#မွှေး
အပိုင်း(၈)
နောက်ပိုင်းတွင် မွှေးကို ကြည့်ရသည်မှာ မြေမျက်နှာပြင်၏ သွင်ပြင်ဟန် ပေါက်လာသည်။ သူ့နှလုံးသားသည် ရင့်ကျက်လာသည်နှင့်အမျှ သူ့မျက်နှာသည်လည်း တည်ငြိမ်၍ လာခဲ့လေသည်။ တစ်ခါတစ်ရံသာ နှလုံးသားတွင် နာကြည်းခံခက်သော ဒဏ်ရာကို သူ့မျက်လုံး၏အရိပ်အယောင်တို့မှ တစ်စွန်းတစ်စ မြင်ခဲ့ရ၏။
မွှေးသည် ကလေးမဟုတ်တော့ပြီပဲ။ နှစ်ဆယ်ကျော်ဆိုသည်မှာ အတွေးအခေါ်တို့ အနည်ထိုင်စပြုလာသောအချိန်ဖြစ်၏။ ဟိုတုန်းကတော့ မွှေး၏နှလုံးသားပြင်တို့သည် ရေမျက်နှာပြင်လို လေညင်းတိုက်ခတ်ရုံမျှနှင့်ပင် လှိုင်းဂယက်ထကာ လှုပ်ရှားခဲ့၏။ တည်ငြိမ်မှုကို မရနိုင်ခဲ့။ ခုတော့ မြေမျက်နှာပြင်လို သူသည် ကြံ့ကြံ့ခံနိုင်သော စွမ်းရည်တို့ ရခဲ့ပြီ။ တော်ရုံတန်ရုံ လေမုန်တိုင်း ဆင်ရုံလောက်နှင့်တော့ မွှေး၏အသည်းနှလုံးတို့သည် တုန်လှုပ်တော့မည် မဟုတ်ပေ။
မွှေးထံသို့ ရောက်လေတိုင်း အတွတ်က အားငယ်နေမည်လား၊ ဝမ်းနည်းကြေကွဲနေမည်လားဟု စိုးရိမ်၏။ သို့သော် ကျန်းမာရေး ယုတ်လျော့သည်ကလွဲ၍ မွှေးသည် သူထင်သလောက် မဆိုးခဲ့။ စာပို၍ကြည့်နေသည်ကိုသာ တွေ့ရသောအခါ အတွတ်မှာ စိတ်သက်သာ၍လာသည်။ မွှေးဖတ်ရန် ရာဇဝင်နှင့် အင်္ဂလိပ်ကဗျာစာအုပ်များကို ရှာဖွေပေးပို့ခဲ့၏။ အဝတ်အစားနှင့်ပတ်သက်၍မူ မွေးနေ့လက်ဆောင်ကိုပင် မွှေးက အတွတ်ထံမှ လက်မခံခဲ့ပေ။
မွှေး အိုင်အေအထက်တန်းကိုပင် မက်ထရစ်အောင်ပြီး လေးနှစ်ကြာမှ ဖြေဆိုရသည်။ ထိုစာမေးပွဲနီးချိန်တွင်ပင် အတွတ်သည် သတင်းတစ်ခု ပြော၍ပြ၏။ သူ့စိတ်ထဲတွင် မွှေးသည် ထိုသတင်းကိုကြားရသောအခါ ဆောက်တည်ရာမရ တုန်လှုပ်ရှာလိမ့်မည်ဟု ထင်သော်လည်း မွှေးက သူထင်သလို လှုပ်လှုပ်ရှားရှာ မဖြစ်။
“ဘယ်သူနဲ့လဲ.." ဟုသာ အေးအေးသက်သာ ပြန်မေး၏။
“မေမြို့က အေမီနဲ့၊ သူတို့ စေ့စပ်ပြီးတာ မကြာသေးဘူး။ ရှေ့အပတ်ထဲ ဖရက် လန်ဒန်မှာ ဆက်သင်ပြီး ဒီဂရီယူမယ်။ လဗ်ဘရာ Laugh Borough တက္ကသိုလ်မှာ ထင်တယ်..."
မွှေးက ပြုံးပင် ပြုံးလိုက်သေး၏။
“စေ့စပ်တာကို သတင်းစာထဲ ထည့်ရောပေါ့။ အခုလို သူ့ရည်ရွယ်ချက်အတိုင်း နိုင်ငံခြားမှာ ဒီဂရီယူနိုင်တာကိုပဲ ဝမ်းသာပါတယ်..."
အတွတ်သည် မွှေး စကားပြန်ပြောနေသည်ကို နားထောင်စဉ် စိတ်ထဲကတော့ ဒေါ်တင်တင်ကြီးကို သတိရနေသည်။
“အခြေခံချင်းမတူတဲ့ ဂဏန်းနှစ်ခုဟာ... ဘယ်တော့မှ ပေါင်းလို့မရဘူး”
အတွတ်သည် သက်ပြင်းချလိုက်၏။ ထိုအမျိုးသမီးတွင် ဒိဗ္ဗစက္ခုများ ရှိလေသလား။
မွှေးသည် အတွတ်ရှေ့မှာပင် နေရာမှထကာ သေတ္တာတစ်ခုကို ထုတ်လိုက်ပြန်သည်။ ယွန်းသေတ္တာထဲမှာမူ စာရွက်များ တစ်ထပ်ကြီးဖြစ်လေသည်။
“အဲဒီစာတွေ ဖတ်မလား၊ မောင်က မွှေးဆီ ပေးတဲ့စာတွေလေ။ ဒါတွေက သူ့ဓာတ်ပုံတွေ”
မွှေးသည် ဓာတ်ပုံလေးများကို သူ့လက်ထဲသို့ ထည့်လိုက်သောအခါ အတွတ်ရင်ထဲတွင် တုန်တုန်ယင်ယင်ဖြစ်သွား၏။ လက်ဆန့်ကာ ဓာတ်ပုံလေးများကို ယူကြည့်လိုက်သည်။ ဓာတ်ပုံနောက်ကျောတွင် “မောင်မှအချစ်သို့' ဟု စာတန်းလေးများ ရေးထားလေသည်။ ဖရက်သည် ဓာတ်ပုံထဲတွင် ပြုံးပြုံးအေးအေးလေးဖြစ်၏။ အားလုံးလိုပင် တစ်ပိုင်းပုံများဖြစ်၍ တစ်ပုံမှာ ဆေးတံကိုက်၍ထားသည်။ အတွတ်က ဆေးတံကိုခဲကာ မခို့တရို့ပြုံးနေသော ဖရက်ရုပ်ကို တအံ့တသြကြည့်နေသည်။
“အဲဒီ နောက်ဆုံးပုံ ပေးတော့ မောင့်စိတ်တွေဟာ သိပ်မဟန်တော့ပါဘူး။ တန်ဆောင်တိုင်ပွဲတွေမှာ ကျောင်းသူတွေနဲ့ တွဲနေပြီ ဆိုတာ မွှေး ကြားသားပဲ။ ဆန်းတော့ မဆန်းပါဘူးလေ၊ ဆင်းရဲဒုက္ခရောက်လာတယ်ဆိုရင် အသက်ပေးချစ်ပါတယ်ဆိုတဲ့ လူတွေလဲ အဝေးကို ခွာပြေးကြတာပဲပေါ့”
“အခု ဒီစာတွေ ဘာလုပ်မလဲ၊ မီးရှို့မလို့လား"
အတွတ်က မွှေးလက်ထဲမှ စာများကိုကြည့်ကာ မေးလိုက်၏။
မွှေးက ထပ်၍ပင် ရယ်လိုက်သေးကာ...“မွှေးက မိန်းမပေမယ့် မိန်းမ မဆန်ပါဘူး” ဟု ပြောလိုက်၏။
“မောင့်ဆီက စာလာတယ်။ မွှေးစာတွေလဲ သူအားလုံး မီးရှို့ပစ်လိုက်ပြီတဲ့၊ သူ့စာတွေလဲ မီးရှို့ပစ်လိုက်ပါတဲ့။ မွှေး ဒါမျိုး မလုပ်တတ်ပါဘူး အတွတ်ရယ်၊ ချစ်တုန်းကတော့ “ချစ်လှချည်ရဲ့” နဲ့ အမျိုးမျိုး ဖွဲ့နွဲ့ ချွဲပြီး မုန်းမှ မုန်းသလိုလုပ်ကြတာဟာ စိတ်နုလွန်းပါတယ်။ မွှေး အသက်ရှိနေသရွေ့ သူ့စာတွေ၊ သူ့ဓာတ်ပုံတွေကို ရိုရိုသေသေသိမ်းထားမှာပဲ။ တစ်နေ့နေ့ သူ့လက်ထဲ ကောင်းကောင်းမွန်မွန် ပြန်အပ်ခဲ့မှာပါ။ ခုမှပဲ နားလည်တော့တယ် အတွတ်ရေ ... လောကကြီးမှာ တစ်ယောက်နဲ့တယောက် ချစ်ကြတာထက် အရေးကြီးတဲ့ လူမှုရေး၊ စာဝတ်နေရေးတွေက တစ်ပုံကြီးပဲဆိုတာ...”
မွှေးက အရှည်ကြီး ဆက်ပြောပြန်သည်။
“အမှန်တော့ တွေးကြည့်ကြပြန်ရင်လဲ ငယ်ငယ်ရွယ်ရွယ် ၃၀ မကျော်ခင် ချစ်ကြတယ်ဆိုတဲ့ စိတ်တွေဟာ များသောအားဖြင့် အတွေးအခေါ် ဆင်ခြင်စိတ်တွေ သိပ်မပါလှပါဘူး။ emotional ခေါ်မှာပေါ့။ ရူးရူးမူးမူး စိတ်လှုပ်ရှားတုန်းခဏ လှိုင်းကြွသလို ဖြစ်လာတာကိုး။ ဒါပေမယ့်လည်း အဲဒါက မေ့မရအောင် စိတ်ထဲမှာ စွဲတဲ့သူတွေအဖို့ကျတော့လဲ တစ်သက်လုံး နှလုံးသားမှာ ပါသွားတော့တာပဲ"
“အင်းပေါ့၊ ရည်းစားလိုချင်တာထက် မြတ်နိုးတဲ့စိတ်နဲ့ချစ်သူတွေအဖို့ကျတော့ ပိုဆိုးတာပေါ့။ မွှေး ဘယ်တော့ ..ဘယ်တော့မှမေ့မရဘူး”
အတွတ်သည် ယခုအခါ အဓိပ္ပာယ်အများကြီးနှင့် မွှေးကို ပြောပြလိုက်၏။
“ဒါကြောင့် ၁၅ဝဝ နဲ့ ချစ်တဲ့သူတွေ ပြတ်လွယ်ပေမယ့် မိဘမောင်နှမချစ်တွေဟာ ဘယ်လိုပဲ စိတ်နာအောင်လုပ်လုပ် မပြတ်နိုင်တာပေါ့”
အတွတ်ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်လေသလား၊ မလည်သလား အမူအရာ မွှေးက မပြသော်လည်း စာရွက်များကိုမူ တစ်ရွက်ပြီးတစ်ရွက် လှန်၍ကြည့်နေရာမှ မိန်းမကြီးတစ်ယောက် ဟန်ပန်မျိုးနှင့် ပြောနေ၏။ အတွတ်က ဓာတ်ပုံများကို မွှေးလက်ထဲ ပြန်၍ ထည့်လိုက်၏။ မွှေးသည် (၁၀-၁၀-၄၅) နေ့စွဲနှင့် စာတစ်စောင်ကို လက်ထောက်ပြလိုက်၏။
“ဒီစာထဲမှာပေါ့၊ မောင်နဲ့အချစ် စေ့စပ်ပြီး နိုင်ငံခြားမှာ ဒီဂရီ သွားယူမယ်လို့ သူရေးခဲ့တာလေ”
အတွတ်သည် မွှေး ထောက်ပြသည်ကို အသာလှမ်း၍ ကြည့်လိုက်၏။
“မေမေသာသိရင် မေမေ အစက မပြောဘူးလားသမီးလို့ မွှေးကို မေးမှာပဲ”
“ကြီးကြီးတင်ကို ဘာမှ မပြောပါနဲ့၊ အမှန်တော့ မင်းတို့နှစ်ယောက် မညားတာကို ကြီးကြီးတင်က သဘောကျပါတယ်၊ ဒါနဲ့ ကိုယ်တို့မေမေလဲ ဒီပြောင်းလာတော့မယ်၊ ဟိုမှာ ကေအင်ဒီအိုတွေ လှုပ်လာတာ သိပ်မဟန်ဘူးတဲ့။ ပြီးတော့ မင်းတို့အိမ်မှာ ကြီးဒေါ်ခင်လဲ ဆုံးသွားပြီဆို”
“ဟုတ်တယ်၊ မေမေ့အတွက်လဲ ကမာရွတ်ဘက်မှာ အိမ်လေး တစ်လုံး တစ်နေ့က မွှေး သွားကြည့်တယ်။ ခြေမသန်တဲ့ ဘကြီးလဲ သူ့သမီးများ လာခေါ်လို့ မေမေ့မှာ တာဝန်လွတ်သွားပြီ။ မွှေး ငှားထားတဲ့ အိမ်က အိမ်ဆိုရုံပဲ။ အောက်ခင်းက အုတ်ခဲတွေ စီထားတယ်။ ဝင်းလေးတော့ ကျယ်သားပဲ၊ တစ်လ ၅၀။ ရေမရ၊ မီးမရဘူး”
“အေးကွယ် အဲဒီမှာနေရလို့ ကြီးကြီးတင် စိတ်ဆင်းရဲမလား”
“မေမေ့စာထဲမှာက သားသမီး တကွဲတပြားနဲ့ နေရတာဟာ စိတ်အဆင်းရဲဆုံးပဲတဲ့၊ မွှေးအဖို့လဲ မေမေနဲ့ ခွဲနေရတာဟာ သိပ်ပြီး ဟာတာပဲ”
အတွတ်သည် မွှေးမျက်နှာလေးကို စေ့စေ့ကြည့်ပြန်သည်။ ရေခဲရေအေးသည်ဆိုသည်မှာ တကယ်တော့ စမ်းရေယဉ်၏အအေးဓာတ် မမီနိုင်ပါကလားဟု တရားကျနေ၏။ ယခုတော့ အအေးဆုံးသော မေမေ့ရင်ခွင်မှတစ်ပါး မွှေးသည် ခိုဝင်နားနေစရာ မရတော့ပေ။
အခန်းဝသို့ လ,ရောင်ရောက်လာမှ အတွတ်သည် မွှေးကို နူတ်ဆက်ကာ ပြန်၏။ ဒေါ်လေးမူရာတို့၏ခြံကြီးကို ဖြတ်လျှောက်စဉ်တွင် လရောင်သည် မြသစ်ရွက်များပေါ်တွင် တောက်ပ၍နေပေသည်။ အတွတ်သည် လဝန်းကို မော်ကြည့်လိုက်၏။ ထင်းရှူးရွက်မွှားတို့ အဖျားတွင် မပြည့်သေးသော လဝန်းကို မြင်လိုက်သည်။ နက်ဖြန်သည် လဆန်း ၁၄ ရက်နေ့ဖြစ်သည်။ လမင်း၏ရောင်ခြည်များ သစ်ရွက်နှင့် ပန်းလေးများပေါ်တွင် လူးလာလှုပ်ရှားနေသည်ကို ဤခြံကျယ်ကြီးထဲ၌မြင်ရသော မွှေးအဖို့ တစ်ကိုယ်တည်း အားငယ်၍များနေရှာမည်လား။
သူသည် နောက်ဆုံး စိတ်ကို ယတိပြတ် ဆုံးဖြတ်လိုက်၏။ နောက်နှစ် ဒီဂရီရပြီးလျှင် မေမေ့ကို ဖွင့်ပြော၍ မွှေးနှင့် စေ့စပ်လိုက်မည်။ ပြီးတော့ သူလိုချင်သော သီးသန့်လိုင်းဖြစ်သည့် အဆုတ်နာကုသနည်း၊ အဆုတ်ကို ခွဲစိတ်ကုသပုံတို့ကို နိုင်ငံခြားသို့ သွားရောက်သင်မည်။ မွှေးက သဘောတူညီခဲ့လျှင် လက်ထပ်၍ မွှေးကိုပါ တစ်ပါတည်းခေါ် သွားမည်။
အတွတ်၏ခြေထောက်များသည် ပေါ့ပေါ့သွက်သွက်လေး ဖြစ်လာ၏။ နှုတ်ခမ်းဖျားမှ လေအေးလေးဖြင့် လေချွန်ကာ သူ့မျက်နှာ၏အပြုံးသည်လည်း ကောင်းကင်မှလမင်းနှင့် ပြိုင်၍ ကြည်ရွှင်နေသည်တကား။
* * *
သောင်းကျန်းမှုများ မြန်မာတစ်ပြည်လုံး လှုပ်ရှားနေချိန်တွင် ဖရက်သည် လန်ဒန်ရောက်ကာ အတွတ်အတွက်လည်း စာကြည့်မပျက်ပေ။ အင်းစိန် ကေအင်ဒီအိုများလက်ထဲကျနေချိန် ခေတ္တသာ ကျောင်းပိတ်ထား၍ ကျောင်းတက်ရက် ပျက်ခဲ့၏။
အတွတ်၏အမေက ဝင်ဆာလမ်းသို့ ပြောင်းလာ၍ မေမေကလည်း မွှေးငှားထားသော ကမာရွတ်အိမ်လေးတွင် လာ၍နေသည်။ မွှေးသည် မိသားစုသိုက်သိုက်ဝန်းဝန်းနှင့် နေရ၍ သူ့ကျန်းမာရေးမှာ ပို၍ကောင်းလာပုံရသော်လည်း မေမေက ခဏခဏ ဖျားတတ်၏။
တက္ကသိုလ်၏ မရန်းပင်ပျိုကိုင်းများတွင် ဥဩသံ ဝေလာသည်နှင့်တစ်ပြိုင်နက် ကျောင်းစာသင်တန်းများသည်လည်း ရပ်နား၍ စာမေးပွဲများ စတင်စစ်ဆေးစ ပြုလာလေသည်။
မွှေးသည် အိုင်အေ အထက်တန်းအတွက် နောက်ဆုံးဘာသာကို ကျကျနန ဖြေဆိုခဲ့သည်။
စာမေးပွဲခန်းမှ ထွက်ချိန်တွင် နေပူရှိန် ပြင်းပြနေသလောက် နွေရူးလေများသည်လည်း ထန်လျက်ရှိသည်။ သူသည် ကမာရွတ်ဘက်ကို ခြေလျင်လျှောက်ရန် ဘွဲ့နှင်းသဘင်ခန်းမနောက်ဘက်ကို ထွက်ကာ အင်းလျားကန်ဘေးလမ်းတွင် တစ်ယောက်တည်း လျှောက်လာသည်။ ရပ်ထားသော ဂျစ်ကားစိမ်းတစ်စီးကို ဖြတ်လိုက်လျှင်ပင် “ကျွန်တော်ကို ခွင့်ပြုပါခင်ဗျာ' ဟူသော အသံကို ကြားလိုက်ရ၍ မွှေး၏ခြေများတုံ့ကာ ခေတ္တရပ်လိုက်သည်။
သူ့ရှေ့တွင် သူတစ်ခါမှမမြင်ဘူးသည့် လူတစ်ယောက် မတ်တတ်ရပ်နေသည်။ ထိုသူမှာ အရပ်ခပ်မြင့်မြင့်နှင့် ပခုံးကျယ်သလောက် ရင်ကိုချီထား၏။ နဖူးမှာ ကျယ်ပြန့်၍ နှာတံပေါ်သော်လည်း သူ့မျက်နှာသည် ပြေပြစ်လှပသောရုပ်မဟုတ်ပေ။ ခန့်သည်ဆိုရုံသာ ပြောနိုင်သော ရုပ်ကြမ်းမျိုးဖြစ်၏။ မွှေးမျက်နှာမှာ ဣနေ္ဒြဆောင်ထားသော်လည်း စိတ်ထဲကမူ ထိတ်၍နေပေသည်။
“ကျွန်တော် ခုလို အနှောင့်အယှက်ပေးရတာ အများကြီး ဝမ်းနည်းပါတယ်။ ရုတ်တရက် ကြုံတော့လည်း လွဲသွားမှာစိုးလို့ ကမန်းကတန်း နှုတ်ဆက်ရတာပါ။ ကျွန်တော့်ကို မွှေးသိမှာ မဟုတ်ပါဘူး။ မွှေးကိုတော့ ကျွန်တော်သိတာ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ကပဲ”
မွှေးသည် ရုတ်တရက် ကြောင်တက်တက်ဖြစ်နေ၏။ ထိုလူ၏ဟန်ပန်မှာ သိမ်သိမ်မွေ့မွေ့ ရှိ၍ ကြောက်စိတ် အနည်းငယ်ပြေ၍လာသည်။
“ကျွန်မကို သိတယ်”
“ဟုတ်ကဲ့၊ ကျွန်တော့်အထင်ပြောရရင် မွှေး မက်ထရစ်အောင်ပြီးစကပေါ့။ ဟိုရေတမာပင်အောက်မှာ စာရွက်တွေ ဆုတ်ဖြဲပြီး ထွက်သွားတုန်းကလေ”
မွှေးမျက်နှာတွင် ရှက်ရောင်များ သမ်းလာ၍ နီရဲသွားတော့သည်။
“ခွင့်လွှတ်ပါခင်ဗျာ၊ ကျွန်တော်ရိုင်းသွားသလား"
မွှေးသည် ဣနေ္ဒြပြန်ဆည်လိုက်၏။
“အဲဒီတုန်းက မွှေးကို မြင်တယ်လား”
“မြင်ပါတယ်။ ကျွန်တော်က အတွတ်နားမှာ မွှေးကို တော်တော်စောစောက ကျွန်တော် တွေ့နေတယ်။ ဒါပေမယ့် ကျွန်တော် တစ်ခါမှမသိဘူးဘဲဟာ။ စာရွက်တွေဆုတ်ပြီး ထွက်သွားတော့မှ ကျွန်တော့်စိတ်ထဲ ထူးထူးဆန်းဆန်းဖြစ်ပြီး ကျန်ရစ်တယ်။ အဲဒီနေ့က မွှေးနဲ့အတွတ် မတွေ့ဘူးလား”
ထိုသူ့ ပြောဟန်များသည် မိတ်ဟောင်းဆွေဟောင်းများလို ရင်းနှီးလှပေသည်။
“တွေ့ပါတယ်”
“အဲဒီနေ့ ညဘက် အတွတ် အခန်းကူးပြီး မွှေးရဲ့သတင်းကို မေးကြည့်ရတာပဲ။ ဒါကြောင့် ကျွန်တော်ဟာ မွှေးကို တဝက်လောက်တော့ သိနေတာပေါ့။ နောက်ပိုင်းတော့ ခွင့်မသာဘူး။ အမ်ဘီဘီအက်စ် မလိုက်ဖြစ်ဘဲ စစ်ထဲဝင်သွားခဲ့တယ်၊ ခု ခွင့်ရတာနဲ့ စာကြည့်ပြီး ရိုးရိုးဘီအေ လာဖြေတာ”
“ဟုတ်ကဲ့ ... မွှေးကို ခုလို ဂရုပြုတယ်ဆိုတာ သိပ်ဝမ်းသာတာပါပဲ၊ နောက် တွေ့ကြသေးတာပေါ့”
“ပြီးတော့ ...”
ဆက်လက်၍ လမ်းလျှောက်ရန် ဟန်ပြင်နေသော ခြေလှမ်းမှာ ထိုသူ၏ “ပြီးတော့" ကြောင့် ရပ်၍သွားတော့သည်။
“ပြီးတော့ ကျွန်တော် စစ်ထဲမှာ ဝါးခယ်မက ဆာဂျင်လေးတွေ၊ စစ်သားလေးတွေဆီက မွှေးရဲ့သတင်းအကြောင်းစုံတွေကိုလဲ စုံစမ်းခဲ့ပါတယ်။ ဒါကြောင့် လူချင်းမရင်းနှီးပေမယ့် မွှေးကိုတော့ ကျွန်တော့်စိတ်ထဲက တော်တော်သိနေပါပြီ။ ခု မွှေးကို ကျွန်တော် လိုက်ပို့နိုင်ပါသလား”
မွှေးက ပြုံးကာ ခေါင်းခါပြလိုက်၏။ ပါးစပ်မှ “ကျေးဇူးတင်ပါတယ်”ဟုသာ ဖြေလိုက်သည်။
“ကျွန်တော့်နာမည်ကတော့ မောင်မောင်နိုင်လို့ ခေါ်ပါတယ်။ အတွတ်နဲ့ တွေ့တဲ့အခါ မေးကြည့်ပါ”
“ဟုတ်ကဲ့၊ မွှေးကို သွားခွင့်ပြုပါဦး”
မွှေးသည် ဒီတစ်ခါတော့ ခွင့်တောင်းကာ ခပ်သုတ်သုတ် ထိုသူ့အပါးမှ ခွာခဲ့တော့သည်။ ရင်ထဲတွင် ကြောက်စိတ်ပြေသွားသော်လည်း သူနှင့်တစ်ခါဖူးမျှ မတွေ့ဘူးဘဲ သူ့အပေါ်စိတ်ဝင်စားနေသော လူတစ်ယောက်အတွက် အံ့ဩ၍နေတော့သည်။
အပိုင်း(၉) ဆက်ရန်
----------------------
0 Comments