#သုခမြို့တော်
အပိုင်း(၆၂)
သုခမြို့တော်သို့ ခြောက်နှစ်ကြာမျှ စွန့်စွန့်စားစား သွားရောက်နေထိုင်ပြီး ရွာသို့ ပြန်လာခဲ့သည့် လယ်သမား ဟာရှစ်ဂို့ရှ်သည် ထိုညက မအိပ်နိုင်သေး။ ဂို့ရှ်၏ဇနီး ကလေးသုံးယောက်တို့နှင့်အတူ သက်ကယ်မိုး ရွှံ့တဲကလေးကို ဝိုင်းဝန်း တိုက်ခတ်နေသည့် မိုးဒဏ်နှင့် လေဒဏ်တို့ကို ကြိုးစားတွန်းလှန်နေသည်။ ဗန်ဂါလာအမည်ရှိ သူ့ရွာကလေးသည် မြေသြဇာမကောင်းသည့်လယ်ကွင်းများ အလယ်ကောင်တွင် အထီးကျန်တည်ရှိနေပြီး တစ်ခါက အရှေ့ပါကစ္စတန်ဟု ခေါ်၍ ယခု ဘင်္ဂလားဒေ့ရှ်ဟုခေါ်သော နေရာမှ ပြေးလာကြသည့် ဒုက္ခသည်များ စုဝေးနေထိုင်သည် ရွာကလေးဖြစ်သည်။ တစ်ရွာလုံးမှာ သူ့လိုပင် ရွှံ့ တဲကလေးများဖြင့် ဖြစ်ကတတ်ဆန်း တည်ထားသည့် ရွာကလေးဖြစ်သည်။ ထိုဒေသသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး ဒေသကလေးတစ်ခုဖြစ်ပြီး စိမ့်တောကြီးဖြစ်သည်။ လမ်းဟူ၍ ကောင်းကောင်းမွန်မွန်မရှိ။ နေရာအနှံ့ တွင် မြစ်များ၊ ချောင်းများ၊ တူးမြောင်းများ၊ မြစ်ဝများဖြင့် ရှုပ်ယှက်ခတ်နေသည်။
သူတို့ဒေသသည် လူသူ မှီတင်းနေထိုင်ဖို့ ကောင်းသည့်နေရာမဟုတ်။ အမြဲတစေပင် သဘာဝဘေးအန္တရာယ် တစ်ခုခုနှင့်တော့ ကြုံနေရသည်။ ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ လေဆင်နှာမောင်းကျရောက်ခြင်း၊ မိုးခေါင်ခြင်း၊ ကမ်းပြိုခြင်း၊ ရေကာတာကျိုးခြင်း၊ ပင်လယ်ရေငန်ဝင်ခြင်း စသည်တို့သည် သူတို့ရွာကလေးသို့ အမြဲတစေ ရောက်လာတတ်သည်။ မြေကလည်း ညံ့လိုက်သည့်မြေ။ တစ်ဧကထွက် စပါးသည် ဘာမျှမပြောလောက်။ ဆန်ကြိတ်လိုက်လျှင် ဆယ့်ငါးပေါင်လောက်သာရသည်။ ထိုဒေသရှိ လယ်သမားနှစ်သန်းကျော်တို့သည် ထိုမြေရိုင်းရေရိုင်းထဲတွင် မဝရေစာကို မသေရုံတမည် ရှာဖွေစားနေရကြခြင်းဖြစ်သည်။
ထိုအထဲတွင် ပင်လယ်သို့ထွက်၍ ငါးဖမ်းကြရသည်။ ထိုဒေသတွင် ငါးပေါသည့်တိုင် သူတို့တွင် ခေတ်မီ ငါးဖမ်းကိရိယာဆို၍ ဘာမျှမရှိ။ ထိုအခါတွင် သူတို့သည် ငါးရအောင် နတ်သိကြားများကိုသာ အားကိုးရတော့သည်။ ယင်းတို့အနက် ငါးသိန်းခန့်မှာ ဘာအလုပ်မှ မရှိသည့် လယ်ကူလီများဖြစ်ပြီး သူတို့အလုပ်မှာလည်း ကောက်စိုက်ချိန်နှင့် လယ်ရိတ်ချိန်တို့တွင်သာရှိသည်။ ကျန်အချိန်များတွင်မူ တောထဲသို့သွား၍ ထင်းခုတ်ခြင်း၊ ပျားဖွပ်ခြင်းတို့ဖြင့်သာ အသက်မွေးကြရသည်။ သူတို့ဝင်ရသည့် တောကြီးကလည်း နည်းသည့်တောကြီး မဟုတ်။ အင်္ဂလန်တစ်ပြည်စာလောက် ကျယ်ပြီး အမေဇုန်တောကြီးလို လူသူရောက်ရန် ခဲယဉ်းသည့်နေရာ ဖြစ်သည်။ မြွေ၊ မိကျောင်းများနှင့် ကျားရဲတို့ပေါပြီး တစ်နှစ်လျှင် ထိုသတ္တဝါများ လက်ချက်ဖြင့် အနည်းဆုံး လူ လေး ငါးရာခန့် အသက်ဆုံးရှုံးကြရသည်။
ဟာရှစ်ဂို့ရှ် သုခမြို့တော်မှ ပြန်လာသည့်အခါ၌ ဟာရှစ်ဂို့ရှ်တွင် တောသားတစ်ယောက်အဖို့ စီးပွားရေးကောင်းသည်ဟု ပြောနိုင်သော အမှတ်အသားတစ်ခုပါလာခဲ့သည်။ ယင်းမှာ အခြားမဟုတ်။ ထရန်စစ္စတာ ရေဒီယိုကလေးတစ်လုံးဖြစ်သည်။ ထိုနေ့မနက် ခြောက်နာရီခန့်တွင် ဂို့ရှ်၏ရေဒီယိုအသံဖမ်းစက်မှ အသံသည် မပီမသဖြစ်နေသည်။ သို့တိုင် တဂျစ်ဂျစ်မြည်နေသည့် ရေဒီယိုထဲမှ နေ၍ မကြာခဏ သတိပေးနေသော အသံလွှင့်ချက်တစ်ခုကို သူကြားနေရသည်။ သူသည် ရေဒီယိုကို နားနားသို့ကပ်၍ နားထောင်သည်။ ထိုအခါတွင်ကား သတိပေးချက်ကို သူ ချက်ချင်းနားလည်လိုက်လေပြီ။ ခဏကြာလျှင် ဂို့ရှ်နှင့် သူ့မိသားစုသည် မိုးရေထဲသို့ ပြေးထွက်လာခဲ့ကြသည်။
သုခမြို့တော်ဆိုသည့် လူဆင်းရဲရပ်ကွက် ငရဲခန်းတွင် ခြောက်နှစ်လုံးလုံး အငတ်ခံကာ ပင်ပန်းတကြီး ရှာဖွေလုပ်ကိုင်ခဲ့ရသည့် အသီးအပွင့်ကလေးများဖြစ်သော အိမ်ကလေးနှင့်တကွ မျိုးစပါးများ၊ ဓာတ်မြေသြဇာများကို ထားပစ်ခဲ့ရလေပြီ။ ထိုမျှမက သူ့လယ်ကွင်း၊ ပင်ပင်ပန်းပန်း တူးခဲ့ရသည့် ငါးကန်ကလေးနှင့် ကန်ထဲမှ ငါးကြင်းသားပေါက်ကလေးများ၊ နွားခြံထဲတွင် အော်ဟစ်နေကြသည့်နွားနှစ်ကောင်၊ ဟိမန္တာမှ သိုးကြီးများကဲ့သို့ ချိုကုပ်ကုပ်နှင့် နို့အုံကြီးတွဲလောင်း ကျနေသည့် သူ့နွားမကလေး မိနီတို့ကိုလည်း ထားပစ်ခဲ့ရလေပြီ။
ဂို့ရှ်သည် မိုးပြိုသလို ပြိုဆင်းလာသော လေမုန်တိုင်းကြီးကြားမှနေ၍ သူ့တဲအိမ်ကလေးကို ပြန်ကြည့်သည်။ ထို့နောက် ငိုနေသော သူ့မိန်းမ၏လက်မောင်းကို ဖျစ်ညှစ်၍ အားပေးစကား ပြောသည်။ မုန်တိုင်းကြီးတစ်ချက် အဝှေ့လိုက်တွင် ငှက်သိုက်ကလေးလို ပြုတ်ပါသွားသော သူ့တဲအိမ်ကို မိုးရေစက်တွေကြားမှာ သူ ခပ်ဝါးဝါး မြင်လိုက်သည်။
* * *
အလယ်တွင် မည်းမည်း အစက်ကလေးတစ်စက်ရှိသည်။ အဖြူရောင် ပက်ကျိကြီးတစ်ကောင်၏ ပုံသဏ္ဌာန်သည် အစိမ်းရောင်လဲ့လဲ့ ပြေးနေသည့် ဖန်သားပြင်တွင် ရုတ်တရက်ပေါ်လာသည်။ ဂဏန်းတွေ ရေးထားသည့် ခရိုနိုမီတာ၏ လက်ဝဲဖက်ထိပ်တွင်မူ အချိန်နာရီကို လိမ္မော်ရောင် စာလုံးများနှင့် ရေးထားသည်။ အချိန်က နံနက် ၇ နာရီ ၃၀ မိနစ်။ ကာလကတ္တားမြို့ဆီသို့ လာနေသော လေမုန်တိုင်းကြီးကို ကာလကတ္တားရေဒါက ယခုတွေ့နေပြီ။ နေရာမှာ မြောက်လတ္တီကျု့ ၁၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု့ ၈၉ ဒီဂရီ။ မုန်တိုင်း၏ အကျယ်အဝန်းမှာ ငါးရာ့ငါးမိုင်။ မုန်တိုင်း၏မျက်လုံးဟုခေါ်ကြသော ဗဟိုချက်မ၏အကျယ်အဝန်းမှာ နှစ်ဆယ့်နှစ်မိုင်။ ကမ်းရိုးတန်းတစ်လျှောက်ရှိ မိုးလေဝသစခန်းများမှ ပေးပို့သော သတိပေးချက်များကို ရေဒါစခန်းက အတည်ပြုနေပြီ။
သူတို့တွေ့နေရသည့် လေမုန်တိုင်းသည် သာမန်လေမုန်တိုင်း မဟုတ်။ အိန္ဒိယ မိုးလေဝသပါရဂူများ အဆိုအရ အပြင်းထန်ဆုံးသော ဆိုင်ကလုံး မုန်တိုင်းကြီးဖြစ်သည်။ နာရီဝက်ခန့်အကြာတွင်မူ အသေးစိတ်သတင်းများ ရနေလေပြီ။ ထိုအသေးစိတ် အချက်အလက်များသည် သူတို့၏စိုးရိမ်မှုကို ကြီးထွားလာစေခဲ့သည်။ ပက်ကျိပုံသဏ္ဌာန်အဖြူစက် အလယ်ကောင်ရှိ အနက်ပြောက်ကလေးမှာ ဆိုင်ကလုံးမုန်တိုင်း၏ “မျက်စိ” ဖြစ်သည်။ ထိုနေရာသည် ဆိုင်ကလုံး၏ဗဟိုချက်မဖြစ်သည်။ ဆိုင်ကလုံးမုန်တိုင်း “မျက်လုံး” ကို မြင်နေရသည့်တိုင် ဘေးပတ်ပတ်လည်တွင် အငွေ့လိုလို ဖြူဖြူအရိပ်များကို မြင်နေရကာ တဖြည်းဖြည်း များပြားလာသဖြင့် တစ်ခါတစ်ခါတွင် “မျက်လုံး” ကို သဲကွဲစွာ မမြင်ရတော့ဘဲ မှုန်ဝါးပျောက်ကွယ်သွားတတ်သည်။ အခြားကြောင့်မဟုတ်။ လေမုန်တိုင်းသည် တန်သန်းပေါင်းများစွာရှိသော ရေထုကို ယူဆောင်လာသည့်သဘောဖြစ်သည်။
ထိုနေ့မနက်က ရေဒါကြည့်သည့် စက်မှုပညာရှင် ဟာရက်ခါနာသည် တာဝန်ကျသဖြင့် ရေဒါစင်ပေါ်တွင် ရောက်နေသည်။ ခါနာသည် ရေဒီယိုတယ်လီဖုန်းကို ကောက်ကိုင်ကာ မိုးလေဝသနှင့် ဇလဗေဒရုံးချုပ်သို့ သတင်းပို့သည်။ ခါနာသည် အိန္ဒိယဆိုင်ကလုံးများ မကြာခဏဝင်ရောက် မွှေနှောက်ရာ ဘုံဘေနယ်သားဖြစ်သည်။ ထို့ကြောင့် ရေဒါမျက်နှာပြင်ပေါ်တွင် ပေါ်လာသော လေပွေမုန်တိုင်းများကို အကြိမ်ပေါင်းများစွာ လိုက်လံခြေရာခံခဲ့ဖူးသည်။ သို့ရာတွင် ထိုလေမုန်တိုင်းများ၏ “မျက်လုံး” များပေါ်တွင် ယခုလို နဂါးငွေ့တန်းလို ဖြူဖြူအငွေ့တွေ ထွက်နေသည့် လေမုန်တိုင်းမျိုးကား တစ်ခါမှ မတွေ့ဖူးသေး။
ခါနာသည် သူတွေ့ရှိသည့် အချက်အလက်များကို ဆိုင်ရာသို့ သတင်းပို့ပြီးနောက် မျှော်စင်ပေါ်သို့ တက်လာခဲ့သည်။ မျှော်စင်ပေါ်မှ လှမ်းကြည့်လျှင် ကာလကတ္တားမြို့ကို အပေါ်စီးမှ လှမ်းမြင်ရသည်။ ခါနာသည် ထီးစုတ်ကလေးကို ခေါင်းပေါ် ဆောင်းကာ မိုးရေများကြားမှ မြင်ရသော ရှုခင်းကို လှမ်းကြည့်လိုက်၏။ သံပေါင်ကြီးတွေ ခတ်ထားသည့် ဟောင်ရာတံတားကြီးကို မိုးရေတွေကြားထဲမှာ မြင်ရသည်။ သူ့အနီးတွင်မူ သုခမြို့တော်မှ အမိုးများ၊ လက်ဝဲဘက်တွင်မူ ကာလကတ္တားဘူတာရုံကြီး၏ ပန်းနုရောင် အမိုးခုံးခုံးကြီးကို မြင်ရ၏။ ထို့နောက် လှေသမ္ဗန်တွေ ဆိုက်ထားသည့် မြစ်ဆိပ်၊ ထို့နောက် ကျယ်ပြန့်သည့် မိုင်ဒန်ကွင်းကြီး၊ ရှည်လျားလှသည့် စာရေးဆရာအသင်းတိုက် အဆောက်အအုံ၊ နောက်ဆုံးတွင် ကာလကတ္တားမြို့တော်ကြီး၏ များပြားလှသော အဆောက်အအုံတို့၏ အမိုးများ၊ လသာဆောင်များ။
ကံကောင်းသည်ဟု ဆိုရမည်။ မုန်တိုင်းတည်းဟူသော ကြောက်ဖွယ် သတ္တဝါကြီးသည် ကာလကတ္တားမြို့ထဲသို့ ရောက်မလာသေး။ ပင်လယ်ပြင်မှာ ရှိနေသေးသည်။ မနေ့ညကတည်းက ကာလကတ္တားမြို့ကြီးကို သဲသဲမဲမဲ ဖျန်းပက်နေခဲ့သော လေနှင့် မိုးတို့သည် ထိုမုန်တိုင်းကြီး၏ ရှေ့ပြေးမျှသာရှိသေးသည်။
* * *
တံငါသည် ဆူဘတ်စ်နစကာသည် အသက် နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ သူအသက်ရှင်နေခြင်းမှာ ပကတိစိတ်ဖြင့် အလိုအလျောက်
လှုပ်ရှားခဲ့ခြင်းကြောင့်ဖြစ်သည်။ သူတို့ရွာထဲသို့ ရေလုံးကြီးတွေ နံရံကြီးတစ်ခုလို ဝင်လာသည့်အခါတွင် နာစကာသည် ထွက်ပြေးခြင်းမပြု။ သူ့ဆီသို့ လာနေသော ဒီရေလှိုင်းလုံး မြင့်မြင့်ကြီးထဲသိ ခုန်ဆင်းလိုက်ပြီး ကုန်းပေါ်သို့ ပါသွားသည်။ ထို့နောက်တွင် သူဘာဖြစ်သွားသည်ကို သူကောင်းကောင်း မမှတ်မိတော့။ သတိရ၍ ကြည့်လိုက်သည့်အခါတွင် သူသည် သူ့ရွာမှ ခြောက်မိုင်ခန့်ဝေးသည့် ဘုရားကျောင်းတစ်ကျောင်းရှိ ပြတင်းပေါက်ကို တွယ်ဖက်မိလျက်သား ဖြစ်နေသည်ကို တွေ့ရသည်။ သူ့အနီးပတ်ဝန်းကျင်တွင် အပျက်အစီးတွေချည်း။ အသက်မသေ ကျန်ရစ်သူဆို၍ သူတစ်ယောက်တည်းသာ ရှိသည်။
အချိန်က မနက် ၁၀နာရီ။ လည်နေသောဂျင်ကြီးသည့် ကမ်းခြေကို ဝင်ဆောင့်နေလေပြီ။ တကယ့်ငရဲလေ။ ရေနှင့် မီးတို့၏ ငရဲကြီး။ ပထမတွင် ကြီးမားသော မျက်လုံးကြီးတစ်ခု ဆင်းလာသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးသည် လင်းထိန်သွားကာ ကောင်းကင်တစ်ခုလုံးသည် မျက်စိကျိန်းလုမတတ် တဝင်းဝင်း တလျှပ်လျှပ်ဖြစ်နေသည်။ တိမ်တိုက်များတွင်ရှိသည့် လျှပ်စစ်ဓာတ်တို့ ပွတ်တိုက်မိရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ သည်လောက်ပြင်းထန်၍ သည်လောက်ကြောက်ဖွယ်ကောင်းသော လောင်မီးကြီးကို သူတို့တစ်သက်တွင် တစ်ခါမျှ မတွေ့စဖူး။
ထိုလောင်မီးကြီးကြောင့် အလျား မိုင်တစ်ရာ့နှစ်ဆယ်၊ အနံမိုင် သုံးဆယ်ခန့် ကျယ်သော ဒေသအတွင်းရှိ သစ်ပင်ထိပ်ဖျားများအားလုံးသည် လောင်ကျွမ်း ညှိုးခြောက်သွားကြသည်။ ထို့နောက် ပင်လယ်ကြီးသည် ပွက်ပွက်ဆူလာကာ လှိုင်းတို့သည် နံရံကြီးပမာ အလျားလိုက် ပြေးတက်လာကာ ကုန်းပေါ်သို့ ရောက်လာကြသည်။ လေအားနှင့်အညီ ပြင်းစွာတက်လာသော ဒီရေအားတို့ကြောင့် အိမ်များ၊ တဲများ၊ သစ်ပင်များသည် ထောင်းထောင်းညက်ညက် ကြေပျက်သွားကြသည်။ အမှုန့်ဖြစ်သွားကြသည်။ ကောက်ကွေး တွန့်လိမ်သွားကြသည်။ တံငါလှေများသည် လေထဲတွင် မြောက်တက်သွားကြကာ အဝေးမိုင်ပေါင်းများစွာသို့ ရောက်သွားကြသည်။ ဘတ်စ်ကားများ၊ မီးရထားတွဲများသည် ကောက်ယူလွှင့်ပစ်လိုက်သော ကောက်ရိုးမျှင်ကလေးများပမာ ကောက်ရိုးထုံးများသဖွယ် မြောက်တက်သွားကြပြီး အဝေးသို့ လွင့်စဉ်သွားကြသည်။ လူနှင့် ကျွဲနွား တိရစ္ဆာန်ထောင်ပေါင်းများစွာရှိသော ကုန်းမြေတစ်ဝိုက်သည် ပင်လယ်ရေငန်၊ သဲ၊ ရွှံ့၊ အပျက်အစီး၊ အသေကောင်များနှင့် ပြည့်နှက်ဖုံးလွှမ်းနေတော့သည်။ စက္ကန့်အနည်းငယ်အတွင်း၌ လူသုံးသန်း မှီတင်းနေထိုင်ပြီး ဂွါတီမာလာနိုင်ငံလောက်ကြီးသည့် နယ်မြေတစ်ဝိုက်သည် မြေပုံပေါ် မှ ချက်ချင်းပျောက်သွားသည်။
အခြားလူထောင်ပေါင်းများစွာကဲ့သို့ မုန်တိုင်းကြီး၏ ပြင်းထန်သော စီးကြောင်းအလယ်တွင် ရောက်နေသည့် ဂို့ရှ်နှင့် သူ့မိသားစုသည် ကုန်းကလေးတစ်ခုပေါ်တွင်ရှိသည့် ပလီတစ်ခုကြောင့်သာလျှင် အသက်ရှင် ကျန်ရစ်ခဲ့ကြခြင်းဖြစ်သည်။
“နောက်ဆုံးတော့ ကျွန်တော့်မိန်းမနဲ့ ကလေးတွေက ကျွန်တော့်ကို ဆွဲထားကြတယ်၊ ကျွန်တော်ကလဲ သူတို့ကို အတင်းဆွဲပြီး တောင်ကုန်းကလေးဆီကို ရောက်အောင် အတင်းလာရတယ်၊ ကျွန်တော်တို့ရောက်တော့ ပလီထဲမှာ လူတွေ ပြည့်နေပြီလေ၊ ဒါနဲ့ ပလီနားရောက်တော့ ကျွန်တော်က ပြတင်းပေါက်သံတိုင်ကို ဆွဲတက်တယ်၊ တစ်ဖက်ကလဲ မိန်းမနဲ့ ကလေးကို လှမ်းဆွဲထားရသေးတယ်၊ အဲဒီနေ့က တစ်နေ့လုံးနဲ့ တစ်ညလုံး အဲဒီပြတင်းပေါက်ပေါင်ကလေးပေါ်မှာ တွဲလောင်းခိုနေကြရတယ်၊ နောက်တစ်နေ့ မနက်ရောက်တော့ ပလီပေါ်မှာ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ လူဆိုလို့ နှစ်ဆယ်လောက်ပဲ ကျန်တော့တယ်”
ကြောက်ဖွယ် လေမုန်တိုင်းကြီး တိုက်နေသည်မှာ ဆယ်နာရီမျှ ကြာသည်။ နောက်ဆုံးတွင် မုန်တိုင်းသည် ပင်လယ်ပြင်ဘက်ဆီသို့ ပြန်ထွက်သွားသည်။ နောက်နှစ်ရက်အကြာတွင် ဂို့ရှ်မိသားစုများ၊ ကျန်ရစ်သူများသည် အတွင်းဘက် မိုင်သုံးဆယ်ကွာ ကင်းနင်းမြို့ကလေးသို့ ရောက်လာခဲ့ကြသည်။ မျက်တွင်းတွေ ဟောက်လျက်၊ ဆာလောင်မွတ်သိပ်လျက်၊ လဲကျမသွားရန် တစ်ယောက်ကို တစ်ယောက်တွဲလျက်။ သူတို့အားလုံး အိပ်ပျော်ရင်း လမ်းလျှောက်နေကြသူများပမာ ဝဲယာကိုလည်း မကြည့်။ သူတို့သည် အပျက်အစီးတွေ ပြည့်နေသည့်နေရာများကိုဖြတ်ကာ မိုင်ပေါင်းများစွာ ခြေကျင်လျှောက်လာခဲ့ကြသည်။ နေရာတကာတွင် မကြာခဏဆိုသလို အလောင်းများကို တက်နင်းမိပြီး လဲကျကြသည်။ ကင်းနင်းရှိ ဆေးပေးခန်းကလေးတွင် ရှိနေသည့် သူနာပြုဆရာမသည် ထိုဒုက္ခသည်များ၏ မြင်ကွင်းကို ဘယ်တော့မှ မေ့ပျောက်နိုင်ဖွယ်မရှိတော့။
“ဟို...မိုးကုတ်စက်ဝိုင်းမှာ တရွေ့ ရွေ့လာနေတဲ့ ဒုက္ခသည်လူတန်းကြီး မြင်လိုက်ရတော့ စိတ်မကောင်းလိုက်တာရှင်၊ အဝေးကြီးက မြင်ရတာတောင် သူတို့ကို ကြည့်ရတာ စိတ်မချမ်းသာစရာကြီး။ တစ်ချို့က အိုးခွက်ကလေးတွေကို ထုပ်ပြီး ခေါင်းပေါ်မှာ ရွက်လို့၊ တစ်ဖက်က ကလေးကိုချီ၊ တစ်ဖက်က ဒဏ်ရာရတဲ့လူတွေကို တွဲခေါ်လာရသေးတယ်။ တစ်ချို့လဲ မိဘတွေ ရေနစ်သေခဲ့ကြတဲ့လူနဲ့၊ သားသမီးရေနစ်သေခဲ့တဲ့လူနဲ့၊ လင်တို့ မယားတို့ ရေနစ်သေခဲ့ကြတဲ့လူနဲ့၊ အသေအပျောက်မရှိတဲ့ မိသားစုရယ်လို့ မရှိသလောက်ဘဲ။ သူတို့အားလုံးဟာ ကလေးတွေ ရေနစ်သေခဲ့တာ၊ အိမ်တွေ ရေအောက်ရောက်သွားတာ၊ လယ်ကွင်းတွေ ရေအောက်ရောက်သွားတာကို မြင်ခဲ့ကြရတယ်လေ”
* * *
ထိုမုန်တိုင်းကြီး၏ ပမာဏသည် ဘယ်မျှကြီးမားသည်ကို ကာလကတ္တားမြို့ကြီးသည် ကောင်းကောင်း မသိသေး။ သုံးရက်ကြာမှသာ သိကြတော့သည်။ မုန်တိုင်းကြီးကြောင့် တယ်လီဖုန်းတိုင်တွေ၊ ကြိုးတွေ၊ ကြေးနန်းဆက်သွယ်ရေး လမ်းကြောင်းတွေ၊ မော်တော်ကားလမ်းမတွေ၊ ရေကြောင်း သွားလာရေးယာဉ်တွေ ပျက်စီးကုန်ကြသည်။ အာဏာပိုင်များသည် ထိုမုန်တိုင်းကြီးအတွက် ကြိုတင်သတိပေးခြင်း၊ ကြေညာခြင်း မပြုနိုင်ခဲ့သည့်အတွက် သူတို့အပေါ်တွင် တာဝန်ရှိမည်ကို စိုးရိမ်သဖြင့် အပျက်အစီးစာရင်းကို ရုတ်တရက် ကြေညာခြင်း မပြုသေး။
ပထမဆုံး ထုတ်ပြန်သည့် ကြေညာချက်တွင် အပျက်အစီးစာရင်းကို အနည်းငယ်မျှသာ ဖော်ပြခြင်း ပြုသည်။ ထိုလေမုန်တိုင်းသည် သာမန်လေမုန်တိုင်းတစ်ခုသာ ဖြစ်ကြောင်း၊ ထိုမုန်တိုင်းမျိုးသည် အိန္ဒိယပြည် ကမ်းရိုးတန်းတစ်လျှောက်တွင် နှစ်တိုင်း ကြုံတွေ့ရတတ်ကြောင်းဖြင့် ဖော်ပြသည်။ ထိုဒေသတစ်ဝိုက်ကို အပြင်လူများ လာရောက်ကြည့်ရှုမည်စိုးသည့်အတွက် ရဲများ၊ အစောင့်များ ချ၍ ပိတ်ထားသည်။ ထွက်ပြေးလာသည့် ဒုက္ခသည်များထံမှ သတင်းများကို ကြားသိရသည့်အခါတွင်မူ အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ သတင်းစာများမှာ အဆိုးဆုံးဖြစ်သည်။ အချို့သတင်းစာများက လူပေါင်းတစ်သောင်းမှ နှစ်သောင်းအထိ သေဆုံးသည်ဟု ရေးကြသည်။ ကျွဲနွားပေါင်း ငါးသောင်းခန့် ရေနစ် သေဆုံးသည်ဟု အချို့ ရေးကြသည်။ အိမ်ခြေပေါင်း နှစ်သန်းခွဲခန့် ပျက်စီးသည်ဟု တချို့ကဆိုကြသည်။ အချို့ကလည်း လယ်မြေဧက တစ်သန်းခန့် ပျက်စီးကြောင်း၊ ရေကာတာမိုင်ပေါင်း တစ်ထောင့်ငါးရာခန့် ကျိုးပျက်သွားကြောင်း၊ ရေတွင်းပေါင်း သုံးလေးထောင်ခန့် ပျက်စီးသွားကြောင်းဖြင့် အမျိုးမျိုး ရေးကြသည်။ စနစ်ကျသော ကယ်ဆယ်ရေးလုပ်ငန်းများ မရှိသောကြောင့် ငတ်မွတ်ခြင်း၊ ရေရှားခြင်း၊ အအေးမိခြင်းတို့ကြောင့် လူပေါင်းနှစ်သန်းခန့် သေဘေးနှင့် ကြုံနေရကြောင်းဖြင့် ဆိုကြသည်။
ကမ္ဘာတွင် ကပ်ရောဂါဖြစ်စေ၊ သဘာဝကပ်ဆိုးများဖြစ်စေ ကျရောက်လာသည်နှင့် မည်သည့်နေရာတွင်မဆို ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အငြင်းအခုံဖြစ်ရသည်များ ရှိသည်။ အချင်းချင်း သဘောကွဲလွဲရသည်များ ရှိသည်။ ဆင်းရဲလွန်းလှသည့် ထိုနေရာမျိုးလောက် ကယ်ဆယ်ရေးလုပ်ငန်း အရေးတကြီး လိုအပ်နေသည့်နေရာမျိုးဟူ၍ ကမ္ဘာတွင် တခြားရှိမည်မထင်။ သို့ရာတွင် ကာလကတ္တားနှင့် ဒေလီအာဏာပိုင်တို့သည် ကယ်ဆယ်ရေးလုပ်ငန်းကို တော်တော်နှင့် မလုပ်နိုင်ကြသေး။ သုံးရက်ကြာမှ သူတို့ ကယ်ဆယ်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်နိုင်ကြသည်။
ထိုသုံးရက်အတွင်း၌ အစိုးရမဟုတ်သည့် အခြားပုဂ္ဂိုလ်များသည် လုပ်စရာရှိသည်တို့ကို ကောက်ကာငင်ကာ လုပ်ကြသည်။ ဘင်္ဂလီသူတော်စင်တစ်ဦးဖြစ်သည့် ရာမကရိသျှဏမစ်ရှင်မှ ဘုန်းတော်ကြီးများသည် ဟိန္ဒူနှင့် အခြားသောလူမျိုးများ အချင်းချင်းကြားတွင် မေတ္တာတရား ကရုဏာတရား ပွားများကြရန် လိုက်လံ ဆော်ဩကြသည်။ သူတို့သည် ဒေလီ၊ မဒရပ်နှင့် ဘုံဘေမြို့တို့မှ အမြန်ရောက်လာကြကာ ကယ်ဆယ်ရေးလုပ်ငန်းများကို စတင် လုပ်ဆောင်ကြသည်။ ပျက်စီးသည့်ဒေသတစ်ဝိုက်ကို စောင့်ကြပ်နေသည့် ရဲများက သူတို့အား မုန်တိုင်းတိုက်သည့် ဒဏ်ခံရသည့် ဒေသထဲသို့ ဝင်ခွင့်ပြုလိုက်ကြသည်။ ဖိနပ်မပါသည့် အလှူဒါန၏ တမန်တော်များဖြစ်သော သူတို့တစ်တွေသည် မုန်တိုင်းဒဏ်ခံရသည့် ဒေသထဲသို့ ဝင်ရောက်လာကြကာ ကျန်ရစ်သူများကို လိုက်ရှာကြသည်။ မိဘမဲ့ကလေးများကို ကယ်ဆယ်လာခဲ့ကြသည်။ သူတို့တစ်တွေ လုပ်ပုံနှင့် ပတ်သက်၍ အသက်သုံးဆယ့်ငါးနှစ်ခန့်ရှိ အမျိုးသမီးတစ်ယောက်က ဤသို့ ပြောသည်။
“အစတုန်းကတော့ သူတို့ကို တစ်ကယ့်သူတော်စင်တွေလို့ ထင်ခဲ့တာပေါ့ရှင်၊ တစ်ယောက်ကတော့ ခင်ဗျားသမီးအတွက် ဘာမှစိတ်မပူနဲ့၊ ကျွန်တော် စောင့်ရှောက်ထားမယ်တဲ့၊ ခင်ဗျားလုပ်စရာရှိတာကိုသာ လုပ်တဲ့၊ ဒီအတောအတွင်းမှာ ကျွန်တော်တို့ အလုပ်ရှာပေးထားမယ်တဲ့၊ နှစ်လလောက်ဆိုရင် ငွေ လေး ငါးရာ စုပြီးဆောင်းပြီးတာနဲ့ အိမ်ကိုပြန်ပို့ပေးမယ်တဲ့၊ လောလောဆယ်မှာလဲ ခင်ဗျားသုံးဖို့ ငွေတစ်ရာ ယူသွားဦးတဲ့၊ ကျေးဇူးတင်လိုက်တာရှင်၊ မောင်မင်းကြီးသားတွေရဲ့ ကျေးဇူးကြီးပါပေတယ်ဆိုပြီး ကျွန်မ သူတို့ ခြေရင်းမှာ ထိုင်ပြီး ဦးသုံးကြိမ်ချမိတယ်၊ သမီးလေးကိုလဲ သူတို့နဲ့ ထည့်လိုက်တယ်”
သို့ရာတွင် ထိုအမျိုးသမီးသည်လည်း အခြားသော လေဘေးဒုက္ခသည်များနည်းတူ သူ့သမီးငယ်ကို နောက်ထပ်မတွေ့ရတော့။ ဘုန်းကြီးဟန်ဆောင်လာသူများသည် ပြည့်တန်ဆာခေါင်းများဖြစ်ကြောင်းကို သူမသိ။
သို့ရာတွင် ကာလကတ္တားမြို့သူမြို့သားများ၊ အထူးသဖြင့် ဆင်းရဲသားရပ်ကွက်ရှိ လူများ၊ စေတနာရှင်များကြောင့် လေဘေးဒုက္ခသည်များအဖို့ တော်သေးသည်ဟုဆိုရမည်။ မက်စ်သည် မြို့သူမြို့သားများ၏ စေတနာကို ဘယ်တော့မျှ မေ့နိုင်မည်မဟုတ်တော့။ လေဘေးသတင်းကို ကြားသည်နှင့် လူထောင်ပေါင်းများစွာတို့သည် ဆေးရုံများ၊ အလှူခံဌာနများ၊ လေဘေးဒုက္ခသည်စခန်းများ၊ ကျန်းမာရေးဌာနများ၊ ကလပ်များ၊ ပလီများ၊ ဆေးပေးခန်းများသို့ အပြေးအလွှားရောက်လာကြကာ စောင်တစ်ထည်၊ အဝတ်တစ်ခု၊ ဖယောင်းတစ်တိုင်၊ ဆန်တစ်ဘူး၊ ဆီတစ်ဇွန်း၊ သကြားတစ်ခဲ၊ ရေနံဆီတစ်ပုလင်း၊ မီးထည့်သည့်နွားချေးတစ်ခဲ စသဖြင့် တတ်နိုင်သမျှ ယူလာကြသည်။ အမျိုးအမည်မသိသော အဖွဲ့အစည်းများစွာတို့သည် စက်တပ်ယာဉ်များ၊ ဆိုက်ကားများ၊ မော်တော်ကားများ၊ တက္ကစီများ၊ လက်တွန်းလှည်းများဖြင့် ကယ်ဆယ်ရေး ပစ္စည်းများကို လိုက်လံအလှူခံကာ လာရောက်ပို့ပေးကြသည်။ ဘုရားရှိခိုးကျောင်းများ၊ ဘာသာရေးအသင်းများ၊ သမဂ္ဂများ၊ ခရစ်ယာန်ဂိုဏ်းများက စုဆောင်းလှူဒါန်းကြသည်။ ထိုအဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်ပုံသည် အိန္ဒိယပြည်ရှိ ဘဝအမျိုးမျိုးမှ လှုပ်ရှားမှုများကို ဆက်စပ်ရေးထားသည့် မိုးဆေး ပန်းချီကားကြီးတစ်ချပ်နှင့် တူနေသည်။
ကိုဗာစကီး၊ မက်စ်၊ အရစ္စတိုတယ်၊ မာဂရက်တာ၊ ဆာလာဒင် စသည့် သုခမြို့တော်ရှိ ကူညီရေး အသင်းဝင်များသည် ထိုကိစ္စတွင် အားတက်သရော ပါဝင်လှုပ်ရှားကြသည်။ ထိုတို့အထဲတွင် ဆွံ့အ, နားမကြား ဖြစ်နေသည့် ဂွန်ပါတစ်ယောက်ပင် ပါလိုက်သေးသည်။ သူတို့က ဆန်၊ နို့မှုန့်၊ ဆေးဝါး၊ စောင်နှင့် ရွက်ဖျင်တဲများကို ထရပ်ကားတစ်စီးတိုက်စာ ရှာပေးသည်။ ယင်းတို့မှာ ဖခင်ကြီးနှင့် အမေရိကန်ပြည်ရှိ မက်စ်၏ဖခင်တို့က လှူဒါန်းခြင်းဖြစ်သည်။ သို့ရာတွင် သူတို့ပစ္စည်းများကို လေဘေးဒေသသို့ သွားရောက် မပို့နိုင်။ စာရွက်ကလေးတစ်ရွက်က တားဆီးထားသည်။ ထိုစာရွက်ကလေးမှာ အာဏာပိုင်တို့ထံမှ ခွင့်ပြုချက် လက်မှတ်ကလေး တစ်စောင်ဖြစ်သည်။ မက်စ်နှင့်ကိုဗာစကီးသည် ထိုသီတင်းတစ်ပတ်လုံး တစ်ရုံးမှတစ်ရုံးသို့ ပြေးကာ ထိုလက်မှတ်ကလေးကို ရအောင် လိုက်ကြသည်။ သို့ရာတွင် သူတို့ မျှော်လင့်သလို လွယ်လွယ်နှင့်မရ။ မျက်နှာဖြူတွေ ဖြစ်နေသဖြင့် သူတို့ကို သင်္ကာမကင်းအကြည့်ဖြင့် ကြည့်ကြသည်။ ဤတွင် မက်စ်သည် ကြံဖန်ပြောရတော့သည်။
“ကျွန်တော်တို့က မာသာထရီဇာနဲ့ အလုပ်လုပ်နေတဲ့ လူတွေပါ”
ကိုဗာစကီးကလည်း လိုက်၍ ခေါင်းညိတ်သည်။
“ဪ ဟုတ်လား၊ ဒီလိုဆိုရင် သွားသွား”
ဆိုင်ရာအစောင့်က သူတို့ကို ဝင်ခွင့်လက်မှတ်စာရွက်ကလေးကို လက်မှတ်ထိုးပေးလိုက်သည်။
မြစ်ဝကျွန်းပေါ်က လမ်းခရီးသည် အောက်ဆုံးထပ်ငရဲသို့ သွားရသည့်လမ်းနှင့် တူသည်။ ကာလကတ္တားမြို့တော်နှင့် ဆယ်မိုင်ခန့်ကွာပြီး လမ်းတစ်လျှောက်လုံးမှာ ရွှံ့ဗွက်တွေချည်းဖြစ်သည်။ လမ်းတစ်လျှောက်လုံးတွင် ပြိုလဲပျက်စီးနေသော အိမ်တွေကိုချည်း မြင်ရသည်။ သူ့အသားမည်းနှင့် မလိုက်သည့် ဦးပေါင်းနီကို ပေါင်းထားသည့် ဒရိုင်ဘာသည် ရေခဲလျှောစီး ပြိုင်သူတစ်ယောက်လို ရွှံ့ဗွက်တွေ ဒရစပ်ပေါက်နေသည့် လမ်းတစ်လျှောက်တွင် မော်တော်ကားကို ကျင်လည်စွာ မောင်းလာခဲ့သည်။ ပါးစပ်မှ ကျိန်ဆဲသည်။ ဘရိတ်ကို နင်းသည်။ ကိုယ်မှ ချွေးယိုစီးသည်။ စက်ခေါင်းထိ ရောက်နေသည့် ရေတွေထဲတွင် လေးလံသည့် ထရပ်ကားဘီးကြီးများသည် အမြဲလိုလို ချော်နေကြသည်။ ခဏကြာလျှင် လေဘေး ဒုက္ခသည်အုပ်ကြီးများကို ပထမဆုံး စ၍ မြင်ရလေပြီ။
“ဒုက္ခသည်တွေမှာ ထောင်သောင်းချီပြီး ရှိမယ်ထင်တယ်။ သူတို့အားလုံး ရင်ဆို့လောက် ရေထဲမှာ ရောက်နေကြတယ်။ ကလေးတွေကို ပခုံးပေါ်မှာ တင်လို့။ တချို့ကလည်း အိမ်ထုပ်တန်းတွေမှာ ခြောက်ရက်လုံးလုံးထိ တွယ်တက်ပြီး ကယ်ဆယ်မယ့်သူအလာကို စောင့်နေကြတယ်။ အားလုံး အစာလည်း မစားရ၊ ရေလည်း မသောက်ကြရဘူး။ ကျွန်တော်တို့ကားလာတာမြင်တော့ ထုပ်တန်းတွေပေါ်က ရေထဲကို ခုန်ဆင်းလာပြီး ကျွန်တော်တို့ကားဆီ ပြေးလာကြတယ်။ ကားပေါ်ကို အတင်းလုတက်ကြတယ်။ ကျွန်တော်တို့က ကားပေါ်ကို မတက်ဖို့၊ ကျွန်တော်တို့မှာ ပစ္စည်းပါတဲ့အတွက် ပြန်ဆင်းဖို့၊ ဆေးဝါးတွေပို့ဖို့ ရောက်လာတာလို့ ပြောပေမယ့် အချည်းနှီးပဲ။ နောက်တော့ မနည်းပြောယူတော့မှ ကျွန်တော်တို့ကားပေါ်က ဆင်းပေးပြီး ကားကို ဆက်သွားခွင့်ပြုလိုက်ကြတယ်။ ကျွန်တော်တို့ကားဟာ ရေထဲမှာ စမ်းပြီး မောင်းလာခဲ့တယ်။ ခဏနေတော့ ကားစက်ထဲ ရေတွေဝင်ပြီး ကားလည်း ရပ်သွားတယ်။ ရှေ့ဆက်မောင်းလို့ မရတော့ဘူး။ ဒီတွင် ကျွန်တော်တို့တစ်တွေမှာပါလာတဲ့ ရော်ဘာလှေတွေကို ချပြီး အဲဒီလှေတွေပေါ်မှာ ပစ္စည်းတွေ တင်တယ်"
“အဲဒီတော့ ညရောက်နေပြီ။ ကျွန်တော်တို့ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းလို့။ မီး၊ ရေဆိုလို့ တစ်ချက်မှ မရှိဘူး။ အဲ ပိုးစုန်းကြူးတွေက လက်တဲ့အရောင်ထဲမှာတော့ ကျိုးပဲ့နေတဲ့ သစ်ပင်တွေ၊ ပြိုပျက်နေတဲ့ အိမ်တွေကို ရေးရေးမြင်ရတယ်။ ချုံတွေပေါ်မှာလဲ လေမုန်တိုင်းကြောင့် ရွှံ့တွေ၊ သဲတွေဖုံးလို့။ အစိမ်းရောင်ဆိုလို့ ဘာမှမရှိတော့ဘူး။ ဓာတ်ကြိုးတွေ ပြတ်ကျလို့ ဓာတ်လိုက်သေတာတွေကလဲ မနည်းဘူး။ ဒီတုန်းမှာ အမှောင်ထဲက ဗုံသံတွေ၊ အော်သံတွေကို ကြားရတယ်။ လေဘေး ဒုက္ခသည်တွေလေ။ ကုန်းမြင့်ကလေးတစ်ခုပေါ်မှာရှိတဲ့ ရွာကလေးတစ်ရွာထဲမှာ ဝင်ခိုပြီး ကယ်ဆယ်မယ့်သူတွေအလာကို စောင့်နေကြတယ်။ ကျွန်တော်တို့မှာ ဘာတွေပါလာမှန်းမသိ။ ဘယ်သူတွေမှန်းလဲ မသိပေမယ့် သူတို့ကို ကယ်ဆယ်ဖို့ ရောက်လာတဲ့လူတွေဆိုပြီး ဝမ်းသာလို့ မဆုံးကြဘူး။ ကျွန်တော်တို့ကို မူလာကြီးတစ်ယောက် လာကြိုပြီး ပလီတဲတစ်ခုထဲကို ခေါ်သွားတယ်”
မက်စ်က သူ့အိမ်သို့ အထက်ပါအတိုင်း စာရေးသည်။
ထိုညတွင် ရွာထဲသို့ ခြေချလိုက်သည်နှင့် ဆရာဝန်ဖြစ်သော မက်စ်သည် ထူးခြားသည့်အချင်းအရာတစ်ခုကို သတိပြုလိုက်မိသည်။ သူတို့ ရောက်လာသည့်အတွင်းမှာ သူတို့ထံသို့ ဝမ်းသာအားရပြေးလာသည့် ကလေးငယ်များ၏ဝမ်းဗိုက်များဖြစ်သည်။ သူတို့ဝမ်းဗိုက်များမှာ စူထွက်ယောင်းကိုင်းလျက်ရှိကာ ဝမ်းဗိုက်တစ်ခုလုံး သန်ကောင်များ ပြည့်နှက်နေခြင်းပင်ဖြစ်သည်။ ထိုအထဲတွင် ကိုဗာစကီးသည် ထူးခြားသည့် မိန်းမတစ်ယောက်ကို သတိပြုလိုက်မိသည်။ ထိုမိန်းမသည် ကလေးငယ်တစ်ယောက်ကို ရင်ခွင်တွင် ပိုက်ကာ ကုန်းကလေးတစ်ခုပေါ်တွင် ရပ်နေသည်။ ထိုအမျိုးသမီးငယ်သည် ညည်းတွားခြင်းလည်း မရှိ၊ တောင်းပန်တိုးလျှိုးခြင်းလည်းမပြု၊ ကျောက်ရုပ်တစ်ရုပ်လို အပျက်အစီးပုံတွေကြားထဲတွင် မားမားမတ်မတ် ရပ်နေသည်။ ကမ္ဘာကြီးတစ်ခုလုံးတွင်ရှိသည့် ဆင်းရဲဒုက္ခအပေါင်းတို့သည် သူ့မျက်နှာပေါ်တွင် လာ၍ အရုပ်ရေးထားသကဲ့သို့ ရှိတော့သည်။ ဣန္ဒြေကြီးလှသော သူ့ဟန်ပန်သည် အချိန်ကာလ၏အပြင်ဘက်၊ အချိန်ကာလ၏အလယ်ဗဟို၌ ရပ်တန့်ရနေသကဲ့သို့ရှိသည်။ ထို မိခင်ပျိုသည် အစမရှိသော အနာဒိကာလကြီး၊ အဆုံးမရှိသော အနန္တကာလကြီးတစ်ခုလုံး ထိုအတိုင်းပင် ရပ်နေတော့မည်လောပင် ထင်ရတော့သည်။ ဟုတ်သည်။ ထိုကလေးငယ်နှင့် မိခင်ပျိုသည် ဘင်္ဂလီမိခင်ပျိုဖြစ်သည်။ ဒုက္ခဆင်းရဲတို့ဖြင့် ကြုံတွေ့လိုက်ရသော ထိုနှစ် နာတာလူးကာလ၏သင်္ကေတဖြစ်သည်။
ကိုဗာစကီးသည် ထိုရှုခင်းကို ကြည့်၍ အံ့အားသင့်နေသည်။ သူသည် အရာအားလုံးကို မြင်ခဲ့ဖူးသည်ဟု ထင်ခဲ့သည်။ အရာအားလုံးကို ခွဲဝေ ခံစားခဲ့ပြီးပြီဟု ထင်ခဲ့သည်။ အရာအားလုံးကို နားလည်ခဲ့ပြီးပြီဟု ထင်ခဲ့သည်။ အပြစ်ကင်းမဲ့သူတို့၏ ဒုက္ခအပေါင်းတို့နှင့် ပတ်သက်၍ သူသိခဲ့ပြီးပြီ၊ နားလည်ခဲ့ပြီးပြီ၊ သူ မျှဝေခံခဲ့ပြီးပြီဟု ထင်ခဲ့သည်။ ကမ္ဘာတွင် အစွန့်ပယ်ခံရဆုံး၊ လျစ်လျူအပြုခံရဆုံး၊ အငြင်းပယ်ခံရဆုံးသော ထိုလူများကို သနားကြင်နာတော်မူသော ဘုရားသခင်သည် အဘယ်ကြောင့် ထိုမျှသော ဆင်းရဲဒုက္ခအပေါင်းတို့ကို ခံစားရန် လျစ်လျူပြုခဲ့သနည်း။ ဘုရားဝတ်ကျောင်းအဆောင်ဆောင်တို့တွင် ထွန်းညှိပူဇော်ခဲ့သည့် အမွှေးတိုင်များမှ အမွှေးနံ့များသည် အပြစ်မဲ့သောသူများအနီးမှ မရဏ၏အနံ့အသက်ကို အဘယ့်ကြောင့် လွင့်စဉ်အောင် ဖယ်ရှားခြင်းမပြုခဲ့ပါသနည်း။
ဟုတ်သည်။ မရဏ၏ အနံ့။ ထိုနေရာတစ်ဝိုက်မှ အလောင်းများ၊ လူသေကောင်များကို ဖယ်ရှားရန် ငွေကြေးမြောက်မြားစွာပေး၍ ဆိုင်ရာတို့က ခိုင်းလိုက်သော်လည်း အစိုးရက လွှတ်လိုက်သည့် သုဘရာဇာများသည် နှစ်ရက်နှင့် တစ်ပိုင်းသာ လုပ်ပြီးနောက် ထွက်ပြေးကုန်ကြသည်။ ထိုမျှ များပြားသော လူသေအလောင်းများထဲမှ မည်သူသည် ဟိန္ဒူ၊ မည်သူသည် မူဆလင် ဟု မည်သို့ ရွေးထုတ်နိုင်မည်နည်း။ မည်သူ့ကို မီးသင်္ဂြိုဟ်၍ မည်သူ့ကို မြေမြှုပ်ရမည်ဟု မည်သို့ခွဲခြားနိုင်မည်နည်း။ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသားများအား ဆုလာဘ်ပေး၍ ထိုအလောင်းကောင်များကို ဖယ်ရှားခိုင်းသည့်တိုင် သူတို့လည်း ကြာကြာမလုပ်နိုင်ကြ။ နောက်ဆုံးတွင် အစိုးရက စစ်သားများကို လွှတ်လိုက်သည်။ စစ်သားများတွင် မီးကျည်များ ပါလာခဲ့ကြသည်။ ထိုမီးကျည်များဖြင့် အဝေးမှ ပစ်ဖောက်၍ အလောင်းများကို မီးရှို့ကြရသည်။ အလောင်းတို့ကို မီးရှို့သည့် အနံ့ကြီးသည် ကာလကတ္တားမြို့ အထိပင် ရောက်လာသည်။
ယခုမူ အသက်ရှင်ကျန်ရစ်ခဲ့သူများကို ကယ်ဆယ်ရဦးမည်။ ကိုဗာစကီးနှင့် အပေါင်းအသင်းများသည် မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် ရေလွှမ်းဘေးကြီးသည့်ဒေသထဲတွင် လေးပတ်လုံးလုံး ဒုက္ခသည်များကို လိုက်လံရှာဖွေကြသည်။ သူတို့သည် ဒုက္ခသည်အစုများ တစ်စုပြီး တစ်စုထံ သွားရောက်ကာ ကာကွယ်ဆေးများကို ထိုးပေးကြသည်။ မကျန်းမာသူ တစ်သောင်းငါးထောင်ခန့်ကို ဆေးဝါးကုပေးခဲ့ကြသည်။ ကလေးငယ် နှစ်သောင်းခန့်ကို ဆေးထိုးပေးခဲ့ကြသည်။ ရိက္ခာထုပ် နှစ်သောင်းငါးထောင်ခန့်ကို ဝေငှပေးကြသည်။ ထိုမျှသော ပစ္စည်းတို့သည် ပင်လယ်ကြီးထဲတွင် ရေတစ်ပေါက်ချသည့်နှယ်သာ ရှိသည်။ သို့ရာတွင် ထိုရေတစ်ပေါက်သည် ထိုနေရာသို့ မရောက်လျှင် အလဟဿဖြစ်ရမည့်ရေတစ်ပေါက်ဖြစ်သဖြင့် ရောက်သလောက် အမြတ်ဟုပင် သဘောထားရတော့သည်။
သူတို့ ပစ္စည်းများ ဝေငှပြီးနောက် သုခမြို့တော်သို့ ပြန်မည့်မနက်တွင် ဒုက္ခသည်များက သူတို့အတွက် နှုတ်ဆက်ပွဲကလေးတစ်ခု ကျင်းပသည်။ သူတို့တွင် ဘာမျှကျန်ရစ်ခဲ့ခြင်းမရှိ။ သူတို့အိုးအိမ်ပစ္စည်းနှင့် လယ်ယာတို့သည်ပင် အားလုံး ရေအောက်သို့ ရောက်ခဲ့ကြပြီ။ သို့တိုင် ထိုလူများသည် သူတို့ကို လာရောက် ကယ်ဆယ်ခဲ့သည့် ကျေးဇူးရှင်များအား ကျေးဇူးတင်ကြောင်း ပြသနိုင်ကြသေးသည်။ သူတို့ကို ဖြေဖျော် က,ပြနိုင်ကြသေးသည်။ သူတို့ကို သီဆို က, ပြနိုင်ကြသေးသည်။ ကျေးဇူးတရားနှင့်ပျော်ရွှင်မှုကို ထုတ်ဖော်ပြသနိုင်ကြသေးသည်။ သူတို့ကို ကြည့်၍ “ဒုက္ခတို့သည် များမြောင်ကြီးကျယ်ပါပေ၏။ သို့ရာတွင် လူသားသည်ကား ထိုဒုက္ခဆင်းရဲတို့ထက် ကြီးကျယ်ပေ၏” ဆိုသည့် ဘင်္ဂလီစာဆိုကြီး တဂိုး၏စာကို ကိုဗာစကီး အမှတ်ရမိသေးသည်။ အခမ်းအနားပြီးဆုံးသည့်အခါတွင် အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ထားသည့် ကလေးမလေးတစ်ယောက်က အားလုံးကိုယ်စား ကိုဗာစကီးကို လက်ဆောင်တစ်ခုပေးသည်။ သူတို့သည် အခြားသောဘာသာဝင်များဖြစ်သည့်တိုင် ခရုခွံကလေးဖြင့် လုပ်ထားသည့် လက်ဝါးကပ်တိုင်တစ်ခုကို ပေးခြင်းဖြစ်သည်။
ကလေးမကလေးက လက်ရေးခပ်သော့သော့ဖြင့် စာရွက်ကလေး တစ်ရွက်ကိုလည်း ပေးသည်။ ကိုဗာစကီးသည် ထိုစာရွက်ကလေးကို ဖတ်ကြည့်လိုက်၏။
“သင်တို့အား ကောင်းချီးမင်္ဂလာဖြစ်စေသောဝ်။ သင်တို့သည် ကျွန်ုပ်တို့တွင် အားလုံး ဆုံးရှုံးချိန်၌ ကျွန်ုပ်တို့အား လာရောက်ကူညီခဲ့ကြ၏။ ကျွန်ုပ်တို့နှလုံးသားထဲတွင် မျှော်လင့်ချက်အလင်းရောင်တို့ ဆိတ်သုဉ်းချိန်၌ သင်တို့သည် ကျွန်ုပ်တို့ကို လာရောက်ကူညီခဲ့ကြပေ၏။ သင်တို့သည် ငတ်မွတ်သူတို့ကို ကျွေးမွေးခဲ့၏။ အဝတ်အစားမရှိသူတို့ကို အဝတ်ဆင်ပေးခဲ့၏။ ဒုက္ခဆင်းရဲရောက်သူတို့ကို ဂရုစိုက်ခဲ့ကြ၏။ သင်တို့ကျေးဇူးကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဇာတိကို ပြန်လည်ရရှိခဲ့ကြ၏"
“ယခုအချိန်မှစ၍ သင်တို့သည် ကျွန်ုပ်တို့၏ရင်းချာသော မိတ်ဆွေများဖြစ်ခဲ့ကြပြီ။ သင်တို့ ထွက်ခွာသွားသဖြင့် ကျွန်ုပ်တို့ ဝမ်းနည်းခြင်းဖြစ်ရပါ၏။ ကျွန်ုပ်တို့၏ထာဝရကျေးဇူးစကားကို အစဉ်ဖော်ပြပါ၏။ ဘုရားသခင်သည် သင်တို့အား အသက်ရာကျော်ရှည်ရန် မှိုင်းမပါစေဟု ကျွန်ုပ်တို့ ဆုတောင်းလိုက်ပါသည်။ လေဘေးဒုက္ခသည်များ” ဟု ပါရှိသည်။
ထိုသဘာဝကပ်ဘေးကြီး ဆိုက်ပြီး တစ်ပတ်အကြာ တစ်မနက်တွင် သုခမြို့တော်နှင့် ကာလကတ္တားမြို့ရှိ ရပ်ကွက်များအားလုံးသည် ထူးထူးခြားခြား လှုပ်လှုပ်ရွရွဖြစ်လျက်ရှိ၏။ မက်စ်သည် ဗြောက်အိုးဖောက်သံများနှင့် အော်သံများကြောင့် အိပ်ရာမှ လန့်နိုးလာခဲ့ကာ အပြင်သို့ ထွက်လာခဲ့သည်။ သူ့အိမ်နီးချင်းများသည် က, ခုန်လျက်၊ တေးဆိုလျက်၊ လက်ခုပ်သြဘာတီးလျက်၊ အော်ဟစ်လျက်။ ကလေးငယ်များက အော်ဟစ်မြူးတူးကာ တစ်ယောက်ကိုတစ်ယောက် လိုက်တမ်းပြေးတမ်း ကစားနေကြသည်။ တစ်ယောက်ကိုတစ်ယောက် မုန့်တွေ၊ သကြားလုံးတွေ ဝေငှကာ လက်ဖက်ရည်ဖြင့် တည်ခင်း ဧည့်ခံနေကြသည်။ လူငယ်များက ဗြောက်အိုးများကို အိမ်ခေါင်မိုးများပေါ်သို့ ပစ်တင် ဖောက်နေကြသည်။ ယနေ့တွင် မည်သည့်ပွဲတော်မျှ ရှိသည်ဟု တစ်ခါမျှ ပြောသံမကြားစဖူး။ ဘာကြောင့် ထိုမျှ ပျော်ရွှင်မြူးတူးနေကြသည်ကို မက်စ် စဉ်းစား၍မရ။
ထိုစဉ် လက်ထဲတွင် ပန်းကုံးတစ်ကုံးကို ကိုင်ကာ သူ့ထံပြေးလာနေသော ဗန်ဒိုနာကို လှမ်းမြင်လိုက်ရသည်။ အာသံသူ မိန်းမပျိုကလေးအား ထိုမျှ ရွှင်လန်းမြူးတူးနေသည်ကို သူတစ်ခါမျှ မမြင်ဖူးသေး။ သူ့မျက်လုံးများသည် တစ်လက်လက် တောက်ပလျက်။ အနီးသို့ရောက်လာသည့် အခါတွင် ဗန်ဒိုနာက အမောတကော ပြောသည်။
“ဆရာကြီး၊ ဆရာကြီး၊ ဘာမှ မကြားသေးဘူးလား၊ ခု ကျွန်မတို့နိုင်ပြီ၊ ကျွန်မတို့လဲ ဆရာကြီးတို့လို အားကြီးတဲ့နိုင်ငံတစ်ခုဖြစ်လာပြီ။ ဆရာကြီးတို့လို၊ အင်္ဂလိပ်တွေလို၊ တရုတ်တွေလို၊ ရုရှားတွေလို ကျွန်မတို့လဲ နိုင်ငံကြီးဖြစ်လာပြီလေ။ ကျွန်မတို့လယ်တွေအတွက် တူးမြောင်းတွေ ဖောက်ပြီး ရေသွယ်နိုင်တော့မယ်၊ တစ်နှစ်ကို သီးထပ်တွေ အများကြီးစိုက်နိုင်တော့မယ်။ ကျွန်မတို့ဆင်းရဲသားရပ်ကွက်တွေမှာ မီးရောင်တွေ ထိန်ထိန်ဝေတော့မယ်။ ကျွန်မတို့တစ်တွေ မတောင့်မတ၊ မကြောင့်မကြ စိတ်တိုင်းကျ ဝဝစားနိုင်တော့မယ်။ ကျွန်မတို့တစ်တွေ ရှေ့လျှောက် မဆင်းရဲတော့ဘူး၊ ချမ်းသာတော့မယ်။ ဒီနေ့မနက်တွင် ကျွန်မတို့ခေါင်းဆောင် အင်ဒီရာဂန္ဒီက ရေဒီယိုက ကြေညာသွားတယ်၊ ကျွန်မတို့ရဲ့ ပထမဆုံး အဏုမြူဗုံးကို ဖောက်ခွဲစမ်းသပ်လို့ အောင်မြင်သွားပြီတဲ့”
(နိဂုံး)ဆက်ရန်
--------------
0 Comments