သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၄၂)

#သုခမြို့တော် 

အပိုင်း(၄၂)

“ပထမတော့ ကျွန်တော့်ကိုယ်ထဲမှာ အင်အားတွေ ကုန်ခန်းပြီး ပျော့ခွေသွားတယ် လို့ ထင်ရတယ်၊ နောက်တော့ အရိုးတွေထဲက တဆစ်ဆစ်ကိုက်လာတယ်။ ပုလိပ်က နံပါတ်တုတ်နဲ့ရိုက်ထားသလိုပဲ၊ အစတုန်းကတော့ အလုပ်ပင်ပန်းလို့ အသက်ငယ်ငယ်နဲ့ ဇရာထောင်းတယ်လို့ပဲ ထင်တာပေါ့။ ကျွန်တော်တို့လန်ချားသမားအများစု ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုပဲ ဝေဒနာဖြစ်ခဲ့ကြဖူးတာကိုး။ ကာလကတ္တားမှာ သစ်ရွက်တွေတောင် ကျွန်တော်တို့တောမှာထက်စောပြီး ကြွေကြတယ် မဟုတ်လား။ ရင်ထဲမှာလည်း ပူတူတူကြီး"

"လန်ချားခ တောင်းနေတုန်းမှာတောင် ကျွန်တော့်ရင်ထဲမှာ ပူပြီး တစ်ကိုယ်လုံး ခြေဖျားမှ ငယ်ထိပ်အထိ ချွေးစေးကြီးတွေ ပြန်နေတယ်။ ပိုပြီးထူးဆန်းတာက အဲဒီအချိန်က ကာလကတ္တားမှာ ဆောင်းတွင်းကြီး ခင်ဗျ။ ဆောင်းတွင်း
ကြီးဖြစ်ရက်နဲ့ ကျွန်တော့်ကိုယ်မှာ ချွေးတွေ နစ်နေတာပဲ။ ကာလကတ္တားဆောင်းတွင်းဆိုတာကလည်း သိတဲ့အတိုင်းပဲလေ။ ဆောင်းတွင်းဆိုလျှင် အရိုးခိုက်အောင် ချမ်းပြီး နွေဆိုလျှင် ရက်ရက်စက်စက် ပူတာမဟုတ်လား"

"ကျွန်တော့်မှာ ခရီးသည်တစ်ယောက်က ပေးထားတဲ့ ဆွယ်တာအဟောင်းလေး တစ်ထည်ရှိတယ်။ အဲဒီဆွယ်တာကို ချွတ်ထားလျှင်လည်း ချမ်းတာပဲ၊ အဲဒီဆွယ်တာကို ဝတ်ထားလျှင်လည်း ချမ်းနေတာပဲ။ ကြည့်ရတာကတော့ ကျွန်တော့်မှာ ခြင်ကိုက်တဲ့ရောဂါရှိနေပြီ ထင်တာပဲ။ တက္ကစီမောင်းတဲ့ ကျွန်တော့်သူငယ်ချင်း ချိုမိုကားက ပြောတော့ အဲဒီရောဂါဖြစ်လျှင် ချမ်းလိုက်တာမှ ခိုက်ခိုက်ကိုတုန်နေတာပဲတဲ့။ သူ့မှာလည်း အဲဒီရောဂါရှိတယ်တဲ့။ အဲဒီရောဂါဖြစ်လျှင် ဆေးပြားဖြူဖြူကလေးတွေ သောက်ရတယ်တဲ့။ သူက ဆေးလုံးကလေးတွေကို သတင်းစာစက္ကူနဲ့ ထုပ်လာပြီး ကျွန်တော့်ကို ပေးတယ်။ တစ်နေ့ကို နှစ်လုံးသောက်ရမယ်တဲ့။ အဲဒီဆေးလုံးကလေးကို နေ့တိုင်း ကျွန်တော် အရက်နဲ့ သောက်တယ်။ အရက်ဟာ သည်ရောဂါအတွက် အကောင်းဆုံးဆိုတာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားကြတယ်ဆိုပဲ"

" ဒါပေမယ့် ကျွန်တော်တော့ မဟုတ်ဘူးထင်တာပဲဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ သည်ဆေးနဲ့ အရက်ကို ဖိသောက်နေပေမယ့် ကျွန်တော့်မှာတော့ ချွေးတွေ နစ်နေအောင် ထွက်မြဲထွက်ပြီး ချမ်းမြဲချမ်းနေတာပဲ။ ကျွန်တော့်ရင်ထဲကလည်း သိပ်ပူနေတော့ အသက်ရှုလိုက်တိုင်း လူက ဘယ်လိုနေမှန်း မသိဘူးဗျာ။ သိပ်မောတာပဲ။ ကြာကြာ မဆွဲနိုင်ဘူး။ ဘယ်လောက်ပဲ ပေါ့တဲ့ဝန်ဖြစ်ပစေ၊ တစ်ထောက်လောက် နားနားပြီးမှ ဆွဲလို့ရတယ်"

"တစ်နေ့တော့ ကျွန်တော်လည်း ကျွန်တော့်အဖြစ်ကို ကြည့်ပြီး တော်တော်လေး လန့်သွားတယ် ခင်ဗျ။ အဲဒီတုန်းက ကျွန်တော် ပန်းခြံလမ်း လန်ချားဆိပ်မှာ။ လန်ချားကို အသာချပြီး တစ်ဖက်လမ်းက ဆိုင်တန်းတွေရှိတဲ့ဆီကို သွားပြီး ဘီဒီတစ်လိပ် ဝယ်မယ်ဆိုပြီး ဖလာရီရဲ့ မုန့်ဆိုင်ရှေ့က ဖြတ်လာခဲ့တယ်။အဲဒီမုန့်ဆိုင်ရှေ့ရောက်တော့ မုန့်ဆိုင်မှာ ချိတ်ထားတဲ့ မှန်ကြီးထဲမှာ ကျွန်တော့်ကိုယ်ကိုကျွန်တော် ပြန်မြင်လိုက်ရတယ်။ ကျွန်တော့်ပါးတွေက ချိုင့်လို့၊ ပါးပြင်ပေါ်မှာလည်း မုတ်ဆိတ်ငုတ်တိုတွေ ပေါက်လို့၊ တစ်ခေါင်းလုံးကလည်း ဖွေးဖွေးဖြူလို့။ ရုတ်တရက်တော့ ကျွန်တော့်ကိုယ်ကို ကျွန်တော်တောင် မမှတ်မိဘူး။ မုန့်ဆိုင်ထဲက မှန်ရှေ့မှာ ရပ်နေတာ ဘယ်သူပါလိမ့်လို့ ကျွန်တော့်ဘာသာ ကျွန်တော်တောင် ရုတ်တရက် သံသယဖြစ်သွားတယ်။ ကျွန်တော် ကာလကတ္တားကို ထွက်မလာခင် ကျွန်တော့်အဖေကို ကန်တော့ခဲ့တုန်းက မြင်ခဲ့ရတဲ့ ကျွန်တော့်အဖေအတိုင်းပါပဲ။ အဖေ့ရုပ်ကို ကျွန်တော် ပြေးပြီး သတိရလိုက်မိတယ်"

“စကားစပ်မိလို့ ပြောလိုက်ရဦးမယ်၊ တစ်ခါတလေမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကို စိုက်စိုက်ကြည့်နေတတ်တယ် ခင်ဗျ။ ကျွန်တော့်မိန်းမဟာ ကျွန်တော့်ကျန်းမာရေးအတွက် စိုးရိမ်ပုံရတယ်။ အထူးသဖြင့် ကျွန်တော့်အမူအရာတွေ၊ ကျွန်တော်ပြောတဲ့စကားတွေကို အထူးသတိထားလေ့ရှိတယ်။ နေထိုင်ကောင်းတယ်၊ ဘာမှမဖြစ်ဘူးဆိုတာမျိုးကို ကျွန်တော်ကပြောရင် သူ့စိတ်ထဲမှာ တော်တော်ဆင်းရဲနေတဲ့ပုံပဲ ခင်ဗျ။ ပြောပါရစေတော့ ခင်ဗျာ၊ တစ်ခါတလေမှာ ကျွန်တော်က လင်မယားလိုနေဖို့ ပြောကြည့်ရင် ကျွန်တော့်ကို အထူးအဆန်းလို ကြည့်နေတတ်တယ်၊ အထူးအဆန်းစကားတွေကို ပြောနေတာမျိုး တအံ့တသြနဲ့ နားထောင်နေတတ်တယ်။ ခက်တာက ကျွန်တော်မှာ အားသာကုန်ခန်းပြီးလာတယ်၊ အဲဒီစိတ်တွေကလဲ မပျောက်ဘူး ခင်ဗျ၊ အားကုန်လေ အဲဒီစိတ်တွေက များလာလေလေပဲ၊ ကြည့်ရတာကတော့ ပျက်စီးစပြုနေတဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲမှာရှိတဲ့ ခွန်အားတွေဟာ အဲဒီဘက်ကို စုပြုံရောက်သွားသလား မပြောတတ်ပါဘူးဗျာ"

"သည်လို နေထိုင်မကောင်းဖြစ်ပြီးလို့ မကြာခင်မှာပဲ သူ့မှာ ကိုယ်ဝန်ရှိတဲ့အကြောင်း ကျွန်တော့်မိန်းမက ပြောတော့တာပါပဲ။ ကျွန်တော် ဝမ်းသာလိုက်ပုံကတော့ ဘာပြောကောင်းမလဲ ခင်ဗျ။ သည်သတင်းကိုလည်း ကြားပြီးရော ကျွန်တော်ချွေးတွေ ထွက်တာ၊ ချမ်းတာ၊ ကျွန်တော်ပင်ပန်းအားကုန်တာတွေ အားလုံးကိုတောင် မေ့သွားတယ်"

"သည်နောက်တော့ ပြဿနာဖြစ်တော့တာပါပဲ။ တစ်နေ့တော့ မာရဝါရီ ကုန်သည်ကြီးတစ်ယောက်ကို တင်ပြီး ဆွဲလာတယ် ခင်ဗျ။ သူနဲ့အတူ အထုပ်ကြီးတစ်ထုပ်လည်း ပါလာတယ်။ သည်လိုဆွဲလာတုန်းမှာ ရင်ဘတ်ထဲက မခံမရပ်နိုင်လောက်အောင် နာလာတာနဲ့ လန်ချားကို ချပြီး ခဏနားတယ်။ ရင်ဘတ်ထဲ နာလိုက်တာကတော့ ဘယ်လိုနေသလဲ မသိဘူး ခင်ဗျ။ ရင်ဘတ်ထဲကို တံစို့ကြီးတစ်ချောင်း ကန့်လန့်လျှိုထိုးထားသလိုပဲ။ ဒါနဲ့ ကျွန်တော် ခဏနားနေတုန်းမှာ ကျွန်တော် မဟန်နိုင်တော့ဘူးဗါ။ ဒူးတွေ ညွတ်ကျသွားပြီးမြေကြီးပေါ်  ဘိုင်းခနဲ လဲကျသွားတော့တာပဲ။ အသက်လည်း ကောင်းကောင်းရှူလို့ မရတော့ဘူး"

"မာရဝါရီ ကုန်သည်ကြီးကလည်း သဘောကောင်းရှာပါတယ်။ ကျွန်တော့်ကို ဆဲရေးတိုင်းထွာပြီး တခြားလန်ချားကို ခေါ်သွားနိုင်သားပဲ၊ ဒါပေမယ့် သူမခေါ်ဘူး။ ကျွန်တော်လဲကျတော့ ကျွန်တော့်ကို ထူပြီး ကျွန်တော်အသက်ရှူလို့ ကောင်းအောင် ကျောကို ပုတ်ပေးတယ်။ သည်လို ပုတ်ပေးလိုက်တော့ ကျွန်တော့်ပါးစပ်ထဲမှာ ပူလောင်လောင် စေးထန်းထန်း တံတွေးတွေ ပြည့်လာတယ်။ ဒါနဲ့ ကျွန်တော် ထွေးချလိုက်တယ်။ မာရဝါရီကုန်သည်ကြီးက တံတွေးတွေကို မျက်နှာရှုံ့သွားတယ်။ ခဏနေတော့ သူက ငါးကျပ်တန်တစ်ရွက်ပေးပြီး သူ့အထုပ်ကိုလည်း တခြားလန်ချားတစ်စီးပေါ် တင်ပြီး ထွက်သွားတယ်။ လန်ချားပေါ်ကနေပြီး ကျွန်တော့်ကို လက်ပြသွားတယ်"

"သည်လိုနဲ့ အဲဒီနေရာမှာ ကျွန်တော် အကြာကြီးထိုင် အမောဖြေပြီးမှ ထနိုင်တယ်။ တံတွေးထွေးလိုက်ရလို့လား မသိဘူး၊ ကျွန်တော် နေသာထိုင်သာ ရှိသွားတယ်။ တဖြည်းဖြည်းနဲ့ အသက်ရှူလို့ ချောင်သွားတော့မှ ကျွန်တော်လည်း အဲဒီနေရာက ထ,လာနိုင်တော့တယ်"

"အဲဒီနေ့ကတော့ ကျွန်တော့်ကို ဘုရားက ရှောင်တဲ့နေ့ပဲ။ ကျွန်တော်က အဖြစ်အပျက်ကို ပြန်ပြောတော့ ကျွန်တော့်မိန်းမက ငိုတယ်။ မိန်းမတွေဟာ တိရစ္ဆာန်တွေနဲ့ တော်တော်တူတယ်ခင်ဗျ။ မကောင်းဆိုးဝါးတစ်ခုခုဖြစ်တော့မယ်ဆိုရင် သူတို့က ကျွန်တော်တို့ယောက်ျားတွေထက် ကြိုတင်သိနေတတ်တယ်။ သူက ကျွန်တော့်ကို ဆေးဆရာတစ်ယောက်ဆီ သွားပြပြီး ဆေးတို့ဘာတို့ သောက်ဖို့ ပြောတယ်။ ဆေးဆရာဆိုတာ လမ်းဘေးမှာ ထိုင်ဆေးကုတဲ့လူကို ပြောတာခင်ဗျ။ တကယ့်ဆေးဆရာဆိုရင် ရောဂါကို သွားပြရင် ငါးကျပ်တစ်ဆယ်ပေးရတယ်။ သူကတော့ ဘာရောဂါကိုပဲ ပြပြ နှစ်ကျပ်ပဲ ပေးရတယ်"

"ဆေးဆရာဆီ မသွားခင် သုပဏ္ဏကဘီလူးရဲ့ နတ်ကွန်းကို သွားပြီး ပူဇော်ဦးလို့ ကျွန်တော့်မိန်းမကပြောလို့ နတ်ကွန်းကိုသွားရသေးတယ်။ ကျွန်တော့်မိန်းမလည်းပါတယ်။ သူက ပန်းကန်ပြားတစ်ချပ်ထဲမှာ ငှက်ပျောသီးရယ်၊ စံပယ်ပွင့် တစ်ဆုပ်ရယ်၊ ဆန်တစ်ဆုပ်ရယ် ထည့်လာပြီး ဝတ်ကျောင်းကို အရင်သွားရတယ်။ ဝတ်ကျောင်းရောက်တော့ ဗြဟ္မဏလက်ထဲကို စောစောကကုန်သည်ကြီးဆီကရခဲ့တဲ့ ငါးကျပ်တန်ကလေးကို ထည့်လိုက်တယ်။ သူက မန္တန်တွေ ရွတ်ပေးတယ်။ပြီးတော့ ကျွန်တော်တို့ပူဇော်တဲ့ ဝတ္ထုတွေကို ဂါနက်သျှနတ်မင်းရဲ့ ရုပ်တုရှေ့မှာ ဦးချလှူပြီး အမွှေးတိုင်တွေ ထွန်းတယ်။ မီးခိုးတွေကြားမှာ ဆင်ခေါင်းပါတဲ့ ဂါနက်သျှနတ်မင်း ပျောက်ကွယ်သွားတော့ ကျွန်တော်တို့လည်း နောက်ကို ဆုတ်လာခဲ့ကြတယ်။ ဂါနက်သျှနတ်မင်းဟာ သုပဏ္ဏကဘီလူးကို တိုက်ဖျက် မောင်းနှင်ပစ်တော့မှာကိုး"

"နောက်တစ်နေ့လည်းရောက်ရော ကျွန်တော်လည်း အားတွေ ခွန်တွေပြည့်ပြီး လန်ချားလှည်းသန်နှစ်ချောင်းကြားထဲ ထိုင်ပြီး ကောင်းကောင်း ဆွဲနိုင်သွားပြီလေ။အဲဒီတုန်းက ကာလကတ္တားမှာ မြောက်ဘက်က လေအေးကြီးတိုက်လို့ ရာသီဥတုဖောက်ပြန်တဲ့အချိန်ခင်ဗျ။ နွေတုန်းက လန်ချားဆွဲရင် ကတ္တရာစေးလမ်းတွေက ပူလွန်းလို့ ခြေမချနိုင်သလို ဆောင်းတွင်းကျတော့လည်း ကတ္တရာလမ်းတွေက အေးလွန်းတော့ ခြေကောင်းကောင်း မချနိုင်ဘူးဗျာ။ ညဆိုရင်လည်း အေးလိုက်တာ ခိုက်ခိုက်ကို တုန်နေတာပဲ။ ကျွန်တော်တို့တစ်တွေ ပစ္စည်းထည့်တဲ့ ထင်းရှူးသေတ္တာကြီးထဲမှာ ဝင်ပြီး တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်ပြီး ကွေးပေမယ့် အေးတာပဲ"

"ဝက်စလေလမ်းက လမ်းဘေးဆေးဆရာပေးလိုက်တဲ့ ဆေးထဲမှာ အာနိသင်ထူးတဲ့ဆေးတွေ ပါပုံရတယ်ခင်ဗျ။ အဲဒီဆေးလည်း နှစ်ပုလင်းလောက်ကုန်ရော၊ ကျွန်တော့်ရင်ထဲမှာ ပူနေတာတွေလည်း ပျောက်သွားပြီး အရိုးတွေ တဆစ်ဆစ် ကိုက်တာလည်း ပျောက်သွားတယ်။ ဒီအတိုင်းဆိုရင် မုန့်ဆိုင်က မှန်ရှေ့သွားပြီး ကျွန်တော့်ရုပ်ကို ကျွန်တော် ရဲရဲကြည့်နိုင်တော့မယ် ထင်တယ်။ အဲဒီတုန်းက လည်ချောင်းအရင်းမှာ ထူးထူးဆန်းဆန်းယားလာပြီး ချောင်းတွေ ဆိုးတော့တာပါပဲ။ ချောင်းကလည်း ချောင်းခြောက်ကြီးခင်ဗျ။ ချောင်းတစ်ချီ ဆိုးပြီဆိုရင် လူကို လေမုန်တိုင်းမိတဲ့ အုန်းပင်ကျနေတာပဲ၊ တစ်ကိုယ်လုံး ယိမ်းထိုးတုန်ခါနေတော့တာပဲ။ ချောင်းဆိုးပြီးရင်လည်း လူကို မောနေတာပဲ။ ဒီချောင်းဆိုးသံဟာ လန်ချားခေါင်းလောင်းသံလို ကျွန်တော်တို့လန်ချားသမားတွေ အမြဲကြားရတတ်တဲ့ ဂီတသံပဲခင်ဗျ။ ဘုရားဟာ ကျွန်တော်တို့ဆုတောင်းသံတွေကို မကြားရတော့ဘူးထင်တယ်"

အပိုင်း(၄၃)ဆက်ရန်
-----------------
#မြသန်းတင့်

Post a Comment

0 Comments