#သုခမြို့တော်
အပိုင်း(၁၄)
ဆင်းရဲသားရပ်ကွက်တွင် ကိုဗာစကီး ပထမဆုံးအကြိမ် ရေချိုးပုံသည် အိန္ဒိယတိုင်းသားတို့၏ထုံးစံနှင့် ဖီလာဖြစ်နေသည်။ ကိုဗာစကီးသည် အခြားသူများ လုပ်သလို အောက်ခံဘောင်းဘီကလေးသာ ကျန်သည်အထိ အဝတ်အစားများကို ချွတ်၏။ ထို့နောက် လက်တွင် ရေပုံးကိုဆွဲကာ တဲကလေးထဲမှ ထွက်၍ လမ်းကြားကလေးအတိုင်း လာခဲ့သည်။
ရေဘုံဘိုင်နားသို့ ရောက်သော် အခြားသော အိန္ဒိယတိုင်းသားတို့နည်းတူ ခြေဖျားထောက်ပြီး ဆောင့်ကြောင့်ထိုင်သည်။ အနောက်တိုင်းသားတို့အဖို့ကား အတော်ကသိကအောက်နိုင်သည့် အနေအထားပေတည်း။ ကိုဗာစကီးသည် ခြေထောက်ကိုစ၍ ရေလောင်းပြီး ကြေးတွန်းသည်။
ထိုစဥ် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်ရှင် ဟိန္ဒူ အဘိုးကြီးက အလန့်တကြားဖြင့် လှမ်းအော်၏။
“ဆရာကြီး၊ ရေချိုးရင် ဒီလိုမချိုးရဘူးလေ၊ ခေါင်းကို ပထမဆုံး စ, လောင်းရတယ်၊ တစ်ကိုယ်လုံး လောင်းပြီး နောက်ဆုံးကျမှ ခြေထောက်ကို လောင်းရတယ်”
ကိုဗာစကီးက တစ်စုံတစ်ရာ ပြန်ပြောမည်ပြုသည်။ ထိုစဉ် သူ့ကို ထမင်းလာကျွေးသည့် ကလေးမလေး ပေါက်လာပြီး သူရေချိုးနေပုံကိုကြည့်ကာ အားရပါးရ ရယ်သည်။
“ဆရာကြီးက ဘာဖြစ်လို့ ရေချိုးနေရတာလဲ။ ဆရာကြီးအသားက ဖြူပြီးသားပဲ” ဟု ပြောသည်။
ခဏကြာသည့်အခါတွင်လည်း ကိုဗာစကီးသည် နောက်ထပ် အမှားတစ်ခုကို ပြုမိပြန်သည်။ သူ့အိပ်ရာကို လိပ်သည့်အခါတွင် ခေါင်းရင်းဘက်မှစ၍ မလိပ်ဘဲ ခြေရင်းဘက်မှ စ၍လိပ်ခြင်းဖြစ်သည်။ နောက်တစ်နေ့ည အိပ်ရာခင်းပြန်လျှင် ခြေရင်းခေါင်းရင်းတွေ လွဲကုန်တော့မည်ဟု သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် ပြောကြသည်။
ရေချိုးရာမှ ပြန်လာသည့်အခါ၌ ကိုဗာစကီးသည် သူ့အား ခပ်ရှောင်ရှောင် ဆက်ဆံကြသည်ကို သတိပြုမိ၏။ လမ်းတွင် မိန်းမများက သူ့ကိုမြင်သည်နှင့် ခေါင်းမြီးခြုံကို ခြုံလိုက်ကြ၏။ ဂေါ်လီရိုက်နေသော ကလေးများက သူ့ကိုမြင်သည်နှင့် ယုန်ကလေးများလို အဝေးသို့သွားကြ၏။
သူ့ကို ဝိုင်းပယ်ခြင်းမပြုသည့်အရာမှာ ပိုးဟပ်များနှင့် ကြွက်များသာဖြစ်သည်။ ကြွက်များကဲ့သို့ပင် ကင်းခြေများကြီးများသည် သူ့အနားသို့ ရောက်လာကြ၏။ ယင်ကောင်များက သူ့ကို သနားသည့်နှယ် သူ့အနားတွင် ဝိုင်းဝိုင်းလည် ခစားနေကြ၏။
“ယင်ကောင်တွေ များလိုက်ပုံကတော့ မပြောပါနဲ့တော့။ ယင်စိမ်းကြီးတွေရော၊ ယင်မည်းကြီးတွေရော၊ ယင်ကောင်ကြီးတွေရော အမျိုးကို စုံနေတာပဲ။ ပွန်းပဲ့ရာကလေး မရှိလိုက်နဲ့၊ ရှိတာနဲ့တစ်ပြိုင်နက် တပ်ကြီး ချီပြီး ရောက်လာ
တော့တာပဲ။ ပိုပြီး ဆိုးတာကတော့ နားရွက်တွေ၊ နှာခေါင်းပေါက်တွေ၊ မျက်လုံးတွေထဲ ဝင်တာပဲ။ တစ်ခါတစ်လေမှာလဲ အစာနဲ့ရောပြီး ပါးစပ်ထဲကို ဝင်လာကြသေးတယ်။ ရဲလိုက်တာလဲ အလွန်ပဲ၊ ရိုက်ရင်တောင် တော်တော်နဲ့
ပျံမပြေးချင်ဘူး။ တစ်နေရာမှာ နားလို့ ခြောက်လိုက်ရင် နောက်တစ်နေရာကို ပျံသွားကြတယ်။ သူတို့နှိပ်စက်သမျှကို ခံနေရတော့တာပဲ။ နောက်ဆုံး မတတ်နိုင်တော့ ယင်တွေအနားခံပြီး စိတ်ချမ်းသာစရာတွေကိုပဲ တွေးရတော့ တယ်။ ကျွန်တော်အကြိုက်ဆုံး မုန့်လုပ်ပေးဖို့ ကြက်ဥခေါက်နေတာ၊ ညနေတိုင်ရင် မျက်နှာမှာ ကျောက်မီးသွေးမှုန့်တွေ ပေပြီး အဖေအိမ်ပြန်လာတာ စတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ တွေးရင်း သူတို့နှိပ်စက်တာကို ကျိတ်မှိတ်ခံရတော့တာပဲ” ဟု ကိုဗာစကီးက ပြောသည်။
ရောက်စမနက်တွင် ကိုဗာစကီးသည် ဘုရားရှေ့တွင် ဒူးထောက်ထိုင်ကာ ဘုရားစာများကို ရွတ်သည်။ နံရံတွင် ကပ်ထားသည့် ခရစ်တော်၏ပုံတော်ကိုကြည့်ကာ သူ့ဝတ်ရွတ်သံကို သူ့နှလုံးခုန်သံနှင့် ရောသွားအောင် အာရုံပြုသည်။ ထိုသို့အာရုံပြုနိုင်သည့်အခါမှပင် သူ့ဘေးတွင်ရှိနေသည့် အနှောက်အယှက်အပေါင်းတို့ကို ဥပေက္ခာထားနိုင်တော့သည်။ ထိုအခါမျိုးတွင်ကား ယင်းတို့ နှောင့်ယှက်ကြသည်ကိုလည်း သူဂရုမထားတော့ပြီ။
ထိုသို့ ဘုရားကို အာရုံပြုနေစဉ် ဂိုဏ်းအုပ်ထံမှ လွှတ်လိုက်သည့် ကိုယ်စားလှယ်သည် ပြုံးရွှင်သောမျက်နှာဖြင့် တံခါးဝတွင် ပေါ်လာ၏။ ဆင်းရဲသားရပ်ကွက်တွင် ကိုဗာစကီး မည်သို့နေထိုင်သည်ကို လာ၍ကြည့်ခြင်းဖြစ်သည်။ အိမ်သာတက်ရသည့်အခက်အခဲ၊ ကြွက်တွေ၊ ပိုးဟပ်တွေ၊ ကင်းခြေများတွေ နှောင့်ယှက်သည့်အခက်အခဲတို့ကို ကြားရသည့်အခါတွင် သူသည် အံ့အားသင့်နေသည်။
“ဘုန်းတော်ကြီး ကော်ဒေရိုက လွှတ်လိုက်တယ်၊ ဆရာကြီးအတွက် ဒီထက်ကောင်းတဲ့ အခန်းတစ်ခန်း ဘုန်းတော်ကြီးကျောင်းမှာ ရှိတယ်တဲ့၊ ဒီတော့ ဘုန်းကြီးကျောင်းမှာ ကြိုက်သလောက် လာနေနိုင်ပါတယ်တဲ့၊ ဒါကြောင့် ကျွန်တော်လာခေါ်တာ၊ အမှန်ကတော့ ဒီနေရာဟာ ဘုန်းကြီးနေဖို့ ကောင်းတဲ့နေရာ မဟုတ်ပါဘူးဗျာ”
အင်္ဂလိပ် အိန္ဒိယကပြားသည် သူ့ကိုကြည့်၍ စိတ်မသက်မသာဖြင့် ခေါင်းယမ်းနေသည်။ ထို့နောက် လက်ထဲတွင် ပါလာသည့် သားရေအိတ်မှ စာအုပ်နှစ်အုပ်ကို ထုတ်ပေး၏။ ဘုန်းတော်ကြီး ကော်ဒေရိုက ပေးလိုက်ခြင်းဖြစ်၏။ တစ်အုပ်မှာ ဘင်္ဂါလီသဒ္ဒါစာအုပ်ဖြစ်ပြီး နောက်တစ်အုပ်မှာ ဟိန္ဒူဘာသာပြန်ထားသည့် ခရစ်ဝင်ကျမ်းဖြစ်သည်။ ကိုဗာစကီးသည် ထိုလက်ဆောင်များကို ရသဖြင့် ဝမ်းသာသွားသည်။ သူနှင့် သူ့ပတ်ဝန်းကျင်သစ်တို့ကြားတွင် ရှိသည့် တိတ်ဆိတ်မှုတံတိုင်းကြီးကို ထိုလက်နက်များဖြင့် ဖြိုခွင်းနိုင်တော့မည့် မဟုတ်လော။
ခေတ်သစ် အိန္ဒိယပြည်၏ အဓိကဘာသာစကားဖြစ်သော ဟိန္ဒူဘာသာစကားသည် လူဦးရေ သန်းနှစ်ရာ့ငါးဆယ်ခန့် သုံးစွဲပြောဆိုနေသော ဘာသာစကားဖြစ်သည်။ သုခမြို့တော်တွင် ရှိသူများအားလုံးလောက်သည်လည်း ဟိန္ဒူစကားကိုသာ သုံးစွဲပြောဆိုကြသည်။ သူတို့ဆင်းရဲသားရပ်ကွက်ကလေးတွင် ဘာသာစကားသုံးဆယ်ခန့်ကို ပြောဆိုကြသည့်တိုင် ဟိန္ဒူသည် အဓိကဘာသာစကားဖြစ်၏။
ကိုဗာစကီးသည် မနက် ဘုရားဝတ်တက်ပြီးသည်နှင့် ခရစ်ဝင်ကျမ်းကိုဖွင့်၍ ဟိန္ဒူဘာသာသင်သည်။ ဖျာပေါ် တွင် တင်ပြင်ခွေထိုင်ကာ ပြင်သစ်လို ရေးထားသည့် ခရစ်ဝင်ကျမ်းစာအုပ်ကို ပေါင်တစ်ဖက်ပေါ်တွင် တင်ပြီး ဟိန္ဒူဘာသာပြန်ထားသည့် ခရစ်ဝင်ကျမ်းစာအုပ်ကို တစ်ခြားပေါင်တစ်ဖက်ပေါ်တွင် တင်ကာ စာကြောင်းများကို တိုက်ဖတ်သည်။ သူတို့ဟိန္ဒူအက္ခရာများက ရှေးဟောင်းအီဂျစ်စာများနှင့် ခပ်ဆင်ဆင်။ ပထမသော် အက္ခရာများကို မသိသဖြင့် ခက်သည်။ ထို့ကြောင့် ဟိန္ဒူဘာသာသို့ ပြန်ဆိုခြင်းမပြုဘဲ မူရင်းအတိုင်းထားသည့် စာလုံးတစ်လုံးကို အလျင်လိုက်ရှာရသည်။ တစ်နေ့တွင်မူ ဟိန္ဒူအက္ခရာဖြင့်မပြန်ဘဲ ရောမအက္ခရာဖြင့် ရေးထားသည့် စာလုံးတစ်လုံးကို ဟိန္ဒူဘာသာပြန်စာအုပ်ထဲတွင် သွားတွေ့သည်။ ဤတွင် ကိုဗာစကီးသည် သူ့ပြင်သစ်ဘာသာပြန်စာအုပ်ကို ဖွင့်ကာ ထိုအခန်းနှင့် ထိုစာပိုဒ်ကို လိုက်ရှာ၏။ ထိုစကားလုံးမှာ မြို့၏အမည်တစ်ခု ဖြစ်သည်။ ထိုအမည်သည် သူ့အဖို့ သင်္ကေတနှစ်ခုဆောင်နေသည်။ တစ်ခုက ယခု သူနေထိုင်သည့် မြို့လို ဆင်းရဲသားတွေနေသည့် မြို့ကလေး။ နောက် သင်္ကေတတစ်ခုမှာ ဘုရားသခင်အား ယုံကြည်မှုကို သက်ဝင်သွားသည့် မြို့ကလေး။ ထိုမြို့ကလေးအမည်က ကင်ပါနွန်။
အပိုင်း(၁၅)ဆက်ရန်
--------------
0 Comments