သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့် ) အပိုင်း (၁၂)

#သုခမြို့တော်

အပိုင်း(၁၂)

သုခမြို့တော်သို့ ကိုဗာစကီးရောက်ပြီး နောက်တစ်နေ့တွင် ဘာမျှ ထူးထူးခြားခြားမရှိ။ သို့တိုင်အောင် လူပေါင်း ခုနစ်သောင်းမျှ အရောရောအနှောနှော နေထိုင်၍ သန့်ရှင်းရေးအစီအစဉ် ညံ့ဖျင်းသည့်နေရာမျိုးတွင် နေ့စဉ် လုပ်ဆောင်ဖွယ်ကိစ္စကို ပြုလုပ်ရသည်မှာ အများကြီး ပြဿနာရှိသည်။ ဥပမာအားဖြင့် ကိုယ်လက်သန့်ရှင်းရေးကို ကြည့်လျှင် သိနိုင်သည်။ သင်းအုပ်ဆရာက ကိုယ်လက်သန့်ရှင်းရေးကိစ္စများတွင် ဟိန္ဒူခရစ်ယာန်များနေသည့် ရပ်ကွက်များက ရေအိမ်များသို့သွားရန် ကိုဗာစကီးကို အကြံပေးသည်။

ဟိန္ဒူတစ်ယောက်အဖို့ “သဘာဝကိစ္စ” ကို ဆောင်ရွက်ရခြင်းသည် ထုံးတမ်းစဉ်လာများနှင့်အညီ ပြုလုပ်ရသော ကိစ္စတစ်ခုဖြစ်သည်။ ဟိန္ဒူတစ်ယောက် ကိုယ်လက်သန့်စင်ရန် ရွေးချယ်သောနေရာသည် ဘုရားကျောင်းဆောင်တစ်ဆောင်၊ ညောင်ပင်တစ်ပင်၊ မြစ်ကမ်းတစ်ခု၊ ရေတွင်းတစ်တွင်း၊ ရေကန်တစ်ကန်၊ သို့မဟုတ် လူအများ သွားလာလေ့ရှိသော လမ်းဆုံလမ်းခွတစ်ခုအနီးတွင် မဖြစ်စေရ။ ညီညာပြန့်ပြူး၍ လူနှင့်သူနှင့်ဝေးသော နေရာအရပ်ဖြစ်ရမည်။ ပြုဖွယ်ကိစ္စကို မပြုမီတွင် ဖိနပ်ကို ချွတ်ရမည်။ နိမ့်နိုင်သမျှ နိမ့်နိမ့်ထိုင်၍ ကိစ္စမပြီးခင် တိုးလို့တန်းလန်းဖြင့် မတ်တတ်ထခြင်း မပြုရ။ ကိစ္စကို ပြုနေစဉ် နေ၊ လ၊ ကြယ်တာရာ၊ မီး၊ ဗြဟ္မဏမျိုးနွယ်၊ သို့မဟုတ် အထွတ်အမြတ်ထားသော ရုပ်ပုံကို မကြည့်ရ။ တိတ်ဆိတ်စွာနေပြီးနောက် မိမိ၏ကိစ္စဝိစ္စတို့ မည်သို့ရှိမည်ဟူသော သဘောဖြင့် ဘေးပတ်ပတ်လည်သို့ လှည့်၍ မကြည့်ရ။ နောက်ဆုံးတွင် မြေကြီးနှင့် ရေကိုသုံး၍ ကိုယ်လက်သန့်စင်ခြင်းအမှုကို မည်သို့ အဆုံးသတ်ရမည်ဆိုသည့် နည်းလမ်းများအထိ အစဉ်အဆက် ကျင့်သုံးခဲ့သည့်ဓလေ့တွေရှိနေသည်။

ထိုထုံးတမ်းဓလေ့များကို ချမှတ်ခဲ့သူတို့သည် နောင်နှစ်ပေါင်းများစွာ ကြာသည့်အခါ၌ မြို့ကြီးများထဲတွင် လူသန်းပေါင်းများစွာ နေထိုင်ကြမည်ကို စဉ်းစားမိခဲ့ဟန် မတူကြ။ ထို့ကြောင့် သုခမြို့တော်တွင် မှီတင်းနေထိုင်ကြသော ဟိန္ဒူတို့အဖို့မူ ဟင်းလင်းဖြစ်နေသော မြောင်းကြီးများဘေးတွင်သော်လည်းကောင်း၊ မြို့စီမံကိန်း ရေးသူများက တည်ဆောက်ပေးခဲ့သည့် ခပ်ကျဲကျဲမျှသာရှိသော “ရေအိမ်” များတွင်သော်လည်းကောင်း သူတို့သဘာဝကိစ္စများကို ဆောင်ရွက်ကြရသည်။

ထိုသို့သော နေရာမျိုးသို့ ပထမဦးဆုံးအကြိမ် သွားရောက်ခြင်းသည် ကိုဗာစကီးအဖို့ ကြီးစွာသော စွန့်စားခန်းကြီးတစ်ခုကို လုပ်ရသည်နှင့်တူသည်။ မနက်လေးနာရီမျှသာရှိသေးသည့်တိုင် ထိုနေရာသို့ ဝင်သည့်အဝတွင် လူတွေ တန်းစီလျက်ရှိနေလေပြီ။ ရှေ့ဆုံးမှလူမှာ ထိုနေရာတွင် စောင့်နေရသည်မှာ နှစ်နာရီမျှပင် ရှိနေလေပြီ။ သူတို့အထဲသို့ ဂျင်းဘောင်းဘီဝတ်၍ ဘတ်စ်ကတ်ဘောဖိနပ်ကိုစီး၍ ရောက်လာသော သခင်ဆပ်တစ်ယောက်ကို မြင်ရသည့်အခါတွင် သူတို့အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ ဟိန္ဒူတို့၏ထုံးစံကို မသိဘဲ ခွင့်မလွှတ်နိုင်သည့် အမှားတစ်ခုကို ကျူးလွန်သည့်အတွက်လည်း သူ့ကိုကြည့်၍ လှုပ်လှုပ်ရွရွဖြစ်နေခြင်းဖြစ်သည်။ ထိုအမှားကား အခြားမဟုတ်ပါ။ ရေအိမ်စက္ကူ သုံးလေးစကို ယူလာခဲ့မိခြင်း ဖြစ်ပါသည်။ 

ဤတွင် လူငယ်တစ်ယောက်က သူ့လက်ထဲတွင် ကိုင်လာသည့် ရေထည့်ထားသည့် ဒန်ခွက်ကိုပြရင်း ရေဖြင့် သုံးသင့်ကြောင်း၊ ရေသုံးပြီးခွက်ကို ဆေးကြောပစ်ရမည်ဖြစ်ကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြောပြသည်။ ကြည့်လိုက်သည့်အခါ၌ လူတိုင်း၏လက်ထဲတွင် ရေအပြည့်ထည့်ထားသည့် ခွက်တွေနှင့်။ ဤတွင် အဘိုးအိုတစ်ယောက်က ရေခွက်ကို လာပေးသည်။

“ကျွန်တော်က ကျေးဇူးတတင်နဲ့ ခွက်ကို လှမ်းယူလိုက်တယ်။ လှမ်းထုလိုက်လို့ သူတို့တစ်တွေ ဝိုင်းရယ်တော့ ကျွန်တော် နောက်ထပ်အမှားတစ်ခု လုပ်မိပြန်ပြီဆိုတာ သိရတယ်။ ကျွန်တော်က ခွက်ကို ဘယ်ဘက်နဲ့ ကိုင်လိုက်မိတာကိုး။ ဘယ်ဘက်ဆိုတာ အညစ်အကြေးတို့ ဘာတို့ သုတ်သင်တဲ့လက်တဲ့၊ မသန့်ဘူးပေါ့။ ရေအိမ်ဆီမရောက်ခင် အညစ်အကြေးအိုင်ကြီးကို ကျော်ဖြတ်ရသေးတယ်။ ဒါကလဲ တခြားကြောင့် မဟုတ်ဘူးဗျ။ မိလ္လာသိမ်းသမားတွေက သပိတ်မှောက်နေလို့၊ သူတို့ သပိတ်မှောက်နေတာ ငါးလကျော်သွားပြီတဲ့။ အနံ့ကလဲ ဆိုးလိုက်တာ မပြောပါနဲ့တော့။ အနံ့ကပဲဆိုးသလား၊ မြင်ကွင်းကပဲ ဆိုးသလားဆိုတာ ကျွန်တော်ဖြင့် ခွဲတောင် မခွဲတတ်တော့ဘူး။ သူတို့အဖို့ကတော့ ရိုးနေပြီပေါ့လေ၊ ရယ်လိုက်, မောလိုက်, စကားပြောလိုက်နဲ့။ ကျွန်တော်လဲ ခပ်သုတ်သုတ် ကိစ္စပြီးအောင်လုပ်ပြီး ရေအိမ်ဘက်က ပြန်လာခဲ့တယ်။ လူကတော့ လက်ဝှေ့ကြိုးဝိုင်းအတွင်း ပထမဆုံးအချီမှာ အလဲထိုးခံလိုက်ရတဲ့ လက်ဝှေ့သမားလို ယိုင်တိုင်တိုင်ဖြစ်နေပြီ။ ဒီလောက်ဆိုးဝါးတဲ့ အနိဋ္ဌာရုံမြင်ကွင်းမျိုးကို တစ်ခါမှ မတွေ့ဖူးသေးဘူး” ဟု ကိုဗာစကီးက ပြောသည်။

သူပြန်လာသည့်အခါတွင် သူ့ကို မကျေနပ်သည့် အမူအရာများဖြင့် ကြည့်နေသူများကို တွေ့ရ၏။ တခြားကြောင့်မဟုတ်။ ကိုဗာစကီးသည် ဗရင်ဂျီဘုန်းကြီးတစ်ပါးဖြစ်ကြောင်း သိသွားကြသောကြောင့်ဖြစ်သည်။ မွတ်ဆလင်များအကြားတွင် ထိုသို့ ဗရင်ဂျီဘုန်းကြီးတစ်ပါး ရောက်လာခြင်းသည် သူတို့ကို စော်ကားသည့်နှယ်ဖြစ်နေသည်။

“အဲဒီနေ့က စိတ်ဓာတ်ကျလိုက်ပုံတော့ မပြောပါတော့။ အစာစားချင်စိတ်လဲ မရှိတော့ဘူး။ စကားပြောချင်စိတ်၊ လှုပ်ရှားချင်စိတ်ဆိုတာလဲ မရှိတော့ဘူး။ အဲ...ဘုရားဝတ်ပြုလို့ရသေးလို့ တော်သေးတာပေါ့”

ကိုဗာစကီးသည် မနက်လင်းသည်နှင့် တစ်နာရီခန့် ဘုရားဝတ်ပြု၊ တရားထိုင်ခဲ့သည်မှာ ကာလအတန်ကြာခဲ့လေပြီ။ လေယာဉ်ပျံပေါ်တွင် ဖြစ်စေ၊ ရထားပေါ်တွင်ဖြစ်စေ မည်သည့်နေရာသို့ ရောက်ရောက် ထိုဝတ်ကို မပျက်အောင် လုပ်ခဲ့သည်။ ခရစ်ဝင်ကျမ်းကို ကောက်လှန်ကာ တွေ့ရာ အပိုဒ်တစ်ပိုဒ်ကို ကောက်ဖတ်သည်။ ထိုအခါမျိုးတွင် သူ့စိတ်သည် အညစ်အကြေးတို့မှ ကင်းဝေးလျက် ငြိမ်းချမ်းသာယာမှုကိုရသည်။ ထိုနေ့မနက်တွင် ကိုဗာစကီးသည် တရားကို နှလုံးသွင်းသည့်တိုင် ဖြောင့်ဖြောင့် မသွင်းနိုင်တော့ပြီ။

အပိုင်း(၁၃)ဆက်ရန်
--------------------
#မြသန်းတင့်

Post a Comment

0 Comments