထရွန်အကွက်နှင့် တက်ထရက်နှင့်၊ လက်တွင် ဆီကိုနာရီနှင့်။ ငမောင် ကိုယ့်ကိုယ်ကိုပင် ရှက်မိသည်။ လုံချည်ကြမ်းကို ခေတ်ဆန်ဆန်ချုပ်ထားသော သူ့ကိုယ်သူ ဟုတ်လှပြီထင်နေသော ငမောင် ကောင်းကောင်းခံရပြီ။ ကျောက်ကျစမ်းနှင့် မြောင်းပုတ်နှယ်သို့ ကွာနေသည်။


“အသည်းနှလုံးနဲ့ တပန်းကန်”


သည်လူက ပါးစပ်အလွန်ရဲသည်။


“အသည်းနှလုံးက ပေးပြီးပြီပဲ”


မိဆက်က ပြန်ပြော၍ မုန့်ဟင်းခါးလှမ်းပေးတော့ မိဆက်လက်ကိုပါ သိမ်းကြုံး၍ ထိုသူက ကိုင်ပြီးမှ ယူသည်။


“ဘယ်သူ့ကိုလဲဟေ့၊ ငါ့ကိုလား”


သွားများပင် ကျိုးနေပြီဖြစ်သော တရုတ်ကြီးတယောက်က လှမ်းနောက်သည်။


“ရှင်တော့ နံရိုးပဲရမယ်”


ပြီးတော့ သူတို့တသိုက် ရယ်ကြသည်။ မိဆက်ကလည်း ရယ်သည်။ မော်တော်ကားနှင့်အကောင်ကလည်း ရယ်သည်။ ငမောင် ဒေါသထွက်နေပြီ၊ ပွက်ပွက်ဆူနေသော ဟင်းအိုးကြီးကို ကန်၍ သွန်ချလိုက်ချင်စိတ်များပင် ပေါက်လာတော့သည်။ ငမောင် ငိုချင်နေပေပြီ။


* * *


ဆိုင်တွင်လည်း လူရှင်းသွားပြီ။ မုန့်ဟင်းခါးကုန်သွားပြီ။ မိဆက်သည် အိမ်အပြန်သယ်သွားရမည့် ပစ္စည်းများကို တောင်းထဲ ထည့်ပြီးလေပြီ။ ငမောင့်ကိုမူ လှည့်မကြည့်သေး။


“မိဆက်”


ငမောင်က ပြတ်တောင်းတောင်းခေါ်လိုက်သည်။


မိဆက်လှည့်မကြည့်သေး။ လုပ်လက်စအလုပ်ကိုမူ ရပ်လိုက်သည်။ မိဆက်အခြေအနေ ဘယ်သို့ပင်ရှိစေ၊ ဘာကိုမျှ ငမောင်မပြောဘဲ မေတ္တာတောင်းခံရုံသာ ရင်ဖွင့်မည်ဟု ကြံခဲ့သည့်ငမောင် ခုတော့ စိတ်တမျိုး ပြောင်းသွားလေပြီထင်၏။


“နင် ငါ့ …… ငါ့ကို ဘာလို့ စကားမပြောတာလဲ”


“နင့်ကို ငါ ဘယ်တုန်း … ဘယ်တုန်းကများ စကားကြာကြာ ပြောဖူးလို့လဲ”


မိဆက်အသံတွေ တုန်နေသည်။


“ဟိုလူတွေကျတော့ ဘာပြုလို့ အကြောင်းမရှိအကြောင်းရှာပြီး ဗာရာဏသီဖွဲ့နေရသတုံး”


ငမောင် ဒေါသကြီးပြီဆိုလျှင် ကြောက်စရာကောင်းတတ်သည်။ မိဆက် ဘာမျှပြန်မပြောတော့၊ ငမောင့်ဘက်လည်း လှည့်မလာ၊ ခေါင်းသာ တွင်တွင်ငုံ့နေတော့သည်။ ငမောင် ပို၍ဒေါသဖြစ်ရလေပြီ။


“နင် အလကားကောင်မပဲ၊ မျက်နှာသိပ်များတယ်။ ငါကတော့ ရိုးလှပြီထင်ခဲ့တာ၊ နင်က ယောက်မမြင်းစီးထွက်ပြတယ်။ နင့်မှာ အရှက်မရှိဘူးလား၊ နင့်ကို အရင်ကတော့ … အေးလေ၊ တော်ပြီ ဖွင့်မပြောတာပဲကောင်းတယ်။ နင့်ဆိုင်လည်း ငါ နောက်မလာတော့ဘူး၊ ငါတို့အကြော်လည်း နင်မယူချင်တော့ဘူး မဟုတ်လား၊ နင် မယူတော့ဘူးဆိုရင် ငါ နက်ဖြန်ကစပြီး ပိုမကြော်တော့ဘူး”


မိဆက် တုတ်တုတ်မျှပင်မလှုပ်၊ ခေါင်းကိုသာ တွင်တွင်ကြီး ငုံ့ထားသည်။ ငမောင့်စိတ်သည် တမျိုးဖြစ်ရပြန်ပြီ။ အလွန်ဒေါသကြီးနေသော ငမောင်သည် မထုံတက်တေးဖြစ်နေသော မိဆက်ကို အားမလိုအားမရ ဖြစ်လာသည်။ သည်တော့ ငမောင် မိမိကိုယ်မိမိပင် ဘာလုပ်မိမှန်းမသိတော့။ မိဆက်ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍ သူနှင့် မျက်နှာချင်းဆိုင်သို့ ဆွဲလှည့်လိုက်သည်။


“ဟင်”


ငမောင် ဤမျှသာ စကားဆိုနိုင်တော့သည်။ အံ့သြခြင်း၊ ဝမ်းနည်းခြင်း၊ တုန်လှုပ်သွားခြင်းတို့ကို ငမောင် တပြိုင်တည်း ခံစားလိုက်ရသည်။ မျက်ဝန်းနှစ်ခုလုံး မျက်ရည်များဖြင့် ပြည့်သိပ်နေသော မိဆက်၏လက်ထဲတွင်မူ ဖက်နှင့်ထုပ်ထားသော မုန့်ဖတ် တပန်းကန်စာ၊ ချိုင့်နှင့်နွေးထားသော ဟင်းရည်တခွက်စာ … ။


“ရော့ ငမောင် … နင့်ဖို့။ နင် ဒီနေ့ပြန်ရောက်မယ်ကြားလို့ ချန်ထားတာ …။ နင် သွားပြီးစ တရက်နှစ်ရက်လည်း ငါ ဒီလိုပဲ မေ့မေ့ပြီး ချန်ထားနေမိသေးတယ်။ သိလား”


မိဆက်က ရှိုက်၍ရှိုက်၍ ဆိုသည်။


ငမောင် ရင်မောရပြီ။ ခုမှလည်း သတိရသည်။ မိဆက်ဖို့ မန္တလေးပဲကြော် ယူမလာမိခဲ့ …။


“ငါ … ငါ နင့်ဖို့ ပဲကြော် … … မေ့လာခဲ့ပြီ ဆက်ဆက်”


သည်တော့မှ ဆက်ဆက် ပြုံးဖော်ရသည်။ နှုတ်ခမ်းစူပြလိုက်သည်။ ငမောင်သည် မိဆက်ပုခုံးကို ခုထိ မလွှတ်သေး။ မိဆက်ကို စိုက်၍ကြည့်နေသည်။ မိဆက်ကလည်း မျက်ရည်အပြည့်ဖြင့် ပြန်၍ကြည့်နေသည်။ မိဆက်သည် ပါးစပ်ကို မဖွင့်ဘဲလျက် ရှိုက်သံရော၍ ရယ်လိုက်သည်။ ငမောင်ကလည်း အားရပါးရ ရယ်လိုက်သည်။ နှစ်ယောက်စလုံး မရပ်တမ်း ရယ်နေကြသည်။


သည်အချိန် ဆက်ဆက်၏ မျက်နှာပေါ်မှာ မိတ်ကပ်ကိုလည်း မတွေ့ရ၊ နှုတ်ခမ်းနီလည်း မတွေ့ရ၊ ပါးနီလည်း မရှိ၊ မျက်ခုံးမွှေးလည်း ဆွဲမထား …။ မိဆက်ပါးပြင်မှာ သနပ်ခါးရေကြဲကလေးသာလျှင် မျက်ရည်ဖြင့်ရော၍ ညစ်ထေးထေးဖြစ်နေသည်ကို မြင်ရလေသည်။

Post a Comment

0 Comments