သုခမြို့တော် - (ဘာသာပြန်သူ - မြသန်းတင့် )အပိုင်း (၂၁)

#သုခမြို့တော် 

အပိုင်း(၂၁)

သုခမြို့တော်မှ မူဆလင်ရပ်ကွက်ကလေးသည် ပွဲတော်ကျင်းပရန်အတွက် လှုပ်လှုပ်ရွရွဖြစ်နေသည်။ အမျိုးသမီးများက သူတို့အဝတ်အစားများကို သိမ်းဆည်းရာမှ ထုတ်ကြသည်။ အမျိုးသားများက လမ်းကြားကလေးတစ်လျှောက်တွင် အလံကလေးတွေ၊ ပန်းကလေးတွေ ရောင်စုံဆင်နေကြသည်။ မီးသမားများက လျှပ်စစ်ကြိုးများကို သွယ်တန်းကာ အသံချဲ့စက်များ တပ်နေကြ၏။ လမ်းထောင့်တိုင်းတွင် အချိုမုန့်မျိုးစုံလုပ်ထားသည့် ဗန်းကလေးများ ရှေ့တွင် ချထားသည့် ဈေးသည်တွေ ပြည့်နေသည်။ သူတို့ဆင်းရဲမှု၊ သူတို့သောကများကို မေ့သွားကြလေပြီ။ ဆင်းရဲသားရပ်ကွက်ကလေးထဲရှိ ငါးသောင်းခန့်မျှသော မူဆလင်အမျိုးသားများသည် တမန်တော် မဟာမက် မွေးနေ့ကို ကျင်းပရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

တရားစာရွတ်သံများကြောင့် သူတို့ရပ်ကွက်ကလေးသည် မိန်းမောငြိမ်သက်ရာမှ လူးလွန့်ကာ ပွဲတော်အသွင်ကို ဆောင်လာခဲ့သည်။ မူဆလင်အမျိုးသား ထောင်ပေါင်းများစွာတို့သည် ဆင်းရဲသားရပ်ကွက်ကလေးထဲရှိ ပလီခြောက်ခုတို့တွင် ဝပ်တွားကာ မက္ကာမြို့ရှိရာကို ရှိခိုးကြသည်။ ဆံပင်ညှပ်ဆိုင်၊ အပ်ချုပ်ဆိုင်၊ ရတနာဆိုင်များတွင် လူတွေ ပြည့်လျက်။ ဆင်းရဲသားများသည် မင်းသားလို ဝတ်ဆင်လျက်။ ဟိန္ဒူအမျိုးသမီးများကလည်း သူတို့ထုံးစံအရ စားသောက်ဖွယ်များကို ချက်ပြုတ်ကာ အိမ်နီးချင်းမူဆလင်များထံ လာ၍လက်ဆောင်ပေးကြသည်။ အချို့က ဘီးများ၊ ဆံညှပ်များ၊ ပန်းများ၊ ဖဲကြိုးများဖြင့် ဆံပင်များကို ပြင်ပေးကြသည်။ အချို့ ကလည်း မြေနီမှုန့်၊ မြေဝါမှုန့်ကို ယူကာ သူတို့မိတ်ဆွေများကို လိမ်းခြယ် ပြင်ဆင်ပေးကြသည်။ 

ကလေးများကား ပြင်ဆင် မွမ်းမံ၍ပင် မပြီးနိုင်တော့။ မျက်လုံးပတ်လည်တွင် ခိုသွေးခြယ်သည်။ ကိုယ်ပေါ်တွင် ပြောင်လက်တောက်ပသည့် အင်္ကျီရှည်နှင့် ဘောင်းဘီရှည်တို့ကို ဝတ်သည်။ ခြေတွင် တူရကီဖိနပ်ကို စီးသည်။ သူတို့ကို ကြည့်ရသည်မှာ “တစ်ထောင့်တစ်ည” ပုံပြင်စာအုပ်ထဲတွင် ရေးဆွဲထားသည့် အရုပ်ကလေးများနှင့် တူသယောင်ယောင်။

ပွဲတော်မှ အသံဗလံများ၊ အသံချဲ့စက်များ ဆူညံနေသည့်တိုင် သူ့အခန်းဘေးမှ ညည်းသူအော်ဟစ်သံကို ကိုဗာစကီး ကြားနေရသေးသည်။ သူ့အခန်းဘေးရှိ ဆာဘီးယားသည် ညည်းညူအော်ဟစ်နေဆဲ။ သုခမြို့တော်ရှိ ဂျာမာမက်စဂျစ် ပလီကြီးထဲမှ မျက်မမြင်မူလာကြီး၏ တရားစာ ရွတ်ဖတ်သံသည် အသံချဲ့စက်မှ ပေါ်လာပြီး နောက်မှ တရားစာလိုက်ရွတ်နေသူများ၏ အုတ်အုတ်ကျက်ကျက် အသံများကို ကြားနေရဆဲဖြစ်သည်။ ဂျာမာမက်စဂျစ်ပလီကြီးက ဖြူဖွေးလျက်။ ပလီထိပ်ဖျား လေးထောင့်တွင်ရှိသည့် စုလစ်မွမ်းချွန်များက ဖယောင်းတိုင်ကြီးများသဖွယ်။ 

ထိုရပ်ကွက်ကလေးထဲတွင် ထိုပလီကြီးသည် အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်သည်။ ပုရွက်ဆိတ်အုံကဲ့သို့ ပြည့်ကျပ်နေသော ထိုဆင်းရဲသားရပ်ကွက်ကလေးထဲတွင် အကျယ်ဆုံးနေရာဆို၍ ထိုပလီဝင်းကြီးတစ်ခုသာရှိသည်။ ထိုပလီကွက်လပ်ကြီးထဲမှာ လမ်းသေး လမ်းမြွာများထဲမှာ ပွဲတော်သွားသည့်လူတွေ ရှုပ်ယှက်ခတ်လျက်။

ဝတ်ရုံဖြူတို့ကို ဝတ်ဆင်ထားသည့် မျက်မမြင် မူလာကြီးသည် ပလီသို့ သွားနေသော လူတန်းကြီးကို ခေါင်းဆောင်လာသည်။ သူ့ရှေ့တွင် ဝတ်ရုံပြာဝတ်ထားသည့် အစ္စလာမ်သာသနာဘက်ဆိုင်ရာ ပုဂ္ဂိုလ်နှစ်ဦးက မူလာကြီးကို လမ်းပြပေး၏။ အသံချဲ့စက်ကို ဆိုက်ကားပေါ်တွင် တင်ထားပြီး မူလာကြီးက အသံချဲ့စက်ခွက်ကို ကိုင်ကာ နှစ်မိနစ်လျှင် တစ်ကြိမ်ကျ ရပ်၍ တရားစာကို တိုင်ပေးသည်။ ကျန်အစ္စလာမ်ဘာသာဝင်တို့က မူလာကြီး ရှေ့မှ ချပေးသော တရားစာကို လိုက်ဆိုကြသည်။ ခဏကြာလျှင် ပလီသို့သွားနေသည့် လူတန်းကြီးသည် တစ်မိုင်ကျော်မျှ ရှည်လျားလာခဲ့လေပြီ။ ပြွတ်သိပ်ကျပ်ခဲနေသော အိမ်ကလေးများ၊ တဲကလေးများကြားမှ လမ်းသေးလမ်းမြွာကလေးများပေါ်တွင် တရားစာကိုရွတ်ဆိုနေသည့် လူတန်းကြီးသည် တရွေ့ ရွေ့သွားလျက်ရှိ၏။

ကိုဗာစကီးသည် သူ့အိမ်ခေါင်းကလေးအဝတွင် ရပ်ရင်း တရွေ့ရွေ့ ချဉ်းကပ်လာနေသော လူတန်းကြီးကို တအံ့တသြ ကြည့်နေမိသည်။ ထိုမျှ နုံချာဆင်းရဲသော ရပ်ကွက်ကလေးထဲမှာ ထိုမျှလှပသော ရှုခင်းမျိုး မည်သို့များ ပေါ်ပေါက်လာလေသနည်း။ ကလေးငယ်များကို ကြည့်ရသည်မှာ ပို၍အံ့သြစရာကောင်းသေးသည်။ သူတို့ကိုယ်တွင် ဝတ်ထားသည်က ရောင်စုံ။ အပြာရောင်၊ အစိမ်းရောင်၊ ရွှေရောင်၊ ပန်းနုရောင်။ မိန်းကလေးများ ဝတ်ထားသည့် ရှာလဝါနှင့် ဂါဂရာများက ငှက်ခါးရောင်။ သူ့လက်ထဲတွင် အစ္စလာမ်သာသနာ့အလံကို ကိုင်ထားသည့် သူ့အိမ်နီးချင်း မာဘူကို တတိယလူတန်းထဲတွင် ကိုဗာစကီး မြင်လိုက်ရသည်။ 

ဘာသာရေးပွဲတော်နေ့သည် အလုပ်လက်မဲ့ဖြစ်၍ ငတ်ပြတ်နေကြသော အလုပ်သမားများကို တမန်တော် မဟာမက်၏စစ်သည်များအဖြစ် ပြောင်းလဲပစ်လိုက်လေပြီ။ ကလေးများထဲတွင် မာဘူ၏သားငယ် နာဆားကို သူမြင်လိုက်ရသည်။ ဆာဗီးယား၏ညီမငယ်ကလေးများနှင့်အတူ လိုက်ပါလာသော မာဘူ၏သမီးငယ်များကိုလည်း မြင်လိုက်ရသည်။ မိန်းကလေးများမှာ မင်းသမီးလေးများနှင့်ပင် တူနေတော့သည်။ သူတို့ကိုယ်ပေါ်တွင် ဖန်လက်ကောက်၊ ကြေးလက်ကောက်၊ ငွေလက်ကောက်တွေ ပြိုးပြိုးပြက်ပြက် တောက်ပလျက်။

ထိုစဉ် နောက်မှ ခေါ်လိုက်သည့်အသံတစ်သံကို ကိုဗာစကီး ကြားလိုက်ရ၏။

“ဆရာကြီး ကျွန်မသားကလေး ဆုံးသွားပြီ၊ အသုဘ မချခင် ဆရာကြီး လာပြီး ဆုတောင်းပေးလှည့်ပါဦး။ ကျွန်မသားကလေး ဆာဗီးယားက ဆရာကြီးကို သိပ်ချစ်တာ၊ ဆရာကြီးလာပြီး ဆုတောင်းပေးလှည့်ပါ”

နောက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင် ဆာဗီးယား၏အမေကို တွေ့ ရသည်။ ဆာဗီးယားသည် ယခုပင် ဆုံးသွားခဲ့ပြီ။

ဆာဗီးယား၏အမေသည် သောကပရိဒေဝဖြစ်နေသည့်ကြားထဲကပင် ဣန္ဒြေပျက်ခြင်းမရှိ။ သူ့ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရစဉ်မှာလည်း ထိုအမျိုးသမီးသည် စိတ်ပျက်အားငယ်ဟန်ကို မပြ။ ပရိယေသန အလို့ငှာ လမ်းကြားထဲတွင် စက္ကူအိတ်များကို ချိုးနေသည်မှာပင်ဖြစ်စေ၊ ရေထမ်း၍ ရောင်းသည့်အခါမှာပင်ဖြစ်စေ၊ သားငယ် ဆာဗီးယား အိပ်ရာဘေးတွင် တရားစာရွတ်နေချိန်မှာပင်ဖြစ်စေ၊ ဆာဗီးယားအမေသည် ခေါင်းကို မေ့ထားကာ တည်ကြည်သော အပြုံးကို ဆင်ယင်ထားမြဲပင်။

“ဒီလိုမိန်းမမျိုးကို ကျွန်တော် မတွေ့ဖူးသေးဘူးဗျာ။ ဒုက္ခ၊ သုက္ခတွေ ရောက်တုန်းမှာလဲ ကြည့် ဣန္ဒြေမပျက်ဘူး၊ လောကကြီးကို အရှုံးပေးတာ စိတ်နာတာလဲ မရှိဘူး၊ လူ့ဘဝကို သူ တည်တည်ကြည်ကြည်နဲ့ ရုန်းကန်သွားတာပဲ။ ခြင်္သေ့မတစ်ကောင်နဲ့ တူတယ်လို့တောင် ထင်မိတယ်။ ဆေးဖိုးဝါးခကလေးတွေ ပေးဖို့၊ ဆရာဝန် ခြေကြွခပေးဖို့ သူ့မှာရှိတဲ့ ပစ္စည်းကလေးတွေကို ရောင်းပေးလိုက်ရတယ်၊ သူ့မှာရှိတဲ့ ပစ္စည်းဆိုတာကလည်း ငွေလက်ကောက်ကလေး တစ်ရန်ရယ်၊ ငွေနားနှာသီးကွင်းကလေးရယ်၊ နားဆွဲကလေး တစ်ရန်ရယ် ဒါပဲရှိတာပါ။ ညညဆိုရင် သူ့သားကလေး ဝေဒနာ သက်သာအောင်ဆိုပြီး သားအိပ်ရာဘေးမှာ ထိုင်ပြီး တစ်ညလုံး တရားစာတွေကို ရွတ်နေတာပဲ။ သူ့မှာ မျိုသိပ်ထားရတာလည်း မရှိဘူး၊ ကျိန်ဆဲတာလည်း မရှိဘူး၊ ဒီမိန်းမဟာ ယုံကြည်ခြင်းတရားနဲ့ မေတ္တာတရားကို ဘယ်လိုရအောင် လုပ်ရတယ်ဆိုတာ ကျွန်တော့်ကို သင်ကြားပေးလိုက်တာနဲ့ အတူတူပဲ” ဟု ကိုဗာစကီးက ပြောသည်။

ဆာဗီးယား၏အမေသည် အသုဘလာမေးသည့် ပရိသတ်များကြားထဲမှ ကိုဗာစကီးကို အလောင်းနားသို့ ခေါ်လာခဲ့၏။ ဆာဗီးယားသည် စင်ကလေး တစ်ခုပေါ်တွင် လဲလျောင်းလျက်။ ကိုယ်ပေါ်တွင် အဝတ်ဖြူတစ်ခုကို လွှားထားပြီး ရင်ဘတ်ပေါ်တွင် ပန်းစည်းတစ်စည်းကို တင်ထားသည်။ မျက်လုံးက မှိတ်လျက်၊ သူ့မျက်နှာသည် ပကတိငြိမ်းချမ်းခြင်းကို ဆောင်လျက်။ 

ကိုဗာစကီးသည် ဆာဗီးယား၏နဖူးပြင်ပေါ်သို့ လက်မဖြင့် ​ဝေ့ဝဲကာ လက်ဝါးကပ်တိုင် အမှတ်အသား ကြက်ခြေခတ်လိုက်သည်။ ခဏကြာသည့်အခါတွင် ဆာဗီးယားသည် လမ်းကြားထဲမှ လူငယ်ကလေးများ၏လက်ထဲတွင် သူ့အိမ်ခေါင်းကလေးမှ နောက်ဆုံးခရီးကို ထွက်ခွာသွားခဲ့လေပြီ။ 

ကိုဗာစကီးသည် မျက်နှာငယ် ဈာပနကို လိုက်ပို့၏။ ပွဲတော်ကျင်းပချိန်ဖြစ်ပြီး ပလီထဲတွင် လူတွေရောက်နေသဖြင့် လမ်းတစ်လျှောက်တွင် လူများများစားစားမရှိ။ ထိုမျှမက သုခမြို့ တော်တွင် သေခြင်းတရားသည် နေ့စဉ်နှင့်အမျှ တွေ့ကြုံနေရသော ကိစ္စကြီးဖြစ်နေသည့်အတွက် လူ့လောကမှ ထွက်ခွာသွားသော ဆာဗီးယားကို မည်သူကမျှလည်း ထူးထူးထွေထွေ သတိမထားလိုက်မိကြ။

အပိုင်း(၂၂)ဆက်ရန်
---------------------
#မြသန်းတင့်

Post a Comment

0 Comments