#သုခမြို့တော်
အပိုင်း(၆၁)
ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံများသည် ဆူညံစွာ မြည်ဟည်းနေကြသည်။ ကိုဗာစကီးသည် မျက်စိကို မှိတ်ထားလိုက်ကာ လက်ညှိုးကို ထောင်လိုက်ပြီး စတင်၍ တရားဟောသည်။
“ခေါင်းလောင်းတွေ တီးနေပြီ၊ နားထောင်” ဟု ကိုဗာစကီးက ပြောသည်။
ထိုခေါင်းလောင်းသံများက “အချင်းတို့၊ ငါတို့၏ ကယ်တင်ရှင်ဖြစ်သော ခရစ်တော် မွေးဖွားချိန်သို့ ရောက်လေပြီ” ဟု ကြွေးကြော်နေကြသကဲ့သို့ ရှိသည်။ ထိုနေ့ကား နာတာလူးပွဲတော် အကြိုညတည်း။
ထိုအချိန်မှာပင် ကာလကတ္တားမြို့တော်ရှိ ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံများသည် မြည်ဟည်းကာ မင်္ဂလာအခါတော်ကို ကြွေးကြော်ကြသည်။ ကာလကတ္တားတွင် ခရစ်ယာန်ဘာသာဝင် ဦးရေသည် အနည်းငယ်မျှသာ ရှိသည့်တိုင် ကာလကတ္တားမြို့သူမြို့သားများသည် အခြားသောဘာသာ မိုဟာမက်၊ ဗုဒ္ဓ၊ ကရိသျှဏ၊ ဆစ်ဘာသာဝင်တို့၏ ဂုရုနာနတ်၊ ဂျိန်းဘာသာဝင်တို့၏ မဟာဝိရတို့၏ အထိမ်းအမှတ်နေ့များကို ကျင်းပကြသကဲ့သို့ ခရစ်တော်၏ အထိမ်းအမှတ်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ အိန္ဒိယပြည်တွင် အစိုးရရုံးပိတ်ရက်များအနက် ရက်ပေါင်း နှစ်ဆယ်မှာ ဘာသာရေးနေ့များဖြစ်ကြသည်။
ထိုည၌ ဘုရားရှိခိုးကျောင်းတွင် ပြင်ဆင်မွမ်းမံထားပုံမှာ နန်းတက်ပွဲ ကျင်းပသည့် မဟာရာဇာတစ်ဦး၏ ဟော်နန်းတစ်ခုနှင့် တူနေသည်။ လူသွားစင်္ကြံများနှင့် မလှမ်းမကမ်းရှိ ဘုရားရှိခိုးကျောင်းဝင်းကွက်လပ်ထဲတွင် ပုခက်တစ်လုံးကို ဆင်ထားပြီး ထိုပုခက်အနီးတွင် သက်ရှိနီးပါး အရွယ်ရှိသော ရုပ်ပုံများကို ထုထားသည်။ ယင်းမှာ ဘက်သယ်ဟမ်မြို့ နွားစာခေါင်းထဲတွင် ခရစ်တော်ကို မွေးဖွားခဲ့သည့် အထိမ်းအမှတ်အဖြစ် ထုလုပ်ထားခြင်းဖြစ်သည်။ ထိုနေရာ တစ်ဝိုက်တွင် ထောင်ပေါင်းများစွာသော အိုးမဲ့အိမ်မဲ့များသည် ချမ်းအေးသည့် ညများတွင် တိုးဝှေ့အိပ်ခဲ့ကြဖူးသည်။ လူတွေကလည်းမျိုးစုံ၊ တောက်ပသည့် ဆာရီရောင်စုံများကို ဝတ်ကာ ရွှေချည်ထိုးပဝါများကို ခေါင်းတွင် ခြုံထားသည့် အမျိုးသမီးများ၊ မင်းညီမင်းသားများသဖွယ် ဝတ်ဆင်ထားကြသည့် အမျိုးသားများနှင့် ကလေးလူငယ်အားလုံးသည် ပန်းကုံးများ၊ မီးရောင်စုံများ ဆင်ယင်ထားသည့် ဘုရားရှိခိုးကျောင်း မုခ်ဦးကွက်လပ်တစ်ဝိုက်တွင် ကြိတ်ကြိတ်တိုးနေတော့သည်။
နှင်းဆီပန်းများ၊ စံပယ်ပန်းများနှင့် သစ္စာပန်းကုံးများသည် တရားပလ္လင်ကို ဖုံးအုပ်လျက်။ သုခမြို့တော်မှ အမျိုးသမီးတစ်ဦးက သူ့ခင်ပွန်းအား ကာလဝမ်းရောဂါမှ ပျောက်ကင်းအောင် ကုသပေးခဲ့သည်ကို ကျေးဇူးဆပ်သည့်အနေဖြင့် ဓမ္မသီချင်းဆိုသည့် အဖွဲ့တစ်ဖွဲ့ လာရောက်ကူညီသည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာက ထိုဘုရားရှိခိုးကျောင်း ဆောက်ပြီးနောက် ထိုဝင်းထဲတွင် မြှုပ်နှံခဲ့သည့် ဗြိတိသျှလူမျိုးတို့အမည် ကမ္ပည်းစာများ ထိုးထားသည့် စာတန်းကြီးများကို ချိတ်ဆွဲထားရာ တိုင်လုံးကြီးများအနီးတွင် ပန်းကုံးတွေ၊ သစ်ကိုင်းတွေ ဖုံးအုပ်နေသည်မှာ မုခ်ဦးကြီးတစ်ခုသဖွယ် ဖြစ်နေသည်။
ထိုစဉ် ဗြောက်အိုးဖောက်သံကို ကြားရသည်။ ထို့နောက် အော်ဂင်တီးသံ၊ ထို့နောက် ဓမ္မတေးဆိုသံ၊ ဤသည်တို့မှာ မြင့်မြတ်သန့်စင်သော ကလေးငယ် မွေးဖွားခြင်းကို ကြိုဆိုသည့်အထိမ်းအမှတ်ဖြစ်သည်။ ဦးပေါင်းထုပ်ဖြူနှင့် ပိုးဝတ်ရုံနီကြီးကို ဝတ်ထားသဖြင့် ခါတိုင်းထက် သားနားတောက်ပနေသည့် ဂိုဏ်းအုပ် ဘုန်းတော်ကြီး အယ်ဘာတိုကော်ဒေရိုသည် ဘုန်းတော်ကြီးများ ဝတ်ရွတ်စဉ်ဆိုသည့် အဖွဲ့သားများ ခြံရံလိုက်ပါလျက် ဘုရားရှိခိုးကျောင်း မုခ်ဦးကို ဖြတ်သန်းကာ တရားပလ္လင်ဆီသို့ လျှောက်လာခဲ့သည်။ သန်းခေါင်ယံ ဝတ်ပြုဆုတောင်းပွဲကို ပထမဆုံးအကြိမ် မြင်ဖူးသည့် မက်စ်က “ဒီလောက် နုံချာဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာ ဒီလောက် ကြီးကျယ်ခမ်းနားတာမျိုးကို ဒီတစ်ခါပဲ မြင်ဖူးသေးတယ်” ဟု နောင်တွင် ပြောခဲ့သည်။
တစ်ခါတုန်းကမူ ထိုဂိုဏ်းအုပ် ဘုန်းတော်ကြီးသည် ကိုဗာစကီးအား အရိုအသေတန်မည် စိုးသဖြင့် ထိုလူဆင်းရဲ ရပ်ကွက်ထဲသို့ သွားပြီး မနေဖို့ တားခဲ့ကြောင်းကို မက်စ်မသိ။ ကာလကတ္တားမြို့တစ်မြို့လုံးရှိ ဘုရားရှိခိုးကျောင်းထဲတိုင်းတွင် အလားတူ ဆုတောင်းပွဲများ ကျင်းပခဲ့ကြသည်။ ပန်းခြံလမ်းအနီးရှိ စိန့်တောမတ် ဘုရားရှိခိုးကျောင်းရှေ့တွင်မူ ကိုယ်ပိုင်ကားများ၊ တက္ကစီများနှင့် လန်ချားများသည် ခရစ်တော်၏ မွေးနေ့အကြိုညတွင် လာရောက်ဝတ်ပြုသူတို့ကို လာရောက်ပို့ပေးကြသည်။ ပန်းခြံလမ်းနှင့် အနီးတစ်ဝိုက်ရှိ လမ်းသွယ်များတွင်လည်း ပန်းကုံးတွေ၊ မီးရောင်စုံတွေဝေလျက်။ ထိုတစ်ညလုံး ကာလကတ္တားမြို့ကြီးသည် နာတာလူးပွဲတော် သီချင်းသံများဖြင့် ပဲ့တင်ထပ်လျက်ရှိတော့သည်။ လမ်းမများပေါ်တွင် ကလေးများသည် သူတို့ဆင်းရဲသားရပ်ကွက် အလုပ်ရုံများမှ ထုတ်လုပ်လိုက်သည့် စန်တာကလော့စ်အရုပ်များကို ရောင်းနေကြသည်။ တချို့က ကတ်ထူပြားဖြင့် လုပ်ထားသည့် နာတာလူးထင်းရှူးပင်များနှင့် ပုခက်ကလေးများ၊ လက်ဝါးကပ်တိုင်ကလေးများကို ရောင်းနေကြသည်။
ဆိုင်ကြီးဆိုင်ငယ်အသွယ်သွယ်တို့သည် ပြတင်းပေါက်များကို ဖွင့်ထားကြကာ နာတာလူးလက်ဆောင်များကို ရောင်းနေကြသည်။ ဝိုင်အရက်ပုလင်းများ၊ အရက်ပုလင်းများ၊ ဘီယာပုလင်းများ၊ သစ်သီးခြင်းများ၊ မုန့်မျိုးစုံနှင့် သစ်သီးခြောက်များ စသည်ဖြင့် စားသောက်ဖွယ်တွေ စုံနေသည်။ ချမ်းသာသည့် အိန္ဒိယအမျိုးသမီးများက အစေခံများ လိုက်ပါလျက် သန်းခေါင်ယံ ညစာစားပွဲအတွက် ဝယ်စရာရှိသည်တို့ကို ခပ်သုတ်သုတ် ဝယ်နေကြသည်။ နာမည်ကျော် ရေခဲမုန့်နှင့် မုန့်မျိုးစုံဆိုင်ကြီးဖြစ်သည့် ဖလူရီ မုန့်ဆိုင်တွင် ဝယ်သူတွေ ကြိတ်ကြိတ်တိုးနေကြသည်။ အချို့ကလည်း မော်လင်ရု၊ ဂရင်းဟိုတယ်၊ ပန်းခြံဟိုတယ် စသည်တို့သို့ သွားကြသည်။ ဂရင်းဟိုတယ် ဆိုလျှင် ထိုင်စရာနေရာပင် မရှိတော့။ စားပွဲများကို ကြိုတင်ဝယ်ထားသဖြင့် နောက်မှ ရောက်လာသူတို့ကို ရောင်းခြင်းမပြုနိုင်တော့ပြီ။ ဂရင်းဟိုတယ်မှ နှစ်ယောက်စာ ညစာအတွက် ကျသင့်ငွေမှာ ကျပ်သုံးရာဖြစ်သည်။ ယင်းမှာ ဟာစရီပါး၏အရိုးများကို ရောင်းရသည့်ငွေနှင့် ညီမျှသည်။
သို့ရာတွင် သုခမြို့တော်ရှိ လမ်းကြားကလေးများထဲတွင်မူ နာတာလူးပွဲတော် အကြိုညသည် ထိုမျှလောက် ခမ်းနားခြင်းမရှိ။ ခရစ်ယာန်ဘာသာဝင်တို့၏ နေအိမ်များတွင်မူ ပန်းကုံးများ၊ မီးပွင့်များကို ဆင်ယင်ထားကြသည်။ အသံချဲ့စက်များက နာတာလူးသီချင်းများနှင့် ဓမ္မသီချင်းများကို ဖွင့်နေကြသည်။ အိမ်တိုင်းအိမ်တိုင်း သူ့နည်းနှင့်သူ နာတာလူးပွဲတော် အကြိုညအတွက် ပြင်ဆင် မွမ်းမံကြသည်။ မာဂရီတာမှာ ကိုဗာစကီး မရှိခိုက်တွင် သူ့အိမ်ကို ဆေးပြန်သုတ်ကာ ကြမ်းပြင်ကို ဆေးခြယ်ထားပေးသည်။ ခရစ်တော်၏ပုံတော်အောက်တွင် ပုခက်ကလေးတစ်လုံးကို ချထားသည်။ ခရစ်တော်မွေးဖွားသည့် ဇာတိကို မွမ်းသော ဓမ္မသစ် ကျမ်းစာအုပ်ကို ဖွင့်ထားသည်။ အမွှေးတိုင်များနှင့် ဖယောင်းတိုင်များကို ထွန်းညှိထားသည်။ မျက်နှာကြက်တွင် ပန်းကုံးတွေ ချိတ်ဆွဲထားသည်။
သုခမြို့တော်က နာတာလူးပွဲတော် အကြိုည၌ မည်သည့်နေရာတွေ မည်မျှပြင်ဆင်ထားကြသည်ဆိုစေ၊ ကိုဗာစကီး၏အိမ်ခေါင်းကလေးရှေ့တွင် ထူထားသည့် ဝါးလုံးတိုင်ပေါ်မှ ကြယ်ပွင့်ပုံ ချိုးထားသော မီးပုံကြီးမှာ အလှဆုံးဖြစ်သည်။ ဟိန္ဒူအဘိုးကြီး အဇီးနှင့် မူဆလင်အမျိုးသား ဆာလာဒင်တို့သည် စိတ်ကူးရကာ ထိုကြယ်ပွင့် မီးပုံးကြီးကို ဝါးလုံးတိုင်ထိပ်ဖျားတွင် ချိတ်ဆွဲခဲ့ကြခြင်းဖြစ်သည်။ ထိုကြယ်မီးပုံးကြီးသည် သုခမြို့တော်ရှိဆင်းရဲသား အပေါင်းတို့အား “အို ...အချင်းတို့၊ ကြောက်ရွံ့ခြင်း မဖြစ်ကြကုန်လင့်၊ သင်တို့ချည်းသာ အထီးတည်းရှိသည်မဟုတ်။ သခင်ခရစ်တော်သည် ဤလို မင်္ဂလာအချိန် ညချမ်းအချိန်တွင် မွေးဖွားသန့်စင်တော်မူခဲ့၏။ သင်တို့အား ကယ်တင်မည့်သူသည် ရောက်လာတော့မည်” ဟု သုခမြို့တော်ရှိ ဆင်းရဲသားအပေါင်းတို့အား ပြောဆိုနေသကဲ့သို့ရှိသည်။
ထိုည၌ သူတို့ပြောသည့် “ကယ်တင်ရှင်” သည် ဘုရားရှိခိုးကျောင်းမှ သင်းအုပ်ဆရာ၏တိုက်တွန်းချက်အရ သူတို့နှင့်အတူ ရှိနေသည်။ ခိုက်ခိုက်တုန်အောင် အေးချမ်းသဖြင့် ကိုဗာစကီးသည် ပခုံးနှင့်ခေါင်းကို တဘက်တစ်ထည်ဖြင့် ခြုံကာ မာဂရက်တာတို့ဝင်းထဲတွင် လာရောက်စုဝေးကြသော ဝတ်ပြုသူ ငါးဆယ်တို့ကို တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ သေတ္တာကြီးနှစ်လုံးပေါ်တွင် ကန့်လန့်တင် ခင်းကျင်းထားသည့် သစ်သားစင်ကလေးပေါ်တွင် သူဝတ်ပြုဆုတောင်းပွဲ ကျင်းပပေးခဲ့သည်မှာ ဘယ်နှစ်ကြိမ်ရှိပြီနည်း။ ဘယ်နှစ်နာရီ ရှိပြီနည်း။ လေး ငါးနှစ်လော၊ ခြောက်နှစ်လော၊ ခုနှစ်နှစ်လော။ အတိတ်နှင့် အနာဂတ်တို့မပါဘဲ ဤကမ္ဘာလောကတွင် အချိန်ကို မည်မျှတိုင်းထွာခြင်း ပြုနိုင်မည်နည်း။ လူများစွာတို့၏ဘဝသည် ပစ္စုပ္ပန်ဟူသော ပတ္တာကလေးပေါ်တွင် တွယ်မှီထားသည့် အရာမျှသာ မဟုတ်လော။
ကိုဗာစကီးသည် ညအမှောင်ထဲတွင် ဝေ့ဝဲပျံ့လွင့်လာသည့် ဓမ္မသီချင်းသံများကို နားထောင်ရင်း တွေးနေသည်။
သူ့အဖို့ ဤသူဆင်းရဲရပ်ကွက်သည် ဘုန်းကြီးကျောင်း၊ တရားဓမ္မကို ရှာမှီးရာနေရာ။ ဘုရားသခင်၏အလိုတော်အတိုင်း ကျင့်ကြံရာတွင် လူဆင်းရဲရပ်ကွက်တစ်ခုထက် ကောင်းသောနေရာသည် လောက၌ မရှိဟူသော အတွေးသည် ထိုနာတာလူးညတွင် ပို၍လေးနက်လာခဲ့သည်။ ခရစ်တော် သခင်ယေရှုကို မွေးဖွားသန့်စင်ခဲ့ရာ ဘယ်သယ်ဟမ်မြို့နှင့် ဤသုခမြို့တော်တို့သည် ဘာခြားနားသေးသနည်း။ ကိုဗာစကီးသည် ကောင်းချီးမင်္ဂလာပေးခြင်းမပြုမီ ပရိသတ် အား စကားအနည်းငယ် ပြောချင်စိတ်ပေါ်လာသည်။
“ကျုပ်တို့ကမ္ဘာလောကကြီးမှာ စည်းစိမ်ချမ်းသာကြွယ်ဝသူတွေကို အသိအမှတ်ပြုဖို့၊ ချီးကျူးဖို့ကိစ္စဟာ အင်မတန်လွယ်တယ်။ ဒါပေမယ့် ဆင်းရဲမှုရဲ့ ချမ်းသာစည်းစိမ်၊ ဒုက္ခရဲ့ ချမ်းသာစည်းစိမ်ကိုတော့ လူဆင်းရဲများသာလျှင် နားလည်နိုင်ပေတယ်”
ထိုစကားများမဆုံးမီတွင် ထူးဆန်းသည့်အချင်းအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ပထမတွင် လေပြင်းကြီးတစ်ချက် တိုက်လိုက်သည်။ ထို့နောက် ဝင်းကြီးတစ်ခုလုံး ပူလောင်သည့်လေပွေကြီး တစ်ချက် ဝင်တိုက်လိုက်သဖြင့်
ပန်းကုံးတွေ ပြုတ်ကျကုန်ကြသည်။ မီးတိုင်တွင် ထွန်းထားသည့်မီးတွေ ငြိမ်းကုန်ကြသည်။ ကိုဗာစကီး၏အိမ်ရှေ့တွင် စိုက်ထားသည့် ဝါးလုံးတိုင်မှ ကြယ်ပွင့်မီးပုံးကြီး ပြုတ်ကျသွားသည်။ တချို့ အိမ်မိုးတွေ လန်ကုန်ကြသည်။ ထို့နောက်တွင် ကောင်းကင်အနှံ့မှ မြည်းဟည်းသော မိုးချုန်းသံကြီး ပေါ်ထွက်လာခဲ့သည်။ မုတ်သုံသည် နောက်တစ်ခေါက်များ ပြန်ဝင်လာလေသလောဟု ကိုဗာစကီး တွေးလိုက်မိသေး၏။ သို့ရာတွင် လေသည် ချက်ချင်းတိတ်သွား ကာ အားလုံးပြန်၍ ငြိမ်သက်သွားကြသည်။
"ဒါ့ကြောင့် ဆင်းရဲသားများသာလျှင် ဒုက္ခရဲ့စည်းစိမ်ချမ်းသာကို သိနိုင်တယ်။ ဒီလိုမှသာလျှင် လောကကြီးမှာ တွေ့ရမယ့် ဆင်းရဲဒုက္ခအပေါင်းကို ရဲရဲရင့်ရင့် ခံနိုင်စွမ်းရှိတယ်။ မတရားမှုတွေကို ရင်ဆိုင်နိုင်စွမ်းရှိကြတယ်။ သခင်ယေရှုဟာ ဆင်းရဲသားတွေကြားမှာ မွေးဖွားသန့်စင်လာတာ တခြားကြောင့် မဟုတ်ဘူး။ သူ့ရဲ့ ကရုဏာတော်ရဲ့ တရားတော်ကို လူဆင်းရဲများက ကမ္ဘာလောကကြီးကို သင်ကြားပေးနိုင်အောင် မွေးဖွားလာခြင်း ဖြစ်တယ်”
“သုခမြို့တော်က ဒကာဒကာမ အပေါင်းတို့၊ မျှော်လင့်ချက် မီးတိုင်ကို ကိုင်ဆောင်သူများဟာ သင်တို့တစ်တွေသာဖြစ်တယ်။ ကျားတို့သည် ကလေးငယ်နှင့်အတူ လှဲ၍အိပ်နိုင်သော နေ့တစ်နေ့ကို မကြာမီ ရောက်တော့အံ့။ မြွေပွေးသည် ချိုးငှက်နှင့်အတူ နေနိုင်သော နေ့တစ်နေ့ကို မကြာမီရောက်တော့အံ့။ တစ်နေ့ ကမ္ဘာပေါ်တွင် လူမျိုးအားလုံးတို့ ညီရင်းအစ်ကို မောင်ရင်းနှမကဲ့သို့ နေနိုင်သော နေ့တစ်နေ့သည် မကြာမီ ရောက်တော့အံ့”
ကိုဗာစကီးသည် တရားဟောပြီးနောက် စားသောက်ဖွယ်တို့ကို စားသောက်မည်ဟု ပြင်သည်။ မုန့်ကို ကောက်ယူ၍ ကောင်းကင်သို့ ပသသည်။ ကောင်းကင်ကို မျှော်ကြည့်လိုက်စဉ် ထူးဆန်းသောအရာတစ်ခုကို အိမ်ခေါင်မိုးများထက်တွင် သူသတိပြုလိုက်မိသည်။ လျင်မြန်စွာ သွားနေသော မည်းမှောင်သည့် တိမ်တိုက်ကြီးများထဲတွင် လျှပ်စီးတို့ ဝိုးဝိုးဝင်းဝင်း လက်နေသည်ကို သူမြင်လိုက်ရသည်။ ထို့နောက် ကောင်းကင်တစ်ခုလုံး မြည်ဟည်းကာ မိုးချုန်းသံများ ပေါ်ထွက်လာပြန်သည်။ ထို့နောက် လေပြင်းကြီးတွေ တိုက်လာလေသည်။ လေပြင်းသံဖြင့် သူတို့အားလုံးကို လေထဲသို့ စုပ်ယူတော့မလားဟု ထင်ရသည်။ ချက်ချင်းဆိုသလိုပင် မိုးတိမ်တို့သည် ပူနွေးသည့် မိုးရေများကို
ဒလဟော သွန်ချလိုက်လေသည်။
ထိုစဉ် “မုန်တိုင်းဝင်ဆောင့်နေတယ်။ မုန်တိုင်း မုန်တိုင်း” ဟူသော ဂျွန်၏အော်သံကို ကြားလိုက်ရသည်။
* * *
ထိုညက ကာလကတ္တားမြို့တော်၏ တစ်ဖက်အစွန်း အလီပူရပ်ကွက်ရှိ ကိုလိုနီခေတ် အိမ်ကြီးတစ်ဆောင်ထက်တွင် လူတစ်ယောက်သည် တဖြည်းဖြည်း ပြင်းထန်လာနေသော လေမုန်တိုင်းကြီး ဟစ်အော်သံကို နားစိုက်ထောင် လျက်ရှိသည်။ သူ့အလုပ်မှာ ထိုလုပ်ငန်းနှင့်ဆိုင်သော အလုပ်ဖြစ်သဖြင့် ထိုသို့ စူးစိုက်နားထောင်နေရခြင်းဖြစ်၏။ ပန်ဂျပ်ပြည်နယ်သား တစ်ဦးဖြစ်သည့် အသက်သုံးဆယ့်ရှစ်နှစ်အရွယ် ရန်ဂျစ်ဆင်းသည် ထိုနာတာလူးပွဲတော်ည ကာလကတ္တားမြို့တော်ဒေသရှိ မိုးလေဝသနှင့် ဇလဗေဒဌာနတွင် တာဝန်ကျလျက်ရှိသည်။ သူတို့ဌာနရုံးဝင်းထဲမှ သက်တမ်းတစ်ရာရှိ ညောင်ပင်ကြီးများကြားတွင် တစ်ခါက ဘင်္ဂလီစာဆိုကြီး ရာဗိန္တယာနတ်တဂိုးသည် သူ့ကဗျာများကို စပ်ဆိုခဲ့ဖူးသည်။ ထိုညောင်ပင်ကြီးများကြားတွင်ရှိသည့် သူတို့ဌာနမှ အသံဖမ်းတိုင်များသည် အိန္ဒိယပြည် ကမ်းရိုးတန်းတစ်လျှောက်တွင်ရှိသည့် မိုးလေဝသဌာနများမှ သတင်းပို့ချက်များကို ဖမ်းယူရရှိနေသည်။ ဘင်္ဂလားပြည်နယ်၊ အာသံပြည်နယ်၊ ကပ္ပလီကျွန်းစုနှင့် မြန်မာနိုင်ငံ ရန်ကုန်မှ အသံလွှင့်သတင်းပေးပို့ချက်များကိုလည်း ဖမ်းယူရရှိနေသည်။ ထိုမျှမက အမေရိကန်နှင့် ဆိုဗီယက်တို့ လွှင့်တင်ထားသည့် မိုးလေဝသဂြိုဟ်တုများမှ သတင်းပို့ချက်များနှင့် မြေပုံများကိုလည်း တစ်နေ့လျှင် နှစ်ကြိမ်ရနေသည်။
အာရေဗျ ပင်လယ်နှင့် ဘင်္ဂလား ပင်လယ်အော်တို့သည် အမြဲတမ်းလိုလို မုန်တိုင်းကြီးများကို အားပျိုးပေးနေသည့် လေဖိအားနည်းရပ်ဝန်းဒေသများဖြစ်ကြသည်။ ပင်လယ်မျက်နှာပြင်နှင့် ကောင်းကင်အမြင့်ကြားတွင် လေဖိအားနည်းရပ်ဝန်းဒေသများဖြစ်ကြသည်။ ပင်လယ်မျက်နှာပြင်နှင့် ကောင်းကင်အမြင့်ကြားတွင် လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်ခြင်း၊ အပူချိန်ကွာခြားမှု များပြားခြင်းတို့ကြောင့် လေပြင်းမုန်တိုင်းကြီးများ ဖြစ်ပေါ်လာလေ့ရှိကာ မီဂါတန်များစွာ အားရှိသော ဟိုက်ဒရိုဂျင်ဗုံးများနှင့် ညီမျှသည့် အားတို့ကို လွှတ်ပေးတတ်သည်။ ထိုလေမုန်တိုင်းများကြောင့် တစ်ခါတစ်ရံတွင် လူရာပေါင်းများစွာ၊ တစ်ခါတစ်ရံ ထောင်ပေါင်းများစွာ သေကြေပျက်စီးတတ်သည်။
အင်္ဂလန်ပြည်လောက်ရှိသော ဒေသကြီးတစ်ခုကို တစ်ခဏအတွင်း ရေအောက်သို့ ဆွဲမြှုပ်ပစ်လိုက်တတ်သည်။ အိန္ဒိယပြည်ကြီး၏ အတိတ် အမှတ်သညာသည် ထိုလေမုန်တိုင်းကြီးများ၏ ခြောက်အိပ်မက်များကြောင့် သွေးပျက်လုခမန်းဖြစ်ရသည့်အကြိမ်တွေ မရေတွက်နိုင်တော့။ ထိုညကမူ မိုးလေဝသဌာနမှ ရန်ဂျစ်ဆင်းသည် ဘာမျှ အထူးစိုးရိမ်ခြင်းမဖြစ်။ အပူပိုင်းဇုန် လေဖိအားနည်းမှုများသည် မုန်တိုင်းကြီးများ အမြဲဖြစ်လာသည် မဟုတ်။ အထူးသဖြင့် ယခုလို မုတ်သုံရာသီနှောင်းပိုင်းတွင်ဆိုလျှင် ဘာမျှစိုးရိမ်ဖွယ်မရှိ။ ည ၇ နာရီတွင် အမေရိကန်မိုးလေဝသဂြိုဟ်တုက ပေးပို့သည့် ဓာတ်ပုံများကို ကြည့်လိုက်လျှင်လည်း စိတ်အေးစရာ။
ရန်ဂျစ်ဆင်းသည် ဂြိုဟ်တုမှပေးသည့် ဓာတ်ပုံကို သေချာစွာကြည့်သည်။ စထရာတိုရို မြူးလက်စ် တိမ်တိုက်များ စုဝေးနေသည့် နေရာတစ်ဝိုက်လည်း သည်လောက်အန္တရာယ်ဖြစ်မည့် လက္ခဏာ မတွေ့ရ။ ထိုတိမ်တိုက်သည် ကာလကတ္တားမြို့တောင်ဘက် မိုင်ရှစ်ရာအကွာ ပင်လယ်ပြင်တွင် ရှိနေပြီး အရှေ့မြောက် မြန်မာနိုင်ငံဘက်ဆီသို့ ဦးတည် ရွေ့လျားနေသည်။ ကမ်းရိုးတန်းရှိ မိုးလေဝသဌာနများမှ တယ်လီပရင်တာဖြင့် ပို့ပေးသည့် နောက်ဆုံး သတင်းပို့ချက် ရောက်လာသည်မှာလည်း ဘာမျှ မကြာသေး။ တစ်နာရီလောက်သာ ရှိသေးသည်။ ထိုနေရာတစ်ဝိုက်တွင် လေဖိအားနည်းရပ်ဝန်းဒေသ ဖြစ်ပေါ်နေသည်ဟု သတင်းပို့ချက်များတွင် ဖော်ပြသည့်တိုင် လေတိုက်နှုန်းမှာ တစ်နာရီမိုင်သုံးဆယ်မျှသာရှိသည်။
ရန်ဂျစ်ဆင်းသည် စိတ်ချသွားကာ သူလည်း အများနည်းတူ နာတာလူးပွဲတော်ကို ဇိမ်ကျကျ ဆင်နွှဲမည်ဟု စိတ်ကူးရသည်။ ရန်ဂျစ်ဆင်းသည် သူ့လက်ဆွဲအိတ်ကိုဖွင့်ကာ သူ့ဇနီးပြင်ဆင်ပေးလိုက်သည့် သံဘူးနှစ်ဘူးကို ထုတ်သည်။ ဘူးထဲတွင် ချိစ်တုံးကလေးများကို ဆော့စ်နှင့် လူးထည့်ထားသည့် ငါးဟင်း၊ ဟင်းသီးဟင်းရွက်ကြော်နှင့် ပေါင်မုန့်တို့ ဖြစ်သည်။ သန်းခေါင်ယံ ညစာအတွက်မူ အသင့်လျော်ဆုံးပေတည်း။ ရန်ဂျစ်ဆင်းသည် အခြားဘူး, တစ်ဘူးကို ဖွင့်ကာ အထဲမှ ရမ်အရက်ကို ဖောက်ပြီး ဖန်ခွက်တစ်လုံးတွင် ထည့်သည်။ ရန်ဂျစ်ဆင်းသည် လေပြင်းတိုက်သဖြင့် ပြတင်းပေါက်များက တချုန်းချုန်းမြည်နေသည်ကို သတိမထားမိ။ ရမ်တစ်ခွက်ကို အားရပါးရ မော့ချလိုက်ကာ အစာကို စားနေသည်။ စားသောက်ပြီးသည့်အခါတွင် နောက်ထပ် ရမ်တစ်ခွက်ကို ထပ်ယူသည်။ ထိုင်ရာမှ ထ,ပြီး တစ်ဖက်ခန်းရှိ တယ်လီပရင်တာကို လှမ်းကြည့်သည်။ သေချာသည်။ ဘာသတင်းမျှ နောက်ထပ် ဝင်ရောက်လာခြင်းမရှိ။ ထို့ကြောင့် နေရာတွင် ပြန်ထိုင်ကာ လက်ကျန် ရမ်တစ်ခွက်ကို ထပ်သောက်သည်။ သည်လိုဖြင့် ဘာမျှ ထူးခြားခြင်းမရှိသည့် ညတစ်ညကို ကုန်ဆုံးရဦးတော့မည်။
ည နာရီပြန်နှစ်ချက်တွင်မူ တယ်လီပရင်တာမှ မြည်သံကြောင့် သူ အိပ်ရာမှ လန့်နိုးလာသည်။ မဒရပ်ကမ်းခြေရှိ ဝိရှခါဖတ္တနံ မိုးလေဝသစခန်းမှ သတင်းပို့ချက် ဝင်လာနေသည်။ တစ်နာရီလျှင် မိုင်တစ်ရာ့သုံးဆယ်ခန့်ရှိသည့်
လေမုန်တိုင်းတစ်ခု တိုက်ခတ်နေကြောင်း သတင်းဖြစ်သည်။ ခဏကြာလျှင် နီကိုဘာ ကျွန်းစုရှိ မိုးလေ၀သစခန်းမှ ထိုသတင်းကို အတည်ပြုသည်။ ယမန်နေ့က ရှိခဲ့သော လေဖိအားနည်းမှုကြောင့် မုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်နေလေပြီ။ မိုးနတ်ဖြစ်သည့် ဣန္ဒြာ၏ဒေါသသည် ဘင်္ဂလားပင်လယ်အော်တစ်ဝိုက်ကို ဖြတ်သန်းနေလေပြီ။
နောက်တစ်နာရီခန့်အကြာတွင် မုန်တိုင်းထဲတွင် ရောက်နေသည့် အင်ဒိုနီးရှားသင်္ဘောတစ်စီးမှ လွှင့်လိုက်သော အက်စ်အိုအက်စ် အသံလွှင့်ချက် တစ်ခုကို ရရှိသည်။ သည်အတိုင်းဆိုလျှင် အန္တရာယ်ကြီးသည်မှာ သေချာနေပြီ။ သင်္ဘောမှာ လတ္တီကျု ၁၇ ဒီဂရီနှင့် လောင်ဂျီကျု ၉၁ ဒီဂရီတွင် ရောက်နေသည်။ ထိုအတိုင်းဆိုလျှင် မုန်တိုင်းသည် ဘင်္ဂလားကမ်းခြေနှင့် မိုင်, သုံးရာ့ငါးဆယ်ခန့် ဝေးသည်။ လေမုန်တိုင်းသည် ယမန်နေ့က အရှေ့မြောက်ဘက်သို့ ရွေ့လျားနေရာမှ ဦးတည်ချက် ပြောင်းသွားကာ မြောက်ဘက် ကာလကတ္တားဆီသို့ တည့်တည့်ကြီး လာနေသည်။
ရန်ဂျစ်ဆင်းသည် အချိန်မဖြုန်းနိုင်။ ရုံး, အဆောက်အအုံတောင်ပံတစ်ဖက်ရှိ မိသားစုနှင့်အတူ အိပ်ပျော်နေသော သူ့အထက်အရာရှိဖြစ်သူ အင်ဂျင်နီယာချုပ် ဂုပတ္တားကို လှမ်း၍ သတင်းပို့သည်။ ထို့နောက် အနီးတွင်ရှိသည့်
အောလ်အင်ဒီးယား အသံလွှင့်ဌာနခွဲသို့လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးရုံးသို့လည်းကောင်း လှမ်း၍သတင်းပို့သည်။ ယင်းမှာ ပြင်းထန်သည့် ဆိုင်ကလုံးမုန်တိုင်းကြီး ကျရောက်တော့မည်ကို ဒေသရှိ လူထုကို အသိပေးနိုင်ရန်ဖြစ်သည်။ ထို့နောက် သူ့စားပွဲအောက်ဘက်ရှိ ဗီရိုတစ်လုံးပေါ်တွင်ရှိသော ရေဒီယိုတယ်လီဖုန်းကို ကောက်ကိုင်သည်။ ပြီး မိုးလေဝသဌာနချုပ်သို့ တိုက်ရိုက် သတင်းပို့သည်။ ဌာနချုပ်က ကာလကတ္တားမြို့ထဲရှိ အမြင့်ဆုံး အဆောက်အအုံပေါ်တွင် ထားသည့် နောက်ဆုံးပေါ် ကိရိယာတစ်ခုဆီသို့ သတင်းပို့သည်။
အိန္ဒိယမိုးလေဝသဌာနရုံး မှန်ခုံးအမိုးကြီးအောက်မှ ထိုးထွက်နေသော အသံဖမ်းတိုင်များက မိုင်ပေါင်းလေးရာအကွာတွင်ရှိနေသည့် ဆိုင်ကလုံးမုန်တိုင်းကို ရှာဖွေနိုင်သည်။ လေမုန်တိုင်း၏ ဗဟိုချက်မ အကျယ်အဝန်းကို တိုင်းတာနိုင်သည်။ ပစ်မှတ်ကို သိသည်နှင့် ရွာသွန်းနိုင်ဖွယ်ရှိသည့် မိုးရေထုထည်ပမာဏကို တွက်ချက်နိုင်သည်။
သို့ရာတွင် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ဘင်္ဂလားကမ်းခြေကို ဝင်ဆောင့်ခဲ့သည့် မုန်တိုင်းများစွာကို ဖမ်းယူပေးခဲ့သော ရေဒါကြီးသည် ထိုညက ပိတ်ထားလျက်သားဖြစ်သည်။ နောက်တစ်နေ့မနက် ၇ နာရီအထိ ထိုရေဒါကို မဖွင့်နိုင်ခဲ့။
အပိုင်း(၆၂)ဆက်ရန်
-------------------
0 Comments