#သုခမြို့တော်
အပိုင်း(၁၃)
"ဟေ့ကောင်...ခုနစ်ရက်ပြည့်မှ လာပါဆိုတာ ဒီလောက်မှ နားမလည်ဘူးလားကွ၊ ခုနှစ်ရက် မရေတတ်တော့ဘူးလား”
သူ့ဆီသို့ တည့်တည့်ကြီးလာနေသော ဟာစရီပါးကို ကြည့်၍ သွေးပွဲစားက ဆီးငေါက်သည်။ သွေးအရောင်းအဝယ်ကိစ္စ မဟန်သဖြင့် သူ့ကို သံဓာတ်အားတိုးဆေးပေး၍ လွှတ်လိုက်သည်မှာ နှစ်ဆယ့်လေးနာရီတင်းတင်းပင် မပြည့်တတ်သေး။
“ဒီမှာ နောင်ကြီး...နောင်ကြီး” ဟု ဟာစရီပါးက အားရဝမ်းသာ လှမ်းခေါ်သည်။ သူ အားရဝမ်းသာဖြစ်နေပုံကိုကြည့်၍ သွေးပွဲစားပင် အံ့အားသင့်နေသည်။
“ငါ့လူ ဘာဖြစ်လာတာလဲ၊ သိန်းထီပေါက်လာလို့လား”
“ခု ကျုပ်အလုပ်ရပြီဗျ၊ ဒါကြောင့် သွေးနီအောင်လုပ်တဲ့ ခင်ဗျားဆေးတွေကို ပြန်လာပေးတာ။ သွေးနီအောင်လုပ်ဖို့ မလိုတော့ဘူး။ တခြားလိုတဲ့ လူတစ်ယောက်ယောက်ကို ပေးလိုက်ပေတော့”
ကံတရားသည် ဘင်္ဂါလီ လယ်သမားတစ်ဦးဖြစ်သည့် ဟာစရီပါးကို မျက်နှာသာပေးပြီထင်သည်။ ဟာစရီပါးသည် ဘရားဘဇားအနီးရှိ မီးရထားတွဲ စက်ကိရိယာလုပ်သည့် အလုပ်ရုံများသို့ မယောင်မလည်ရောက်သွားသည်။ ထိုနေရာမှာ ကူလီတစ်ယောက် လဲကျသွားသဖြင့် ငွေငါးကျပ်ဖြင့် လူစားဝင်လုပ်ခဲ့သည့်နေရာဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ အလုပ်သမားနှစ်ယောက်သည် သံမဏိလေးကြီးများကို လက်တွန်းလှည်းကလေးတစ်စင်းပေါ်သို့ တင်နေကြ သည်။ ထိုစဉ် တစ်ယောက်က ကျောက်ခဲတက်နင်းမိကာ လဲကျပြီး ခြေထောက်ကို လေးထုပ်ကြီး ပိသွားသည်။ သူ့ခြေထောက်မှာ ကြေသွားလေပြီ။ ဟာစရီပါးသည် သူ့ကို ထူပေးရန် ပြေးလာခဲ့၏။ သူဝတ်လာသည့် ဒိုတီကိုဖြဲကာ
လူနာ၏သွေးတိတ်ရန် ခြေထောက်ကို စည်းပေးသည်။
ကာလကတ္တားတွင် ထိုသို့ အရေးအကြောင်းရှိမှ ပုလိပ်အကူအညီ၊ သူနာပြုကား အကူအညီ ရဖို့ဆိုသည်မှာ ခက်ခဲဘိခြင်း။ ဤတွင် ရင်စေ့စွပ်ကျယ်အင်္ကျီ ဝတ်ထားသည့် ခပ်ဝဝပိုင်ရှင်သည် အလုပ်ရုံထဲမှ ထွက်လာကာ လန်ချားတစ်စင်းပေါ်သို့ တင်ပေးလိုက်သည်။ ပိုင်ရှင်သည် အရေးထဲတွင် ထိခိုက်မှုဖြစ်သဖြင့် စိတ်ဆိုးမာန်ဆိုးဖြင့် အော်ငေါက်ကာ အိတ်ထဲမှ ငါးကျပ်တန်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီးနောက် တစ်ရွက်ကို လူနာအားပေးပြီး ကျန်တစ်ရွက်ကို လန်ချားသမားအား ပေးလိုက်သည်။ လဲကျသွားသည့် ကူလီကို ထူမ ပေးသည့် ဟာစရီပါး ပြန်သည့်အခါ၌ ပိုင်ရှင်က သူ့ကိုလည်း ငါးကျပ်တန်တစ်ရွက် ထုတ်ပေးသည်။
“ရော့...တစ်ရွက်ကို မင်းယူ၊ နောက်တစ်ရွက်ကိုတော့ ဆေးရုံထဲကို ဝင်ခွင့်ရအောင် ဂိတ်စောင့်ကိုပေး”
ပိုင်ရှင်သည် ငေး၍ကြည့်နေသော လန်ချားသမားဘက်သို့ လှည့်ကာ“ဟေ့ကောင်...သွားလေ၊ ဘာ ရပ်ကြည့်နေတာလဲ” ဟု အော်လိုက်သည်။
ဟာစရီပါးက လန်ချားပေါ်သို့ မည်သို့တက်ရမည် မသိသဖြင့် ဆုတ်ဆိုင်းဆိုင်းဖြစ်နေသည်။
လန်ချားသမားက “ငါ့လူက လန်ချား မစီးဖူးဘူးလား” ဟု မေးသည်။ “မစီးဖူးဘူးဗျ” ဟု ဖြေရင်း ဟာစရီပါးက လူနာဘေးတွင် ဝင်ထိုင်သည်။
လန်ချားလှည်းသန်နှစ်ချောင်းကြားတွင် ရောက်နေသည့် လူမြင်းသည် လန်ချားကို ကောက်ကိုင်သည်နှင့် လန်ချားလည်း ဆောင့်ခနဲ ထွက်လာခဲ့၏။ ဖြူဖွေးစပြုနေသော ဆံပင်များနှင့် ရှုံ့တွနေသည့်ပခုံးကို ထောက်သော် လန်ချားသမား၏အသက်သည် ငယ်ဟန်တော့မတူ။ သို့ရာတွင် လန်ချားသမားဆိုသည်မှာ အသက်နှင့်ခွန်အားကို မှန်း၍မလွယ်။ လန်ချားများဆွဲရသဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့်လည်း အိုစနာကျချင် ကျနေတတ်သည်။
အရှိန်ရလာသည့်အခါတွင် လန်ချားသမားက လန်ချားဆွဲနေရင်းမှ ... “မင်းက ဒီနယ်က မဟုတ်ဘူးထင်တယ်”
“မဟုတ်ဘူးဗျ၊ ကျွန်တော်က ဘန်ကူလီနယ်က”
“ဘန်ကူလီကလား၊ ဒီလိုဆိုရင် ငါ့ရွာနဲ့ ဘာဝေးလို့လဲ၊ မိုင်နှစ်ဆယ်လောက်ပဲ ဝေးတာပဲ၊ ငါက...”
မော်တော်ကားဟွန်းသံကြောင့် လန်ချားသမား၏ရွာနာမည်ကို သဲကွဲစွာ မကြားလိုက်သည့်တိုင် ဟာစရီပါးသည် လန်ချားပေါ်မှ ခုန်ဆင်းကာ လန်ချားသမားကို ပြေးဖက်လိုက်ချင်သည်။ လူမဆန်သည့် မြို့ကြီးထဲတွင် မိမိတို့နယ်သားတစ်ယောက်ကို တွေ့ရလေပြီ။ လန်ချားဆောင့်တိုင်း လူနာက အော်လျက်ရှိသဖြင့် ဟာစရီပါးသည် သူ့ဝမ်းသာကြောင်းကို မပြနိုင်။ လန်ချားသမားက ခြေခွင်ခွင်ကို အားကုန်နှင်ကာ ဆေးရုံကြီးဆီသို့ ပြေးနေသည်။ တစ်ခါတစ်ရံတွင် ရှေ့မှာ မော်တော်ကားတို့၊ လော်ရီကားတို့ ဖြတ်သဖြင့် လန်ချားသမားက တုံ့ခနဲရပ်လိုက်သည်နှင့် လန်ချားသည် နောက်သို့ထောင်သွားတတ်၏။
ကာလကတ္တားပြည်သူ့ဆေးရုံကြီးသည်လည်း မြို့ကြီးတစ်မြို့နှင့်တူ၏။ ဆေးရုံကြီးတွင် ဟောင်းနွမ်းအိုမင်းနေသည့် အဆောင်များစွာရှိပြီး တစ်ဆောင်နှင့်တစ်ဆောင်ကို စင်ကြံများနှင့် ဆက်ထားသည်။ အဆောက်အအုံများအလယ်ကောင်ရှိ ကွက်လပ်များထဲတွင်လည်း ကျူးကျော်တဲကလေးတွေ အများကြီးရှိသည်။ ဆေးရုံကြီးအဝင်က ကျောက်ပြားတစ်ချပ်ပေါ်တွင် “ဤတံခါးမကြီးမှ အရှေ့တောင်ဘက် ကိုက်ခုနစ်ဆယ်အကွာ ဓာတ်ခွဲခန်းတစ်ခုထဲ ငှက်ဖျားရောဂါသည် ခြင်မှ မည်သို့ကူးစက်ဖြစ်ပေါ်လာပုံကို အိန္ဒိယတပ်မတော် ဆရာဝန် ဗိုလ်မှူးရိုနယ်ရော့စ်က ၁၈၇၈ ခုနှစ်တွင် တွေ့ရှိခဲ့သည်” ဟူသော စာတန်းကို ရေးထိုးထားသည်။
လန်ချားသမားသည် လန်ချားကို အရေးပေါ်ကုသခန်းဆီသို့ တိုက်ရိုက်ဆွဲသွား၏။ နာမကျန်းဖြစ်သူများကို ဤဆေးရုံကြီးသို့ မကြာခဏ သူခေါ်ခဲ့ဖူးပြီ မဟုတ်လော။ ကာလကတ္တားတွင် လန်ချားများသည် အရေးပေါ် သူနာတင်ယာဉ်များအဖြစ် များစွာ အသုံးဝင်လှပါ၏။
“ကျွန်တော်တို့ရှေ့မှာ စောင့်နေတဲ့ လူတန်းကြီးက အရှည်ကြီးပဲဗျ။ ရန်ဖြစ်သံတွေ၊ အော်သံတွေကိုလဲ ကြားရတယ်။ တချို့မိန်းမတွေက ကလေးလေးတွေ ပိုက်လာကြတယ်။ ကလေးတွေဆိုတာ ဘယ်လောက်အားနည်းနေသလဲ မမေးနဲ့၊ ငိုတောင် မငိုနိုင်တော့ဘူး။ ထမ်းစင်နဲ့ အလောင်းတွေထုတ်တာကိုလဲ မကြာခဏမြင်ရတယ်။ ကျွန်တော်တို့အလှည့်ရောက်တော့ ကျွန်တော်က ငါးကျပ်တန်ကလေးကို အစောင့်လက်ထဲကို ထည့်လိုက်တယ်။ သူ့ဟာနဲ့သူတော့ ဟုတ်တာပဲဗျ။ တခြားလူတွေကို နှင်ထုတ်ပေမယ့် ကျွန်တော်တို့ကိုတော့ နှင်မထုတ်ဘူး။ အထဲကအခန်းတစ်ခန်းမှာ သွားထိုင်ဖို့ ပြောလိုက်တယ်” ဟု ဟာစရီပါးက ပြန်ပြောသည်။
သူတို့နှစ်ယောက်သည် လူနာကို ထမ်းစင်တစ်ခုပေါ်သို့ ချကြ၏။ ထမ်းစင်မှာ ယခင်လူနာ၏သွေးတို့ ပေကျံလျက်။ အခန်းတစ်ခုလုံးကလည်း ပိုးသတ်ဆေးနံ့ စူးစူးကြီး ထွက်နေသည်။ သို့ရာတွင် အနံ့ထက် အံ့သြစရာကောင်းသော အရာမှာ နံရံပေါ်တွင် ဖွေးဖွေးလှုပ်နေသည့် နိုင်ငံရေး ပိုစတာကြော်ငြာများ ဖြစ်သည်။ အသွေးအရောင် အမျိုးမျိုးရှိသော နိုင်ငံရေးအယူအဆတို့သည် နံရံပေါ်တွင် လာရောက် စုပေါင်းကာ ရုပ်စုံပဒေသာကပွဲကြီး ခင်းနေသကဲ့သို့ ရှိ၏။ အလံနီများ၊ တူ, တံစဉ်များ၊ အင်ဒီရာဂန္ဒီ၏ ရုပ်ပုံများ၊ ကြွေးကြော်သံများဖြင့် ရှုပ်ယှက်ခတ်နေ၏။ ဟာစရီပါးသည် ထိုအရာများကိုကြည့်၍ တအံ့တဩဖြစ်နေသည်။
လန်ချားသမားက...“အဲဒါ ရွေးကောက်ပွဲမှာ သူတို့ကို မဲထည့်ဖို့ မဲဆွယ်တဲ့ကြော်ငြာတွေကွ၊ သေခါနီး လူမမာဆီတောင် လိုက်ပြီး မဲဆွယ်နေသေးတယ်” ဟု မြို့သား လန်ချားသမားက ပြောသည်။
“လူနာကို ခွဲခန်းထဲမှာ ဘယ်လောက် ကြာကြာထားပြီး ဘာတွေလုပ်သလဲ ဆိုတာတော့ ကျွန်တော်လဲ မသိဘူးဗျ။ ဒီတုန်းမှာ ကျွန်တော့်စိတ်ထဲမှာ သတိရလာတာတစ်ချက်ရှိတယ်။ တကယ်လို့များ လူနာသေသွားရင် ဘယ့်နှယ်လုပ်မလဲ။ ခွဲစိတ်ရင်း မတော်တဆ သေသွားလို့ ကျွန်တော်တို့က မကျေမနပ်ဖြစ်မှာစိုးလို့များ ထုတ်မလာတာလား ဘာလားနဲ့ ကျွန်တော့်စိတ်ထဲမှာ အမျိုးမျိုး တွေးနေမိတယ်။ ဒီလိုတော့လဲ မဖြစ်နိုင်ဘူးထင်တာပဲလေ။ ဘာဖြစ်လို့လဲဆို
တော့ ကျွန်တော်တို့နဲ့ ခပ်လှမ်းလှမ်း အပေါက်ကနေပြီး ထမ်းစင်တွေနဲ့ လူနာတွေကို တစ်ယောက်ပြီးတစ်ယောက် ထုတ်လာနေတာကို တွေ့ရတာကိုး။ ဒါပေမယ့် လူနာပဲလား၊ လူသေတွေလားဆိုတာတော့ မပြောတတ်ဘူးပေါ့။ တကယ်လို့ တစ်ခုခုဖြစ်လာရင်လဲ ဒီလူမဆန်တဲ့မြို့ကြီးမှာ ကျွန်တော်တို့လိုဆင်းရဲသားတွေ ဘာမှပြောရဲကြမှာ မဟုတ်ပါဘူး။ ဒီအတိုင်းပဲ ငုံ့ခံနေရမှာပါ။ လန်ချားက လော်ရီကားကြီးကို ဝင်တိုက်မိသလိုဖြစ်မှာပေါ့”
“နောက်ဆုံးတော့ ဆေးရုံအလုပ်သမားနှစ်ယောက်က အထုပ်တစ်ထုပ်လို ထမ်းစင်ပေါ်မှာ ခွေခွေကလေးပါလာတဲ့ လူတစ်ယောက်ကို ထမ်းစင်ပေါ်ထမ်းပြီး ထွက်လာကြတယ် ခင်ဗျ။ သူနာပြုဆရာမတစ်ယောက်က သူ့အကြောထဲကိုစိုက်ထားတဲ့ အပ်နဲ့ ဆက်ထားတဲ့ ပုလင်းတစ်လုံးကိုကိုင်ပြီး ဘေးကလိုက်လာတယ်။ လူနာက အိပ်ပျော်နေတယ်။ ကျွန်တော်လည်း အသာအနားကပ်ပြီး ကြည့်လိုက်တယ်။ ကျွန်တော်တို့လူနာရယ်ခင်ဗျ။ ခြေထောက်တစ်ဖက်မှာ ပတ်တီးထူထူကြီးတစ်ခုကို စည်းလို့။ ဒီတော့မှ သူတို့ ဘယ်လိုလုပ်လွှတ်လိုက်တယ်ဆိုတာ ကျွန်တော်သိတော့တာကိုး။ လက်စသတ်တော့ ကိုယ့်လူတွေက လူနာရဲ့ ခြေထောက်ကို ဖြတ်လွှတ်လိုက်ကြတာကိုး ခင်ဗျ”
“သွားသွား၊ ဒီမှာလာစောင့်မနေကြနဲ့၊ လူနာက တော်တော်နဲ့ နိုးမှာ မဟုတ်သေးဘူး။ နှစ်ရက်လောက်ရှိတော့မှ လာခေါ်လှည့်ကြ” ဟု ဆရာမက သူတို့ကို အော်ငေါက်လွှတ်လိုက်၏။
ဟာစရီပါးတို့နှစ်ယောက်သည် ကွက်လပ်ထဲတွင် ဆိုက်ထားသည့် လန်ချားဆီသို့ ပြန်လာခဲ့ကာ ဆေးရုံကြီးမှ ပြန်ခဲ့ကြသည်။ အတန်ကြာမျှ သူတို့နှစ်ယောက်သည် တိတ်ဆိတ်စွာ လျှောက်လာခဲ့ကြသည်။ ဟာစရီပါးမှာ ရင်တွေတုန်ကာ စကားပင် ကောင်းကောင်းမပြောနိုင်တော့ပြီ။
“မင်းက ဒါမျိုးတွေ မြင်နေကျမဟုတ်သေးဘဲကိုးကွ၊ ဒီလောက်စိတ်ထိခိုက်နေလို့ ဘာလုပ်မလဲကွာ၊ နောင်မှာ ဒီထက်မကတွေ အများကြီး တွေ့ရဦးမှာ” ဟု လန်ချားသမားက ပြောသည်။
“ဒီလောက် မြင်ရရင် တော်ပါပြီဗျာ၊ နောက်ထပ်လဲ မမြင်ချင်တော့ပါဘူး”
လန်ချားသမားက ရယ်လိုက်သည်။
“မမြင်ချင်လို့ ဘယ်ရမလဲကွာ။ မင်းလဲ အမှိုက်ပုံကြီးထဲမှာ ငါ့လို ဆယ်နှစ်နေရရင် ဒါတွေကို မမြင်ချင်ဘဲနေလို့ ဘယ်ရမလဲ”
သူတို့နှစ်ယောက်သည် လမ်းပြပုလိပ်တစ်ယောက် ရပ်၍ လမ်းပြနေသော လမ်းဆုံတစ်ခုသို့ ရောက်လာခဲ့ကြသည်။ လန်ချားသမားက သူ့အိတ်ထဲက အကြွေပြားတစ်စေ့ကိုထုတ်၍ လမ်းပြပုလိပ်ကို လှမ်းပေးလိုက်သည်။
“ဒါက တို့ဆီမှာ ထုံးစံပဲကွ၊ ဒီလိုလုပ်လိုက်တော့ အန္တရာယ်ကင်းတာပေါ့ကွာ။ လန်ချားဆွဲဖို့ လိုင်စင်မရှိတဲ့အခါမျိုးဆိုရင် ဒီလိုလုပ်မှ အဆင်ပြေတယ်၊ မင်းကော လန်ချားဆွဲမလား”
သူ့အမေးကြောင့် ဟာစရီပါးသည် အံ့အားသင့်သွား၏။ သူ့လို တောသားသည် မည်သို့ လန်ချားဆွဲတတ်ပါမည်နည်း။ သူ့ကို လေယာဉ်ပျံမမောင်းချင်ဘူးလားဟု မေးသည်နှင့် အတူတူ။
“ကျွန်တော်ကတော့ အလုပ်မရွေးပါဘူး၊ ဘယ်အလုပ်ဖြစ်ဖြစ် လုပ်ဖို့အဆင်သင့်ပါ”
ဟာစရီပါးသည် သူ့ကို စိတ်ပါလက်ပါကူညီသည့် လန်ချားသမားကို ကျေးဇူးတင်သည်။
“ကဲ...ဒါဖြင့် စမ်းကြည့်စမ်း၊ ရှေ့က လှည်းသန်နှစ်ချောင်းကြားထဲကို ဝင်ရပ်လိုက်၊ ဟုတ်ပြီ...ဆွဲ၊ ဘီးလိမ့်ပြီးပါလာအောင် ကိုယ်ကို ဆောင့်ရုန်းပြီး ဆွဲလိုက်”
ဟာစရီပါးက သူပြောသည့်အတိုင်း ကိုယ်အထက်ပိုင်းကို ရှေ့သို့ ဆောင့်ရုန်းလိုက်သည်။
“ဟုတ်တယ်ခင်ဗျ။ ကိုယ်အထက်ပိုင်းကို ဆောင့်ရုန်းလိုက်တော့ ဘီးက လိမ့်လိုက်လာတယ်၊ ဒါပေမယ့် ဒီလောက်မခက်ဘူး၊ ကျွဲတစ်ကောင်လောက်နီးနီး အားရှိဖို့တော့ လိုတာပေါ့လေ၊ ဒါပေမယ့် ပိုပြီးခက်တာက ရပ်ရတာက ပိုပြီး ခက်တာ၊ အရှိန်နဲ့ လိမ့်သွားပြီးမှ ရပ်ဖို့ဆိုတာ တော်တော်ကိုခက်တာ။ လန်ချားက အရှိန်လဲရနေတော့ သူ့ကိုယ်တိုင်မှာများ စက်ပါလာသလား မသိဘူး။ နောက်က အတင်းလိမ့်လိုက်လာတာပဲ၊ မီးပွိုင့်တို့ ဘာတို့ရောက်လို့ ချက်ချင်းရပ်လိုက်ရရင် သာပြီးတောင် အရပ်ရခက်သေးတယ်။ ကျွမ်းကျင်မှု မရှိရင် ရကိုမရဘူး။ ဒီအထဲမှာ လန်ချားပေါ်မှာလဲ ပါစင်ဂျာ ပါလာတော့ ကိုယ်ဆွဲလာရတဲ့ အလေးချိန်ဟာ မရှိဘူးဆိုရင် အနည်းဆုံး ပေါင်သုံးရာလောက် ရှိတယ်” ဟု ဟာစရီပါးက နောင်တွင် ပြန်ပြောသည်။
လန်ချားသမားက လှည်းသန်ပေါ်တွင် ရေးထားသည့် အမှတ်အသားကို ပြသည်။ ထိုနေရာတွင် သင်္ဘောဆေးတို့ ပြယ်နေလေပြီ။
“ဒီမှာ သေသေချာချာကြည့်ကွ၊ လန်ချားဆွဲရာမှာ အရေးကြီးဆုံးက ကိုယ်ဆွဲမယ့် အလေးချိန်အတွက် ဘယ်နေရာဟာ ဟန်ချက်အညီဆုံးလဲဆိုတာ ရွေးတတ်ဖို့လိုတယ်”
ဟာစရီပါးသည် သူ့ကို စိတ်ရှည်လက်ရှည် ပြသနေသည့် လန်ချားသမားကို ကြည့်၍ ကျေးဇူးတင်သည်။ ကာလကတ္တားမြို့ကြီးသည် သူထင်သလောက် လူစိတ်မကင်းသေးဟု ဟာစရီပါး အောက်မေ့မိသေး၏။ ဟာစရီပါးသည် လှည်းသန်ကို လန်ချားသမားလက်သို့ ပြန်၍ပေးပြီးနောက် သူ့နဖူးမှ ချွေးတို့ကို လုံချည်စဖြင့် သုတ်သည်။
“ဒီနေ့ မင်းကို လန်ချားသမားဇာတ်သွင်းတဲ့နေ့ပေါ့ ဟုတ်လား၊ ဒီတော့ အောင်ပွဲအနေနဲ့ အရက်ဆိုင်ကိုသွားပြီး တစ်ခွက်လောက် မော့ချည်ရအောင်ကွာ၊ ဘူတာကြီးနောက်ဘက်မှာ အရက်ကောင်းကောင်းရတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်၊ ဈေးလဲပေါတယ်”
လန်ချားသမားသည် ခပ်အင်အင်ဖြစ်နေသော ဟာစရီပါးကို ကြည့်၍ အံ့အားသင့်နေ၏။ ဟာစရီပါးက သူရခဲ့သည့် ငါးကျပ်တန်ကလေးကို ထုတ်ကာ...
“ကျွန်တော့်မိန်းမနဲ့ ကလေးတွေ ဘာမှ မစားရသေးဘူး၊ သူတို့ဖို့ စားစရာကလေးဘာလေး ဝယ်ရဦးမှာ”
“ရပါတယ်ကွ၊ ငါတိုက်ပါ့မယ်”
သူတို့နှစ်ယောက်သည် အိမ်ကုပ်ကုပ်ကလေးများ၊ လမ်းကျဉ်းကျဉ်းကလေးများကို ဖြတ်၍ လျှောက်လာခဲ့ကြသည်။ အသံချဲ့စက်များမှ သီချင်းသံသည် ဆူညံစွာ ပေါ်ထွက်လျက်ရှိ၏။ အိမ်ခေါင်မိုးနိမ့်နိမ့်အစွန်များပေါ်တွင်
လျှော်ပြီးသား အဝတ်များကို လှန်းထားကြသည်။ သူတို့နှစ်ယောက်သည် ဗလီတစ်ခုနှင့် ကျောင်းတစ်ကျောင်းကို ဖြတ်လာခဲ့ကြ၏။ မူလာကြီးတစ်ယောက်သည် အင်္ကျီရှည်၊ ဘောင်းဘီရှည်နှင့် မျက်နှာကို ဖုံးထားသည့် ကလေးမတစ်သိုက်ကို စာသင်လျက်ရှိ၏။ ထိုနေရာမှာ မွတ်ဆလင်ရပ်ကွက်ဖြစ်သည်။
ထို့နောက်တွင် သူတို့သည် ကာလကတ္တားမြို့ကြီး၏ မီးနီပြရပ်ကွက်တစ်ကွက်ကို ဖြတ်လာခဲ့ကြသည်။ အမျိုးသမီးများက တောက်တောက်ပပ ဂါဝန်များကို ဝတ်လျက်၊ လည်ဟိုက်အင်္ကျီများကို ဝတ်လျက်၊ မျက်နှာပေါ်တွင် မိတ်ကပ်တို့ ထူထပ်စွာ လိမ်းကျံလျက်၊ ရယ်မောလျက်၊ စကားပြောလျက်။
ဟာစရီပါးသည် သူတို့ကိုကြည့်၍ ကြက်သေ သေနေသည်။ တစ်သက်တွင် ထိုသို့ဝတ်စားထားသော အမျိုးသမီးများကို တစ်ခါမှ မမြင်စဖူး။ သူတို့တောတွင်ဆိုလျှင် အမျိုးသမီးများသည် ဆာရီများကိုသာ ဝတ်ကြ၏။
“တချို့ မိန်းမတွေက ကျွန်တော့်ကို လှမ်းခေါ်ကြတယ်ဗျ၊ မိန်းမတစ်ယောက်ကတော့ တော်တော်လေးကို လှတယ်ဗျာ၊ တော်တော်လဲ ချမ်းသာပုံရတယ်၊ ရွှေလက်ကောက်တွေကလဲ ဝတ်ထားလိုက်တာ တံတောင်ဆစ်ရောက်နေပြီ၊ ဒါပေမယ့် ကျွန်တော့်မိတ်ဆွေကတော့ သူတို့ခေါ်တာတွေကို ဂရုမစိုက်ဘူးဗျ၊ ရှေ့က စိုက်စိုက် စိုက်စိုက်နဲ့ သွားတာပဲ၊ တော်တော်စိတ်ဓာတ်ခိုင်တဲ့လူဗျာ”
တစ်လမ်းလုံးမှာ လန်ချားတွေ ပြည့်နှက်လျက်ရှိ၏။ ထိုလန်ချားများမှာ အပန်းဖြေလာကြသူများ၏ လန်ချားများဖြစ်ကြလေသည်။ ဆင်းရဲသားများ၊ ကူလီများ၊ အလုပ်သမားများ၊ အလုပ်လက်မဲ့များသည် စကြံများပေါ်တွင်
ယောင်လည်လည်ဖြင့် လျှောက်နေကြသည်။ ကာလကတ္တားသည် ယောက်ျားတွေ အလွန်ပေါသည့် မြို့ကြီးဖြစ်သည်။ ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည် သားမယားများ မပါဘဲ ကာလကတ္တားမြို့ကြီးသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
အမျိုးသမီးတစ်ယောက်က ဟာစရီပါး၏လက်ကို လှမ်းဆွဲလိုက်၏။ ထို့နောက် မခို့တရို့ ဖြင့် ကြည့်လိုက်ကာ...
“ယူမလားဟင်၊ ပျော်ရမယ်လေ၊ လေးကျပ်တည်းရယ်”
ဟာစရီပါးမှာ ရှက်လွန်းသဖြင့် မျက်နှာတွေ နီရဲနေလေပြီ။ လန်ချားသမား ရောက်လာကာ သူတို့ကို မောင်းနှင်ထုတ်လိုက်သဖြင့် တော်ပေသေး၏။ သူ့လန်ချားဦးကြီးဖြင့်၊ လှည်းသန်စွန်းဖြင့်လည်း ပြည့်တန်ဆာအမျိုးသမီး၏ ဝမ်းဗိုက်ကို ထိုးမည်ပြုသည်။ ပြည့်တန်ဆာအမျိုးသမီးသည် သူတို့နှစ်ယောက်ကို တစ်လမ်းလုံးကြားအောင် ဆဲရေးတိုင်းထွာ၍ ထွက်သွား၏။ လူတွေက သူတို့နှစ်ယောက်ကို ကြည့်၍ ရယ်ကြသည်။
“မင်း လန်ချားသမားလုပ်ရင် အဲဒီလိုကောင်မမျိုးတွေ လန်ချားလာငှားတာနဲ့ ပိုက်ဆံကြိုတောင်းထား၊ ဒါမှမဟုတ်ရင်လဲ သူတို့ကို သေသေချာချာ စောင့်ကြည့်နေ၊ ဒီလိုမဟုတ်ရင်တော့ ငရှဉ့်များလို လက်ကြားထဲက လျှောထွက်သွားမှာ”
ပြည့်တန်ဆာတွေ ပြည့်နေသည့် လမ်းကို လွန်ပြီးနောက် သူတို့နှစ်ယောက်သည် ကွက်လပ်ကြီးတစ်ခုကို ဖြတ်ခဲ့ကြ၏။ ထို့နောက် မုခ်ဦးကြီးတစ်ခုအောက်သို့ဝင်ကာ ထိုမုခ်ဦးမှနေ၍ အဆောက်အအုံများ ပတ်လည်ဝိုင်းရံနေသည့် မြေကွက်လပ်တစ်ခုသို့ ရောက်လာခဲ့ကြပြန်သည်။ အဆောက်အအုံများမှာ အိုမင်းဟောင်းနွမ်းကာ မျက်နှာစာများ၊ ၀ရန်တာများမှာလည်း ပြိုပျက်နေကြလေပြီ။ ဝရန်တာများပေါ်တွင်မူ ဒိုဘီလျှော်ဖွပ်ပြီး လှန်းထားသည့် အဝတ်အစားမျိုးစုံကို တွေ့ရ၏။ ကွက်လပ်ထဲတွင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ခွေး၊ ကြက် စသည် တိရစ္ဆာန်မျိုးစုံတို့သည် စွန်လွှတ်ကစားနေကြသည့် ကလေးတွေကြားထဲတွင် သွားလာလျက်ရှိကြ၏။ ကောင်းကင်ထဲတွင်မူ အသွေး အရောင်အမျိုးမျိုးရှိသည့် စက္ကူစွန်ကလေးများသည် အပြောက်အပြောက် ထင်နေကြသည်။
ကွက်လပ်အစွန်း သစ်သားဝင်းထရံလေးနားရှိ ဆင်ဝင်အမိုးတစ်ခုအောက်တွင်မူ ညစ်ပတ်သော စွပ်ကျယ်အင်္ကျီတစ်ထည်ဝတ်ထားသည့် လူတစ်ယောက် ထိုင်လျက်ရှိ၏။ ထိုသူမှာ အရက်ဆိုင်ရှင်ဖြစ်သည်။ လန်ချားသမားသည် ထိုလူဘေးတွင်ရှိသည့် တစ်လုံးတည်းသော စားပွဲမှ ခွေးခြေကလေးတစ်လုံးပေါ်တွင် ဟာစရီပါးကို အထိုင်ခိုင်းသည်။ ထိုနေရာတစ်ဝိုက်မှာ အရက်နံ့တွေ ထောင်းထောင်းထလျက်ရှိပေ၏။ ဆိုင်ရှင်က လက်ခုပ်တီးလိုက်သည့်အခါတွင် နှုတ်ခမ်းကွဲနှင့် ကောင်လေးတစ်ယောက်သည် ဖန်ခွက်နှစ်လုံးနှင့် တံဆိပ်လည်းမပါ ဖော့ဆိုလည်း မပါသည့် ပုလင်းတစ်လုံးကို ယူလာသည်။ အရည်က ပြာတာတာ၊ နောက်ကျိကျိ၊ မျက်နှာပြင်တွင် အမြှုပ်ကလေးတွေ တစီစီနှင့်။
လန်ချားသမားသည် ခါးကြားထဲမှ အထုပ်တစ်ထုပ်ကိုဖြေကာ ကျပ်တန် ဆယ့်လေးရွက်ကို သေချာစွာ ရေတွက်လိုက်ပြီးနောက် ဆိုင်ရှင်ကို လှမ်းပေးသည်။ ထို့နောက် ဟာစရီပါး၏ဖန်ခွက်ထဲသို့ ငှဲ့ပေး၏။ ဟာစရီပါးသည် ချဉ်စူးစူး အနံ့ကြောင့် တွန့်သွား၏။ သို့ရာတွင် သူ့အဖော်ကမူ ထိုအရည်ကို သဘောတွေ့နေပုံရသည်။ ထို့ကြောင့် ဟာစရီပါးသည် မည်သို့မျှ မပြောတော့ဘဲ ဖန်ခွက်ထဲမှအရည်ကို ကုန်အောင် မော့ချလိုက်၏။ အရှိန်ကလေးရလာသည့်အခါတွင်မှ လန်ချားသမား ရမ်ကျန္ဒရာသည် သူ့အကြောင်းကို ဇာတ်စုံခင်းပြသည်။
“အဖေဆုံးတော့ ငါလဲ ရွာကထွက်လာခဲ့တာပဲကွ၊ ငါ့အဖေလဲ သူ့အဘိုးလက်ထက်ကတည်းက အစဉ်အဆက်တင်ခဲ့တဲ့ အကြွေးကို ကြိုးစားဆပ်တာပဲ။ ဒါပေမယ့် ဒီကြွေးက မကျေတော့ပါဘူးကွာ၊ ဆပ်လိုက် ပြန်ယူလိုက်နဲ့
နောက်ဆုံးတော့ လယ်ကို အပ်လိုက်ရတာပါပဲ။ ဒါတောင် အတိုးမကျေဘူး၊ အဖေဆုံးတော့ သူ့သင်္ဂြိုဟ်စရိက်လိုတာနဲ့ ငါကလဲ အဲဒီအပေါ်က ထပ်ယူရပြန်ရော။ အဖေ့သဂြိုဟ်တော့လဲ အစဉ်အလာတွေကို မလုပ်လို့ မကောင်းဘူး မဟုတ်လား၊ ဒီတော့ ငါ့မှာ သဂြိုဟ်စရိတ်ကချည်း နှစ်ထောင်လောက်ကုန်သွားတယ်၊ ပထမ အလောင်းကို ပြင်ဖို့ဆိုပြီး ဒိုတီလေးထည်လောက် ဝယ်ရတယ်ကွာ၊ ပြီးတော့ မန္တာန်ဆရာကို ကန်တော့ဖို့ ချည်စက ကိုက်တစ်ရာကျော်လောက် ဝယ်ပေးရသေးတယ်ကွ၊ ပြီးတော့ ဧည့်သည်တွေ ကျွေးဖို့ဆိုပြီး ဆန်ကလဲ သုံးလေးအိတ်၊ ဂျုံကလဲ သုံးလေးအိတ်၊ ဆီ၊ သကြား၊ အမွှေးအကြိုင်၊ ဟင်းသီးဟင်းရွက်တို့ ဘာတို့ စသဖြင့် ဧည့်သည်တွေ ကျွေးဖို့မွေးဖို့ကလဲ တော်တော်လေးကုန်တယ်၊ ပြီးတော့ အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ထင်းတို့ ဘာတို့ကလဲ ဝယ်ရသေးတယ်၊ သင်္ဂြိုဟ်တဲ့လူတွေကိုလဲ ပေးရသေးတယ်၊ ဒီတော့ ငါ့မှာ ဝင်ငွေရတဲ့ မြေကလေးကို ပေါင်လိုက်ရပြီ ဆိုကတည်းက ဒီကြွေးကို ဘယ့်နှယ်လုပ်ပြီး ဆပ်နိုင်တော့မှာလဲ၊ ဘယ်တော့မှ ဆပ်နိုင်စရာအကြောင်း မရှိတော့ဘူး”
“ဒီလိုနေတုန်း ဒူရ်ဂါပွဲတော် ရောက်လာတော့ မြို့မှာ အလုပ်လုပ်နေတဲ့ ငါ့သူငယ်ချင်းတစ်ယောက် ရွာကို ပြန်လာတယ်၊ သူက ကာလကတ္တားမှာ လန်ချားဆွဲနေတာ။ မင်း ဒီမှာ မနေချင် ငါနဲ့လိုက်ခဲ့တဲ့၊ ဟိုရောက်တော့ မင်းဖို့ လန်ချားတစ်စီး ငါရှာပေးမယ်တဲ့၊ တစ်နေ့ကို တစ်ဆယ် ဆယ့်နှစ်ကျပ်လောက်တော့ ရပါတယ်တဲ့။ ဒါနဲ့ ငါလဲ သူနဲ့လိုက်လာခဲ့တာပဲ၊ ငါလာတုန်းက ငါ့မိန်းမက သားလေးကိုချီပြီး အိမ်ပေါက်ဝမှာ ငိုကျန်ရစ်ခဲ့တာကို ခုထိ မြင်နေသေးတယ်"
" အရင်တုန်းကတော့ မြို့ကိုသွားပြီး အလုပ်လုပ်မယ်လို့ မကြာခဏပြောဖူးပေမယ့် မသွားဖြစ်ခဲ့ဘူး၊ ခုတော့ သွားဖြစ်ပြီပေါ့ကွာ။ မိန်းမက ငါ့ရှပ်အင်္ကျီကလေး တစ်ထည်နှင့် မျက်နှာသုတ်ပဝါကလေးကို ဒိုတီအဟောင်းကို ဖျက်ချုပ်ထားတဲ့ လွယ်အိတ်ကလေးနဲ့ ထည့်ပေးလိုက်တယ်။ လမ်းမှာ စားဖို့ဆိုပြီး ချာပါတီတွေ၊ ဘဂျီတွေလဲ ပေးလိုက်တယ်။ ဒီရှုခင်းကလေးကို ငါတော့ သေတောင် မျက်စိထဲက ထွက်တော့မှာ မဟုတ်တော့ဘူး၊ မြို့ရောက်လို့ လေးလ
ကြာတော့ ငါ့သူငယ်ချင်းရှာပေးတာနဲ့ လန်ချားဆွဲတဲ့အလုပ်ကိုရရော ဆိုပါစို့ကွာ”
“ဟေ့ကောင်ရေ .. ဒီ ကာလကတ္တားဆိုတဲ့ မြို့ကြီးမှာ အလုပ်ရှာရတာ တော်တော်ခက်တယ်၊ တစ်ခါတစ်လေမှာ နှစ်, ချီပြီး စောင့်ရတယ်၊ ဒီကြားထဲမှာ ငတ်သေမလို့ဖြစ်တာကလဲ အခါနှစ်ဆယ်တောင် ကမှာမဟုတ်ဘူး။ ကိုယ့်မှာ လူခံမရှိလို့ကတော့ ငရဲပြည်သွားရတာတောင် မလွယ်ဘူး၊ ဘယ်လောက် သေးဖွဲတဲ့ အလုပ်ကလေးဖြစ်ဖြစ် လိုချင်ရင် ကိုယ့်မှာ အဆက်အသွယ်ရှိရတယ်။ ငွေနဲ့ လိုက်နိုင်ရတယ်၊ ဘယ်နေရာရောက်ရောက် အိတ်ထဲက ပိုက်ဆံကလေး ထုတ်ပေးလိုက်မှ အဆင်ပြေတယ်။ ကာလကတ္တားဆိုတဲ့ မြို့ကြီးဟာ ဘီလူးမကြီးနဲ့ အတူတူပဲကွ၊ ကာလကတ္တားက လူတွေဟာ မင်းမှာရှိသမျှကလေးကို တစ်ရစ်ပြီး တစ်ရစ် ချွတ်ယူမယ့်လူမျိုးတွေချည်းပဲ။ ဒီလိုလူတွေပဲ ကြီးပွားနေကြတာ။
ငါကလဲ တောကရောက်ခါစ ဘယ်လောက်များ အ,သလဲဆိုရင် ကာလကတ္တားရောက်တာနဲ့ ငါ့သူငယ်ချင်းကတော့ လန်ချားပိုင်ရှင်ဆီကို ခေါ်သွားပြီး လန်ချားအဆွဲခိုင်းဖို့ ငါ့ကို ပြောပေးမှာပဲလို့ အောက်မေ့နေတာ၊ လန်ချားပိုင်ရှင်က ဘီဟာနယ်သားတဲ့ကွ၊ လန်ချား အစင်းသုံးရာလောက် ပိုင်တယ်၊ အစင်းနှစ်ရာလောက်က မှတ်ပုံတင်မရှိဘဲ ဆွဲနေတာ။ လိုင်စင်တို့ မှတ်ပုံတင်တို့မရှိလဲ အကြောင်းမဟုတ်ဘူးလေ၊ ပုလိပ်လက်ထဲကို စက္ကူကလေး ထည့်လိုက်ရင် ကိစ္စပြီးတာပဲ။ ဒါပေမယ့် ငါ့ကို ချက်ချင်း အလုပ်ခန့်ဖို့ ကိစ္စကျတော့ ငါထင်သလို ဘယ်လွယ်မလဲ မောင်ရာ၊ လန်ချားသူဌေးကို တစ်ခါ မှတောင် မမြင်ဖူးဘူး၊ ဘယ်မှာနေမှန်းလဲ ဘယ်သူမှ မသိကြဘူး၊ တကယ့်သူဌေးကိုးကွ။ သူ့လန်ချားကို ဘယ်သူတွေ ဆွဲနေသလဲ၊ ဘာလဲ ဆိုတာတွေကို သူဘယ်သိမလဲ။ သူ့အဖို့တော့ ညနေ လန်ချားငှားခတွေရရင် ပြီးနေတာပဲ မဟုတ်လား။
ဒါတောင် ဒီပိုက်ဆံတွေကို သူကိုယ်တိုင် လက်ခံတာမဟုတ်ဘူး၊ သူ့ကိုယ်စားလှယ်ရှိတယ်။ တို့လန်ချားဆွဲဖို့ အလုပ်တောင်းရင် သူ့ကိုယ်စားလှယ်ဆီမှာ တောင်းရတယ်၊ သူ့ကိုယ်စားလှယ်ကိုလဲ လွယ်လွယ်တွေ့လိမ့်မယ် မထင်နဲ့၊ သူ့ကိုတွေ့ခွင့်ရဖို့ကိုက တော်တော်ခက်တာ။ သူ့အသိနဲ့ တစ်ဆင့် ဆက်မှရတာ။ အသိက မင်းရဲ့ အမျိုးအနွယ်တို့၊ ဇာတိတို့ကို ပြောပြရတယ်။ သူနဲ့ တွေ့ပြီဆိုရင် သူ့ကို တကယ့်ဆာဒူးကြီးများကို ဆက်ဆံသလို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံရတယ်။ လန်ချားဆွဲလို့ လုပ်ခကလေးရတော့ လမ်းမှာ ပုလိပ်တွေ့ရင်ပေးဖို့ ပိုက်ဆံတို့ ဘာတို့လဲ အသင့်ဆောင်ထားရတယ်။ ဥပမာ လမ်းမကြီးတစ်ခုပေါ်မှာ ပုလိပ်နဲ့ ရင်ဆိုင်တွေ့ပြီဆိုပါတော့၊ သူ့ကို မြင်ရင် အသာကလေး ပိုက်ဆံထုတ်ပေးလိုက်၊ အဲဒီလမ်းမကြီးတွေပေါ်မှာ လန်ချားမဆွဲရဘူးလို့ သတ်မှတ်ထားတာ ကိုယ်က သွားမိတာကိုး၊ ဒီတော့ သူ့ကို ပေးရမှာပေါ့။
တစ်ခါ မင်းက လန်ချားပေါ်မှာ ကုန်တွေတင်လာတယ် ဆိုပါစို့၊ အဲဒါ ပုလိပ်နဲ့တွေ့ရင် ပိုက်ဆံပေးလိုက်ဦး၊ လန်ချားက လူပဲတင်ရမှာ၊ ကုန်မတင်ရဘူးလို့ သတ်မှတ်ထားတာကိုး၊ ဒီတော့ ပုလိပ်ကို မင်းပေးလိုက်ဦး၊ ပြီးတော့ ပိုင်ရှင်ရဲ့ လန်ချားထားတဲ့ တဲမှာ အိပ်ခွင့်ရအောင် မင်းပိုက်ဆံပေးရမယ်၊ မင်းလန်ချားက စပုတ်တိုင် ကျိုးသွားရင် ပြင်ဖို့ပိုက်ဆံ အသင့် ဆောင်ထားရမယ်၊ ပြီးတော့ အရင်လူက သူ့လန်ချားကို မင်းကို ဆွဲခွင့်ပေးအောင် သူ့ကိုလဲ ပိုက်ဆံပေးရဦးမယ်။ ဒီတော့ အဲဒါတွေကို မင်းပေးနိုင်မှ၊ ဝိုင်းပြီး သွေးစုပ်တာကို ခံနိုင်မှ လန်ချားဆွဲခွင့်ရမှာ။ ဒီလောက်မှ မခံနိုင်လို့ကတော့ လန်ချားဆွဲဖို့ စိတ်မကူးလေနဲ့။ ဒီလို မပေးနိုင်ရင် ပုလိပ်က မင်း လန်ချားကို ဖမ်းသွားမယ်၊ ဒါမှမဟုတ်ရင်လဲ ပိုင်ရှင်က မင်းကို ထုတ်ပစ်မယ်”
“ငါက လန်ချားဆွဲတဲ့ အလုပ်ကလေးရအောင် လေးလလောက် စောင့်ခဲ့ရတယ်၊ ဒါတောင် နတ်ကောင်း နတ်မြတ်များ ကယ်ပေလို့။ ငါ့မှာ မနက်တိုင်း ထမင်းရယ်၊ ခရေဖူးရယ်၊ ငှက်ပျောသီးရယ် ဝယ်ပြီး မနက်တိုင်း ဂါနတ်သျှံ နတ်ကွန်းကိုသွားပြီး နတ်တင်နိုင်လွန်းလို့ ရတာ။ ပန်းခြံအဝိုင်းကြီးနားမှာ ဂိုထောင်ပျက်ကြီးတစ်လုံးရှိတယ်ကွ၊ တို့လန်ချားသမားတွေ အဲဒီမှာပဲ စုနေကြတာ၊ သူတို့လဲ ငါ့လို တောမှာ သားမယားပစ်ပြီး မြို့တက်လာခဲ့ကြရတာ။ အဲဒီမှာ စပုတ်တိုင်တို့၊ လန်ချားဘီးတို့ကို ပြင်ပေးတဲ့ လက်သမား အဘိုးကြီးတစ်ယောက်ရှိတယ်ကွ၊ တို့အားလုံး ဟိန္ဒူတွေဆိုတော့ အဲဒီမှာပဲ စုစားကြတာပဲ”
“ကာလကတ္တားကို ငါရောက်စတုန်းက ငါ့သူငယ်ချင်းက အဲဒီ ဂိုထောင်ပျက်ကြီးကို ခေါ်သွားတာပေါ့၊ အိပ်စရာကတော့ မြေကြီးပေါ်မှာ နေစရာမရှိတော့လို့ ငါ့သူငယ်ချင်းက ထုပ်တန်းကလေးပေါ်မှာ ဝါးလုံးတန်းကလေး နှစ်တန်း ထိုး၊ အဲဒီနှစ်တန်းပေါ်ကမှ ပျဉ်းပြားခင်းပြီး အဲဒီပေါ်မှာပဲ အိပ်ရတာပဲ။ အမိုးနဲ့တော့ ကပ်နေတာပေါ့ကွာ။ ငါလဲ အလုပ်ရနိုးနဲ့ မနက်လင်းတာနဲ့ တစ်ပြိုင်နက် နတ်ကွန်းသွားပြီး ကန်တော့ပွဲ တင်ရတာပေါ့၊ ငါထင်တဲ့အတိုင်းပဲဟေ့၊ တစ်မနက်မှာ ငါ နတ်ကွန်းကပြန်လာတော့ လန်ချားသူဌေးရဲ့ ကိုယ်စားလှယ်ရယ် ဘိုင်စကယ်ကလေးစီးပြီး တို့ဂိုထောင်ကို ရောက်နေနှင့်တယ်။ တို့ဆီကို လန်ချားခတွေ လာလာသိမ်းတော့ သူ့ကို မကြာမကြာ မြင်ဖူးနေတာကိုးကွ၊ သိတာပေါ့"
"ဒီတင် ငါ့သူငယ်ချင်းက ငါလဲ လန်ချားဆွဲချင်တဲ့အကြောင်း သူ့ကို ပြောပြတယ်။ ကိုယ်စားလှယ်က လူခပ်သေးသေး ညှက်ညှက်ကလေးရယ်ကွ၊ မျက်လုံးကလေးတွေက သေးသေးကျဉ်းကျဉ်းကလေးတွေ။ ဒါပေမယ့် တော်တော်စူးရှတဲ့ မျက်လုံးကွာ။ မျက်လုံးထဲက မီးပွင့်တွေထွက်နေသလား အောက်မေ့ရတယ်။ ငါလဲ ဂိုထောင်ထဲကို ရောက်လာတော့ သူ့ကို ထိုင်ရှိခိုးပြီး အလုပ်ပေးပါလို့ တောင်းတာပဲ။ ဒီတော့ လန်ချားတစ်စီးက လန်ချားသမား ခြေကျိုးသွားလို့ အားနေတဲ့ လန်ချားတစ်စီးရှိတယ်တဲ့၊ အဲဒီလန်ချားကို ဆွဲတဲ့၊ လောလောဆယ်တော့ သူ့ကို ငွေအစိတ်ပေးရမယ်တဲ့၊ ပြီးတော့ အရင်လန်ချားသမားလို တစ်နေ့နှစ်ကျပ် ပေးရမယ်တဲ့၊ လန်ချားငှားခကတော့ တစ်နေ့ကို ပိုင်ရှင်ကို ခြောက်ကျပ် ပေးရမယ်တဲ့”
“ပြီးတော့ လန်ချားက လိုင်စင်မရှိဘူးတဲ့၊ ဒီတော့ ငါ့လက်ထဲမှာ လိုင်စင်မရှိလို့ ပုလိပ်ဖမ်းရင် ကိုယ်ဘာသာကိုယ် တာဝန်ယူတဲ့၊ ဒီလိုနဲ့ ငါ လန်ချားသမားဖြစ်လာခဲ့တာပဲကွ။ ခုတော့ သားကျွေးမှု မယားကျွေးမှုအတွက် လန်ချား လှည်းသန်နှစ်ချောင်းကြားမှာ ရုန်းနေရဦးမှာပဲ ငါ့လူရေ”
အပိုင်း(၁၄)ဆက်ရန်
---------------------
0 Comments