#သုခမြို့တော်
အပိုင်း(၃၁)
သူသည် အောင်ဆုကို ပေးသည့် နတ်သမီးဖြစ်သည်။ မကောင်းဆိုးဝါးနှင့် မသိမိုက်မဲမှုတို့ကို တိုက်ဖျက်သူဖြစ်သည်။ သျှီဝနတ်သား၏ ကြင်ယာဖြစ်သည်။ ဟိမဝန္တာတောင်မင်းကြီး၏ သမီးပျိုဖြစ်သည်။ အသွင်သဏ္ဌာန်အမျိုးမျိုးတို့၏ ဧကရီဖြစ်သည်။ နတ်ဒေဝါအပေါင်းတို့၏ ဣတ္ထိလိင်အင်အားစုဖြစ်သည်။ ကြင်နာသနားခြင်းနှင့် ရက်စက်မှုတို့၏ သင်္ကေတလည်း တစ်လှည့်စီ ဖြစ်တတ်သေးသည်။ ဟိန္ဒူဝါဒ၏ ပုရာဏ်ကျမ်းများမှ ထောင်ပေါင်းများစွာသော ဂါထာများထဲတွင် အသွင်အမျိုးမျိုးဖြင့် သူရရှိခဲ့သည့် အောင်မြင်မှုများကို ဖွဲ့ထားသည်ကို တွေ့နိုင်သည်။
ကြင်နာသနားသည့်တန်ခိုးကို ပြသသည့်အခါတွင် သူ့ကို ဥမ္မာနတ်သမီးဟု ခေါ်ကြသည်။ အသားအရေကောင်းခြင်းကို ပြရာတွင် သူ့ကို ဂေါရီနတ်သမီးဟု ခေါ်ကြသည်။ တောင်များ၏ဧကရီဖြစ်သဖြင့် ပါဝတီဟုလည်း ခေါ်ကြသည်။ စကြဝဠာကြီး၏မိခင်ဖြစ်သဖြင့် ဂျဂန်မာတာဟုလည်း ခေါ်ကြသည်။ အဖျက်စွမ်းအားကို ပြသည့်အခါတွင် သူ့ကို အသားမည်းကြုတ်သဖြင့် ကာလီနတ်သမီးဟုခေါ်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသဖြင့် ဘိုင်ရာဝီဟုလည်း ခေါ်ကြသည်။ ဒေါသအမျက်ကြီးသဖြင့် ကျန္နီဟုလည်း ခေါ်ကြသည်။ အလှမ်းကွာလွန်းသဖြင့် ဒူရ်ဂါးနတ်သမီးဟုလည်း ခေါ်ကြသည်။ ဘင်္ဂလားနယ်တွင် သူ့ကို ကိုးကွယ်ကြခြင်းမှာ ဒူရ်ဂါးနတ်သမီးအဖြစ် မကောင်းဆိုးဝါးတို့ကို တိုက်ဖျက်နှိမ်နင်းနိုင်သော တန်ခိုးစွမ်းပကားကြောင့် ဖြစ်သည်။ သူ၏ဆန်းကြယ်သော အတ္ထုပ္ပတ္တိကို လူတိုင်းလိုလို သိကြသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ဘီလူးသဘက်ကြီးတစ်ကောင်သည် ကမ္ဘာမြေပြင်တွင် ရမ်းကားသောင်းကျန်းခဲ့၏။ ရာသီဥတုကို ဖောက်လွဲ ဖောက်ပြန်ဖြစ်အောင် လုပ်ခဲ့၏။ မည်သည့်နတ်ဒေဝတာတို့မှ သူ့ကို နှိမ်နင်းနိုင်ခြင်းငှာ မတတ်နိုင်ကြကုန်။ ဤတွင် ထိုဘီလူးသဘက်ကို နှိမ်နင်းနိုင်မည့်သူကို ရှာသော် သျှီဝနတ်သားမှမွေးသော သားတော်သာလျှင် သူ့ကို နှိမ်နင်းနိုင်ကြောင်းဖြင့် ကမ္ဘာကိုဖန်ဆင်းသူ ဗြဟ္မာက ကြွေးကြော်၏။ သို့ရာတွင် ထိုအချိန်၌ သျှီဝနတ်သား၏ကြင်ယာတော်မှာ စုတေခဲ့ပြီးဖြစ်သဖြင့် သျီဝနတ်သားသည် နောက်ထပ်သားတော်တစ်ယောက် မမွေးနိုင်ဘဲ ကြင်ယာတော်ကို လွမ်းဆွတ်သောစိတ်ဖြင့်သာ သောကပရိဒေဝတောက်လောင်လျက်ရှိ၏။
ထိုစဉ်က သျှီဝနတ်သားသည် ကိုယ်တွင် ပြာမှုန်တို့ လိမ်းကျံကာ ရှုပ်ပွေရှည်လျားသော ဦးဆံတို့ဖြင့် ဖုန်းတောင်းယာစကာအဖြစ် တစ်ရွာဝင် တစ်ရွာထွက် လျှောက်သွားနေသည်။ထိုအတောအတွင်း၌ကား ကမ္ဘာမြေပြင်တွင် ကသောင်းကနင်းဖြစ်နေလေပြီ။ နတ်ဒေဝတာများသည် သျှီဝနတ်မင်း လက်မထပ်သည့်အတွက် စိတ်ရှုပ်နေကြသည်။
ဤတွင် နတ်ဒေဝတာတို့သည် တဏှာနှင့် ရမ္မက်တို့ကို စိုးသော ကာမနတ်မင်းထံ ချဉ်းကပ်ကာ သျှီဝ၏ရင်တွင်းတွင် ထိုဆန္ဒတို့ပေါ်အောင် လုပ်ပေးရန် တောင်းပန်ကြသည်။ ကာမသည် ကြင်ယာတော် ရမ္မက်ကို ခေါ်၍ သျှီဝနတ်ကိုလိုက်ရှာရာ တောင်ခြေရင်းတစ်ခုတွင် တရားဘာဝနာ အားထုတ်နေသော သျှီဝနတ်သားကို တွေ့ရ၏။ တရားဘာဝနာအားထုတ်ပြီးသည့်နောက် ကာမနတ်မင်းသည် မိမိ၏ပန်းလေးမှ စံပယ်ပွင့်များကို လွှတ်လိုက်၏။ ထိုအချိန်မှစ၍ သျှီဝနတ်သားသည် ဟိမဝန္တာတောင်မင်းကြီး၏သမီးပျိုဖြစ်သော ဥမ္မာကို စွဲလမ်းနှစ်သက်ခြင်းဖြစ်လာခဲ့သည်။ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးနောက် ဥမ္မာသည် ပါဝတီ (တောင်မင်းကြီး၏သမီးပျို) ဟူသော အမည်ဖြင့် သျှီဝနတ်သား၏ကြင်ယာတော်ဖြစ်လာခဲ့သည်။
သို့တိုင်အောင် ဘီလူးသဘက်သည် ကမ္ဘာမြေပြင်ကို ဖျက်ဆီးလျက်ရှိ၏။ သျှီဝနတ်သားတွင် သားတစ်ယောက်ရသည်ထိ စောင့်ဆိုင်းနေလျှင် အချိန်နှောင်းလေတော့မည်။ ဤတွင် နတ်ဒေဝတာအပေါင်းတို့ စုရုံးကြကာ မိမိတို့ ခွန်အားမှန်သမျှကို စုစည်းပြီးနောက် ပါဝတီကိုယ်ပေါ်တွင် မီးကို မှုတ်ထုတ်သည်တွင် ပါဝတီလည်း ပဋိသန္ဓေကို ဆောင်လာခဲ့သည်။ ထိုအချိန်မှစ၍ ပါဝတီသည် အလှမ်းဝေးသော ဒူရ်ဂါးမည်သော နတ်သမီးဖြစ်လာသည်။ နတ်ဒေဝတာများသည် ဒူရ်ဂါး နတ်သမီးကို လက်ဆယ်ချောင်း ဖန်တီးပေးကာ သူတို့လက်နက်များကိုလည်း လက်ဆယ်ချောင်းထဲတွင် ထည့်ပေးလိုက်ကြ၏။ ဖခင်ဖြစ်သူ ဟိမဝန္တာတောင်မင်းက သမီးတော် ဒူရ်ဂါး စီးရန် ခြင်္သေ့တစ်ကောင် ပေးလိုက်ပြီး လ,နတ်သားက ဝိုင်းသောမျက်နှာဖြစ်အောင် လုပ်ပေးကာသေမင်းက မည်းနက်သောဆံပင်တို့ကို ပေးလိုက်၏။ သူ့အသားအရောင်သည် အရုဏ်ကဲ့သို့ဖြစ်၏။
ဤတွင် ဘီလူးသဘက်လည်း ခွန်အားကြီးသော ကျွဲကြီးအယောင်ဆောင်ပေါ်လာ၏။ သူ့နောက်မှလည်း ကျွဲစစ်သည်တို့ များစွာပါလာခဲ့သည်။ ထို့နောက် ဘီလူးသဘက်နှင့် ဒူရ်ဂါးတို့သည် စစ်အင်ခင်းကျင်းကြ၏။ ရဲတင်းများ၊ လှံများ၊ မြားများသည် အာကာသအနှံ့တွင် ပျံ့နှံ့လျက်ရှိကြ၏။ သစ်တောတစ်ခုကို မီးလျှံတို့ ဝါးမျိုသကဲ့သို့ ဒူရ်ဂါးနတ်သမီး၏ခြင်္သေ့သည် ကျွဲစစ်သည်တို့ကို တစ်ကောင်ပြီးတစ်ကောင် ဝါးမျိုပစ်၏။ ဒူရ်ဂါးနတ်သမီးကိုယ်တိုင် သံချပ်ဝတ်လက်ဖြင့် ရန်သူတို့၏ဆင်များ၊ မြင်းများ၊ စစ်ရထားများကို ဖျက်ဆီးတိုက်ဖျက်ပစ်သည့်အတွက် ရန်သူတို့သည် အလဲလဲအကွဲကွဲ ဖြစ်ကုန်ကြ၏။ ဒေါသအမျက်ခြောင်းခြောင်းထွက်နေသော ကျွဲအော်သံကြီးကြောင့် ကမ္ဘာကြီးသည် တုန်ဟည်းလျက်ရှိ၏။ ကျွဲကြီးသည် သူ့ဦးချိုများဖြင့် တောင်ကြီးများကို ဖြိုချကာ ဒူရ်ဂါးနတ်သမီးကို မြေစိုင်ခဲကြီးများဖြင့် ပစ်ခတ်၏။ ဒူရ်ဂါးနတ်သမီးကလည်း ထိုမြေစိုင်ခဲကြီးများကို သူ့မြားများဖြင့် မှုန့်မှုန့်ညက်ညက်ကြေအောင်လုပ်၏။ သို့ဖြင့် ထိုစစ်ပွဲသည် သုံးရက်ကြာမျှ အပြင်းအထန် တိုက်ခိုက်ကြ၏။ တစ်ခါတစ်ရံတွင် ဒူရ်ဂါးနတ်သမီးသည် စစ်ရှုံးမည့်နှယ် ဖြစ်နေ၏။
တတိယမြောက် ညနေတွင် နတ်သမီးသည် နတ်ဒေဝတာများ ဆက်သလိုက်သည့် နတ်ငုဝါရည်တို့ကို သောက်ရန် စစ်ပွဲကို ခဏနား၏။ ထို့နောက် နတ်သမီးသည် ဘီလူးသဘက်ကြီး၏ရင်ကို မှိန်းဖြင့် တအားစိုက်ချလိုက်၏။ ဘီလူးသည် ဒဏ်ရာအကြီးအကျယ်ရသဖြင့် သူ့ကိုယ်မှ ထွက်ပြေးမည်ပြုရင်း သန်လျက်တစ်ချောင်းကို ကိုင်၍လာသော စစ်သည်တစ်ယောက်ကို ပါးစပ်မှ ထုတ်အန်လိုက်၏။ ဤတွင် နတ်သမီးကလည်း ထိုစစ်သည်၏ဦးခေါင်းကို ဖြတ်ပစ်လိုက်၏။
ထိုစဉ်မှာပင် ဒူရ်ဂါးနတ်သမီးသည် ကိုယ်လုံး နက်မှောင်သွားကာ ကာလီနတ်သမီးဟု အမည်တွင်လာခဲ့သည်။ ကာလီနတ်သမီး၏ကိုယ်သည် အားလုံးကို ဝါးမျိုစားသောက်သော ကာလတည်းဟူသော ပစ္စည်းကဲ့သို့ နက်မှောင်၏။ ကောင်းကင်နှင့် မြေကြီးသည် အောင်မြင်ခြင်း အထိမ်းအမှတ်ဖြင့် တေးသံတို့ဖြင့် မြည်ဟည်းလျက်ရှိ၏။
မိုးရာသီ ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် ကာလကတ္တားရှိ ရှစ်သန်းမျှသော ဟိန္ဒူတို့သည် ထိုအထိမ်းအမှတ်ပွဲတော်ကို လေးရက်တိုင်တိုင် တစ်နှစ်တစ်ခါ ကျင်းပကြသည်။ ထိုပွဲတော်လောက် ကြီးကျယ်ခမ်းနား၍ ထိုပွဲတော်လောက် အပျော်ကြူးသည့် ပွဲတော်မျိုး ကမ္ဘာတွင် ရှိမည်မထင်။ ထိုလေးရက်အတွင်း၌ ကာလကတ္တားမြို့ကြီးသည် အလင်းရောင်တွေထိန်နေသည့် မြို့တော်ကြီး ဖြစ်သည်။ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်တွေ ဝေနေသည့် မြို့တော်ကြီးဖြစ်သည်။
ပွဲတော် မကျင်းပမီ လပေါင်းများစွာကပင်လျှင် ပွဲတော်အတွက် ပြင်ဆင်နေကြလေပြီ။ အိုးထိန်းသည်တို့ နေထိုင်ရာရပ်ကွက်၌ အိုးထိန်းသည်တို့သည် ကာလီနတ်သမီးရုပ်တုကို ထုလုပ်ကြလေပြီ။ အိုးထိန်းသည်တို့သည် အကောင်းဆုံးရုပ်တု ထုလုပ်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းကြ၏။ ကောက်ရိုးကို ကျစ်ထားသည့် အောက်ခံပေါ်တွင် အိုးထိန်းသည်တို့သည် ရွှံ့ပုံများကိုလောင်းကြည့်ကြ၏။ ထို့နောက် ဆေးခြယ်ကာ အဝတ်အစားတို့ ဆင်ပေးကြ၏။ ထို့နောက် မိသားစုများ၊ စက်ရုံများ၊ ကော်မတီများ၊ အသင်းအဖွဲ့များက မှာကြားသည့် ဒူရ်ဂါးနတ်သမီး သို့မဟုတ် ကာလီမယ်တော်ပုံတို့သည် နေရာတိုင်းသို့ ရောက်၏။ ကာလကတ္တားမြို့ကြီးရှိ လမ်းမများ၊ ကွက်လပ်များ၊ ပန်းခြံများထဲတွင် ထိုးထားသည့် မဏ္ဍပ်များထဲရှိ မျက်နှာကြက်များအောက်တွင် ကာလီမယ်တော်ရုပ်ပုံများကို နေရာအနှံ့အပြားတွင် တွေ့နိုင်သည်။ တစ်ဦးနှင့်တစ်ဦး မဏ္ဍပ်ပြိုင်ကြသည်။
ထိုပွဲတော် မတိုင်မီတွင် ကိုဗာစကီးထံသို့ လူကြီးနှစ်ဦး ရောက်လာသည်။ ယင်းတို့မှာ သုခမြို့တော်ရပ်ကွက်ရှိ ကာလီမယ်တော်ပူဇော်ရေး မဏ္ဍပ်ကြီးမှ လူကြီးများဖြစ်ကြသည်။ ထိုသူများသည် သူတို့ရပ်ကွက်နှင့် မလိုက်အောင် သားနားစွာ ဝတ်ဆင်၍ ရောက်လာကြကာ သူ့ကို မှတ်စုစာအုပ်ကလေးတစ်အုပ် ထုတ်ပြကြသည်။ ထိုမှတ်စုထဲတွင် အလှူရှင်များ၏စာရင်းကို ရေးမှတ်ထားသည်။
ရပ်ကွက်လူကြီးနှစ်ယောက်သည် သူ့ကိုလည်း သူတို့သတ်မှတ်ထားသည့်အတိုင်း အလှူငွေထည့်ရန် မေတ္တာရပ်ခံကြသည်။ ရပ်ကွက်ကလေးထဲတွင် တစ်အိမ်ဝင်တစ်အိမ်ထွက်ဖြင့် ကောက်ခံခဲ့ရာ ထိုနေ့တစ်မနက်တည်းတွင်ပင် ငွေတစ်ထောင်ကျော် ရခဲ့လေပြီ။
ကိုဗာစကီးသည် ထိုပွဲတော်အတွက် ထိုမျှ ငွေတွေ သုံးရသည်ကို ကြည့်၍ စိတ်မကောင်းဖြစ်သွားသည်။ ထိုမျှ ဆင်းရဲသည့်ရပ်ကွက်ကလေးထဲတွင် ထိုမျှများသော ငွေများကို ကောက်ရသည်မှာ ခဲယဉ်းလိမ့်မည်ဟုလည်း သူထင်သည်။ သို့ရာတွင် သူ့အထင် မှားနေပြန်ပြီ။ အိန္ဒိယပြည်သားများသည် နတ်ဒေဝတာများနှင့် ကင်း၍ မနေနိုင်ကြောင်းကို သူသဘောမပေါက်နိုင်။ ဥစ္စာတိုးခြင်း၊ စီးပွားပျက်ခြင်း၊ အလုပ်ရခြင်း၊ မိုးခေါင်ခြင်း၊ ငတ်မွတ်ခြင်း၊ရောဂါရခြင်း၊ သေခြင်း စသည်တို့သည် နတ်ဒေဝတာတို့ကြောင့် ဖြစ်ရသည်ဟု သူတို့ ယုံကြည်ကြသည်။ ထို့ကြောင့်ပင်လျှင် အိန္ဒိယပြည်သမိုင်းတွင် သမိုင်းရေးအရ ထူးခြားသည့်နေ့ရက်များကို ထိုမျှလောက် ခမ်းခမ်းနားနား ကျင်းပခြင်းမရှိဘဲ ပူဇော်ပွဲများကို ခမ်းနားစွာ ကျင်းပခြင်းဖြစ်ဟန်တူသည်။
အိန္ဒိယပြည်အတွက် အရေးအကြီးဆုံးဖြစ်သည့် လွတ်လပ်ရေးနေ့ကိုပင် ထိုမျှ ခမ်းနားစွာ ကျင်းပခြင်းမရှိ။ ထိုအခါတွင် ကာလကတ္တားမြို့ကြီးကား အဆိုးဆုံးပင်။ ကာလကတ္တားမြို့ကြီးသည် အခြားသောမြို့များထက်ပင် နတ်ဒေဝတာတို့ကို ယုံကြည်သေးသည်။နေ့တိုင်းလိုလိုပင် ကာလကတ္တားတွင် နတ်ပွဲတစ်ခုခုတော့ ရှိနေတတ်သည်သာ။လွန်ခဲ့သည့် တစ်ပတ်က ကိုဗာစကီးသည် ချစ်ပူရီလမ်းတွင် ဗုံမောင်းတွေ တီးလာသည့် တီးဝိုင်းတစ်ပိုင်းနှင့် သွားတိုးနေသည်။ သူတို့တီးဝိုင်းကြောင့် တစ်လမ်းလုံး ပိတ်ဆို့နေလျက် ကပြသူများသည် သူတို့ပုရောဟိတ် ဟူစိန်၏အမည်ကို ရွတ်ဆိုကာ ခေါင်းပေါ်တွင် ဓားများကို ဝှေ့ယမ်း ကပြကြသည်။ဓားသွားများကို ဝှေ့ယမ်းကပြကြသည်။ ဓားသွားများမှာ နေရောင်တွင် တပြောင်ပြောင်လက်နေသည်။ ထိုပွဲမှာ မူဆလင်ဘာသာဝင်တို့၏ နှစ်ဦးကို ကြိုဆိုသည့် မဟာရန်ပွဲတော်ဖြစ်သည်။
ကာလကတ္တားတစ်မြို့လုံးမှာကဲ့သို့ပင် ကိုဗာစကီးနေသည့် ဆင်းရဲသားရပ်ကွက်ကလေးထဲတွင်လည်း ရှီအာမူဆလင် ဘာသာဝင်တို့သည် အဝတ်သစ် အစားသစ်တို့ကို ဝတ်လျက်။ ထိုပွဲတော်နေ့သည် အစိုးရရုံးပိတ်ရက်မဟုတ်လား။ ကာလကတ္တားမြို့သည် ဘာသာဝင်အသွယ်သွယ်၊ မျိုးနွယ်အသီးသီးတို့နေထိုင်ရာ မြို့ကြီးဖြစ်ရာ သူတို့ပွဲတော်များအတွက် ရုံးပိတ်ရက်သည် တစ်နှစ်လျှင် ဆယ့်လေးရက်နှင်နှင်ရှိသည်။
ထိုပွဲတော်မတိုင်မီ လွန်ခဲ့သော နှစ်ရက်ကလည်း နာဇာမူဒင်လမ်းကြားကလေးရှိ လူများသည် ဆူညံမြည်ဟည်းလှသော ဗြောက်အိုးသံကြောင့် လန့်နိုးလာခဲ့ကြသည်။ ထိုရပ်ကွက်ထဲရှိ ဆစ်ဘာသာဝင်များက သူတို့ဆစ်ဘာသာဝင်များ ကိုးကွယ်သည့် ဂုရုဏာနတ်၏မွေးနေ့ကို ကျင်းပသောကြောင့်ဖြစ်သည်။ ဦးပေါင်းထုပ်ပေါင်းထားကာ သူတို့ရိုးရာ ကိုင်နေကျဖြစ်သော ကာဝန်ဓါးကောက်များကို ကိုင်ထားသည့် ပန်ချာပီအမျိုးသားများသည် ထိုရပ်ကွက်ကလေးထဲရှိ ဆစ်ဘုရားကျောင်းသို့ အိုးစည်ဗုံမောင်းများဖြင့် လှည့်လည်လာကြသည်။ ကာလကတ္တားမြို့တော်ကြီးရှိ အခြားရပ်ကွက်များတွင်လည်း ပန်ချာပီအမျိုးသားများသည် လှည်းများတွင် ပန်းကုံးများ ဆင်ယင်ကာ ရပ်ကွက်အသီးသီးရှိ ဆစ်ဘုရားကျောင်းသို့သွား၍ ပူဇော်ကြသည်။ ဘုရားကျောင်းထဲတွင် ဆစ်ဘာသာဝင် ဘုန်းတော်ကြီးများက ဆစ်ဘာသာဝင်တို့၏ ဂရန်ကျမ်းစာကို အသံမစဲ ရွတ်ဖတ်ကြသည်။ မိုင်ဒန်ကွင်းကြီးထဲတွင် ကြီးမားသော ရွက်ထည်တဲကြီး တစ်လုံးထိုးကာ ပွဲတော်ကျင်းပကြ၏။
ထိုပွဲတော်သို့ သူတို့ရပ်ကွက်ရှိ ပန်ချာပီအမျိုးသားများ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပရိယေသနအားဖြင့် တက္ကစီဒရိုင်ဘာလုပ်သည့် ပန်ချာပီအမျိုးသား ဂိုဗန်ဆင်းက ဖိတ်သဖြင့် ကိုဗာစကီးသည် ထိုပွဲတော်သို့ ရောက်သွား၏။
လည်တွင် ပဝါသိုင်းကာ ပန်ချာပီဘောင်းဘီကျပ်ကို ဝတ်ထားသည့် ပန်ချာပီအမျိုးသမီးကြီးများ၊ ခေါင်းတွင် ဦးပေါင်းထုပ်များကို ပေါင်းထားကာ မုတ်ဆိတ်ဖွားဖွားတွေရှိသော ပန်ချာပီအမျိုးသားများထောင်ပေါင်းများစွာ လာရောက်ကြသည်။ ထမင်းနှင့် ဟင်းရွက်ကြော်တို့ ထည့်ထားသည့် ဗန်းကြီးများကို ကိုင်ထားသည့် ဧည့်ခံသူများက ဧည့်သည်တိုင်း၏ရှေ့တွင် ငှက်ပျောရွက်ခင်းကာ ထမင်းဟင်းတို့ကို ခပ်ထည့်ပေးကြသည်။ မျက်လုံးတွင် ခိုရောင်တွေခြယ်ထားသည့် မိန်းမပျိုကလေးများက တစ်ခါသုံးပြီးလျှင် စွန့်ပစ်ရမည့် မြေအိုးခွက်ကလေးများထဲတွင် နို့နှင့် လက်ဖက်ရည် လာထည့်ပေးကြသည်။
ထိုနေ့တစ်နေ့လုံး အသံချဲ့စက်မှ အသံများသည် ဆူညံမြည်ဟည်းလျက်ရှိကြ၏။ထို့အလျင်တစ်ရက်ကလည်း ဟူဂလီမြစ်တစ်ဖက်ကမ်းရှိ ဘရားဘဇား ခေါ် ဈေးကြီးတစ်ဝိုက်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့သေးသည်။ ထိုပျော်ပွဲ ရွှင်ပွဲများမှာ ဂျိန်းဘာသာဝင်တို့၏ပွဲဖြစ်၏။ ရှေ့ဆုံးက မြင်းရုပ်ကြီးနှစ်ရုပ်ကို လုပ်ထားပြီး ထို့နောက်တွင် ဂျစ်ကားဘော်ဒီကို ဆွဲလာသည်။ မော်တော်ကားများ၊လော်ရီကြီးများ၊ လန်ချားများ၊ ထောင်ပေါင်းများစွာ လမ်းသွားလမ်းလာများကြားထဲတွင် လူတန်းကြီးများ လှည့်လည်လာလေသည်။ အလယ်တွင် ပန်းရထားကြီးတစ်စီးကို ဆွဲလာပြီး ပန်းရထားပေါ်တွင် သူတို့ဂိုဏ်း၏ အကြီးအကဲဖြစ်သူ ထိုင်လိုက်လာသည်။ လမ်းဘေးတွင်ရှိသည့် ဂျိန်းဘာသာဝင်တို့က အိုးစည်ဗုံမောင်းများ၊ လင်းကွင်းများကို ဆူညံစွာ တီးမှုတ်ပူဇော်ကြသည်။
သို့ရာတွင် ကာလကတ္တားမြို့ရှိ ဘာသာရေးပွဲတော်များအနက် ဟိန္ဒူဘာသာဝင်တို့၏ ဒူရ်ဂါးမယ်တော်ပူဇော်ပွဲကား အကြီးဆုံးဖြစ်၏။ နှစ်ကာလကြာညောင်းသဖြင့် ထိုမယ်တော်ပူဇော်ပွဲသည် ကုန်စည်တို့ကို ကြော်ငြာသည့် ပွဲတစ်ပွဲ အသွင်သို့ ဆောင်သည့်တိုင် ကာလကတ္တားမြို့တွင် အကြီးကျယ်ဆုံးသော ဘာသာရေးပွဲတော်ကြီးဖြစ်နေသေးသည်။ ဖို့ဖောင်ဒေးရှင်း၏အဆိုအရ ထိုရပ်ကွက်ရှိ ဆင်းရဲသားများ၏အခြေအနေသည် သက္ကရာဇ် ၂၀၂၀ အထိ ဘာမျှ တိုးတက်လာဦးမည်မဟုတ်ဟု ဆိုသော်လည်း ထိုဒေသမှာလောက် ဘာသာရေးတရားတို့ကို လေးနက်ယုံကြည်သောနေရာဟူ၍ ရှိမည်မထင်။ မည်မျှဆင်းရဲငတ်ပြတ်စေကာမူ သူတို့အစဉ်အလာဖြစ်သော ဘာသာရေးပွဲတော်ကို စိတ်အားထက်သန်စွာဖြင့် တခမ်းတနားကျင်းပကြရာ ကမ္ဘာတွင် ထိုမျှကြီးကျယ်သော ဘာသာရေးအခမ်းအနားဟူ၍ ရှိမည်မထင်တော့။
မည်မျှ ဆင်းရဲငတ်ပြတ်ကြသည့်တိုင် ထိုဒေသမှလူများသည် ထမင်းအငတ်ခံကာ ပွဲတော်တွင်ဝတ်ဖို့ ဝတ်ကောင်းစားလှများကို ဝယ်ကြသည်။ အကြွေးတင်ခံကြသည်။ သူတို့အဖို့ ပွဲတော်သည် ဘာသာကိုးကွယ်မှုကို ဖော်ပြရာပုံသဏ္ဌာန်တစ်ခုဖြစ်နေသည်။
အလှူခံပုဂ္ဂိုလ်အစစ်တွေရှိသလို၊ အလှူခံပုဂ္ဂိုလ်အလိမ်တွေလည်း ဒုနဲ့ဒေး ရှိသည်။ အလှူခံလိမ်တို့သည် ဆင်းရဲသားတို့၏ထမင်းပန်းကန်ထဲမှ ထမင်းကိုလိမ်စားကြသည်။ သူတို့သုခမြို့တော်တွင် ထိုသို့သောအလှူခံလိမ်တွေ ပေါပါဘိခြင်း။ သူတို့သည် အကြောင်းအမျိုးမျိုးပြကာ လန်ချားသမားများ၊ ဆိုက်ကားသမားများ၊ ချယ်ဂါရီသမားများထံမှ အလှူခံကြသည်။လမ်းမကြီးများပေါ်သို့ ထွက်၍ ဘတ်စ်ကားများ၊ လော်ရီကားများကို ရပ်ခိုင်းပြီး ဒရိုင်ဘာများ၊ ခရီးသည်များထံမှလည်း အလှူခံတတ်ကြသည်။ သုခမြို့တော်အစွန်တွင်နေသည့် ကိုယ်ရေရောဂါသည်များကိုပင် သူတို့ အလွတ်မပေးကြ။ ထိုအလှူငွေများသည် သက်ဆိုင်ရာကျောင်းကန်ဘုရားများ၏ အလှူခံသေတ္တာထဲသို့ ဘယ်လောက်ရောက်ပြီး သူတို့အိမ်များထဲသို့ ဘယ်လောက်ရောက်သွားသည်ကို မည်သူမျှမသိနိုင်ပြီ။
ပွဲတော်နေ့ နီးကပ်လာသည်နှင့် သူတို့ရပ်ကွက်ထဲတွင် မဏ္ဍပ်တွေ အလျှိုလျှိုပေါ်လာတတ်ပြီး မဏ္ဍပ်များတွင် ပန်းကုံးတွေ ဆင်လျက်။ မဏ္ဍပ်ပန်းချီဆရာတို့က မဏ္ဍပ်များတွင် ဆေးရောင်စုံတွေ ခြယ်သကြသည်။ ဘုရားကျောင်းမှ ဆင်းတုများတွင်လည်း ပန်းခွေတွေဖုံးလျက်၊ စံပယ်၊ နှင်းဆီ၊ သော်ကစသည်ဖြင့် ပန်းမျိုးစုံနေသည်။ထိုပန်းများ၏ရနံ့သည် ပတ်ဝန်းကျင်တွင်ရှိသည့် အပုပ်နံ့ဟူသမျှကို လွှမ်းခြုံသွားသည်။ မဏ္ဍပ်တွေ ပြင်ဆင်ထားသည်မှာလည်း တစ်ခုနှင့်တစ်ခု အနိုင်ရအောင် ပြိုင်နေကြသည့်နှယ်။ မဏ္ဍပ်တိုင်းတွင် လျှပ်စစ်မီးရောင်စုံများ၊ မီးမောင်းကြီးများသာမက အချို့မဏ္ဍပ်တိုင်များတွင်ဆိုလျှင် ဝိတိုရိယခေတ်သုံး မီးပဒေသာပန်းဆိုင်းကြီးတွေပင် ပါလိုက်သေးသည်။ အသံချဲ့စက်များမှ ပေါ်ထွက်လာသည့် တေးဂီတသံတို့ကလည်း ဆင်းရဲသား ရပ်ကွက်ကလေးတစ်ခုလုံးတွင် ဆူညံလျက်။ အိန္ဒိယပြည်တွင် ပွဲတိုင်း ဂီတမပါလျှင် မပြီး။
ထိုသို့သော ပွဲတော်ချိန်မျိုးဆိုလျှင် ဟိန္ဒူဘာသာဝင်များသာမက ခရစ်ယာန်ဘာသာဝင်များနှင့် မူဆလင်ဘာသာဝင်တို့သည်လည်း အငြိမ်မနေကြ။ သူတို့တဲကလေးများကို သန့်ရှင်းကြသည်။ ဈေးများ၊ အိမ် ဥပစာများ၊ ရေတွင်းပေါင်များကို ဆေးသုတ်ကြသည်။ ကိုဗာစကီး၏တဲငယ်ကလေးရှေ့တွင် ရှိသည့် လက်ဖက်ရည်ဆိုင်မှ ဟိန္ဒူဆိုင်ပိုင်ရှင်ကြီးသည် သူ့အိမ်ရှေ့ကို ဆေးလာသုတ်ပေးသည်။ ထိုနေ့မျိုး၌ ကာလကတ္တားတွင် ရှိသမျှသော ဆင်းရဲသား အပေါင်းတို့သည် အဝတ်သစ် အစားသစ်များကို ထုတ်ဝတ်ကြသည်။ မရှိသူတို့က ထိုနေ့အတွက် အဝတ်အစားအသစ် ဝယ်သည်။ ကာလကတ္တားရှိ အထည်ဆိုင်ကြီးများအားလုံးကလည်း အဝတ်အထည်များကို လျှော့ဈေးဖြင့် ရောင်းကြသည်။
ပွဲတော်နေ့သို့ရောက်၍ ညနေခြောက်နာရီ ထိုးသည်နှင့် လွမ်းဆွတ်ဖွယ် ခရုသင်းမှုတ်သံများနှင့် အဆက်မပြတ် ဗုံတီးသံများကို ကြားရတတ်သည်။ ယင်းမှာ ဒူရ်ဂါးမယ်တော်ပူဇော်ပွဲ စတင်သည့်အထိမ်းအမှတ်ပေတည်း။ ထိုနေ့တွင် သုခမြို့တော်မှ ဆင်းရဲသူ ဆင်းရဲသားများသည် ကာလကတ္တားရှိ အခြားရပ်ကွက်များမှ မြို့သူမြို့သားများကဲ့သို့ ဝတ်ကောင်းစားလှတို့ကို ဝတ်ဆင်ကာ မဏ္ဍပ်များသို့ လာကြသည်။ အမျိုးသားများက ဘောင်းဘီရှည်ပေါ် တွင် လည်ပင်းထိအောင် ကြယ်သီးတပ်ထားသည့် ရှာဝါနီဝတ်စုံများကို ဝတ်လျက်။ အမျိုးသမီးများက အစိမ်းရောင်ဆာရီများနှင့် နားဆွဲများကို ဝတ်ဆင်လျက်။
ထိုနေ့တွင် ဘောပင်စက်ရုံတွင် အလုပ်လုပ်သည့် မာဘူ၏သားကြီးသည်လည်းကောင်း၊ သူ့ညီမငယ်များသည်လည်းကောင်း၊ သန်ကောင်တွေ ထိုးသဖြင့် ဗိုက်ကြီးကားနေသည့် သူ့ညီမအငယ်သည်လည်းကောင်း လှပ သပ်ရပ်စွာ ပြင်ဆင်ဝတ်စားကာ ပွဲတော်သို့ လာကြသည်။ သူတို့နှင့်မလှမ်းမကမ်းတွင် ရှိသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဟိန္ဒူအဘိုးကြီးသည်လည်း ပွဲတော်သို့သွားသည်ကို လှမ်းမြင်လိုက်ရသည်။ အဘိုးကြီးမှာ သျှီဝနတ်မင်းကို ကိုးကွယ်သူတို့ ထုံးစံအတိုင်း နဖူးတွင် ပြာသုံးချက် တို့ထားသည်။
ပူဇော်ပွဲ စတုတ္ထမြောက်နေ့တွင်မူ ကာလကတ္တားမြို့တွင်းရှိ ဒူရ်ဂါးမယ်တော်၏ ရုပ်တုဟူသမျှသည် လှည်းများပေါ်သို့ ရောက်နေကြလေပြီ။ ထိုလှည်းများသည်လည်း ပန်းကုံးတွေ၊ ပန်းပွားတွေ ဆင်ယင်ထားကြသည်။ ထိုလှည်းများ နောက်တွင် ဗုံမောင်းသံတွေ၊ လင်းကွင်းသံတွေ၊ ခရုသင်းသံတွေ ဆူညံလျက်။ ထိုလူတန်းကြီးသည် ဟူဂလီမြစ်ကမ်းတိုင်အောင် ရှည်လျားသည်။ ထိုအချိန်တွင် ကာလကတ္တားမြို့ရှိ အခြားသောရပ်ကွက်များမှ လှည်းတန်းကြီးများသည်လည်း ပန်းကုံးများ၊ ပန်းပွားများကို ဆင်ယင်ကာ ဒူရ်ဂါးမယ်တော်ကို ပင့်ဆောင်လျက် ဟူဂလီမြစ်ကမ်းဆီသို့ လာနေကြသည်။ အချို့မှာ လှည်းများဖြင့်မဟုတ်ဘဲ လော်ရီကြီးများ၊ တက္ကစီများ၊ ကိုယ်ပိုင်ကားများ၊ ဆိုက်ကားများ၊ လန်ချားများဖြင့် ဒူရ်ဂါးမယ်တော်ရုပ်တုကို ပူဇော်ရန် မြစ်ဆိပ်သို့ ပင့်လာကြသည်။ သို့ဖြင့် ဟူဂလီမြစ်ကမ်းတွင် ထောင်ပေါင်းများစွာသော ဒူရ်ဂါးမယ်ဘော်၏ရုပ်တုများသည် ရောက်ရှိနေကြလေပြီ။
ထိုမျှများပြားသော လူများ၊ ယာဉ်များထဲတွင် ၁၉၉၉ ဟု နံပါတ်ပြားတပ်ထားသော ဟာစရီပါး၏လန်ချားကိုလည်း တွေ့ရသည်။ ဟာစရီပါးသည် သူ့လန်ချားပေါ်တွင်ပါသည့် ဒူရ်ဂါးမယ်တော်၏ရုပ်တုကို ပြန်လှည့်၍ကြည့်မိ၏။ သူ့ လန်ချားအိုပေါ်တွင် ပါလာသည့် ဒူရ်ဂါးမယ်တော်ရုပ်တုမှာ လူတစ်ရပ်လောက်ရှိပေလိမ့်မည်။ လက်မောင်းက ဆယ်ချောင်း၊ ဆံပင်က ရှည်လျားမည်းနက်လျက်၊ ခေါင်းထက်တွင် ရွှေမကိုဋ်ကို ဆောင်းထားသည်။ မယ်တော် စောင်မတဲ့အတွက် ငါ့လန်ချားအိုကလေးတောင် နတ်ကွန်းတစ်ခုလို သားသားနားနားဖြစ်လို့ပါကလားဟု တွေးမိရင်း ဟာစရီပါး ပီတိဖြစ်နေသည်။
ထိုနေ့ညနေ၌ ထောင်ပေါင်း သောင်းပေါင်းများစွာသော ကာလကတ္တား မြို့သူမြို့သားများသည် ဟူဂလီမြစ်ကမ်းတွင် ကမ်းလုံးညွှတ်မျှ ကြိတ်ကြိတ်တိုးနေကြသည်။ ဟာစရီပါးသည် ရေစပ်သို့ရောက်အောင် အတန်ကြာမျှ လန်ချားကို ဆွဲလာရသည်။ ရေဆိပ်သို့ရောက်၍ နောက်မှ လန်ချားတစ်စီးဖြင့်လိုက်လာသော မယ်တော်ပင့်သူမိသားစုက မယ်တော်ရုပ်တုကို ဖြည်းညင်းစွာ လန်ချားပေါ်မှချကာ ပန်းကုံးတို့ဖြင့် ထပ်မံပူဇော်ပြီးလျှင် ရေသို့ချသည်။ ဟာစရီပါးသည် ရေစီးဖြင့် မျောပါသွားသော ဒူရ်ဂါးမယ်တော်၏ရုပ်တုကို ငေးကြည့် ကျန်ရစ်ခဲ့သည်။
အခြား ထောင်ပေါင်းများစွာသော ဒူရ်ဂါးမယ်တော်ရုပ်တုများနည်းတူ ထိုရုပ်ထုသည်လည်း ကာလကတ္တားမြို့သူမြို့သားများ၏ပျော်ရွှင်မှုများ၊ ဆင်းရဲမှုများကို အပြောကျယ်သော ပင်လယ်ကြီးများဆီသို့ သယ်ဆောင်သွားခဲ့လေပြီ။
အပိုင်း(၃၂)ဆက်ရန်
-------------------
0 Comments