သုခမြိို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၆၃) ဇာတ်သိမ်းပိုင်း


နိဂုံး

ဤစာအုပ်တွင် မှတ်တမ်းတင်ထားသည့်အဖြစ်အပျက်များ ပြီးသည့်နောက် သုခမြို့တော်တွင် နေထိုင်သူများ၏ နေထိုင်မှုအခြေအနေများမှာ အတော်အတန် တိုးတက်လာခဲ့ပါပြီ။ တစ်နေ့တွင် လူငယ် ပြင်သစ်ကျောင်းဆရာမတစ်ဦး သုခမြို့တော်သို့ ရောက်သွားခဲ့သည်။ ထိုဆရာမလေးသည် ပြင်သစ်ပြည်သို့ ပြန်ရောက်သည့်အခါတွင် သုခမြို့တော်တွင် သူတွေ့ခဲ့ရပုံများကို သူ့တပည့်များအား လှိုက်လှဲစွာ ပြောပြသည်။ တပည့်များသည် သူတို့ ဆရာမလေးပြောသည့် စကားများကြောင့် လွန်စွာ စိတ်ထိခိုက်ခြင်းဖြစ်ကာ သုခမြို့တော်မှ ဆင်းရဲသားများကို ကူညီရန်အတွက် အသင်းကလေးတစ်သင်းကို ဖွဲ့ကြသည်။ ထို့နောက် မိမိတို့ရှာဖွေရရှိသည့် ရန်ပုံငွေများ၊ ပစ္စည်းများကို သုခမြို့တော်ရှိ အပြန်အလှန်ကူညီရေးကော်မတီသို့ ပို့ပေးသည်။ မကြာမီ သူတို့အသင်းကလေးသည် အသင်းဝင်သုံးရာခန့် ဖြစ်လာခဲ့သည်။ မကြာမီ ပြင်သစ်မဂ္ဂဇင်းတစ်စောင်ထဲတွင် ဆောင်းပါးတစ်ပုဒ်ပါလာသဖြင့် အသင်းဝင်ဦးရေသည် ဆယ်ဆတိုးလာခဲ့သည်။ နောက်တစ်နှစ်အကြာတွင် ဆောင်းပါးတစ်စောင်ကြောင့် အသင်းဝင်ဦးရေသည် နှစ်ဆတိုးလာပြန်သည်။

ထို့နောက်တွင် အိန္ဒိယပြည်ကို ချစ်သည့် ပြင်သစ်လူငယ်နှစ်ယောက်တို့က သုခမြို့တော်တွင် သွားရောက်နေထိုင်ကာ ဝိုင်းဝန်းကူညီခဲ့ကြသဖြင့် သုခမြို့တော်ရှိ အပြန်အလှန် ကူညီရေးကော်မတီသည် ခွန်သစ်အားသစ်တွေ တိုးလာခဲ့သည်။ ဥရောပမှ ပေးပို့သည့် ရန်ပုံငွေများ၊ အလှူငွေများဖြင့် သုခမြို့တော်ရှိ ကော်မီဝင်တို့သည် သုခမြို့တော်တွင် ဆေးပေးခန်းများ၊ မကျန်းမာသော ကလေးငယ်များအတွက် ဂေဟာများ၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်ရေးဌာနများ၊ အသက်ကြီးသူများနှင့် မရှိဆင်းရဲသူများအတွက် စားမြိန်ရိပ်သာများ၊ လူငယ်များအတွက် သင်တန်းကျောင်းများ၊ လူကြီးများအတွက် စက်မှုပညာသင်ပေးသည့် ဝပ်ရှော့များ စသည်တို့ကို ထူထောင်ပေးခဲ့ကြသည်။ အဆုတ်ရောဂါ ရှာဖွေရေးနှင့် ကာကွယ်ဆေးများထိုးရန် လူထုကို ဆော်သြခဲ့ကြသည်။ ထိုလုပ်ငန်းများသည် တဖြည်းဖြည်းကျယ်ပြန့်လာခဲ့ကာ ယခင်က ဆင်းရဲနွမ်းပါးလှသော ဘင်္ဂလားပြည်နယ်အနှံ့အပြားတွင် တူးမြောင်းများဖောက်ခြင်း၊ ရေတွင်းများ တူးပေးခြင်းစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်လာနိုင်ခဲ့သည်။

ဘင်္ဂလားပြည်နယ်အစိုးရနှင့် ကာလကတ္တား မြူနီစီပယ်တို့သည်လည်း သူတို့တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပါသည်။ ယခုအချိန်တွင် ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် လူဆင်းရဲရပ်ကွက်များတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လုပ်နေလေပြီ။ သုခမြို့တော်ထဲက လမ်းကြားလမ်းမြှောင်ကလေးများကို လမ်းခင်းပြီးလေပြီ။ တချို့လမ်းများကို ရေမဝင်အောင် ဖို့ပြီးလေပြီ။ ယင်လုံအိမ်သာများကိုလည်း တူးပြီးလေပြီ။ အဝီစိတွင်းများကို တူးပြီးလေပြီ။ အချို့သောနေရာ တော်တော်များများတွင် လျှပ်စစ်မီးများကိုလည်း သွယ်ပြီးလေပြီ။ ဤတိုးတက်မှုများသည် ကြိုတင် မျှော်မှန်းထားခြင်းမရှိသော ရလဒ်များကိုလည်း ယူဆောင်လာခဲ့သည်။ သုခမြို့တော်ထဲက လမ်းမများပေါ်သို့ လန်ချားများ၊ တက္ကစီများ ဝင်ထွက်လာနိုင်သဖြင့် သုခမြို့တော်ထဲက ကုန်သည်ကလေးတွေ၊ လက်မှုလုပ်ငန်းရှင်ကလေးတွေ၊ အရောင်းအဝယ်လုပ်ငန်းကလေးတွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြသည်။ တကယ်ပြောရလျှင် သုခမြို့တော်သည် ကာလကတ္တားမြို့၏ အချက်အချာနေရာ၊ ဟောင်ရာတံတားကြီးနှင့် ဘူတာကြီးရှိရာနှင့် ဆိုလျှင် ဘာမျှမဝေး။ ဆယ်မိနစ်လောက် လျှောက်လိုက်လျှင် ရောက်သွားသဖြင့် ဆယ့်ငါးမိုင်၊ မိုင်နှစ်ဆယ်ဝေးသည့် မြို့စွန်က လူချမ်းသာရပ်ကွက်တွေ၊ လူနေရပ်ကွက်တွေထက် အများကြီး ကောင်းသည်။ သို့ဖြင့် သုခမြို့တော်ထဲတွင် အခန်းခ၊ အိမ်ခတို့သည် ရုတ်ခြည်းတိုးတက်သွားကာ ရွှေပေါင်လုပ်ငန်းသည်လည်း ဖွံ့ဖြိုးလာခဲ့သည်။ ဤသို့ဖြင့် သုခမြို့တော်၏ စီးပွားရေးအခြေအနေသည်လည်း ပြောင်းလဲသွားခဲ့သည်။ ဤတွင် အချို့သော စီးပွားရေးသမားတို့ကလည်း မြေယာများကို ဝယ်၍ တိုက်တာအိမ်ခြေသစ်တွေဆောက်ကြသည်။ အချို့နေရာများတွင် သုံးထပ် လေးထပ်တိုက်တွေ နေ့ချင်း ညချင်း ပေါ်လာကြသည်။ ဤတွင် နဂိုဌာနေတို့မှာ တခြားနေရာသို့ ပြောင်းရွှေ့ကြရသည်။

အခြေအနေသစ်တွင် ပထမဆုံးသားကောင်ဖြစ်ရသူများမှာ ကိုယ်ရေပြားရောဂါသည်များဖြစ်သည်။ ဘင်္ဂလားပြည်နယ်တွင် အစိုးရပြောင်းသဖြင့် သုခမြို့တော်ထဲက လူမိုက်ခေါင်းဆောင်အဖို့လည်း သူယခင်ကရရှိနေခဲ့သည့် ထောက်ခံမှုမျိုးကို မရတော့ဘဲ ဖြစ်သွားသည်။ သို့ရာတွင် သုခမြို့တော်တွင် နောက်ထပ် လူမိုက်ဂိုဏ်းတစ်ဂိုဏ်းပေါ်လာပြန်ကာ ထိုဂိုဏ်းမှ လူမိုက်များကကိုယ်ရေပြားရောဂါသည်များကို အတင်းပြောင်းခိုင်းခဲ့သည်။ ကိုယ်ရေပြားရောဂါသည်များသည် တစ်စုံတစ်ရာ ကန့်ကွက် ဆူပူခြင်းမပြုဘဲ အသာအယာပင် ထွက်ခွာသွားခဲ့ကြသည်။ 
အန်နွာတို့မိသားစုနှင့် ကိုယ်ရေပြားရောဂါသည် တော်တော်များများသည် ကိုဗာစကီး၏ဆောင်ရွက်ပေးမှုကြောင့် သီလရှင်ထရီဇာ၏ဂေဟာတွင် ခိုလှုံရာရခဲ့ကြသည်။

ဆိုင်ကလုံးမုန်တိုင်း တိုက်ပြီးသည့်နောက် သုံးပတ်အကြာတွင် အရှစ်နှင့် ရှန်တာဂို့ရှ်တို့သည် စန္ဒာဗန်တောအနီးရှိ လေမုန်တိုင်းကြောင့် ပျက်စီးနေသော သူတို့ရွာကလေးသို့ ပြန်လာခဲ့ကြသည်။ သူတို့သည် သုခမြို့တော်ထဲတွင် ကြမ်းတမ်းသည့်ဘဝကို တွေ့ခဲ့ရပြီးပြီ။ ထို့ကြောင့် ဒေါင်ကျကျ၊ ပြားကျကျ ခံနိုင်သော ခွန်အားကို သူတို့ရခဲ့ကြပြီ။ ထိုခွန်အား၊ ထိုသတ္တိတို့ဖြင့် သူတို့သည် သူတို့လယ်ကွင်းကို ရှင်းလင်းသည်။ လယ်သမားဘဝဟောင်းကို ပြန်ခဲ့ကြသည်။ သုခမြို့တော်တုန်းက အေးအတူပူအမျှ ခွဲဝေခံစားခဲ့ဖူးသော အကျင့်တို့ကြောင့် ရွာသို့ ပြန်ရောက်သည့်အခါတွင်လည်း ဖြစ်သမျှအကြောင်းကို အိမ်နီးချင်းအပေါင်းနှင့်အတူ ခွဲဝေခံစားနိုင်သော သတ္တိအားမာန်ကို ရခဲ့ကြပြီ။ သူတို့အတွက် အကျိုးကျေးဇူးကို ဆောင်ရွက်ရကောင်းမှန်း သိလာခဲ့ပြီ။သို့ရာတွင် ဝမ်းနည်းစရာကောင်းသည်မှာ ရှန်တာတို့မိသားစု၏ နမူနာသည် တစ်ခုတည်းသော နမူနာဖြစ်နေခြင်းပင်ဖြစ်သည်။ ယနေ့ထက်တိုင်အောင် သုခမြို့တော် အိမ်ခေါင်းကလေးတွေထဲမှ ထွက်လာကာ မိမိတို့ဇာတိသို့ ပြန်လာသူဟူ၍ ရှားလှဘိခြင်း။ 

သို့ရာတွင် မကြာမီက ဖြစ်ပေါ် တိုးတက်မှုများကြောင့် မျှော်လင့်ချက်နည်းနည်းတော့ ရှိလာသည်။ ဘင်္ဂလားပြည်နယ်က စိုက်ပျိုးရေး ဈေးကွက်သည် တိုးတက်လာခဲ့သဖြင့် ကျေးလက်မှ ကာလကတ္တားမြို့တော်ကြီးသို့ ထွက်ပြေးလာသည့် လူဦးရေ တဖြည်းဖြည်းလျော့လာခဲ့သည်။ ယနေ့အချိန်တွင် ပြည်နယ်၏ သုံးပုံနှစ်ပုံသော ဒေသများတွင် တစ်နှစ်လျှင် နှစ်သီးထွက်အောင် သီးထပ်စိုက်ပျိုးနိုင်လာခဲ့သည်။ ကျန်တစ်ပုံမှာ သုံးသီးစိုက်ပင် စိုက်နိုင်လာသည်။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်တုန်းကဆိုလျှင် အိန္ဒိယပြည် အရှေ့တောင်ပိုင်းတစ်ခုလုံးတွင် အလုပ်အကိုင် ရှာဖွေရနိုင်မည့်နေရာသည် ကာလကတ္တားတစ်ခုတည်း တစ်နေရာတည်းသာရှိခဲ့သည်။ သို့ရာတွင် ယခု ဩရိဿ၊ ဘီဟာ စသည့် ပြည်နယ်များတွင် စက်မှုလုပ်ငန်းသစ်များ ပေါ်ထွန်းလာခဲ့သဖြင့် ကျေးလက်လူထုသည် ယခင်ကလို ကာလကတ္တားတစ်မြို့တည်းကို လာရောက်စုရုံးခြင်းမရှိတော့ဘဲ ပျံ့နှံ့သွားခဲ့သည်။ ထိုကြောင့် နောက်ထပ် ကပ်ဆိုးကြီးတစ်ခုခုသာ ပေါ်ပေါက်ခဲ့ခြင်းမရှိလျှင် ကာလကတ္တား၏ လူဦးရေကို တည်ငြိမ်အောင် လုပ်နိုင်သောအနေအထားတွင် ရောက်ရှိနေမည်ဖြစ်သည်။ မြို့ကြီးပေါ်တွင် ခိုလှုံနေသည့် ဆင်းရဲသားများကို သူတို့နေရပ်ဌာနဆီသို့ ပြန်ပို့နိုင်သည့် အနေအထားသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

မက်စ်သည် အမေရိကန်ပြည်ထောင်စုသို့ ပြန်လာခဲ့သည်။ သုခမြို့တော်တွင် နေခဲ့သည့်အကြောင်းကို ပြန်ပြောင်းပြောရာတွင် သူက နှစ်ဆယ်ရာစုနှစ်အတွင်း လူသားတစ်ယောက် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံအမျိုးမျိုးတို့အနက် လကမ္ဘာသို့သွားသည့်ခရီးမှလွဲ၍ သုခမြို့တော်သို့ ရောက်ခဲ့ရသည့်အတွေ့အကြုံသည် အလွန်ထူးခြားဆန်းကြယ်သော အတွေ့အကြုံဖြစ်သည်ဟု ပြောသည်။ အခြားသောဆရာဝန်များနှင့် အမျိုးသမီးများလည်း သုခမြို့တော်နေသူတို့အား ကူညီရန်အတွက် နောက်ထပ် ရောက်လာခဲ့ကြသည်။ မက်စ်အဖို့သော်မူ သုခမြို့တော်တွင် နေထိုင်ရခြင်းကြောင့် အခြားလူများနှင့် ဆက်ဆံရာတွင်လည်းကောင်း၊ ဘဝကို ကြည့်မြင်ရာတွင်လည်းကောင်း အများကြီး ပြောင်းလဲသွားခဲ့သည်။

“သုခမြို့တော်က ကျွန်တော့်ညီတော်နောင်တော်တွေရဲ့ အပြုံးတွေဟာ ကျွန်တော့်ရင်ထဲမှာ ဘယ်တော့မှ ငြိမ်းမှာမဟုတ်တဲ့ အလင်းရောင်တွေ” ဟု မက်စ် မကြာခဏပြောတတ်သည်။

တစ်နေ့သ၌ ဟာစရီပါး၏ဇနီးသည် မုဆိုးမဖြစ်သူ အာလောကသည် တံဆိပ်ခေါင်းတွေ အပြည့်ကပ်ထားသည့် အညိုရောင်စာအိတ်တစ်လုံးကို ကိုဗာစကီးထံ ယူလာပြီး ပြသည်။ 

ထိုစာမှာ ပြည်ထဲရေးဌာနမှ စာတစ်စောင်ဖြစ်ကြောင်း ကိုဗာစကီး ချက်ချင်း သိလိုက်ရသည်။ ကိုဗာစကီးသည် ရင်တထိတ်ထိတ်ဖြင့် စာကို ဖောက်ဖတ်လိုက်သည်။ 

“အိန္ဒိယပြည်အစိုးရသည် ဖော်ပြပါ ကိုဗာစကီးဆိုသူလျှောက်ထားသော နိုင်ငံသားလက်မှတ်ကို ထုတ်ပေးကာ အခွင့်အရေးများနှင့် တာဝန်များ၊ ပိုင်ဆိုင်ခွင့်များကို အပ်နှင်းခံရပြီ ဖြစ်ကြောင်းဖြင့် စာတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသားဖြစ်ပြီတဲ့။ ကိုဗာစကီး၏ရင်ထဲတွင်မူ သုခမြို့တော်ရှိ နှလုံးသားပေါင်းမြောက်များစွာတို့သည် သူ့ရင်ထဲတွင် စုပေါင်းခုန်လျက် ရှိသည်ဟု ထင်သည်။ ကိုဗာစကီးသည် ဝမ်းသာလွန်းသဖြင့် မျက်လုံးအစုံကို မှိတ်ကာ ဝရန်တာတိုင်ကို မှီထားလိုက်သည်။

အတန်ကြာတော့မှ မျက်လုံးကို ဖွင့်ပြီး သူ့လည်တွင် ဆွဲထားသည့် လက်ဝါးကပ်တိုင် ဆွဲကြိုးကလေးကို သေသေချာချာ ငုံ့ကြည့်သည်။လက်ဝါးကပ်တိုင်ကလေးပေါ်တွင် သူ့အမေက ရေးထိုးပေးလိုက်သည့် နေ့စွဲနှစ်ခုရှိသည်။ တစ်ခုက စ,မွေးသည့် နေ့စွဲ။ နောက်တစ်ခုက သူ သာသနာ့ဘောင်သို့ ဝင်သည့် နေ့စွဲ။ 

သူ့မျက်လုံးများသည် မှုန်ဝါးသွားကြကာ မျက်ရည်များသည် ပါးပြင်ပေါ် သို့ စီးကျလာကြသည်။ ပီတိမျက်ရည်၊ ဝမ်းသာ၍ ကျသည့်မျက်ရည်။ လက်ဝါးကပ်တိုင်ပေါ်တွင် လွန်ခဲ့သည့် နှစ်များက သူကိုယ်တိုင် ရေးထိုးခဲ့သည့် အိန္ဒိယအမည်ကလေးတစ်ခုရှိသည်။ သူသည် ထိုအမည်ကလေးရှေ့က ကွက်လပ်ကလေးကို သေချာစွာ ကြည့်နေမိသည်။ ထိုအမည်မှာ “ပရမ္မာနန်” ဟူသော အမည်ဖြစ်ပြီး ဘုရားသခင် ချစ်မြတ်နိုးသူတို့၏ ကောင်းချီးပေးခံရသူဟု အဓိပ္ပာယ် ထွက်သည်။

ဟုတ်သည်။ ထိုအမည်သည် သူနှင့် ဆင်းရဲသူ၊ အနှိမ်ခံရသူ၊ အောက်ကျသူ၊ အဖိနှိပ်ခံရသူ၊ သုခမြို့တော်မှ နင်းပြားများနှင့် သူ့ကိုတစ်သား တည်းဖြစ်အောင် ဆက်စပ်ပေးလိုက်သည့် အမည်ဖြစ်သည်။ သူကိုယ်တိုင် ရေးထိုးထားသည့် အမည်ကလေးနောက်တွင် ကိုဗာစကီးသည် အိန္ဒိယမိသားစု ညီနောင်ရင်းချာများနှင့် တစ်သားတည်းဖြစ်သွားသည့် ထိုရက်စွဲကို သည်နေ့ပင် ထပ်၍ ရေးထိုးရပေဦးမည်။ထိုနေ့သည် သူ့တစ်သက်တွင် တတိယ အရေးကြီးသည့် ရက်စွဲ မဟုတ်လော။ 
--------------------
#မြသန်းတင့်

Post a Comment

0 Comments