#သုခမြို့တော်
အပိုင်း(၃၀)
ထိုအချိန်က ကာလကတ္တားတွင် နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်နေသည်။ ကာလကတ္တားမြို့ပေါ်တွင် အဓိကရုဏ်းများ၊ ဆူပူမှုများဖြစ်နေသည်။ နယ်များတွင် နာဇာလိုက်ဟုခေါ်ကာ သူပုန်တို့၏ထကြွမှုများ ပေါ်နေသည်။ ဤတွင် အချို့ကလည်း ကွန်မြူနစ်တို့၏လက်ချက်ဖြစ်သည်ဟု ဆိုကြသည်။ အချို့ ကလည်း စီအိုင်အေလက်ချက်ဟုဆိုကြသည်။ ကာလကတ္တား ပုလိပ်များသည် ကာလကတ္တားတွင် ရောက်နေသည့် နိုင်ငံခြားသားများကို စောင့်ကြည့်ကာ အချို့ကို ခေါ်ယူ စစ်ဆေးနေသည်။ဤတွင် ကိုဗာစကီးလည်း ပုလိပ်တို့၏စစ်ဆေးမှုကို ခံရတော့သည်။
ကိုဗာစကီးသည် ပိုလန်အမျိုးသား သာသနာပြုတစ်ယောက်ဖြစ်ရုံမျှမက ကာလကတ္တားတွင် သူရောက်နေပုံကလည်း ဥပဒေနှင့် မလွတ်မကင်းဖြစ်နေ၏။ ကိုဗာစကီးသည် ကာလကတ္တားသို့ ကမ္ဘာလှည့်ခရီးသည် ပြည်ဝင်ခွင့်လက်မှတ်ဖြင့် ရောက်လာခြင်းဖြစ်ရာ သူ့လက်မှတ်မှာ သက်တမ်းလွန်နေသည်မှာ ကြာနေလေပြီ။ ကိုဗာစကီးသည် ကာလကတ္တားတွင် အမြဲတမ်းနေထိုင်ခွင့်ရရန် လျှောက်ထားခဲ့သော်လည်း အချည်းနှီးမျှသာ။ အိန္ဒိယပြည်တွင် ဗျူရိုကရေစီစနစ် အလုပ်လုပ်ပုံသည် အလွန်နှေးကွေးသည်။ ထို့ကြောင့် သူ့နေထိုင်ခွင့်ကို တရားဝင်ပယ်ချပြီး မပြုသေးသမျှ ကိစ္စမရှိသေး။ သို့ရာတွင် ခက်သည်မှာ အာဏာပိုင်တို့သည် ထိုမျှစုတ်ပြတ်ဆင်းရဲသည့်ရပ်ကွက်ထဲတွင် ကိုဗာစကီးလာ၍ နေထိုင်ခြင်းကို သင်္ကာမကင်းဖြစ်နေခြင်းဖြစ်သည်။ ကိုဗာစကီးသည် ဆင်းရဲသားများလို နေထိုင်ကာ သာသနာပြုနေသည်ဆိုခြင်းကို မယုံနိုင်။ အခြားသောအကြောင်းများရှိမည်ဟု တွက်ကြသည်။
သို့ဖြင့် တစ်မနက် ရှစ်နာရီလောက်တွင် ကာလကတ္တား အထူးထောက်လှမ်းရေးဌာနခွဲမှ အနောက်တိုင်းဝတ်စုံများကို ဝတ်ထားသည့် အရာရှိ လေးဦးတို့သည် ကိုဗာစကီးနေထိုင်ရာ နိုင်ဇမ်မူဒင်လမ်းကြားကလေးထဲသို့ ရောက်လာခဲ့ကြ၏။ သူတို့လမ်းကြားကလေးထဲသို့ ပုလိပ်အရာရှိများ ရောက်လာသည့်အခါတွင် အနီးအနားတစ်ဝိုက်တွင်လည်း အလန့်တကြားဖြစ်ကုန်ကြသည်။ထိုအချိန်၌ ကိုဗာစကီးသည် တရားကျင့်နေချိန်ဖြစ်၏။ ကိုဗာစကီးသည် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်၍ အသက်ကို ဖြည်းညင်းစွာ ရှူရင်း ဘုရားကို အာရုံပြုနေသည်။
“ပုလိပ်တွေက ကျွန်တော့်တံခါးကို ထုနေတာကို ကျွန်တော် မကြားမိဘူး၊ မကြားဆို ဘုရားအာရုံပြုနေတာကိုး၊ ဘယ်ကြားပါ့မလဲ” ဟု နောင်တွင် ကိုဗာစကီးက ပြော၏။
ရှေ့ဆုံးမှဝင်လာသည့် ပုလိပ်အရာရှိမှာ အရပ်ပုပု၊ ခပ်ဝဝဖြစ်၏။ သူ့သွားများမှာ ကွမ်းစားထားသဖြင့် နီရဲနေသည်။ သူ့အင်္ကျီအိတ်ကပ်တွင် ဘောပင်သုံးချောင်း ထိုးထား၏။ “ဒါ ခင်ဗျားနေရာလား” ဟု ပုလိပ်အရာရှိက ခပ်ထန်ထန်မေးသည်။
“ဟုတ်ပါတယ်”
ပုလိပ်အရာရှိသည် အခန်းပတ်ပတ်လည်ကို မသင်္ကာသလို လှည့်ကြည့်သည်။ ထိုနောက် သူ့မျက်လုံးများသည် နံရံပေါ်ရှိ ဝတ်ရုံလွှမ်းထားသည့် ခရစ်တော်၏ပုံတော်ပေါ်သို့ ရောက်သွားကြ၏။ ပုလိပ်အရာရှိသည် ရုပ်ပုံအနီးသို့ ကပ်လာ၍ သေသေချာချာကြည့်သည်။
“သူက ဘယ်သူလဲ”
“ကျွန်တော့်ဘုရားပုံတော်”
“ခင်ဗျားအရှင်သခင် ဆိုပါတော့”
“ဟုတ်ကဲ့၊ ပြောလို့ရပါတယ်”
ပုလိပ်အရာရှိသည် သူ့ကို ပျူပျူငှာငှာ စကားပြောခြင်းမရှိ။ ရုပ်ပုံကို သေသေချာချာကြည့်နေပြီးနောက် သက်သေအထောက်အထားတစ်ခု တွေ့သွားဟန်ဖြင့် သူ့နောက်တွင်ပါလာသည့် လက်အောက်အရာရှိတစ်ယောက်ကို လှမ်းခေါ်နေပြီး ပုံတော်ကို ဖြုတ်ယူရန် အမိန့်ပေးလိုက်သည်။
“ခင်ဗျားပစ္စည်းတွေကော”
ကိုဗာစကီးက သံသေတ္တာကလေး တစ်လုံးကို လက်ညှိုးထိုးပြလိုက်သည်။ သမ္မာကျမ်းစာအုပ်၊ ဆေးဝါးအချို့နှင့် သူ့ကိုယ်ပိုင်အဝတ်အစား အနည်းငယ်ကို ထည့်ထားရန် အိမ်နီးချင်းတစ်ဦးက လှူထားသည့် သေတ္တာကလေးဖြစ်သည်။
ပုလိပ်အရာရှိက သေတ္တာကလေးကို ဖွင့်ကာ ပစ္စည်းများကို တစ်ခုချင်း ရှာသည်။ ပိုးဟပ်များသည် သေတ္တာထဲမှ ကြမ်းပေါ်သို့ ခုန်ဆင်း ထွက်ပြေးကြ၏။
“ဒါပဲလား”
ပုလိပ်အရာရှိက တအံ့တသြ မေးသည်။
“ဟုတ်ပါတယ်”
“ခင်ဗျားမှာ ရေဒီယိုတို့ ဘာတို့ မရှိဘူးလား”
“မရှိပါဘူး”
ပုလိပ်အရာရှိသည် အခန်းနံရံများကို လိုက်၍ တီးခေါက်ကြည့်နေပြန်သည်။ ထို့နောက် အိတ်မှ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်၍ အခန်း၏အနေအထားကို ပုံဆွဲနေ၏။ ပုံက တော်တော်နှင့်မပြီး။ ဘောပင်သုံးချောင်းက တစ်ချောင်းမှ ကောင်းကောင်းရေး၍ မရသဖြင့် တစ်လှည့်စီ ထုတ်ရေးနေရသည်။
ထိုစဉ် အခြားသူများထံမှ သတင်းရသဖြင့် ဗန်ဒိုနာသည် ဒေါသအမျက်ခြောင်းခြောင်းဖြင့် တဲထဲသို့ ပြေးဝင်လာခဲ့သည်။ အားသန်သူ ဗန်ဒိုနာသည် ပုလိပ်အရာရှိကို ဆွဲကာ တံခါးမှ တွန်းလွှတ်လိုက်ပြီး...
“ရှင်တို့ ဘာလာအနှောင့်အယှက်ပေးကြတာလဲ၊ ဆင်းရဲသားတွေကို ကူညီရအောင် ဘုရားက လွှတ်လိုက်တဲ့သူရှင့်၊ ရှင်တို့ အပါယ်ငရဲကျကုန်မယ်၊ သိရဲ့လား”
ပုလိပ်အရာရှိမှာ အံ့အားသင့်နေသဖြင့် ဘာမျှမပြောနိုင်။ အပြင်ဘက်တွင်မူ လူတွေ ဝိုင်းအုံနေလေပြီ။
ပုလိပ်အရာရှိသည် ကိုဗာစကီးကို ဆလန်ပေးလိုက်ကာ..
“ဆရာကြီး၊ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါ၊ အထက်လူကြီးတွေနဲ့ တွေ့ပြီး ဆွေးနွေးရုံကလေးပါ” ဟု ဆိုကာ
ဗန်ဒိုနာနှင့် ဝိုင်းအုံနေကြသည့် လူအုပ်များဘက်သို့ လှည့်လိုက်ပြီးလျှင်...
“ဘာမှ စိတ်မပူပါနဲ့၊ ခင်ဗျားတို့ဆရာကြီးကို ကျွန်တော်ပြန်ပို့ပေးမှာပါ။ ခဏကလေးပါ”
ကိုဗာစကီးသည် သူ့မိတ်ဆွေများကို လက်ပြနှုတ်ဆက်ပြီးနောက် လမ်းထိပ်တွင် ရပ်နေသည့် ပုလိပ်ကားပေါ်သို့ တက်၏။ ဆယ်မိနစ်အကြာတွင်မူ ဟောင်ရာဘူတာကြီးအနီးရှိ ဟောင်းနွမ်းအိုမင်းနေသော ပုလိပ်ရုံးအဆောက်အအုံမှ ကွမ်းတံတွေးတို့ပေကျံကာ မည်းမှောင်နေသည့်လှေကားများအတိုင်း လေးထပ်အထိ တက်လာခဲ့ပြီးသည့်အခါတွင် ဖိုင်တွဲတွေ စာရွက်တွေ တင်ထားလျက် ခြစားနေသည့် သစ်သားစင်ကြီးများရှိသည့် အခန်းတစ်ခုထဲသို့ ရောက်သွားသည်။
ပန်ကာလေကြောင့် စာရွက်တွေ လွင့်မသွားရန် အပေါ်တွင် သံတုံးများကို ဖိထားသည်။ ထိုအချိန်မှာ လက်ဖက်ရည်သောက်ချိန်ဖြစ်ပုံရ၏။ အခန်းထဲရှိ အရာရှိများသည် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်သည့် ဖိုင်တွဲများထက် စကားများခြင်း၊ လက်ဖက်ရည်သောက်ခြင်းစသည့် လုပ်ငန်းများဖြင့် အလုပ်များနေကြသည်။ သူတို့အခန်းထဲသို့ ဘတ်စကက်ဘောဖိနပ်စီးထားသည့် ကိုဗာစကီး ရောက်လာသည့်အခါတွင် သူတို့စကားဝိုင်းသည် တိတ်သွား၏။
“ဟောဒါ သုခမြို့တော်မှာနေတဲ့ သင်းအုပ်ဆရာပဲ” ဟု ကိုဗာစကီးကို ခေါ်လာသည့် ပုလိပ်အရာရှိက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ သူ့အသံမှာ မဟတ္တမဂန္ဒီအား လုပ်ကြံသတ်ဖြတ်သူကို ဖမ်းဆီးရမိလာသည့် အသံမျိုးဖြစ်၏။
ဆံပင်ဖြူဖြူ၊ ဒိုတီကို သေသပ်စွာ ဝတ်ထားပြီး အထက်အရာရှိနှင့် တူသူတစ်ယောက်က သူ့ရှေ့က ကုလားထိုင်တွင် ထိုင်ရန် ပြော၏။ သူသည် ကိုဗာစကီးကို လက်ဖက်ရည်တစ်ခွက်ပေးပြီး စီးကရက်ကို ဖွာနေသည်။
“ဘယ့်နှယ်လဲ၊ ကျွန်တော်တို့တိုင်းပြည်ကို သဘောကျတယ် မဟုတ်လား”
“သဘောကျပါတယ်”
ပုလိပ်အရာရှိသည် အတန်ကြာ စဉ်းစားနေသည်။ သူစီးကရက်သောက်နေပုံကလည်း ဆန်းသည်။ သူသည် စီးကရက်ကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ထားပြီး လက်ညှိုးနှင့် လက်မကွေးထားသည့် အခေါင်းကလေးထဲကြားမှနေ၍ စီးကရက်ကို ဖွာနေ၏။ သူ့ကို ကြည့်ရသည်မှာ ဆေးလိပ်ငွေ့ကို ရှူနေသည်နှင့်မတူ၊ အရည်တစ်ခုခုကို သောက်နေသည်နှင့် တူနေသည်။
“ကျွန်တော်တို့တိုင်းပြည်ကိုလာတဲ့ နိုင်ငံခြားသားတစ်ယောက်အဖို့ သာယာတဲ့နေရာ အများကြီးပါဗျာ။ သုခမြို့တော်လို စုတ်ပြတ်နေတဲ့ ဆင်းရဲသားရပ်ကွက်ထက် ကောင်းတာမရှိတော့ဘူးလား”
“ရှိပါတယ်၊ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် လာတဲ့ရည်ရွယ်ချက်ချင်း ဘယ်တူမလဲ၊ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်ပေါ့”
ပုလိပ်အရာရှိက စီးကရက်ကို တစ်ရှိုက်ဖွာလိုက်ပြန်သည်။
“ဒါဖြင့် ဒီဆင်းရဲသားရပ်ကွက်မှာ ခင်ဗျားသွားနေတဲ့ ရည်ရွယ်ချက်က ဘာလဲ”
ကိုဗာစကီးသည် ကြိုးစား၍ ရှင်းပြ၏။ သူကြိုးစား၍ ရှင်းပြလျှင် သူ့ကို စစ်ဆေးနေသူများသည် သူ့အပေါ်တွင် သံသယပျောက်သွားလိမ့်မည်ဟု မျှော်လင့်၏။ သို့ရာတွင် သူ့အထင်သည် တက်တက်စင် လွဲနေလေပြီ။
“နေစမ်းပါဦး၊ ခင်ဗျားက ဘာဖြစ်လို့ အိမ်ထောင်မပြုသလဲ” ဟု မုတ်ဆိတ်မွေးနှင့် အရာရှိတစ်ဦးက မေး၏။
“ကျွန်တော် အိမ်ထောင်ပြုပြီးပြီလေ၊ သာသနာနဲ့ အိမ်ထောင်ပြုထားတာပေါ့”
သူ့အခန်းကို ရှာခဲ့သည့် အရာရှိက ခရစ်တော်၏ပုံကို စားပွဲပေါ်သို့ တင်လိုက်ကာ...
“သူ့အခန်းထဲက တွေ့ခဲ့တဲ့ပုံ ဆရာ”
သူတို့အထဲမှ အကြီးဆုံးအရာရှိက ထိုပုံကို သေသေချာချာကြည့်၏။
“သခင်ယေရှုရဲ့ ပုံပါ၊ ကားတိုင်တင် အသတ်ခံရပြီးနောက် ရေးတဲ့ပုံတော်ပါ” ဟု ကိုဗာစကီးက ရှင်းသည်။
ထိုလူက ခေါင်းတညိတ်ညိတ် လုပ်နေ၏။
“ခင်ဗျားက သူနဲ့ အိမ်ထောင်ပြုတယ်ပေါ့”
ကိုဗာစကီက စကားတွေ မှားကုန်မည်စိုးသဖြင့်...
“ကျွန်တော်က ခရစ်တော်ရဲ့ အစေအပါးပါ”
ဘာသာတရားကိုင်းရှိုင်းသည့် အိန္ဒိယပြည်ဖြစ်၍လောမသိ၊ ထိုသို့ပြောလိုက်သည့်အခါတွင် သူ့ဘေးဝန်းကျင်ရှိ အရာရှိများ၏မျက်နှာသည် အနည်းငယ် ချိုသာလာမည်ဟု သူထင်လိုက်သည်။သို့ရာတွင် သူထင်သလို မဟုတ်ပါ။ ထိုအခါကျမှပင် အရာရှိ၏မျက်နှာသည် ပို၍ တင်းမာလာ၏။
အရာရှိသည် ကုလားထိုင်တွင် ပြန်ထိုင်ချလိုက်ကာ...
“ကဲ...ရှင်းရှင်းပဲ မေးမယ်ဗျာ၊ ခင်ဗျားနဲ့ စီအိုင်အေနဲ့ အဆက်အသွယ်ရှိသလား”
ကိုဗာစကီးသည် သူ့မေးခွန်းကြောင့် အံ့အားသင့်သွားသဖြင့် မည်သို့ဖြေရမည်ကိုပင် မသိ။
“မရှိပါဘူး”
အရာရှိသည် သူ့စကားကို ယုံဟန်မတူ။
“ဒါဖြင့် စီအိုင်အေနဲ့ အဆက်အသွယ်ရှိတဲ့ လူကော ခင်ဗျားနဲ့ အဆက်အသွယ်ရှိသလား”
ကိုဗာစကီးက ခေါင်းယမ်းလိုက်သည်။
“ဒီမှာလာလုပ်နေတဲ့လူ နိုင်ငံခြားသား လူမှုဝန်ထမ်းအလုပ်သမားတွေလို့ ခေါ်တဲ့ လူတွေဟာ အများအားဖြင့်တော့ စီအိုင်အေ ကိုယ်စားလှယ်တွေပဲဗျ။ ဒီတော့ ခင်ဗျားကော ဘယ့်နှယ်လုပ် ခြွင်းချက်ဖြစ်နိုင်မလဲ”
ကိုဗာစကီးသည် စိတ်တိုစပြုလေပြီ။ သို့ရာတွင် သူ့စိတ်ကို အနိုင်နိုင် ချုပ်တီးကာ လေသံအေးအေးဖြင့် ဖြေ၏။
“ဒီမှာရောက်နေတဲ့ လူမှုဝန်ထမ်း အလုပ်သမားဆိုတဲ့ လူတွေဟာ စီအိုင်အေကိုယ်စားလှယ် ဟုတ်တယ်, မဟုတ်ဘူးဆိုတာတော့ ကျွန်တော်မသိဘူးဗျာ၊ ကျွန်တော်ငယ်ငယ်တုန်းကတော့ စပိုင်ဝတ္ထုတွေထဲမှာ ဖတ်ခဲ့ဖူးတာပဲ။ ဒါပေမယ့် အဲဒီအထဲမှာ နှစ်ဆယ့်လေးနာရီလုံးလုံး၊ ဆင်းရဲသားရပ်ကွက်တွေထဲမှာ သွားနေတဲ့ ဆင်းရဲသားတစ်ယောက်ဟာ စပိုင်တစ်ယောက်ဖြစ်တာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ပြီးတော့ ကျွန်တော့်ဆီလာတဲ့ လူတွေဟာလဲ အဲဒီဆင်းရဲသားရပ်ကွက်က လူတွေချည်းပဲ၊ တခြား ဘယ်သူမှ မလာဘူး။ ခင်ဗျားတို့ပုလိပ်အဖွဲ့ စေ့စေ့စပ်စပ် လုပ်တယ်ဆိုရင်တော့ ဒီလောက်တော့သိမှာပေါ့၊ ဒီတော့ အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောပြီး ခင်ဗျားတို့အချိန်ကိုရော၊ ကျွန်တော့်အချိန်ကိုရော မဖြုန်းတာ ကောင်းမယ်ထင်တယ်”
ဆံပင်ဖြူဖြူနှင့် အရာရှိသည် ငြိမ်သက်စွာ နားထောင်နေ၏။ ထိုအချိန်၌ကား သူတို့နှစ်ယောက်ဘေးတွင် ပုလိပ်အရာရှိတွေ ဝိုင်းနေလေပြီ။
“ရှရီကိုဗာစကီးရာ၊ ခင်ဗျားကို ဒီလိုအနှောင့်အယှက်ပေးရတဲ့အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်၊ ကျွန်တော်တို့ဝတ္တရားမို့လို့ မေးရတာပါ။ ဒီတော့ နာဇာလိုက် သူပုန်တွေနဲ့ ခင်ဗျားနဲ့ ဘယ်လိုအဆက်အသွယ်ရှိသလဲ ဆိုတာကို ပြောပြစေချင်တယ်”
“ဘာ၊ နာဇာလိုက်သူပုန် ဟုတ်လား”
ကိုဗာစကီးသည် အံ့အားသင့်နေသည်။
“ခင်ဗျားကတော့ အံ့အားသင့်ချင် သင့်မှာပေါ့လေ၊ ခင်ဗျားတို့ခရစ်ယာန်တွေနဲ့ နာဇာလိုက်သူပုန်တွေနဲ့ ရည်ရွယ်ချက်ချင်း တူတယ်မဟုတ်လား၊ ခရစ်တော်ရဲ့ရည်ရွယ်ချက်ကလဲ မတရားမှုတွေ ဆန့်ကျင်ဖို့၊ သူတို့ရည်ရွယ်ချက်ကလဲ ဒီအတိုင်းပဲ မဟုတ်လား”
“တူချင်တော့ တူမှာပေါ့ဗျာ၊ ဒါပေမယ့် နည်းလမ်းတော့ ကွာပါတယ်။ ခရစ်တော်က မတရားမှုတွေကို မေတ္တာတရားနဲ့ တိုက်ဖျက်တယ်၊ နာဇာလိုက် သူပုန်တွေကတော့ မတရားမှုကို လူသတ်ပြီး တိုက်ဖျက်တယ်”
“ဒါဖြင့် ခင်ဗျား နာဇာလိုက်သူပုန်တွေကို ဆန့်ကျင်တယ်ပေါ့”
“ဆန့်ကျင်တယ်၊ သူတို့ရည်မှန်းချက်ဟာ မတရားမှုကို တိုက်ဖျက်ဖို့ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် သူတို့နည်းလမ်းတွေကို ကျွန်တော် မကြိုက်ဘူး”
“ဒါဖြင့် ခင်ဗျားဟာ ကွန်မြူနစ်ကိုလည်း ဆန့်ကျင်တယ်ပေါ့”
“သူများခေါင်းကို ဖြတ်ပြီး ပျော်ရွှင်မှုကို ရှာမယ်ဆိုတဲ့ နည်းလမ်းအားလုံးကို ကျွန်တော် ဆန့်ကျင်တယ်”
ထိုနေရာသို့ အရောက်တွင် အရာရှိအကြီးဆုံး၏မျက်နှာသည် အနည်းငယ်ချိုသာစပြုလာ၏။ သူက စီးကရက်အသစ်တစ်လိပ်ကို ကောက်ညှိနေစဉ် တစ်ယောက်က လက်ဖက်ရည်ထပ်ငှဲ့ပေးသည်။ အရာရှိက နောက်ထပ်မေးခွန်းတစ်ခု မေးပြန်သည်။
“ခင်ဗျားဟာ စီအိုင်အေလဲ မဟုတ်ဘူး၊ နာဇာလိုက်သူပုန်လဲ မဟုတ်ဘူး၊ ကွန်မြူနစ်လဲ မဟုတ်ဘူးဆိုတော့ ခရစ်ယာန်သာသနာပြုလား”
ကိုဗာစကီးသည် အတန်ကြာမျှ တိတ်ဆိတ်နေ၏။ ဒေါသလည်း ထွက်၏။ ဝါးလုံးကွဲ ရယ်ပစ်ချင်စိတ်လည်း ပေါ်လာသည်။
“ကျွန်တော်ဟာ သာသနာပြုတစ်ယောက်လို့ ဝန်ခံအောင် အတင်းစစ်နေတယ် ဆိုရင်တော့ ခင်ဗျားတို့ အချိန်ကုန်ရုံပဲရှိမှာပဲ၊ ကျွန်တော်ဟာ စီအိုင်အေကိုယ်စားလှယ်တစ်ယောက်မဟုတ်သလို သာသနာပြုတစ်ယောက်လဲမဟုတ်ဘူး”
“နာဂလူမျိုးစုတွေကြားထဲမှာ သာသနာပြုတွေ ခြေရှုပ်နေတယ်ဗျာ။ ခင်ဗျားလဲ ကြားမှာပေါ့”
“ကျွန်တော် မသိဘူး”
“သာသနာပြုတွေဟာ လူမျိုးစုတွေကြားထဲသွားပြီး ပြည်နယ်တို့ဘာတို့ ခွဲထွက်ရမယ်ဆိုပြီး မြှောက်ပေးနေကြတယ်”
ကိုဗာစကီးမှာ အနည်းငယ် စိတ်တိုလာလေပြီ။
“ဒီမှာ ကျွန်တော်ပြောမယ်၊ အိန္ဒိယပြည်မှာ ရောက်နေတဲ့ သာသနာပြု ပုဂ္ဂိုလ်အများစုကြီးဟာ အများကောင်းကျိုးအတွက် လုပ်နေကြတာဗျ၊ သာသနာပြုစိတ်ဓာတ်ဆိုတာဟာ အခြားသူတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်လိုတဲ့ စိတ်ဓာတ်၊ အိန္ဒိယပြည်မှာရှိတဲ့ ညီနောင်တွေရဲ့ တိုးတက်ရေးကို ဆောင်ရွက်ချင်တဲ့စိတ်ဓာတ်ကို ခေါ်တာ”
အတန်ကြာ တိတ်ဆိတ်နေ၏။ ထို့နောက် အရာရှိသည် ထိုင်ရာမှ ရုတ်တရက် ထ,လိုက်ကာ ကိုဗာစကီးကို ရိုသေစွာ လက်ကမ်းပေးသည်။ အခြားသူများကလည်း သူ့ကို မတ်တတ်ထ၍ လက်ဆွဲနှုတ်ဆက်ကြသည်။ သူ့ကို နားလည်သွားကြဟန်တူ၏။
ကိုဗာစကီးကို လိုက်ပို့မည်ပြုစဉ် အရာရှိက စားပွဲပေါ်တွင် တင်ထားသည့် ခရစ်တော်၏ပုံကို ညွှန်ပြကာ..
“ကျွန်တော်ဟာ ဟိန္ဒူဘာသာဝင်တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ တွေ့ဆုံကြတဲ့ အထိမ်းအမှတ်သဘောနဲ့ အဲဒီပုံတော်ကို ကျွန်တော် သိမ်းထားချင်ပါတယ်”
ကိုဗာစကီးသည် သူ့နားများကို သူမယုံနိုင်အောင်ဖြစ်နေသည်။ ပုလိပ်အရာရှိက ခရစ်တော်ပုံကို လိုချင်သည်ဆိုပါကလား။
“ဒီပုံတော်က ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးလိုက်တာပါ။ လိုချင်တယ်ဆိုရင် ဓာတ်ပုံကူးပြီး ယူပါ”
ထို့နောက် ပုလိပ်အရာရှိသည် တံဆိပ်တွေ ရိုက်ထားသည့် ပုံစံတစ်ခုကို သူ့ရှေ့သို့ ထိုးပေး၏။
“ဒီပုံစံကို ရရင်တော့ ဆရာကြီး သဘောကျမှာပါ၊ ဒီပုံစံက ဆရာကြီးကို ဒီမှာ နေထိုင်ခွင့်ပြုတဲ့ ပါမစ်ပါ။ ဆရာကြီးတို့လို စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့တိုင်းပြည်က အမြဲကြိုဆိုပါတယ်”
အပိုင်း(၃၁)ဆက်ရန်
----------------
0 Comments