#သုခမြို့တော်
အပိုင်း(၃၈)
ဖလော်ရီဒါနယ်ရှိ မီယာမီမြို့သည် ကာလကတ္တားမြို့၏ အနောက်ဘက် မိုင် ရှစ်ထောင်အကွာတွင်ရှိသည်။ သို့ရာတွင် ထိုမြို့နှစ်မြို့၏ ကွာဟချက်ကား အလင်းနှစ်များနှင့်သာ တိုင်းထွာ၍ ရနိုင်လိမ့်မည်။
မှန်ပါသည်။ ကာလကတ္တားမှာကဲ့သို့ပင် မီယာမီတွင်လည်း ဆင်းရဲသားရပ်ကွက်များရှိပါသည်။ ကျူးဘား၊ ဟေတီနှင့် အခြားသော တောင်အမေရိကတိုင်းပြည်များမှ ထွက်ပြေးလာကြသော ဒုက္ခသည်များ ထူထောင်ခဲ့ကြသော ကျူးကျော်ရပ်ကွက်များနှင့် လူမည်းများ၏ကျူးကျော်ရပ်ကွက်များ ရှိပါသည်။ ၁၉၇၀ ခုနှစ်များအတွင်းကဆိုလျှင် ဆေးစွဲသူဦးရေ တိုးပွားလာသည့်အလျောက် လုယက်မှုများ၊ ဖောက်ထွင်းမှုများ၊ အနုကြမ်းစီးမှုများ၊ အဓမ္မကျင့်မှုများနှင့် ကြီးကျယ်သည့် ရာဇဝတ်မှုကြီးများ အများအပြား ပေါ်ပေါက်ခဲ့သည်။ လူကောင်းများမှာ အထိတ်ထိတ် အလန့်လန့်ဖြင့် နေကြရသည်။ ထို့ကြောင့် လူကောင်းသူကောင်း အများအပြားသည် တခြားနေရာသို့ ပြောင်းရွှေ့ချင် ကြသည်။
ကာလကတ္တားမှ လူဆင်းရဲရပ်ကွက်များတွင်ကား ထိုသို့မဟုတ်။ ဆင်းရဲသားရပ်ကွက်တွေရှိသည့်တိုင် ကာလကတ္တားမြို့သူမြို့သားတို့သည် မိမိတို့၏လုံခြုံရေးအတွက် ထိုမျှစိုးရိမ်ခြင်း မဖြစ်ကြရ။ ကာလကတ္တားတစ်မြို့လုံးတွင်ဖြစ်သည့် ရာဇဝတ်မှုများသည် မီယာမီမြို့လယ်ခေါင်တွင် ဖြစ်သည့် ရာဇဝတ်မှုလောက်ပင် အရေအတွက်များပြားခြင်းမရှိ။ ချုပ်၍ပြောရလျှင် ကာလကတ္တားမှ လမ်းမများပေါ်တွင် အန္တရာယ်ဟူ၍ ကြီးကြီးကျယ်ကျယ်မရှိ။ မိန်းမပျိုတစ်ယောက်သည် ကာလကတ္တားမြို့လယ်ခေါင်ရှိ ချောင်ရင်ဂီလမ်းမကြီးပေါ်တွင် လည်းကောင်း၊ အခြားလမ်းမလမ်းပေါ်တွင်လည်းကောင်း ညသန်းခေါင်ယံတွင် တစ်ယောက်တည်း လျှောက်သွားသည့်တိုင် မည်သည့်အန္တရာယ်ကိုမျှ မတွေ့နိုင်။ ဈေးဝယ်ပြန်လာသည့် အိမ်ရှင်မအမျိုးသမီးသည် လမ်းတွင် ပါးစပ်ပိတ်၍ အလုခံရမည်ကို မကြောက်ရဘဲ အေးအေးဆေးဆေး ပြန်လာနိုင်သည်။
တောင်အမေရိကတိုက်သို့ သွားသည့် တံခါးမဟု ခေါ်ကြသည့် မီယာမီမြို့တွင် ကျူးကျော်ရပ်ကွက်တွေ၊ ဆင်းရဲသားရပ်ကွက်တွေရှိသလို ကာလကတ္တားတွင် အချမ်းသာဆုံးဆိုသည့် လူများပင် စိတ်ကူးမထည့်နိုင်သည့် လူချမ်းသာတို့၏ရိပ်မြုံတွေရှိသည်။ ထိုသို့သော ရိပ်မြုံတစ်ခု၏အမည်မှာ ကင်းအက်စတိတ်ဟု ခေါ်သည်။ ကင်းအက်စတိတ်သည် လှပသော အုန်းပင်တန်းများနှင့် ကုက္ကိုပင်များကြားတွင် လဲလျောင်းနေသည့် လှေဆိပ်တစ်ခုလည်းဖြစ်သည်။ သန်းကြွယ်သူဌေးကြီးများ၏ရိပ်မြုံဖြစ်ပြီး သူတို့၏ခမ်းနားထည်ဝါသော ဂေဟာလည်းဖြစ်သည်။
ထိုဂေဟာများတွင် ရေကူးကန်ရှိသည်။ တင်းနစ်ကစားကွင်းများလည်းရှိသည်။ ပင်လယ်ကူးသင်္ဘောကြီးတွေတမျှရှိသော အပျော်စီးရွက်လှေများ၊ သင်္ဘောများ ဆိုက်ကပ်ရာ ကိုယ်ပိုင်သင်္ဘောဆိပ်များလည်း ရှိသည်။ အချို့ ဂေဟာများတွင် ရဟတ်ယာဉ်ကွင်းများရှိပြီး အချို့ဂေဟာများတွင် ပိုလိုရိုက်ကွင်းများနှင့် မြင်းကောင်ရေ တစ်ဒါဇင်ကျော်လောက်ထားနိုင်သည့် မြင်းဇောင်းများရှိသည်။ ထိုရိပ်မြုံကြီးကို သံပန်းဝန်းထရံကြီးများဖြင့် ပတ်ပတ်လည်ကာထားသည်။ ကိုယ်ပိုင်လက်နက်ကိုင် အစောင့်များ၊ မီးမောင်းများနှင့် ဥဩများ တပ်ဆင်ထားသည့် သူတို့ပတ်တရောင်ကားများက ထိုရိပ်မြုံကို နေ့ရောညပါ လှည့်ပတ်စောင့်ကြပ်နေကြသည်။ ထိုရိပ်မြုံထဲသို့ မည်သူမျှ ဝင်ခွင့်မရှိ။ အပတ်စဉ် စကားဝှက်ကို ပြောင်းပေးထားသည့် သံလိုက်ပြားဝင်ခွင့်လက်မှတ် ရှိမှသာလျှင် ဝင်ခွင့်ရသည်။ သို့မဟုတ်လျှင်လည်း အစောင့်များက စိတ်တိုင်းကျ စစ်ဆေးပြီးသူများသာလျှင် ဝင်ခွင့်ရသည်။
စင်စစ် ထိုရိပ်မြုံသည် လူချမ်းသာတို့၏အကျဉ်းထောင်ကြီးတစ်ခုနှင့် တူသည်။ ထိုအကျဉ်းထောင်မှ ထင်ရှားသည့်အကျဉ်းသားတစ်ဦးမှာ အလွန်နာမည်ကြီးသည့် ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးဖြစ်သော အာသာလို့အက်ဆိုသူ ဖြစ်သတည်း။
ဖြူဖွေးသောနံရံများဖြင့် လှပသည့် မက္ကစီကို ဗိသုကာဆန်ဆန်အိမ်ကြီး။ ထိုအိမ်ကြီးမှ လသာဆောင်များ၊ ထိုအိမ်ကြီးရှေ့မှ ရေပန်းများနှင့် ကျောက်တိုင်ကြီးများ ထောက်ထားသည့် စင်ကြံများသည် ထိုရိပ်မြုံကြီးတစ်ခုလုံး၏ အလှအပပစ္စည်းများဖြစ်သည်။
အာသာလို့အက်သည် အလုံးအထည်ကြီးခိုင်သည့် လူတစ်ယောက်ဖြစ်၏။ သူ့ဆံပင်နီနီများတွင် ယခုအထိ အဖြူရောင် မသမ်းကြသေး။ အာသာလို့အက်သည် လောကကြီးတွင် အရာလေးခုကိုသာ စိတ်ဝင်စားသည်။ ယင်းတို့မှာ စုံထောက်ဝတ္ထုဖတ်ခြင်း၊ ပင်လယ်ရေနက်တွင် ငါးမျှားခြင်း၊ ကျေးငှက်ဗေဒနှင့် ခုတင် ၁၄၀ ရှိသည့် သူ၏ခမ်းနားသော ဘဲလ်အဲယား ဆေးကုခန်းတို့ပင်ဖြစ်သည်။ ထိုဆေးရုံတွင် အသက်ရှုလမ်းကြောင်းတွင် ဖြစ်တတ်သည့် ရောဂါများကို ကုသပေးသည်။
ဂလိုရီယာလာဇာအမည်ရှိ အမျိုးသမီးနှင့် လက်ထပ်ခဲ့သည်မှာ နှစ်ဆယ့်ကိုးနှစ်ရှိလေပြီ။ ဂလိုရီယာက ငွေရောင်ဆံပင်တွေရှိသည့် မိန်မချောတစ်ယောက်ဖြစ်ပြီး အသံထွက် ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်ကြီးတစ်ဦး၏ သမီးဖြစ်သည်။ သူတို့တွင် သားသမီးနှစ်ယောက်ရှိသည်။ အငယ်မ ဂါဘီမှာ အသက် နှစ်ဆယ်ရှိပြီး ဆံပင်နက်နက်နှင့်ဖြစ်သည်။ ဂါဘီသည် မီယာမီ အနုပညာကောလိပ်တွင် ဗိသုကာပညာကို သင်ကြားလျက်ရှိ၏။ နောက်တစ်ယောက်မှာ အသက်နှစ်ဆယ့်ငါးနှစ်ရှိ မက်စ်လို့အက်ဖြစ်ပြီး သူ့အဖေလိုပင် ဆံပင်နီနီနှင့် ဖြစ်သည်။ မက်စ်သည် နယူးမော်လီယန်းရှိ ကျူလိန်းဆေးကောလိပ်မှ ဘွဲ့ ရပြီး နောက်နှစ်နှစ်အတွင်းတွင် ခွဲစိတ်ကုသမှုတွင် အထူးလေ့လာရန် စိတ်ကူးထားသည်။ အာသာလို့အက်သည် သူ့သား မက်စ်ကိုကြည့်၍ ဂုဏ်လည်းယူသည်။ ဝမ်းလည်းသာသည်။ မက်စ်သည် အဖေ၏ခြေရာကို နင်းရုံမျှမက တစ်နေ့တွင် ဘဲလ်အဲယားဆေးတိုက်ကြီးကိုလည်း ဆက်ခံ၍ စီမံအုပ်ချုပ်မည်ဟု သူ့အဖေမျှော်လင့်ထားသည်။
“ပါမောက္ခကြီး၊ ကျွန်တော် နိုင်ငံခြားကို သွားမယ်လို့ စိတ်ကူးထားတယ်”
ထိုအမည်ကို သူ့သားသမီးများက အပြောင်အပြက်ခေါ်ကြခြင်းမဟုတ်။ ကိုလံဗီယာတက္ကသိုလ်မှ သူ့ကို ဂုဏ်ထူးဆောင် ဆေးပညာပါမောက္ခအဖြစ် ခန့်အပ်လိုက်သည့်နေ့မှစ၍ သူ့သားသမီးများက အမြတ်တနိုးခေါ်ကြခြင်း ဖြစ်သည်။အာသာလို့အက်သည် မြင်းဇက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာမှ လျှော့ထားလိုက်ရင်း သူ့သားကို လှမ်းကြည့်လိုက်သည်။
“ဘာပြောတယ်ကွ၊ ဘယ်နိုင်ငံခြားကို သွားမှာလဲ”
“ကျွန်တော် အိန္ဒိယပြည်ကို တစ်နှစ်လောက်သွားချင်လို့ပါ”
“ဘာ အိန္ဒိယကို သွားမယ် ဟုတ်လား၊ ကျောင်းစာမေးပွဲကကော”
“ကျွန်တော် ဆိုင်းဖို့ ခွင့်တောင်းထားတယ် ခင်ဗျ"
“ဘာ...ဆိုင်းရမယ် ဟုတ်လား”
“ဟုတ်ပါတယ်”
မက်စ်လို့အက်က အသံတုန်တုန်နှင့် ပြောသည်။သူ့အဖေ အာသာလို့အက်သည် မြင်းဇက်ကို ဆောင့်ဆွဲကာ ခပ်သော့သော့ စီး၍ ထွက်သွား၏။
“ငါတော့ အံ့သြတယ်ကွာ၊ မင်း ဘာစိတ်ကူးနဲ့ သွားမှာလဲ"
နှစ်ယောက်သား မြင်းဆက်စီးလာကြသည့်အခါတွင် အဖေက ပြောသည်။ မက်စ်သည် သူ့အဖေ မနှစ်သက်ဟန်ပြသည်ကို မသိယောင်ပြုနေလိုက်၏။
“ဘာကြောင့်မှတော့ မဟုတ်ပါဘူး၊ ကျွန်တော် အပြောင်းအလဲကလေး ဘာလေးလဲ တွေ့ချင်၊ ပြီးတော့ တစ်ယောက်ယောက်ကို ကျွန်တော်အကျိုးပြုချင်တယ်လေ"
“တစ်ယောက်ယောက်ကို အကျိုးပြုချင်တယ်ဆိုတာ ဘာလဲကွ၊ ဘာကို ပြောတာလဲ”
“ဘာရယ်လို့ မဟုတ်ပါဘူး၊ အကူအညီလိုတဲ့ လူတွေကို အကူအညီပေးချင်တာပါ”
မက်စ်လို့အက်သည် ဝေ့လည်ကြောင်ပတ် ပြောနေ၍ မဖြစ်တော့ကြောင်းကို သိသဖြင့် တိုက်ရိုက်ပင် ပြောလိုက်သည်။
“ဆေးတိုက်တစ်တိုက်မှာလာပြီး အလုပ်လုပ်ဖို့ ကျွန်တော့်ကို ခေါ်နေလို့ပါ”
“ဘယ်မှာလဲ၊ အိန္ဒိယမှာလား၊ အိန္ဒိယပြည်ဆိုတာ အကျယ်ကြီးပဲကွ”
“ကာလကတ္တားမှာပါ ပါမောက္ခကြီး”
အာသာလို့အက်သည် သူ့စကားကြောင့် အံ့အားသင့်သွားကာ ခြေနင်းကွင်းတွင် စွပ်ထားသည့် ခြေထောက်များပင် ဘေးသို့ ချော်ထွက်သွားကြသည်။
“ကမ္ဘာကြီးက အကျယ်ကြီးပါကွာ၊ ဒီလောက်ကျယ်တဲ့ ကမ္ဘာကြီးထဲမှာ ကာလကတ္တားကိုမှ သွားချင်ရသတဲ့လား” ဟု ဆိုကာ ခေါင်းကို ယမ်းနေသည်။
ဒေါက်တာ အာသာလို့အက်သည် အခြားသော အမေရိကန်များလိုပင် အိန္ဒိယပြည်ကို နှစ်သက်ခြင်းမရှိလှ။ ကာလကတ္တားမြို့ကိုကား မနှစ်သက်ရုံမျှမက စက်ဆုတ်ရွံရှာသလိုပင်ဖြစ်သေးသည်။ ကာလကတ္တားဆိုသည်မှာ သူတောင်း စားပေါခြင်း၊ ဆင်းရဲခြင်း၊ ပလက်ဖောင်းများပေါ်တွင် လူတွေသေရခြင်း စသည်တို့ကို ဖော်ပြသည့် ကြောင်းတူသံကွဲ စကားလုံးတစ်လုံးဖြစ်သည်ဟု သူထင်သည်။ ကာလကတ္တားမြို့၏အနိဋ္ဌာရုံများ စိတ်မချမ်းမြေ့ဖွယ်အဖြစ်များကို ရုပ်မြင်သံကြားအစီအစဉ်များတွင် သူကြည့်ခဲ့ဖူးပြီ၊ စာနယ်ဇင်းများတွင် သူဖတ်ခဲ့ဖူးပြီ။
ဒေါက်တာလို့အက်သည် ငတ်မွတ်ခြင်း၊ လူဦးရေ ထူထပ်ခြင်းနှင့် ဆင်းရဲခြင်းတို့ကြောင့်သာ ကာလကတ္တားကို စက်ဆုပ် ရွံမုန်းသည် မဟုတ်။ လူတစ်ယောက်ကြောင့်လည်း ကာလကတ္တားကို မုန်းတီးခြင်းဖြစ်၏။ ထိုလူမှာ အခြားမဟုတ်။ ကုလသမဂ္ဂစင်မြင့်မှနေ၍ မောက်မာဝင့်ကြွားသော မျက်နှာဖြင့် ကမ္ဘာကြီးအား လူ့ကျင့်ဝတ်အကြောင်းကို ဟောကြားနေသော လူတစ်ယောက်ဖြစ်သည်။ ၁၉၅၀ ခုနှစ်များတစ်ဝိုက်က ထိုစဉ်က အိန္ဒိယပြည်၏ကုလသမဂ္ဂကိုယ်စားလှယ်ဖြစ်သော ကရစ်ရှနားမီနွန်သည် အမေရိကန်ပြည်ထောင်စုအား အပြင်းအထန် ပုတ်ခတ်ပြောဆိုခဲ့ခြင်းကို များစွာသော အမေရိကန်များနည်းတူ ဒေါက်တာ လို့အက်လည်း မမေ့နိုင်သေး။ မီနွန်သည် အန္တရာယ်ကြီးသည့် ပုရောဟိတ်တစ်ယောက်ဟု သူထင်သည်။ တတိယကမ္ဘာ၏ ယဉ်ကျေးမှုဟုဆိုကာ အဆိပ်ငွေ့တို့ကို မှုတ်ထုတ်နေပြီး တတိယကမ္ဘာ၏တန်ဖိုး စသည်တို့ကို လူဖြူတို့က ဖျက်ဆီးပစ်ခဲ့ကြသည်ဟု ကရစ်ရှနားမီနွန် ကြွေးကြော်ခဲ့ဖူးသည်။
“မင်းနှယ်ကွာ၊ ကိုယ့်အစွမ်းအစကို ပြဖို့နေရာ ကမ္ဘာမှာ ဒီလောက်ပဲရှားသလား၊ တော်တော်လဲ နုံတဲ့ကောင်ပဲ၊ ဟိုရောက်တော့ မင်းကိုရော နွေးနွေးထွေးထွေး ကြိုဆိုမယ်လို့များ ထင်သလား၊ မင်းပြန်လာလို့ရှိရင် မင်းနဲ့ အတန်းတူ ကောင်တွေက ဘွဲ့တွေရပြီး မင်းပဲ ယောင်ချာချာဖြစ်ကျန်ရစ်ခဲ့မှာ”
မက်စ်က မည်သို့မျှမပြော။
“မင်းအမေရော သိပြီလား”
“သိပါတယ်”
“သူကကော သဘောတူလို့လား”
“တူတယ်ရယ်လို့တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော် ရှင်းပြတော့ မေမေနားလည်သွားတယ်လို့ ထင်တာပဲ”
“ဆယ်ဗီယာကကော”
ဆယ်ဗီယာပိန်းမှာ မက်စ်၏ရည်းစားဖြစ်သည်။ အရပ်မြင့်မြင့်၊ ရုပ်ချောချောနှင့် အသက်နှစ်ဆယ့်သုံးနှစ်ရှိ အားကစားမယ်ကလေးတစ်ဦးဖြစ်၏။ သူ့မိဘများမှာ လို့အက်တို့ခြံနှင့် ကပ်လျက်ခြံတွင် နေကြသည်။ သူ့အဖေသည် မီယာမီနေ့စဉ်သတင်းစာတစ်စောင်ဖြစ်သော “သမာဓိ” သတင်းစာတိုက်ပိုင်ရှင်ဖြစ်၏။ သူတို့နှစ်ယောက်မှာ ငယ်စဉ်ကတည်းက သိကျွမ်းလာခဲ့ကြသူများဖြစ်သည်။ မက်စ်စာမေးပွဲပြီးလျှင် လက်ထပ်ကြရန် စီစဉ်ထားသည်။
“ဟုတ်ကဲ့၊ ဆယ်ဗီယာလဲ သိပါတယ် ပါမောက္ခကြီး”
“သူကကော ဘာမှမပြောဘူးလား”
“သူလဲ ကျွန်တော်တို့နဲ့အတူ လိုက်မယ်လို့ ပြောပါတယ်”
အပိုင်း(၃၉)ဆက်ရန်
---------------------
0 Comments