သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၃၃)

#သုခမြို့တော်

အပိုင်း(၃၃)

ကာလကတ္တားမြို့ကြီးတွင် ထိုနေ့က လန်ချားတစ်စီးမျှ ပြေးဆွဲခြင်းမရှိ။ လန်ချားများအားလုံးသည် ဆွဲမည့်သူ ကင်းလျက်။ ထိုသို့သော နေ့မျိုးကို ကာလကတ္တားတွင် တစ်ခါမျှမကြုံဖူးသေး။ ကမ္ဘာတွင် နောက်ဆုံး လူမြင်းတို့၏ ပထမဆုံးသောသပိတ်ကြီး ပေါ်ပေါက်သဖြင့် ကာလကတ္တားတစ်မြို့လုံး၏အသွားအလာ အများဆုံးသော ပို့ဆောင်ရေးစခန်းကြီးသည် မလှုပ်မရှားနိုင်အောင် ဖြစ်သွားခဲ့သည်။

“ဒါပေမယ့် ခက်တာက သပိတ်မှောက်တယ် ဆိုတာ လူဆင်းရဲတွေ လုပ်တဲ့ အလုပ် မဟုတ်ဘူးဗျ။ လူချမ်းသာတွေမှလုပ်နိုင်တာ” ဟု ဟာစရီပါးက သံဝေဂသံဖြင့် ပြောသည်။

“ရဲရဲတောက် ဆုံးဖြတ်ချက်တွေ ချတာကတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် ဗိုက်ကဆာလာပြီး ခေါင်းထဲမှာလည်း အရေလဲထားတဲ့ မြွေရေခွံလို အခွံချည်း ကျန်တော့တဲ့ အခြေအနေမျိုးကို ရောက်လာရင် ဘယ်သူမှ ကြာကြာ တင်းမခံနိုင်ကြတော့ဘူးလေ၊ လန်ချားပိုင်ရှင်တွေကလည်း ဒါကို ကောင်းကောင်း သိတယ်။ ကျွန်တော်တို့လန်ချားသမားတွေ မကြာခင် အချင်းချင်း စိတ်ဝမ်းကွဲကုန်မယ်ဆိုတာ သူတို့ သိတယ်။ ခု ကြည့်လေ၊ သပိတ်မှောက်တာ ဘာကြာသေးလို့လဲ၊ နှစ်ရက်လောက်လည်းရှိရော ကျွန်တော်တို့အထဲက ရဲဘော်တွေ လန်ချားက လှည်းသန်ကို ကောက်ကိုင်ကြတော့တာပဲ မဟုတ်လား။ ဒီတော့ တခြားသူတွေလည်း သူတို့နောက်ကို လိုက်သွားကြတော့တာပေါ့။ မကြာပါဘူးဗျာ၊ နောက်တော့ အားလုံး လန်ချားလှည်းသန်ကြားထဲ ပြန်ရောက်ကုန်ကြပြီး လမ်းပေါ်မှာ လန်ချားစီးမယ့်လူနောက်ကို လိုက်ကြရတာပဲ မဟုတ်လား၊ ဘယ်လောက်တောင် ဈေးကျသွားသလဲဆိုရင် ငါ့ဝမ်းပူဆာ မနေသာတော့ ကျွန်တော်တို့မှာ လန်ချားခကိုတောင် လျှော့ပြီး ဆွဲလိုက်ရသေးတယ်၊ ပြီးတော့ အုံနာခဆိုလည်း တောင်းတဲ့အတိုင်း ပေးလိုက်ရတယ်၊ ဒါပေမယ့် ကံကောင်းချင်တော့ လူတစ်ယောက်နဲ့ သွားတွေ့တယ်"

“ကျွန်တော့်လုပ်ဖက်ကိုင်ဖက်ဖြစ်တဲ့ ဂုပတားကို ပထမတွေ့လိုက်တုန်းက ကျွန်တော့်မျက်စိကို ကျွန်တော် မယုံလို့ မျက်စိကို ပွတ်ကြည့်ရတယ်၊ အဲဒီတုန်းက ကျွန်တော်က ရပ်ဆယ်လမ်းထောင့်မှာ လန်ချားစီးမယ့်သူ စောင့်နေတုန်း ဒီတုန်းမှာ သူ့ကို မြင်လိုက်တော့ ကျွန်တော့်စိတ်ထဲမှာ ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရသလားလို့ ထင်လိုက်မိတယ်။ သူ့ဂိုက်က ကျွန်တော်တို့ အိန္ဒိယရုပ်ရှင် မင်းသားဂိုက်ကိုးဗျ။ လူက ရုပ်ကလည်း ဖြောင့်တယ်၊ မုတ်ဆိတ်ကလည်း သေသေချာချာ သ,ထားပြီး ဆံပင်ကို ပြောင်အောင်ဖြီးလို့၊ မျက်နှာကလည်း ပြည့်ပြည့်၊ ဝတ်စားထားတာကလည်း ရှိုးကောင်းကောင်းရယ်၊ ရှိုးကောင်းဆို သူဝတ်ထားပုံကိုလည်း ကြည့်ဦးလေ၊ ရှပ်အင်္ကျီကလည်းအသစ်၊ ဘောင်းဘီကလည်း အသစ်။ ဒီအထဲမှာ ခြေအိတ်စွပ်ပြီး ရှူးဖိနပ်ကိုလည်း စီးထားလိုက်သေးတယ်၊ ရှူးဖိနပ် အကောင်းစားဗျ၊ ခပ်ပေါပေါ ပလတ်စတစ်ရှူးဖိနပ်မျိုး မဟုတ်ဘူး၊ သားရေပတ်ဖိနပ်။ ပိုပြီး အံ့သြစရာကောင်းတာက လက်မှာလည်း ရွှေရောင်လက်ပတ်နာရီကို ပတ်ထားတော့ ဘယ်လောက်သားနားသလဲဆိုတာ ခင်ဗျားပဲ စဉ်းစားကြည့်တော့လေ"

“ရုပ်ရှင်တွေထဲမှာ ဇာတ်လိုက်မင်းသား လန်ချားသမားလုပ်တာတွေ ကျွန်တော်မြင်ဖူးပါတယ်၊ ဒါပေမယ့် ဒါက ရုပ်ရှင်ထဲမှာလေ။ ခု ကျွန်တော့်လူ ဂုပတားကတော့ တကယ့်လန်ချားသမားဗျ၊ သူ ဘယ်ဇာတိလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး။ ကာလကတ္တားဆိုတာကလည်း လူချင်းပေါင်းလို့သာ ပေါင်းနေကြပေမယ့် တစ်ယောက်အကြောင်းကို တစ်ယောက် မသိကြတဲ့လူတွေ အများကြီးမဟုတ်လား။ ကိုယ့်ရွာမှာဆိုရင်တော့ တစ်ယောက်အကြောင်းကို တစ်ယောက် ဘိုးဘေးကအစ သိကြတာပေါ့။ သေချာတာတစ်ခုတော့ ရှိတယ်၊ ဂုပတားဟာ ကျောင်းတို့ ဘာတို့ နေခဲ့ဖူးရမယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူက ဗဟုသုတသိပ်ရှိတာကိုး။ ကျွန်တော့်အထင်တော့ ကာလကတ္တားမှာရှိတဲ့ ဗြဟ္မဏအနွယ်ဝင်တွေအားလုံး ပေါင်းတာထက်တောင် ပညာရှိလိမ့်ဦးမယ်လို့ ထင်တယ်။ ကြည့်လေ ရာမယဏထဲကစာတွေကို တော်တော်များများ ရွတ်နိုင်တယ်၊ သူ့လို ရွတ်နိုင်တဲ့လူဆိုလို့ ကျွန်တော် တစ်ယောက်မှ မတွေ့ဖူးသေးဘူး၊ ပြီးတော့ တကယ့်ဇာတ်လိုက်ဗျ၊ ဘယ်နေရာရောက်ရောက် ကဗျာတို့ ဘာတို့ကို ရွတ်ပြပါဆိုရင်လည်း ကျကျနန ရွတ်ပြနိုင်တယ်၊ အဲ... သူကဗျာရွတ်တာနဲ့ သူ့အနားမှာ လူတွေ ဝိုင်းအုံပြီး နားထောင်ကြတော့တာပဲ။ ကျွန်တော်တို့ တစ်တွေဆိုတာ သူကဗျာရွတ်ပြီဆိုရင် ခြေထောက်မှာ ခလုတ်တိုက်မိထားတာ၊ ကျောအောင့်တာ၊ ခါးအောင့်တာတွေ လုံးလုံး သတိမရတော့ဘူး၊ နေပူတာတွေ ပင်ပန်းတာတွေလည်း ပျောက်ကုန်တာပဲ"

" တကယ်တော့ ဂူပတားဟာ ကျွန်တော်တို့ကို ဂါထာမန္တန်နဲ့ ညှို့ထားသလားတောင် အောက်မေ့ရတယ်။ ပြီးတော့ သူများထက်ထူးတာက သူက ရာမအလှည့်ရောက်ရင်လည်း ရာမနဲ့ တူအောင် ပြောတတ် ဆိုတတ်တယ်၊ သီတာအလှည့်ရောက်ရင်လည်း သီတာနဲ့ တူအောင် ရွတ်တတ်တယ်၊ ရာဝဏအလှည့်ရောက်ရင်လည်း ဒီအတိုင်းပဲ၊ သူသာ ရာမယဏကို ရွတ်ရင် ကျွန်တော်တို့တစ်တွေ နေ့မှန်း ညမှန်းတောင် မသိချင်တော့ဘူး။ အဲဒီထဲမှာပါသလို တောတွေ၊ တောင်တွေ၊ ပင်လယ်တွေ၊ အင်းအိုင်တွေပေါ်ကို ဖြတ်သန်းနေသလားလို့ ထင်နေမိတယ်။ အဲဒီအသံကိုသာနားထောင်ပြီး လန်ချားဆွဲရမယ်ဆိုရင် လန်ချားကြီးဟာလည်း ဒီလောက် လေးတယ်လို့ မထင်တော့ဘူး"

"ဒီလိုနဲ့ မကြာခင်မှာပဲ ဂုပတားဟာ ကာလကတ္တားက လန်ချားသမားတွေကြားထဲမှာ သူရဲကောင်းဖြစ်လာခဲ့တယ်၊ ကျွန်တော့်လို လန်ချားသမား ပါမွှားတစ်ယောက်ရဲ့ ရင်ထဲမှာ သူ့ကို ဘာဖြစ်လို့ စွဲသွားသလဲ ဆိုတာ ကျွန်တော် ခုထိ စဉ်းစားလို့မရဘူး"

“တချို့ကပြောတော့ ဂုပတားဟာ သူလျှိုတဲ့၊ တချို့က ပြောတော့လည်း ဂုပတားဟာ နိုင်ငံရေးသမားတဲ့။ ဂုပတားက ကျောင်းလမ်းမှာ အခန်းတစ်ခန်း ငှားနေတယ်၊ ကျောင်းလမ်းဆိုတာ ကျွန်တော်တို့ကာလကတ္တားမှာ ထူးထူးဆန်း ဆန်းလူတွေနေတဲ့နေရာ။ ထူးထူးဆန်းဆန်း လူတွေဆိုတာ ဒီလိုပါ၊ အဲဒီလမ်းကို စိပ်ပုတီးကြီးတွေ လည်ပင်းဆွဲထားတဲ့ နိုင်ငံခြားသားတွေလည်း မကြာခဏလာတယ်၊ တချို့များ ဖိနပ်တောင် မပါဘူး။ တချို့ နိုင်ငံခြားသားတွေကျတော့လည်း ဆွဲကြိုးကြီးတွေ၊ ခြေထောက်မှာ ခြေကျင်းကြီးတွေ ဝတ်ထားကြတယ်။ တချို့ကပြောတော့ အဲဒီလူတွေဟာ ဆေးစွဲနေတဲ့ လူတွေတဲ့။ ဂုပတားကတော့ ဖိနပ်မစီးဘဲ မသွားပါဘူး၊ ဆေးလိပ်တို့ ဘာတို့ သောက်တာလည်း မတွေ့ရဘူး၊ အလုပ်ကိုလည်း ကျွန်တော်တို့လိုပဲ ကြိုးကြိုးစားစား ပင်ပင်ပန်းပန်း လုပ်တယ်။ တခြားမကြည့်နဲ့လေ၊ မနက်မိုးလင်းလို့ လန်ချားဂိတ်မှာ လန်ချားထိုးတာနဲ့ တစ်ပြိုင်နက် သူရောက်နှင့်ပြီ။ သူအစောဆုံးပဲဆိုပါတော့။ လန်ချား သိမ်းတော့လည်း မိုးချုပ်မှ သိမ်းတယ်၊ ကြည့်ရတာကတော့ ကျွန်တော်တို့လန်ချားသမား အများစုလို ငတ်ပြတ်ပြီးမှ လန်ချားသမားဖြစ်လာတာ မဟုတ်ဘူး ထင်တာပဲ။ သူ့လန်ချားကလည်း အသစ်ကြီးရှိသေးတယ်။ ကျွန်တော်တို့အများစုလို သူ့မှာ လန်ချားလိုင်စင် မရှိဘူး၊ ဒါပေမယ့် ဒါကတော့ အဆန်းမဟုတ်ပါဘူး၊ ကျွန်တော်တို့လည်း ဒီလိုပဲ ဘောက်ဆူးပေးပြီး လန်ချားဆွဲနေကြရတာပဲ မဟုတ်လား”

“ဘာဖြစ်ဖြစ်ဗျာ၊ ဂုပတားကတော့ ကံကောင်းတယ်လို့ဆိုရမလား မသိဘူး။ တချို့အမျိုးသမီးတွေဆိုရင် သူ့လန်ချားကို သူစီးမယ် ငါစီးမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြတာတွေတောင်ရှိတယ်။ သူတို့စိတ်ထဲမှာ အဲဒီလန်ချားကို ရုပ်ရှင်မင်းသား မနုကုမာဆွဲတယ်လို့များ ထင်နေကြသလား မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့လန်ချားလောကမှာက လန်ချားသမားဟာ စုတ်ပြတ်ပြီး သနားစရာကောင်းနေမှပေါ့၊ ဘယ့်နှယ် ဇာတ်လိုက်မင်းသားဂိုက်ဖမ်းနေလို့ ဘယ်ဖြစ်ပါ့မလဲ၊ ဒီတော့ ခံရတာပေါ့”

တစ်နေ့ ကောင်မလေးနှစ်ယောက်ကို လန်ချားပေါ် တင်ဆွဲလာစဉ် ဟယ်ရင်တန်လမ်းသို့ အရောက်၌ ဂူပတားသည် ထိုအဖြစ်မျိုးကို ကိုယ်တွေ့ ကြုံလိုက်ရ၏။ လမ်းထဲသို့အရောက်တွင် သူ့ရှေ့၌ အမှိုက်ကားကြီးတစ်စီး ပျက်နေသဖြင့် လမ်းမလယ်ခေါင်တွင် ထိုးရပ်နေ၏။ တစ်လမ်းလုံး ပိတ်ဆို့ကာ အသွားအလာတွေ ပိတ်ကုန်သည်။ ဂုပတားက ဘေးပလက်ဖောင်းပေါ်မှ တက်ဆွဲပြီး ကျော်တက်မည်ပြုသည်။ ပုလိပ်က သူ့ကိုတား၏။ ဤတွင် ပုလိပ်နှင့် တစ်ယောက်တပြန် စကားများကာ ပုလိပ်က ပါလာသည့် နံပါတ်တုတ်ဖြင့် ရိုက်သည်။ ဂုပတားကလည်း လန်ချားကိုချကာ ပုလိပ်ကို ပြန်ထိုးသည်။ သို့ဖြင့် သူတို့နှစ်ယောက်သည် လမ်းမပေါ်တွင် လုံးထွေးသတ်ပုတ်နေကြသည်။ နောက်ဆုံးတွင် ပုလိပ်က ပုလိပ်ဌာနသို့ ပြန်ပြေးပြီး တပ်ကူ ခေါ်လာသည်။ ပုလိပ်တို့ ရောက်လာပြီး လန်ချားသမား ဂုပတားကို ဖမ်းသွားကြသည်။

မွန်းတည့်ချိန်လောက်တွင် သူ့ကို ပြန်လွှတ်လိုက်သည့်အခါ၌ကား ဂုပတားတစ်ယောက် တစ်ကိုယ်လုံး ဖူးဖူးရောင်ကာ အညိုအမည်းတွေ စွဲနေလေပြီ။ ပုလိပ်များသည် ဂုပတားကို လက်နှစ်ဖက်တွင်ချည်ပြီး ချိတ်တွင် ဆွဲထားကြသည်။ ထိုနောက် ခြေထောက်နှစ်ဖက်ကို ပူးချည်ပြီး ဇောက်ထိုးဆွဲထားကြသည်။ တစ်ကိုယ်လုံး ကြိမ်ဖြင့် ရိုက်ကြသည်။ သူတို့လူတစ်ယောက်ကို ပြန်ထိုးရုံအတွက်မျှသာမက လန်ချားသမားတန်မဲ့ ရှူးဖိနပ်စီးရသလော၊ ရွှေရောင်လက်ပတ်နာရီ ဝတ်ရသလော၊ အဝတ်အစားကောင်းကောင်း ဝတ်ရသလောဟု စိတ်ချဉ်ပေါက်ပေါက်ဖြင့် ရိုက်နှက်ကြခြင်းဖြစ်သည်။ လန်ချားသမားလို မနေရကောင်းလောဟုဆိုကာ ရိုက်နှက်ကြခြင်းဖြစ်၏။

ပုလိပ်တို့သည် ထိုမျှနှင့် မကျေနပ်သေးဘဲ သူ့ကို ကာလကတ္တား သမာဓိမြို့ဝန်ရုံးသို့တင်၍ တရားစွဲလိုက်သေးသည်။

“ဂုပတားကို ကြည့်ရတာ မဟာရာဇာ တစ်ဦးလိုလို၊ ဒူးရ်ဂါးမယ်တော်ရုပ်လိုလို ဖြစ်နေတယ်ဗျ၊ တစ်ကိုယ်လုံးမှာလဲ ပတ်တီးတွေ အဖွေးသားပေါ့လေ၊ မျက်နှာကလည်း ကောင်မလေးတွေ ဆေးဆိုးထားသလို ညိုမည်းနေတာပေါ့” ဟု ဟာစရီပါးက ပြောပြသည်။

သမာဓိ မြို့ဝန်ရုံးမှာ ဒါလဟိုဇီပန်းခြံအနီးရှိ အိုမင်းသော အဆောက်အအုံကြီးတစ်ခုထဲတွင်ရှိသည်။ ရုံးဝင်းထဲရှိ ကြီးမားသော ညောင်ပင်ကြီးတစ်ပင်အနီးတွင် ဘုရားကျောင်းတစ်ဆောင်ရှိသည်။ သူ့ရဲဘော် လန်ချားသမားများက ဂုပတားကို ညောင်ပင်ကြီးအနီးရှိ ဘုရားကျောင်းသို့ ခေါ်သွားကြ၏။ ဘုရားကျောင်းထဲတွင် သျှီဝ၊ ကာလီမယ်တော်နှင့် ဟာနုမန်မျောက်မင်းတို့၏ ရုပ်တုများရှိသည်။ ဂုပတားမှာ ဘုရားတရား ကြည်ညိုသူဖြစ်သည့်အတွက် အမှုမစစ်ခင် ဘုရားရှေ့တွင် ဆုတောင်းလိုသည် ဆိုသဖြင့် ခေါ်သွားကြခြင်း ဖြစ်သည်။ ဂုပတားသည် ဘုရားတွင် ဆီမီးကပ်ကာ ခေါင်းလောင်းထိုး၍ ဆုတောင်းသည်။

တရားရုံးထဲတွင်မူ သူတို့အမှုကို လာရောက် နားထောင်ကြသည့် လန်ချားသမားများနှင့် ပြည့်နေသည်။ ဘေးတွင် ဈေးဆိုင်တန်းကြီးတွေရှိသဖြင့် ဈေးဆိုင်တန်းဆီမှ အညှော်နံ့တွေ ပျံ့လွင့်လာသည်။ အနံ့သည် သိပ်သည်းသော လေထဲတွင် ဝေ့ဝဲလျက်ရှိ၏။ ရုံးအဝင်ဝတွင် လူတွေတန်းစီပြီးလျှောက်လွှာရေးရန် စောင့်နေကြသည်။ လျှောက်လွှာစာရေးများက လက်နှိပ်စက်များကို တချောက်ချောက်ရိုက်လျက်။

ရုံးဝင်းထဲတွင် အုန်းရေသောက်သူ၊ လက်ဖက်ရည်သောက်သူ၊ ဘိလပ်ရည်သောက်သူတို့က အပြည့်။ သူတောင်းစားများကလည်း လှေကားထစ်များပေါ် တွင် ထိုင်လျက်။ လူတွေကလည်း ရုံးထဲတွင် ဝင်လိုက်ထွက်လိုက်။ အချို့က ဝင်သွားပြီး ပြန်ထွက်လာကြပြန်သည်။ ပုလိပ်များက တရားခံများကို လက်ထိပ်တန်းလန်းဖြင့် ဆွဲခေါ်လာကြသည်။ ဘောင်းဘီအစင်း၊ အင်္ကျီနက် ဝတ်ထားသည့် ရှေ့နေများသည် တရားခံများ၊ တရားခံဆွေမျိုးများနှင့် စကားပြောနေကြ၏။

ဂုပတားနှင့် သူ့မိတ်ဆွေများသည် အောက်စော်နံနေသည့် ဆင်ဝင်ကလေးထဲသို့ ဝင်လာခဲ့သည်။ အမျိုးသမီးအချို့က ခုံရှည်များပေါ်တွင် ထိုင်ကာ ကလေးများကို နို့တိုက်လျက်၊ အချို့က ထမင်းစားလျက်၊ တချို့က ကြမ်းပြင်ပေါ်တွင် အဝတ်လေး ခေါင်းအုံးကာ အိပ်ပျော်လျက်။

ဂုပတားအား ရှေ့နေတစ်ယောက် သွားငှားရန် မိတ်ဆွေတစ်ယောက်က အကြံပေးသည်။ စင်ကြံထိပ်က ခပ်မှောင်မှောင်အခန်းထဲတွင် အင်္ကျီနက်ဝတ်ထားသည့် ရှေ့နေတွေ တစ်လှေကြီး ထိုင်နေကြသည်။ ခေါင်းပေါ်တွင် လည်နေသည့် ပန်ကာကြောင့် စားပွဲပေါ်တွင် တင်ထားသည့် သူတို့စာရွက်များသည် တဖျပ်ဖျပ် လန်နေကြ၏။ ဂုပတားသည် ဂိုက်ဆိုက်ကောင်းသည့် သက်လတ်ပိုင်း ရှေ့နေတစ်ယောက်ကို ငှားလိုက်သည်။ ထိုရှေ့နေ၏ အင်္ကျီနက်ကြီးအောက်၌ရှပ်အင်္ကျီနှင့် လည်စည်းမှာ လရောင်တွင် တောက်နေသည့် ရေကန်တစ်ကန်၏မျက်နှာပြင်လို တဖိတ်ဖိတ်လက်နေသည်။

တရားခံရှေ့နေကြီးသည် သူ့အမှုသည်ကို သေးစော်နံနေသော လှေကားချောင် တစ်ခုဆီသို့ ခေါ်သွားသည်။ ဘေးရုံးခန်းထဲတွင် တရားသူကြီးများသည် သူတို့စီရင်ချက်များကို ပါးစပ်မှ နှုတ်တိုက်ရွတ်ပြနေပြီး စာရေးများက လက်ချောင်းတစ်ချောင်းတည်းဖြင့် လက်နှိပ်စက်ရိုက်နေကြသည်။

သူတို့လူစုသည် နောက်ဆုံးတွင် အခန်းကျယ်ကြီးတစ်ခုသို့ ရောက်သွားကြ၏။ နံရံပေါ်တွင် ဟောင်းနွမ်းနေသော မဟတ္တမဂန္ဒီ၏ရုပ်ပုံတစ်ပုံ ချိတ်ထားသည်။ အခန်းနောက် သံမဏိစင်ကြီးများပေါ်တွင် ရာဇဝတ်မှုကြီးများတွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများကို သိမ်းဆည်းထားသည်။ ယင်းတို့အထဲတွင် ဓားမြှောင်များ၊ သေနတ်များ၊ အမျိုးမျိုးသော လက်နက်များ၊ ခိုးရာပါပစ္စည်းများ ပါသည်။ ခန်းမကြီး၏လက်ယာဘက်မှာ ဝင်လာသည့် သံဝရန်တာ ပေါင်းကူးကြီးအဆုံးတွင် ဝက်ခြံတစ်ခုရှိ၏။

“ဒီလိုသံလက်ရန်းတွေ တပ်ထားတဲ့ စင်ကြံမျိုးကို ဆပ်ကပ်တွေထဲမှာပဲ မြင်ဖူးသေးတယ်၊ ကျားတွေ ကျားသစ်တွေ ထွက်လာရင် အဲဒီသံပေါင်းကူးကြီးထဲက ထွက်လာရတယ်လေ” ဟု ဟာစရီပါးက နောင်တွင် ပြောပြသည်။

ထိုနေရာကား တရားခံများကို တရားခွင်သို့ ထုတ်လာသည့် လမ်းပေတည်း။ဂုပတားမှာ အာမခံရသဖြင့် ထိုသံပေါင်းကူးကြီးထဲသို့ မဝင်ရ။

ခဏကြာလျှင် အခန်းတစ်ခန်းလုံး လန်ချားသမားတွေ ပြည့်နေလေပြီ။ အချို့က လက်ဖက်ရည်သောက်လျက်၊ အချို့က ဘီဒီဆေးလိပ်များကို ဖွာလျက်၊ အမှုစတင်စစ်ဆေးမည့်အချိန်ကို စောင့်နေကြခြင်းဖြစ်သည်။ ဂုပတားမှာ ရှေ့ဆုံးခုံတွင် သူ့ရှေ့နေနှင့်အတူ ထိုင်နေသည်။

နောက်ဆုံးတွင် ညစ်ပတ်သော ဒိုတီကို ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ယောက် ရုံးခန်းတွင်းသို့ ဝင်လာကြ၏။ အမှုတွဲတစ်ထပ်ကြီးကို ချိုင်းကြားတွင် ညှပ်ထားကြသည်။ သူတို့ကို ကြည့်ရသည်မှာ သူတို့အလုပ်တွင် အတော်ငြီးငွေ့နေကြပုံရ၏။ သူတို့နှစ်ယောက်မှာ ရှေ့ဖတ်စာရေးကြီးများဖြစ်သည်။ စာရေးတစ်ယောက်က ရုံးခန်းတစ်ခုလုံး ငြိမ်သက်သွားစေရန် လက်ခုပ်တီး၍ အချက်ပေးလိုက်ပြီး တရားခွင်အထက်တွင် ဆွဲထားသည့်ပန်ကာများကို ဖွင့်ရန် အချက်ပေးလိုက်သည်။ ပန်ကာကြီးများမှာ များစွာ အိုမင်းဟောင်းနွမ်းနေလေပြီ။ ပန်ကာခလုတ်ဖွင့်ပြီး အတော်ကြာသည်အတိ ရုတ်တရက်မလည်သေး။ ခွေးသေကောင်ပုပ်တို့ကို ဝလင်စွာ စားသောက်ပြီးနောက် ရုတ်တရက် မပျံနိုင်သေးဘဲ အားယူနေသည့် လင်းတအိုကြီးတစ်ကောင်၏တောင်ပံများနှင့် တူနေသည်။

နောက်ကျောဘက်ရှိ အခန်းတံခါးပွင့်လာပြီး တရားသူကြီး ဝင်လာလေသည်။ တရားသူကြီးကား မျက်မှန်တပ်လျက် ညှိုးငယ်သောမျက်နှာထားကိုဆောင်ထားသည့် ပိန်ပိန်သေးသေး လူတစ်ယောက်ဖြစ်၏။ သူ့ကိုယ်ပေါ်တွင် သားမွေးကွပ်ထားသည့် ဝတ်ရုံနက်ကြီးတစ်ထည်ကို ဝတ်ထားသည်။ တရားသူကြီးဝင်လာသည့်အခါတွင် အားလုံး မတ်တတ်ရပ်ကြသည်။ ဂုပတားမှာလည်း အရိုက်ခံထားရသည့် ဒဏ်ချက်များကြောင့် တစ်ကိုယ်လုံး နာကျင်လျက်ရှိရာမှ မတ်တတ်ထ၍ အရိုအသေပေးရသည်။ တရားသူကြီးသည် စင်မြင့်အလယ်ခေါင်ရှိ ရုံးတံဆိပ်တပ်ထားသည့် ကုလားထိုင်ကြီးပေါ်တွင် ထိုင်လိုက်၏။ စားပွဲတစ်ခုလုံး အိန္ဒိယရာဇသတ်ကြီးစာအုပ်ကြီးနှင့်တကွ အမှုတွဲတွေ၊ စာရွက်ပုံကြီးတွေ ပြည့်နေသဖြင့် တရားသူကြီး၏မျက်နှာကို ကောင်းကောင်း မမြင်ရတော့ပြီ။ 

တရားသူကြီးထိုင်၍ မကြာသေးမီမှာပင် ခိုကလေးတစ်ကောင်သည် ရှေ့စားပွဲပေါ်က စာအုပ်ကြီးပေါ်တွင် လာနားနေကာ လုပ်နေကျ သဘာဝကိစ္စကို လုပ်သွားသည်။ စာရေးတစ်ယောက် ထလာပြီး ဒိုတီဖြင့် စာအုပ်ပေါ်တွင် ပေကျံနေသည့် ခိုချေးတွေကို သုတ်ပစ်ရ၏။ များစွာသော ခိုများသည် နောက်မှ စာအုပ်စင်ကြီးများ၊ ဗီရိုပေါက်ကလေးများထဲတွင် အိုးအိမ်တည်ထောင်နေကြသောကြောင့်ဖြစ်၏။

များမကြာမီ တရားသူကြီး ထွက်လာသည့် အခန်းမှပင် ကာကီဝတ်ရုံကြီးကို ခြုံထားသည့် လူသေးသေးညှက်ညှက်တစ်ယောက် ထွက်လာပြန်သည်။ ထိုလူမှာ မျက်စိစွေလှသဖြင့် ညာဘက်သို့ ကြည့်နေသည်လော၊ ဘယ်ဘက်သို့ ကြည့်နေသည်လော ဆိုသည်ကို မည်သူမျှ ခွဲခြားမရနိုင်ပြီ။ ထိုပုဂ္ဂိုလ်ကား အမှုလိုက် အင်စပက်တော်ကြီးပေတည်း။ တရားခွင်၏လက်ဝဲဘက်တွင်မူ ယူနီဖောင်းဝတ်ထားသည့် ပုလိပ်အရာရှိတစ်ဦး ရပ်နေသည်။

ရှေ့ဖတ်စာရေးကြီးတစ်ယောက်က ဂုပတားသည် ဆယ်ရီတန်လမ်းတွင် ပုလိပ်တစ်ယောက်ကို ရိုက်နှက်ခဲ့ကြောင်းဖြင့် စွဲချက်ကို ဖတ်ပြသည်။ တရားသူကြီးသည် မျက်မှန်ကို ချွတ်ကာ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ခေါင်းကို နောက်သို့မှီ၍ နားထောင်နေသည်။ ဖိုင်တွဲပုံကြီးနားမှ တဖိတ်ဖိတ်တောက်နေသော ခေါင်းပြောင်ကြီးကိုသာ မြင်ရသည်။ ရှေ့ဖတ်စာရေးကြီးက စွဲချက်ကို ဖတ်ပြ၍ ဆုံးသွားသည့်အခါ၌ တရားသူကြီးက တရားခံရှေ့နေအား ဘာပြောစရာရှိသနည်းဟု လှမ်းမေး၏။

ဂုပတားက ရှေ့နေကို ထမပြောဖို့ ရှေ့နေ၏ပခုံးကို လှမ်းကိုင်ပြီး ဆွဲထားသည်။ ဂုပတားသည် သူ့အမှုကို သူ့ဘာသာ လျှောက်လဲချင်သည်။

ဂုပတားက ပုလိပ်တို့က ဌာနတွင် သူ့အား မည်သို့နှိပ်စက်ကြောင်းကို အသေးစိတ် ပြောပြသည့်အခါတွင် ရုံးတွင် လာရောက်နားထောင်သူတို့မှာ နှပ်ညှစ်သူညှစ်၊ ငိုသူငိုနှင့် ဖြစ်နေလေပြီ။ အစိုးရရှေ့နေကြီးနှင့် အမှုလိုက် အင်စပက်တော်တို့က ကြားဖြတ်၍ ပြောသော်လည်း အချည်းနှီးပင်။ တရားသူကြီးမှာလည်း စာအုပ်ပုံနောက်ကွယ်တွင် နှပ်တရှုပ်ရှုပ်နှင့် ဖြစ်နေသည်။ နောက်ဆုံးတွင် ဂုပတားအား အပြစ်မရှိကြောင်းဖြင့် တရားသေ လွှတ်လိုက်ပြီး သူ့လန်ချားကို ပြန်ပေးရန် ရုံးတော်က စီရင်ချက်ချလိုက်သည်။အမှုစစ်ခြင်းမှာ ဆယ်မိနစ်မျှသာ ကြာ၏။

ဂုပတားအား ရုံးတော်မှ လွှတ်လိုက်သည်ဆိုသည့် သတင်းသည် ကာလကတ္တားမြို့ရှိ လန်ချားသမားများလောကတွင် တောမီးသဖွယ် ပျံ့နှံ့သွားသည်။ ပုလိပ်တို့၏ ညှဉ်းပန်းနှိပ်စက်မှုကို ကန့်ကွက်ဆန္ဒပြသောအားဖြင့် လန်ချားသမားတို့၏ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ရန် ရာဆူးနှင့်တကွ လန်ချားသမား သမဂ္ဂခေါင်းဆောင်များက အဆိုတင်ကြသည်။ သူတို့နှင့်အတူ ဆန္ဒပြရန် ချယ်ဂါရီသမားများသမဂ္ဂနှင့် ဆိုက်ကားသမားများသမဂ္ဂကိုလည်း အကြောင်းကြားကြသည်။

ညနေပိုင်းတွင် ဆန္ဒပြသည့် လူတန်းကြီးသည် ပန်းခြံအဝိုင်းကြီးမှ စတင်ထွက်လာလေသည်။ နိုင်ငံရေးပါတီများက အလံနီများ၊ ပိုစတာကြီးများကို လာပေးကြသည်။ ဆန္ဒပြလူတန်းကြီးတစ်ခုလုံးမှာ အလံနီများဖြင့် နီရဲနေတော့ သည်။ လန်ချားတစ်စီးပေါ်တွင်မူ ဂုပတားသည် ပန်းကုံးများ ဆင်ယင်၍ လိုက်ပါလာ၏။ သူ့ကို လန်ချားသမားများက ကိုက်တစ်ရာပြည့်တိုင်း ဝင်၍ဆွဲပေးကြသည်။ လေးနှစ်လုံးလုံး ဟာစရီပါး ဆွဲခဲ့သည့် လန်ချားအမှတ် ၁၉၉၉ မှာ ဂုပတားစီးဖို့ လန်ချားအဖြစ် အရွေးခံရသည်။

လမ်းမသို့ ရောက်သည့်အခါတွင် ချယ်ဂါရီဆွဲသူများလည်း နောက်ထပ် လိုက်ပါလာကြ၏။ သူတို့ဆန္ဒပြပွဲကြောင့် မြို့ထဲတွင် ယာဉ်အသွားအလာတွေ ပိတ်ကုန်သည်။ ကြွေးကြော်သံများကို လက်သီးလက်မောင်းတန်း၍ ကြွေးကြော်ကြသည်။ သို့ဖြင့် ထိုလူတန်းကြီးသည် ဒါလဟိုဇီပန်းခြံထိပ်သို့ ရောက်အောင် သုံးနာရီကျော်မျှ ချီတက်ခဲ့ရသည်။ အစိုးရရုံးကြီးအနီးသို့ ရောက်သည့်အခါတွင် ပုလိပ်တို့က မော်တော်ကားများ၊ အဓိကရုဏ်းနှိမ်နင်းရေး ကားများဖြင့် ပိတ်တားကာ သေနတ်များ၊ နံပါတ်တုတ်များ စွဲကိုင်၍ အသင့်ဆောင့်နေကြသည်။

ရှေ့တွင် တားဆီးပိတ်ဆို့ထားသည့်နေရာသို့ ရောက်သည့်အခါတွင် လူတန်းကြီးသည် ရပ်သွား၏။ ထိုစဉ် ပုလိပ်အရာရှိတစ်ယောက် ထွက်လာပြီး ဝန်ကြီးချုပ်၏အတွင်းဝန်များရုံးသို့ တင်ပြစရာရှိသလောဟု မေးသည်။ ဂုပတားက မိမိတို့သည် ဝန်ကြီးချုပ်နှင့် တွေ့ဆုံလိုကြောင်းဖြင့် ပြော၏။ ပုလိပ်က သူတို့တောင်းဆိုချက်ကို ဆိုင်ရာသို့ တင်ပြပေးမည်ဖြစ်ကြောင်း ပြော၏။

ခဏကြာလျှင် ပုလိပ်အရာရှိ ပြန်ရောက်လာကာ ဝန်ကြီးချုပ်က သူတို့ကိုယ်စားလှယ်လေးဦးကို လက်ခံတွေ့ဆုံမည်ဆိုသဖြင့် ရာဆူး၊ ဂုပတားနှင့် အခြားခေါင်းဆောင်နှစ်ယောက်တို့ အကာအရံထဲသို့ ဝင်လာခဲ့ကြသည်။ နာရီဝက် ကြာ၍ ပြန်ထွက်လာသည့်အခါတွင်ကား သူတို့မျက်နှာများမှာ ဝင်းထိန်နေကြသည်။ အထူးသဖြင့် ဂုပတားမှာ ပို၍ပင် ဝင်းထိန်နေသည်။ နောင်တွင် ထိုသို့ ညှဉ်းပန်းခြင်း မပြုအောင် အရေးယူမည်ဟု ပြောလိုက်ကြောင်း၊ သက်ဆိုင်သူ ပုလိပ်များကိုလည်း အရေးယူမည်ဖြစ်ကြောင်းဖြင့် ပြောလိုက်ကြောင်း သိရသည်။လက်ခုပ်ဩဘာသံများ ပေါ်လာကာ ရာဆူး၊ ဂုပတားနှင့် ခေါင်းဆောင် နှစ်ဦးကို ပန်းကုံးများ စွပ်ကြသည်။

ထိုနေ့က ဆန္ဒပြပွဲမှာ ချောချောမောမော ပြီးသွားသည်။ ဂုပတားက ဟာစရီပါး၏လန်ချားပေါ်သို့ တက်သည်။ သူတို့မိတ်ဆွေတစ်သိုက်သည် အောင်ပွဲအထိမ်းအမှတ်အဖြစ် ဂန်ဂူလီလမ်းက ဘုံဆိုင်တစ်ဆိုင်သို့သွား၍ အရက်သောက်ကြသေးသည်။ အရက်ဆိုင်မှ ထွက်ခါနီးတွင် စက်ဘီး ဘီးပေါက်သံလိုလို အသံတစ်ခုကို ဟာစရီပါး ကြားလိုက်ရ၏။ ဂုပတားသည် တစ်ချက်မျှ အော်ကာ လန်ချားလှည်းသန်ကို မှီနေရာမှ မြေကြီးပေါ်သို့ လဲကျသွားသည်။ ကြည့်လိုက်သည့်အခါတွင် ဂုပတား၏နားထင်တွင် အပေါက်တစ်ပေါက်မြင်လိုက်ရပြီး သွေးတွေ စီးထွက်နေသည်။ ဂုပတားသည် စကားပြောရန် ကြိုးစားသေး၏။ သို့ရာတွင် မပြောနိုင်တော့ပြီ။

“ကျွန်တော်တို့ရန်သူတွေက ကျွန်တော်တို့ကို လက်စားချေလိုက်တာလေ၊ ကျွန်တော်တို့မှာ သူရဲကောင်းတစ်ယောက် ဆုံးရှုံးသွားခဲ့ရပြီ” ဟု ဟာစရီပါးက ပြောသည်။

အပိုင်း(၃၄)ဆက်ရန်
-------------------
#မြသန်းတင့်

Post a Comment

0 Comments