#သုခမြို့တော်
အပိုင်း(၂)
သို့တိုင်အောင် ပရိုးဒစ်တို့မိသားစု၏ရှေ့တွင် ကြောက်ဖွယ် အခက်အခဲ အတားအဆီးတွေရှိနေသည်။ နှစ်ဆယ်ရာစုနှစ် ဒုတိယပိုင်းကာလရှိ အခြားသော ဘင်္ဂလားလယ်သမား ဆယ့်နှစ်သန်းခန့်တို့နည်းတူ ကပ်ဆိုးကြီးတစ်ခု၏ သားကောင်ဖြစ်ကြရတော့မည်။ ထိုကပ်ဆိုးကြီးကို ဘောဂဗေဒပါရဂူတို့က ဆင်းရဲချွတ်ခြုံကျမှု သံသရာစက်ဝိုင်းဟု ခေါ်ကြသည်။ ထိုစက်ဝိုင်းမှ မည်သည့်လယ်သမားမျှ ရှောင်၍မလွတ်။
ထိုစက်ဝိုင်းကြီးအတွင်း၌ လယ်သမားသည် မြီစား၊ ထို့နောက် သီးစား၊ ထို့နောက် မြေမဲ့ယာမဲ့။ နောက်ဆုံးတွင် လယ်မှ နှင်ထုတ်ခံရသည့်အဖြစ်သို့ ရောက်ရတော့သည်။ ထိုအဆင့်မှ ပြန်တက်ဖို့ လမ်းမမြင်တော့။ ရှိသည့်အခြေအနေကလေး မပြုတ်အောင် မနည်းလုပ်ကြရသည်။ ကြီးပွားဖို့ဆိုသည်ကို လားလားမျှ စိတ်ကူးမထည့်နိုင်။ ဆင်းရဲတွင်း ဆိုသည်မှာ ကြာလေနက်လေ မဟုတ်လော။ မီးသွေးကို ဘယ်လောက်ရေဆေးဆေး အရောင်မပြောင်းဆိုသည့်စကားသည် မှန်သည်ဟုဆိုလျှင် ဆင်းရဲခြင်းကို ဘယ်အရောင်တွေဆိုးဆိုး ဆင်းရဲခြင်းသာဖြစ်သည်ဆိုသည့် စကားသည် ပို၍မှန်ပေလိမ့်မည်။
မြေရှင်နှင့် ရုံးတွင် တရားတပေါင်ဖြစ်လိုက်သည့်အတွက် ပရိုးဒစ်တို့မိသားစုတွင် မြေဧကလေးတစ်ဝက်လောက်သာ ကျန်ရစ်ခဲ့သည်။ သည်လယ်ကလေးပေါ်တွင် စပါးစိုက်လျှင် အလွန်ဆုံးထွက်မှ တင်းအစိတ် သုံးဆယ်။ ထိုစပါးသည် သူတို့မိသားစုဝမ်းစာအတွက် လေးပုံတစ်ပုံမျှသာရှိလိမ့်မည်။
ဝမ်းစာကလေးရရန်အတွက် ပရိုးဒစ်နှင့် သူ့သားသုံးယောက်တို့သည် သူများလယ်တွင် အငှားလုပ်ရသည်။ မြေရှင်အချို့က သီးစားခကို သုံးပုံနှစ်ပုံပေးရန် တောင်းကြ၏။ ပရိုးဒစ်သည် ခေါက်ချိုးမျှသာယူရန် တောင်းတောင်းပန်ပန် ပြောခဲ့ရ၏။ သို့တိုင်အောင် သူတို့မိသားစုအတွက် မလုံလောက်သေး။ သို့ရာတွင် ကိစ္စမရှိပါ။ ဆန်မရှိလျှင် သူတို့ခြံထဲတွင် အုန်းပင်သုံးပင်ရှိသည်။ ကုန်းကလေးပေါ်တွင် ပဲလင်းမြွေတွေ စိုက်နိုင်သည်။ ကန်စွန်းဥနှင့် ရေကန်စွန်းတွေ စိုက်နိုင်သေးသည်။ ပိန္နဲပင်တွေရှိသေးသည်။ ပိန္နဲသီးကြီးတွေက တစ်လုံးတစ်လုံးလျှင် တစ်ပိဿာလောက်တော့ရှိမည်။
ပရိုးဒစ်တို့မိသားစု ဤသို့ဖြင့် ရရာကိုစား၍ နှစ်နှစ်လောက် နေခဲ့ကြရသည်။ ထိုမျှမက ဆိတ်ကလေး နှစ်ကောင်ပင် ဝယ်နိုင်ခဲ့သေးသည်။ ထို့ကြောင့် သူတို့မိသားစုသည် နတ်သိကြားများကို ကျေးဇူးတင်သည်။ ညောင်ပင်အိုကြီး ခြေရင်းတွင်ရှိသည့် နတ်ကွန်းသို့ သွား၍ အမြဲပူဇော်ပသတတ်သည်။
သို့ရာတွင် တတိယနှစ်သို့ရောက်သည့်အခါ၌ကား ကပ်ဆိုးနှင့် ကြုံရပြန်သည်။ စပါးတွေ မှည့်ချိန်လောက်အရောက်တွင် နှံဖြတ်ပိုးတွေကျသဖြင့် လယ်တစ်ကွက်လုံးလုံး ပြောင်သလင်းခါသွားခဲ့သည်။ ထိုအခါ ပရိုးဒစ်သည် ရွာလယ်က အုတ်ကြွပ်မိုး အုတ်တိုက်ဆီသို့ လာခဲ့ရသည်။
ဘန်ကူလီရွာကလေးရှိ ရွာသားအားလုံးလောက်သည် ထိုအုတ်တိုက်ရှိ ငွေတိုးချေးစားသူထံသို့ လာခဲ့ကြရသည်ချည်း။ သူဌေးက ဗိုက်ပူပူ၊ ခေါင်းပြောင်ပြောင်။ သူ့ခေါင်းသည် ဘိလိယက်ဘောလုံးတစ်လုံးကဲ့သို့ ချောမွေ့ ပြောင်လက် နေသည်။ မည်သူက မည်မျှမုန်းမုန်း မြီရှင်သည် ထိုရွာကလေးတွင် အရေးတကြီးပုဂ္ဂိုလ်ဖြစ်သည်။ မြီရှင်သည် ငွေတိုးလည်းချေးစားသည်။ အပေါင်လည်း ခံသည်။
ပရိုးဒစ်သည် သူတို့ကိုယ်ပိုင်လယ်ကလေးကို မြီရှင်ထံတွင် စပါးဆယ်တင်းဖြင့် ပေါင်၏။ စပါးပေါ်ချိန်သို့ရောက်လျှင် ဆယ့်ငါးတင်းပြန်ပေးရမည်။ ထိုနှစ်မှာ သူတို့တစ်တွေ ကျပ်တည်းလိုက်သည့်ဖြစ်ခြင်း၊ သို့ရာတွင် လိပ်တို့မည်သည် ပန်းတိုင်သို့ရောက်အောင် တဖြည်းဖြည်းသွားရသည် မဟုတ်လော။ ထိုနှစ်တွင် ကြွေးဆပ်လိုက်ရသဖြင့် သူတို့တွင် မျိုးစပါးမကျန်တော့။ ဤတွင် ဟာစရီပါး၏ညီတစ်ယောက်သည် သီးစားပင် မလုပ်နိုင်တော့ဘဲ လယ်ကူလီဝင်လုပ်လိုက်ရသည်။ ထိုအချိန်ကား ဆင်းရဲခြင်းစက်ဝိုင်းကြီးသည် သူတို့မိသားစုလည်မျိုကို တင်းကျပ်သည်ထက် တင်းကျပ်စွာ ရစ်ပတ်လာခဲ့လေပြီ။ ထိုအထဲတွင် ရာသီဥတုက ဆိုးလိုက်သေးသည်။
ဧပြီလ တစ်ညတွင် လေကြီးမိုးကြီးကျရာ သူတို့ခြံထဲရှိ အုန်းပင်ကလေးတွေနှင့် သရက်ပင်ကလေးတွေအားလုံး ပြိုလဲသွားခဲ့ကြသည်။ ဤတွင် ကျွဲတစ်ကောင်နှင့် ခိုင်းနွားနှစ်ကောင်အနက် ရာဏီဆိုသော နွားကြီးကို ရောင်းလိုက်ရသည်။ ရာဏီကြီးသည် သူ့သခင်ထံမှ သွားလိုဟန်မရှိ။ တဘူးဘူးအော်ကာ ကြိုးမှ အတင်းရုန်းသည်။ သူ့မျက်လုံးထဲမှ နိမိတ်ဆိုးကို လူတိုင်းမြင်လိုက်ကြရသည်။
ရာဏီကြီး မရှိတော့သဖြင့် ပရိုးဒစ်တို့အိမ်တွင် နေ့စဉ်ရနေကျ နွားနို့ကလေးမရတော့။ နွားချေးလည်းမရှိတော့။ သူရှိတုန်းကဆိုလျှင် အနည်းဆုံး နွားချေးကလေးကို ကောက်ရိုးဖြင့်နယ်၍ နေလှန်းကာ ထင်းအဖြစ် သုံး၍ ရသေးသည်။ ဤတွင် ဟာစရီပါး သမီးငယ်နှင့် ဝမ်းကွဲညီအစ်မတစ်သိုက်သည် နေ့တိုင်း နွားချေးကောက် ထွက်ကြသည်။ သို့ရာတွင် သည်လောက် အဖိုးတန်သည့် နွားချေးကို ကောက်ချင်တိုင်းကောက်၍ ဘယ်မှာရပါ့မတုန်း။ နွားချေးကောက်သွားလျှင် ရွာသားတွေက မောင်းထုတ်လိုက်ကြသည်။ သို့ဖြင့် သူတို့ညီအစ်မတစ်သိုက်သည် ခိုးတတ်ဝှက်တတ်လာခဲ့ကြသည်။
မိုးလင်းမှ မိုးချုပ်အထိ အမ္မရစ်တာ၏မောင်လေးတစ်သိုက်က စားစရာသောက်စရာကလေးတွေ ထွက်ရှာကြရသည်။ မန်ကျည်းသီးတို့ ဆီးသီးတို့ ခူးကြရသည်။ ထင်းခြောက်ကောက်ကြရသည်။ တန်ပူလုပ်ဖို့ တမာကိုင်း ချိုးကြရသည်။ ကန်စပ်တွင် ငါးဖမ်းကြရသည်။ ခရေပန်း ကောက်ကာ ပန်းကုံးသီကြရသည်။ ထိုပစ္စည်းတို့ကို ယူဆောင်ကာ သူတို့ရွာမှ ၇ မိုင်လောက်ဝေးသည့် ငါးရက်ခြားဈေးသို့ သွား၍ရောင်းကြရသည်။
ထိုအထဲတွင် ဘူးလေးရာ ဖရုံဆင့်သည့် ကိစ္စနှစ်ခု ပေါ်လာသဖြင့် သူတို့မိသားစု ပို၍ဒုက္ခတွေ့ကြရ၏။ အစားအသောက်ချို့တဲ့သည့်အတွက် ဟာစရီပါး၏ညီအငယ်ဆုံးမှာ အိပ်ရာထဲတွင် လဲသည်။ တစ်နေ့သော် သွေးအန်၏။ သူတို့လို ဆင်းရဲသားအဖို့တွင် ထိုသို့နာတာရှည်ဖြစ်ရခြင်းသည် သေသည်ထက်ပင် ဆိုးသေးသည်။ ဆရာဝန်ခနှင့် ဆေးဖိုးဝါးခသည် လပေါင်းများစွာရသည့်ဝင်ငွေနှင့် ညီနေသည်။ သူ့ညီငယ်နေထိုင်ကောင်းဖို့အတွက် နည်းလမ်းမှာ တစ်ခုတည်းသာရှိ၏။ ထို့ကြောင့် ဟာစရီပါးသည် သူ့ရွှံ့ပိုက်ဆံဘူးကို ဖောက်ကာ ရွာထဲက နတ်ဆရာထံသို့သွားပြီး နတ်ပူဇော်ရန် တောင်းပန်သည်။
ဟာစရီး၏ညီငယ်သည် အနည်းငယ်နေထိုင်ကောင်းလာခဲ့၏။ ထိုနှစ်ထဲတွင် သူတို့မိသားစုအတွက် ထူးခြားသည့်အဖြစ်အပျက်တစ်ခုဖြစ်သော ညီမအငယ်ဆုံး၏မင်္ဂလာဆောင်အမီ နာလန်ထလာခဲ့၏။
ညီမငယ်ကို လက်ထပ်ပေးလိုက်ရသည့်အတွက် သူတို့မိသားစုတွင် ထပ်၍ကြွေးတင်လာပြန်သည်။ ပရိုးဒစ်သည် သူ့သမီးငယ်ကို အိမ်ထောင်ချပေးရတော့မည်။ အိမ်ထောင်ချပေးသည်ဆိုလျှင် ထုံးစံအတိုင်း ပြုဖွယ်ကိစ္စတို့ကို လုပ်ရတော့မည်။ သမီးတို့ကို အိမ်ထောင်ရက်သားချပေးရသဖြင့် စီးပွားပျက်ခဲ့ရသော မျိုးဆက်ပေါင်းများစွာမှ အိန္ဒိယအိမ်ထောင်စုတွေ သန်းပေါင်းမည်မျှရှိလေပြီမသိ။ ထုံးတမ်းစဉ်လာအရ ခန်းဝင်ပစ္စည်းပေးရတော့မည်။ ထိုစနစ်ကို တရားဝင်ဖျက်သိမ်းခဲ့ပြီးဖြစ်သည့်တိုင် မပျောက်သေး။
သူ့သမီးကို စေ့စပ်ကြောင်းလမ်းကြသည့်အခါတွင် သတို့သားဘက်က ဘိုင်စကယ်တစ်စီး၊ ဒိုတီ နှစ်စုံ၊ ထရန်စစ္စတာ ရေဒီယိုတစ်လုံး၊ ရွှေတစ်ကျပ်ခွဲသား၊ သတို့သမီးအတွက် လက်ဝတ်လက်စား အနည်းငယ်တင်ရမည်ဟု တောင်းဆိုသည်။ ကာလတန်ဖိုးဖြင့်ဆိုလျှင် တစ်ထောင်ဖိုးလောက် ရှိပေလိမ့်မည်။ ထုံးတမ်းစဉ်လာအရ မင်္ဂလာစရိတ်ကိုလည်း သတို့သမီးဘက်က ကျခံရမည်ဖြစ်ရာ ထိုစရိတ်အတွက်လည်း နောက်ထပ်တစ်ထောင်လောက် ကုန်ဦးမည်။ ထိုမျှမက လက်ထပ်မင်္ဂလာဆောင်နှင်းပေးသော ဘိသိက်ဆရာကိုလည်း ကန်တော့ရဦးမည်။
ဆင်းရဲသားတို့အဖို့ကား သမီးတစ်ယောက်ကို မင်္ဂလာဆောင်ပေးရခြင်းသည် သွေးစုပ်ခံလိုက်ရခြင်းနှင့် အတူတူဖြစ်သည်။ သို့ရာတွင် သမီးကို မင်္ဂလာဆောင်နှင်းပေးရဦးမည်။ ထိုဝတ္တရားသည် မိဘတို့၏ဝတ္တရား မဟုတ်လော။ သမီးက ယောက်ျားနောက်ပါသွားလျှင် မိဘဝတ္တရားကုန်လေပြီ။ ထိုအခါ သေမည်ဆိုလျှင်လည်း သေပျော်လေပြီ။
ပရိုးဒစ်သည် မြီရှင်ထံသို့သွားကာ နောက်ထပ် ငွေနှစ်ထောင် ချေးရ၏။ အပေါင်ပစ္စည်းအဖြစ် ဇနီးသည် နာလိဏီ၏ နားဆွဲတစ်ရံနှင့် ငွေလက်ကောက် တစ်ရံတို့ကို အပ်၏။ ထိုပစ္စည်းများကို ဇနီးနာလိဏီသည် သူလက်ထပ်စဉ်က ခန်းဝင်ပစ္စည်းအဖြစ် ရခဲ့ခြင်းဖြစ်သည်။ ထိုစနစ်သည် မကောင်းသည် မှန်သော်လည်း အိန္ဒိယတွင်မူ ဇနီးမောင်နှံတို့အတွက် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်၏။
မြီရှင်ထံမှ တကယ်ချေး၍ ရခဲ့သည့်ငွေမှာ ပစ္စည်းတန်ဖိုး တစ်ဝက်မျှသာရှိပြီး အတိုးမှာ ငါးကျပ်တိုးဖြစ်၏။ သူတို့လင်မယား အနှစ်လေးဆယ်ပေါင်းလာသည့်အတောအတွင်း အခါကြီးရက်ကြီးများတွင် ထုတ်၍ဝတ်ခဲ့သည့် ထိုလက် ဝတ်လက်စားကလေးများကို နောက်ထပ်ပြန်တွေ့စရာ မရှိတော့ပြီ။
ဤတွင် ပရိုးဒစ်သည် သူ့သားများအား ကန်ထဲတွင် ကွန်ပစ်ရန် ခိုင်း၏။ လွန်ခဲ့သည့် တစ်နှစ်လောက်က စပါးအထွက်ကောင်းခဲ့သဖြင့် သားကြီး ဟာစရီပါးက ငါးပေါက်ကလေးတွေကိုဝယ်ကာ ကန်ထဲတွင် မွေးခဲ့သည်။ ငါးတွေပွားလာပြီး၊ တချို့ ငါးတွေကလည်း တစ်ကောင်လျှင် တစ်ပိဿာ နှစ်ပိဿာအချိန်စီးသည့် ငါးကြီးတွေဖြစ်လာခဲ့သည်။ အရေးရှိလျှင် စားရန်အတွက် မရောင်းဘဲထားခဲ့သော ထိုငါးများကို မင်္ဂလာဆောင်နေ့တွင် မြိုးမြိုးမြက်မြက်ကျွေးလိုက်နိုင်၏။
“ငါလဲ နေဝင်ချိန်ရောက်ပါပြီကွာ၊ ဒါပေမယ့် တို့ကံဇာတာကတော့ တက်တော့မှာ မဟုတ်ပါဘူး” ဟု အဘိုးအို ပရိုးဒစ် ညည်းသည်။
* * *
“ကျွန်တော်တို့ရွာက မြေကြီးက ဝါဖျော့ဖျော့ နုန်းတင်မြေနုတွေရယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မြေကြီးဟာ ကျွန်တော်တို့အသက်သခင် မဟုတ်လား။ ကျွန်တော်တို့ဟာ ဘုမ္မစိုးနတ်ကို ကိုးကွယ်ကြရတာပဲ မဟုတ်လား။ မြေကြီးဆိုတာ ဘယ်မှာပဲဖြစ်ဖြစ် ဒီအရောင်ပါပဲ။ ဒီအရောင်မဟုတ်တဲ့မြေကြီးကို ကျွန်တော် မတွေ့ဖူးသေးဘူး။ ဒီတော့ ကျွန်တော်တို့လဲ မြေကြီးကို နဂိုအရောင်အတိုင်းပဲ သဘောကျတယ်။ ကိုယ့်အမေရဲ့ အသားအရေဟာ ဘယ်လိုအရောင်ပဲဖြစ်နေနေ၊ ကိုယ့်အမေကိုတော့ ချစ်တတ်ကြတာချည်းပဲ မဟုတ်လား။ အမေစိတ်ဆင်းရဲရင် ကျွန်တော်တို့လဲ စိတ်ဆင်းရဲရတယ်”
“မေလလယ်ဆိုရင် ကျွန်တော်တို့ဘင်္ဂလားမှာ သိပ်ပူတာပဲ။ ကွင်းတွေကလဲပူ၊ လေကလဲပူလို့။ နေ့တိုင်း ကောင်းကင်ကို လှမ်းကြည့်ပြီး မိုးကိုပဲ မျှော်နေရတာပဲ၊ တောင်ဘက်တခိုမှာတော့ မိုးရိပ်ကလေးတွေ မြင်နေရပါပြီ။ ကျွန်တော်တို့ရွာက ပုဏ္ဏားဆရာကြီးပြောတော့ မကြာခင် မိုးရွာတော့မယ်တဲ့။ ပုဏ္ဏားဆရာကြီးက ပညာရှိတယ်လေ။ အသက်လဲ ကြီးတော့ ရွာသူရွာသားအားလုံးကိုလဲ သူသိနေတယ်၊ နှစ်သစ်ကူးတဲ့နေ့ဆိုရင် ကျွန်တော်တို့ရွာသားတွေစုပြီး ပုဏ္ဏားဆရာကြီးကို သွားကန်တော့ပြီး ရှေ့နှစ်မှာ ကောက်ထွက်ကောင်း မကောင်း၊ ရာသီဥတုမှန် မမှန်၊ ကျွဲနွား အသေအပျောက် ရှိ၊ မရှိ မေးကြရတယ်။ ပုဏ္ဏားဆရာကြီးဟာ ရာသီဥတု၊ နေသွားနေလာကို အားလုံးသိတယ်။ လယ်ထွန်ဖို့၊ မင်္ဂလာဆောင်ဖို့၊ အခါရွေးပေးတာလဲ သူပဲမဟုတ်လား။ ဘယ်လို တွက်ချက်သလဲဆိုတာတော့ ကျွန်တော်တို့ မသိဘူးလေ။ ဒါပေမယ့် ဆရာကြီးက နက္ခတ်ဗေဒင်ကို ကျွမ်းကျင်သူဆိုတော့ ဘယ်နေ့မှာ ပျိုးကြဲဖို့ကောင်းတယ်။ ဘယ်နေ့မှာ ကောက်ရိတ်ဖို့ကောင်းတယ်၊ ဘယ်နေ့မှာ မင်္ဂလာဆောင်ဖို့ ကောင်းတယ်ဆိုတာကို တွက်တတ်တယ်။ ခုအချိန်ဆိုရင် မြေကောင်းနေပြီတဲ့၊ ရှေ့နှစ်မှာ ကောက်ထွက်ကောင်းမယ်တဲ့၊ ဒီလို ကောက်ထွက်ကောင်းတဲ့ နှစ်မျိုးဟာ ဆယ်နှစ်မှာ တစ်ကြိမ်လောက်ပဲ တွေ့ရတာတဲ့။ မိုးခေါင်တာ၊ ရောဂါဖြစ်တာ၊ နှံဖြတ်ပိုးကျတာ၊ ကျိုင်းကောင်အုပ်ကျတာတို့ မရှိဘူးတဲ့။ ကျွန်တော်တို့ဆရာကြီးဟာ ဒါတွေအားလုံးကို သိတယ်လေ”
ဟာစရီပါးက ထိုသို့ပြောသည်။
သို့ဖြင့် ပျိုးကြဲချိန်သို့ ရောက်သဖြင့် မိသားစုတိုင်း ပုဏ္ဏားဆရာကြီးအား ပူဇော်ပွဲသို့ သွားကြရသည်။ ဟာစရီပါးတို့ မိသားစုတစ်စုလုံးသည် ညောင်ပင်အိုကြီးခြေရင်းရှိ နတ်ကွန်းသို့ သွား၍ ကန်တော့ကြသည်။
“ဂေါရီရှင်မ ခင်ဗျား၊ ဂေါရီရှင်မအား ဆန်ရေစပါးတို့နဲ့ ပူဇော်ပါတယ်။ မိုးလေမှန်အောင် မှိုင်းမတော်မူပါ ဂေါရီရှင်မခင်ဗျား”
ဟာစရီပါး၏အဖေ ပရိုးဒစ်သည် နတ်ကွန်းရှေ့တွင် ဆန်စေ့တို့ကို ပသ,ကာ ပူဇော်ခြင်းပြု၏။
မှန်ပါ၏။ သုံးရက်မြောက်သည့်နေ့တွင် မိုးကြီးသည်းထန်စွာ ရွာသည်။ မျိုးစေ့တို့ ရေရကြပြီ။ ယခုနှစ်တွင် နတ်မင်းသိကြားများသည် ဘန်ကူလီရွာက လယ်သမားတို့ကို မှိုင်းမတော်မူကြသည်ထင့်။ အဖေသည် ခေါင်းပြောင်ပြောင် မြီရှင်ထံမှ နောက်ထပ် ငွေနှစ်ရာချေးသည်။ လယ်ထွန်ရန်အတွက် နွားတစ်ရှဉ်းကို ငွေအစိတ်ဖြင့် ငှားသည်။ ငွေလေးဆယ်ဖိုး မျိုးဝယ်သည်။ ကျန်ငွေဖြင့် မြေဩဇာနှင့် ပိုးသတ်ဆေးဝယ်သည်။ မိုးလေအခြေအနေကိုကြည့်လျှင် လာမည်နှစ်တွင် စပါးထွက်ကောင်းမည် ထင်သည်။ မိုးရေ လုံလုံလောက်လောက်ရသည့်အတွက်လည်း ရေစုပ်စက်ငှားခ သက်သာသွားသည်။ ရေစုပ်စက်ငှားခမှာ တစ်နာရီလျှင် ခြောက်ကျပ်ဖြစ်ရာ ထိုခြောက်ကျပ်သည် ဆန်နှစ်ပြည်နှင့် ညီမျှသည်။
မနက်တိုင်း ဟာစရီပါးသည် အဖေနှင့်အတူ လယ်တောသို့ လိုက်သွားကာ လယ်ကန်သင်းရိုးတွင် ထိုင်၍ စပါးပင်ကလေးများကို ကြည့်သည်။ မုတ်သုံရာသီသို့ ဝင်မည့်နေ့မှာ ဇွန်လ ၁၂ ရက်နေ့ သောကြာနေ့ဖြစ်သည်။ သောကြာနေ့သည် ဟိန္ဒူပြက္ခဒိန်အလိုအားဖြင့် ပြဿဒါးရက်ဖြစ်သည်။ သို့ရာတွင် ကိစ္စမရှိ။ မုတ်သုံသည် မုတ်သုံဖြစ်သည်။ မုတ်သုံရောက်လာခြင်းသည် နတ်သိကြားတို့က ပေးသော လက်ဆောင်မဟုတ်လော။
အပိုင်း(၃)ဆက်ရန်
-----------------
0 Comments