သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၄၀)

#သုခမြို့တော်

အပိုင်း(၄၀)

"ဘိသျှဝါကာမ ပူဇော်ပွဲကို ကျွန်တော်တို့က လန်ချားပွဲတော်လို့ ခေါ်ကြတယ်။ ကျွန်တော်တို့ကို ထမင်းကျွေးနေတဲ့ အလုပ်ရုံက ဘီးနှစ်ဘီး၊ ကိုယ်ထည်တစ်ခု၊ လှည်းသန်နှစ်ချောင်းနဲ့ လုပ်ထားတာ မဟုတ်လား။ ဘီးကလည်း ချိုင့်ထဲကျရုံနဲ့ ခွေချင်ခွေသွားနိုင်တယ်။ ဝင်ရိုးကလည်း လော်ရီနဲ့ ချိတ်မိပြီး ကောက်ချင် ကောက်သွားတတ်တယ်။ ဘော်ဒီဆိုတာကတော့ ဘတ်စ်ကားနဲ့ ဝင်ဆောင့်လိုက်တာနဲ့ ချာပါတီများလို ပြားချပ်သွားတာ။ အဲသလိုဖြစ်လို့ကတော့ ဟာစရီပါးတို့ ငတ်ပေရော့ပဲ။ ပိုင်ရှင်ဆီသွားပြီး ငိုပြနေလို့လည်း အလကားပဲ၊ မသနားတဲ့အပြင် ရိုက်တောင် လွှတ်လိုက်လိမ့်ဦးမယ်။ ဒီတော့ ကျွန်တော်တို့မှာ နတ်မင်းကို အားမကိုးလို့ ဘယ်သူ့ကို အားကိုးရမှာလဲ" 

"ကျွန်တော်တို့လန်ချားတွေ ဘေးမသီ ရန်မခ ဖြစ်အောင် နတ်မင်းကိုပဲ အားကိုးရမှာပဲ။ ကျွန်တော်တို့တစ်တွေ အလုပ်တို့ဘာတို့ မပြုတ်အောင်လည်း နတ်မင်းကိုပဲ အားကိုးရမှာပဲ။ ခြေထောက်ကို သံစူးပြီး ဖျားပြီဆိုရင်တော့ ငတ်ပေတော့"

ဟာစရီပါးက လန်ချားသမားတို့အတွက် ဘိသျှဝါကာမနတ်မင်းသည် မည်မျှအားထားရပုံကို ပြောပြတတ်သည်။လန်ချားသမားများသာမက လန်ချားပိုင်ရှင်များသည်လည်း ဘိသျှဝါကာမကို ကိုးကွယ်ကြရသည်သာ။ လန်ချားပိုင်ရှင်များအားလုံးလိုလိုပင် ပူဇော်ပွဲကို သူတို့အိမ်များတွင် တခမ်းတနား ကျင်းပတတ်ကြသည်။ လန်ချားသူဌေးကြီး နာရိန္ဒာကား သူ့အိမ်လိပ်စာကို မည်သူ့ကိုမျှ အသိမခံသည့်အလျောက် အိမ်တွင် ကျင်းပခြင်းမပြု။ နာရိန္ဒာ၏သားကြီးသည် ပန်းခြံလမ်းအနီး ခြံကြီးတစ်ခြံထဲရှိ အိမ်ကြီးတစ်ဆောင်ကို ငှားကာ ကြီးကျယ်လှပသော မဏ္ဍပ်ကြီးသုံးဆောင်ကို ဆောက်သည်။ ထိုမဏ္ဍပ်ကြီးများကို ပန်းကုံးများ၊ စပ်ပန်းချီများဖြင့် ရေးခြယ် ဆင်ယင်ပြီးနောက် ကိုယ်ပိုင်မီးစက်ဖြင့် ထွန်းသော မီးလုံးရာပေါင်းများစွာကို တပ်ဆင်သည်။

ပွဲတော်မတိုင်မီ တစ်ရက်တွင် လန်ချားသမားတိုင်းသည် သူတို့လန်ချားကို ကောင်းစွာ ဆေးကြောသုတ်သင်ရ၏။ ဟာစရီပါးသည် သင်္ဘောဆေးအနက်တစ်ဘူးဝယ်ကာ သစ်သားလှည်းသန်ပေါ်က ပွန်းရာခြစ်ရာများကိုပျောက်အောင် ဆေးခြယ်သည်။ ဝင်ရိုးကို ညက်နေအောင် မုန်ညင်းဆီနည်းနည်း လောင်းထည့်သည်။ ထို့နောက် လန်ချားကို လှပစွာ ပြင်ဆင်ကာ ဇနီးနှင့်ကလေးများကို သွားခေါ်သည်။

အာလောကသည် သူ့အတွက် ပွဲတော်တွင် ဝတ်ဖို့ အဝတ်အစားများကို အဆင်သင့်ထုတ်ထား၏။ မရမ်းရောင် ကွက်တုံးတွေ ဖော်ထားသည့် ပလေကပ်လုံချည်နှင့် ရှပ်အင်္ကျီအစင်းတို့ဖြစ်သည်။ သူကိုယ်တိုင်မှာမူ ရွာက ယူလာသည့် ရွှေရောင်အနားသတ် ဆာရီအနီကို ဝတ်ထားသည်။ ထိုဆာရီမှာ သူလက်ထပ်တုန်းက ဝတ်ခဲ့သည့် ဆာရီဖြစ်၏။ ကြွက်ရန်၊ ပိုးဟပ်ရန်၊ စိုထိုင်းသည့်ဒဏ်တို့မှ လုံခြုံအောင် ကာကွယ်ခဲ့ပြီး ရိုသေစွာ သိမ်းဆည်းထားခဲ့သည့် ဆာရီကလေးဖြစ်သည်။ ကလေးတွေကလည်း ပြောင်ပြောင်ရောင်ရောင် ဝတ်စားထားကြသဖြင့် အားလုံးကပင် အံ့သြချီးမွမ်းကြရသည်။ သို့ကလောက်ဆိုလျှင် ဘိသျှဝါကာမ နတ်မင်းလည်း ကျေနပ်လောက်လေပြီ။ သူတို့၏အိမ်ဂေဟာသည် အခေါင်းကလေးဖြစ်ချင်ဖြစ်မည်။ သို့ရာတွင် သူတို့ ယနေ့ ဝတ်စားလာသည့် အဝတ်အစားများမှာ ရွှေမင်းသားများနှင့် တူနေသည်။

အာလောက၊ သမီးအကြီးနှင့် သားအငယ်တို့က လန်ချားပေါ်သို့ တက်လိုက်ကြသည်။ လန်ချားအိုကလေးသည် ထိုမျှဂုဏ်ယူဖွယ်ကောင်းသည့် ခရီးသည်တို့ကို တစ်ခါမျှ မတင်ခဲ့ရသေး။ လန်ချားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် သုံးယောက်တို့သည်လည်း သဇင်သုံးခက်နှင့် တူနေသည်။ ထိုနေ့၌ ဟာစရီပါးမှာ သူ့အင်္ကျီအသစ်စက်စက် ချွေးတွေသံတွေ ပေမည်စိုးသည့်အတွက် လန်ချားမဆွဲဘဲ သူ့သားအကြီး မာနူးက ဝင်ဆွဲပေးသည်။

လန်ချားသူဌေးကြီး၏သား ငှားထားသည့် ပူဇော်ပွဲကျင်းပရာ အိမ်မှာ သူတို့ရပ်ကွက်နှင့် သိပ်မဝေးလှ။ လူဆင်းရဲရပ်ကွက်များနှင့် လူချမ်းသာရပ်ကွက်များ နီးကပ်စွာ တည်ရှိနေခြင်းသည် ကာလကတ္တားမြို့၏ ထူးခြားချက်ဟု ဆိုရလိမ့်မည် ထင်သည်။

လန်ချားသူဌေးကြီး နာရိန္ဒာသည် ပူဇော်ပွဲအတွက် သူ့မဏ္ဍပ်ကို ကောင်းစွာ ပြင်ဆင်ထားသည်။ မုခ်ဝတွင် ပန်းနီ ပန်းဖြူတွေ ချိတ်ဆွဲထားပြီး အုန်းလက်တွေ၊ ငှက်ပျောရွက်တွေ စိုက်ထားကြသည်။ မဏ္ဍပ်အလယ်ခေါင်ရှိ စံပယ်ပန်း ကော်ဇောကြီးပေါ်တွင်မူ ကြီးမားလှစွာသော ဘိသျှဝါကာမ နတ်ရုပ်ကြီးကို တင်ထားသည်။ နှုတ်ခမ်းတွင် ဆေးနီဆိုးကာ မျက်လုံးတွင် ခိုရောင်ခြယ်ထားလိုက်သေးသည်။

"ကြည့်စမ်းဗျာ၊ ကျွန်တော်တို့ နတ်မင်းရဲ့ ပုံတော်ကို ကြည့်ရတာ ဘယ်လောက်အားရှိလဲ။ လက်ကို မြှောက်ထားလိုက်တာက မဏ္ဍပ်အမိုးကို ထိတော့မယ်။ လက်က ပုဆိန်ကြီးနဲ့တူကြီးကို ကိုင်ထားပုံကလည်း ကောင်းကင်က လက်ဆောင်တွေကို အတင်းမရမနေ တောင်းနေတဲ့အတိုင်းပဲ။ သူ့ရင်အုပ် ဖောင်းနေပုံကလည်း အသက်များ ရှူထုတ်လိုက်ရင် မုန်တိုင်းတစ်ခု တိုက်လာတော့မယ်လို့တောင် ထင်ရတယ်။ လက်မောင်းကြီးတွေက တောင်ကြီးတွေကို ကိုင်ရွှေ့နိုင်လောက်အောင် အင်အားကြီးတဲ့ပုံ။ ခြေထောက်ရပ်နေပုံက တိရစ္ဆာန်အရိုင်းတွေကို နင်းချေပစ်နေတဲ့ပုံ။ ဒီလောက် တန်ခိုးကြီးတဲ့ နတ်မင်းရှိရင်ကျွန်တော်တို့လန်ချာအိုကလေးတွေဟာ တစ်နေ့မှာ နတ်ရထားတွေ ဖြစ်လာရမှာပေါ့။ လန်ချားကို ဆွဲနေတဲ့ ကျွန်တော်တို့တစ်တွေဟာလည်း နတ်မြင်းပျံတွေလို ဖြစ်လာရမှာပေါ့ မဟုတ်လား"

ဟာစရီပါးနှင့် သူ့မိသားစုသည် ဘိသျှဝါကာမ နတ်မင်း၏ရှေ့တွင် ဦးခိုက်ပူဇော်ကြ၏။ ဘာသာတရားကိုင်းရှိုင်းသည့် အာလောကသည် ငှက်ပျောသီး၊ ဆန်တစ်ဆုပ်၊ စံပယ်တစ်ကုံးနှင့် ပန်းပွင့်အင်္ကျီတို့ကို လှူဖွယ်ပစ္စည်းအဖြစ် ယူလာကာ နတ်မင်း၏ခြေရင်းတွင် ပူဇော်ပသခြင်းပြု၏။ ဟာစရီပါးသည် သူ့လန်ချားကို ခြံထဲတစ်နေရာတွင် အခြားလန်ခြားများနှင့်အတူ သွား၍စီတန်းထားသည်။

လန်ချားများ စုံလောက်၍ နေရာအသီးသီးတွင် ဆိုက်ပြီးသည့်အခါ၌ ဗုံသံနှင့် လင်းကွင်းသံများကို ကြားရသည်။ အသက်ကြီးကြီး ဟိန္ဒူဘုန်ကြီးတစ်ပါးသည် ရွှေနားကွပ်သည့် အနီရောင်ဘောင်းဘီတို့ကို ဝတ်ထားသည့် ပန်တျာသည် ငါးဆယ်လောက်ကို ခေါင်းဆောင်၍ မဏ္ဍပ်ထဲသို့ ဝင်ရောက်လာသည်။ ပုဏ္ဏားပျိုတစ်ယောက်က စည်သံတချွင်ချွင်ဖြင့် အခါတော် ရောက်ကြောင်းကို သတိပေးသည်။ 

ဘုန်းတော်ကြီးက လန်ချားတန်းကြီးအနီးသို့ ကပ်လာကာ လန်ချားတိုင်းကို ဂင်္ဂါမြစ်ရေ နှစ်စက်ဖြင့် ဖျန်းပေး၏။ ထိုအချိန်၌ကား လန်ချားသမားတိုင်းသည် ဝမ်းသာကြည်နူး၍ မဆုံးတော့ပြီ။ မိမိတို့၏လန်ချားတွင် သုတ်လိမ်းထားသည့်အရာမှာ မျက်ရည်များနှင့် ချွေးစက်များ မဟုတ်၊ ဘုရားသခင်၏ ရေစင်ဖြစ်သည်ဟု မှတ်ထင်လျက်ရှိကြလေ၏။

ဘုန်းကြီးသည် ရေဖျန်းမင်္ဂလာကို ပြုလုပ်ပြီးနောက် နတ်ရုပ်ရှေ့သို့ ရောက်လာကာ နတ်ရုပ်၏ပါးစပ်ကို ဆန်စေ့တို့ဖြင့် ကြဲပက်ပူဇော်၏။ ပုဏ္ဏားပျို ယူဆောင်လာသည့် ခွက်ကလေးထဲမှ ထောပတ်တို့ဖြင့် သုတ်လိမ်း၏။ ထို့နောက် နာရိန္ဒာ၏သားတစ်ယောက်က ဘိသျှဝါကာမနတ်မင်း သက်တော်ရာကျော် ရှည်ပါစေဟု အော်လိုက်သည့်အခါတွင် ခြောက်ရာမျှသော လန်ချားသမားတို့ကလည်း ထို့အတူ သုံးကြိမ်မျှလိုက်၍ ကြွေးကြော်ကြလေ၏။ ထိုကြွေးကြော်သံများသည် ရိုးသားစွာ အော်လိုက်သော ကြွေးကြော်သံများဖြစ်လျက် လန်ချားပိုင်ရှင်တို့၏နားတွင်မူ သပိတ်မှောက်တုန်းက ကြွေးကြော်ခဲ့ကြသော နိုင်ငံရေးကြွေးကြော်သံများထက် များစွာ နားဝင်ချိုလှမည်တမုံ့။

အပိုင်း(၄၁)ဆက်ရန်
----------------------
#မြသန်းတင့်

Post a Comment

0 Comments