၁၉၂၆ ခု၊ အောက်တိုဘာ ၄ တွင် မြန်မာပြည်၊ ညောင်ဦးမြို့၌ ကုန်သည်မျိုးရိုး အဖ ဦးသာဖန်နှင့် အမိ ဒေါ်အုပ် တို့က ဖွားမြင်သည်။ ငယ်စဉ်က မန္တလေးမြို့၊ စိန့်ပီတာကျောင်း၊ ညောင်ဦးမြို့ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။
၁၉၃၇ ခုနှစ် ကျောင်းလက်ရေးစာစောင်များမှ စတင်၍ စာရေးသားခဲ့ပြီးနောက် ဆရာကြီးသည် ဇဝနဂျာနယ်၊ ဒဂုန်မဂ္ဂဇင်းတို့တွင် ကဗျာ၊ ဟာသ၊ သရော်စာ၊ ပြဇာတ် စသည့် ရသစာပေများ ရေးသားကာ စာပေလောကသို့ ဝင်ရောက်လာခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလဆန်း ဂျာနယ်ကျော်တွင် ရေးသားပါရှိခဲ့သော “ဆီးသီးကြွေချိန်” ဝတ္ထုသည် ဆရာကြေးမုံဦးသောင်း၏ ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့် ဝတ္ထုဖြစ်သည်။ (အောင်ဗလ ကလောင်အမည်ဖြင့်လည်း ဟာသစာပေများလည်း ရေးသားခဲ့သည်။) ဆရာဦးသောင်းသည် သတင်းနှင့်ပတ်သက်သော အကြောင်းအရာများကို ရေးသားသောအခါ ‘ကြေးမုံ ဦးသောင်း’ အမည်ကို သုံးလေ့ရှိပြီး ရသစာပေ၊ သရော်စာများ ရေးသားသောအခါ ‘အောင်ဗလ’ အမည်ကို အသုံးပြုသည်။ ထိုကလောင် ၂ ခုစလုံးလည်း ထင်ရှားသည်။
ဆရာ့စာပေများထဲက အများအတွက် အထင်ကရဖြစ်သည့် စာမူမှာ ပုဂံမြို့က တဝဂူဇာတ်လမ်း ဖြစ်ပါသည်။ အချစ်အတွက် တဝဂူထဲတွင် ပိတ်ဆို့သတ်ပစ်တာကို ခံခဲ့ရသည့် စောင်းဆရာလေးနှင့် ချစ်သူမိန်းကလေးတို့အကြောင်းကို ရေးသားခဲ့ခြင်းဖြစ်ပြီး ‘တဝဂူမှ ဂီတ’ဆိုတဲ့ အမည်နှင့် ရေးသားပုံနှိပ်ခဲ့သည်။ ထိုဝတ္ထုကို ၁၉၄၅ ခုနှစ်အတွင်း ဂျပန်အထွက် အင်္ဂလိပ်စစ်တပ်က ညောင်ဦးမြို့ကို ပြန်သိမ်းသောအချိန် မြို့သူမြို့သားများက ဘုရား ကျောင်းကန်သို့ ပြေးလွှားပုန်းခိုရသည့်အချိန်တွင် စိတ်ကူးရ ရေးဖွဲ့ခဲ့သည်ဟု ဆိုသည်။ ထိုဝတ္ထုကို ဘိုကလေးတင့်အောင်က ပြဇာတ်အဖြစ် တင်ဆက်ခဲ့သလို တေးသံရှင် တင်တင်မြကလည်း ‘ပုဂံမြို့ဟောင်း တနေရာ’ အမည်နှင့် သီချင်းအဖြစ် သီဆိုခဲ့ပါသည်။
၁၉၄၈ ခု တက္ကသိုလ်ဝင်စာမေးပွဲ အောင်သည်။ ဗမာ့ခေတ် သတင်းစာ သတင်းထောက်အဖြစ် ၁၉၄၇ ခုနှစ်က သတင်းစာလောကသို့ ဝင်သည်။ ဗမာ့ခေတ်မှာပင် အယ်ဒီတာချုပ်အဖြစ် တိုးမြှင့် အမှုထမ်းရသည်။
၁၉၅၃ ခုနှစ်တွင် မန္တလေးမြို့မှ ကုန်သည် ဦးသန်း၊ ဒေါ်တင်တို့၏သမီး ဒေါ်မြမြစိန်နှင့် လက်ထပ်ခဲ့ပြီး၊ သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ ထို့နောက် ဒေါ်တင်တင်ဝင်းနှင့် ထပ်မံအိမ်ထောင်ပြုခဲ့သည်။
၁၉၅၇ ခုတွင် ကြေးမုံ သတင်းစာကို တည်ထောင်ပြီး အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်စဉ် ၁၉၆၄ တွင် ပုဒ်မ ၅ ဖြင့် ထောင် ၃ နှစ် ကျခံခဲ့ရသည်။
ထောင်မှလွတ်ပြီးနောက်၊ ၁၉၇၃ ခုနှစ်တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကော်ပိုရေးရှင်းတွင် တတိယအထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မဆလခေတ်ဦးဖြစ်သော ၁၉၇၄ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံသို့ နှစ်နိုင်ငံ ချစ်ကြည်ရေး သတင်းစာကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်း ခံရသည်။ ထို့နောက် မဆလအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနတွင် သတင်းစာတိုက်များကို အုပ်ချုပ်ရသော ဒုတိယညွှန်ကြားရေးမှူးရာထူး ခန့်ထားသည်။ ဆယ်နှစ် အမှုထမ်းပြီး ၁၉၇၇ ဇူလိုင်လတွင် အမေရိကန်သို့ ထွက်ခဲ့သည်။ မဆလဆန့်ကျင်ရေး စာပေများ ရေးသားခဲ့ပြီး နောက်ဆုံးချိန်အထိ အာဏာရှင်ဆန့်ကျင်ရေး၊ မြန်မာ့ဒီမိုကရေစီရေး ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သူဖြစ်ပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆောင်ရွက်မှုများကို အမေရိကန်၌ ဝါဒဖြန့်ရန် စေလွှတ်ပါလျက် မြန်မာဖက်ဆစ်အစိုးရ ဆိုးယုတ်မှုများကို ဟောကြားကာ မဇူရီပြည်နယ် ဝါရှင်တန်မြို့မှ မဇူရီသတင်းစာတွင် ဖက်ဆစ် ဆန့်ကျင်ရေး ဆောင်းပါးရှင်အဖြစ် လုပ်ကိုင်နေသည်ကို ဒေါသူပုန်ထသဖြင့် ဦးနေဝင်းက မြန်မာနိုင်ငံတွင် ရှိသမျှ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းခဲ့သည်။ ထို့ပြင် မြန်မာစာနယ်ဇင်းလောကတွင် ဦးသောင်း၏ စာသစ် စာဟောင်းများကို ပုံနှိပ်ခြင်းမပြုရဟု အမိန့်ထုတ်ပြန်ထားသောကြောင့် မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေခဲ့ရသည်။
အမေရိကန် နိုင်ငံတွင် ၁၉၇၈ ခုနှစ်မှ စတင်၍ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ ထုတ်ဝေသော ဒီမိုကရေစီဂျာနယ်၊ Burma Bulletin, Burma Review စသည့် စာစောင်များနှင့် အမေရိကန် စာနယ်ဇင်းများ ဖြစ်သည့် The Missourian နှင့် Reader’s Digest တို့တွင် စာများ ရေးသားသည်။ ဇာတိမြေ ရှစ်လေးလုံး အရေးတော်ပုံမှ စတင်သောအခါ ကမ္ဘာအရပ်ရပ်မှ ဒီမိုကရေစီ စာနယ်ဇင်းများတွင်ပင် ဝင်ရောက် ရေးခဲ့သည်။
ဝါရှင်တန်မြို့ လွတ်လပ်တဲ့အာရှအသံ ရေဒီယို၊ အမေရိကန်အသံ ရေဒီယိုနှင့် ဘီဘီစီတို့မှတဆင့် မြန်မာပရိသတ်နှင့် ပြန်ဆက်ရသူ ဖြစ်သည်။
ဆရာကြီး ဦးသောင်းသည် ဘန်ကောက်မြို့ ခေတ်ပြိုင်သတင်းစာ အယ်ဒီတာချုပ်နှင့် ရေဒီယိုများ ဆောင်းပါးရှင်အဖြစ် မြန်မာ့ဒီမိုကရေစီရေးကို လုပ်ဆောင်ခဲ့သူ ဖြစ်သည့်အပြင်၊ ပြည်ပမြန်မာ့သတင်းမီဒီယာများ ဖြစ်သော ခေတ်ပြိုင်၊ မိုးမခ၊ ဟစ်တိုင်နှင့် Voice of Burma တို့တွင် စစ်အစိုးရ ဆန့်ကျင်ရေးစာများကို ကွယ်လွန်ချိန်အထိ ကြေးမုံ ဦးသောင်း၊ အောင်ဗလ၊ မောင်ချစ် စသည့် ကလောင်အမည်များဖြင့် ရေးသားသွားခဲ့သည်။
မြန်မာရုပ်ရှင် ဇာတ်ညွှန်း ၄ ပုဒ်၊ မြန်မာစာအုပ် ၂၆အုပ်၊ အင်္ဂလိပ် ၂ အုပ် ရေးခဲ့သည်။ ကြေးမုံ ဦးသောင်း၏ ထင်ရှားသော စာအုပ်များမှာ သတင်းစာဆရာ၊ ဗမာ့ခေတ်မှ ကြေးမုံသို့၊ ဦးနေဝင်း၏ ပြာတဆုပ်၊ လက်ငင်း လက်တွေ့ ဗုဒ္ဓဝါဒ၊ General Ne Win and His Executioners, A Journalist, a General and in Burma တို့ ဖြစ်သည်။ မကွယ်လွန်ခင် နောက်ဆုံးထုတ်ဝေခဲ့သောစာအုပ်မှာ “ခေတ်ပြိုင်၏စစ်ဝါဒီများ တိုက်ပွဲ” စာအုပ် ဖြစ်ပြီး၊ ခေတ်ပြိုင်ဂျာနယ်တိုက်က ပုံနှိပ်ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့နိုင်ငံပေါင်းစုံ သတင်းစာအသင်းကြီး The International Press Institute က ၁၉၅ဝ ခု မှ ၂ဝဝဝ ပြည့်နှစ်အတွင်း သတင်းစာတို့လွတ်လပ်ရေးကို ရဲရဲဝံ့ဝံ့ အမှုထမ်းခဲ့သူ ကမ္ဘာ့အရပ်ရပ်မှ သတင်းစာဆရာ ၅ဝ ကို “သတင်းစာ သူရဲကောင်းဘွဲ့” ပေးရာ မြန်မာပြည်မှ “ရေးဝံ့သူ” အဖြစ် ဦးသောင်းကို ဆုချီးမြှင့်သည်။
သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်း (အောင်ဗလ) သည် အသက် ၈၂ နှစ်အရွယ်တွင် အဆုတ်ရောဂါဖြင့် ၂ဝဝ၈ ခုနှစ်၊ ဧပြီ ၃ ရက်နေ့ ည၊ ဒေသစံတော်ချိန် ၁ဝ နာရီခန့်မှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ကွယ်လွန်သွားသည်။ ၂၀၀၈ ခုနှစ်၊ မတ်လ ၁ဝ ရက်နေ့မှ စတင်ကာ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်၊ ဖို့လောရာဒေးမြို့ရှိ ဖလော်ရီဒါ မက်ဒီကယ်စင်တာ (Florida Medical Center) ဆေးရုံတွင် အဆုတ်ရောဂါနှင့် နှလုံးအားနည်းသည့် ရောဂါများအတွက် ဆေးကုသမှု ခံယူနေရာမှ အဆုတ်ထဲ ရေဝင်သည့်အခြေအနေ ပိုမိုဆိုးရွားကာ ကွယ်လွန်သွားခြင်းဖြစ်သည်။
ကွယ်လွန်ချိန်၌ အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် ဇနီး ဒေါ်တင်တင်ဝင်းနှင့် သားသမီး ၅ ဦး ကျန်ခဲ့သည်။
ရေးသားခဲ့သော စာအုပ်များ
၁ ။ မိန်းမပုံပြင်
၂။ အောင်ဗလ ပြဇာတ်များ
၃ ။ တဝဂူမှ ဂီတ
၄ ။ အိပ်ချင်ပြေ
၅ ။ ဧဝံ မေ သုတံ
၆ ။ အောင်ဗလယ်
၇ ။ လူတို့နေ
၈ ။ အောင်ဗလွန်
၉။ လက်ငင်းလက်တွေ့ ဗုဒ္ဓဝါဒ
၁၀။ ဆွေမေ့မျိုးမေ့
၁၁။ သမိုင်းဝင်ပြဇာတ်များ
၁၂။ ကြည့်သောသူ မြင်၏
၁၃။ ကျနော်ကြားဖူးသလို ပြောဆိုပါမည်
၁၄။ ဆိုဗီယက် ဟာသ
၁၅။ နိုင်ငံ့အရေး
၁၆။ ဗမာ့ခေတ်မှ ကြေးမုံသို့
၁၇။ မန္တလေးမှ မော်စကိုသို့
၁၈။ ဝါရှင်တန်သို့
၁၉ ။ သတင်းစာဆရာ
၂၀။ တို့ဗမာနိုင်ငံ
၂၁။ ဦးနေဝင်းနှင့် လက်မရွံ့အာဏာသားများ
၂၂။ ဗိုလ်နေဝင်း၏ စစ်ဓားပြလမ်းစဉ်
၂၃။ ဂျာနယ်လစ်၊ ဗိုလ်ချုပ်နှင့် ဗမာစစ်တပ်
၂၄။ ဆက်ရန် ရှိသေးသည်
၂၅။ ဘီလူးတို့ရွာ
၂၆။ ဂျာနယ်လစ်နှင့် ဘုရင်မ
၂၇။ ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ
၂၈။ ဦးနေဝင်း၏ ပြာတဆုပ်
0 Comments