#သုခမြို့တော်
အပိုင်း(၃၂)
ကာလကတ္တားမြို့ရှိ ပြင်သစ်ကောင်စစ်ဝန်စာရေးသည် အခန်းတံခါးကိုပင် မခေါက်တော့ဘဲ ကောင်စစ်ဝန်၏ရုံးခန်းသို့ အူယားဖားယားဖြင့် ဝင်လာ၏။
“အပြင်မှာ အိန္ဒိယအမျိုးသမီးတစ်ယောက်ရောက်နေပါတယ် ကောင်စစ်ဝန်မင်း၊ ကောင်စစ်ဝန်နဲ့ ချက်ချင်း တွေ့ချင်တယ်တဲ့၊ သူနေတဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ပိုလန်အမျိုးသား သာသနာပြုတစ်ယောက် ကာလဝမ်းရောဂါ အသည်းအသန်ဖြစ်နေတယ်တဲ့၊ သူ့မှာ ပြင်သစ်နိုင်ငံကူးလက်မှတ်ပဲရှိတယ်တဲ့။ ဒါကြောင့်မို့ ပြင်သစ်ကောင်စစ်ဝန်ဆီကို လာတွေ့တာတဲ့၊ သူ့ကို ဆေးတိုက်ကို ပို့မယ်ဆိုတော့ မသွားဘူးလို့ ငြင်းနေပါတယ်တဲ့၊ အဲဒီဆင်းရဲသားရပ်ကွက်မှာရှိတဲ့ တခြားလူနာတွေလိုပဲ သူ့ကို ပြုစုပါလို့ ပြောတယ်တဲ့”
ပြင်သစ်ကောင်စစ်ဝန် ဂျူးမောင့်သည် အသက်ခြောက်ဆယ့်နှစ်နှစ် ရှိလေပြီ။ ဝတ်စုံကို အပြည့်အစုံ ဝတ်ထားပြီး အင်္ကျီတွင် ပြင်သစ်လီဂျင်းအော့အော်နား တံဆိပ်ကြီးကို ချိတ်ထား၏။
ပြင်သစ်ကောင်စစ်ဝန်သည် မုတ်ဆိတ်ကို ကုတ်လိုက်ပြီးနောက် ဧည့်ခန်းအဖြစ် လုပ်ထားသည့် အပြင်ဘက်စင်ကြံသို့ ထွက်လာခဲ့သည်။ အာရှတွင် ကောင်စစ်ဝန်လုပ်လာခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်ရှိလေပြီ။ ထိုနှစ်များအတွင်း၌ ပြင်သစ်အမျိုးသားတွေ၊ ပြင်သစ်နိုင်ငံကူးလက်မှတ် ဆောင်ထားသူတွေ သူ့ကို မကြာခဏလာ၍ ဒုက္ခပေးပေါင်းများလှလေပြီ။ ဟစ်ပီများ၊ ဆေးသမားများ၊ လေလွင့်နေသူများ၊ ကမ္ဘာလှည့်ခရီးသည်များ သူ့ထံ မကြာခဏလာရောက်ကာ အလုခံရသဖြင့် သူတို့ကို ဆိုင်ရာသို့ ပြန်ပို့ရသည့်အကြိမ်ပေါင်းမှာ မရေတွက်နိုင်တော့ပြီ။ သူ့ထံလာ၍ အကူအညီတောင်းသူမှန်သမျှကို တတ်နိုင်သမျှ အကူအညီပေးခဲ့သည်ချည်းဖြစ်၏။ သို့ရာတွင် အိန္ဒိယဆင်းရဲသားရပ်ကွက်ထဲတွင် လာနေသည့် ကာလဝမ်းရောဂါဖြစ်နေသော သာသနာပြုတစ်ယောက်ကိုမူ ယခုတစ်ကြိမ်သာ တွေ့ဖူးသေးသည်။
သုခမြို့တော်ရှိ သဟာယအသင်းမှ အမှုဆောင်များဖြစ်သည့် ရှန်တာနှင့် မာဂရီတာတို့ မနေ့က ကိုဗာစကီးထံ ရောက်လာသည့်အခါတွင် တဲစုတ်ကလေးထဲတွင် မြောနေသော ကိုဗာစကီးကို တွေ့ကြရသည်။ သူ့ကိုယ်မှာ ခန်းခြောက်လျက်ရှိလေပြီ။ သူ့ဘေးပတ်ဝန်းကျင်မှာလည်း အန်ဖတ်တွေ၊ အညစ်အကြေးတွေ ပေကျံလျက်။ ရောဂါပိုးတို့သည် သူ့ကိုယ်တွင်းမှ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို ဝါးမျိုစားသောက်လျက်ရှိသည်ထင်ရ၏။ သူ့ကြွက်သားများမှာလည်း ပျော့တွဲကျလျက်ရှိလေပြီ။အရိုးပေါ်တွင် အရေတင်လျက်ရှိသော သူ့အသားအရေသည် ကားကြက်ထားသည့်နှယ် တင်းနေလေပြီ။ ကိုဗာစကီးသည် သတိရနေသေးသည့်တိုင် စကားမပြောနိုင်တော့ပြီ။ စကားကလေးတစ်ခွန်း ထွက်နိုင်အောင် အားထုတ်ရခြင်းသည် သူ့ကိုယ်ထဲတွင် ကျန်သည့်နောက်ဆုံးအားအင်တို့ကို ယူဆောင်သွားတော့မည်လောဟုပင် ထင်ရသည်။
ရှန်တာနှင့် မာဂရီတာတို့သည် သူ့ရောဂါကို ချက်ချင်းသိလိုက်ကြသည်။ သူ့ရောဂါက အခြားမဟုတ်၊ ဒေါင်ဒေါင်မြည် ကျန်းမာသည့် လူကြီးတစ်ယောက်ကိုပင် ချက်ချင်း ဝိညာဉ်နုတ်ယူသွားနိုင်သည့် ကာလဝမ်းရောဂါဖြစ်သည်။
မနေ့ညကတည်းက ကိုဗာစကီးသည် ရောဂါလက္ခဏာတို့ကို သတိပြုမိခဲ့သည်။ ဗိုက်ထဲမှ ရစ်ရစ်နာကာ အိမ်သာသို့ မကြာခဏသွားခဲ့၏။ အပူရှိန်ပြင်းထန်သည့်တိုင် သူ့တစ်ကိုယ်လုံးသည် ခိုက်ခိုက်တုန်နေသည်။ လက်ဖျား၊ ခြေဖျားတွေ ယားလာသည်။ ထို့နောက်တွင် ကြွက်သားတွေ လှုပ်လာသည်။ သူ့ခြေထောက်များသည် ပြာစပြုလာကြသည်။ သူ့အသားအရေသည် ခြောက်ခန်းသွားကာ ရှုံ့တွတွန့်လိမ်စပြုလာသည်။ ချွေးတွေ မတရားထွက်ကာ တစ်ကိုယ်လုံး အေးစက်စပြုလာသည်။ သူ့မျက်နှာပြင်မှ ကြွက်သားများသည်လျော့ကျသွားကာ ပါးပြင်သည် မေးရိုးပေါ်တွင်ဆွဲ၍ ကားကျက်ထားသည့်နှယ် တင်းစပြုလာ၏။ ထို့နောက် နှာခေါင်း၊ နဖူးနှင့် ခေါင်းခွံတို့ပင်လျှင် တင်းလာသည်ဟု ထင်လိုက်ရသည်။ မျက်လုံးနှင့် ပါးစပ်တို့လည်း ကောင်းကောင်းဖွင့်မရချင်တော့ပြီ။ ကိုဗာစကီး၏ခန္ဓာကိုယ်သည် ဆတ်ခနဲ၊ ဆတ်ခနဲ တုန်စပြုလာ၏။ ရေသောက်ဖို့ ကြိုးစား၏။ သို့ရာတွင် သူ့လည်ချောင်းသည် အကြောတို့ မရှိတော့သည့်နှယ် မျို၍မရတော့ပြီ။ မနက်ငါးနာရီလောက်ရောက်သည့်အခါတွင်မူ သွေးလည်း ကောင်းကောင်း စမ်းမရတော့။ ထိုစဉ် ကိုဗာစကီးသည် သတိမေ့သွားသလိုဖြစ်သွားသည်။
အိပ်ရာမှ နိုးသည့်အခါတွင် ကိုဗာစကီးသည် အိမ်သာတက်ချင်လာပြန်သည်။ သို့ရာတွင် မတ်မတ်ပင် မရပ်နိုင်တော့ပြီ။ ဒူးထောက်၍လည်း မထိုင်နိုင်တော့ပြီ။ ထိုနေရာမှာပင် အခင်းကြီးသွားရတော့သည်။ ခဏကြာလျှင် သူသေတော့မည်ကို သိလေပြီ။ သို့ရာတွင် ကိုဗာစကီးသည် ထိတ်လန့်ခြင်း မဖြစ်မိ၊ အင်အားချည့်နဲ့နေဆဲမှာပင် ကိုဗာစကီးသည် သန္တိသုခကို ရနေသည်။ထိုသို့ သန္တိသုခကို ခံစားနေချိန်တွင် အိန္ဒိယအမျိုးသမီးနှစ်ယောက် ရောက်လာခြင်းဖြစ်သည်။ သို့ရာတွင် ရှန်တာနှင့် မာဂရီတာသည် သူတို့ဆရာကြီးကို သည်လိုအခြောက်တိုက် အသေမခံနိုင်။ မာဂရီတာသည် ရေအင်တုံတစ်လုံးကို ယူလာကာ သူ့ဆရာကြီး၏မျက်နှာနှင့်ကိုယ်ခန္ဓာကိုစိုစွတ်လာစေရန် ရေဖတ်တိုက်ပေးသည်။ မာဂရီတာသည် ဆရာကြီး၏ခန္ဓာကိုယ်တွင် ရေခန်းသွားခြင်း ရှိမရှိကို သတိထားကြည့်သည်။ ကိုယ်ခန္ဓာထဲသို့ ဆားရည်သွင်းပေးနိုင်မှသာ ဝမ်းရပ်သွားပြီး အသက်ရှင်နိုင်ကြောင်းကို သူသဘောပေါက်သည်။ သူတို့ဆရာကြီးကို အထူးကြပ်မတ်ကုသရေးဌာနသို့ ပို့မှဖြစ်တော့မည်။
“ဆရာကြီး သတိထားနော်၊ ဆရာကြီးကို ဘယ်လီဗျူး ပို့ပေးမယ်။ တောင့်ခံထားဦး” ဟု မာဂရီတာက သူ့ဆာရီစွန်းဖြင့် မျက်နှာကို ရေဆွတ် သုတ်ပေးရင်း ပြောသည်။
ကာလကတ္တားရှိ အဆင်းရဲဆုံးဆိုသော ဆင်းရဲသားများပင်လျှင် ပန်းခြံလမ်းမကြီးပေါ်ရှိ ဘယ်လီဗျူးဆေးတိုက်ကို သိကြသည်။ ကာလကတ္တားရှိ အတော်ဆုံးသော နာမည်ကြီးဆရာဝန်များသည် ထိုဆေးတိုက်သို့လာ၍ မာရဝါရီကုန်သည်ကြီးများကို ခွဲစိတ်ကုသပေးကြ၏။ အစိုးရအရာရှိကြီးများ၊ ကာလကတ္တားရှိ နိုင်ငံခြားသားများကို ကုသပေးကြ၏။ ထိုဆေးတိုက်တွင် နေရာထိုင်ခင်းသန့်ရှင်း၍ ဆေးဝါးပြည့်စုံသဖြင့် အနောက်တိုင်းရှိဆေးတိုက်စံချိန်များကို မီ၏။ ဘယ်လီဗျူးဆေးတိုက်သည် အနောက်တိုင်းသား သခင်ဆပ်တစ်ဦးဖြစ်သည့် သူတို့ဆရာကြီးကို ငြင်းဆန်မည်မဟုတ်ဟု မာဂရီတာ ယူဆသည်။
ကိုဗာစကီးသည် မျက်နှာကို ရှုံ့မဲ့လိုက်၏။ စကားပြောချင်သော်လည်း အသံမထွက်နိုင်တော့ပြီ။ မာဂရီတာသည် သူ့ကိုငုံ့ကြည့်သည်။ ကိုဗာစကီးသည် သူ့တဲစုတ်ကလေးမှ ဘယ်ကိုမျှ မထွက်ဟု ပြောချင်နေကြောင်းကို သူသဘော ပေါက်သည်။ သူ့ကို ရပ်ကွက်ရှိ လူဆင်းရဲများလို ကုသစေချင်ကြောင်း ပြောနေသည်ကို သူသဘောပေါက်သည်။ သုခမြို့တော်တွင် သည်လိုပင် ကာလဝမ်းရောဂါဖြစ်၍ သေဆုံးသွားကြသူများကို ကိုဗာစကီး မြင်ခဲ့ဖူးလေပြီ။ သူတို့သည် ဘယ်ဆေးရုံကိုမျှ မတက်ကြ။ သူတို့အထဲမှ အကြမ်းပတမ်းခံနိုင်ဆုံးသောသူများသည် အသက်ရှင်ကျန်ရစ်ခဲ့ကြပြီး မခံနိုင်သူတို့မှာ သေသွားခဲ့လေပြီ။ ကာလဝမ်းရောဂါဖြစ်သူ ဦးရေသည် မိုးတွင်းတွင်ဆိုလျှင် ပို၍များလာတတ်သည်။ ခုတင်မရှိခြင်း၊ ဆေးဝါးမပြည့်စုံခြင်း၊ ဆရာဝန် မလုံလောက်ခြင်းတို့ကြောင့် ဆေးရုံများကလည်း လာသမျှလူနာကို လက်မခံနိုင်ကြ။ထို့ကြောင့် ကိုဗာစကီးသည်လည်း အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် ဆေးရုံသို့တက်၍ ကုသခြင်း မပြုလိုပေ။
ကိုဗာစကီးက သူတို့ကို မမျှော်လင့်ဘဲ ငြင်းဆန်နေသည့်အခါတွင် ရှန်တာနှင့် မာဂရီတာတို့သည် အိမ်နီးနားချင်းများထံသို့ လာခဲ့ကာ အကူအညီတောင်းကြသည်။ အားလုံးကပင် ဘုရားရှိခိုးကျောင်းမှ သင်းအုပ်ဆရာကို သွားပြောရန် သဘောတူကြ၏။ သင်းအုပ်ဆရာကို သွားပြောလျှင် သူတို့အချင်းချင်း တိုင်ပင်ကာ ဘယ်လီဗျူးဆေးတိုက်သို့ ပို့ပေးလိမ့်မည်ဟု ယူဆကြသည်။ သို့ရာတွင် သွား၍ပြောသည့်အခါတွင် ဘုန်းတော်ကြီး ကော်ဒေရိုသည် အစတွင် အေးစက်စက်လုပ်နေပြီး နောက်ပိုင်း၌ ကိုဗာစကီး၏ ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်၍ ဘာမျှ မပြောလိုဟု ပြောင်ပြောင်တင်းတင်းပင် ငြင်းဆန်လိုက်သည်။
“ငါမြင်သလောက်တော့ နည်းလမ်းတစ်လမ်းပဲ ရှိတယ်။ ပိုလန်ကောင်စစ်ဝန်ကို အကြောင်းကြားရင် ကောင်းမယ်။ ပြင်သစ်ကောင်စစ်ဝန်ဆီကို အကြောင်းကြားရင်တော့ အကောင်းဆုံးပေါ့လေ။ သူက ပြင်သစ်နိုင်ငံကူးလက်မှတ်ကို ကိုင်ထားတာကိုး။ တာဝန်အရှိဆုံးကတော့ သူ့ကို နိုင်ငံကူးလက်မှတ်ပေးလိုက်တဲ့လူပဲ။ သူက ဒီနိုင်ငံခြားသားကို ထုံးစံအတိုင်း ဆေးကုခံအောင် ပြောရမှာပေါ့၊ နားချရမှာပေါ့”
ဤတွင် မာဂရီတာကို ထိုပုဂ္ဂိုလ်အား သွားပြောရန် တာဝန်ပေးလိုက်ကြသည်။ သို့ဖြင့် မာဂရီတာသည် ပြင်သစ်ကောင်စစ်ဝန်ရုံးသို့ ရောက်လာခဲ့ခြင်းဖြစ်၏။
ပြင်သစ်အလံကို လွှင့်ထားသည့် ပြင်သစ်လုပ် ပူဂျို ၅၀၄ ကားလေးတစ်စီးသည် ထိုနေ့ပိုင်းတွင် သုခမြို့တော်ရပ်ကွက်ထိပ် လမ်းမပေါ်သို့ ထိုးဆိုက်လာသည်။ ထူးထူးဆန်းဆန်း ရောက်လာသော သံရုံးကားကလေးကို မြင်သည့်အခါတွင် လူတွေ ကြိတ်ကြိတ်တိုးမျှ ဝိုင်းအုံနေကြသဖြင့် ကောင်စစ်ဝန် ဂျူးမောင့်သည် လူတွေကြားထဲမှ မနည်းတိုး၍ လာရသည်။ ဂျူးမောင့်သည် ရွှံ့ဗွက်တွေ ထနေသော လမ်းကျဉ်းကလေးထဲတွင် ဘောင်းဘီကို ဒူးဆစ်ထိအောင် မ,တင်ရသည်။ အနံ့အသက်တွေကလည်း ဆိုးလိုက်သည့်ဖြစ်ခြင်း။ ဂျူးမောင့်သည် လမ်းတွင် နှစ်ကြိမ် သုံးကြိမ်မျှရပ်ကာ အော်ဂလီဆန်သဖြင့် သူ့နဖူးနှင့် လည်ပင်းတွင် စီးကျလာသည့် ချွေးတို့ကို သုတ်သည်။ ဂျူးမောင့်သည် အာရှတိုင်းပြည်များတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ဖူးသူတစ်ယောက်ဖြစ်၏။ သို့ရာတွင် ထိုမျှ ညစ်ပတ်စုတ်ချာသော ပတ်ဝန်းကျင်ကို တစ်ခေါက်မျှ မရောက်ဖူးသေး။ ဗွက်များကို ရှောင်ကွင်းလာရင်း ထိုမျှ စုတ်ချာသောပတ်ဝန်းကျင်တွင် လာနေသည့် ကိုဗာစကီးသည် အရူးတစ်ယောက်ဖြစ်ရမည်ဟုပင် တွေးမိသေးသည်။ တဲအမှောင်ထဲတွင် လဲနေသည့် ဖျော့တော့ ပိန်ချုံးနေသည့် ကိုဗာစကီးကို မြင်သည့်အခါတွင် ပြင်သစ်ကောင်စစ်ဝန် ဂျူးမောင့်သည် အတင်းလုပ်ယူရသော အသံဖြင့် နှုတ်ဆက်သည်။
“မင်္ဂလာနေ့ပါ ဆရာကြီး၊ ပြင်သစ်သမ္မတနိုင်ငံကြီးက နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်က ကာလကတ္တားမှာရှိတဲ့ ပြင်သစ်ကောင်စစ်ဝန်ပါ”
ကိုဗာစကီးသည် မျက်လုံးများကို အနိုင်နိုင် ကြိုးစား၍ ဖွင့်ကြည့်သည်။
“ကျွန်တော့်ကို ဘာဖြစ်လို့ လာကြည့်နေရတာလဲဗျာ” ဟု ကိုဗာစကီးက လေသံသဲ့သဲ့ဖြင့် မေးသည်။
“ကိုယ့်နယ်မှာရှိတဲ့ ကိုယ့်နိုင်ငံသားတစ်ယောက်ကို စောင့်ရှောက်ဖို့ ကောင်စစ်ဝန်တစ်ယောက်မှာ တာဝန်ရှိတယ်လေ”
“ကျေးဇူးတင်ပါတယ် ကောင်စစ်ဝန်မင်း၊ ဒါပေမယ့် ဒီမှာ ကျွန်တော့်ကို စောင့်ရှောက်မယ့် မိတ်ဆွေတွေ ရှိပါတယ်”
“အဲဒီမိတ်ဆွေတွေက ကျွန်တော့်ကို လာအကြောင်းကြားလို့ ကျွန်တော် လာရတာပါ။ ခင်ဗျား ကျန်းမာရေးအခြေအနေက...”
“ဘာလဲ ကျွန်တော့်ကို ပြန်ပို့မလို့ပေါ့ ဟုတ်လား။ ခု...ခင်ဗျားကလည်း ကျွန်တော့်ကို ပြန်ပို့ဖို့ လာတာပေါ့။ ကျန်းမာရေးအခြေအနေမကောင်းလို့ ပြန်ပို့မယ်ပေါ့။ ဒီလောက် ဒုက္ခမခံပါနဲ့ဗျာ၊ ကျွန်တော့်ကို ခုလို ဂရုတစိုက်လာကြည့်တဲ့အတွက် ကောင်စစ်ဝန်မင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ ကျွန်တော့်အတွက် မလိုအပ်တဲ့ ငွေတွေကို ဖြုန်းတီးပစ်နေမှာလဲ။ ကျွန်တော့်လို ဆင်းရဲသားရပ်ကွက်မှာနေတဲ့ လူမျိုးကို ပြန်ပို့စရာမလိုပါဘူး”
ကိုဗာစကီးသည် ခေါင်းအုံးပေါ်တွင် ခေါင်းကို ပြန်မှီလိုက်ကာ မျက်လုံးများကို မှိတ်လိုက်၏။ ကိုဗာစကီးက လေသံခပ်ပြတ်ပြတ် ပြောလိုက်သည့်တိုင်ကောင်စစ်ဝန်သည် အလျှော့မပေးသေး။ “တော်တော် အပြောရခက်တဲ့လူ” ဟု သူတွေးသည်။ကောင်စစ်ဝန်သည် အတန်ကြာ စဉ်းစားနေပြီးမှ သူလက်ခံနိုင်မည့် အချက်ကို တင်ပြသည်။
“အေးလေ၊ ပြန်မပို့ရဘူးဆိုရင်လဲ အနည်းဆုံး ဆေးတိုက်ကောင်းကောင်းတစ်ခုမှာတော့ တက်ကုဖို့ လိုတာပေါ့။ ခင်ဗျား အသက်ရှင်နေသေးတယ်ဆိုရင် ခင်ဗျားမိတ်ဆွေတွေရဲ့ အကျိုးအတွက် ခင်ဗျား လုပ်နိုင်တာပေါ့။ ခင်ဗျား သေသွားရင် ဘာလုပ်နိုင်တော့မှာလဲ”
“ကျွန်တော့်ဘဝကို ဘုရားဆီမှာ လှူပြီးပြီ ကောင်စစ်ဝန်မင်း၊ ဘုရားအလိုတော်အတိုင်းပဲ ဖြစ်ပါစေတော့”
“ဟုတ်ပါတယ်၊ ဘုရားအလိုအတိုင်း ဖြစ်ရမှာပေါ့။ ခင်ဗျား နေထိုင်မကောင်းတာကို ကျွန်တော်လာတွေ့ပြီး ဆေးရုံတက်ဖို့ ပြောတာကိုက ဘုရားအလိုတော်အတိုင်းမှန်လို့ ဒီကို ရောက်လာရတာပေါ့”
ထိုစကားကိုမူ ကိုဗာစကီး ငြင်းနိုင်ဟန် မတူတော့။ သူ့စကားက ယုတ္တိကျသည်ဟု သူတွေးမိသည်။
“အေးလေ၊ ဒါတော့ ဟုတ်ချင် ဟုတ်မှာပေါ့”
“ဒီလိုဆိုရင် ခင်ဗျားကို ဆေးရုံတင်ပေးဖို့ ခင်ဗျားမိတ်ဆွေတွေကို ခွင့်ပြုလိုက်ပါ”
“လူတိုင်းတက်လို့ရတဲ့ ဆေးရုံတစ်ရုံကို ပို့ပေးပါ၊ ဒါပေမယ့် လူချမ်းသာတွေချည်းသာ တက်လို့ရတဲ့ ဆေးတိုက်တို့ ဘာတို့ကိုတော့ မပို့ပါနဲ့”
သည်လောက်ဆိုလျှင် သူ့ရည်ရွယ်ချက် တစ်ဝက်လောက်အောင်ပြီဟု ဂျူးမောင့် ယူဆသည်။ နောက်ထပ် စိတ်ရှည်ရှည်ထား၍ ဆွေးနွေးလိုက်လျှင် ကိုဗာစကီးသည် သူ့တင်ပြချက်ကို လက်ခံလာလိမ့်မည်ဟု ဂျူးမောင့်တွေးသည်။
“မြန်မြန် ပျောက်သွားတော့ ကောင်းတာပေါ့ဗျာ၊ ကိုယ်လုပ်ချင်တာတွေကို လုပ်နိုင်တာပေါ့”
“ကျွန်တော့်ဆန္ဒကတော့ လုပ်ချင်တာတွေကို လုပ်ဖို့ မဟုတ်ဘူး ကောင်စစ်ဝန်မင်း၊ ကျွန်တော့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ကြည့်ပြီး အရှက်မရအောင် နေဖို့”
“ဟုတ်ပါတယ်၊ ကျွန်တော် နားလည်ပါတယ်၊ ခင်ဗျားကို ကုသဖို့အတွက် ဆင်းရဲသားတွေဆီက တစ်ပြားတစ်ချပ်မှ မကောက်ပါဘူး၊ ကျွန်တော်တို့ကောင်စစ်ဝန်ရုံးက အကုန်အကျခံမှာပါ”
ကိုဗာစကီးသည် သက်ပြင်းချလိုက်သည်။ ဤမျှလောက် စကားပြောရလျှင်ပင် သူ့အဖို့ တော်တော်ပန်းနေလေပြီ။
“ကျေးဇူးတင်ပါတယ် ကောင်စစ်ဝန်မင်း၊ ကျွန်တော်ပြောနေတာက ပိုက်ဆံတွေကို ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော့်ကို စေတနာနဲ့ ကူညီစောင့်ရှောက်တဲ့ ကျွန်တော့်အိမ်နီးနားချင်းတွေကို လေးစားဖို့ကိစ္စပါ၊ ခု ကျွန်တော်ဖြစ်နေတဲ့ရောဂါဟာ ဘုရားအလိုတော်အရဖြစ်နေတဲ့ ရောဂါပါ၊ ဒီတော့ ကျွန်တော့်ကို နောက်ထပ် မတောင်းပန်ပါနဲ့တော့”
ကိုဗာစကီးသည် တစ်ချက်မျှ လှုပ်ပြီးနောက် ငြိမ်ကျသွား၏။ ကောင်စစ်ဝန် ဂျူးမောင့်သည် မလှုပ်မယှက်ဖြစ်နေသည့် ခန္ဓာကိုယ်ကို အတန်ကြာ စိုက်ကြည့်နေသည်။ ကိုဗာစကီး၏အသက်ရှူသံက နှေးလိုက် မြန်လိုက်။
တဲအပြင်ဘက်တွင်မူ ရှန်တာ၊ မာဂရီတာ၊ မာဘူ၊ ဆူရေးယား၊ ဂျွန်၊ ဆာလာဒင်၊ အရစ္စတိုတယ် စသည့် အိမ်နားနီးချင်းများသည် စိုးရိမ်တကြီးဖြင့် တဲဆီသို့ ကြည့်နေကြသည်။ တဲထဲမှ ကောင်စစ်ဝန် ထွက်လာသည့်အခါတွင် သူတို့သည် အနီးသို့ ဝိုင်းအုံလာကြ၏။
“ဘယ့်နှယ်နေသေးသလဲဟင်” ဟု မာဂရီတာက မေးသည်။
ကောင်စစ်ဝန်က လည်စည်းကို ပြင်လိုက်လျက် ..
“တစ်ဝက်ပဲ အောင်ခဲ့တယ်ဗျ။ ဆေးတိုက်ကို တင်ဖို့ကတော့ လုံးလုံး လက်မခံဘူး၊ ဒါပေမယ့် လူတိုင်း တက်လို့ရတဲ့ ဆေးရုံတစ်ရုံကိုတော့ တက်မယ်တဲ့၊ အဲဒါ သူ့စကားအတိုင်း ပြောတာပဲ၊ အေးလေ၊ သူ့ဆန္ဒအတိုင်း လုပ်ပေးရမှာပေါ့”
* * *
ကောင်စစ်ဝန် ထွက်သွားသည်နှင့် မာဂရီတာသည် လန်ချားတစ်စီးကို ခေါ်ကာ ကိုဗာစကီးကို ဆေးရုံကြီးသို့ ခေါ်လာခဲ့သည်။
ဆေးရုံကြီးရှေ့ မြက်ခင်းပြင်မှာ ညီညာစိမ်းလန်းနေ၏။ ရေကန်၊ ရေပန်းတွေနှင့် ဗိုလ်ကတော် မျက်ခုံးပင်ကလေးတွေ တစ်ဖက်တစ်ချက် စိုက်ထားသည့် ကျောက်လမ်းကလေးကလည်း ဖြောင့်တန်းလျက်။ အပြင်ပန်းကြည့်လိုက်လျှင် သာယာသည့် ပတ်ဝန်းကျင်ကလေးတစ်ခုဖြစ်သည်။ အရေးပေါ်အခန်းထဲတွင် အနီရောင်ဖြင့်ဆေးရုံကြီးထဲသို့ ဝင်ရမည့်လမ်းကို ပြထားသည်။ တံခါးနှစ်ရွက်ကမူ ကျိုးပဲ့လျက်ရှိလေပြီ။
မာဂရီတာသည် လန်ချားသမားကို ပြန်လှည့်ခိုင်းမည် စိတ်ကူးလေ၏။ သုခမြို့တော်တွင် တွေ့ခဲ့ရသည့် ပတ်ဝန်းကျင်ကိုပင်လျှင် မာဂရီတာ ထိုမျှထိတ်လန့်ခြင်းမဖြစ်မိ။ သွေးစွန်းနေသော ပတ်တီးစများ၊ ဂွမ်းဖတ်များသည် စင်ကြံပေါ်တွင် ပြန့်ကြဲနေကြသည်။ ကျိုးပဲ့နေသော လူနာကုတင်ဟောင်းများပေါ်တွင် အမှိုက်သရိုက်တွေ လာ၍စုပုံထားသည်။ ပေါက်ပြဲနေသော မွေ့ရာများထဲတွင် ကြမ်းပိုးတွေ တရွရွသွားနေသည်ကို အတိုင်းသားမြင်နေရ၏။ ဘယ်နေရာကိုပင်သွားသွား ကြမ်းပြင်ပေါ်တွင် အမှိုက်သရိုက်၊ အပျက်အစီး၊ အစအနတွေရှောင်၍မလွတ်။
အဆိုးဆုံးမှာ ထိုဆေးရုံကြီးကိုလာ၍ တစ္ဆေခြောက်သကဲ့သို့ရှိနေသော လူနာများ၏မြင်ကွင်းကိုပင်ဖြစ်သည်။ နှလုံးရောဂါ၊ မေးခိုင်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ တိုက်ဖက်စ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ကူးစက်တတ်သောရောဂါ စသည့် အသည်းအသန်ဖြစ်သော လူနာများ၊ မီးလောင်သည့်လူနာ၊ ခြေလက်တို့ကို ဖြတ်ထားရသည့်လူနာ၊ ထိခိုက်ဒဏ်ရာရသည့်လူနာ စသည့် လူနာပေါင်းစုံတို့သည် ဆေးရုံကြီးတစ်ရုံလုံးတွင် မြင်မကောင်းအောင် ဖြစ်နေသည်။ အချို့မှာ ကြမ်းပြင်ပေါ်တွင် ပိုးလိုးပက်လက်။
မာဂရီတာသည် ဝါးဖြင့်လုပ်ထားသည့် ထမ်းစင်ကလေးတစ်ခုကို ပစ္စည်းပုံတစ်ပုံကြားမှ သူကိုယ်တိုင် ဆွဲယူလာခဲ့ကာ သတိမေ့နေသည့် ကိုဗာစကီးကို ထမ်းစင်ပေါ်သို့ တင်သည်။ လူနာကို မည်သူမျှ လာရောက်စစ်ဆေးခြင်း မပြုသည့်အတွက် မာဂရီတာသည် အမျိုးသားသူနာပြုတစ်ဦးလက်သို့ ငွေစက္ကူတစ်ရွက် အသာထည့်လိုက်ကာ ဆားငန်ရည်နှင့် ဆေးထိုးအပ်တစ်ချောင်းကိုတောင်းရသည်။ သူကိုယ်တိုင် ဆေးထိုးအပ်ကို လူမမာ၏လက်မောင်းတွင် စိုက်သည်။ ထို့နောက် ကာလဝမ်းရောဂါတိုက်ဖျက်ဆေးများကို တောင်းသည်။ သို့ရာတွင် အခြားသောဌာနများကဲ့သို့ပင် ဆေးရုံကြီးတွင်လည်း ဆေးလုံလုံလောက်လောက်မရှိ။ ဆေးရုံကြီးက ဆေးများကို ခိုးထုတ်ပြီး အပြင်ဆေးတိုက်များသို့ ရောင်းနေသည့်ကိစ္စနှင့်ပတ်သက်၍ သတင်းစာများက ဖော်ထုတ်ရေးသားခဲ့ကြသော်လည်း ဘာမျှအကြောင်းမထူး။
“ရေ... သောက်ချင်တယ်”
ကိုဗာစကီးသည် မျက်လုံးများကို ဖွင့်ကာ ခြောက်အိပ်မက်ထဲက ကမ္ဘာကြီးနှင့်တူသော ပြည်သူ့ဆေးရုံကြီးကို မျက်စိဖွင့်၍ ကြည့်သည်။ သူ့ခုတင်ဘေးတွင် ရေချိုင့်နှင့်တူသည့် အရာဆို၍ ဘာမျှမရှိ။ ကောင်လေးတစ်ယောက်က သားရေဘူးဖြင့်ထည့်ကာ လူနာများထံ မကြာခဏ ရေလာရောင်းသည်။ ရေတစ်ခွက်ကို ငါးမူးပေးရသည်။ စင်ကြံအဆုံးတွင် အိမ်သာများရှိ၏။ အိမ်သာမှာ တံခါးမရှိတော့ပြီ။ ရေပိုက်များကလည်း ပိတ်ဆို့နေကြလေပြီ။ အညစ်အကြေးများသည် လျှံထွက်ကာ စင်ကြံတစ်လျှောက် စီးဆင်းနေကြသည်။ ယင်ကောင်တို့အဖို့ကား ပွဲတော်ကြီးပေတည်း။
သို့ဖြင့် လူနာ ရာပေါင်းထောင်ပေါင်းများစွာတို့သည် ဆေးရုံတွင် ခုတင်စုတ်ကလေးတစ်လုံးရရန် သို့မဟုတ်လျှင်လည်း ကြမ်းပြင်တစ်နေရာစာကလေးရရန် တန်းစီနေကြသည်။ တချို့မှာလည်း ရောဂါမပျောက်လျှင်နေ၊ အစားအသောက်ကလေး နည်းနည်းပါးပါး စားရလျှင် တော်ပြီဆိုသည့် သဘောဖြင့် ဆေးရုံလာတက်ကြခြင်းဖြစ်သည်။ ကုသဆောင်တွင်သာမဟုတ်၊ ဆေးရုံကြီးရှိ အခြားမွေးလူနာဆောင်တွင်လည်း ခုတင်တစ်လုံး၊ မွေ့ရာတစ်ခုပေါ်တွင် ကလေးအမေ သုံးယောက်နှင့် ကလေးသုံးယောက်မျှ နေကြရသည်။ ထိုအခြေအနေမျိုးသည် မွေးကင်းစကလေးတစ်ဦး အသက်ရှူကျပ်၍ ချက်ချင်း သေသွားနိုင်သော အခြေအနေမျိုးဖြစ်၏။ ဆေးရုံကြီးတွင် တွေ့ကြုံနေရသည့် ပေါ့လျော့မှု၊ အကျင့်ပျက်မှု၊ ခိုးမှုတို့ကို သတင်းစာများကလည်း ဝေဖန်ရေးသားနေကြသည်။
ကိုဗာစကီး တက်နေသည့် ဆေးရုံကြီးတွင် ကိုဘော့ရောင်ခြည်ဖြင့် ကုသသည့် စက်တစ်လုံးရှိ၏။ သို့ရာတွင် ထိုစက် သုံးမရသည်မှာ လပေါင်းများစွာ ကြာလေပြီ။ ထိုစက်ကိုပြင်လျှင် ငွေပေါင်း ခြောက်ထောင့်ရှစ်ရာ ကုန်ကျမည်ဖြစ်ရာ ထိုစရိတ်ကို လှူမည့်သူတစ်ဦးတစ်ယောက်မျှ မပေါ်သေး။ နှလုံးပြန်ခုန်လာအောင်လုပ်သည့် စက်မှာလည်း လေအေးစက်မရှိသည့်အတွက် ပိတ်ထားရသည်မှာ ကြာလေပြီ။ ဆေးရုံကြီးတွင် နှလုံးစစ်သည့် အီးစီဂျီစက် ဆယ့်နှစ်လုံး ရှိရာ ဆယ်လုံးမှာ ပျက်နေသည်။ ဆေးရုံအဆောင်တိုင်းတွင် ရှိရမည့် အောက်ဆီဂျင်ဘူးနှင့် ပိုးသတ်ရန်ထားသည့် ဓာတ်ငွေ့ဘူးများလည်း မရှိ။ ကာလကတ္တားတွင်ရှိသည့် ဆေးရုံများမှ စက်များအနက် အလုပ်လုပ်နေသည့်စက်ဆို၍ ဂိုဗရာစိတ်ရောဂါအထူးကုဆေးရုံရှိ လျှပ်စစ်ဓာတ်အားဖြင့် ကုသည့် စက်တစ်လုံးသာလျှင် ရှိ၏။ သို့ရာတွင် ထိုစက်သည်ပင်လျှင် တစ်ခါတစ်ရံတွင် လျှပ်စစ်ဓာတ်အား ပြတ်သဖြင့် ကောင်းကောင်းမလည်နိုင်။
ဆေးရုံကြီးတွင် ခွဲစိတ်ဆောင်သစ်ကြီးများ ဆောက်လုပ်ပြီးစီးသွားသော်လည်း ထိုအဆောင်ကို မဖွင့်နိုင်သေး။ သက်ဆိုင်ရာကျန်းမာရေးဌာနက ဓာတ်လှေကားမောင်းသူတစ်ယောက် မခန့်သေးသည့်အတွက် ဖြစ်သည်ဆို၏။ ကျွမ်းကျင်သူများနှင့် ဓာတ်မှန်ပြားများ မရှိသဖြင့် ဓာတ်မှန်ရိုက်လိုသူတစ်ယောက်သည် လပေါင်းများစွာကြာအောင်စောင့်နေရသည်။ ဘူတာကြီးနားက ဆီလဒါဆေးရုံတွင်ဆိုလျှင် သူနာတင်ကား ဆယ့်နှစ်စီးအနက် ဆယ့်တစ်စီးမှာ စက်ပျက်၍ ဘာမှမသုံးရတော့။ အမိုးတွေလည်း ပိန်ရှုံ့နေပြီ။ အင်ဂျင်စက်ကိုလည်း ခိုးသွားကြပြီ။ ဘီးတွေလည်း မရှိကြတော့။ အချို့သောဆေးရုံများ၊ ဆေးပေးခန်းများတွင်ဆိုလျှင် ခွဲစိတ်ဓား၊ ညှပ်၊ ကလစ်နှင့် ကြောင်အူများ မရှိတော့ဘဲ ဆေးသေတ္တာများမှာလည်း ဟာလာဟင်းလင်းဖြစ်နေကြသည်။ အထဲရှိ ပစ္စည်းများကိုမူ ဝန်ထမ်းများက ခိုးယူသွားခဲ့ကြလေပြီ။ သူတို့ မခိုးဘဲ ကျန်သည့်ပစ္စည်းများမှာလည်း တုံး၍ သံချေးတက်နေသော ပစ္စည်းများသာဖြစ်သည်။
ကြောင်အူများမှာလည်း အဆွေးများဖြစ်သဖြင့် ချုပ်ရိုးတွေ မကြာခဏ ပြတ်သတ်ကုန်ကြသည်။ ဆေးရုံများစွာတွင် သွေးပိုသိုလှောင်ထားခြင်းမရှိ၊ ခွဲစိတ်ကုသမှုများလုပ်လျှင် သက်ဆိုင်ရာလူနာနှင့် ဆွေမျိုးသားချင်းများက ဟာစရီပါးတို့တစ်တွေရောင်းထားသည့် သွေးလှောင်ဌာနများတွင် သွား၍ ဝယ်ကြရသည်။ သွေးစုပ်သမားများသည် ထိုသို့သောလုပ်ငန်းမှနေ၍ အမြတ်အစွန်းတွေရကာ ချမ်းသာနေကြသည်။ ဆေးရုံပွဲစားအချို့လည်း ရှိသေးသည်။ သူတို့က လူနာများ အထူးသဖြင့် တောမှတက်လာသည့် လူနာများအား ဆေးရုံတက်ရအောင် လုပ်ပေးမည်၊ ဓာတ်မှန်ရအောင် လုပ်ပေးမည် ဆိုကာ ငွေညှစ်ကြသည်။ အချို့မှာ မတန်တဆ ပေးရပြီး အချို့မှာလည်း ပွဲစားလိမ်များ ထွက်ပြေးသဖြင့် ငွေဆုံးကြရသည်။ အချို့ကလည်း သူတို့ကိုယ်သူတို့ ဆရာဝန်ဟန်ဆောင်ကာ သူတို့ဖွင့်ထားသည့် ဆေးခန်းများသို့ ခေါ်သွားပြီး စမ်းသပ်ခယူကြသည်။ သူတို့ဖွင့်ထားသည့် ဆေးတိုက်များတွင် သူတို့နှင့် အပေါင်းပါ ဆရာမများက ဆေးစစ်ပေးကြသည်။
အချို့ ဆေးရုံများတွင်ဆိုလျှင် လူနာများအတွက်ပေးသည့် အစားအသောက်များကိုပင် ခိုးထုတ်ကြသည်။ ခိုးထုတ်လွန်းသဖြင့် အစားအသောက်ပို့လျှင် သော့ခတ်ထားသည့် အလုံကားကြီးများဖြင့် ပို့ရသည်။ ဆေးရုံအတွက် ထုတ်ပေးသော နို့ဆီစသည်တို့ကို အနီးတစ်ဝိုက်ရှိ လက်ဖက်ရည်ဆိုင်များသို့ ခိုးရောင်းကြသည်။ ကြက်ဥနှင့် သကြားဆိုလျှင် ဆေးရုံအနီးတစ်ဝိုက်တွင် ပေါက်ဈေးထက် နှစ်ဆ သက်သာသည်။ ထိုမျှသာ ခိုးကြသည်မဟုတ်၊ ဆေးရုံမှ တံခါးရွက်ကြီးများ၊ မှန်ပြတင်းများကိုပင် ချမ်းသာမပေးကြ။ တချို့ဆေးရုံများတွင်ဆိုလျှင် ဖန်သီးများကို ခိုးသွားကြသဖြင့် ညအလုပ်လုပ်လျှင် ဖယောင်းတိုင်ထွန်း၍ အလုပ်လုပ်ကြရသည်ဟု သတင်းစာများအရ သိရသည်။
သို့ရာတွင် အဆိုးထဲတွင် အကောင်းကလေးတွေရှိနေသေး၍ တော်သေးသည်ဟု ဆိုရမည်။ ယင်းမှာ အခြားမဟုတ်။ မိမိတို့ဘဝတူအချင်းချင်း၊ ဆင်းရဲသားအချင်းချင်း ကူညီရိုင်းပင်းသည့်အလေ့ဖြစ်သည်။ ကိုဗာစကီးနှင့် မွေ့ရာနှစ်ချပ်ခြား၊ သုံးချပ်ခြား ကြမ်းပြင်ပေါ်တွင် ကားတိုက်မှုဖြစ်သဖြင့် ဒဏ်ရာရသောကြောင့် ခေတ်သစ်ခွဲစိတ်မှုပညာတွင် အခက်ခဲဆုံးသော ခွဲစိတ်မှုတို့ဖြင့် ကုသခံနေသည့် လူနာတစ်ယောက်ရှိသည်။ ယင်းမှာ ခါးရိုးသွင်သွင်ကျိုးသွားသဖြင့် ကျောရိုးကိုခွဲစိတ်၍ ဆက်ပေးရသည့်ကိစ္စဖြစ်သည်။ ညစ်ပတ်ပေရေ၍ အောက်ကျနောက်ကျနိုင်လှသော လူနာဆောင်ကြီးထဲတွင် အနားရှိလူမမာများသည် သူ့ကို ကောင်းစွာ ဂရုစိုက်ကြသည်။ မနက်လင်းလျှင် သူနာပြုဆရာမများက သူ့ကိုတွဲထူကာ လမ်းလျှောက်နိုင်အောင် လေ့ကျင့်ပေးကြသည်။ အလုပ်တွေအလွန်များသည့် ခွဲစိတ်ဆရာဝန်ကလည်း သူ့ကို ဂရုတစိုက် လာရောက်စစ်ဆေး အားပေးတတ်သည်။ သူနှင့် မလှမ်းကမ်းတွင်မူ ကလေးအမေတစ်ယောက်သည် ပုခက်ထဲတွင် ထည့်ထားသည့် ကလေးငယ် လူမမာအနီးတွင် ထိုင်ကာ ကလေးကို ပြုစုနေသည်။ သူ့ကလေးငယ်မှာ ဝက်သက်ပေါက်သဖြင့် ဆေးရုံသို့ တင်ထားရခြင်းဖြစ်၏။ သို့ရာတွင် သူ့ကို မည်သူကမျှ မောင်းချခြင်းမပြု။ ကုသဆောင်သို့ အစာလာပို့သည့် သူနာပြုကဆိုလျှင် သူ့အတွက်ပင် ထမင်းတစ်ပန်းကန် အပိုပေးသွားတတ်သေးသည်။
သူတို့အချင်းချင်းကြားက စာနာမှု၊ ရိုင်းပင်းမှုမှာ တကယ်အံ့သြဖို့ကောင်းသည်။ တချို့လူနာများသည် သူတို့အိပ်ရာထဲမှ ဖင်ဒရွတ်ဆွဲ၍လာကာ ကိုဗာစကီးထံလာပြီး ဆေးစာအညွှန်းကို အဖတ်ခိုင်းတတ်သည်။ မျက်နှာမွဲလူနာတို့ကို အလွန်ဂရုစိုက်ကြသည့် ဆရာဝန်များကို တွေ့လျှင် ကိုဗာစကီး သာဓုခေါ်မိသည်။လူမဆန်သော ထိုမြို့တော်ကြီးတွင် လူဆန်သောမြင်ကွင်းကလေးများကို တွေ့ရသေးသဖြင့် သူစိတ်ချမ်းသာသည်။
* * *
မာဂရီတာလုပ်ခဲ့သည့် ကိစ္စကို ကိုဗာစကီးသိလျှင် စိတ်ဆိုးမည်အမှန်။ မာဂရီတာသည် ပန်ကာအောက်တည့်တည့်တွင် ကိုဗာစကီးအတွက် ခုတင်တစ်လုံးရအောင် သူနာပြုဆရာမကို ငွေနှစ်ဆယ်ပေးခဲ့ရသည်။ ဤသည်မှာလည်း ဘာမျှမဆန်းပါ။ ပိုက်ဆံမပေးနိုင်သဖြင့် ထိုနေရာကလေးကို နောက်လူက ဝယ်လိုက်သောကြောင့် ဆေးရုံက ဆင်းခဲ့ရသူတွေ ဒုနဲ့ဒေးရှိခဲ့ပြီ မဟုတ်လော။
မာဂရီတာသည် သူတို့ဆရာကြီးအတွက် လိုအပ်သည့် ဆားငန်ရည်၊ ဆေးဝါး၊ အစားအသောက်တို့ကို နေ့တိုင်း ယူလာခဲ့သည်။ ထိုသို့မဟုတ်လျှင် ကိုဗာစကီးသည် အစောကြီးတည်းကပင် သေလောက်နေပြီ။ မာဂရီတာသည် သူတို့ ရပ်ကွက်ကလေးထဲတွင် ဆရာကြီးအတွက် ရန်ပုံငွေလိုက်ကောက်သည်။ ဆရာကြီးအတွက် အားလုံးကလည်း စေတနာထက်သန်စွာ လှူဒါန်းကြသည်။ မာဘူ၏ကလေးများက မီးရထားလမ်းဘေးတွင် ကျကျန်ခဲ့သည့် ကျောက်မီး သွေးခဲကလေးများကို လိုက်ကောက်ကာ ဆရာကြီး မီးလှုံဖို့ ရှာပေးကြသည်။ ဟိန္ဒူလက်ဖက်ရည်ဆိုင်ပိုင်ရှင် အဘိုးကြီးက သူ့အတွက် နို့ဆီ၊ သကြား စသည်တို့ ပို့ပေးသည်။ တစ်လောက အဆုတ်ရောဂါဖြင့် သေသွားသည့် ကလေး၏အမေက ဆရာကြီး၏အဝတ်စုတ်တို့ကို ယူ၍ ချုပ်ပေးသည်။ ကိုယ်ရေပြားရောဂါသည်များကပင်လျှင် သူတို့ နေ့စဉ် တောင်းရမ်း၍ရသမျှကလေးထဲမှ သူ့အတွက် လာလှူကြသည်။ ကိုဗာစကီးသည် သူ့ရောဂါအတွက် အများသူငါ ဆင်းရဲသားများကဲ့သို့ ဆေးရုံတက်ချင်သည်ဆိုလျှင် သူ့ရည်ရွယ်ချက်သည် အောင်မြင်ခြင်းမရှိ၊ သူ့ကို အားလုံးက ဝိုင်းဝန်းထောက်ပံ့ကြသည့်အတွက် သူလိုသည်ထက်ပင် ပိုနေသေးသည်။
အပိုင်း(၃၃)ဆက်ရန်
--------------------
0 Comments