#သုခမြို့တော်
အပိုင်း(၂၆)
“လမ်းပေါ်မှာများ ဗိုင်းခနဲ လဲကျ သေသွားမလား မသိဘူး” ဟု ဟာစရီပါးသည် ကြောက်ကြောက်ဖြင့် တွေးနေသည်။
သူ့မိတ်ဆွေ ရမ်ကျန္ဒ၏ ရင်ဘတ်ကြီးသည် ရုတ်တရက် ဖောင်းဖောင်းကြီးဖြစ်လာကာ လေကို ပင်ပန်းကြီးစွာ ရှူသွင်းလျက်ရှိ၏။ နံရိုးကြီးများသည် သူ့အရေပြားကို ဖောက်ထွက်လာတော့မည်ပုံ ဖြစ်နေသည်။ သူ့မျက်နှာသည် ဖြူရော်သွားကာ ပါးစပ်သည် ရေနစ်နေသူလို ဟလျက်ရှိ၏။ ထိုအထဲတွင် ရုတ်တရက် ချောင်းဆိုးလာပြန်သဖြင့် သူ့တစ်ကိုယ်လုံးသည် တုန်ခါယိမ်းထိုးလျက်ရှိသည်။ ရင်ခေါင်းသံကြီးနှင့် ချောင်းဆိုးသံကြီးကလည်း ရေစုပ်စက်မှ ပစ္စတန်ကြီးတစ်လုံး မြည်သည့်နှယ်။
ရမ်ကျန္ဒသည် ပါးစပ်ထဲမှ တံထွေးကို ထွေးထုတ်လိုက်၏။ သို့ရာတွင် ကွမ်းယာဝါးထားသဖြင့် သူထွေးထုတ်သည့် အရာသည် ကွမ်းသွေးလော၊ သွေးလောဆိုသည်ကိုမူ မသိနိုင်ပြီ။ ဟာစရီပါးသည် သူ့မိတ်ဆွေ ရမ်ကျန္ဒကို သူ့လန်ချားပေါ်သို့ တင်သည်။ အိမ်ကို ပြန်ပို့မည်ဟု ပြောသည်။ ရမ်ကျန္ဒာက ခေါင်းယမ်းပြ၏။
“ကိစ္စမရှိပါဘူးကွာ၊ အအေးမိလို့ ချောင်းဆိုးတာပါ၊ ခဏနေရင် ပျောက်သွားမှာပါ”
ထိုနှစ်က ဘင်္ဂလားပြည် ဆောင်းသည် အလွန်အေးသည်။ ဟိမဝန္တာမှ လေအေးကြီးတိုက်သဖြင့် အပူရှိန်သည် ဆယ့်လေးဒီဂရီသို့ ရောက်သွားသည်။ ထိုအပူရှိန်သည် တစ်လလုံးလုံး နေပူလှန်းခံခဲ့ရသည့် ထိုပြည်နယ်သားများအဖို့သော်မူ သွေးခဲလောက်သည့် အပူရှိန်ဖြစ်သည်။ “လူမြင်းများ” အဖို့ကား ထိုမျှသော အအေးသည် ကြောက်ဖွယ်လိလိဖြစ်သည်။ လန်ချားဆွဲပြီး ချွေးတွေ သံတွေ တရွှဲရွှဲဖြင့် ဖြစ်နေရာမှ ငုတ်တုတ်ထိုင်၍ လူစောင့်ရသည့်အခါမျိုးတွင် သူတို့၏ အာဟာရချို့တဲ့သည့် ခန္ဓာကိုယ်သည် ခံနိုင်စွမ်းမရှိတော့။
“ကာလကတ္တားတောကြီးမျက်မည်းထဲမှာ ရမ်ကျန္ဒဟာ ကျွန်တော့်အစ်ကို ဆိုလည်း ဟုတ်တယ်၊ အဖေဆိုလည်း ဟုတ်တယ်။ ကျွန်တော့်ကို လန်ချားသမားဖြစ်အောင် သူလုပ်ပေးခဲ့တာ။ လန်ချားကလေးတစ်စီး ဆွဲခွင့်ရအောင် သူရှာပေးခဲ့တာ။ လန်ချားဂိတ်မှာ ဆံပင်အဖွေးသားနဲ့ သူ့ကို မြင်လိုက်တာနဲ့ ကျွန်တော်လည်း ကျွန်တော့်လန်ချားကလေးဆွဲလာပြီး သူ့အနားမှာ ထိုးရပ်တာပဲ။ ပန်းခြံလမ်းအဝိုင်းကြီးနားမှာ၊ ဝယ်စလေလမ်းမကြီးပေါ်က လန်ချားဂိတ်မှာ၊ ဒါမှမဟုတ် အောက်မြို့ပတ်လမ်း ဈေးကြီးနားက လန်ချားဂိတ်မှာ သူနဲ့ကျွန်တော် အတူ လန်ချားဂိတ်ထိုးရင်း စကားတွေပြောခဲ့လှပြီလေ။ မြို့ပတ်လမ်းက ဈေးကြီးကိုတော့ ကျွန်တော်တို့က “လေအေးစက်ဈေး” လို့ခေါ်တယ်။ အဲဒီဈေးကြီးထဲမှာ လေအေးစက်တွေ တပ်ထားတာကိုးဗျ။ အထဲကို ဝင်လိုက်တာနဲ့တစ်ပြိုင်နက် ဟိမဝန္တာလေအေးတိုက်လာသလို တစ်ကိုယ်လုံး အေးသွားတာပဲ"
"ရမ်ကျန္ဒက ဒီလန်ချားဆွဲလို့ ပိုက်ဆံကလေးနည်းနည်းပါးပါး စုမိရင် ရွာပြန်ပြီး ကုန်စုံဆိုင်ကလေးထောင်မယ်တဲ့။ ကုန်စုံဆိုင်ကလေးဖွင့်နိုင်ရင် တစ်နေရာတည်းမှာ အေးအေးဆေးဆေးထိုင်ပြီး ရောင်းနိုင်ပြီပေါ့ကွာ၊ အမောဆို့
အောင် ပြေးလွှားနေစရာ မလိုတော့ဘူးပေါ့တဲ့။ သူဆိုင်မှာ ဆန်ရောင်းမယ်၊ ပဲရောင်းမယ်၊ ကရဝေးတို့ ဘာတို့ စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ရောင်းမယ်။ ဟင်းသီးဟင်းရွက်တွေ ရောင်းမယ်။ စင်ပေါ်မှာ ဆပ်ပြာတောင့်တို့၊ အမွှေးတိုင်တို့၊ ဘီစကွတ်မုန့်တို့၊ သကြားလုံးတို့ တင်မယ်တဲ့။ ဘေးပတ်လည်မှာ ကုန်ပစ္စည်းမျိုးစုံ ခြံရံလို့ပေါ့လေ။ သျှီဝနတ်မင်းဟာ သူ့ကျောက်တုံးနတ်ကွန်းမှာ စံမြန်းသလို သူလည်း သူ့ဆိုင်ကလေးထဲမှာ ပစ္စည်းတွေ ပတ်လည်ဝိုင်းပြီး ဇိမ်နဲ့နေတော့မယ်တဲ့။ အေးအေးဆေးဆေး ဈေးရောင်းစားတော့မယ် တဲ့"
သို့ရာတွင် ထိုစိတ်ကူးကလေးကို အကောင်အထည်မဖော်မီတွင် ရမ်ကျန္ဒသည် သူ့တွင် တာဝန်တစ်ခုရှိထားသည်။ သူ့အဖေ၏အသုဘတုန်းက မြေရှင်ထံမှ ငွေချေးခဲ့ရသဖြင့် ထိုကြွေးကို ပြန်ဆပ်ရဦးမည်။ ထိုသို့မှ မဆပ်နိုင်လျှင် အပေါင်အာမခံဖြင့်ထားသည့် သူတို့လယ်ကွက်ကလေး ဆုံးသွားတော့မည်။ မြေရှင်ထံသို့ ကြွေးဆပ်ရမည့်အချိန် နီးသည့်အခါတွင် ရမ်ကျန္ဒသည် ရွာနီးချုပ်စပ်မှ ငွေချေးစားသူတစ်ဦးထံမှသွား၍ ငွေချေးရပြန်သည်။ မြေရှင်၏ ကြွေးတို့ကို သတ်မှတ်သည့်ရက်တွင် မပေးနိုင်လျှင် မြေကွက်ကလေး ဆုံးမည် မဟုတ်လော။ ရမ်ကျန္ဒသည် နောက်တစ်ယောက်ထံမှ ငွေလှည့်ချေးပြီး ကြွေးဟောင်းကို ဆပ်ရပြန်သည်။ သို့ဖြင့် အချိန်နီးလာတိုင်း ကြွေးသစ်ယူပြီးအခြားသူ၏ကြွေးဟောင်းကို ဆပ်၍ သွားနေခြင်းဖြင့် နောက်ဆုံးတွင် အိန္ဒိယလယ်သမားသည် မြေကွက်ကလေး ဆုံးခဲ့ရခြင်းဖြစ်သည်။
မကြာမီဆိုလျှင် ဒူဂါးရ်ပွဲတော် ရောက်တော့မည်။ ရမ်ကျန္ဒ လန်ချားသမားဖြစ်သည်မှာ ငါးနှစ်ပြည့်တော့မည်။ ရမ်ကျန္ဒသည် ကျန်းမာရေးမကောင်းသည့်တိုင် လန်ချားမဆွဲဘဲ နေ၍မရသဖြင့် အလုပ်ကို ဆက်လုပ်ရသည်။
တစ်နေ့ မနက်တွင် ဟာစရီပါးသည် စာတိုက်ကြီးရှေ့လမ်းပေါ်တွင် ရမ်ကျန္ဒနှင့် သွားတွေ့၏။ ယခင်က တောင့်တင်းသန်မာခဲ့သည့် ရမ်ကျန္ဒသည် ယခုမူ အရိပ်တစ်ခုလို ပါးပါးလှပ်လှပ်ကလေးဖြစ်နေလေပြီ။ စာတိုက်အနီးရှိ လျှောက်လွှာစာရေးထံလာပြီး ငွေကလေးတွေကို ထုတ်ရန် ပုံစံလာအဖြည့်ခိုင်းခြင်းဖြစ်သည်။ ရမ်ကျန္ဒက သူ့ဒိုတီကြားထဲတွင် ညှပ်လာသည့် ငွေစက္ကူအထပ် တစ်ထပ်ကို ဆွဲထုတ်ပြသည်။
“အလိုလေး၊ ခင်ဗျား ဘဏ်တိုက်က လုလာတာလား” ဟု ဟာစရီပါးက အလန့်တကြား မေးသည်။
“မဟုတ်ပါဘူးကွာ၊ စာတိုက်မှာ စုထားတဲ့ ငွေတွေကို ထုတ်လာတာပါ။ ဒီလတော့ ဒီငွေတွေအားလုံးကို ပို့ရတော့မယ်ကွ၊ ဒီလထဲမှာ အကြွေးမဆပ်နိုင်ရင် တို့မြေကလေး ဆုံးသွားတော့မှာ”
သည်လောက်များသည့် ငွေကို တစ်လတည်းနှင့် စုဖို့ဆိုသည်မှာ မလွယ်။ တစ်နေ့ကို ချာပါတီနှစ်ချပ်နှင့် လက်ဖက်ရည်တစ်ခွက်၊ သို့မဟုတ် ကြံရည်တစ်ခွက်လောက် သောက်ပြီး လပေါင်းများစွာ အငတ်ခံစုမှသာ ရနိုင်ပေလိမ့်မည်။
* * *
"အိမ်နားက ကောင်လေးတစ်ယောက် ကျွန်တော်တို့ လန်ချားဂိတ်ကို ပြေးလာတာမြင်လိုက်တော့ ကျွန်တော်သိလိုက်ပါပြီ။ ဒီသတင်းဟာ ကျွန်တော်တို့အနားတစ်ဝိုက်က လန်ချားဂိတ်တွေအားလုံးမှာ ချက်ချင်း ပျံ့သွားတယ်။ ခဏနေတော့ ကျွန်တော်တို့လန်ချားသမား စုစုပေါင်း သုံးဆယ် လေးဆယ်လောက်ဟာ ရမ်ကျန္ဒနေတဲ့ တဲကလေးထဲကို ရောက်သွားကြတယ်။ အဲဒီတဲကလေးက စိတ္တရာဂျံဆေးရုံကြီးနောက်ဖေးမှာ"
"ကာလကတ္တားမှာနေခဲ့တဲ့ ငါးနှစ်လုံးလုံး သူအိပ်ခဲ့တဲ့ သစ်သားစင်ကလေးပေါ်မှာ လဲလို့။ ဖြူဖွေးနေတဲ့ဆံပင်တွေဟာ သူ့ခေါင်းပတ်လည်မှာ ဝဲကျနေကြတယ်။ မျက်လုံးတွေက တစ်ဝက်ပွင့်နေပြီး ပါးစပ်ကတော့ ဟလို့။ ဒါပေမယ့် ဟနေတဲ့ သူ့ပါးစပ်ဟာ ကျွန်တော်တို့ မကြာခဏမြင်ဖူးနေတဲ့ အပြုံးကို ပြုံးပြနေသလိုပါပဲ။ ကျွန်တော်တို့ကို ရယ်စရာမောစရာပြောပြီးရင်၊ နောက်ပြောင်ပြီးရင် သူ ဒီလိုပဲ ပြုံးနေတတ်တယ်လေ၊ ခုလည်း သူဒီအတိုင်းပါပဲ၊ ကျွန်တော်တို့ကို နောက်ပြောင်ကျီစယ်ပြီး ပြုံးနေသလိုပဲ။ သူနဲ့ အတူတူနေတဲ့ လက်သမားကြီးကပြောတော့ ရမ်ကျန္ဒဟာ အိပ်ပျော်နေရင်း အသက်ထွက်သွားတာတဲ့။ ဟုတ်မှာပဲ။ ဒါကြောင့်မို့ မျက်နှာဟာ တည်ငြိမ်နေတာပေါ့။ မနေ့ညတုန်းကတော့ သိပ်ပြီး ချောင်းတွေ ဆိုးတယ်တဲ့။ သွေးတွေလည်း အန်တယ်တဲ့။ ပြီးတော့ အိပ်ပျော်သွားတယ်တဲ့။ ဟုတ်ပါတယ်။ အိပ်ပျော်သွားတာမှ ဘယ်တော့မှမနိုးတဲ့ အိပ်ခြင်းနှင့် အိပ်သွားပြီလေ"
"အသုဘကိစ္စကို ကျွန်တော်တို့တစ်တွေကပဲ စီစဉ်ရတာပေါ့။ ကျွန်တော်တို့ဘဝတူ လန်ချားသမားတွေစုပြီး သူ့ကို ခြေကျင်သယ်ချမလား၊ ဒါမှမဟုတ် အသုဘလှည်း ငှားမလားလို့ စဉ်းစားကြတယ်။ ကာလကတ္တားမှာ သုံးဘီးလက် တွန်းလှည်းကလေးတွေရှိတယ်။ တစ်နာရီကို သုံးကျပ်ပေးရတယ်။ နာတာလာသုသာန်က နည်းနည်းလှမ်းတော့ ကျွန်တော်တို့အားလုံးကပဲ လှည်းငှားဖို့ ဆုံးဖြတ်ပြီး ကုန်ကျစရိတ်ကို ကျွန်တော်တို့အားလုံးဆီက ကောက်ခံဖို့ ဆုံးဖြတ်ကြတယ်။ တချို့ကနှစ်ဆယ်၊ တချို့က ငါးကျပ် စသည်ဖြင့် ကိုယ်တတ်နိုင်သလောက် ထည့်ကြပါတယ်"
"ကျွန်တော်က သူ့ခါးကြားမှာ ပိုက်ဆံထားတတ်မှန်းသိလို့ ခါးကြားထဲကို နှိုက်ရှာတော့ ငွေအစိတ် ထွက်လာတယ်။ ရမ်ကျန္ဒဟာ ဒီနားတဝိုက်မှာ လူချစ်လူခင်များလေတော့ အိမ်နီးနားချင်းတွေကလည်း တတ်နိုင်သလောက် ကူကြပါတယ်။ ဘယ်သူက တိုက်မှန်းတော့ မသိဘူး။ လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်တွေလာပို့တာတဲ့၊ ကျွန်တော်တို့တစ်တွေ ကျွန်တော်တို့မိတ်ဆွေကြီး ရမ်ကျန္ဒရဲ့အနားမှာ လက်ဖက်ရည်သောက်ကြတယ်။ မိုးတိုးမတ်တတ်ပါပဲ၊ ထိုင်စရာရယ်လို့မှ မရှိတာ။ သူ့နှုတ်ခမ်းက ပြုံးနေလို့လား မသိဘူး။ ရမ်ကျန္ဒရဲ့မျက်နှာပေါ်မှာ ထိတ်လန့်ကြောက်ရွံ့တဲ့အမူအရာ မရှိဘူး။ ပူဆွေးကြောင့်ကြတဲ့အမူအရာ မရှိဘူး"
"သူရှိနေတုန်းကလို လူတွေကလည်း တဲကလေးထဲဝင်ပြီး ဝင်လာကြ၊ ထသွားလိုက်ကြ၊ စကားပြောလိုက်ကြနဲ့ စည်ကားနေတာပဲ။ ကျွန်တော်လည်း လုပ်ဖော်ကိုင်ဖက် သုံးယောက်နဲ့အတူ ဈေးထဲသွားပြီး အသုဘအတွက် ဝယ်စရာရှိတဲ့ ပစ္စည်းကလေးတွေကို ဝယ်တယ်။ အလောင်းတင်ဖို့ လှည်းငှားတယ်။ သုသာန်ကိုသွားပြီး လုပ်စရာရှိတာကို လုပ်တယ်။ ပြီးတော့ အမွှေးတိုင်တချို့ရယ်၊ ထောပတ်တစ်အိုးရယ်။ အလောင်းပတ်ဖို့ ဖျင်စ ငါးကိုက်ရယ်၊ ကြိုးရယ်၊ စံပယ်ပန်းကုံးနှစ်လုံးရယ်၊ ဂင်္ဂါမြစ်ထဲက ရေကိုခပ်ပြီး သူ့ပါးစပ်ထဲနဲ့ သူ့ခေါင်းကို လောင်းပေးဖို့ ရေထည့်တဲ့ မြေအိုးတစ်လုံးရယ် ဝယ်လာခဲ့တယ်"
"ကျွန်တော်တို့စိတ်ထဲမှာ ရမ်ကျန္ဒဟာ ကျွန်တော်တို့သားချင်း ဆွေမျိုးထဲကလိုပဲ အောက်မေ့နေမိတယ်။ ဒါကြောင့် အလောင်းကို ရေမိုးချိုး သန့်စင်တော့လည်း ကျွန်တော်တို့ကိုယ်တိုင်ပဲ လုပ်ကြတယ်။ မကြာပါဘူး။ ခဏလေးနဲ့ ပြီးပါတယ်။ သူ့ကို သန့်စင်ပြီးတော့ ဝယ်လာတဲ့ ဖျင်စနဲ့ သူ့အလောင်းကို ပတ်တယ်၊ မျက်နှာနဲ့ ခြေဖျားကလေးကိုပဲ ဖော်ထားတယ်။ စိတ်မကောင်းလိုက်တာဗျာ။ သူ့အလောင်းကို မ,ကြည့်တော့ ကိုယ်က ပေါ့ပေါ့ကလေးပါကလား"
"လန်ချားသမားဆိုတာ ဒီလို ပိန်ပိန်လှပ်လှပ်၊ ပေါ့ပေါ့ပါးပါးတွေချည်းပါပဲ။ ဒါပေမယ့် သည်အထဲမှာ ရမ်ကျန္ဒကတော့ အပိန်ဆုံး၊ အပေါ့ဆုံးဖြစ်မယ် ထင်တယ်။ လွန်ခဲ့တဲ့ ဆောင်းတွင်းကစ,ပြီး သူ့ကိုယ်အလေးချိန် ပေါင်လေးဆယ် လောက် ကျသွားလိမ့်မယ် ထင်တယ်။ နောက်ပိုင်းမှာ ခပ်ဝဝ ပါဆင်ဂျာဆိုလျှင် သိပ်မဆွဲနိုင်တော့ဘူးလေ။ သူများကို ပေးလိုက်ရတာချည်းပဲ မဟုတ်လား။ အေးလေ ဆိတ်တစ်ကောင်သွားပြီး ဆင်အဆွဲခိုင်းလို့ ဘယ့်နှယ်လုပ်ရနိုင်ပါ့မလဲ"
"နောက်တော့ အလောင်းတင်မယ့် လှည်းကလေးပေါ်ကို စံပယ်ပန်းကုံးတွေ ချိတ်တယ်။ ထောင့်လေးထောင့်မှာ အမွှေးတိုင်တွေ ထွန်းတယ်။ အလောင်းဘေးမှာ တန်းစီပြီး တစ်ယောက်ပြီးတစ်ယောက် နောက်ဆုံးနှုတ်ဆက်ကြတယ်။
အသုဘချခါနီးတော့ တဲထဲမှာ ကျန်တဲ့သူ့ပစ္စည်းကလေးတွေကို ကျွန်တော် စုပြီးသိမ်းတယ်။ များများစားစားမရှိပါဘူး။ ထမင်းဟင်းချက်တဲ့ အိုးခွက်ကလေးတွေရယ်၊ ဒိုတီတစ်ထည်ရယ်၊ ရှပ်အင်္ကျီတစ်ထည်ရယ်၊ ပွဲတော်တို့ဘာတို့မှာ ဝတ်လေ့ရှိတဲ့ ဘောင်းဘီကလေးတစ်ထည်ရယ်၊ ထီးတစ်ချောင်းရယ် ဒါပဲရှိတယ်"
"ကျွန်တော်နဲ့ တခြားငါးယောက်က သူ့အလောင်းတင်တဲ့ လှည်းကလေးပေါ် တက်လိုက်လာခဲ့ကြတယ်။ တခြားလူတွေကတော့ ဘတ်စ်ကားစီးပြီး မြစ်ဆိပ်မှာရှိတဲ့ မီးသင်္ဂြိုဟ်တဲ့နေရာကို သွားနှင့်ကြပြီ။ ကျွန်တော်တို့လှည်းပေါ်မှာ နတ်ရုပ်မဟုတ်ဘဲ ကျွန်တော်တို့မိတ်ဆွေရဲ့ အလောင်းတင်ထားတာကလွဲလျှင် ဒူဂါးရ်ပွဲတော် လှည့်လာသလိုပါပဲ။ မြို့,အရှေ့ဖျားကနေ အနောက်ဖျားကို သွားရတာဆိုတော့ တစ်နာရီကျော်ကျော်လောက် ကြာတယ်။ တစ်လမ်းလုံးလည်း ကျွန်တော်တို့တစ်တွေ ဓမ္မသီချင်းတွေကို ရွတ်လာခဲ့ကြတယ်။ ဓမ္မသီချင်းတွေကတော့ ဘဂဝါဂီတကျမ်းထဲက ဓမ္မသီချင်းတွေပါ။ ဟိန္ဒူတိုင်း ငယ်ငယ်ကလေးကတည်းက သည်ဓမ္မသီချင်းတွေကို ရပြီးသားမဟုတ်လား"
"မြစ်ဆိပ်နားက သင်္ဂြိုဟ်မယ့်နေရာကိုရောက်တော့ ကျွန်တော်တို့ ပြန်ဆုံကြတယ်။ တချို့အလောင်းတွေလည်း သင်္ဂြိုဟ်စင်ပေါ်မှာ တင်ပြီး မီးရှို့နေကြပြီ။ တချို့အလောင်းတွေကလည်း လှည်းတွေနဲ့ တန်းစီနေကြတုန်းပဲ ရှိသေးတယ်။ ကျွန်တော်က မီးသင်္ဂြိုဟ်တဲ့နေရာက တာဝန်ခံဆီသွားပြီး တွေ့တယ်။ သူက အသုဘတွေကို မီးသင်္ဂြိုဟ်တဲ့နေရာမှာ ကျွမ်းကျင်နားလည်တဲ့ ဒွန်းစဏ္ဍာမျိုးထဲကလူ။ သူတို့မိသားစုတွေလဲ သင်းချိုင်းနားမှာပဲ နေကြတာပဲ။ သူက ထင်းဖိုးချည်းပဲ တစ်ရာ့နှစ်ဆယ်ပေးရမယ်လို့ တောင်းတယ်။ အလောင်းတစ်လောင်းကို သင်္ဂြိုဟ်ဖို့ ထင်းကလဲ နည်းတာမဟုတ်ဘူး။ ဒီလောက်ဈေးကြီးတော့ တချို့လဲ ဘယ်တတ်နိုင်ကြမလဲ။ အဲဒီလိုအလောင်းကိုတော့ မီးသင်္ဂြိုဟ်မနေတော့ဘဲ မြစ်ထဲကို ဒီအတိုင်း မျှောလိုက်တာပေါ့"
"တိုတိုပြောရရင် ကျွန်တော့်မိတ်ဆွေရဲ့အလောင်းကို မီးခိုးဘဝရောက်သွားသည်အထိ ဆိုရင် ငွေတစ်ရာ့ငါးဆယ် ကုန်မယ်။ သူ့အလှည့်ရောက်တော့ ကျွန်တော်လဲ မြေအိုးနဲ့ ရေစပ်ကို ဆင်းသွားပြီး ရေခပ်လာခဲ့တယ်။ ပြီးတော့မှ ကျွန်တော်တို့တစ်တွေ သူ့ပါးစပ်ထဲကို တစ်ယောက်တစ်လှည့် ရေစက်ချပေးကြတယ်။ ဗြဟ္မဏမျိုးတစ်ယောက်က ကျွန်တော်တို့ယူလာတဲ့ ထောပတ်အိုးထဲကနေပြီး သူ့နဖူးကို ဆီသုတ်ပေးပြီး မန္တန်တွေ ရွတ်ပေးတယ်။ ပြီးတော့ အလောင်းကို မီးသင်္ဂြိုဟ်စင်ပေါ်ကို တင်လိုက်တယ်။ ထင်းတွေ အလောင်းမြှုပ်သွားအောင် ထပ်တင်လိုက်ပြီး ဗြဟ္မဏက အဲဒီအပေါ်မှာ ထောပတ်တွေကို ထပ်လောင်းတယ်"
"အလောင်းကို မီးသင်္ဂြိုဟ်ခါနီးတော့ ကျွန်တော့်ရင်ထဲမှာ တင်းကျပ်လာပြီး မျက်ရည်တွေ ဝဲလာတယ်။ ဘယ်လောက်ပဲ စိတ်ခိုင်တဲ့လူလို့ပြောပြော ကိုယ့်အစ်ကိုတစ်ယောက် ထင်းပုံကြီးတွေအောက်မှာ မီးသင်္ဂြိုဟ်ခံရတော့မယ် ဆိုတော့ မနေနိုင်ဘူးဗျာ၊ စိတ်ထိခိုက်တာပဲ။ အလောင်းစင်ကို ကြည့်ရင်း ကျွန်တော့်မျက်စိထဲမှာ ရုပ်ပုံလွှာတွေ တစ်ခုပြီးတစ်ခု ပေါ်လာတယ်။ ဘာရားဘဇားလို့ခေါ်တဲ့ ဈေးကြီးနားက ဂိုဒေါင်နားမှာ ကျွန်တော်တို့နှစ်ယောက် စ,တွေ့ကြတာတွေ၊ ကျွန်တော်တို့နှစ်ယောက် ဒဏ်ရာရတဲ့ ကူလီကို ဆေးရုံလိုက်ပို့တာတွေ၊ ပန်းခြံအဝိုင်းကြီးနားက ဓနိရည်ဆိုင်ကလေးနောက်ဖေးမှာ တနင်္ဂနွေနေ့ဆိုရင် ကျွန်တော်တို့တစ်တွေ ဖဲရိုက်ကြတာတွေ၊ ကျွန်တော့်ကို လန်ချားတစ်စီး ငှားဖို့ လန်ချားသူဌေးရဲ့ကိုယ်စားလှယ်ဆီကို သူနဲ့ နှစ်ယောက်သွားပြောခဲ့ကြတာတွေ အားလုံး မျက်စိထဲမှာ ပေါ်လာကြတယ်"
"ဟုတ်တယ်...လူမဆန်တဲ့ ကာလကတ္တားမြို့တော်ကြီးထဲမှာ ရမ်ကျန္ဒရာဟာ ကျွန်တော့်အဖေပဲ။ ခု သူ မရှိတော့ ကျွန်တော့်ဟာ အဖမဲ့သားတစ်ယောက်လို ယောင်လည်လည်ဖြစ် ကျန်ရစ်ခဲ့တယ်။ လန်ချားသမားတစ်ယောက်က ကျွန်တော် စိတ်ထိခိုက်နေတာကို သတိထားမိလို့ထင်ပါရဲ့ ၊ ကျွန်တော့်အနားလာ ကျွန်တော့်ပခုံးကိုဖက်ပြီး မငိုပါနဲ့ဗျာ၊ တစ်နေ့ကျတော့ လူတိုင်း သေကြရမှာပဲတဲ့၊ အားပေးရှာတယ်။ သူပြောတဲ့စကားဟာ ဖြေသာတဲ့စကားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ချက်ချင်း ပြန်သတိရသွားတယ်။ ဒါနဲ့ ရှေ့ မီးသင်္ဂြိုဟ်စင်နားကို ကျွန်တော်ကပ်လာခဲ့တယ်"
"ကာလကတ္တားမှာ သူ့ဆွေမျိုးရယ်လို့ မရှိတော့ အရင်းဆုံးဖြစ်တဲ့ ကျွန်တော်ကပဲ ထင်းပုံကို စပြီး မီးရှို့ပါလို့ ဗြဟ္မဏက ခိုင်းတယ်။ ကျွန်တော်လည်း ထုံးစံအတိုင်း အလောင်းကို ငါးပတ်ပတ်ပြီး ခေါင်းဘက်က စ,ပြီး မီးရှို့လိုက်တယ်။ မီးတောက်ကြီး ဟုန်းခနဲ တက်လာပြီး မီးပွားတွေ လွင့်လာတယ်။ ပူလွန်းတော့ ကျွန်တော်တို့လဲ အနားမှာ မနေနိုင်တော့ဘဲ နောက်ကို ဆုတ်လာခဲ့ရတယ်။ ကိုယ်ခန္ဓာကို စလောင်တဲ့အချိန်လောက်ရောက်တော့ ကောင်းရာသုဂတိကို လားဖို့ ကျွန်တော်ဆုတောင်းတယ်။ နောင်ဘဝမှာ ကံကောင်းပြီး မြေရှင်ကြီးရင်လဲ ဖြစ်ပါစေ၊ လန်ချားသူဌေးကြီးရင်လဲဖြစ်ပါစေ လို့ ကျွန်တော် ဆုတောင်းမိတယ်"
"မီးသင်္ဂြိုဟ်တဲ့ကိစ္စက တော်တော်ကြာတယ်၊ နောက်ဆုံး ပြာမှုန့်ကလေးတွေပဲ ကျန်တော့တဲ့အခါမှာ မီးသင်္ဂြိုဟ်စင်မှာရှိတဲ့လူက ပြာတွေကို ရေနဲ့လိုက်ဖျန်းတယ်။ ပြီးတော့ မြေအိုးတစ်လုံးထဲကို ပြာတွေထည့်တယ်။ ကျွန်တော်တို့ အားလုံး ရေစပ်ကို ဆင်းလာပြီး ပြာမှုန့်ကလေးတွေကို မြစ်ရေထဲကို ကြဲချလိုက်ကြတယ်၊ အဆုံးအစမရှိတဲ့ ဘုံကြီးကို ရောက်ပါစေပေါ့။ ပြီးတော့မှ ကျွန်တော်တို့အားလုံး သန့်စင်သွားအောင် မြစ်ဆိပ်မှာ ရေချိုးပြီး ပြန်လာခဲ့ကြတယ်"
"အသုဘနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ နောက်ဆုံးလုပ်စရာ တစ်ခုပဲ ရှိတော့တယ်။ ဒါကတော့ အစဉ်အလာမို့လို့ လုပ်တဲ့သဘောပါ။ သင်္ဂြိုဟ်စင်နားမှာ ဖွင့်တဲ့ အရက်ဆိုင်တွေရှိတယ်။ အဲဒီကိုလာပြီး ကျွန်တော်တို့ မူးအောင်သောက်ပစ်လိုက်ကြတယ်။ ပြီးတော့ ထမင်းရယ်၊ ပဲဟင်းရယ်၊ ပဲချက်တနီးရယ်၊ အချိုမုန့်တွေရယ် ဝအောင် စားပစ်လိုက်ကြတယ်။ ဆင်းရဲသားတစ်ယောက်ရဲ့ အသုဘမှာ သူဌေးတစ်ယောက်ရဲ့ စားသောက်ပွဲမျိုး ဆိုပါတော့"
အပိုင်း(၂၇)ဆက်ရန်
-----------------------
0 Comments