သုခမြို့တော် -(ဘာသာပြန်သူ - မြသန်းတင့်) အပိုင်း (၃)

#သုခမြို့တော်

အပိုင်း(၃)

လူကြီး၊ ကလေး၊ မိန်းမနှင့် ကျွဲနွား တိရစ္ဆာန်များပါမကျန် ကောင်းကင်ကိုသာ မျှော်ကြည့်နေကြသည်။ မုတ်သုံဝင်တော့မည်ဆိုလျှင် သုံးလေးရက်လောက်ကြို၍ လေပြင်းတိုက်တတ်သည်။ တိမ်တိုက်ကြီးများသည် တောင်ဘက်ဆီမှ ညို၍ တက်လာကာ လယ်ကွင်းများပေါ်တွင် တရိပ်ရိပ် ဖြတ်သန်းသွားတတ်သည်။ ထို့နောက် ရွှေနားကွပ်ထားသည့် တိမ်တိုက်ကြီးများ တက်လာပြန်ကာ လေပြင်းနှင့်အတူ သဲတွေဖုန်တွေ ပါလာတတ်သည်။ တစ်ဖန် တိမ်ညိုထုကြီးတက်လာကာ ကောင်းကင်အလုံး ဖုံးအုပ်သွားသည်။ ကောင်းကင်အနှံ့တွင် မိုးချုန်းသံတွေ ဆူညံနေလေပြီ။ ဇာတ်ခုံကို ပြင်ဆင်ပြီးလေပြီ။ လူတို့နှင့် လူတို့၏အိုးအိမ်ကို စောင့်ရှောက်သည်ဟု ဝေဒကျမ်းများတွင် အဆိုရှိသော အဂ္ဂနိမီးနတ်မင်းသည် မိုးကြိုးလျှပ်နွယ်များကို ပစ်လွှတ်သည်။ ထို့နောက် မိုးပေါက်ကလေးတွေ ကျလာကာ ခဏကြာလျှင် ရေအိုးကို သွန်ချသကဲ့သို့ မိုးကြီးရွာတော့သည်။ 

ကိုယ်လုံးတီးကလေးများသည် မိုးရေထဲတွင် ပြေးလွှား အော်ဟစ်နေကြသည်။ ယောက်ျားများက ပြေးလွှားအော်ဟစ်နေကြသည်။ ယောက်ျားများက ကခုန်ကြ၍ အမျိုးသမီးများက ဝရန်တာတွင်ထိုင်ကာ မိုးမင်းထံ ဆုတောင်းကြသည်။

ရေသည် ဘဝဖြစ်သည်။ ကောင်းကင်သည် မြေကြီးကို အသီးအနှံ ဖြိုးဝေစေသည်။ ဤအချင်းအရာသည် ပြန်လည်မွေးဖွားခြင်းဖြစ်သည်။ မဟာဘူတ ဓာတ်ကြီးလေးပါး၏ အောင်ပွဲဖြစ်သည်။ နာရီများစွာ ကြာအောင် ရွာပြီးသည့်နောက်တွင် အပင်ကလေးများသည် အစို့အညှောင့် ပေါက်လာကြပြီ၊ ပိုးမွှားများ မြူးထူးကြပြီ၊ ဖားတွေအော်ကြပြီ၊ ကျေးငှက်တို့ သိုက်မြုံဆောက်ကြပြီ။ မျက်လှည့်ပြလိုက်သကဲ့သို့ လယ်ကွင်းများသည် စိမ်းစိုလာကြကာ မြရောင်သို့ တဖြည်းဖြည်း ရစ်သန်းလာခဲ့ပြီ။ သို့နှင့် အိပ်မက်နှင့်အဖြစ်မှန်သည် အတန်ကြာမျှ ပေါင်းစည်းနေကြသည်။ 

ထို့နောက် မိုးစဲသွားသော ကောင်းကင်တွင် နတ်သိကြားတို့၏ သခင်ဖြစ်သော ဣန္ဒ၏လေးကိုင်းသည် ကောင်းကင်တွင် ပေါ်လာခဲ့ပြီ။ ရိုးသားသော လယ်သမားများအဖို့ကား မိုးစဲစကောင်းကင်တွင် ပေါ်လာသည့် သက်တန့်ကြီးသည် နတ်တို့က လူ့ပြည်နှင့် စစ်မခင်းတော့ဘဲ ငြိမ်းချမ်းစွာနေတော့မည်ဆိုသည့် နိမိတ်ဟု ယူဆကြသည်။ သို့ဆိုလျှင် ရှေ့တွင် ကောက်နှံအထွက်ကောင်းတော့မည်။ ကောက်နှံအထွက်ကောင်းလျှင် ပရိုးဒစ်တို့ မိသားစုတို့အဖို့ သူတို့၏ ဧကငါးမူးရှိ လယ်ကွက်ကလေးမှ စပါးတင်းအစိတ်သုံးဆယ်တော့ ထွက်မည်။ သို့ဆိုလျှင် သူတို့မိသားစု သုံးလစာလောက်ရှိသည်။ ကျန်ရက်များအတွက် စားစရိတ်ဖူလုံရန်မှာမူ လယ်ရှင်၏လယ်တွင် စာရင်းငှားဝင်လုပ်ဖို့သာရှိတော့သည်။ တစ်လလျှင် လုပ်ရက် လေးငါးရက်လောက်ရှိပြီး၊ တစ်ရက်လျှင် နာရီအနည်းငယ်လုပ်ရသည်။ လုပ်ခမှာ တစ်နေ့ သုံးကျပ်၊ ဆန်ကွဲအနည်းငယ်နှင့် ဘီဒီဆေးလိပ်ခြောက်လိပ်ဖြစ်သည်။

ဇွန်လ ၁၂ ရက်၊ သောကြာနေ့သည် ကျော်လာခဲ့ပြီ။ သို့ရာတွင် မိုးရိပ်ကို တစ်ချက်မျှ မမြင်ရသေး။ နောက်ရက်များတွင်လည်း ကောင်းကင်တွင် နေကျဲကျဲတောက်ပူနေသည်။ လိုလိုမည်မည် ရေစုပ်စက်ကလေးကို ကြိုတင်ငှားထားသဖြင့် ဟာစရီတို့အဖို့ အကြောင်းမဟုတ်။ သို့ရာတွင် သူတို့လယ်ကွက်နှင့် ကပ်လျက်ရှိသည့် အဇစ်မှာမူ ဘုရားကိုသာ အားကိုးရတော့သည်။ ရက်အနည်းငယ်ကြာသည့်အခါတွင် သူ့လယ်ကွက်ထဲမှာ ပျိုးပင်စိမ်းစိမ်းစိုစိုကလေး များသည် ရင့်ရော်ဝါခြောက်၍ လိုက်လာလေပြီ။ 

သက်ကြီးရွယ်အိုတို့က မိုးဦးနောက်ကျသည့်နှစ်များကို ပြန်စဉ်းစားကြသည်။ တစ်ယောက်က ဝဏီကြီး သေသည့်နှစ်က ဂျူလိုင်လ နှစ်ရက်နေ့ကျမှ မိုးကျသည်ဟု ပြောပြ၏။ တရုတ်နှင့် စစ်ဖြစ်သည့်နေ့က မိုးကြီးခေါင်သည်ဟု တစ်ယောက်က စမြုံ့ပြန်သည်။ သူ့ကျွဲကြီးသေသည့်နှစ်က မိုးတွေများသဖြင့် ရေတွေကြီးကာ လယ်တွေ ရေမြုပ်ကုန်သည်ဟု တစ်ယောက်က ပြောသည်။ သည်လောက် ရွာပြန်လျှင်လည်း မကောင်းသေး။

မိုးမရွာသည့်အခါတွင် အေးအေးနေတတ်သူများပင်လျှင် စိတ်ပူစပြုလာကြ၏။ ဘဝပံနတ်ဘုရားသည် သူတို့ကို စိတ်ဆိုးနေပြီလား။ ဟာစရီတို့သားအဖသည် ရွာသားများနှင့်အတူ ပုဏ္ဏားထံသို့သွားကာ မိုးရွာဖို့ ပူဇော်ပွဲ ကျင်းပရပြန်သည်။ ပူဇော်ပွဲကျင်းပပေးရန် သူ့အတွက် ဒိုတီနှစ်ထည်၊ သူ့ဇနီးအတွက် ဆာရီတစ်ထည်နှင့် ငွေနှစ်ဆယ်တင်ရမည်ဟု ဆိုသည်။ ဤတွင်  ရွာသားများသည် မြီရှင်ဆီသို့ ပြေးကာ ပိုက်ဆံချေးကြရပြန်သည်။ ယခင်ကမူ မိုးနတ်ပူဇော်ပွဲတွင် ဆိတ်စသည့် တိရစ္ဆာန်တစ်ကောင်ကောင်ကို ပူဇော်ရသည်။ ယခုမူ တိရစ္ဆာန်တို့ကို ပူဇော်ခြင်း မပြုကြတော့။ ဈေးကြီးလွန်း၍ မတတ်နိုင်ကြတော့ပြီ။ 

ပုဏ္ဏားသည် ဆီတွင်စိမ်ထားသည့် မီးစာကို မီးညှိပြီးနောက် အကျိုးစီးပွားကို စောင့်သည့် ဂါဏိသျှနတ်မင်းရှေ့တွင် ပူဇော်သည်။ မန္တာန်တို့ကို ရွတ်သည်။ ရွာသားတို့က ရိုသေစွာ နားထောင်ကြရသည်။ သို့ရာတွင် ဂါဏိသျှနတ်မင်းသည်လည်းကောင်း၊ အခြားသော နတ်ဒေဝါများသည်လည်းကောင်း သူတို့ဆုတောင်းသံကို မကြားကြကုန်။ 

သို့ဖြင့် ဟာစရီးပါးသည် ရေစုပ်စက်ကို ငှားရတော့သည်။ ရေစုပ်စက်ဖြင့် စပါးပင်ကလေးများကို အသက်ဆက်ပေးရသည်။ ထိုသို့ ရေတင်ပေးပြီးသည့်နောက်တွင် ပျိုးပင်ကလေးများသည် စိမ်းစိုရှင်သန်လာခဲ့ကြလေပြီ။ ထိုသို့ ပျိုးပင်တွေ ရှင်သန်လာသည့်အခါတွင်မှ စပါးကို ပြောင်းစိုက်ကြရသည်။ သူ့လယ်ကွက်ဘေးမှ လယ်ကွင်းများတွင်ကား ပျိုးပင်တွေ ခြောက်သွေ့ကုန်ကြလေပြီ။ ကိုယ့်လယ်တွင် ရေစုပ်စက်ငှား၍ ရေမသွင်းနိုင်သည့် လယ်သမားများသည် သူတို့အဆုံးအရှုံးကို ခန့်မှန်းကြည့်ကြ၏။ သူတို့အဖို့တော့မူ ကောက်ရိတ်စရာ မလိုတော့။ မိုးကုပ်စက်ဝိုင်းတွင် ငတ်မွတ်ခြင်းတစ္ဆေကြီးကို မြင်နေရလေပြီ။ မည်သူမျှ ကောင်းကင်ကို မော့မကြည့်ကြတော့။ 

မြီရှင့်အိမ်တွင်ရှိသည့် ရေဒီယိုက ယခုနှစ် မိုးဦးနောက်ကျမည်ဟု ကြေညာသွားခဲ့လေပြီ။ မုတ်သုံသည် တောင်ဘက် အိန္ဒိယသမုဒ္ဒရာထဲရှိ ကပ္ပလီကျွန်းတစ်ဝိုက်တွင်သာ ရှိနေသေးသည်။ ရေဒီယိုက မကြေညာလျှင်လည်း အကြောင်းမဟုတ်ပါ။

“ပျံလွှားတွေကိုတောင်မှ မမြင်ရသေးတာ၊ ဘယ့်နှယ်လုပ် မိုးရွာဦးမှာလဲ” ဟု ဟာစရီပါး ညည်းမိသည်။

ဇူလိုင်လထဲတွင် သင်္ကန်းအဝါရောင်ဝတ်ထားသည့် ဟိန္ဒူဘုန်းကြီးများသည် ကရိသျှဏနတ်မင်းအား ပူဇော်သည့်ဂါထာကို ရွတ်ကာ ရွာအနီးမှ ဖြတ်သွားကြ၏။ ညောင်ပင်အောက်က နတ်ကွန်းသို့ဝင်ကာ မန္တာန်တွေရွတ်ကြ၏။
ထိုအချိန်မှစ၍ ဟာစရီပါးသည် သူတို့ရွာအနီးက သောက်ရေကန်ကိုသာ အကဲခတ်နေသည်။ သည်အတိုင်းသာ မိုးခေါင်နေလျှင် ရေစုပ်စက်ဖြင့် ရေတင်စရာလည်း ရှိမည်မဟုတ်တော့ပြီ။ 

ရေကန်ထဲတွင် တစ်နေ့တခြား ရေနည်း၍ လာခဲ့လေပြီ။ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျွဲရွှံ့ထဲတွင် တဖျတ်ဖျတ်လူးနေကြသော ငါးများကို ဖမ်းခဲ့ကြပြီး ခွဲဝေယူကြ၏။ အချို့အိမ်များတွင်မူ အမြော်အမြင်ရှိသည့်မိခင်က သားသမီးတို့အတွက် ငါးများကိုခွဲ၍ အခြောက်လှန်းထားကြ၏။

ဟာစရီပါး၏လယ်ကွက်ထဲက စပါးပင်ကလေးများမှာလည်း တဖြည်းဖြည်း ရော်လာရာမှ ဝါလာခဲ့လေပြီ။ ထို့နောက်တွင်မူ သူတို့ ယုယခဲ့၊ ပြုစုခဲ့၊ ချစ်ခဲ့သော စပါးပင်ကလေးများသည် သေသွားကြသည်။

“ကျွန်တော့်စပါးပင်ကလေးတွေကို ကြည့်ပြီး ကျွန်တော် ငိုင်နေမိတယ်” ဟု ဟာစရီပါးက ပြောသည်။ 

လယ်ကွက်တိုင်းတွင်လည်း လယ်သမားများသည် ခေါင်းငိုက်စိုက်ကျကာ ငူငူကြီးတွေ ဖြစ်နေကြသည်။ သူ့စပါးပင်ကလေးတွေအဖြစ်ကိုကြည့်ပြီး ထိုညက ဟာစရီပါးသည် တစ်ညလုံး မအိပ်နိုင်။ မနက်မိုးလင်းမှ အိမ်သို့ပြန်လာကာ ဝရန်တာအောက်က ကပြင်တွင် သားအဖတတွေ ဝိုင်းထိုင်ကြသည်။ 

“ဒီတစ်မိုးတော့ စပါးစိုက်လို့ မမီတော့ပါဘူး” ဟု အဖေက ပြောသည်။ 

ခဏကြာလျှင် နောက်ဖေးဘက်ဆီမှ ဆန်အိုးများကို လှန်နေသော အမေ့အသံကို ကြားရသည်။ ထိုဆန်သည် နောက်စပါးရိတ်ချိန်အထိ ချွေချွေတာတာ စားရန် ချန်ထားသည့် ဆန်ကလေးဖြစ်၏။ အမေသည် ဆန်ထည့်သည့် စဉ့်အိုးများကို ကြည့်ကာ ဘယ်နှစ်လလောက်ခံမည်ကို တွက်နေ၏။ "ဒီအထဲမှာ နတ်တင်တာတို့ ဘာတို့ နုတ်လိုက်ရင် တို့မှာ နှစ်လစာလောက်ပဲ ဆန်ရှိတော့တယ်” ဟု တွေးမိသည်။ 

အမေသည် စပါးစည်ထဲမှ ထွက်လာကာ... “ကိုရင်ရေ၊ လေးလစာလောက်တော့ ကျန်သေးတယ်တော်ရေ။ ဒီကြားထဲမှာလဲ အသီးကလေး၊ အရွက်ကလေး၊ သစ်ဥသစ်ဖုကလေးကို စားရမှာပေါ့တော်” ဟု အမေက အားရဝမ်းသာပြော၏။

ဤတွင် သူတို့အားလုံးသည် စိတ်အေးသွားကြဟန်ဖြင့် ကိုယ့်အလုပ်ကို ဆက်လုပ်နိုင်ကြတော့သည်။ သို့ရာတွင် ဟာစရီပါးသည် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ထိုအခါကျမှ မျက်ရည်လည်ရွဲဖြင့် ဖြစ်နေသော အမေ့ကို
သူတွေ့ရသည်။ 

ပရိုးဒစ်က သူ့မိန်းမကို လှမ်းကြည့်လိုက်ရင်း...  “အဘိုးကြီး အဘွားကြီးက ဖြစ်ပါတယ်ကွာ...၊ ဆန်မရှိတော့လဲ တခြား ကြံဖန်စားကြတာပေါ့၊ ကလေးတွေကိုသာ ကျွေးလိုက်ပါ” ဟု အားပေးသည်။

သူတို့တင်မဟုတ်၊ အခြားသော ရွာသားများတွင်လဲ ဘာမှမကျန်ခဲ့ကြ။ ရွာမှ ပထမဦးဆုံး ပျောက်သွားသူများမှာ ဇာတ်နိမ့်သည့်မိသားစုများဖြစ်ကြ၏။ သူတို့သည် အဆင်းရဲဆုံးဖြစ်ကြ၏။ ယခုနှစ် ကောက်ရိတ်ချိန်တွင် လယ်ကွက် တွေထဲတွင် ကောက်သင်းကောက်စရာ ဘာမျှကျန်တော့မည်မဟုတ်ကြောင်းကို သူတို့ သိကြလေပြီ။ သူတို့အကြောင်းကို မည်သူကမျှ စကားထဲထည့်မပြောကြ။ ဤသူတို့သည် ပြည်နယ်၏မြို့တော်ကြီးဖြစ်သော ကာလကတ္တားမြို့သို့ ထွက်ခွာသွားကြောင်းကို အားလုံးသိနေကြသည်။ ထို့နောက်တွင်မူ အိမ်က ဆန်အိုးထဲတွင် ဆန်မရှိတော့သောအိမ်များမှ အဖေများနှင့်သားများ၏အလှည့်သို့ ရောက်လာပေတော့မည်။ ထို့နောက်တွင် မိသားစုအားလုံးပင် မြို့တော်ဆီသို့ သွားကြရတော့မည်။

အိမ်နီးနားချင်းတွေ ကာလကတ္တားသို့ ပြောင်းသွားကြသည့်အခါတွင် ဟာစရီပါးတို့မိသားစု စိတ်မကောင်းကြ။ သူတို့တတွေသည် တစ်လျှောက်လုံး နေလာခဲ့ရသည့် အိမ်နီးနားချင်းများ မဟုတ်ပါလား။ အဘိုးအိုအဇစ်သည် ထွက်ခါနီးတွင် မြေအိုးများနှင့် သူတို့ဆွေစဉ်မျိုးဆက် တစ်ဆက်လုံး ထွန်းခဲ့သည့် မီးအိမ်ကလေးကို ရိုက်ခွဲပစ်ခဲ့သည်။ အိမ်ခေါင်းရင်းတွင် ချိတ်ထားသည့် နတ်ဘုရားကားများကို လိပ်ကာ အိပ်ရာလိပ်ထဲသို့ ထည့်၏။ သွားခါနီးတွင်
ကြောင်နက်ကြီးတစ်ကောင် ဖြတ်သွားသဖြင့် စိတ်ထဲတွင် ထင့်ခနဲဖြစ်ရသေးသည်။ ထို့ကြောင့် အဇစ်သည် မိသားစုနှင့်အတူ တောင်ဘက်သို့ ထွက်ရမည့်အစား မြောက်ဘက်သို့ ထွက်လာခဲ့သည်။ မြောက်ဘက်သို့ထွက်ပြီးမှ ကွေ့ပတ်ပြီး မိသားစုကို အမီလိုက်ရမည်။ ဤနည်းဖြင့် မကောင်းဆိုးဝါးများကို လမ်းလွဲအောင် လုပ်ပစ်ခဲ့ရသေးသည်။ သားအကြီးသည် သူ မသွားခင်တွင် လှောင်အိမ်ကိုဖွင့်၍ ကြက်တူရွေးကို လွှတ်ပစ်ခဲ့၏။ ကြက်တူရွေးသည် လွတ်လပ်စွာ ကောင်းကင်သို့ ပျံတက်သွားရမည့်အစား ဘာမှမလုပ်တတ်သည့်နှယ် ကြောင်တက်တက်ဖြင့် အတောင်ကို တဖျတ်ဖျတ်ခတ်နေသည်။ ထို့နောက်တွင်မူ ဖုန်ထဲတွင် ပျောက်ကွယ်စပြုသွားသော သမင်များနောက်သို့ တစ်ချုံမှတစ်ချုံကူးရင်း လိုက်ပါသွားသည်။

သို့ဖြင့် တစ်မိုးတွင်းလုံး မိုးတစ်စက်မျှမရွာဘဲ ဆောင်းတွင်းသို့ ရောက်လာခဲ့သည်။ ဆောင်းသီးထပ်ကလေး စိုက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့ရာတွင် ရေတစ်စက်မျှမရှိဘဲ မည်သည့်သီးနှံမျိုးကို စိုက်နိုင်ဦးမည်နည်း။ စပါးကို မဆိုထားနှင့်၊ ဘူးကလေးမှ မစိုက်နိုင်၊ ကန်စွန်းဥကလေးမှ မစိုက်နိုင်။ ထိုအချိန်၌ကား ဟာစရီပါးတို့အိမ်တွင် ကျန်ခဲ့သည့် တစ်ကောင်တည်းသော နွားကြီးဘာဂမှာလည်း အရိုးပေါ် အရေတင်လျက်ရှိလေပြီ။ ဖွဲကလေး နှမ်းဖတ်ကလေး မပြောနှင့်၊ ကောက်ရိုးကိုပင် မကျွေးနိုင်သည်မှာ ကြာလေပြီ။ သူတို့တဲအိမ်ကလေးကို မိုးနေသည့် ငှက်ပျောပင်သုံးပင်ကို ခုတ်၍ ငှက်ပျောအူကို ကျွေးခဲ့၏။ နောက်တစ်နေ့ မိုးသောက်သို့ အရောက်တွင် လျှာကြီးတန်းလန်းထွက်၍ လဲနေသော သူ့နွားကြီးကို ဟာစရီပါးတွေ့ရသည်။ သည်ပုံကို ကြည့်ရလျှင် သူတို့နယ်တစ်ဝိုက်က ကျွဲ၊ နွား တိရစ္ဆာန်တွေ သေကြကြေကြဦးမည်မှာ ဗေဒင်မေးစရာမလိုတော့ပြီ။ 

အနီးတစ်ဝိုက်ရှိ မြို့များမှ နွားကုန်သည်များသည် ခွေးသေကောင်အနီးတွင် လင်းတတွေ အုံလာသကဲ့သို့ သူတို့ရွာများသို့ ရောက်လာကြသည်။ အသက်မသေကျန်နေသော ကျွဲ၊ နွား တိရစ္ဆာန်များကို ဝယ်ယူကြသည်။ နွားတစ်ကောင် ငါးဆယ်၊ ကျွဲတစ်ကောင် တစ်ရာနီးပါးပေးဝယ်ကာ ဝယ်၍ရသမျှကို လော်ရီကားကြီးများဖြင့် တင်သွားကြသည်။

“ဒီလောက်လဲ စိတ်ထိခိုက်မနေကြပါနဲ့ဗျာ၊ နောက်နှစ်ဆိုရင် ခင်ဗျားတို့ ပြန်ဝယ်နိုင်မှာပါ” ဟု ဟန်ဆောင်ပန်ဆောင် အားပေးကြသည်။ သို့ရာတွင် ထိုအချိန်လောက်ဆိုလျှင် ကျွဲ၊ နွားများ၏တန်ဖိုးမှာ ဆယ်ဆလောက်တက်နေမည် ကိုမူ ဖွင့်ပြောခြင်းမပြုကြ။ နောက်ရက်အနည်းငယ်ကြာသည့်အခါတွင် အမဲသားသည်များသည် ကျွဲနွားအသေကောင်များကို လာဝယ်ဖို့ ရောက်လာကြပြန်သည်။ သူတို့ပေးသည့်ဈေးနှုန်းမှာ နွားအသေတစ်ကောင်ကို ဆယ့်ငါးကျပ်မျှသာဖြစ်သည်။

နိုဝင်ဘာလသို့ ရောက်ခဲ့လေပြီ။ ကျွဲနွားတွေ မရှိတော့သဖြင့် လယ်သမားတို့ မီးလှုံရန် နွားချေးလည်း မရှိတော့။ ထမင်းချက်ရန် ထင်းလည်း မရတော့။ နွားနို့လည်းမရတော့။ ကလေးတို့၏ရယ်သံကိုလည်း မကြားရတော့ပြီ။ သူတို့ ဝမ်းဗိုက်များသည် ဘောလုံးကြီးများလို ပူလာကြ၏။ ဝမ်းရောဂါ၊ သန်ကျရောဂါနှင့် အဖျားရောဂါကြောင့် ကလေးများစွာ သေကြေပျက်စီးကြသည်။ ထိုကလေးများသည် ငတ်မွတ်ခြင်း၏သားကောင်များသာဖြစ်ကြသည်။

ဇန်နဝါရီလလယ်လောက်တွင် ခရိုင်မြို့ကြီးတွင် အစားအစာများကို ဝေငှနေသည်ဆိုသည့်သတင်း ရောက်လာသည်။ ထိုမြို့မှာ သူတို့ဘန်ကူလီရွာကလေးနှင့် မိုင်နှစ်ဆယ်ဝေး၏။ အစတွင် မည်သူမျှ မသွားချင်ကြ။

“တို့က လယ်သမားပဲ၊ သူတောင်းစားမှ မဟုတ်တာ” ဟု အချင်းချင်း ပြောကြသည်။

“ကျုပ်တို့က အရေးမကြီးဘူးဗျ။ မိန်းမတွေနဲ့ ကလေးတွေရှိသေးတယ်။ သူက ဒါနပြုတာပဲ။ ဘာမယူနိုင်စရာရှိသလဲ”ဟု ဟာစရီပါးက ဆင်ခြေပေးသည်။

ထိုနောက်တွင် အစိုးရအာဏာပိုင်များ ရွာများသို့ ရောက်လာကြကာ ခေါင်းပါးရေးစခန်းများ ဖွင့်ပေးကြသည်။ ရွာများတွင် အလုပ်စခန်းတွေ ဖွင့်ပေးကာ တူးမြောင်းများကို အတူးခိုင်းသည်။ လမ်းတွေပြင်သည်။ ကန်ကြီးများကို ဆယ်သည်။ တာရိုးကိုဖို့သည်။ သစ်ပင်ချုံနွယ်တို့ကိုရှင်းကာ သစ်ပင်များစိုက်ရန် ကျင်းများတူးသည်။

“အစိုးရက တစ်နေ့လုပ်ခအဖြစ် ဆန်တစ်ပြည်စီဝေတယ်။ ဒီတစ်ပြည်နဲ့ တစ်အိမ်ထောင်လုံး ဘယ့်နှယ်လုပ်စားလို့ရမှာလဲဗျာ။ ရေဒီယိုကတော့ သည့်ပြင်နေရာတွေမှာ ဆန်အလုံအလောက်ရှိတယ်လို့ ကြေညာတာပဲ” ဟု ပြောကြသည်။

ဇန်နဝါရီ ၂၀ ရက်လောက်တွင် ကြောက်စရာသတင်းဆိုးများကို ကြားရသည်။ ဂေါရီနတ်ကွန်းအနီးရှိ ရေတွင်းမှာ ရေခန်းသွားပြီဆိုသည့်သတင်းဖြစ်၏။ အချို့က သေချာအောင်ဆိုကာ ဆင်းကြည့်ကြသည်။ တကယ်ပင် ခန်းသွားလေပြီ။ ဤတွင် မြူနီစပယ်အာဏာပိုင်တို့က ကျန်သေးသည့် အခြားရေတွင်း သုံးတွင်းမှ ရေကို မျှတသုံးစွဲရန် စီမံရသည်။ ရေကို ခွဲတမ်းဖြင့် သုံးရသည်။ ပထမတွင် တစ်အိမ်ထောင် တစ်နေ့လျှင် ရေတစ်ပုံးရသည်။ ထို့နောက် ပုံးဝက်။ ထို့နောက် တစ်ယောက်ကို ရေတစ်ခွက်။ ထိုရေတစ်ခွက်ကို ရေပေးသည့်နေရာတွင် ချက်ချင်းသောက်ရသည်။ သို့ဖြင့် ရေပေးသည့် သူကြီးအိမ်ရှေ့တွင် လူတန်းကြီးဖြစ်နေသည်။ မခန်းသေးသည့် ရေတွင်းတစ်တွင်းနားတွင် လက်နက်ကိုင် အစောင့်အကြပ်တွေ ချထားရသည်။ မြောက်ဘက်ပိုင်းတွင် ဆင်ရိုင်းအုပ်များက ရေငတ်၍ ရေကန်တွေနားသို့ ဆင်းလာကြသည်။ အနားသို့ ရေခပ်သွားသူမှန်သမျှကို လိုက်နင်းကြသည်။ လယ်ကွင်းများအားလုံးမှာ ပပ်ကြားတွေအက်နေလေပြီ။ သစ်ပင်တို့တွင်လည်း အရွက်တွေ မရှိတော့။ ချုံပုတ်ကလေးများမှာမူ ခြောက်သယောင်းနေကြလေပြီ။

ဟာစရီပါးတို့၏ခံနိုင်ရည်သည် တဖြည်းဖြည်း နည်းလာလေပြီ။ တစ်နေ့တွင်မူ အဖေ ပရီးဒစ်က မိသားစုများအားလုံးကို ခေါ်သည်။ အားလုံးရောက်သည့်အခါတွင် ဒိုတီကြားထဲတွင် ညှပ်ထားသည့် ဆယ်တန်ငါးရွက်နှင့် ကျပ်ပြားနှစ်ပြားကို ထုတ်ကာ ဟာစရီပါးကို ပေးသည်။

“မင်းက သားအကြီးဆုံးပဲ၊ ဒီတော့ မင်း သားမယားတွေခေါ်ပြီး ကာလကတ္တားကို သွားကြပေတော့၊ ဟိုရောက်လို့ ပိုက်ဆံကလေးဘာလေး စုမိရင်လဲ အဖေတို့ဆီ ပို့ပေါ့၊ တို့ငတ်မသေအောင် မင်းကိုပဲ အားကိုးရတော့မှာပဲ”

ဟာစရီပါးသည် မြေကြီးတွင် ထိုင်ချကာ အဖေ၏ခြေအစုံကို ဦးခိုက် ကန်တော့၏။ အဖေသည် သားကြီး၏ဦးခေါင်းကို ကိုင်သည်။ ထို့နောက် ပခုံးကိုဆုပ်သည်။ ဟာစရီပါးသည် ထိုင်ရာမှထလိုက်၏။ မိန်းမများသည် သူတို့သားအဖကို ကြည့်နေကြသည်။

နောက်တစ်နေ့ မနက်တွင် အရုဏ်တက်သည်နှင့် ဟာစရီပါးတို့မိသားစုသည် သူတို့ကို နှုတ်ဆက်ကြသူများအား လှည့်၍ပင် မကြည့်တော့ဘဲ ရွာမှ ထွက်ခဲ့ကြသည်။ ဟာစရီပါးက သမီးကြီး အမ္မရစ်တာနှင့်အတူ ရှေ့မှ သွားသည်။ သူ့ဇနီး အာလောက, က ဆာရီအစိမ်းလေးဝတ်ပြီး သားနှစ်ယောက်နှင့် နောက်မှလိုက်၏။ ဟာစရီပါး၏ပခုံးပေါ်တွင် ဇနီးသည် ထုပ်ပေးထားသည့် အဝတ်ထုပ်ကလေးကို ထမ်းထားသည်။ အဝတ်ထုပ်ထဲတွင်မူ အဝတ်အနည်းငယ်နှင့် သူတို့ လက်ထပ်စဉ်က သတို့သမီးဘက်မှ လက်ဆောင်ရခဲ့သော ဖိနပ်ကလေးတစ်ရံပါသည်။ သူတို့အဖို့ ယခုအကြိမ်သည် သူတို့ရွာမှ အဝေးဆုံးခရီးကို သွားဖူးခြင်းဖြစ်သည်။ သားငယ်နှစ်ယောက်ဖြစ်သည့် မာနူးနှင့် ရှမ်းဘူးတို့မှာ စွန့်စားခန်းကြောင့် မြူးထူးခုန်ပေါက်နေကြသည်။

“ကျွန်တော်တော့ ကြောက်လိုက်တာဗျာ၊ ရှေ့မှာ ဘယ်လိုများ နေရမလဲနဲ့ တထိတ်ထိတ်ဖြစ်နေတာပဲ” ဟု ဟာစရီပါးက ပြောသည်။

အပိုင်း(၄)ဆက်ရန်
--------------------
#မြသန်းတင့်

Post a Comment

0 Comments