#သုခမြို့တော်
အပိုင်း(၁၅)
ကိုလိုနီဖြစ်ခဲ့သော ကမ္ဘာ့မြို့တော်ကြီးတိုင်းမှာပင် သူတို့ကို လမ်းမများပေါ်မှ မောင်းထုတ်ပစ်ခဲ့ပြီးလေပြီ။ လူလူချင်း သွေးစုပ်ချယ်လှယ်ခြင်းဖြစ်သည့်အတွက် လူ့ဂုဏ်သိက္ခာကို ကျစေသည်ဟူသော အမြင်ဖြင့် သူတို့ကို လမ်းမများ ပေါ်မှ မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတွင် ဘယ်မြို့ကြီးတွင်မျှ လန်ချားမရှိတော့။ လန်ချားရှိသော မြို့ဆို၍ ကာလကတ္တားတစ်မြို့သာ ကျန်တော့သည်။ ကာလကတ္တားတွင်မူ ယနေ့တိုင်အောင်ပင် “လူမြင်း” များ ဆွဲသည့် လန်ချားများသည် ထောင်ရာပေါင်းများစွာ ကျန်နေသေးသည်။
ထိုလန်ချားများသည် တစ်နေ့လျှင် အိန္ဒိယလေကြောင်းကုမ္ပဏီမှ ပျံသန်းနေသော ဘိုးအင်းလေယာဉ်ပျံများ၊ အဲယားဘတ်စ် လေယာဉ်ပျံများ ပျံသန်းသည့် မိုင်နှုန်းထက် အများကြီးပိုသည်။ နေ့တိုင်းပင် ကာလကတ္တားရှိ လန်ချားများသည် ခရီးသည် တစ်သန်းကျော်ကို သယ်ယူပို့ဆောင်ပေးနေကြသည်။ ကာလကတ္တားတွင် လူ့ချွေးသည် ဓာတ်ဆီတို့၊ ဒီဇယ်ဆီတို့ထက် ဈေးပေါသော စွမ်းအင်မဟုတ်လော။ ခေတ်မမီတော့သော ထိုလန်ချားများကို အရှည်မြင်တတ်သော မြို့ပြဗိသုကာအချို့ကသာလျှင် သမိုင်းပြတိုက်ထဲသို့ ပို့ချင်ပေလိမ့်မည်။ အခြားသူတို့ကမူ ပို့ချင်မည်မဟုတ်။
ဘေးတစ်ဖက်တစ်ချက်တွင် သစ်သား စမုတ်တံတွေ တပ်ထားသည့် ဘီးကြီးနှစ်ဘီး တပ်ထားကာ လှည်းသန်နှစ်ချောင်းတပ်ပြီး အပေါ်တွင် လှည်းအိမ်ကလေးတင်ထားသည့် လန်ချားသည် အဘိုးတို့ အဘွားတို့ခေတ်က ပေါ်ခဲ့သော ပက်လက်ရထားကလေးနှင့် ခပ်ဆင်ဆင်တူသည်။ ဆယ့်ရှစ်ရာစုနှစ်ကုန်ခါနီးက ဂျပန်ပြည်တွင် ဥရောပတိုက်သား သာသနာပြုတစ်ဦးက တီထွင်ခဲ့သော ထိုယာဉ်ကို ဂျပန်ဘာသာဖြင့် “ဂျီရီကီရှော” ဟု ခေါ်ရာမှ အင်္ဂလိပ်ဘာသာဖြင့် “ရစ်ကရှော” ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ လူအားဖြင့် မောင်းနှင်သော ယာဉ်ဖြစ်၏။
အိန္ဒိယပြည်တွင် ပထမဆုံးသော လန်ချားသည် အင်္ဂလိပ်အရှင်သခင်များ နွေရာသီအပန်းဖြေရာ ဆင်းမလားမြို့တွင် ၁၈၈ဝ ခုနှစ်က ပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ နောက်နှစ်ပေါင်း နှစ်ဆယ်လောက်ကြာသည့်အခါတွင် ထိုလန်ချားများသည် ကာလကတ္တားသို့ ရောက်လာခဲ့ကြ၏။ တရုတ်ကုန်သည်များက ကုန်ပစ္စည်းများ တင်ပို့ရာတွင် အသုံးပြုခြင်းဖြစ်သည်။ ၁၉၁၄-ခုနှစ်တွင်မူ ထိုတရုတ်ကုန်သည်များသည် လန်ချားများပေါ်တွင် လူစီးခွင့်ပေးရန် ဆိုင်ရာသို့ လိုင်စင်လျှောက်ထားခဲ့ကြသည်။ လန်ချားသည် ရှေးက သုံးခဲ့သည့် ဝေါများထက်လည်း မြန်သည်။ ပက်လက်ရထားများလောက်လည်း တာဝန်မကြီးသည့်အတွက် လန်ချားများသည် မကြာမီတွင် အာရှတိုက်ပင်လယ်ဆိပ်ကမ်းမြို့ကြီးများတွင် အလျှိုအလျှို ပေါ်ပေါက်လာခဲ့ကြသည်။ ထို့နောက်မှ အာရှတိုက်မြို့တော်တိုင်းတွင် ခေတ်စားလာခဲ့ခြင်းဖြစ်၏။
လွတ်လပ်ရေးရပြီးသည့်နောက် ကာလကတ္တားမြို့တော်သို့ ရောက်လာကြသည့် သန်းပေါင်းများစွာသော လယ်သမားများ၊ ဒုက္ခသည်များအဖို့ လန်ချားလှည်းသန်နှစ်ချောင်းကြားမှ ကွက်လပ်ကလေးသည် လောလောဆယ် ထမင်းတစ်လုပ်စားနိုင်အောင် ဖန်တီးပေးလိုက်သည့်နေရာကလေးဖြစ်၏။ ကမ္ဘာတွင် လန်ချားများရှိနေသေးသော တစ်ခုတည်းသော မြို့ကြီးဖြစ်သည့် ကာလကတ္တားမြို့ထဲတွင် လန်ချားဦးရေ မည်မျှရှိသည်ကိုမသိ။ ၁၉၃၉ ခုနှစ်တွင် ဗြိတိသျှအစိုးရက ကာလကတ္တားတွင် လန်ချားဦးရေ ခြောက်ထောင်အထိသာ ခွင့်ပြုထားခဲ့၏။ ထို့နောက်မှစ၍ ၁၉၄၉-ခုနှစ်တွင် တစ်ကြိမ်မှတ်ပုံတင်သည်မှအပ တစ်ခါမျှ မှတ်ပုံတင်ခြင်း မပြုတော့။
ယခုအချိန်တွင် တရားဝင်စာရင်းများအရဆိုလျှင် ကာလကတ္တားတွင် လန်ချားပေါင်း တစ်သောင်းခန့်ရှိသည်ဟု သိရ၏။ တရားမဝင်စာရင်းအရဆိုလျှင်မူ ထို့ထက် လေးငါးဆလောက်များပြီး နံပါတ်အတုဖြင့် ပြေးနေကြသည်ဟု ဆိုသည်။ ထိုငါးသောင်းမျှ အရေအတွက်ရှိသော လန်ချားတို့အနက် လန်ချားတစ်စီးတိုင်းသည် လန်ချားသမားနှစ်ဦးကို ထမင်းကျွေးလျက်ရှိ၏။ လန်ချားသမားတစ်ယောက်လျှင် ယနေ့မနက်နေထွက်မှ နောက်နေ့ နေထွက်အထိ ဆွဲခွင့်ရ၏။ ထိုလန်ချားသမားပေါင်း တစ်သိန်း၏ချွေးသည် မိသားစုများစွာကို ကျွေးမွေးထား၏။ ထို့ကြောင့် ကာလကတ္တားရှိ လူပေါင်းတစ်သန်းခန့်သည် ထမင်းတစ်လုပ်အတွက် လန်ချားကို အမှီပြုနေရသည်။
ဘောဂဗေဒပါရဂူများကမူ လန်ချားမှပေါ်ထွက်လာသော ငွေကြေးပမာဏကို စာရင်းပြုပြကြသည်။ ကာလကတ္တားတွင် လန်ချားမှရသော ဝင်ငွေသည် နှစ်စဉ် ပေါင်သုံးသိန်းခန့်မျှရှိရာ ထိုငွေသည် ပါရီလိုမြို့ကြီးတစ်မြို့၏ သယ်ယူပို့ဆောင်ရေး ဘတ်ဂျက် လေးပုံတစ်ပုံနှင့် ညီမျှသည်။ ယင်းတို့အနက် လေးပုံတစ်ပုံခန့်ဖြစ်သော ပေါင် ၇၅,၀၀၀ ကို ပုလိပ်နှင့် အခြားသော အာဏာပိုင်တို့အား လာဘ်ထိုးရ၏။ ကာလကတ္တားတွင် လမ်းတွေကြပ်သည်ထက် ကြပ်လာသဖြင့် အချို့လမ်းများတွင် လန်ချားများကို ပိတ်ထားသဖြင့် ဆွဲခွင့်ရအောင် လာဘ်ပေးရခြင်းဖြစ်သည်။
“ဟေ့၊ တစ်ခွက်လောက်သောက်ရင် ဗိုက်ထဲမှာ ကျားရောက်နေသလို အားရှိလာတယ်ကွ”
ရမ်ကျန်ဒရာက ပြောသည်။ ထိုစကားမှာ ကာလကတ္တားရှိ နံရံများပေါ်တွင် မကြာခဏတွေ့ရသော အရက်ကုမ္ပဏီတစ်ခုမှ ကြော်ငြာဖြစ်သည်။ ရမ်ကျန္ဒရာသည် သူ့အဖော်ကိုတွဲကာ ဆိုင်ပြင်သို့ ထွက်လာခဲ့၏။
“ဟုတ်တယ်ဗျ၊ တစ်ခွက်လောက် သောက်လိုက်တာ ချာပါတီ ငါးချပ်လောက်နဲ့ ငါးဟင်းတစ်ခွက် စားလိုက်ရသလို အားကို ပြည့်သွားတာပဲ။ တစ်ခုတော့ရှိတယ်ဗျ၊ ဒီဓာတ်ဆီက ဗိုက်ထဲမှာတော့ တော်တော်ခုတ်တဲ့ ဓာတ်ဆီပါ”
ဟာစရီပါးက မျက်နှာကို ရှုံ့ပြကာ ဗိုက်ကိုပွတ်သည်။ သူ့ဝမ်းထဲက အင်ဂျင်စက်ကို ခုတ်မောင်းနေသည်မှာလည်း အံ့သြစရာမဟုတ်။ သူတို့နှစ်ယောက် သောက်ခဲ့သည့်အရက်မှာ အလွန်ပြင်းသည့်ချက်အရက်ဖြစ်ပါ၏။ ထိုအရက်ကို ကာလကတ္တားမြို့စွန်ရှိ စွန့်ပစ်အမှိုက်ပုံကြီးများအနီးတွင်ရှိသည့် ရွာကလေးတစ်ရွာမှ ချက်လုပ်ရောင်းချခြင်းဖြစ်သည်။ ထိုရွာကလေးအနီးတွင် ကျင်းကြီးများရှိပြီး အမျိုးမျိုးသော စွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်အသေကောင်တို့၏ ဝမ်းတွင်းသားများကို စိမ်ရေဖြင့်ဖောက်ပြီး ရာဝင်အိုးကြီးများဖြင့် ကျင်းကြီးများထဲတွင် နှစ်, လုံးပေါက် စိမ်ထားကြသည်။ အဆိပ်ပြင်းသော ထိုအရက်ကြောင့် လူတွေမည်မျှ အသက်ဆုံးရှုံးရသည်ကို အိန္ဒိယသတင်းစာများထဲတွင် နေ့တိုင်း သတင်းတွေပါနေသည်။ ထိုအရက်ကြောင့် သေသူဦးရေသည် ငှက်ဖျားကြောင့် သေသူဦးရေထက် မနည်း။ ထိုသေရည်တွင် အကျိုးထူးတစ်ခုသာရှိ၏။ ယင်းမှာ အခြားမဟုတ်၊ ဈေးပေါခြင်း ဖြစ်သည်။ အခွန်အကောက်မဆောင်ဘဲ တိတ်တိတ်ပုန်းရောင်းသည့် အရက်ဖြစ်သဖြင့် တစ်ပုလင်းကို ၇ ကျပ်လောက်သာကျသည်။ ဤသည်မှာ အစိုးရထုတ်လုပ်ရောင်းချသည့် ရမ်တစ်ပုလင်းဈေးထက် လေးငါးဆ နည်းသည်။
ရောင်းရင်းကြီးနှစ်ယောက်တို့သည် လမ်းမတွင် ယိုင်တီးယိုင်တိုင်ဖြင့် လျှောက်လာကြသည်။ လျှောက်လာ၍ ခဏကြာလျှင် မုဆိုးမဝတ်ရုံ ဆာရီအဖြူဝတ်ထားသည့် မိန်းမဝဝကြီးတစ်ယောက်က ရမ်ကျန္ဒရာ၏လန်ချားကို လှမ်းခေါ်သည်။ ဟာစရီပါးက မိန်းမဝဝကြီးကို လန်ချားပေါ်သို့ တွဲတင်ပေးလိုက်ပြီးသည့်နောက်၌ ရမ်ကျန္ဒရာသည် လန်ချားကို ခပ်သုတ်သုတ်ဆွဲ၍ ထွက်သွားသည်။ ဟာစရီပါးသည် သူ့ကိုကြည့်ရင်း ကျန်ရစ်ခဲ့၏။
“အင်း...သူကတော့ လူတွေရဲ့ မျက်နှာကို စေ့စေ့ကြည့်ရဲမှာပေါ့လေ။ သူ့မှာ အလုပ်နဲ့အကိုင်နဲ့ကိုး၊ ဂုဏ်ရှိတာပေါ့။ ငါ့မှာသာ လမ်းတကာလျှောက်သွားနေတဲ့ ခွေးဝဲစားလိုဖြစ်နေတာ”
သူတို့နှစ်ယောက် မခွဲခင်တွင် နောက်တစ်နေ့၌ ပန်းခြံအဝိုင်းကြီးရှိ လန်ချားဆိပ်တွင် ဆုံရန် ချိန်းခဲ့ကြသည်။ ထိုနေရာမှာ ဓာတ်ရထားလမ်းဆုံ ဖြစ်၏။ ရမ်ကျန္ဒရာသည် သူ့ကို လန်ချားပိုင်ရှင်ကိုယ်စားလှယ်နှင့် တွေ့ဆုံပေးမည်ဟု ပြောသွားခဲ့သည်။
“ကံကလေးကလဲလိုက်၊ ဘောက်ဆူးကလေးလဲ များများပေးနိုင်ရင်တော့ မင်းဖို့ လန်ချာအိုကလေးတစ်စီးတော့ ရမှာပေါ့ကွာ” ဟု ရမ်ကျန္ဒရာက ပြောသည်။
“ဒီလိုဆိုတော့လဲ ငါကံက ဘယ်ဆိုးလို့တုန်း၊ ငါ့ကိုယ်ငါတောင် မယုံနိုင်ဘူး။ အရက်ကလဲ တော်တော်မူးသား၊ အတောင်ပေါက်ပြီး ပျံသွားချင်စိတ်တောင် ပေါက်လာပြီ”
သူတို့နှစ်ယောက်သည် ဆေးရုံရောက်နေသည့် ကူလီကို သွားမေးရန်လည်း တိုင်ပင်ထားကြသည်။
ဟာစရီပါးသည် တစ်ယောက်တည်း မြို့ကြီးထဲတွင် တလည်လည် ဖြစ်နေပြီး အတော်ကြီးကြာမှ သူ့မိသားစုကို ရှာတွေ့၏။
“တိုက်ဆိုင်ကြီးတွေ၊ ကနွားကြီးတွေ၊ ဈေးဆိုင်ကြီးတွေကလဲ ဆုံးပဲမဆုံးနိုင်တော့ပါဘူးဗျာ။ ပလက်ဖောင်းတွေပေါ်မှာဆိုတာလဲ လူတွေက ဥဒဟို၊ လမ်းမကြီးတွေမှာလည်း လူတွေရှုပ်ယှက်ခပ်လို့။ မြို့ကြီးမှာရှိတဲ့ လူတစ်ဝက်က ဈေးသည်လုပ်ပြီး ကျန်တဲ့တစ်ဝက်က ဈေးဝယ်သူတွေချည်းထင်ပါရဲ့။ ကျွန်တော့်တစ်သက်မှာ တစ်ခါမှမတွေ့ဘူးတဲ့ ပစ္စည်းတွေကလဲ အများကြီးပဲ။ သစ်သီးအခွံနွှာတဲ့ ဓားတွေ၊ အရည်ညှစ်တဲ့ပစ္စည်းတွေဆိုရင် ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ ပြီးတော့ အိုးခွက်ပန်းကန်တွေ၊ စက်ပစ္စည်းတွေ၊ ဖိနပ်၊ ရှပ်အင်္ကျီ၊ ခါးပတ်၊ အိတ်၊ ဘီး၊ ဖောင်တိန်၊ နေကာမျက်မှန်၊ အိုး...စုံလို့ပဲ။ တချို့နေရာတွေမှာဆိုရင် လူတွေကလဲကြပ်၊ ပစ္စည်းတွေကလဲ ညပ်နေတော့ လမ်းသွားလို့တောင် ကောင်းကောင်းမရချင်ဘူး။ တစ်နေရာရောက်တော့ ကျွန်တော့်ကလေးတွေဖို့ အာလူးပူတာတွေဝယ်လာတယ်။ အာလူးကို ကြွပ်ကြွပ်ကလေးကြော်ပြီး သကြားဖြူးထားတာလေ၊ ဒါမျိုးဆိုရင် ကျွန်တော့်ကလေးတွေက သိပ်ကြိုက်တာကိုး၊ လမ်းဘေးဈေးသည်ဆီက ဝယ်ခဲ့တာပေမယ့် ငါးကျပ်ကျော်ကျော် ချောသွားတာပဲ။ ဒီထက်လဲ များများမဝယ်နိုင်ဘူးလေ။ အမှန်ကတော့ ဒါဝယ်မယ့်အစား တစ်အိမ်လုံးစားရအောင် ဆန်လှော်ဝယ်ခဲ့တာက ပိုကောင်းမယ်ထင်တယ်။ ဒါပေမယ့် လူကလဲ အရက်ကလေး နည်းနည်းထွေနေတော့ ဒါတွေ မစဉ်းစားနိုင်တော့ဘူးလေ။ စိတ်ကူးရတာ ကောက်ဝယ်လာခဲ့ရတာပေါ့”
သူတို့မိသားစု စခန်းချရာလမ်းကို ရှာ၍ ပြန်တွေ့သည့်အချိန်၌ မိုးတော်တော်ချုပ်နေလေပြီ။ သူ့မိသားစုကို ရှာမတွေ့ခင် ထိုအနားတစ်ဝိုက်တွင် လူတွေ ရုတ်ရုတ်သဲသဲ ဝိုင်းအုံနေကြသည်ကို မြင်လိုက်ရသဖြင့် ဟာစရီပါး ပြေးလာခဲ့သည်။ အနီးသို့ရောက်သည့်အခါတွင် အော်ဟစ်နေသော မိမိတို့ပလက်ဖောင်းနီးချင်း အမျိုးသမီးကို တွေ့ရ၏။ သူ့မျက်နှာမှာ သွေးတွေ ပေကျံလျက်၊ ပခုံးနှင့် လက်မောင်းတွင်လည်း ဒဏ်ရာတွေအပြည့်။ လင်ဖြစ်သူ အရက်မူးပြန်လာကာ မယားကို ရိုက်ခြင်းပေတည်း။
လင်အရက်မူးလာသည်တွင် မယားနှင့် ရန်ဖြစ်ကြသည်။ ဤတွင် လင်က သူ့ကို သံတုတ်ဖြင့် ကောက်ရိုက်သည်။ အနီးအပါးမှ ရှိသူများကသာ ဝင်ရောက်မဆွဲလျှင် သေလောက်ပေပြီ။ လင်ဖြစ်သူသည် ကလေးနှစ်ယောက်ကိုလည်း ရိုက်သေးသည်ဆို၏။ ထို့နောက်တွင် လင်ဖြစ်သူသည် သူ့အဝတ်ထုပ်ကလေးကို ကောက်၍ ထွက်သွားတော့သည်။ မိန်းမမှာ လောလောဆယ် ကလေးသုံးယောက်နှင့် ကျန်ရစ်ခဲ့သည်။ ထိုအထဲတွင် တောထဲသို့ရောက်နေသည့် သားတစ်ယောက်နှင့် ပြည့်တန်ဆာဖြစ်နေသည့် သမီးတစ်ယောက်တို့ ရှိသေးသည်။
“ဘယ်တတ်နိုင်မလဲ၊ ကံပေါ့” ဟု ဟာစရီပါးက တွေးသည်။
ထိုနေ့ညက သူတို့မိသားစု အနည်းငယ် ကံကောင်းသည်ဟု ဆိုရမည်။ ဟာစရီပါး၏ ကလေးအကြီးနှစ်ယောက်သည် ဘရာဘဇားခေါ် ဈေးကြီး၏ စွန့်ပစ်အမှိုက်ပုံထဲမှ မုန်လာဥနှင့်ဘူးသီးတို့ ရလာခဲ့သည်။ ကလေးတွေကလည်း သူတို့တစ်တွေ စားစရာများများရလာသဖြင့် ပျော်နေကြသည်။ ဈေးအမှိုက်ပုံထဲတွင် ကောက်သူများမှာ ဒုနဲ့ဒေးဖြစ်ရာ ထိုအထဲတွင် ပစ္စည်းကောင်းရဖို့ မလွယ်။ သူ့မိန်းမက နေရာနီးချင်းထံမှ ဓားငှားပြီး အသီးအရွက်များကို လှီးဖြတ်၍ ဟင်းချက်သည်။ ဟင်းချက်သည့်အခါတွင် သူတို့အနားက အဖေ စွန့်သွားသည့် ကလေးတွေကိုလည်း ခေါ်ကျွေးသည်။ အာလူးကြော်တွေကိုလည်း ကျွေးသည်။ အစားကောင်း အသောက်ကောင်းစားရလျှင် တော်တော် တန်တန် သောကတို့သည် ပျောက်သွားတတ်ကြသည် မဟုတ်လော။ အထူးသဖြင့် အမိုးအကာဟူ၍ သွပ်ပြားကလေးတစ်ချပ်မျှပင် မရှိသည့် ပလက်ဖောင်းတွင် နေရချိန်၌ ခုလို အစားကောင်းအသောက်ကောင်းကလေး စားရခြင်း သည် မည်မျှကြီးသည့် စည်းစိမ်ချမ်းသာပေနည်း။
ထိုနေ့ညတွင် သူတို့မိသားစုနှစ်စုသည် ခါတိုင်းထက် ပို၍ရင်းနှီးသွားကြသည်။ ဆင်းရဲသားအချင်းချင်းသာလျှင် ကူညီရိုင်းပင်းတတ်သည် မဟုတ်လော။
အပိုင်း(၁၆)ဆက်ရန်
---------------------
0 Comments