#သုခမြို့တော်
အပိုင်း(၃၉)
ပန်းကုံးတွေ ချိတ်ထားသည့် ရွှေပေါင်ထဲမှ ရုပ်ပုံသည် ခွန်အားရှိခြင်းနှင့် လှပတင့်တယ်ခြင်းကို ဖော်ပြနေသည်။ ကျောက်မျက်ရတနာတွေ စီခြယ်ထားသည့် ကော်ဇောကြီးခင်းထားသည့် ဆင်ကိုယ်ပေါ်တွင် လိုက်ပါလာသည့် သူ့သဏ္ဌာန်သည် အောင်ပွဲတစ်ပွဲကို ရလာသည့် မဟာရာဇာတစ်ဦးနှင့် တူသည်။ သူ့ဒူးကျပ်ဘောင်းဘီတွင် ရွှေမျှင်တို့ဖြင့် ရွှေချည်ထိုးထားပြီး ကျောက်မျက်ရတနာတွေ ခြယ်ထားသည်။ သူ့ကိုယ်ခန္ဓာတွင် ပေါက်နေသည့် တောင်ပံနှစ်ဖက်နှင့် ပုဆိန်၊ တူ၊ မြားနှင့် ချိန်ခွင်တို့ကို ကိုင်ထားသည့် လက်လေးဘက်တို့သာလျှင် လူနှင့် ခြားနားသွားခြင်းဖြစ်၏။
သူ့အမည်မှာ ဘိသျှဝါကာမဖြစ်၏။ သူသည် လူလည်းမဟုတ်၊ မင်းသားတစ်ပါးလည်းမဟုတ်ဘဲ ဟိန္ဒူနတ်တစ်ပါးဖြစ်သည်။ ဘိသျှဝါကာမသည် အိန္ဒိယဒဏ္ဍာရီများထဲရှိ နတ်အပေါင်းတို့တွင် တန်ခိုးအကြီးဆုံးသော နတ်တစ်ပါးဖြစ်ပြီး ဖန်တီးခြင်းစွမ်းအား၏ ပြယုဂ်လည်းဖြစ်သည်။ ရှေးဝေဒကျမ်းများ၌ ဘိသျှဝါကာမအား “စကြာဝဠာကြီးကို တည်ဆောက်သည့် ဗိသုကာ၊ ကောင်းကင်နှင့် မြေကြီးကို ဖန်တီးသောတန်ခိုးရှင်၊ ကမ္ဘာများစွာကို ဖန်တီးသူ၊ ထိုကမ္ဘာများ၏ဖခင်နှင့် နတ်ဒေဝတာတို့ကို အမည်ပေးသူ၊ အမတဘုံတွင် မှီတင်းနေထိုင်သူ” ဟု ဆိုညွှန်းကြ၏။
မဟာဘာရတကျမ်း အလိုအရဆိုလျှင် ဘိသျှဝါကာမသည် အမွန်အဦးဖြစ်သော ဗိသုကာမျှသာမက နတ်ဒေဝတာတို့နှင့်တကွ ယင်းတို့ကိုင်ဆောင်သော လက်နက်စက်ကြာများကိုဖန်တီးသူ၊ သိပ္ပံအတတ်မျိုးစုံတို့၏အရှင်၊ အနန္တ စကြဝဠာတို့ကို တည်ဆောက်သည့် လက်သမား၊ နတ်ရထားတို့ကို ပြုလုပ်သူ၊ အဆင်တန်ဆာအားလုံးတို့ကို ဖန်တီးသူလည်းဖြစ်၏။ ဘိသျှဝါကာမသည် လက်မှုအတတ်ပညာမျိုးစုံတို့ကို ကာကွယ်စောင့်ရှောက်သူဖြစ်သည်။ ထို့ကြောင့်ပင်လျှင် အိန္ဒိယပြည်တွင် အလုပ်သမားများ၊ လက်မှုပညာသည်များက သူ့ကို ကိုးကွယ်လေ့ရှိကြသည်။
ခရစ်ယာန်ဘာသာဝင်တို့သည် စကြဝဠာကြီးကို ဖန်ဆင်းတော်မူ၍ မိမိတို့အား ပေါင်မုန့်ပေးသော ထာဝရဘုရားသခင်ကို ကိုးကွယ်ကြသည့်နည်းတူ အိန္ဒိယတိုင်းရင်းသားများသည်လည်း လုပ်အားနှင့်ဘဝကို ဖန်တီးပေးသော ဘိသျှဝါကာမကို ပူဇော်ကိုးကွယ်ကြသည်။ စက်တင်ဘာလသို့ရောက်သည်နှင့် ကာလကတ္တား လူဆင်းရဲရပ်ကွက်များရှိ အလုပ်ရုံကလေးများတွင်လည်းကောင်း၊ ခေတ်မီစက်ရုံကြီးများတွင် လည်းကောင်း သူ့ပုံတော်များကို ချိတ်ဆွဲကာ နှစ်ရက်တိုင်တိုင် ပူဇော်ပွဲကျင်းပလေ့ရှိကြသည်။ ထိုပွဲတော်သို့ ရောက်လျှင် အလုပ်သမားနှင့် အလုပ်ရှင်၊ ဆင်းရဲသားနှင့် လူချမ်းသာတို့သည် အဆင့်အတန်းခွဲခြားခြင်း မပြုကြတော့။ ဘိသျှဝါကာမနတ်မင်းသားအား သဒ္ဒါရိုညွှတ်ခြင်း၌ အချင်းချင်း ပေါင်းစည်းမိကြတော့သည်။
ကာလကတ္တားရှိ အခြားသောလူဆင်းရဲရပ်ကွက်များမှာကဲ့သို့ပင် သုခမြို့တော်တွင်လည်း ဘိသျှကာမနတ်မင်းအား ပူဇော်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလျက်ရှိ၏။ အမှန်အားဖြင့်လည်း သုခမြို့တော်သည် အလုပ်သမားတို့စုဝေးရာ ရပ်ကွက်မဟုတ်လော။ နေ့တိုင်းလိုလိုပင် စက်ဖြင့် တစ်စုံတစ်ခုကို သွေးသံတို့ကို ကြားရတတ်သည်။ ပစ္စည်းအတိုအစတို့ ပုံထားသည်ကို မြင်ရတတ်သည်။ ဘယ်နေရာသွားသွား အလုပ်ရုံလေးတစ်ရုံကို တွေ့ရတတ်သည်။ တစ်နေရာ တွင် အင်္ကျီဗလာဖြစ်နေသည့် ကလေးငယ်တစ်သိုက်သည် ဒန်ခွက်ကလေးများ လုပ်ရန် ဒန်ပြားများကို ထုနေကြသည်။ အချို့က လုပ်ပြီးသား သံဖြူခွက်များကို အဆိပ်ငွေ့တွေ ထွက်နေသည့် သံကန်ထဲသို့ နှစ်,နေကြသည်။ အချို့ကလေးများမှာ မီးခြစ်များ ဗြောက်အိုးများကို လုပ်ကြရသည်။ မီးစုန်းဓာတ်၊ သွပ်အောက်ဆိုက်၊ အက်စဘက်တော့အမှုန့်၊ ကော်စသည့် ပစ္စည်းမျိုးစုံကို ကိုင်ရသဖြင့် သူတို့ကိုယ်သူတို့ အဆိပ်သင့်အောင်လုပ်သည့်နှယ် ဖြစ်နေသည်။
ကိုဗာစကီး၏တဲနှင့် မျက်နှာချင်းဆိုင်တွင် ပန်းပဲဖိုတစ်ခုရှိသည်။ ထိုပန်းပဲဖိုထဲတွင် မည်းနက်နေသောသဏ္ဌာန်များသည် သံကြွပ်အပိုင်းအစများကို မီးဖုတ်ကာ ထုရိုက်နေကြသည်။ သံကြွပ်ကို မီးလောင်သည့်အနံ့၊ ညှော်နံ့တို့က မွှန်ထူလျက်။ ပြတင်းပေါက်မရှိသည့် ကပ်လျက် အခန်းတစ်ခန်းထဲတွင် မည်းမည်းအရိပ် တစ်ဒါဇင်ခန့်တို့သည် ဘီဒီလိပ်နေကြသည်။ သူတို့အားလုံးလောက်မှာ လန်ချားတစ်စီးကို မဆွဲနိုင်တော့သော ချောင်းဆိုးသွေးပါရောဂါ စွဲကပ်နေကြသူများဖြစ်သည်။တစ်နေကုန် တစ်မိနစ်မျှ မနားဘဲ လိပ်လျှင် တစ်နေ့ကို ဘီဒီဆေးလိပ်ပေါင်း တစ်ထောင့်သုံးရာလောက် လိပ်နိုင်သည်။ ဘီဒီတစ်ထောင်လျှင် လိပ်ခ ဆယ့်တစ်ကျပ်ခန့်ရ၏။
ထိုအခန်းနှင့် ခပ်လှမ်းလှမ်း တဲကလေးတစ်လုံးထဲတွင်မူ ကြီးမားသော သင်္ဘောပန်ကာကြီးတစ်ခုကို ပန်းပဲဖိုကြီးအနီးတွင် မြင်ရ၏။ ငမန်းယက်ကြီးမှာ ကြီးမားလှသဖြင့် ပန်းပဲဖိုလုပ်သည့်အခန်း တဲကလေးမှ မြေဖြင့် ဖို့ထားသည့် နံရံပေါက်ကိုခွဲ ပုဆိန်ဖြင့် ဖေါ်ထုတ်ပြီးမှ အပြင်သို့ ထုတ်ယူနိုင်သည်။ လူသုံးယောက်တို့သည် ထိုငမန်းယက်ကြီးကို ချယ်ဂါရီတစ်စီးပေါ်သို့ ကုတ်ဖြင့် ကော်၍ တင်ကြ၏။ ထို့နောက် ကြိုးများကို ပခုံးတွင် သိုင်း၍ ရှေ့မှ အားကုန် ကျိတ်၍ ဆွဲကြ၏။ ခဏကြာလျှင် ချယ်ဂါရီဘီးကြီး လိမ့်စပြုလာသည်။ ထိုအခါကျမှပင် ပန်းပဲဖိုပိုင်ရှင်သည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ သုံးယောက်တည်းဖြင့် ဆွဲနိုင်သဖြင့် နောက်ထပ်အလုပ်သမား အပိုမငှားရတော့သောကြောင့်ဖြစ်သည်။ သို့ရာတွင် ဟောင်ရာတံတားကြီးနားက ဟာရိုးသို့ရောက်လျှင် သူတို့သုံးယောက်တည်းဖြင့် ထိုချယ်ဂါရီကြီးကို ဘယ်လိုရောက်အောင် ဆွဲတင်လေမည်မသိ။
သူတို့ရပ်ကွက်ကလေးမှ ကလေးလူကြီးအားလုံးသည် အလွန်လက်ရာမြောက်သည်ဟု ပြောနိုင်သည်။ မော်တော်ကား အပိုပစ္စည်းများ၊ စပရိန်များ၊ ရက်ကန်းစင်အတွက် လွန်းများ၊ မူလီများ၊ လေယာဉ်ပေါ်တွင် တင်သည့် တိုင်ကီများ၊ တာဘိုင်များကအစ လုပ်ကြသည်။ အစုတ်အပဲ့များ၊ သံတိုသံစများမှနေ၍ အကောင်းပကတိဖြစ်အောင် လုပ်နိုင်သည်။ ပုံတူ လုပ်ပေးနိုင်သည်။ သူတို့ရပ်ကွက်ထဲတွင် အသေးဆုံးသော သံကြွပ်စကလေးနှင့် အသေးဆုံးသော အပျက်အစီးကလေးသည် လွှင့်မပစ်ရ၊ အချည်းနှီးမဖြစ်၊ ပြန်သုံး၍ရအောင် လုပ်သည်၊ အသစ်ဖြစ်အောင်လုပ်သည်။
“ဘယ်လောက်စုတ်တဲ့ ပစ္စည်းဖြစ်ဖြစ် လွှင့်ပစ်ဖို့ မလိုဘူးဗျ၊ အသစ်ဖြစ်အောင် ပြန်လုပ်တတ်တယ်” ဟု ကိုဗာစကီးက ပြောသည်။
အိန္ဒိယပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုမ်မ ၂၄ ၌ စက်ရုံတစ်ခုတွင် ဖြစ်စေ၊ သတ္တုတွင်းတစ်ခုတွင် ဖြစ်စေ၊ သို့မဟုတ် အန္တရာယ်ရှိသည့် အခြားနေရာဌာနတစ်ခုခုတွင်ဖြစ်စေ ကလေးငယ်တစ်ဦးအား အလုပ်လုပ်ခိုင်းခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။ သို့ရာတွင် အကျိုးအမြတ်အတွက်လည်းကောင်း၊ သြဇာအာဏာတည်စေရန်အတွက်လည်းကောင်း၊ အိန္ဒိယပြည်အနှံ့အပြားတွင် ကလေးငယ်များအား ခိုင်းနေသည်ကို တွေ့ရသည်။ အလုပ်ရှင်များကလည်း ကလေးကို ပို၍သဘောကျကြသည်။ ကလေး၏လက်ချောင်းများမှာ အလုပ်လုပ်ရာတွင်လည်း ကျွမ်းကျင်ကြသည်။ လုပ်ခကလည်း လူကြီးလောက် မပေးရဘဲ နည်းနည်းသာ ပေးသည်။
ဆင်းရဲသားရပ်ကွက်များမှ အလုပ်သမားများမှာ အခြေအနေအဆိုးဆုံးဖြစ်သည်။ သူတို့တွင် လူမှုဖူလုံရေးမရှိ။ ကမ္ဘာတစ်ဝန်းရှိ တိရစ္ဆာန်ရုံများတွင် တိရစ္ဆာန်များကိုပင် မထားကြသော အခန်းကျဉ်းကလေးမျိုးထဲတွင် တစ်နေ့လျှင် နာရီပေါင်း ဆယ့်နှစ်နာရီအထိ အလုပ်လုပ်ကြရသည်။ အများအားဖြင့် ထိုအလုပ်သမားများသည် ထိုနေရာတွင် အလုပ်လုပ်၊ ထိုနေရာတွင်ပင် ထမင်းစားပြီး ထိုနေရာတွင်ပင် အိပ်ကြရသည်။ သူတို့နေရာတွင် လေဝင်ပေါက်မရှိ၊ အလင်းရောင်မရှိ။ သူတို့အဖို့ သီတင်းပတ်ကုန် နားရက်မရှိ။ နွေရာသီရက်အား မရှိ။ တစ်နေ့ အလုပ်မဆင်းမိသည်နှင့် အလုပ်လက်မဲ့ဖြစ်ရတော့သည်။ စကားပြော မှားလျှင်၊ တောင်းဆိုချက်တင်လျှင်၊ စောဒကတက်လျှင်၊ အလုပ်ကို တစ်နာရီလောက် နောက်ကျရောက်မိလျှင် အလုပ်မှ ချက်ချင်း ထုတ်ပစ်ခံရတော့သည်။ လျော်ကြေးရဖို့ဆိုသည်မှာ ဝေလာဝေး။ ပုံနှိပ်စက်တတ်သူ၊ သံပြားတတ်သူ၊တွင်ခုံ ကိုင်တတ်သူလောက်သာလျှင် အလုပ်မပြုတ်ကြခြင်းဖြစ်သည်။
သုခမြို့တော်တစ်ခုတည်းအတွင်းမှာပင် ထိုသို့သော ပျံကျအလုပ်သမားတွေ ထောင်ချီရှိသည်။ ကာလကတ္တားတစ်မြို့လုံးတွင်ဆိုလျှင် မရေတွက်နိုင်ပြီ။
"ပျံကျအလုပ်သမားတွေ၊ အလုပ်လက်မဲ့တွေ သည်လောက်များပါလျက်နဲ့ သည်အင်အားကိုသုံးပြီး သူတို့ကံကြမ္မာကို ပြောင်းလဲအောင် မလုပ်နိုင်ကြတော့ဘူးတဲ့လားဗျာ"
"ကျွန်တော့်ခေါင်းထဲမှာ သူတို့ကို ကြည့်ပြီး သည်အမေးကိုချည်း မေးနေမိတယ်။ သူတို့အများစုဟာ ကျေးလက်ကလာကြသူတွေဖြစ်တော့ သည်လိုတောင်းဆိုတာတို့ ဘာတို့ကိုလည်း မလုပ်တတ်ကြတော့ဘူး ထင်ပါရဲ့။ ဆင်းရဲလိုက်တာကလည်း မပြောပါနဲ့တော့။ မုန့်ဆိုင်ကလေးတစ်ဆိုင်လောက်မှာ အလုပ်ရရင်ကို သူတို့အဖို့တော့ တကယ့်လာဘ်ကြီးတစ်ပါးဖြစ်နေပြီ။လူတွေမှာ သည်လောက် အလုပ်အကိုင်မဲ့ဖြစ်နေတော့ သူတို့ကို ထမင်းကလေး တစ်လုပ်ကျွေးထားတဲ့ အလုပ်ကို ကောင်းကောင်း၊ မကောင်းကောင်း လုပ်ရတော့တာပေါ့၊ ဘယ်မှာ တောင်းဆိုချက်တွေ ဘာတွေ လုပ်နေနိုင်ပါတော့မလဲ။ အိမ်ထောင်စုမှာ အဖေမကျန်းမာလို့၊ ဒါမှမဟုတ် သေလို့ရှိလျှင် ဘယ်ကမှ ဝင်ငွေ မရှိတော့ဘူး။ သည်တော့ ရှိတဲ့ကလေးတွေဟာ အလုပ်မလုပ်ဘဲ ဘယ်နေလို့ရပါတော့မလဲ။ သူတို့ဟာ အစတုန်းကတော့ စာရိတ္တအရာမှာ ကောင်းကြပါတယ်။ ဒါပေမယ့် သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါကျတော့ စာရိတ္တကို စဉ်းစားမနေနိုင်တော့ဘူးလေ"
"ဘင်္ဂလားမှာ အလုပ်သမားအဖွဲ့တွေရှိပါတယ်။ အင်အားလည်း ကောင်းပါတယ်။ သည်အဖွဲ့ တွေက သူတို့အတွက် ဘာတွေများလုပ်ပေးနိုင်မလဲ။ အိန္ဒိယပြည်တစ်ဝန်းလုံးမှာ အလုပ်သမားအဖွဲ့ပေါင်း တစ်သောင်းခြောက်ထောင်လောက်ရှိတယ်။ သည်အထဲမှာ အဖွဲ့ပေါင်း ၇၄၅ဝ က ဘင်္ဂလားပြည်နယ်ထဲမှာရှိတယ်။ ဒါပေမယ့် သုခမြို့တော်လို နေရာမျိုးမှာ ဘယ်သူလာပြီး သပိတ်မှောက်ဖို့ လှုံ့ဆော်ရဲမှာလဲ။ သူတို့ သပိတ်မှောက်သွားလျှင် သူတို့နေရာကို ဝင်လုပ်မယ့် အလုပ်လက်မဲ့တွေက အဆင်သင့်။ သည်သုခမြို့တော်က လူတွေဟာ ကမ္ဘာမှာအောက်တန်းအကျဆုံးလူတွေလို့တောင် ကျွန်တော်ပြောချင်တယ်။ သူတို့ဟာ အငတ်ဘေးရဲ့ ကျေးကျွန်တွေ။ ဒါပေမယ့် နှစ်စဉ် ပွဲတော်ချိန်ရောက်လျှင် ဘိသျှဝါကာမကိုတော့ ပူဇော်ကြတာပဲ"
ပူဇော်ပွဲမတိုင်မီ တစ်နေ့ကတည်းကပင် အလုပ်သမားများသည် သူတို့စက်များ၊ သူတို့ပစ္စည်းကိရိယာများကို ဆေးကြောသုတ်သင်ကာ ပန်းကုံးများ၊ သစ်ရွက်သစ်ခက်များဖြင့် အလှဆင်ကြသည်။ ပိုင်ရှင်များသည် ဟောင်ရာတံတားကြီးနားက အိုးဆိုင်များသို့သွားကာ ဆင်စီးနေသည့် လက်လေးဖက်နှင့် ဘီသျှဝါကာမနတ်၏ပုံတော်ကို ဝယ်ကြသည်။တတ်နိုင်သူက နတ်ရုပ်ကြီးကြီး ဝယ်သည်။ မတတ်နိုင်သူက ခပ်သေးသေး ဝယ်သည်။ အချို့စက်ရုံကြီးများတွင်ဆိုလျှင် ဘီသျှဝါကာမနတ်ရုပ်မှာ လူ့ထက် နှစ်ဆသုံးဆလောက် ကြီးပြီး တန်ဖိုးအားဖြင့်လည်း ထောင်ချီပေးရသည်။
အကြိုနေ့ည၌ကား ဆင်းရဲဒုက္ခတို့ ခိုအောင်းနေရာ တဲသိုက်ကလေးများသည် ပူဇော်ပွဲများကျင်းပရာ ပလ္လင်ကြီးများနှင့် တူနေသည်။ ပန်းကုံးတွေ ဆင်ထားသည့် ယာယီပလ္လင်များကို အများအပြားတွေ့ရသည်။ မနက်လင်းအားကြီး အချိန်အထိ ဆင်းရဲသားရပ်ကွက်ကလေးသည် ပွဲတော်၏အသံဗလံများဖြင့် ဆူညံနေတော့သည်။
မနေ့က ကျွန်အဖြစ်ရုန်းခဲ့ကြရသော သူများသည် ပွဲတော်နေ့သို့ရောက်သည့်အခါတွင် ဝတ်ကောင်းစားလှတို့ ဝတ်ဆင်၍ ထွက်လာကြ၏။ သူတို့ဇနီးများ၊ သားသမီးများကလည်း သေတ္တာထဲတွင် နှစ်လုံးပေါက်အောင် သိမ်းထားခဲ့သည့်ဆာရီများ၊ အင်္ကျီများကို ထုတ်၍ဝတ်လာကြသည်။ ကလေးများကလည်း မင်းသားကလေးများနှယ် အဝတ်အစားသစ်တွေဖြင့်။ ခါတိုင်း စက်သံပြားထုသံ၊ တွင်ခုံလှည့်သံတို့ဖြင့် ဆူညံနေသည့်တိုင် ထိုနေ့တွင် ထိုအသံများကို မကြားရတော့။ ဗုံမောင်းသံ၊ ခရုသင်းသံ စသည်တို့ကိုသာ ကြားရသည်။ ရှေ့ဆုံးတွင် ပုဏ္ဏားက လက်တစ်ဖက်တွင် ခေါင်းလောင်း၊ လက်တစ်ဖက်တွင် သန့်စင်သော မီးရှူးတိုင်ကို ကိုင်လျက်။
ထိုနေ့တွင် အချို့မိတ်ဆွေများက ကိုဗာစကီးထံ ရောက်လာပြီး သူတို့အတွက် ဆုတောင်းပေးပါရန် ပြောသဖြင့် ကိုဗာစကီးသည် သူတို့အတွက် ဆုတောင်းပေးရသေးသည်။
ထို့နောက် ပွဲတော်ကြီး စလေပြီ၊ ပိုင်ရှင်နှင့် ကိုယ်စားလှယ်တို့က အလုပ်သမားများနှင့် သူတို့သားသမီးတို့အား ထမင်းဟင်းတို့ ကျွေးမွေးသည်။ ပူရီကျွေးသည်။ ထန်းရည်တိုက်သည်။ ကသူ က၊ ရယ်သူရယ်၊ သောက်သူသောက်ဖြင့် သူတို့အားလုံး သူတို့၏ဘဝကို မေ့ပစ်လိုက်ကြသည်။ ဘီသျှဝါကာမနတ်မင်းသည် ထောင်ပေါင်းများစွာသော ပန်းကုံးများအောက်မှ သူတို့ကို ကြည့်၍ ပြုံးပေလိမ့်မည်။ မိမိသည် အလုပ်သမားနှင့်အလုပ်ရှင်တို့အား အလုပ်ဖြင့် ညီညွတ်အောင် ပေါင်းစည်းပေးနိုင်သူ မဟုတ်ပေလော။
သို့ဖြင့် သူတို့သည် တစ်ညလုံး ပျော်ကြသည်။ တစ်နေရာမှ တစ်နေရာ၊ အလုပ်ရုံတစ်ခုမှ တစ်ခုသို့သွားပြီး ဘီသျှဝါကာမနတ်မင်း၏ပုံတော်ကို ကြည့်ကြသည်။ မည်သည့်စက်ရုံ၏ပုံတော်က အလှဆုံး၊ မည်သည့်စက်ရုံ၏ ပုံတော်က အကြီးဆုံးစသည်ဖြင့် အချင်းချင်း ဝေဖန်ကြသည်။
နောက်တစ်နေ့တွင်မူ စက်ရုံအသီးသီးမှ အလုပ်သမားများသည် မိမိတို့စက်ရုံတွင် ဆင်ထားသည့် ဘီသျှဝါကာမ၏ပုံတော်ကြီးကို ချယ်ဂါရီများပေါ်သို့ တင်ကြ၏။ အိုးစည်ဗုံမောင်းများဖြင့် ပုံတော်များကို ဟူဂလီမြစ်ကမ်းသို့ ပင့်လာကြ၏။ မြစ်ကမ်းရောက်သောခါ လှေများပေါ်သို့တင်ကာ မြစ်လယ်သို့ လာခဲ့ကြ၏။ ထို့နောက်တွင် ရွှံ့ရုပ်များ ရေနက်တွင် အရည်ပျော်စေသောငှာ လှေပေါ်မှ ရေထဲသို့ ပစ်ချကြ၏။ ဘီသျှဝါကာမနတ်မင်း သက်တော်ရာကျော် ရှည်ပါစေဟု ဆုတောင်းကြသည်။ထို့နောက်တွင်ကား သူတို့စက်ရုံများသို့ ပြန်လာကြကာ စက်များဘေးတွင် ခါတိုင်းကဲ့သို့ ပင်ပန်းကြီးစွာ အလုပ်လုပ်ကြပြန်လေသတည်း။
အပိုင်း(၄၀)ဆက်ရန်
--------------------
0 Comments